ရှုပ်ထွေးစေသော မေးခွန်းတစ်ခု ... ။
Vol. 19 Ch. 225
စုရီတစ်ယောက် ပြုံးရွှင်သွားသည်။ ဤတိုက်ပွဲသည် ကာလကြာရှည်စွာ ပျောက်ဆုံး သွားသော တိုက်ပွဲဝင်ဆန္ဒများကို ပြန်လည် ရရှိလာစေသည်။
ယခင် တိုက်ပွဲအများစုသည် ဓားတစ်ချက်တည်းဖြင့် ပြီးဆုံးခဲ့ရာ အနည်းငယ် အထီးကျန်မှုကို ခံစားခဲ့ရ၏။
ဓားသမားသည် တိုက်ပွဲအတွက် မွေးဖွားလာသူဖြစ်သည်။ တိုက်ပွဲများ မရှိသော် နှလုံးသားကို ဓားကဲ့သို့ ထက်မြက်အောင် လုပ်နိုင်မည်မဟုတ်ချေ။
သူ့လက်ထဲရှိ အမှောင်နတ်ဓားသည် တုန်ယင်နေပြီး သတ်ဖြတ်လိုသော ရောင်ဝါများ ထုတ်လွှတ်လာသည်။
ဓားအလင်းများသည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသော နဂါးငွေ့တန်း တစ်စင်းလိုပေပင်။
“ ဟိတ် ... ။ ”
ဓားအလင်းသည် လေဟာနယ်ကို ဖြတ်သန်းကာ အရပ်ရပ်သို့ ပျံကားသွားတော့၏။ အောင်နိုင်ခြင်း ဓားသုတ္တန်၏ စွမ်းအား အပြည့်ကို ပြသနေခဲ့သည်။
များမကြာခင် စုရီတစ်ယောက် တိုက်ပွဲအတွင်း လုံးဝ နစ်မြုပ်သွားခဲ့သည်။ သူ၏ စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့သည် ညီညွတ်ပြီး ဓားကိုလွှဲလေ ပျော်ရွှင်လေ ဖြစ်လာ၏။
တစ်ဖက်တွင် တိုက်ပွဲ ပြင်းထန် လာသည်နှင့်အမျှ ကျင်းဟီ၏ အမူအရာမှာ ပို၍ လေးနက်လာသည်။
သူသည် အဆင့်ချိုးဖြတ်ပြီးနောက် ယုံကြည်ချက်အပြည့်နှင့် စုရီကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ထင်ခဲ့၏။
သို့သော် မယုံနိုင်စရာ ကောင်းစွာပင် တစ်ဖက်လူ၏ စွမ်းအင်သည် အဆုံးမရှိ စီးဆင်း နေသော မြစ်ကဲ့သို့ တစ်စတစ်စ ပြင်းထန် လာနေခြင်းဖြစ်သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
အကျိုးဆက်အနေဖြင့် သူပင် ဖိနှိမ်ခံလာရ၏။ ဤသို့သော ဘီလူးတစ်ကောင် မဟာကျိုး၌ မည်သို့ ရှိနေနိုင်မည်နည်း။
နတ်ဆိုးတစ်ကောင် သိမ်းပိုက်ခြင်း ခံထားရသည်လော။ သံသယများ တိုးလာပြီး တိုက်ပွဲကို အရှိန်မြှင့်ရန် ဆုံးဖြတ်လိုက်၏။
ချက်ချင်းပင် အငွေ့အသက်များ ပြောင်းလဲသွားပြီး ရွှေဗုဒ္ဓမီးလျှံများ ငွေဓားဖြူ၌ တောက်လောင်လာသည်။
သွေးနှင့်ချီ လောင်ကျွမ်းလာကာ သူ့တစ်ကိုယ်လုံး ဆူပွက်နေသော ရေကဲ့သို့ ပြောင်းလဲသွားသည်။
