ကြာနက်ရေကန် ... ။
Vol. 19 Ch. 221
“ တာအိုမိတ်ဆွေ ... ၊ သူတို့ ဘယ်လို သေတယ်ဆိုတာ ပြောပြနိုင်မလား။ ”
“ ဒါဟာ သွေးနတ်ဆိုးတောင်မှာရှိတဲ့ ဝင်္ကပါနဲ့ဆင်တူပါတယ် ဒါပေမယ့် ဒီဝင်္ကပါကို ဗုဒ္ဓဂိုဏ်းက တည်ဆောက်ထားတာ ... ။ ”
စုရီက ခဏမျှ စဉ်းစားပြီးနောက်၊
“ သေချာတာကတော့ ဒီဝင်္ကပါရဲ့ စွမ်းအားက သွေဖယ်ပြီး ... သဘာဝမကျတဲ့ ဖြစ်စဉ်တွေ ဖြစ်စေတာပဲ ... ဒါကြောင့် သူတို့အားလုံး အသက်ပေးလိုက်ရတာ။ ”
တစ်ဆက်တည်းမှာပင် ကောင်းကင်ရှိ ရာနှင့်ချီသော ကြာနက်များထံ မော့ကြည့်ကာ၊
“ ငါ့ရဲ့ ခန့်မှန်းချက်မှန်ရင် ... ဒီဝင်္ကပါရဲ့ စွမ်းအားက နတ်ဆိုးစွမ်းအင်အဖြစ် ပြောင်းလဲ သွားကုန်ပြီ။ ”
-ဟု မှတ်ချက်ပေးကာ ရှေ့သို့ လျှောက်လှမ်းသွားသည်။
ကျမ်းစာ ရွတ်ဆိုသံများမှာ ပို၍ ကျယ်လောင်လာ၏။ ကောင်းကင်ကြီးတခွင် မှောင်မဲနေပြီး သွားရာလမ်းတစ်လျှောက် အလောင်းများကို နင်းဖြတ်လာရသည်။
ခြံတံခါးဝ ရောက်သောအခါ စုရီက ချက်ချင်းရပ်တန့်လိုက်၏။ တစ်ချိန်တည်းမှာပင် တံခါးအတွင်းမှ လူရိပ်တစ်ရိပ် ထွက်လာသည်။
ဤသည်မှာ မီးခိုးရောင်သင်္ကန်းကို ၀တ်ဆင်ထားပြီး ပုတီးတစ်ကုံးကိုင်ထားသော ဘုန်းကြီးတစ်ပါးဖြစ်၏။
သရဲတစ္ဆေကဲ့သို့ပင် ပျက်စီးနေသော ဘုံကျောင်းအဝင်ဝ၌ ရုတ်တရက် ပေါ်လာခြင်း ဖြစ်ချေပြီ။
“ ဒကာတော် ရပ်ပါ ... ဒီနေရာက တားမြစ်နယ်မြေပဲ ချဉ်းကပ်ဝံ့သူတိုင်း အသတ် ခံရလိမ့်မယ်။ ”
အသံသည် ကျယ်လောင်ကာ ခေါင်းလောင်းကြီး မြည်နေကဲ့သို့ ဟိန်းထွက် လာလေသည်။ လန်စုမှ လှမ်းတက်လိုက်ပြီး၊
“ မင်းက ရှန့်လင်ကျောင်းတိုက်က ဘုန်းကြီးလား။ ”
-ဟု မေးမြန်းလိုက်၏။
“ မျက်စိကောင်းတယ် ... ဒီဘုန်းကြီးက မဟာချင်မင်းဆက် ရှန့်လင်ကျောင်းတိုက်ကနေ လာတာပါ ... နဂါးသူတော်စင်ခန်းမရဲ့ ကြွယ်ဟမ်ပဲ။ ”
ဘုန်းကြီး၏ ဘွဲ့အမည်ကြောင့် လန်စုမှ အနည်းငယ် အံ့သြသွားသည်။ ထို့နောက် စုရီနှင့် အခြားသူများထံ လှည့်ကြည့်ကာ၊
“ ရှန့်လင်ဘုံကျောင်းရဲ့ ကြွယ်မျိုးဆက် ဘုန်းကြီးတွေက ရှန်ရှင်းအဆင့်ပဲ သူတို့အားလုံး အလွန်ကြောက်စရာ ကောင်းတယ်။ ”
-ဟု ခပ်တိုးတိုး သတိပေးလေသည်။
သို့တိုင် စုရီက ဂရုမစိုက်ဘဲ၊
“ ငါတို့ဘဝနဲ့ သေခြင်းတရားဟာ မင်းနဲ့မဆိုင်ပါဘူး မင်းတကယ် ကြင်နာတတ်ရင် အခုလမ်းဖယ်တာ ပိုကောင်းမယ်။ ”
