← Chapters

ရှန့်ထို ဖန်ဆင်းခြင်း (၂)

Vol. 97 Ch. 1357

ရှန့်ထို ဖန်ဆင်းခြင်း (၂)

Vol. 97 Ch. 1357

မည်သူ့ ပိုင်နက် ဖြစ်ကြောင်း ကြေညာပြီးသည့် အချိန်တွင်ပင် ရှေ့ဆက်တိုးလာနေသည့် ကျင့်ကြံသူများကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့သည်။

“ကောင်းပြီလေ... မင်းက ငါ့ကြယ်တာရာ နယ်မြေကို ပထမဆုံး လာတဲ့ ဧည့်သည်တွေ ဖြစ်ချင်တယ် ဆိုတော့ ငါကလည်း မင်းတို့ကို ကြိုဆိုရမှာပေါ့”

ဝေ့ဝူယင် ပြုံးလိုက်၏။ ထို့နောက် သူက “နေရာရွှေ့ပြောင်းမှု” အကြောင်း အစီရင်ခံစာများကို စစ်ဆေး ကြည့်လိုက်သည်။ အရာအားလုံး အစီအစဉ် အတိုင်း ဖြစ်နေသည်ကို ကြည့်ကာ သူ ကျေနပ် သွားခဲ့၏။ မကြာခင်မှာပင် အာရုဏ်ဦးကြယ်တာရာ နယ်မြေမှာ အပြည့်အဝ တည်ဆောက် ပြီးစီး သွားပေလိမ့်မည်။ ထို့မတိုင်ခင် အချိန် အထိတော့ ဧည့်သည်များကို သူ ကြိုဆိုရဦးမည် ဖြစ်သည်။

...

ဟူး... ဟူး...

စက္ကန့်နှင့် အမျှ မြေကြီးရှန့်ထို အဆင့်များမှာ ပိုမို၍ နီးကပ်လာခဲ့ကြ၏။ တစ်ချို့က လောဘ အငွေ့အသက်များနှင့် ပြည့်နှက် နေသလို တစ်ချို့မှာလည်း စိတ်လှုပ်ရှားမှု၊ စိတ်ဝင်စားမှု၊ စိတ်ဝင်စားမှု သက်သက်ဖြင့် လာကြခြင်း ဖြစ်သည်။ ဖီဆန်ပေါက်စလေးနှင့် ပိုမို၍ နီးကပ်လာလေလေ သူတို့ ခံစားနေရသည့် မယုံကြည်နိုင်မှုများက ပိုမို၍ ကြီးမားလာလေလေ ဖြစ်သည်။

“အရမ်းကြီးတာပဲ...”

"ဘယ်လိုလုပ်ပြီး ပေါ်လာတာလဲ...”

ထိုအခိုက်၌ သူတို့ အားလုံး၏ အတွေးများက ထပ်တူကျလုနီးပါး ဖြစ်ပေသည်။ ဖီဆန်ကလေးမှာ အဆုံးမဲ့ ကောင်းကင် နေကြယ်ထက်ပင် ဆယ်ဆမျှ ပိုမို ကြီးမားသည်။

အဆုံးမဲ့ ကောင်းကင် နေကြယ်မှာ လွယ်ကူစွာ ဖြစ်တည်လာခဲ့သည့် နေကြယ် တစ်စင်း မဟုတ်ချေ။ သမိုင်းတစ်လျှောက် ကျင့်ကြံသူပေါင်းများစွာ၏ အသက်၊ သွေး၊ ချွေးပေါင်းများစွာ ရင်းနှီးကာ တည်ဆောက်ထားရသည့် ကြယ်တစ်စင်း ဖြစ်သည်။ သို့သော်လည်း... ဤနေကြယ်ကတော့ မည်သည့် လက္ခဏာ တစ်စုံတစ်ရာမှ မရှိပဲ ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... ၎င်းမှာ ပိုမို၍ ကြီးသည်။ ပိုမို၍ တောက်ပသည်။ ပိုမို၍ သန်စွမ်းပုံလည်း ပေါ်သည်။

မကြာခင်မှာပင်... အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အသစ်မှာ ရောက်ရှိလာသည့် ပထမဆုံး ဧည့်သည်များကို ကြိုဆိုလိုက်ရလေတော့သည်။ သူတို့ထဲ၌ အင်ဖာနို နေမီးတောက် ဘုရားကျောင်းမှာ အစောဆုံး ဖြစ်သည်။ သူတို့က အနီးဆုံး မဟုတ်သည့်တိုင် အမြန်ဆုံး ဖြစ်သည်။ ထို့အပြင်... အခြား မြေကြီး ရှန့်ထိုများလို လမ်း၌ တုန့်ဆိုင်းခြင်းလည်း မရှိခဲ့ချေ။

“ဒါက အဆုံးမဲ့ ကောင်းကင် နေကြယ်ထက် အများကြီး ပိုကြီးတာပဲ...”

