← Chapters

တိုက်ပွဲ ... ။

Vol. 19 Ch. 217

တိုက်ပွဲ ... ။

Vol. 19 Ch. 217

သွေးသောက်ဓား၊ ယန်မီးတောက်၊ ခရမ်းရောင် ပန်းကလေး၊ လေခွင်းဓားမိစ္ဆာနှင့် မိုးတိမ်ပြည်နယ် ခရမ်းရောင် တောင်တန်း လူသတ်သမားတို့က စုရီနှင့် မျက်နှာချင်းဆိုင် နေရာယူလိုက်ကြ၏။

စုရီက ဝိုင်အိုးကိုထုတ်ကာ အကုန်မော့သောက်လိုက်၏။ ထို့နောက် အိုးလွတ်ကို ပစ်ချလျက်၊

“ လရောင်အောက်မှာ ဝိုင်သောက်ပြီး ရန်သူကို သတ်ရတာ ပျော်စရာပါပဲ။ ”

-ဟု ပြုံးလျက် ပြောကြားလိုက်သည်။

“ မိုးကောင်းကင်က လူတစ်ယောက်ကို သေစေချင်ရင် သူ့ကို ရူးအောင်လုပ်တတ်တယ် ... သနားစရာပါပဲ။ ”

ထိုမြင်ကွင်းကြောင့် ခရမ်းရောင် ပန်းကလေးမှ သက်ပြင်းချကာ ညည်းတွား လိုက်လေသည်။

“ သူ့ကို အရင်သတ်ရအောင်။ ”

ယန်မီးတောက်က ကျယ်လောင်စွာ အော်လိုက်ပြီး ချက်ချင်း အရေးယူတော့သည်။ သူ့အသွင်သည် မုတ်ဆိတ်မွေး ကျဲကျဲနှင့် ပိန်ပိန်ပါးပါး အဖိုးအိုတစ်ဦးဖြစ်၏။

သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ခန္ဓာကိုယ်တစ်ခုလုံး မီးဖိုကြီးကဲ့သို့ ပွက်ပွက်ဆူ လာတော့သည်။

လက်ချောင်းများကြားတွင် အနီရောင်စွမ်းအင်မီးတောက် ပေါ်လာကာ လေထဲ ရိုက်ချလိုက်သည်။

“ မဟာနေမင်း တံဆိပ်။ ”

တောင်များကို လောင်ကျွမ်းစေပြီး ပင်လယ်ပြင်အပေါ် ပွက်ပွက်ဆူစေနိုင်ကာ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ထွက်ပေါ်လာသည်။

မီးလက်ဖဝါးသွားရာ လမ်းတလျှောက် နေမင်းကြီးတစ်စင်း ပျံသန်းနေသကဲ့သို့ အနားရှိ ကျောက်တုံးများ အားလုံးအမှုန့် ဖြစ်ကုန်၏။

ရက်စက်ကြမ်းကြုတ်သော လက်ဖဝါးချက်ပေပင်။ ပစ်မှတ်ထားခံရသူသည် ကျင့်ကြံမှုအဆင့်၊ နောက်ခံ မည်သို့ပင်ဖြစ်စေ ချက်ချင်း သုတ်သင်ခံရနိုင်၏။

ကြောက်စရာ ကောင်းချေပြီ။ အဖျက်စွမ်းအားသည် မြေကြီးအဆင့်နှင့် နီးစပ်လာ၏။

“ ဒါက ပိုးစုန်းကြူးလေးပါ။ ”

စုရီက မီးလက်ဖဝါးထံ မော့ကြည့်ကာ လှောင်ပြုံးဖြင့် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်း လိုက်သည်။

တာအိုကျက်သရေ ပါဝင်သော ဓားအလင်းတစ်လက် ပြေးထွက်သွားကာ မဟာ နေမင်းလက်ဖဝါးကို အပိုင်းပိုင်း ခွဲပစ်လိုက် တော့၏။