“ ဒကာတော် ဒီနေရာက ... တားမြစ်နယ်မြေလို့ ဒီဘုန်းကြီး ပြောခဲ့ပြီးပြီပဲ ဒုက္ခမတောင်းတာ ပိုကောင်းပါတယ်။ ”
စုရီက စကားဆက်မပြောတော့ဘဲ ငရဲဘုံကိုးပါးဓားချီဖြင့် ပစ်ခတ်လိုက်လေသည်။
“ ရိုင်းလိုက်တာ ... ။ ”
ကြွယ်ဟမ်တစ်ယောက် ဒေါသတကြီးနှင့် တံဆိပ်တစ်ခုကို ဖန်တီးကာ ပြန်လည် ပစ်ခတ် လိုက်တော့၏။
“ ဝုန်း ... ။ ”
ခံ့ညားထည်ဝါသော အသွင်အပြင်ဖြင့် ရွှေရောင်ဗုဒ္ဓတံဆိပ်က ပျံသန်းလာပြီး ဓားချီနှင့် ထိမှန်ကာ ပေါက်ကွဲသွားသည်။
တံဆိပ်ကို ကြည့်ရုံဖြင့် ဤဘုန်းကြီးသည် အမှန်တကယ်ပင် သန်မာကာ စစ်ထူခုံတို့ထက် များစွာ သာလွန်ကြောင်း မြင်သာ၏။
ထို့ကြောင့် စုရီက အမှောင်နတ်ဓားကို ထုတ်ကာ ခုတ်ပိုင်းချလိုက်၏။ ကြွယ်ဟမ်ခမျာ အနည်းငယ် မျက်နှာပြောင်းသွားပြီး လက်ထဲမှ ပုတီးကို အသက်သွင်းလေသည်။
“ ရွှပ် ... ။ ”
ပြိုးပြိုးပြက်ပြက် တောက်လောင်နေသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့ရှေ့တွင် ပိတ်ဆို့ပေးချေပြီ။
“ ဘုန်း ... ။ ”
ဓားအလင်းက ရွှေရောင်ဒိုင်းပေါ် တောင်ကြီးတစ်လုံးလို ပြုတ်ကျကာ မြေပြင် တစ်ခုလုံး တုန်ခါသွားစေတော့၏။
“ ခရစ် ... ။ ”
ရလာဒ်အနေဖြင့် ရွှေအလင်းဒိုင်းသည် ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်း ပေါ်လာပြီး ပျောက်ကွယ်သွားလေသည်။ ကြွမ်ဟမ်မှ အနည်းငယ် တုန်လှုပ်သွား၏။
“ ဒကာတော် ... ၊ မင်းက ငါ့ရှန့်လင် ကျောင်းတိုက်နဲ့ ရန်သူဖြစ်ချင်တာ သေချာလား။ ”
စုရီက ပြန်ဖြေရန် ပျင်းသွားသည်။ လက်ဝှေ့ယမ်းကာ ဓားဖြင့် ထပ်မံခုတ်ပိုင်း ချလိုက်ပြန်၏။
“ မင်းဟာ ခေါင်းမာပြီး ပြောင်းလဲဖို့ ငြင်းဆန်တတ်တဲ့ လူမိုက်ပဲ မင်းရဲ့ကံဆိုးမှုကို စောင့်နေပါ။ ”
သူ့ စကားဆုံးသည်နှင့် မြူခိုးအတွင်း လှည့်ပြေးတော့၏။ ဓားအလင်းက မြူခိုးအတွင်း လိုက်ပါကာ တိတ်တဆိတ် ပျောက်ကွယ် သွားချေပြီ။
“ ဝင်္ကပါအစီရင်လား ... ။ ”
စုရီမှ မျက်ခုံးပင့်လျက် ရေရွတ်သည်။ ဤသည်မှာ ဝင်္ကပါ၏စွမ်းအား ဖြစ်ကြောင်း နားလည်လိုက်၏။
ထို့ကြောင့် စုရီ၏ မျက်လုံးများသည် ထူးဆန်းသော အလင်းရောင်များဖြင့် တောက်ပ လာခဲ့သည်။
“ ဆရာစု ... ရှန့်လင်ကျောင်းတိုက်ရဲ့ ပစ်မှတ်ထားခံရမှာကို မင်း မကြောက်ဘူးလား ဒါက ငါတို့မဟာချင်ရဲ့ နံပါတ်တစ် ဗုဒ္ဓဂိုဏ်းပဲ မြေကြီးအဆင့် အင်မော်တယ်တွေ အများကြီးရှိတယ်။ ”
