ပြိုင်ဘက်များ ... ။
Vol. 19 Ch. 219
ရှစ်ဖန်းခန်းမ၏ အဘိုးအိုက ဘုံကျောင်းပျက်ဆီမှ တိုက်ပွဲမြင်ကွင်းများကို ရှုပ်ထွေးသည့်အသွင်ဖြင့် ကြည့်နေခဲ့သည်။
“ သူ့ရဲ့ အဲဒီဓားအလင်းမှာ ... လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းလို့ မရနိုင်တဲ့ တာအိုစည်းချက်တွေ ပါဝင်နေတယ် ...
... ဒါက ကောင်းကင်နဲ့ မြေကြီးကြား စွမ်းအားတွေနဲ့ ချိတ်ဆက်ပြီး မြေကြီးအဆင့် အင်မော်တယ်တွေသာ ပိုင်ဆိုင်သင့်တဲ့ အနှစ်သာရမျိုးပဲ။ ”
အောင်နိုင်ခြင်း ဓားသုတ္တန်အပေါ် ထိုအဖိုးအိုမှ လေးနက်စွာ မှတ်ချက်ပေးသည်။ သူသည် ထိုဓားကို မမြင်ဖူးချေ။
“ ကမ္ဘာမှာ ဒီလိုဘီလူးတစ်ကောင် ဘယ်လိုလုပ် ရှိနိုင်မှာလဲ သူတကယ်ပဲ နတ်ဆိုး ဝိညာဉ်တစ်ကောင် ... သိမ်းပိုက်တာကို ခံလိုက်ရတာများလား။ ”
အဖြူဝတ် လူငယ်က တုန့်ပြန် မှတ်ချက်ပေးလိုက်သည်။ ဘုန်းကြီးဖက်တီးနှင့် အနက်ဝတ် အဖိုးအိုမှာ တိတ်ဆိတ်နေခဲ့၏။
“ ငါတို့က စုရီရဲ့ တည်နေရာကို သတင်းအဖြစ် ရောင်းစားနေတာက ဒီလူတွေကို သေတွင်းထဲ ပို့နေတာနဲ့ တူနေတယ်လို့ မထင်ဘူးလား။ ”
ခေါင်းဆောင်အဖိုးအိုမှ မေးခွန်းထုတ်၏။ ယင်းကြောင့် ကျန်သုံးယောက်သည် အချင်းချင်း ပြန်ကြည့်လိုက်လေသည်။
လက်ရှိအခြေအနေအရ ရှန်ရှင်း သိုင်းသမားများသည် စုရီလက်၌ သေပွဲဝင်ရန် ငွေအကုန်ခံကာ ရောက်ရှိလာခြင်းနှင့် တူနေခဲ့၏။
မီးတောက်သို့ တိုးဝင်နေသော ပိုးဖလံများပေပင်။ မည်သူမျှ ပြန်မဖြေသဖြင့် အဖိုးအိုမှ သက်ပြင်းချလိုက်သည်။
“ သူ့ရဲ့ တည်နေရာကို ဝယ်ဖို့ ... ဆက်သွယ်မှုတွေ ရှိသေးလား။ ”
“ ရှိတယ်။ ”
ဤတစ်ကြိမ်၌ အနက်ဝတ် အဖိုးအိုက ချက်ချင်းဖြေ၏။
“ ဘယ်သူလဲ ။ ”
“ လျှို့ဝှက်နဂါးဓားဂိုဏ်းရဲ့ ... အဆောင်ရတနာ ခန်းမသခင် လုထောင်လျူ၊ စုမိသားစုရဲ့ စတုတ္ထအမျိုးသမီး ...