ရှေ့ဆုံးမှ ဦးဆောင်နေသည့် ပုပ်ရဟန်း မင်းကြီးက အံ့ဩတကြီး ရေရွတ်လိုက်လေ၏။ မာ့ကျန်း၏ မျက်လုံးများမှာလည်း မယုံကြည်နိုင်မှုဖြင့် အနည်းငယ် ပြူးကျယ် နေခဲ့သည်။ ထိုနေကြယ်ကို ဝေ့ဝူယင်မှာ တစ်နည်းနည်းဖြင့် ဖန်တီးထားခြင်း ဖြစ်လိမ့်မည်ဟုသာ သူ မှတ်ချက်ချနိုင်ပေသည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ အသက် တစ်ရာပင် ပြည့်သေးသူ တစ်ယောက် မဟုတ်ချေ။ ထိုကဲ့သို့ နေကြယ်မျိုးကို မည်ကဲ့သို့ ဖန်တီးခဲ့သနည်း။

သို့တည်းမဟုတ်... ဝေ့ဝူယင်က သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင်တွင် ဖုံးကွယ်ထားသည့် နေကြယ်တစ်စင်းကို ရှာဖွေ တွေ့ရှိကာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ဖြင့် မွမ်းမံခဲ့သလော။ ၎င်းမှာ သူတော်စင် ခုနစ်ပါး မျှော်စင်၏ ကျရှုံးသွားသည့် စီမံကိန်း တစ်ခု ဖြစ်နိုင်သလော။ ထိုအတိုင်းသာ ဆိုပါက... ယခင် အင်ပါယာ ကလန်မှာ ဧရာမ အရွယ် နေကြယ်ကို ပထမဆုံး ဖန်တီးရန် ကြိုးပမ်းခဲ့သည့် အင်အားစု မဖြစ်နိုင်တော့ချေ။

ဝှစ်...

အာရုဏ်ဦး နယ်မြ အစပ်သို့ ရောက်ရှိသည်နှင့် အင်ဖာနို နေမီးတောက် ဘုရားကျောင်းမှ ကျင့်ကြံသူများမှာ ရပ်တန့်လိုက်ရသည်။ သူတို့ ရှေ့ကို ခြေတစ်လှမ်းပင် ဆက်မတိုးနိုင်ပါချေ။ အဘယ်ကြောင့်နည်း။ မြေကြီး ရှန့်ထို တစ်ယောက်က တားဆီးထားသောကြောင့်ပင်။

အဆိုပါ မြေကြီး ရှန့်ထိုမှာ သာမန် စစ်သည်များ ဝတ်ဆင်လေ့ ရှိသည့် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားကာ ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်မတ်မတ် ရပ်နေခဲ့သည်။ အမှောင် ဟင်းလင်းပြင် တည်ရှိနေသည့်တိုင် သွေးဆာသည့် ရနံ့ တစ်ခုက ပျံ့လွင့်လာသလို လူတိုင်း ခံစားလိုက်ရသည်။

မားမားမတ်မတ် ရပ်နေသည့် စစ်သည်တော်မှာ စစ်ဝိညာဉ် တစ်ယောက်မှ အပ မည်သူ ဖြစ်နိုင်မည်နည်း။ သူက သတ်ဖြတ်ရန် ရည်ရွယ်ချက် တစ်ခုတည်း အတွက် မွေးဖွားလာခဲ့သူ ဖြစ်ကာ စစ်ဥပဒသဖြင့် ခန္ဓာကိုယ်ကို ထွင်းထုထားသူ ဖြစ်သည်။

မာ့ကျန်းနှင့် ဟုန်ယန်လျှို့လန်တို့မှာ ယွီစွန်းလီအား ကာကွယ်ခဲ့သည့် တိုက်ပွဲတွင် ဝေ့ဝူယင်၏ လေ့ကျင့်ခံ စစ်သည်များကို မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။

“သူတို့ထဲက တစ်ယောက်လား...”

ဟုန်ယန်က မာ့ကျန်းဘက်သို့ လှည့်ရင်းမေးလိုက်၏။ လူအိုကြီးက ဖြူရော်စွာသာ ပြုံးလိုက်သည်။ ၎င်းက သူကိုယ်တိုင်ပင် မသိသေးသည့် အကြောင်းအရာ တစ်ခု ဖြစ်သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးထက် ကျော်လွန်၍ လူငယ်နှင့် အလွန် နီးစပ်သည့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ထားနိုင်သည့်တိုင် အသစ် ထပ်မံ သိရှိရသမျှ အရာအားလုံးက ထိတ်လန့် တုန်လှုပ်ဖွယ်ရာတွေချည်း ဖြစ်ပေသည်။

“အံ့ဩစရာ မရှိတော့ဘူး...”