“ ..... ။ ”

လွှမ်းမိုးချုပ်ကိုင်လိုသော မဟာနေမင်း လက်ဖဝါးခမျာ ရုတ်တရက်အပိုင်းပိုင်း ကွဲအက် ပျောက်ကွယ်သွားတော့သည်။

စစ်ထူခုံနှင့် အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လျက် အံ့သြသွားကြတော့၏။

တစ်ဖက်လူသည် အသက် ဆယ့်ခုနစ်နှစ်သာရှိသေးပြီး ကျင့်ကြံမှုသည် မဟာသခင်မျှသာဖြစ်သည်။

သို့သော် တိုက်ပွဲဝင်စွမ်းအားသည် ရှန်ရှင်းသိုင်းသမားများကို ကောင်းစွာ ထိတ်လန့် စေချေပြီ။ လီယန်ပင် အံ့အားသင့်သော အရိပ်အမြွက်ပြသလာ၏။

“ မင်းတို့ကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့ အကုန်လုံး အတူတူ လာခဲ့ ... ။ ”

စုရီက လက်နှစ်ဖက်ကို နောက်ပို့လျက် ဖိတ်ခေါ်သည်။ ကျောက်စိမ်းရောင် ဝတ်ရုံစမှာ လေထဲ တဖျပ်ဖျပ်လွင့်လာ၏။

“ တောင်းပန်ပါတယ် ... ။ ”

စစ်ထူခုံက လေးနက်သော အသွင်ဖြင့် ရောင်ဝါကို ဖွင့်ထုတ်လိုက်မိသည်။ အဆုံးတွင် မထိန်းနိုင်တော့ဘဲ လူတိုင်း တပြိုင်နက်တည်း လှုပ်ရှား လိုက်ကြ၏။

ရောင်ဝါသည် သမုဒ္ဒရာကြီးကဲ့သို့ လှိုင်းထန်လာပြီး လေဖိအားနည်း ရပ်ဝန်းတစ်ခု အသွင် လေဟာနယ်ကို ပြောင်းလဲ သွားစေသည်။

အဆုံးတွင် လူငါးဦးကို ဗဟိုပြု၍ လေဆင်နှာမောင်းကြီးတစ်စင်းအဖြစ် ထွက်ပေါ် လာတော့၏။ ၎င်းလေဆင်နှာမောင်းက ဝိညာဉ် စွမ်းအင်များကို အရူးအမူး စုပ်ယူလျက် အားဖြည့်နေခဲ့သည်။

ဧရီယာအတွင်းရှိ သစ်ပင်များနှင့် ကျောက်ဆောင်များအားလုံး အမှုန့်ဖြစ်ကုန် ကြ၏။ ငါးယောက်သား စုရီ၏ ဆုတ်ခွာရာ လမ်းကြောင်းတိုင်းကို ပိတ်ဆို့လေသည်။

ဤသည်မှာ ရှန်ရှင်းငါးပါး၏ ရောင်ဝါဖြင့် တိုက်ခိုက်ခြင်းပေပင်။ သို့သော် ထိုရောင်ဝါလှိုင်း များသည် စုရီနှင့် သုံးပေအကွာ၌ စုန်းဝုန်းမြုပ် သွားတော့၏။

“ ဟမ့် ... ။ ”

ပင်လယ်အတွင်း ရောက်ရှိလာသော ရေစက်များကဲ့သို့ အစနပင် ရှာမတွေ့တော့ချေ။ ထိုမြင်ကွင်းက စစ်ထူခုံနှင့် အခြားသူများအပေါ် အနည်းငယ် စိတ်မသက်မသာဖြစ်စေ၏။

“ စိတ်ဝင်စားစရာပဲ ... ။ ”

စုရီက တည်ငြိမ်သောအသံဖြင့် ရှေ့သို့ လှမ်းတက်၏။ ယင်းသည် ခြေတစ်လှမ်းမျှသာ ဖြစ်သော်လည်း ပြိုင်ဘက်ငါးယောက်ကို တုန်ယင်သွားစေသည်။