“ ဝှစ် ... ။ ”
ခန်းမကြီး တုန်ခါသွား၏။ နင်စစ်ဟွာနှင့် အခြားသူများအပြင် မျက်ခုံးဖြူ ဆရာတော်အဖွဲ့ တို့သည် လေစီးကြောင်းတစ်ခုက ဆွဲငင်နေ သလို ခံစားလာရသည်။
ထို့နောက် ကျင်းဟီကို ဗဟိုပြုလျက် ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကြီး တစ်စင်း ဖြစ်ပေါ်လာ၏။
မုန်တိုင်းထဲတွင် ရွှေရောင်ဗုဒ္ဓမီးလျှံများ တောက်လောင် နေခဲ့သည်။ အဝေးမှကြည့်သော် ကျင်းဟီရုပ်သွင်သည် မီးမုန်တိုင်းအတွင်း ရပ်နေသော သူတော်စင်နှင့် တူလာ၏။
“ ဒါ ... ။ ”
နင်စစ်ဟွာနှင့် အခြားသူများသည် အလွန်အန္တရာယ်များသော အရိပ်အယောင်ကို ခံစားလာရသည်။
“ စကြာဝဠာကြီးရဲ့ စွမ်းအားကို အတင်းအကြပ်ထိန်းချုပ်ဖို့ သွေးသားစွမ်းအင် လောင်ကျွမ်းလိုက်တာလား ... ။ ”
စုရီက ခေါင်းယမ်းသွား၏။
“ ကောင်းပြီ ... မင်းက ငါ့ရဲ့ ဓားသွေးကျောက် မဖြစ်ချင်တော့ဘူးဆိုတော့ မင်းကိုငါ ငရဲကမ္ဘာ လိုက်ပို့ပေးမယ်။ ”
“ ဝှစ် ... ။ ”
စုရီ ခန္ဓာကိုယ်အတွင်း ယန်ဇီမြစ် ရေပြင်ကဲ့သို့ သွေးစီးဆင်းနေသံများ ကြားလာရ လေသည်။
အသားအရေသည် ကျောက်စိမ်းအလား ကြည်လင်ကာ တာအိုကျက်သရေ လွှမ်းခြုံလာ ချေပြီ။
ဤအခိုက်အတန့်တွင် စိတ်ဝိညာဉ်၊ သွေးနှင့်ချီ၊ ကျင့်ကြံမှု စသည်တို့ လုံး၀ပေါင်းစပ် သွားတော့၏။
“ ချိုး ဖြတ် ... ။ ”
ထိုအချိန်တွင် ကျင်းဟီက ငွေဓားဖြင့် လှမ်းထိုးလေသည်။ ၎င်းမှ စုစည်းထားခဲ့သော စွမ်းအင်သည် ဆည်ဖောက်ချလိုက်သော ရေများကဲ့သို့ စုရီထံ ပြေးဝင်လာ၏။
“ ခရစ် ... ။ ”
ဘုံကျောင်း ပထမထပ်တစ်ခုလုံး ပြင်းစွာ တုန်ခါသွားကာ ကြမ်းပြင်ပေါ်၌ ရှည်လျားသော အက်ကြောင်းများ ထွက်ပေါ်လာသည်။
ငွေဓားစွမ်းအင်သည် အရာခပ်သိမ်း ခွဲထုတ်နိုင်သော စွမ်းအားများဖြင့် လေဟာနယ် အပေါ် လောင်ကျွမ်းသွား၏။
ထိုမြင်ကွင်းကြောင့် နင်စစ်ဟွာတို့သည် တိုက်ပွဲများကို ရပ်တန့်ကာ ချက်ချင်းဆုတ်ခွာ လိုက်ရတော့သည်။
ဤဓားသည် ကံကြမ္မာကို ဖြတ်တောက်နိုင်ပေသည်။ စုရီတစ်ယောက် လုခံနိုင်မည်ဟု မထင်ချေ။
ထိုအချိန်တွင် စုရီထံမှ တိမ်မြုပ်နေသော သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ထွက်ပေါ်လာ တော့သည်။
