ဓားတစ်ချက်တည်းနဲ့ ချိုးဖြတ်နိုင်တယ်။
Vol. 19 Ch. 223
စုရီသည် သူ့စိတ်ကို ငြိမ်သက်စေပြီး ဝိညာဉ်စွမ်းအင် ဖြန့်ကျက်လျက် ဘုံကျောင်း ပထမထပ်ရှိ ခမ်းနားထည်ဝါသော ခန်းမကြီးကို စစ်ဆေးလိုက်သည်။
ဤခန်းမသည် အလွန်ကျယ်ဝန်းပြီး ထောင်ပေါင်းများစွာသော ဘုန်းကြီးများ တရား ထိုင်ရန် လုံလောက်ချေ၏။
ကျောက်တိုင် (၃၆)တိုင်တွင် သက္ကတဘာသာဖြင့် ကျမ်းစာများ ရေးထွင်းထား သည်။
များမကြာခင် ဝိညာဉ်စွမ်းအင်များ ရုတ်တရက် တုံ့ဆိုင်းသွားသလို ခံစားလိုက်ရပြီး ကြီးမားသော ဝင်္ကပါဖွဲ့စည်းပုံတစ်ခု ထွက်ပေါ်လာ၏။
“ ဒါပဲ ... ။ ”
အဆုံးတွင် တစ်ခုခု လွဲချော် နေခဲ့သည်ဟူသော ခံစားချက်၏ ရင်းမြစ်ကို နားလည်သွားခဲ့သည်။
“ သတိထား၊ ဒီနေရာကို အစီရင် ကြီးကြီးမားမားတစ်ခုနဲ့ ဖုံးအုပ်ထားတယ် ငါသာ မမှားရင် ရှန့်လင်ကျောင်းတိုက်က ဝင်္ကပါတစ်ခု တည်ဆောက်ထားတာဖြစ်မယ်။ ”
စုရီက တိုးတိုးလေးသတိပေးသည်။ ဆန်းကြယ်သော ဖုံးကွယ်စွမ်းအားကို ရှာဖွေရန် နတ်အာရုံကို အသုံးပြုလိုက်ရ၏။
“ ချွင် ... ။ ”
စုရီသတိပေးချက်ကြောင့် နင်စစ်ဟွာက လက်တစ်ဖက်တွင် မီးလျှံ လခြမ်းဓားသွား လှံ ပုစိန်ကို ကိုင်ဆွဲကာ ကျန်တစ်ဖက်တွင် ဓားပျံ တစ်လက် ပြင်ဆင်ထား၏။
ဓားပျံက လက်ဖဝါးပေါ်တွင် ငါးတစ်ကောင်အလား ကူးလူးနေချေပြီ။ မုရှီမှ ရွှေလှံကို ကိုင်လျက် ရိုးရှင်းစွာ ရပ်နေခဲ့သည်။
သို့သော် လန်စု၏ ထူးခြားသော ပြင်ဆင်မှုများကြောင့် မျက်ခုံးပင့်ကာ ပြန်ကြည့် လိုက်မိ၏။
သူမသည် ကျောက်စိမ်းဆွဲသီး ထုတ်ကာ လည်ပင်းတွင် ချိတ်ဆွဲလျက် ခါး၌ ရွှေဓားပျံကို ထောင့်ဖြတ် ထိုးထည့်၏။
ထို့နောက် ခရမ်းရောင်ကျောက်စိမ်း ဓားမြှောင်ကို ထပ်မံထုတ်ယူပြီး ဆံပင်များ၌ ထိုးစိုက်လိုက်သည်။
ယင်းသည်အကုန် မဟုတ်သေးဘဲ တိမ်တိုက်ပုံစံ ရေးထွင်းထားသည့် လက်ပတ် တစ်စုံကို ထုတ်ယူ ဝတ်ဆင်ပြန်၏။
ဤသို့ ခန္ဓာကိုယ် တစ်ခုလုံးအပေါ် မှော်ရတနာများနှင့် ဖုံးလွှမ်းထားသော ရှန်ရှင်း သိုင်းသမားတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပေပင်။
တစ်ဖက်တွင် လန်စုသည်လည်း နင်စစ်ဟွာနှင့် မုရှီ၏ အကြည့်ကို သတိထားမိပြီး ရှက်ရွံစွာဖြင့်၊
“ ငါ အပြင်သွားတဲ့အခါ ... ဒါတွေကို အမြဲဆောင်ထားဖို့ မိသားစုအကြီးအကဲတွေက ပေးအပ်လိုက်တာ ...