“ မကောင်းတော့ဘူး ... ။ ”

ဆိုလိုသည်မှာ သူတို့ငါးယောက်သည် ကျပန်းရပ်နေကြသည်ဟု မြင်မိစေသော်လည်း အမှန်တွင် ချုပ်နှောင်ခြင်း ဖွဲ့စည်းမှု ပုံစံကို ယူထားခြင်းဖြစ်သည်။

ယင်းကြောင့် တစ်ဖက်လူ၏ ထိုခြေတစ်လှမ်းသည် ဖွဲ့စည်းမှု ဗဟိုချက်ကို တိုက်ရိုက်ပျက်စီးစေသော အားနည်းချက်ထံ ဦးတည်နေခဲ့၏။

“ သတ် ... ။ ”

လီယန်က ဦးစွာ တိုက်ခိုက်လိုက်သည်။ ဆယ်ပေခန့် ကြီးမားနေသော မီးလက်ဖဝါးကြီး ပြေးထွက်သွား၏။ ယခင် လက်ဖဝါးချက်ထက် ပို၍ ကြောက်စရာကောင်းသည်။

“ ခွင့်ပြုပါ ... ။ ”

စစ်ထူခုံက ကျောက်စိမ်းဓားတစ်လက်ကို ထုတ်ယူကာ ခုတ်ချလိုက်သည်။ ထူးထူးခြားခြား အနီရောင် သွေးအလင်းတန်း ဖြစ်ပေါ်လာသည်။ နာမည်ကြီး သွေးသောက်ဓားဖြစ်၏။

ဤဓား၏ အစွမ်းထက်မှုနှင့်အတူ ဓားရေးကြောင့် စစ်ထူခုံသည် မဟာကျိုးရှိ ရှန်ရှင်းအဆင့် ကျွမ်းကျင်သူ ဆယ်ပါးစာရင်း ဝင်တိုင်ခဲ့ခြင်းဖြစ်သည်။

ဆိုလိုသည်မှာ မဟာကျိုးတွင် ရှန်ရှင်း သိုင်းသမားများစွာ ရှိသော်လည်း ထိပ်ဆုံး(၁၀) ဦး အဆင့်ဝင်မှသာ စစ်မှန်သော ကျွမ်းကျင်သူ အဖြစ်သတ်မှတ်ကြ၏။

“ ဝှစ် ... ဝှစ် ... ။ ”

တုံဟွာသည်လည်း ရွှေကြာပွတ်ကို ဝှေ့ယမ်းလျက် မုန်တိုင်းအသွင် ဖန်တီးတော့၏။ ကြာပွတ်ရိုက်ချက်ကြောင့် လေဟာနယ် တစ်ခုလုံး ပေါက်ကွဲနေသည်။

နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သော ရှန်ရှင်းသိုင်းသမား ငါးဦးမှ တစ်ပြိုင်နက်တည်း လှုပ်ရှားလာသဖြင့် ကမ္ဘာပြိုလုမတတ် ဖြစ်စဉ်များပေါ်လာသည်။

ဤလူများသည် တောင်များကိုခွဲ၍ မြစ်များကိုရပ်တန့်ကာ မဟာသခင်များအပေါ် ကြက်သတ်သကဲ့သို့ သတ်နိုင်၏။

စုရီက နတ်အာရုံကို ဖွင့်လိုက်သည်။ ပေ(၃၀၀)ဧရိယာ အတွင်းရှိ အရာအားလုံးသည် ရုတ်တရက် နှေးကွေးသွားတော့သည်။

ဦးစွာမြင်ရသည်မှာ ကောင်းကင်နှင့် မြေကြီးကြား ဆက်သွယ်‌နေသော ကြိုးမျှင်များ ဖြစ်၏။ ထို့နောက် လေထဲ အလွန်နှေးကွေးစွာ ရွေ့လျားလာသော လူငါးယောက်ဖြစ်သည်။

