အပျက်အစီးနယ်မြေ။
Vol. 19 Ch. 220
လုထောင်လျူ နောက်တွင် အဖိုအိုနှစ်ဦး လိုက်ပါလာသည်။ ၎င်းတို့မှာ လျောင်ယွင်လျူ နှင့် လီစန်းတို့ ဖြစ်၏။
လီစန်းသည် ဆံပင်ဖြူပြီး မုတ်ဆိတ်မွေးရှည်ရှည်များရှိကာ ကြင်နာသော မျက်ဝန်းများပိုင်ဆိုင်ထားသည်။
လျောင်ယွင်လျူသည် တာအို၀တ်စုံကို ၀တ်ဆင်ထားပြီး ဓားရှည်တစ်လက် ကျောတွင် ပိုးထား၏။
သူတို့သည် လျှို့ဝှက်နဂါးဓားဂိုဏ်း၏ ပြင်ပအကြီးအကဲများဖြစ်သည်။ လုထောင်လျူမှ အဝေးရှိ ရတနာဘုံကျောင်းတောင်တန်းကို လှမ်းကြည့်လိုက်ပြီး၊
“ ဒီတောင်ကြီးထဲမှာ ထူးဆန်းပြီး ... ပုံမှန်မဟုတ်တဲ့ အန္တရာယ်တွေ ရှိတယ်၊ ဒါက စုရီကို သတ်ဖို့အတွက် အခွင့်အရေးပဲ။ ”
“ ဒီကောင်လေးက တော်တော် စိတ်ဝင်စားဖို့ကောင်းတယ် သူလိုသတ္တိရှိတဲ့ လူမျိုး ငါတစ်ခါမှ မတွေ့ဖူးဘူး။ ”
“ ဟမ့် သတ္တိရှိလား ...၊ သေချာပေါက် မဟုတ်ဘူး ... ဒါရူးမိုက်တာပဲ သူ့ဝှက်ဖဲတွေက ရှန်ရှင်းသိုင်းသမားတွေကို သတ်ဖို့ လုံလောက် နေတာမို့ အသက်ရှင်နေတာ။ ”
လျောင်ယွင်လျူ၏ ကြည်လင်သော မျက်လုံးများသည် ဓားတစ်လက်ကဲ့သို့ စူးရှနေ တော့သည်။ သူကပင်၊
“ ဘုံကျောင်းပျက်ထဲက တိုက်ပွဲမှာ စစ်ထူခုံလို ထိပ်တန်း ရှန်ရှင်းသိုင်းသမား (၅) ယောက် အဖွဲ့ကို အနိုယူသွားတာ မမေ့နဲ့။ ”
-ဟု သတိထပ်ပေး၏။
“ ရှစ်ဖန်းခန်းမက တိုက်ပွဲရဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြဖို့ ငြင်းဆန်နေတယ် ငါတို့ ပေါ့ဆလို့မရဘူး။ ”
ထိုစကားအပေါ် လုထောင်လျူမှ ခေါင်းညိတ်ပြီး၊
“ မှန်တယ် ... သူနဲ့ ရင်ဆိုင်တဲ့အခါ အချိန်မှန်ကို စောင့်ရမယ် ရူးသွပ်စွာ လုပ်ဆောင် တာမျိုး မလုပ်ကြနဲ့ ... သွားရအောင်။ ”
***
နှစ်နာရီကုန်လွန်သွား၏။ မြူခိုးများ ဖုံးလွှမ်းနေသော တောင်တန်းတစ်နေရာတွင် ရွှေရောင်ဓားတစ်လက်က ပျံဝဲလျက် မြည်သံပြုနေသည်။
ရှေ့မှ ရူးမိုက်စွာ ပြေးဝင်လာသော ဝိညာဉ်သားရဲများအားလုံး စက္ကူကဲ့သို့ ချက်ခြင်း အသတ်ခံခဲ့ရ၏။
“ ဝူး ... ။ ”
လန်စုမှ လက်ဝှေ့ယမ်းပြီး ရွှေဓားကို ပြန်ယူသည်။ ဤသည်မှာ သွယ်လျသော ဓားပျံ တစ်လက်ဖြစ်၏။
စုရီနှင့် အခြားသူများက ဆက်လျှောက် လာခဲ့သည်။ လမ်းတစ်လျှောက် အန္တရာယ်ပေါင်း များစွာ ကြုံတွေ့ခဲ့ရသည်။
နတ်ဆိုးများ၊ သရဲတစ္ဆေများနှင့် မြူခိုးများကြားတွင် ကြီးထွားလာသည့် ရက်စက် ကြမ်းကြုတ်သော ငှက်မိစ္ဆာများ စသည်တို့ ဖြစ်၏။