... မိန်းကလေးတွေ အပြင်ထွက်ရင် သူတို့ကိုယ်သူတို့ ကောင်းကောင်း ကာကွယ် နိုင်ရမယ် မဟုတ်လား။ ”
-ဟု ဖြေရှင်းချက်ပေးတော့၏။
နင်စစ်ဟွာနှင့် မုရှီက အကြည့်များ ပြန်ရုတ်သိမ်းလျက် ကူကယ်ရာမဲ့စွာ ပြုံးရယ် လိုက်ကြလေသည်။
“ ရွှပ် ... ။ ”
ထိုအချိန်တွင် စုရီက မျက်လုံးများ ပြန်ဖွင့်လာပြီးနောက် အမှောင်နတ်ဓားကို ဆွဲထုတ်ကာ ခုတ်ချပစ်လိုက်တော့၏။
လျှို့ဝှက်ဆန်းကြယ်သော တာအို စည်းချက်တစ်ခု လိုက်ပါသွားကာ ပေ(၂၀) အကွာရှိ လေဟာနယ်ကို ဖြတ်ပိုင်းသွား၏၊
“ ဘန်း ... ။ ”
များမကြာခင် ဖုံးကွယ်အစီရင်သည် စက္ကူတစ်ရွက်ကဲ့သို့ ချက်ချင်း ပျောက်ကွယ် သွားတော့၏။
မရေမတွက်နိုင်သော သင်္ကေတများ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းလွှာအတွင်း၌ လူရိပ်အချို့ မြင်လိုက်ရလေသည်။
ဤသည်မှာ ဒေါသတကြီးဖြင့် သူတို့ထံစိုက်ကြည့်နေသော ဘုန်းကြီးတစ်အုပ် ဖြစ်ချေပြီ။
ကြွယ်ဟမ်အပါအဝင် ရှန်ရှင်းအဆင့် ဘုန်းကြီး (၁၈)ပါးဖြစ်သည်။ ၎င်းတို့အထဲတွင် မျက်ခုံးဖြူဘုန်းကြီးမှာ အသန်မာဆုံးဖြစ်၏။
သူ့တွင် အခြားသော ဘုန်းကြီးများထက် ပို၍သိပ်သည်းသော ရှန်ရှင်းရောင်ဝါများရှိသည်။ ၎င်းတို့နောက်တွင် ရွှေပန်းကန်လုံးကိုင်လျက် ငွေဓားရှည်တစ်လက်ဖြင့် ဘုန်းကြီးတစ်ပါး တိုက်ပွဲဝင်နေ၏။
သူ့ပြိုင်ဘက်မှာ ဒေါသတကြီး ဟိန်းဟောက်နေသော ဆယ်ပေခန့်ရှည်သည့် ရွှေနဂါးတစ်ကောင် ဖြစ်သည်။
“ ရွှေနဂါးလား ... ။ ”
“ ဒီကမ္ဘာမှာ နဂါးတွေ တကယ်ရှိတာလား။ ”
နင်စစ်ဟွာနှင့် မုရှီက အံ့သြသွားပြီး ဦးရေပြားများ ထုံကျင်လာခဲ့၏။ မျက်စိဖြင့် မမြင်သော် ယုံနိုင်စရာ မရှိချေ။
ဤဘုန်းကြီးတသိုက်သည် ထိုနဂါးကိုနှိမ်နင်းရန်အတွက် ဖုံးကွယ်အစီရင် ချမှတ်ထားခဲ့ခြင်း ဖြစ်ချေပြီ။
“ မှန်တယ် ဒီကမ္ဘာမှာ နဂါးတွေရှိတယ် ... ဒါပေမယ့် မင်းရှေ့မှာ မြင်နေရတဲ့ နဂါးက အစစ် မဟုတ်ဘူး နဂါးသွေးတစ်စက်ကနေ ပေါ်ထွက်လာတဲ့ ဝိညာဉ်ပဲ။ ”
စုရီက စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်၏။ စစ်မှန်သော နဂါးသည် နတ်သားရဲများကြားတွင် ရှေးအကျဆုံးသားရဲ ဖြစ်သည်။
ထိုကဲ့သို့သော သတ္တဝါများသည် အစွမ်းထက်လွန်းပြီး ကံကောင်းခြင်း များစွာဖြင့် မွေးဖွားလာကြ၏။
ကြယ်ရောင်စုံ ကောင်းကင်ကြီးကို မှောက်လှန်နိုင်ပြီး သေးငယ်သော နေရာလွတ် များတွင် ပုန်းအောင်းနိုင်သည်။