၎င်းတို့ကို အဆိုပါ ကြိုးမျှင်များက ဖောက်ထွင်း ဆက်သွယ်ထားသဖြင့် သိုင်းကြိုး တပ်ထားသော ရုပ်သေးများအလား ထင်မှားစေ၏။

“ အရမ်းကောင်းတယ်။ ”

ဤသို့ မခံစားရသည်မှာ ကြာပြီဖြစ်သည်။ ပြုံးလျက် ဓားရောင်ဝါများကို လက်သီးအတွင်း ပေါင်းစည်းကာ အန္တရာယ် အပေးနိုင်ဆုံးသော လေခွင်းဓားမိစ္ဆာထံ ထိုးနှက်လိုက်၏။

“ ဝှစ် ... ။ ”

“ အွတ် ... ။ ”

လက်သီးသည် သာမန် ဖြစ်သော်လည်း ငွေရောင်လေဓားချီကို ဖြတ်ကာ လေခွင်းဓား မိစ္ဆာအပေါ် ထိမှန်သွားသည်။ မျက်လုံးပြူး ကျယ်လျက် မျက်နှာ ရှုံ့မဲ့သွားချေ၏။

“ ဟမ့် ... အပြစ်အနာအဆာတွေ ပြည့်နှက်နေပြီး ကြည့်ဖို့တောင် မထိုက်တန်တဲ့ လေခွင်းဓားတစ်လက်ပဲ။ ”

“ အဟွတ် ... အဟွတ် ... ။ ”

စုရီက ခေါင်းခါပြီး မှတ်ချက်ပေးသဖြင့် လေခွင်းဓားမိစ္ဆာခမျာ ခြေလှမ်းများစွာ ဆုတ်ခွာ လိုက်ပြီး ချောင်းတဟွတ်ဟွတ် ဆိုးသွားသည်။

ဤဓားချက်သည် သူ့ဘဝတွင် ဂုဏ်ယူဖွယ် ဓားချက်ဖြစ်၏။ ဓားတာအိုနားလည်မှုများစွာနှင့် ကျွမ်းကျင်မှုအားလုံး ထည့်သွင်းထားသည်။

သို့သော် လက်သီး တစ်ချက်တည်းဖြင့် ချေမှုန်းခံလိုက်ရသည်။ အရေးအကြီးဆုံးမှာ တစ်ဖက်လူ၏ သုံးသပ်ချက်ဖြစ်၏။ ထိုးနှက်ခံ ရသည်ထက် သာ၍ လက်ခံရခက်ချေပြီ။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် စုရီသည် သူ့ကို အာရုံ မစိုက်နိုင်တော့ချေ။ ခန္ဓာကိုယ် တစ်ပါတ်တိတိ လှည့်ပြီး ကောင်းကင်မှ ကျဆင်းလာသော မီးလက်ဖဝါးကြီးအပေါ် ပြန်၍ တုန့်ပြန် လိုက်ရသည်။

“ ခရစ် ... ။ ”

နေမင်းကြီးတစ်စင်းနှင့်တူသော မီးလက်ဖဝါးခမျာ ပေါင်တူဖြင့် ထုနှက်ခံလိုက်ရ သကဲ့သို့ ချက်ချင်းကွဲအက်သွား၏။

“ အ ... ။ ”

မီးပွားများ ဖွာလန်ကျဲလျက် ယန်မီးတောက်လီယန်ခမျာ ညည်းတွားသံပြုပြီး မြေပြင်ပေါ် ဆင်းသက်လိုက်ရသည်။

ဘဝတလျှောက် ရန်သူများစွာကို ဤလက်ဖဝါးဖြင့် ဖိနှိပ်ကာ အဆင့်တူအတွင်း ပြိုင်ဘက်ကင်းခဲ့သည်။

