ထိုက်တန်သော ပြိုင်ဘက် ... ။
Vol. 19 Ch. 224
“ လေ၊ လျှပ်စီး၊ မြေကြီး၊ မီး၊ ... သူ့ကိုသတ်။ ”
စုရီ ပြေးတက်လာသည်ကို မြင်ချိန်၌ မျက်ခုံးဖြူဆရာတော်က အော်ဟစ် အမိန့်ပေး လိုက်တော့သည်။
ဘုန်းတော်ကြီး တစ်ဆယ့်ရှစ်ပါးဖြင့် ဖွဲ့စည်းထားသော ရောင်ဝါသည် လေထုအလယ် ရွှေရောင်ဗုဒ္ဓပုံရိပ်ကြီးအဖြစ် ပေါင်းစပ်သွားပြီး လက်ဖဝါးတစ်ချက် ရိုက်ချလာသည်။
ထိုစွမ်းအားသည် လေဟာနယ်ကို ဖရိုဖရဲဖြစ်စေပြီး လေစီးကြောင်းတစ်လျှောက် ပေါက်ကွဲမှု အသေးစားများ ဖြစ်ပေါ်လာ၏။
အနီးကပ်ကြည့်သော် လက်ဖဝါးတွင် လေမုန်တိုင်းများ၊ လျှပ်စီးများ၊ တောင်တန်းများ၊ မီးပင်လယ်ကြီးများ ပါရှိနေသည်။
ထိုမြင်ကွင်းသည် အမှန်ပင် မှော်ဆန်၏။ နင်စစ်ဟွာနှင့် အဖွဲ့ခမျာ နောက်ပါးမှကြည့်ပြီး နှလုံးသားများ ခုန်ထွက်လုမတတ် ကြောက်ရွံ့ ကုန်လေသည်။
“ အရမ်း သန်မာတယ်။ ”
ရှန့်လင်ကျောင်းတိုက်မှ ဘုန်းတော်ကြီး များသည် တူညီသောအဆင့်ရှိ အခြားကျင့်ကြံသူ များထက် အဆပေါင်းများစွာ သာလွန်၏။
ယခုကဲ့သို့ တိုက်ပွဲဝင် ပုံစံဖွဲ့စည်းကာ ပေါင်းစပ် တိုက်ခိုက်လာသောအခါ စွမ်းအားမှာ မည်သို့မျှ သာမန် မဖြစ်နိုင်ချေ။
“ ရွှပ် ... ။ ”
တစ်ချိန်တည်းမှာပင် တိုးညှင်းသော ဓားရွေ့လျားသံကို ကြားလိုက်ရသည်။ စုရီက လက်ဖဝါးကို မတိမ်းရှောင်ဘဲ အမှောင် နတ်ဓားဖြင့် ခုတ်ပိုင်းလိုက်ခြင်းဖြစ်၏။
ဓားအလင်များ တဖျပ်ဖျပ် ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို ခွဲထုတ်နိုင်သော ထက်ရှမှုတစ်ခု ပျံတက်သွားချေပြီ။
“ ဝှစ် ... ။ ”
ထို့နောက် ဓားအလင်း ပျောက်ကွယ် သွားကာ စုရီတစ်ယောက် မြေပြင်ပေါ် ပြန်လည် ဆင်းသက်လာတော့၏။
သဘာဝဖြစ်စဉ် လေးပါး ပါဝင်သော လက်ဖဝါးကြီးက သူ့ရှေ့ ခြေတလှမ်းအကွာတွင် မြူအလား ပျောက်ကွယ်သွားလေသည်။
“ ခရစ် ... ။ ”
တစ်ဆက်တည်းမှာပင် ကျားသတ် နဂါးသူတော်စင် ဖွဲ့စည်းမှုဖြင့် ဖန်တီးထားသော ရွှေဗုဒ္ဓပုံရိပ်သည် ကွဲအက်သွားခဲ့၏။
“ ရွှပ် ... ။ ”