... ယွီချင်းဇီ ... ၊ ဧကရာဇ်ဥသျှောင် ဟုန်ချန်ချန့်၊ ဒုတိယမင်းသား၊ ဆဋ္ဌမမင်းသား ကျိုးကျစ်လီ ... ။ ”
အနက်ဝတ်အဘိုးအိုမှ နာမည်များစွာ တရစပ်ရွတ်ပြလိုက်၏။
“ အဆောင်ရတနာ ခန်းမသခင် လုထောင်လျူက ... အလွန် သတိကြီးတယ် လက်ရှိအချိန်ထိ တိုက်ခိုက်ဖို့ မကြိုးစားသေးဘူး။ ”
ခေါင်းဆောင် အဖိုးအိုမှ ပြောကြားလိုက်သည်။ ထိုစကားကိုကြားသော အခါ အဖြူဝတ်လူငယ်မှ၊
“ စုရီကို သတ်ဖို့ မလွယ်ပါဘူး ... ဒီတစ်ခါတော့ လျှို့ဝှက်နဂါးဓားဂိုဏ်းက သေချာပေါက် အထိနာသွားလိမ့်မယ်။ ”
-ဟု ပြောကြားလိုက်၏။
“ ဒါက ပြောဖို့ခက်တယ် ... ။ ”
ခေါင်းဆောင်အဖိုးအိုမှ ခေါင်းရမ်းသည်။
“ ဘာလို့ ဒီအကြောင်း ... တွေးပူနေကြတာလဲ ငါ့အမြင်အရတော့ စုရီကို သူ့ဝေစုတွေ အမြန်ပေးသင့်ပြီ ထင်တယ်။ ”
မဟုတ်သော် မလိုလားအပ်သော ပြဿနာများ ရောက်ရှိလာနိုင်မည်။ မည်သူမဆို မိစ္ဆာတစ်ကောင်အပေါ် အပြစ်မပြုချင်သည်မှာ သဘာဝပေပင်။
ထို့ကြောင့် ထိုညတွင် လေးလံသော အိတ်တစ်လုံးကို သယ်ဆောင်လျက် လျှပ်စီးငှက် တစ်ကောင် ပျံသန်းသွားတော့၏။
စုရီက ရှစ်ဖန်းခန်းမမှ ပေးပို့လာသော ရောင်စုံဝိညာဥ်ကျောက်တုံးများကို စုပုံလျက် ရေတွက်နေခဲ့သည်။
၎င်းတို့အားလုံးသည် စတုတ္ထတန်း ဝိညာဉ်ကျောက်တုံး (၂၅)လုံးနှင့် ပဉ္စမတန်း (၈)လုံးအပါအဝင် ဝိညာဉ်ဆေးဝါး (၃၃)မျိုး ဖြစ်သည်။
ထို့အပြင် စာတစ်စောင်လည်း ပါရှိ၏။ စာထဲ၌ လျှို့ဝှက်နဂါးဓားဂိုဏ်းအဆောင်ရတနာ ခန်းမသခင် လုထောင်လျူကို သတိထားရန်ဟု ဆိုထားသည်။
ဤသည်မှာ မရင်းနှီးသော အမည်တစ်ခု ဖြစ်သည်။ သိုသော် လျှို့ဝှက်နဂါး ဓားဂိုဏ်းဟု သိရုံမျှဖြင့် ကျေနပ်နိုင်၏။
ကျင့်ကြံမှု၊ ရာထူး မည်သို့ပင် ရှိစေကာမူ ၎င်းတို့သည် သူ့ကို အရင်းအမြစ်များ ပေးရန် ရောက်ရှိလာသူများသာ ပေပင်။
***
နှစ်ရက်အကြာတွင် မိုးမခမြို့ မြူနှင်း တည်းခိုဆောင် တတိယထပ်၌ နင်စစ်ဟွာနှင့် လန်စု ထိုင်နေသည်။
“ မဟာချင်ရဲ့ ရှန့်လင်ကျောင်းတိုက်က ဘုန်းကြီးတွေ ... ရတနာဘုံကျောင်း နတ်ဆိုး တောင်ကို သွားနေပြီလို့ သတင်းရတယ်။ ”
လန်စုက မီးခိုးရောင်၀တ်စုံကို သေသပ်စွာဝတ်ဆင်ထားပြီး ဆံပင်ရှည်ရှည်များ အတွင်း ကျောက်စိမ်းဆံထိုးတစ်ချောင်းဖြင့် အလှဆင်ထား၏။
သူမသတင်းကြောင့် နင်စစ်ဟွာက မျက်ခုံးပင့်သွားသည်။
“ ဒါက ဘာအတွက်လဲ။ ”
“ ငါ့အထင် နဂါးသူတော်စင် ခန်းမသခင် ကျင်းဟီကိုယ်တိုင် ဘုန်းတော်ကြီး (၁၈)ပါးနဲ့ အတူ ခရီးထွက်လာတာဆိုတော့ ငါတို့လို အခွင့်အရေးရှာဖို့ ဖြစ်နိုင်မယ်။ ”
“ ဟမ့် ... အဲဒီ ဘုန်းကြီးကျင်းဟီက ဘယ်လောက် သန်မာလဲ။ ”
“ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ရှန်ရှင်း သိုင်းသမား ဖြစ်လာပြီး ... နဂါးသူတော်စင် သုတ္တန်ကို လေ့ကျင့်ထားတယ် ...