အမြင့်မြတ်ဆုံးနှင့် ကြောက်စရာ အကောင်းဆုံးသော နတ်သားရဲဖြစ်၏။ သို့သော် ဧကရာဇ်များ အမြင်တွင် နဂါးသည် ဆူဖြိုးသော ဘဏ္ဍာပေပင်။
သို့သော် အလွန်ရှားပါးပြီး ရှာတွေ့ရန် မလွယ်ချေ။ အရိုင်းမြေကိုးပါး၌ နဂါးမြင်ဖူးသူ လက်တစ်ဆုပ်စာမျှသာ ရှိသည်။
စုရွှမ်ကြွယ်ဘဝတွင် နဂါးအသိုက်သာ ရှာတွေ့ပြီး ကျိုးပဲ့နေသော အကြေးခွံအချို့ကို ရရှိခဲ့ဖူးသည်။ နဂါးကိုမူ မမြင်ဖူးခဲ့ချေ။
“ ဒကာတော် ... ဒီနေရာက အန္တရာယ်များတယ် မင်းလာခဲ့တဲ့ လမ်းကို ပြန်ပါ အသက်ကို မစွန့်ချင်ပါနဲ့ ... ။ ”
မျက်ခုံးမွှေးဖြူဖြူနှင့် ဆရာတော်က လက်အုပ်ချီပြီး လေးလေးနက်နက် သတိပေး ပြောကြားလာခဲ့သည်။
“ ဘုန်းကြီး၊ ဒီအန္တရာယ်ကြီးကို အောင်နိုင်အောင် ငါဘယ်လို ကူညီရမလဲ။ ”
စုရီက လှောင်ပြုံးဖြင့် နဂါးသွေးထံ မေးဆက်ပြလိုက်သည်။ မည်သူမဆို နဂါးသွေး အပေါ် အနိုင်ယူလိုသည်မှာ သဘာဝပေပင်။
“ ဟမ့် ... မင်းဒီကို လာနိုင်တည်းက ထူးထူးခြားခြားဖြစ်မှန်း ငါသိတယ် ဒါပေမယ့် မင်းငါ့ရဲ့ အကြံဉာဏ်ကို နားမထောင်ရင် အသတ်ခံရလိမ့်မယ်။ ”
မျက်ခုံးမွှေးဖြူဖြူနှင့် ဆရာတော်က တုန့်ပြန်ပြောကြားလာသည်။ ထိုအခိုက်တွင် လန်စုသည် တိုက်ပွဲဝင်နေသော ဘုန်းကြီးထံ လှမ်းကြည့်ကာ၊
“ ဘုန်းတော်ကြီးကျင်းဟီ၊ ငါက ဒေါင်ဟွာဓားဂိုဏ်းရဲ့ မျိုးဆက်သစ် လန်စုပါ ... ငါ့ဆရာသခင်နာမည်က ယွင်လန် ... ငါတို့တွေ တကယ်တိုက်မယ် ဆိုရင် ...
... နှစ်ဖက်စလုံးအတွက် ကောင်းနိုင်မှာ မဟုတ်ပါဘူး ငါ့အမြင်အရ ဒီနဂါးကို အတူတူ နှိမ်နှင်းပြီး ခွဲဝေယူသင့်တယ် မဟုတ်လား။ ”
-ဟု အော်ဟစ်လိုက်သည်။
မျက်ခုံးဖြူဆရာတော်နှင့် အခြား ဘုန်းကြီးများ၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွား၏။
ယွင်လန်၏ ဘွဲ့အမည်မှာ တိမ်ကျောက်တုံးဖြစ်သည်။ ဒေါင်ဟွာဓားဂိုဏ်း၌ တန်ခိုးအကြီးဆုံး အကြီးအကဲဖြစ်၏။
မဟာချင်မင်းဆက်တွင် အသန်မာဆုံး ဓားသမားသုံးယောက်အဆင့် ဝင်သည်။ ထိုသို့ ကျွမ်းကျင်သူ၏ တိုက်ရိုက်တပည့်တစ်ဦး အပေါ် မည်သူမဆို လျစ်လျူရှုဝံ့မည် မဟုတ်ချေ။
ဘုန်းကြီးများ၏ မျက်နှာ အပြောင်းအလဲကို မြင်လိုက်သည်နှင့် လန်စု၏ ဆရာသခင်ဟူသည် သန်မာမည်ဖြစ်ကြောင်း မုရှီမှ တွက်ဆနိုင်သည်။
သို့သော် နဂါးသွေးကို ဖမ်းယူရန် တိုက်ပွဲဝင်နေသော ကျန်းဟီ၏ တုန့်ပြန်မှုက အေးစက်နေခဲ့၏။
“ မင်းဟာ တိမ်ကျောက်တုံးယွင်လန်ရဲ့ တပည့်တစ်ယောက် ဖြစ်နေလို့ ငါမျက်နှာသာ ပေးလိမ့်မယ်လို့ မတွေးနဲ့ ...