ယင်းသည် အဆုံးမဟုတ်ချေ။ ဓားအလင်းသည် ကြွယ်ဟမ်ထံ ဆက်ဝင်သွား တော့၏။ ဤတစ်ကြိမ်၌ မျက်လုံးပြူးနေသော ခေါင်းပြတ်ကြီး လေထဲသို့ လွင့်ပျံသွားကာ သွေးများ ပန်းထွက်လာချေပြီ။
“ ဘန်း ... ။ ”
ကြွယ်ဟမ့် သေဆုံးမှုသည် ကျားသတ်နဂါးသူတော်စင် တိုက်ပွဲဝင်ပုံစံကို ချက်ချင်းပြိုကျသွားစေ၏။
ဘုန်းတော်ကြီးများ အားလုံး ယိမ်းယိုင်ဆုတ်ခွာလျက် ထိတ်လန့်မှုများ ဝင်ရောက်လာကြသည်။
ဒုတိယအဆင့် မဟာသခင်တစ်ပါးသည် ဤမျှကြောက်စရာကောင်းသော စွမ်းအားမျိုး ပိုင်ဆိုင်နေသည်မှာ အဓိပ္ပါယ်မရှိချေ။
မြေကြီးအဆင့် ကျွမ်းကျင်သူကိုပင် အန္တရာယ်ပေးနိုင်သော တိုက်ပွဲဝင်ပုံစံသည် စုရီ လက်၌ ရယ်စရာဖြစ်နေသည်။
ဤသည်မှာ ၎င်းတို့ အမြင်ဖြစ်သည်။ တစ်ဖက်တွင် စုရီအတွက်မူ မလွယ်ကူလှချေ။ နတ်အာရုံသာ မရှိသော် ဓားတစ်ချက်ဖြင့် ပြီးမြောက်ရန် ခက်ခဲပေမည်။
“ မင်းတို့ အဲဒီမှာ ရပ်မနေကြနဲ့ ... ဒီဘုန်းကြီးတွေကို ငါ့တစ်ယောက်တည်း တိုက်စေချင်တာလား။ ”
စုရီအော်သံကြောင့် နင်စစ်ဟွာတို့သည် အိပ်မက်မှ နိုးထလာသကဲ့သို့ တိုက်ပွဲအတွင်း လျင်မြန်စွာ ပြေးဝင်လာကြသည်။
တစ်ချိန်တည်းမှာပင် စုရီသည်လည်း သူ့လက်ထဲတွင် အမှောင်နတ်ဓားကိုကိုင်လျက် ရှေ့လှမ်းတက်သွားသည်။
“ အဲဒီမှာ ရပ် ... ။ ”
ပိန်ပိန်ပါးပါးဘုန်းတော်ကြီး တစ်ပါးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဂေါ်ပြားချွန် တစ်လက်ဖြင့် လွှဲခုတ်လာသည်။
“ ထန် ... ထန် ... ။ ”
စုရီသည်လည်း အမှောင်နတ်ဓားဖြင့် ပြန်လည်ခုတ်ပိုင်းလိုက်၏။ ဝိညာဉ်ရေး ပစ္စည်း များနှင့် ပြုလုပ်ထားသည့် ဂေါ်ပြားချွန်ခမျာ စက္ကူကဲ့သို့ နှစ်ပိုင်းကွဲသွားသည်။
အမှောင်နတ်ဓားထံမှ ဓားအလင်းက ဆက်၍တိုးဝင်သွားပြီး ပိန်ပိန်ပါးပါး ဘုန်းကြီး၏ ခန္ဓာကိုယ်ကို နှစ်ခြမ်းခွဲပစ်တော့၏။
ဤသည်မှာ ကြက်တစ်ကောင်အလား လွယ်ကူစွာ အသတ်ခံလိုက်ရခြင်းမျိုး ပေပင်။
“ သတ် ... ။ ”
သို့တိုင် နောက်ထပ် ဘုန်းကြီးနှစ်ပါး ပြေးဝင်လာ၏။ တစ်ပါးသည် တောင်ဝှေးကို ကိုင်လျက် ကျန်တစ်ပါးသည် ဓားဖြင့် တိုက်ခိုက်လာခြင်းဖြစ်သည်။