သို့သော် (၁၇)နှစ်အရွယ် လူငယ် တစ်ယောက်‌ရှေ့တွင် စက္ကူတစ်ရွက်ကဲ့သို့ ချက်ချင်း ချိုးဖြတ်ခံလိုက်ရ၏။ အဆိုးဆုံးမှာ စုရီ၏ သုံးသပ်ချက်ပေပင်။

“ ဒီလက်ဖဝါးက ... အလှပြတဲ့ ပန်းအိုးတစ်လုံးပဲ ... စစ်မှန်တဲ့ ပေါက်ကွဲ စွမ်းအားတွေ ပါမလာဘူး။ ”

“ ဟမ့် ... ဒါဆို စစ်မှန်တဲ့ စွမ်းအားအောက်မှာ သေလိုက်တော့ ... ။ ”

ထိုစဉ် ရွှေကြာပွတ်ရိပ်များက စက်ဝိုင်းသဏ္ဍာန် စုရီထံသို့ အကွင်းလိုက် ကျဆင်းလာတော့သည်။

“ ရွှပ် ... ။ ”

ဓားအလင်းတစ်လက်က ထိုစက်ကွင်းများအပေါ် ဖြတ်တောက်လျက် ကောင်းကင်ပေါ် ထိုးတက်သွား၏။

“ မာကျောပြီး ... လိုက်လျောညီထွေမှု မဲ့လွန်းတယ်၊ ပျော့ညံ့တယ်၊ စွမ်းအားမဲ့တယ် ဒီလိုနည်းစနစ်ကို တိုက်ပွဲဝင်ကြာပွတ်အဖြစ် သတ်မှတ်တာလား ဟာသပဲ။ ”

စုရီ၏ လှောင်ပြောင်သံနှင့်အတူ ဓားအလင်းက ခရမ်းရောင် ပန်းကလေးထံ ထိုးဆင်းသွား၏။

ခရမ်းရောင်ပန်းကလေးခမျာ ထိတ်လန့်စွာဖြင့် တိမ်းရှောင်လိုက်ရသည်။ သူမ အနေဖြင့် အဝေးမှ တိုက်ခိုက်သူဖြစ်ရာ ရှောင်တိမ်းရန် အချိန်ရသွား၏။

အဆုံးတွင် စစ်ထူခုံနှင့် မိုးတိမ်ပြည်နယ် ခရမ်းရောင် တောင်တန်း လူသတ်သမားတို့က တစ်ပြိုက်နက်တည်း ရောက်ရှိလာ၏။

“ ဟိတ် ... ။ ”

ဤတစ်ကြိမ်တွင် စုရီက လေထဲ ခုန်တက်ကာ လက်နှစ်ဖက်ကို ခတ်ထုတ်လိုက် တော့သည်။

“ ဝုန်း ... ။ ”

လက်ဖဝါးသည် ဓားတစ်လက်နှင့်တူပြီး လျှို့ဝှက်ဆန်းကြယ်သော သွေးသောက်ဓားကို ထိမှန်ကာ ဆုတ်ခွာသွားစေ၏။

တစ်ဆက်တည်းမှာပင် မိုးတိမ်ပြည်နယ် ခရမ်းရောင် တောင်တန်း လူသတ်သမားထံမှ ဓားသည်လည်း ခတ်ထုတ်ခြင်း ခံလိုက်ရသည်။

“ မင်းတို့တွေ ရှန်ရှင်းအဆင့်မှာ ပိတ်မိနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ”

စုရီက လေထုအလယ် ပျံဝဲလျက် သက်ပြင်းချကာ ခေါင်းယမ်းလိုက်တော့၏။ လူတိုင်း မျက်မှောင်ကြုတ်မိကြသည်။

“ ဒီကောင်လေးက ငါတို့နဲ့ သူ့ဘဝကို လောင်းကစားဝံ့တာ အံ့သြစရာ မဟုတ်ပါဘူး အားလုံး ဝှက်ဖဲအကုန်ထုတ်ပါ။ ”

***

All Chapters