... ဒီနေ့ ... မင်းဆရာကိုယ်တိုင် ရောက်လာခဲ့ရင်တောင် ငါ့ရှန့်လင်ကျောင်းတိုက် ဘဏ္ဍာကို ခွဲဝေပေးမှာ မဟုတ်ဘူး။ ”
ထိုအဖြေက မျက်ခုံးဖြူဆရာတော်နှင့် ဘုန်းကြီးတသိုက်၏ အကြည့်များကို အေးစက် ပြတ်သားလာစေသည်။ လန်စုအမူအရာမှာ အရှက်ကွဲခြင်း အရိပ်အမြွက်များ ထွက်ပေါ်လာ၏။
“ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ... မင်းမှာ သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်တွေ ပြင်းထန်တယ် ... လောဘကြီးတယ် ... ဒါဆို မကောင်းမှု ကျူးလွန်သူတွေနဲ့ ... ဘာများ ခြားတော့မှာလဲ။ ”
စုရီ ခေါင်းခါလျက် ဝင်ပြောလိုက်သည်။ အရိုင်းမြေကိုးပါးရှိ ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ် နယ်မြေ ဖြစ်သော ‘အနောက် သုခဘုံ’မှ ဆရာတော်တစ်ပါးနှင့် ဗုဒ္ဓကျမ်းဂန် အပေါ် ဆွေးနွေးခဲ့ဖူးသည်။
ထိုစဉ်က ဆရာတော်သည် ကျယ်ပြန့်သော နှလုံးသား၊ ခံယူချက်နှင့် ဉာဏ်ပညာများကြောင့် အံ့သြပြီး သဘောကျခဲ့ဖူး၏။
၎င်းတို့နှင့် နှိုင်းယှဥ်ကြည့်သော် ယခု ဘုန်းတော်ကြီးများသည် ဗုဒ္ဓဘာသာဝင်များဟု ခေါ်ဆိုထိုက်ခြင်းပင် မရှိချေ။
“ မင်းလို လူယုတ်မာက ဒီလိုစကားတွေ မပြောဝံ့သလား မင်းလျှာကို ဖြတ်ပြီး ငရဲပြည်ကို ပို့ပေးမယ်။ ”
ကြွယ်ဟမ့်မှ ဒေါသဖြင့် တိုက်ခိုက်ရန် လှုပ်ရှားတော့၏။ စုရီက သူ့ထက် ပိုမြန်သည်။ ဓားဖြင့် ဦးစွာခုတ်ချပစ်လိုက်၏။
“ ရွှပ် ... ။ ”
ဓားအလင်းသည် ရှည်လျားသော သက်တံတစ်စင်းကဲ့သို့ ကြွယ်ဟမ်ထံ ဦးတည် သွားလေသည်။
သို့သော် မျက်ခုံးဖြူ ဆရာတော်က မျက်မှောင်ကြုတ်လျက် လေဟာနယ်အတွင်း လက်ဖဝါးဖြင့် ရိုက်ချကာ ကြားဖြတ် ဟန့်တားပစ်လိုက်၏။
“ ဝှစ် ... ။ ”
၎င်းသည် ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ သိုင်းခြုံနေလျက် လက်ဖဝါးကြီးက ဓားအလင်းနှင့် တိုက်မိ သွားလေသည်။
တပြိုင်နက်တည်းမှာပင် လက်ဖဝါး ပုံရိပ်ကြီးက ထက်ခြမ်းကွဲသွားပြီး ဓားအလင်းက ကြွယ်ဟမ်ဆီသို့ ဆက်၍ တိုးဝင်သွားတော့၏။
“ ဟမ့် ... ။ ”
ကြွယ်ဟမ်မှ ရှောင်တိမ်းရန် အချိန် ရသွားသည်။ ဓားအလင်းခမျာ မူလရပ်နေသည့် ကြမ်းပြင်သို့ ကျရောက်သွား၏။
“ ဝုန်း ... ။ ”