“ ငါ့ကို အရင်ဖြတ်ကျော်ပါ။ ”
ထိုမြင်ကွင်းကြောင့် နင်စစ်ဟွာက တောင်ဝှေးကို ကိုင်ထားသော ဘုန်းကြီးအပေါ် ကြားဖြတ် ပိတ်ဆို့ပေးခဲ့၏။
“ တောင်းပန်ပါတယ် ဘုန်းကြီးရဲ့ ပြိုင်ဘက်က ဒီဒကာမပဲ။ ”
လန်စုက ညာလက်ကို ဝေ့ယမ်းကာ အဆောင်ရတနာ ဆယ်ခုခန့် ပစ်ကျဲချလိုက်၏။ ဓားကိုင်ဘုန်းကြီးခမျာ မျက်လုံးပြူးလျက် ချက်ချင်း ဆုတ်ခွာတော့သည်။
“ ဝုန်း ... ။ ”
သို့သော် လျှပ်စီး၊ မီး၊ မုန်တိုင်း၊ ဓား အစရှိသည့် အဖျက်စွမ်းအားများ ပါဝင်သော အဆောင်များအားလုံး ပေါက်ကွဲလျက် ဆိုးရွားစွာ အဆုံးသတ်သွားခဲ့၏။
ခဏချင်းမှာပင် ခန္ဓာကိုယ်တစ်ခုလုံး အရိုးတစ်ချောင်းပင် မကျန်ဘဲ ပြာများအဖြစ် လွင့်ပါးသွားတော့သည်။
ဤသည်မှာ မူလတာအိုနယ်ပယ် ကျွမ်းကျင်သူ ဆယ်ဦး တိုက်ခိုက်လာသည်နှင့် တူနေ၏။ ရှန်ရှင်းအဆင့်မှ တစ်စုံတစ်ဦး ခံနိုင်စရာ အကြောင်းမရှိချေ။
ထိုအခွင့်အရေးကို အသုံးချပြီး စုရီက နဂါးသွေးနှင့် တိုက်ပွဲဝင်နေသော ကျင်းဟီထံ လျှောက်လှမ်းသွားတော့၏။
ဘုန်းတော်ကြီးများက သူ့ကို ဟန့်တားလိုသောအခါတွင် နင်စစ်ဟွာ၊ မုရှီနှင့် လန်စုတို့မှ ပိတ်ဆို့ထားခဲ့သည်။
အထူးသဖြင့် လန်စုသည် ထိုဘုန်းတော်ကြီးများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပေပင်။
သူမ ခန္ဓာကိုယ် တစ်ခုလုံးကို မှော်ရတနာမျိုးစုံဖြင့် ဖုံးအုပ်ထားရုံသာမက အဆောင် ရတနာများဖြင့်ပင် စိတ်ထင်တိုင်း ပစ်ပေါက်နေခဲ့သည်။
ယင်းသည် ငွေဖြင့် အနိုင်ကျင့်ခြင်း မည်ချေ၏။ မျက်စိတစ်မှိတ်အတွင်း ဘုန်းကြီး သုံးပါးကို တစ်စစီသတ်ဖြတ်ကာ အများအပြား ဒဏ်ရာ ရရှိကုန်တော့သည်။
ထိုအချိန်တွင် စုရီက နဂါးသွေးကို ဖမ်းယူလိုသော ကျင်းဟီထံ ရောက်ရှိသွားပြီ ဖြစ်သည်။
“ မင်းခွန်အားနဲ့ ဒီနဂါးသွေးကို နှိမ်နင်းဖို့ ခက်လိမ့်မယ်။ ”
ဤဘုန်းကြီးသည် ရှန်ရှင်းအဆင့် ကျွမ်းကျင်သူများကြားတွင် ထိပ်တန်းပုဂ္ဂိုလ် ဖြစ်ကြောင်း သေချာပေါက် ပြောနိုင်၏။