ပုပ်ရဟန်းမင်းကြီး ဟုန်ယန်က ရေရွတ်လိုက်၏။ လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ် နီးပါးခန့်က ဝေ့ဝူယင်မှာ အစစ်အမှန် မွေးဖွားခြင်းကို မီးဖီးနစ် တစ်ကောင်တည်းနှင့် တိုက်ခိုက်ခဲ့သည်။ ထိုလုပ်ရပ် အပေါ် အများစုက မိုက်ရူးရဲ ဆန်ခြင်း အဖြစ် မှတ်ချက်ချခဲ့သည်။ ယခု ပြန်လည်၍ သုံးသပ်ရပါက ဝေ့ဝူယင် ထိုမျှ ယုံကြည်ချက် ရှိခြင်းမှာ မထူးဆန်းတော့ချေ။

ရှန်ထို ဖန်ဆင်းရှင်...

ထိုလူငယ်မှာ အစစ်အမှန် ရှန့်ထို ဖန်ဆင်းရှင် တစ်ယောက်ပင် ဖြစ်လေသည်။ ပုပ်ရဟန်မင်းကြီး ဟုန်ယန်၏ အိုမင်းနေသော မျက်ဝန်းများမှာ အမျိုးမျိုး ပြောင်းလဲသွားခဲ့၏။ သူ့ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် အလင်းရောင် တစ်ခုကို တွေ့မြင်လိုက်ရသလို ခံစားလိုက်ရသည်။

ဝှစ်... ဝှစ်...

မကြာခင်မှာပင် အခြားလူများမှာလည်း ရောက်ရှိလာခဲ့ကြ၏။ သို့သော်လည်း... စစ်ဝိညာဉ် ရှစ်ဆယ့် တစ်ယောက်မှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ နေရာ ရှစ်ဆယ့် တစ်နေရာတွင် ခွဲဝေ နေရာယူထားကြကာ ဝင်ရောက်လာသူ မှန်သမျှကို တာဆီးထားသည်။ သူတို့၏ အော်ရာများက ကြမ်းကြုတ် ခက်ထန်ကာ ပြင်းထန်သည့် စစ်အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့သည်။

ဝှစ်... ဝှစ်...

ဧည့်သည်များမှာ မိုင်ထောင်ဂဏန်းလောက် အကွာတွင်ပင် ရပ်တန့်လိုက်ကြကာ တစ်ယောက်ယောက် စကားပြောလာမည့် အချိန်ကိုသာ စောင့်ဆိုင်း လိုက်ကြသည်။

...

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ တစ်နေရာ၌...

ဝေ့ဝူယင်မှာ ဧည့်သည်များ စုံလင်လာမည့် အချိန်ကို စောင့်ဆိုင်းရင်း သူ့ ခန္ဓာကိုယ် အသစ်ကို တိတ်တတဆိတ် စစ်ဆေး နေခဲ့သည်။ ကပ်ဘေးအား မဖြတ်ကျော်ခင်တည်းက သူ၏ ခန္ဓာကိုယ်မှာ ပါရဂွန် ပုံသွင်းခြင်း ဆေးလုံးဖြင့် ပြန်လည် ပြုပြင်ထားသည့် ခန္ဓာကိုယ် ဖြစ်သည်။

ပါရဂွန် ပုံသွင်းခြင်း ဆေးလုံး...

၎င်းမှာ ဝေ့ဝူယင်၏ ဘဝ တစ်လျှောက်လုံး စုစည်းထားခဲ့သည့် အဂ္ဂိရတ် အမွေအနှစ် တစ်ခု ဖြစ်သည်။ လက်ရှိ အချိန်အထိ သူ၏ အကြီးမားဆုံး အောင်မြင်မှုလည်း ဖြစ်သည်။ သေမျိုးတာအိုနှင့် လျှို့ဝှက်တာအိုတို့ အပြင် အလွန် ထူးဆန်းသည့် တည်ရှိမှု တစ်ခုကပါ သူ၏ ဆေးလုံး ဖော်စပ်မှုကို ကူညီပေးခဲ့သည်။ ထိုကဲ့သို့ ဆေးလုံး၏ အကူအညီနှင့် အတူ ဝေ့ဝူယင် သူ့ ခန္ဓာကိုယ်ကို မကုန်ခမ်းနိုင်ခြင်း၊ မပျက်စီးနိုင်ခြင်း၊ လိုက်လျောညီထွေ ရှိခြင်း၊ အင်အားကြီးမားခြင်း စသည့် အခြေခံ မူများပေါ် မူတည်၍ ပြန်လည် ထုဆစ်ခဲ့သည်။