သို့တိုင် ပျံ့ကားလာသော ဓားရောင်ဝါများသည် ကြွယ်ဟမ်အရေပြားကို မွှန်းသွားချေပြီ။
မျက်ခုံးဖြူ ဆရာတော်မှ မျက်ခုံးပင့် လိုက်မိ၏။ အသက် (၁၇)နှစ်အရွယ် လူငယ် တစ်ယောက်သည် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်ဟု မထင်မိချေ။
“ ဒကာတော် ... ဒီလုပ်ရပ်ရဲ့ အကျိုးဆက်တွေကို မင်းခံယူပါ ... အားလုံးပဲ ဒီမိစ္ဆာကို ဖယ်ထုတ်ဖို့ ပူးပေါင်းပါ။ ”
မျက်ခုံးဖြူ ဆရာတော်က အသံနက်ကြီးဖြင့် အမိန့်ပေးလေသည်။
“ ဗုဒ္ဓ ... ။ ”
ဘုန်းတော်ကြီး ဆယ့်ခုနစ်ပါးတို့သည် မြတ်စွာဘုရား၏ အမည်ကို တစ်ခဲနက်တည်း ရွတ်ဆိုလိုက်ကြကာ သင်္ကန်းများ တဖျပ်ဖျပ် ခတ်လျက် ဓား၊ တောင်ဝှေး၊ ပုတီး၊ တုတ်နှင့် ဆွမ်းပန်းကန်များ ထုတ်ဆောင်လာတော့၏။
တခဏအတွင်းမှာပင် ခန်းမတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဆန္ဒများ ဖုံးလွှမ်းလာခဲ့သည်။
ထိုမြင်ကွင်းကြောင့် လန်စုခမျာ မျက်နှာအနည်းငယ် ပြောင်းလဲသွားပြီး၊
“ ဒါ ... ရှန့်လင် နဂါးသူတော်စင်ခန်းမရဲ့ ကျားသတ် နဂါးသူတော်စင် တိုက်ပွဲဝင်ဖွဲ့စည်းမှု ပုံစံပဲ ... မြေကြီးအဆင့် ကျွမ်းကျင်သူကိုတောင် ဒီဖွဲ့စည်းမှုအောက်မှာ ဖမ်းချုပ်နိုင်တယ်။ ”
-ဟု အော်ဟစ်လိုက်တော့သည်။
ဤသည်မှာ ချဲ့ကားခြင်း မဟုတ်ချေ။ လွန်ခဲ့သော နှစ်အနည်းငယ်က မြေကြီးအဆင့် ကျွမ်းကျင်သူတစ်ယောက်သည် ဤဖွဲ့စည်းမှု အတွင်း ပိတ်မိကာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ဖူးသည်။
“ ဘန်း ... ။ ”
သူမ စကားပြောနေစဉ် မျက်ခုံးဖြူ ဆရာတော်နှင့် ဘုန်းတော်ကြီးများက တိုက်ပွဲကို စတင်လာပြီ ဖြစ်၏။
သူတို့တစ်ဦးစီသည် ရွှေအလင်းများ ဖြာထွက်နေပြီး လေးနက်သော အမူအရာများ ထုတ်ဖော်ထားကြ၏။
တစ်ဦးနှင့်တစ်ဦး ပြီးပြည့်စုံစွာ ပေါင်းစည်းလျက် ရောင်ဝါသည် ခန်းမအတွင်း၌ နေရာလွတ်မကျန်အောင် ပြည့်နှက်သွားသည်။ သို့သော် စုရီက လှောင်ပြုံးဖြင့်၊
“ ဟမ့် ... ဒါက တိုက်ပွဲဝင် ဖွဲ့စည်းမှုလား ... ငါ့ဓားချက် တစ်ချက်တည်းနဲ့ ... ချိုးဖြတ်လို့ရတဲ့ အခြေခံပေါင်းစပ် တိုက်ခိုက်နည်းလေး တစ်ခုကလွဲလို့ ဘာမှမရှိပါဘူး။ ”
-ဟု မှတ်ချက်ပေးလိုက်တော့သည်။
***