သို့သော် စစ်မှန်သော နဂါး သွေးအနှစ်သာရနှင့် တိုက်ခိုက်သောအခါတွင် အားသာချက် မရနိုင်ဖြစ်နေသည်။
“ ဒကာတော် ... မင်းဘုန်းကြီးတွေကို သတ်ဖြတ်ခဲ့တာ အရမ်းလွန်းတယ် ငါကျင်းဟီ ဒီနေ့ မင်းလိုနတ်ဆိုးကို သတ်ဖြတ်ခြင်းဆိုတာ ဘာလဲပြမယ်။ ”
စကားဆုံးသည်နှင့် အငွေ့အသက်များ ရုတ်တရက် ပြောင်းလဲကာ ကြောက်မက်ဖွယ် ကောင်းသော ရွှေရောင်ဗုဒ္ဓမီးလျှံများ ထွက်ပေါ်လာတော့သည်။
“ ခရစ် ... ။ ”
အသက်ရှူသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လျက် အရိုးများ အက်ကွဲကာ နဂို ပိန်လှီသော ခန္ဓာကိုယ်ပေါ်တွင် ကြွက်သားများ ရုတ်တရက် ဖောင်းကားလာခဲ့၏။
“ မူလတာအို နယ်ပယ် ... ။ ”
အဝေးမှ မုရှီသည် ရိုတ်ခတ်လာသော ရောင်ဝါလှိုင်းကြောင့် မျက်လုံးပြူးသွားခဲ့သည်။ ဤသည်မှာ တိုက်ပွဲအတွင်း အဆင့်ချိုးဖြတ်ခြင်း မည်၏။
သွေးသန့်စင်ခြင်း၊ ချီသန့်စင်ခြင်း၊ အတွင်းအင်္ဂါ ငါးပါးသန့်စင်ခြင်း၊ ပြီးပြည့်စုံခြင်း စသည်တို့သည် သိုင်းတာအိုနယ်ပယ်၏ အဆင့်ငယ်များဖြစ်သည်။
၎င်းတို့ကို သေမျိုးဟု သတ်မှတ်ပြီး မူလတာအိုသည်သာ စစ်မှန်သော ကျင့်ကြံသူ ဖြစ်ပြီး မြေကြီးအဆင့် အင်မော်တယ်ဟု သတ်မှတ်ကြ၏။
တစ်နည်းအားဖြင့်ဆိုရသော် ၎င်းသည် သေမျိုးနှင့် အင်မော်တယ်ကြား ခြားနားချက် ဖြစ်သည်။
“ ဟမ့် ... ။ ”
မျက်ခုံးဖြူဆရာတော်က ရှုပ်ထွေးသော အမူအရာဖြင့် သက်ပြင်းချလိုက်၏။ ဆရာတော် ကျင်းဟီသည် မူလတာအိုနယ်ပယ်သို့ စတင်ရန် အခြေခံအုတ်မြစ်ရှိနေပြီ ဖြစ်သည်ကို သူ သိထားသည်။
သို့သော် ၎င်းသည် ကျင့်ကြံမှုကို ချိုးနှိမ်ကာ အခြေခံအုတ်မြစ်အပေါ် ဖြည့်သိပ်ရန် ကြိုးစား နေခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ မူလတာအို နယ်ပယ်သို့ တက်ရောက်ရန် အတင်းအကြပ် ဖိအားပေး ခံလိုက်ရခြင်းပေပင်။ ယင်းသည် မူလတာအိုသို့ ခြေချနိုင်သော်လည်း အုတ်မြစ်မခိုင်ချေ။
“ အတင်းအကြပ် အဆင့်ဖြတ်ကျော် လိုက်တာလား ... ပြိုင်ဘက်ကောင်း ရှာနေတာ မင်းနဲ့ စမ်းကြည့်နိုင်ပြီ ... ။ ”