သို့သော် ခြွင်းချက်မရှိ လန်စုမှ ထိုရွှေဓားပျံဖြင့် သတ်ပစ်ခဲ့သည်။ သူမသည် မဟာချင်မင်းဆက် ဒေါင်ဟွာဓားဂိုဏ်းမှ ဆင်းသက်လာသူ ဖြစ်သဖြင့် အစွမ်းထက် လှသည်မှာ သဘာဝ ပေပင်။
သူမ လက်ထဲတွင်ရှိသော ရွှေဓားပျံသည် မူလတာအို ကျင့်ကြံသူမှ ပြုလုပ်ပေးထားသည့် ဝိညာဉ်ရေးလက်နက် ဖြစ်သည်။
ထို့အပြင် မရေမတွက်နိုင်သော ကျောက်စိမ်းအဆောင်များကိုလည်း ပိုင်ဆိုင် ထားသေးသည်။ ၎င်းတို့အားလုံးကို မူလတာအို ကျင့်ကြံသူများမှပင် သန့်စင်ပေးထား၏။
အချို့သော အဆောင်ရတနာများသည် ရန်သူများကို သတ်ရန် မိုးကြိုးကို ဆင့်ခေါ်နိုင်ပြီး အချို့သည် ဝိညာဉ်များကို ဖမ်းယူနိုင်၏။
အဆောင်ရတနာကို ထွင်းထုထားသည့် ကျောက်စိမ်းသည်ပင် ပဉ္စမတန်း ဝိညာဉ်ရေး ပစ္စည်းများ ဖြစ်သည်။
အဆောင်ရတနာများကို သန့်စင်ရန် အားထုတ်မှုနှင့် အချိန်အခါကို ပေါင်းထည့်ပါက တစ်ခုစီ၏ တန်ဖိုးအပေါ် တိုင်းတာ၍ မရနိုင်ချေ။
တစ်စုံတစ်ဦးသည် ဤကဲ့သို့သော အဆောင်ရတနာများ ပိုင်ဆိုင်ထားသော် ဝှက်ဖဲ အဖြစ် သိမ်းဆည်းထားပေလိမ့်မည်။
လန်စုအတွက်မူ သာမန် အဆောင် ရတနာတစ်ခုလို နောင်တရစရာမရှိဘဲ အသုံးပြု ပြနေခဲ့သည်။
ထိုမြင်ကွင်းများက စုရီကို သက်ပြင်းချနိုင်ရုံသာ ဖြစ်စေ၏။ အမျိုးသမီး အများစုသည် အသုံးနှင့်အဖြုန်း မကွဲချေ။
( ဒါတော့ ... ငါတို့ ရွှေငါးလေးက သူ့မိန်းမကို တင်းနေပြီ ထင်တယ်။)
“ ညီမနင် ... ဒီမှာကျောက်စိမ်း အဆောင်ရတနာတွေကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ယူထားပါ။ ”
လန်စုက လက်တစ်ဆုပ်စာ ထုတ်ယူပြီး နင်စစ်ဟွာထံ ကမ်းပေးသည်။ ဆယ်ခုထက် မနည်း ပါဝင်၏။
၎င်းတို့ကို ဂေါ်ဖီထုပ်များကဲ့သို့ မှတ်ယူနေပုံရသည်။ နင်စစ်ဟွာက ပြုံးတော့၏။ ‘ဝန်’ဟူသော စုရီစကားအပေါ် မကြိုက်သဖြင့် သူမမိတ်ဆွေသည် သက်သေပြရန် ကြိုးစားနေခြင်း ဖြစ်သည်။
“ လန်စု၊ တာအိုမိတ်ဆွေအပေါ် သိပ်အလေးအနက် မထားနဲ့ ... သူက နည်းနည်း မာနကြီးပေမဲ့ စစ်မှန်တဲ့ကျွမ်းကျင်သူပါ ဒီခရီးမှာ အန္တရာယ်တွေကြုံလာရင် ... သူ့အပေါ် အားကိုးရမှာ ငါကြောက်မိတယ် ။ ”
“ သူက အရမ်းအစွမ်းထက်တယ်ဆိုတာ နားလည်ပါတယ် မဟုတ်ရင် ငါ့ခန္ဓာကိုယ်ထဲက ငရဲမီးတောက်ငှက်မိစ္ဆာ သန္ဓေသားကို သူ ထုတ်ပေးနိုင်မှာ မဟုတ်ဘူး။ ”
နင်စစ်ဟွာက ပြုံးပြီး ဆက်မပြောတော့ချေ။ အချို့သော စကားများထက် လုပ်ရပ်များဖြင့်သာ သက်သေပြနိုင်သည်။