၎င်းမှာ အကန့်အသတ်မဲ့သည့် စွမ်းအားများကို ထိန်းသိမ်းထားနိုင်ရုံမျှသာ မက... မန်နာကို မည်သည့် စွမ်းအင် အမျိုးအစားသို့ မဆို ပြောင်းလဲ နိုင်စွမ်းကိုပါ ရရှိစေခဲ့သည်။ တစ်နည်းအားဖြင့် သူ၏ မူလ အလင်း ရင်းမြစ်များ၊ စွမ်းအင် သွေးကြောများ၊ ယန်အရင်းအမြစ်များ အားလုံးမှာ တကူးတက ကျင့်ကြံစရာပင် မလိုပဲ ပြန်လည် ဖြည့်တင်းနိုင်ပေသည်။ ထို့အပြင်... သူ၏ ခန္ဓာကိုယ်မှာ လောကအတွင်းရှိ မည်သည့် စွမ်းအင်ကို မဆို အန္တရာယ် တစ်စုံတစ်ရာ ၊ ထစ်ငေါ့မှု တစ်စုံတစ်ရာ မရှိပဲ စုပ်ယူနိုင်စွမ်း ရှိပေသည်။

ဝေ့ဝူယင်မှာ ထိုကဲ့သို့ စွမ်းရည်မျိုးကို သေမျိုး ကြယ်တာရာ ရောင်ခြည်ဖြာ ကပ်ဘေးအား မဖြတ်ကျော်သေးခင်တည်းက ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်သည်။ ယခုတွင်တော့ သူ၏ ခန္ဓာကိုယ်မှာ ကပ်ဘေးအား ဖြတ်ကျော်နိုင်ခြင်းနှင့် အတူ ထပ်မံ၍ ဆင့်ကဲ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ၎င်းအား ကြယ်ပါရဂွန် ခန္ဓာဟု ရည်ညွှန်းကောင်း ရည်ညွှန်းနိုင်ပေလိမ့်မည်။

ကျန့်ကျန့်မှာ ဝေ့ဝူယင်၏ နံဘေးတွင် တိတ်တဆိတ်ပင် ရပ်နေခဲ့၏။ သူက အဝေး တစ်နေရာကို မျက်ခြေမပြတ် စိုက်ကြည့် နေခဲ့သည်။ ရုတ်တရက် သူ့ မျက်လုံးများထဲတွင် အေးစက်ကာ အာဏာရှင်ဆန်သည့် အရောင်အဝါ တစ်ခု ထွန်းလင်းလာခဲ့၏။

ဝှစ်...

သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အစွန်းတွင် အာကာသလှိုင်း တစ်ခု ဖြစ်ပေါ်လာကာ ၎င်းက လျှင်မြန်စွာ ကြီးထွားလာခဲ့၏။

အား...

နာကျင်သော်လည်း နူးညံ့ညင်သာသည့် အော်ဟစ်သံ တစ်ခုမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ထွက်ပေါ်လာခဲ့သည်။ ပိန်သွယ်သွယ် ပုံရိပ် တစ်ခုမှာ ပုံသေ အာကာသနယ်ထဲမှ လိမ့်ထွက်လာက အကြိမ် အနည်းငယ် ပတ်ချာလည်ပြီးမှ ရပ်တန့် သွားခဲ့သည်။

နယ်စပ်၌ ရှိနေကြသည့် လူအားလုံးမှ ပုံရိပ်ကို လှမ်းကြည့်လိုက်ကြ၏။ ထိုပုဂ္ဂိုလ် မည်သူ ဖြစ်ကြောင်း သတိထားမိလိုက်သော အခိုက်တွင်တော့ သူတို့၏ မျက်လုံးများမှာ ပြူးကျယ်သွားကြတော့သည်။

မိန်းကလေး တစ်ယောက်...

သူမက မယုံကြည်နိုင်လောက်အောင် လှပလွန်းသူ ဖြစ်သည်။ လရောင်ဖျော့ဖျော့ တောက်ပနေသည့် ငွေရောင် ဆံနွယ်ရှည်များ၊ ရွှန်းလဲ့လဲ့ ခရမ်းရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ သွယ်လျလျနှင့် မထိရက်၊ မကိုင်ရက်စရာ ခန္ဓာကိုယ်လေးထက်တွင်တော့ ငွေရောင် ဝတ်စုံတစ်စုံကို ဆင်မြန်းထားသည်။

လရောင်ဖြာ ဧကရီ...။

***

All Chapters