စုရီစကားကြောင့် လူတိုင်းမျက်လုံး ပြူးသွားသည်။ ကျင်းဟီသည်ပင် အနည်ငယ်မျှ တိတ်ဆိတ်သွား ပြီးနောက် ပြုံးလိုက်၏။
“ မင်းက တကယ့်ကို ထူးထူးခြားခြားပဲ ကောင်းပြီ ... ငါတို့တိုက်ပွဲပြီးတဲ့အခါ မောက်မာ နိုင်ဦးမလားလို့ ငါကြည့်မယ်။ ”
“ ဝှစ် ... ။ ”
ရွှေရောင်မီးလျှံများ တဟုန်းဟုန်း တောက်လောင်နေသော လက်ဖဝါးတစ်ဖက် လွင့်ထွက်လာခဲ့သည်။
မူလတာအိုနယ်ပယ်တွင် စစ်မှန်သော အနှစ်သာရ အားလုံးသည် ဝိညာဉ် အနှစ်သာရ အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ဤနည်းဖြင့် လက်နက်များကို ထိန်းချုပ် ပျံသန်းစေနိုင်သည်။
“ စွပ် ... ။ ”
စုရီက ရှောင်တိမ်းခြင်း မပြူဘဲ အမှောင်နတ်ဓားဖြင့် လှမ်းထိုးပစ်လိုက်သည်။ ဓားဖျားမှ အလင်းတစ်စ ပြေးထွက်သွားကာ လက်ဖဝါးနှင့် တိုက်မိပြီး ပျက်ပြယ်သွား၏။
ရလာဒ်အနေဖြင့် စုရီတစ်ယောက် ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားချေပြီ။ လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကာ စိတ်လှုပ်ရှားကုန်တော့၏။
အထူးသဖြင့် ကျင်းဟီဖြစ်သည်။ ၎င်းမှမျက်ခုံးပင့်လိုက်ပြီး၊
“ ဒီလိုမဟာကျိုးမှာ ... မင်းလို ဘီလူးတစ်ကောင် ဘယ်လိုလုပ် ရှိနေတာလဲ။ ”
-ဟု အံ့ဩတကြီး ရေရွတ်လိုက်၏။
“ ဟမ့် ... ဒီကမ္ဘာကြီးမှာ ... မင်း မသိနိုင်တဲ့အရာတွေ အများကြီးရှိတယ်။ ”
ထို့နောက် ဓားကိုလွှဲလျက် ရှေ့လှမ်းတက်ကာ အောင်နိုင်ခြင်းဓားသုတ္တန် စွမ်းအားအပြည့်ဖြင့် ခုတ်ချလိုက်သည်။
“ ဟမ့် ... ဒီနေ့ ငါကျင်းဟီ ... မင်းလိုမိစ္ဆာကောင်ကို မဖယ်ထုတ်ဘူးဆိုရင် ဒီကမ္ဘာကြီးမှာ ဘေးဥပဒ် ဖြစ်လာလိမ့်မယ်။ ”
ကျင်းဟီက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ငွေဓားဖြူနှင့် ပြန်လည် ခုတ်ပိုင်းချတော့၏။
“ ဝုန်း ... ။ ”
ခန်းမကြီး တဟုန်ထိုးတုန်ခါသွားကာ လေဟာနယ် ပရမ်းပတာ ဖြစ်သွားသည်။ ဓား-ဓားခြင်း တိုက်မိသွားပြီး စွမ်းအင်လှိုင်းများ ပျံ့ကားကုန်သည်။
ထိုအကြွင်းအကျန် စွမ်းအင်လှိုင်းသည်ပင် ရှန်ရှင်းသိုင်းသမား တစ်ယောက်ကို သတ်ရန် လုံလောက်နေချေပြီ။
***