“ ရွှပ် ... ။ ”
အမှောင်နတ်ဓားသည် အနည်းငယ် တုန်ခါသွားပြီး ထူးဆန်းသော အသံနှင့်အတူ ငွေဓားကို ထိပ်တိုက်တွေ့တော့၏။
ဤဓားသည် ဓားရည်ရွယ်ချက်နှင့် စွမ်းအင်များအားလုံးကို ဖိသိပ်ထားသောကြောင့် လေးလံကာ ရိုးရှင်းနေသည်။
“ ဘန်း ... ။ ”
ဓားကို ကြည့်နေစဉ် လူတိုင်း၏ ဝိညာဉ်များသည် ဓားဖြင့် ထိုးခံလိုက်ရသကဲ့သို့ ခံစားလာရ၏။ တစ်စုံတစ်ရာမှ စွမ်းအားများ စုပ်ယူသွားသလို နွမ်းလျလာသည်။
စုရီအသွင်သည် ကောင်းကင်မှ တန်ခိုးရှင်တစ်ပါး သက်ရှိလောကကို ဆင်းသက် လာပုံနှင့်တူ၏။ သက်ရှိတိုင်းကို လက်ဝယ် ဆုပ်ကိုင်ထားသလိုပင်။
ဤသည်မှာ စုရီ၏ ဓားအလင်းမှ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာသော ခံစားချက် ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီးကို ပိုင်စိုးနေပုံရသော ကျင်းဟီဓားသည် အမှောင် နတ်ဓားဖြင့် တွေ့ဆုံသွား၏။
“ ဂျိန်း ... ။ ”
ကောင်းကင်မှ မိုးခြိမ်းသံများ မြည်ဟည်းလျက် ဓားရောင်ဝါများ အရပ်ရပ်သို့ ပျံ့ကားသွားတော့သည်။
အဆုံးတွင် ဓားအလင်း နှစ်လက်စလုံး ပျက်ပြယ်သွားချေ၏။ ဤတိုက်ခိုက်မှုသည် လက်ရည်တူ ဖြစ်သည်။
“ ဟိတ် ... ။ ”
ကျင်းဟီက ကြုံးဝါးသံပြုလျက် လေထဲခုန်တက်ကာ သေကွင်းသေကွက်ထံ ဦးတည်သော ဓားတစ်ချက်ကို ခုတ်ချလိုက်သည်။
ဆုတ်ခွာရန် လမ်းမချန်ချေ။ သူ့ခန္ဓာကိုယ်တွင် မီးလျှံများ လောင်ကျွမ်းနေပြီး ရောင်ဝါကို ငွေဓားနှင့် ပေါင်းစပ်ထား၏။
“ ဟမ့် ... သေချင်နေတာလား။ ”
အသက်နှင့် သေခြင်းမည်ချေပြီ။ အနိုင်-အရှုံးဟူသည့် မည်သည့် အရာမျှ မရှိတော့ချေ။ ထိုမြင်ကွင်းကြောင့် စုရီမှ မျက်မှောင်ကြုတ်ကာ ဓားဖြင့် ပြန်လည် ထိုးနှက်လိုက်သည်။
“ ဘန်း ... ။ ”
ဓားနှစ်လက်တိုက်မိသွားပြီး တောက်ပလွန်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ် လာခဲ့သည်။
မုန်တိုင်းတစ်စင်း ဖြတ်သန်းသွားကဲ့သို့ ၎င်းနှစ်ဦးကြားမှ ကြမ်းပြင်တွင် အပျက်အစီးများ ရုတ်ချည်း ပြန့်ကျဲလာတော့၏။
တိုက်ပွဲ၏ ရလဒ်ကို မည်သူမျှ မမြင်နိုင်တော့ချေ။ လူတိုင်း ထပ်မံဆုတ်ခွာကာ စိတ်လှုပ်ရှားကုန်ကြသည်။
“ ဘယ်သူနိုင်ပြီး ... ဘယ်သူရှုံးလဲ။ ”