“ အစ်ကို မုရှီ၊ မင်းအတွက် လိုသေးလား။ ”
လန်စုက မုရှီထံ လှည့်မေးသည်။ မုရှီတစ်ယောက် အံ့အားသင့်သွားပြီး ဟက်ဟက် ပက်ပက် ရယ်မောကာ၊
“ ဟားဟားဟား ... ငါ့မှာ ငြင်းစရာအကြောင်း မရှိဘူးလို့ ထင်ပါတယ်။ ”
-ဟု တုန့်ပြန်လိုက်တော့၏။
အိမ်တံခါးဝ ရောက်လာသည့် ဘဏ္ဍာများအပေါ် မည်သူမျှ ငြင်းဆန်မည် မဟုတ်ချေ။ လန်စုက နင်စစ်ဟွာ နည်းတူ အဆောင်ရတနာ တစ်ဒါဇင်ခန့်ကို မုရှီထံ ထုတ်ယူပေးလိုက်သည်။
“ ဒီမှာ သုံးပါ ... မင်းမလုံလောက်သေးရင် ငါထပ်ပေးမယ် အခုငါတို့က ခရီးသွားဖော်တွေ ဖြစ်နေပြီ တွန့်တိုနေမှာ မဟုတ်ဘူး။ ”
“ ကျေးဇူးတင်ပါတယ် မိန်းကလေးလန်။ ”
မုရှီက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ ချမ်းသာသောလူများသည် ထိုသို့ လုပ်ချင်သည် များကို သူတို့ လုပ်တတ်ကြပေသည်။
သို့သော် ၎င်းတို့အားလုံးသည် ဤမိန်းကလေးကို မမီချေ။ လန်စုမိသားစုသည် ဝိညာဉ်ရေး မိုင်းတွင်များစွာကို တူးဖော်နိုင်ခဲ့ခြင်း ဖြစ်နိုင်ပေမည်။
“ ဆရာစု ... မင်းငါ့ကို ဝန်ထုပ်ဝန်ပိုးလို့ ထင်နေပေမယ့် ... ဒီအကြောင်း မင်းနဲ့ငါ ငြင်းခုံဖို့ စိတ်ကူမရှိပါဘူး ဒီအဆောင်တွေ ယူထားပါ။ ”
လန်စုက မကျေနပ်နိုင်သေးဘဲ ရှေ့သို့ လျင်မြန်စွာ လျှောက်လှမ်းသွားခဲ့ပြီး စုရီထံ လက်တစ်ဆုပ် ထပ်မံပေးအပ်လိုက်၏။
စုရီက လန်စုထံ တစ်ချက် ပြန်ကြည့်လိုက်ပြီး၊
“ မင်းငါ့ဆီက အကြံဉာဏ်တစ်ခု ကြားချင်လား။ ”
-ဟု မေးမြန်းလိုက်၏။
“ ကျေးဇူးပြုပြီး အကြံဉာဏ်လေး ပေးပါဦး ဆရာစု။ ”
“ ဒီကျောက်စိမ်းအဆောင်တွေက ပြင်ပခွန်အားပဲ ကျင့်ကြံမှုလမ်း မစသေးခင်မှာ သူတို့ကို အသုံးပြုတာက ... မင်းအတွက် မကောင်းဘူး။ ”
ထိုစကားကြောင့် လန်စုတစ်ယောက် မျက်နှာပျက်ယွင်းသွားသည်။ ဤစကားများကို ဂိုဏ်းရှိ အကြီးအကဲများမှလည်း မကြာမကြာ သတိပေးတတ်သည်။ သို့တိုင်၊
“ ငါမင်းကို ကြင်နာမှုရှိလို့ ရတနာတွေ ပေးခဲ့တယ် မင်းအဲဒါကို တန်ဖိုးမထားဘူး ငါ့ကို ဝေဖန်တိုက်ခိုက်တယ်။ ”
-ဟု ညည်းတွားတော့သည်။
တစ်ဖက်တွင် စုရီစကားအပေါ် ပြန်လှန်ငြင်းချက် မထုတ်ဝံ့နိုင်ချေ။ ထို့ကြောင့် အဆောင်များကို ပြန်သိမ်းကာ၊
“ မင်းရဲ့ သွန်သင်မှုအတွက် ကျေးဇူးတင်ပါတယ် ဆရာစု ... ငါ့ဘာသာပဲ သိမ်းထားလိုက်ပါ့မယ်။ ”
-ဟု ဆိုကာ စုရီကိုလျစ်လျူရှုလျက် နင်စစ်ဟွာထံ ပြန်လှည့်သွားသည်။