... လက်ရှိ ခွန်အားအရ ရှန်ရှင်းအဆင့် တစ်စုံတစ်ယောက်တောင် သူ့ဘက်ဖြစ်မလာမှာ ကြောက်မိတယ်။ ”
လန်စု အဖြေစကားများကြောင် နင်စစ်ဟွာတစ်ယောက် မျက်လုံးများ မှေးစင်း သွားတော့သည်။
“ မင်းတောင်မှ သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ ဆိုလိုချင်တာလား။ ”
လန်စုက ပြန်မဖြေချေ။ မဟာချင်တွင် ဒေါင်ဟွာဓားဂိုဏ်း၊ ရှန့်လင် ကျောင်းတိုက်နှင့် ရွှမ်ရွယ် တာအိုဘုံကျောင်း တို့သည် အင်အားကြီးများကြ၏။
၎င်းတို့၏ အခြေခံအုတ်မြစ်သည် မဟာကျိုးမင်းဆက်၏ လျှို့ဝှက်နဂါးဓားဂိုဏ်း ထက်ပင် မြင့်မားချေပြီ။
အထူးသဖြင့် ရှန့်လင်ကျောင်းတိုက်ကို ဗုဒ္ဓဘာသာဝင်များအတွက် သန့်ရှင်းသောမြေ အဖြစ် သတ်မှတ်ထားကြသည်။
မဟာချင်၏ တော်ဝင်မိသားစုသည်ပင် ၎င်းတို့ကို အလေးအနက်ထားရ၏။ မဟာကျိုးရှိ ရတနာဘုံကျောင်း နတ်ဆိုးတောင်တန်းသည် ဗုဒ္ဓအမွေအနှစ်နယ်မြေ ဖြစ်သည်။
ယင်းကြောင့် ၎င်းတို့ အခွင့်အရေး လာရှာသည်မှာ သဘာဝပေပင်။ ထိုအချိန်တွင် သရဖူဆောင်းလျက် ကျောက်စိမ်းဝတ်ရုံဖြင့် လူငယ်တစ်ယောက် တတိယထပ်သို့ တက်ရောက်လာသည်။
“ နန်းတော်သခင် ... ဆရာစု မရောက်သေးဘူးလား။ ”
“ အင်း ... ။ ”
နင်စစ်ဟွာက ခေါင်းခါသည်။ ဤသည်မှာ တောင်တန်းသခင် မုရှီဖြစ်၏။ ၎င်းမှ ခဏတာမျှ စဉ်းစားပြီး လေသံလျှော့ကာ၊
“ လမ်းမှာ လူတော်တော်များများက ရတနာဘုံကျောင်း နတ်ဆိုးတောင်ကို သွားဖို့ ဦးတည်နေကြတယ်။ ”
-ဟု သတင်းဝေမျှလိုက်သည်။
နင်စစ်ဟွာနှင့် လန်စုက အံ့သြသွားပြီး၊
“ တစ်ခုခု ထူးဆန်းတာ ရှိနေလား။ ”
-ဟု ပြန်လည် မေးမြန်းလိုက်မိ၏။
မုရှီမှ ခေါင်းရမ်းလျက်၊
“ ငါမသိဘူး။ ”
-ဟု ပြန်ဖြေလိုက်တော့၏။
ဤသည်မှာ ရုတ်တရက်ဖြစ်သဖြင့် သူသည်လည်း တစ်စုံတစ်ရာအပေါ် သံသယ ဝင်နေမိသည်။
ထိုစဉ် လှေကားမှ ခြေသံတစ်စုံနှင့် ရင်းနှီးသော အငွေ့အသက်ပျံ့လွင့်လာသဖြင့် သုံးယောက်သား လှည့်ကြည့်လိုက်သည်။
“ ဟမ့် ... ဆရာစု ... ငါတို့ နောက်ဆုံးတွေ့တာ ရက်ပိုင်းပဲ ရှိသေးတယ် မင်းက မဟာသခင် ဒုတိယအဆင့်ကို ရောက်သွားပြီလား။ ”
မုရှီက အံ့အားသင့်စွာ မေး၏။ သို့မှသာ စုရီရောင်ဝါ ပြောင်းလဲနေကြောင်း အမျိုးသမီး နှစ်ယောက် သတိထားမိလာသည်။
“ ဒါဟာ ပြောဖို့ မထိုက်တန်ပါဘူး။ ”
စုရီက ပြန်ဖြေပြီး လန်စုထံ လှမ်းကြည့်သည်။ ထိုအကြည့်ကို သတိထား မိသော လန်စုတစ်ယောက် အကြောအချင်များ တောင့်တင်းသွားခဲ့၏။