လန်စုမှ စူးစမ်းလာ၏။ စုရီက မဖြေချေ။ နင်စစ်ဟွာသည်သာ သူမထံ လှည့်ကြည့်လျက်၊
“ လန်စု ... ဒီရတနာဘုံကျောင်းကို ငါတို့ဝင်လိုက်တည်းက ရှန့်လင်ကျောင်းတိုက်နဲ့ ပဋိပက္ခဖြစ်နေပြီ ... မင်း ပြင်ဆင်ထားရမယ်။ ”
-ဟု ဝင်ရောက် ပြောကြား လာတော့သည်။
လန်စုမှ ခေါင်းညိတ်ပြ၏။ ထိုစဉ် သူတို့လေးယောက် အနားသို့ မြူများ ရုတ်ချည်း ရစ်သိုင်းလာသည်ကို သတိပြုမိလိုက်၏။
ဤသည်မှာ ပိတ်ဆို့ခြင်း အကျိုး သက်ရောက်မှုမျှသာမကဘဲ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ခြင်းဆိုင်ရာ ဖွဲ့စည်းမှုတစ်ခု ဖြစ်နေခဲ့သည်။
ပေရာပေါင်းများစွာ ရှည်လျားသော ချိန်းကြိုးကြီးများရစ်ပတ်လျက် တိမ်နဂါးများက ကောင်းကင်မှ ဆင်းသက်လာကြ၏။
စုရီမှ နတ်အာရုံကို ဖွင့်လိုက်သည်။ တိမ်နဂါးများနှင့် မြူသံကြိုးများခမျာ များစွာ တုန့်နှေးကုန်တော့သည်။
“ ခွဲ ဖွင့် စမ်း ... ။ ”
ထို့နောက် ဓားအလင်းတစ်လက် မိုးခြိမ်းသံများကဲ့သို့ ကောင်းကင်ပေါ် ပျံသွားကာ သက်တံတစ်ခုအလား တောက်ပသွား၏။
မြူသံကြိုးနှင့် တိမ်နဂါးတို့သည် လေထုအလယ် အလွယ်တကူ ဖြတ်တောက် ခံလိုက်ရ၏။ တခဏချင်းမှာပင် မြူခိုးများ ရှင်းကုန်သည်။
ထိုမြင်ကွင်းကြောင့် နင်စစ်ဟွာနှင့် အခြားလူများသည် ထိတ်လန့်သွားကြတော့၏။ ဤဓားအလင်းသည် များစွာအားကောင်းသည်။
သို့သော် ပေတစ်ရာမျှသာ ရှင်းလင်းနိုင်၏။ ဤရတနာဘုံကျောင်း ဧရိယာကြီးသည် အလွန် ကျယ်ဝန်းချေပြီ။
သုံးယောက်သား စုရီဖောက်ပေးသော လမ်းအတိုင်း ဖြတ်လျှောက် လာမိကြသည်။ လေထုအတွင်း သတ်ဖြတ်ခြင်း ရည်ရွယ်ချက် များက အနည်းငယ် သိပ်သည်းလာ၏။
၎င်းတို့မှ သိပ်သည်းသော မြူခိုးများဖြင့် ပေါင်းစပ်ပြီး အမြင်အာရုံကို ပိတ်ဆို့ထားသည်။ နတ်အာရုံပင် သုံးမီတာ အကွာအတွင်းသာ ခံစားနိုင်၏။
များမကြာခင် မြူခိုးများကို ဖြတ်ကျော်ပြီး ခြောက်သွေ့ခမ်းခြောက်နေသော ရေကန်ကြီးထံ ရောက်ရှိလာကြသည်။
ယင်းသည် မူလက ကြီးမားသော မျှော်စင်ကြီး ဖြစ်ကြောင်း ယောင်ဝါးဝါးပြောနိုင် သည်။ ဤခြောက်သွေ့နေသော ရေကန်သည် ထိုမျှော်စင်အလယ်ဗဟိုတွင် တည်၏။