နောက်ထပ် သုံးနာရီ ကုန်လွန်သွား ပြီးနောက် စုရီမှရပ်လိုက်ပြီး ကောင်းကင်ပေါ် မော့ကြည့်လေသည်။
တိမ်တိုက်များအတွင်း ရာနဲ့ချီသော အရိပ်များ လှုပ်လှုပ်ရွရွ ဖြစ်နေ၏။ ရံဖန်ရံခါတွင် ၎င်းတို့ကြား မှုန်ဝါးဝါး ပုံသဏ္ဍန်များ ပေါ်လာတတ်သည်။
“ ငါတို့ရောက်ပြီ ... ။ ”
ဤသည်မှာ ပျက်စီးနေသော ရတနာဘုံကျောင်း၏ ဖြစ်စဉ်များ ပေပင်။
“ ခေတ်အဆက်ဆက် ... ကျွမ်းကျင်သူပေါင်းများစွာ အဲဒီနယ်မြေထဲကို ဖောက်ဝင်ပြီး စူးစမ်းခဲ့ကြတယ် ဒါပေမယ့် ချွင်းချက်မရှိ ပြန်ထွက် မလာနိုင်ခဲ့ကြဘူး။ ”
နင်စစ်ဟွာက မှတ်ချက်ပေးသည်။
“ မှန်တယ် ငါတောင် အပြင်ဘက် ဧရိယာကိုပဲဝင်နိုင်တယ် ချက်ချင်း ပြန်ထွက် လာရတယ် ... သွေးကျောက်စိမ်း ဆွဲသီးကို အပြန်မှာ တွေ့လာခဲ့တာ။ ”
မုရှီမှ ဝင်ရောက်အတည်ပြုသည်။ ထိုအချိန်ကစကာ သူ့ကျင့်ကြံမှုသည် အရှိန်ဖြင့် တိုးတက်လာပြီး မဟာကျိုး၏ အငယ်ဆုံးဘုရင် ဖြစ်လာခဲ့ခြင်းဖြစ်၏။
“ သွားရအောင်။ ”
စုရီက မနှောင့်နှေးတော့ဘဲ ရှေ့သို့ ဆက်လျှောက်သွား၏။ များမကြာမီ ပျက်စီး ပျက်စီးနေသော အဆောက်အအုံများစွာကို မြင်လာရသည်။
ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲ အုံ့မှိုင်းနေကာ မကောင်းဆိုးဝါး မြူများ ထူထပ် နေချေ၏။ ထို့ကြောင့် အပျက်အစီးနယ်မြေ မည်မျှ ကျယ်ပြောသည်ကို ပြောပြရန် ခဲယဉ်းလေသည်။
အပျက်အစီးနယ်မြေထဲ လှမ်းဝင် လိုက်သည်နှင့် ကျမ်းစာရွတ်ဆိုသံအချို့ ဝိုးတဝါး ကြားလာရသည်။
ယင်းသည် သရဲတစ္ဆေများ တီးတိုး ရယ်မောသံများကဲ့သို့ စိတ်ပျက်ဖွယ်ကောင်းပြီး လူအများကို ထိတ်လန့်စေသည်။
လူတိုင်းအပေါ် မမြင်နိုင်သော စွမ်းအားတစ်ခုမှ တားဆီးနေသကဲ့သို့ ခံစားချက်များ ရရှိစေ၏။
ပြိုကျနေသော တံခါး၊ ကျောက်လှေကားထစ်များ၊ ဆင်းတုတော်များ စသည်တို့သည် အနက်ရောင် မြူများဖြင့် ရောထွေးနေခဲ့သည်။
“ ဟမ့် ... ။ ”
ရုတ်တရက် ပျက်စီးနေသော တံခါးဝအနီးတွင် အလောင်းများ ရှုပ်ပွလျက် သွေးများ ခြောက်နေသည်ကို မြင်လိုက်ရ၏။
ယောက်ျား၊ မိန်းမ၊ လူအို မည်သူမဆို မကြာသေးမီက သေဆုံးထားခြင်း ဖြစ်ကြောင်း ထင်ရှားချေပြီ။
အနားသို့ တိုးကပ်လာသည်နှင့် အမျှ လေထုအတွင်း သွေးညှီရနံ့များ ပို၍သိပ်သည်း လာခဲ့သည်။
တစ်ဆက်တည်းမှာပင် ကောင်းကင်၌ မြူများရစ်သိုင်းလျက် ယိမ်းနွဲ့နေသော ကြာပန်း များ၏ ပုံရိပ်ကို ဝိုးတဝါး မြင်လာရတော့၏။
***