ရင်ဘတ်ပေါ်ရှိ လက်ဖဝါးရာကို မမေ့နိုင်သေးချေ။ အတွေးများဖြင့် မျက်နှာ တစ်ပြင်လုံး နီရဲလာသည်။ နင်စစ်ဟွာက စုရီအကြည့်ကို နားလည်ကာ၊
“ တာအိုမိတ်ဆွေ ... ငါ့မိတ်ဆွေက ဒီခရီးမှာ အတူလိုက်ချင်နေပါတယ်။ ”
-ဟု တောင်းဆိုလိုက်သည်။
“ ဝန်ထုပ်ဝန်ပိုး မဖြစ်သရွေ့ အဆင်ပြေပါတယ်။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။ သို့သော် ဝန်ထုပ်ဝန်ပိုးဟူသော ဝေါဟာရသည် လန်စုကို ဒေါသတကြီး မာနများ ရုန်းကြွလာစေသည်။
( ငါရင်သားကို အခွင့်အရေးယူတဲ့ လူယုတ်မာ။ )
သို့သော် သူမ ပါးစပ်မှ ထွက်လာသော စကားသည်၊
“ စိတ်မပူပါနဲ့ ဆရာစု ... ငါ့ကိုယ်ငါ ဂရုစိုက်နိုင်ပြီး ... မင်းအတွက် ဘယ်တော့မှ ဒုက္ခမပေးပါဘူး။ ”
-ဟူသော အေးစက်စက် စကားများသာ ဖြစ်သည်။
စုရီက သူမလေသံနှင့် ခံစားချက်အပေါ် ဂရုမစိုက်ဘဲ၊
“ သွားရအောင်။ ”
-ဟု ပြောကြားလိုက်တော့သည်။
ရတနာဘုံကျောင်း နတ်ဆိုး တောင်တန်းသည် ရွှေမိုးမခမြို့နှင့် မိုင်များစွာ အကွာတွင် တည်ရှိသည်။
တောင်တန်းသည်ပင် မိုင်တစ်ရာ ရှည်လျားပြီး ကျယ်ပြော၏။ ရှေးခေတ်တည်းက ဤတောင်ကို အလွန်အန္တရာယ်များသော အရပ်ဒေသအဖြစ် မှတ်ယူခဲ့ကြသည်။
နေရာတိုင်းတွင် သောင်းကျန်းသော သားရဲများနှင့် အဆိပ်ရှိသော မြူများ ရှိသည်။ သာမာန်လူများ မဆိုနှင့် ကျင့်ကြံသူများပင် ကမူးရှူးထိုး မဝင်ရဲချေ။
စုရီနှင့် အဖွဲ့ တောင်ခြေသို့ ရောက်သော အခါတွင် မိုးချုပ်နေချေပြီ။ ကောင်းကင်ယံတွင် တိမ်ညိုမည်းများ ရှိနေပြီး အေးစက်သော ခံစားချက်ကို ပေးစွမ်းနေ၏။
နတ်ဆိုးစွမ်းအင်များက လေထဲ လွင့်မျောနေပြီး မြူခိုးများအဖြစ် တောင်အနှံ့ သိုင်းခြုံထားသည်။
“ လမ်းမှာ မတော်ဆမှုသာ မရှိရင် ... ရတနာဘုံကျောင်းကို နေ့တစ်ဝက်လောက်နဲ့ ငါတို့ ရောက်နိုင်မှာပါ။ ”
“ သတင်းတွေအရ ... မဟာချင်ရဲ့ ကျွမ်းကျင်သူအချို့ ... အဲဒီကို ဦးတည်နေတယ် သတိထားကြပါ။ ”
ထို့နောက် နင်စစ်ဟွာမှ နဂါးသူတော်စင် ခန်းမသခင် ကျင်းဟီအကြောင်း မုရှီနှင့် စုရီကို ပြန်ပြောပြလာ၏။
စုရီက ခေါင်းညိတ်ပြပြီး ထိုလူအပေါ် စိတ်မဝင်ခြင်း မပြချေ။ ယင်းအစား အနည်းငယ် စဉ်းစားလျက် လန်စုကိုကြည့်ကာ၊
“ မဟာချင်ရဲ့ လျှို့ဝှက်ကောင်းကင် ဂိုဏ်းအကြောင်း မင်းကြားဖူးလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ မီးလျှံ သလဲသီး ဘုရင်။ ”
လန်စုမှ အံ့အားသင့်သွား၏။ စုရီက ခေါင်းညိတ်လျက်၊
“ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ... ဝိညာဉ်တာအိုနယ်ပယ်အဆင့် ကျွမ်းကျင်သူရဲ့ ဝိညာဉ်အပိုင်းအစတစ်ခုကို ငါသတ်ခဲ့တယ် သူက လျှို့ဝှက်ကောင်းကင်ဂိုဏ်းကပဲ။ ”
“ ဟမ့် ... ဝိညာဉ်တာအိုနယ်ပယ် မီးလျှံသလဲသီးဘုရင် ကိုယ်ပွားကို ဘယ်လိုများ သတ်နိုင်မှာလဲ။ ”
လန်စုတစ်ယောက် လုံးဝ မျက်လုံးပြူးသွားတော့သည်။ စုရီမှ ငြင်းခုန်ခြင်း မပြုဘဲ လန်စုကိုသာ အကဲခတ်လိုက်၏။
ဤအမျိုးသမီးသည် ရိုးရှင်းပုံမရချေ။ မီးလျှံသလဲသီးဘုရင်ကဲ့သို့ ဝိညာဉ်တာအိုအဆင့် ကျွမ်းကျင်သူကို သိရှိနေ၏။
“ လန်စု ... မီးလျှံသလဲသီးဘုရင်က ဘယ်သူလဲ ... အဲဒီ လျှို့ဝှက်ကောင်းကင် ဂိုဏ်းအကြောင်း ငါဘာလို့ မသိရတာလဲ။ ”
နင်စစ်ဟွာက စိတ်ဝင်စားသွားသည်။ လန်စုတစ်ယောက် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြင်ယူလျက်၊
“ မဟာချင်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ဦးရှိတယ် သူ့ဂိုဏ်းဘယ်မှာလဲ ဘယ်သူမှ မသိကြဘူး ... ဒါပေမယ့် လျှို့ဝှက်ကောင်းကင် ဂိုဏ်းဆိုတဲ့ နာမည်ကြားရင် ...
... တတ်နိုင်သမျှ ဝေးဝေးမှာ နေသင့်တယ်ဆိုတာ ငါ့ဂိုဏ်းအကြီးအကဲတွေက သတိပေးထားတယ်။ ”
“ ဟမ့် ... ။ ”
နင်စစ်ဟွာက မကျေမနပ် ဖြစ်သွား၏။ မဟာချင်တွင် လန်စု၏ အဆင့်အတန်းသည် များစွာ မြင့်မားသူဖြစ်သည်။
သို့တိုင် လျှို့ဝှက်ကောင်းကင်ဂိုဏ်း အကြောင်း ပြောသောအခါတွင် ကြောက်ရွံ့မှု အပြည့်ရှိနေခဲ့သည်။ အဆိုးဆုံးမှာ တစ်ဖက် ဂိုဏ်း၏ တည်နေရာကိုပင် မသိချေ။
ထိုစဉ် တစ်စုံတစ်ရာကို တွေးမိပြီး နင်စစ်ဟွာ၊ မုရှီနှင့်လန်စုက ထိတ်လန့်တကြား စုရီထံ လှည့်ကြည့်လိုက်မိသည်။
ဤလူငယ်သည် ဝိညာဉ်တာအိုနယ်ပယ်မှ တစ်စုံတစ်ဦး၏ စိတ်ဝိညာဉ် အပိုင်းအစအပေါ် သတ်ပစ်နိုင်သည်လော။
စုရီမှ ရှင်းပြရန် ပျင်းရိသွားပြီး လက်နှစ်ဖက်နောက်ပို့ကာ ဆက်လျှောက်သွား တော့သည်။
နာရီဝက်အကြာတွင် ရတနာဘုံကျောင်း နတ်ဆိုးတောင်ခြေသို့ နှင်းဖြူရောင် အတောင်ပံ များနှင့် ရက်စက်ကြမ်းကြုတ်သော ငှက် တစ်ကောင် ဆင်းသက်လာသည်။
“ ဝှစ် ... ။ ”
ငှက်ကျောပေါ်မှ လူလေးယောက် တပြိုင်နက်တည်း ခုန်ချလာ၏။ ခေါင်းဆောင် အမျိုးသားသည် ဆံပင်အနည်းငယ်ဖြူနေပြီး အေးစက်သော မျက်နှာထားရှိသည်။
ဤသည်မှာ ရှစ်ဖန်းခန်းမမှ သတိပေးထားသော လျှို့ဝှက်နဂါးဓားဂိုဏ်း၏ အဆောင်ရတနာခန်းမသခင် လုထောင်လျူ ဖြစ်ချေတော့၏။
လုထောင်လျူက သတ်ဖြတ်လိုသော ဆန္ဒများဖြင့် စုရီထွက်ခွာသွားရာ အရပ်ထံသို့ မျှော်ကြည့်လိုက်တော့သည်။
***