ရေကန်အကျယ်သည် ပေတစ်ရာခန့် ရှိပြီး ခြောက်သွေ့အက်ကွဲကာ နုန်းများ၊ အရိုးပုပ်များ စသည်ဖြင့် ပြည့်ကျပ်နေသည်။
အရိုးစုတစ်ခုစီတွင် ထူးဆန်းသော ကြာနက်ပေါင်း ရာနှင့်ချီ၍ ပေါက်ရောက် ကြီးထွားနေကြ၏။
ထိုကြာနက်များမှ အနက်ရောင် စွမ်းအင်လှိုင်းများ စိမ့်ထွက်ပြီး အေးစိမ့်သော အငွေ့အသက်ကို ထုတ်လွှတ်ထားသည်။
ထိုမြင်ကွင်းကြောင့် စုရီ၏ မျက်ဝန်းများ အနည်းငယ် မှေးစင်းသွားကာ၊
“ ကောင်းကင်မှာ ငါတို့မြင်ခဲ့ရတဲ့ ကြာနက်ကြီးဟာ ဒီကြာနက်တွေရဲ့ မြူတွေ ကနေ မွေးဖွားလာတာပဲ။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
“ ဒီကြာကန်က ရတနာဘုံကျောင်းရဲ့ အလယ်ဗဟိုဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေအတွက် တရားဟောရာ အရပ်ပဲ ... ဒီလို ထူးဆန်းပြီး ဆိုးညစ်တဲ့ နတ်ဆိုးတွေရဲ့ အုတ်မြစ်တစ်ခု ဖြစ်လာမယ်လို့ ဘယ်သူ ထင်မှာလဲ။ ”
နင်စစ်ဟွာမှ ညည်းတွားလိုက်သည်။
“ ကြာရေကန်ထဲက ပုပ်ပွနေတဲ့ အလောင်းတွေဟာ ဟိုးတုန်းတည်းက ဒီမှာ သေဆုံးသွားခဲ့တဲ့ လူတွေရဲ့ အလောင်းတွေ ဖြစ်သင့်တယ်။ ”
လန်စုမှ ခေါင်းညိတ်ပြီး မှတ်ချက်ပေး၏။
“ မှန်တယ် ... သူတို့ရဲ့ အသွေးအသား စွမ်းအင်နဲ့ စိတ်ဝိညာဉ်တွေကို စုပ်ယူပြီး ဝင်္ကပါ လည်ပတ်ဖို့ ထောက်ပံ့ပေးလိုက်တာပဲ ...
... စိတ်ဝင်စားဖို့ ကောင်းတာက ... ဒီနေရာဟာ ဗုဒ္ဓဂိုဏ်းတစ်ခုတည်း မဟုတ်ဘဲ နတ်ဆိုးဂိုဏ်းတွေပါ ရောထွေး နေခဲ့ပုံရတယ် ...။ ”
စုရီက ရှင်းပြသည်။ မုရှီမှ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ၊
“ ငါ ဒီကို အရင်က ရောက်ဖူးပါတယ်၊ အဲဒီအချိန်တုန်းက ရေကန်ထဲမှာ ကြာနက်တွေ မရှိဘူး ...
... အဲဒီ့အစား ရေကန်ရဲ့ အနောက်မှာ ကျောက်နက်တုံးတွေနဲ့ ဆောက်လုပ်ထားတဲ့ ကျောင်းတိုက်ကြီးတစ်ခု ရှိခဲ့ဖူးပါတယ် ...
... ကြည့်ရတာ အခု အဲဒီကျောင်းတိုက် ပျက်သွားပြီထင်တယ် ... သွေးကျောက်စိမ်းကို ဒီကနေ ရလာတာ။ ”
-ဟု ပြောကြားလိုက်သည်။
စုရီက မီးဘုရင်ရှဟိုလင်းထံမှ ရရှိခဲ့သော နဂါးသူတော်စင် ရုပ်ပွားတော်ကို သတိရသွား တော့၏။
၎င်းသည် လက်ဖဝါးအရွယ်မျှသာ ရှိသော်လည်း စစ်မှန်သော နဂါးဝိညာဉ် အရိုးဖြင့် ထုလုပ်ထားလေသည်။
လက်များသည် ကြာပန်းတံဆိပ်ကို ဖန်တီးကာ စစ်မှန်သောနဂါးအပေါ် စီးနင်းလျက် ကောင်းကင်တခွင် လှည့်လည်နေသူ ဖြစ်ချေ၏။
***