မျက်ခုံးဖြူ ဆရာတော်အဖွဲ့၏ အမြင်တွင် ဆရာတော်ကျင်းဟီသည် သွေးသားစွမ်းအင်ကို လောင်ကျွမ်းထားသော မြေကြီးအဆင့် အင်မော်တယ် ဖြစ်သည်။
စုရီတစ်ယောက် မည်မျှပင် သန်မာသည်ဖြစ်စေ ဒုတိယအဆင့် မဟာသခင် တစ်ဦးမျှသာ ဖြစ်သဖြင့် ဟန့်တားနိုင်လျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားပေမည်။
နင်စစ်ဟွာ၊ မုရှီနှင့် လန်စုတို့ပင် အသက်ရှူ အောင့်ထားမိကြ၏။ ဤမတိုင်မီ ရှန်ရှင်းအဆင့် ကျွမ်းကျင်သူများစွာကို စုရီမှ အကြိမ်ကြိမ် သတ်နိုင်ခဲ့သဖြင့် ထုံနေပြီ ဖြစ်သည်။
ယခုမူကား ၎င်းပြိုင်ဘက်သည် မြေကြီးအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။ သေမျိုး အဆင့်ကို ကျော်လွန်နေသူပေပင်။
“ ဒါ ... ။ ”
ရုတ်တရက် မျက်ခုံးဖြူဆရာတော် မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။ ထို့နောက် သူ့အနားရှိ ဘုန်းကြီးများဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ဖုန်မှုန့်များ ကင်းရှင်းသွားသော တိုက်ပွဲ ကြမ်းပြင်ပေါ်တွင် ဘုန်းကြီးတစ်ပါး ဒူးထောက်နေသောကြောင့် ဖြစ်သည်။
ငွေဓားသည် ထက်ပိုင်းကျိုးလျက် လွင့်စင်လဲလျောင်းနေ၏။ သူ့ရှေ့တွင် စုရီက အမှောင်နတ်ဓားမှ သွေးများကျဆင်းလျက် ရပ်နေသည်။ ခန္ဓာကိုယ်တွင် မည်သည့် ဒဏ်ရာမှ မရှိချေ။
နှစ်ယောက်ကြား အကွာအဝေးသည် သုံးပေမျှသာ ကွာဟ၏။ ကျင်းဟီတစ်ယောက် နာကျင်စွာဖြင့် ခေါင်းမော့ကြည့်သည်။
“ မူလတာအို နယ်ပယ်ကို တက်ရောက်တဲ့နေ့ဟာ ... ငါသေရမယ့်နေ့ ဖြစ်လိမ့်မယ်လို့ မထင်ထားမိဘူး ကံကြမ္မာက ငါ့ကိုလှည့်စားတယ် ... ။ ”
ထို့နောက် ဗလာဖြစ်နေသော မျက်လုံးများဖြင့်၊
“ မသေခင် မေးခွန်းတစ်ခု မေးခွင့်ပြုပါ။”
-ဟု တောင်းဆိုလာသည်။
“ မေးပါ။ ”
“ မင်းက... သူတပါးခန္ဓာကိုယ်မှာ ပြန်လည် မွေးဖွားလာတဲ့ ဘီလူးအိုကြီးလား။ ”
ထိုမေးခွန်းကြောင့် စုရီတစ်ယောက် အံ့ဩသွား၏။
“ မဟုတ်ဘူး ... ဝိညာဉ်လမ်းကြောင်း အားလုံးကို ဖွင့်ပြီး ... လျှို့ဝှက်သွေးပြန်ကြောနဲ့ တာအိုကြယ်ချီကို ရနိုင်ရင် ... မင်းငါ့ကို ရင်ဆိုင်နိုင်မှာပါ။ ”
“ ဟမ့် ဝိညာဉ်လမ်းကြောင်း အားလုံးကို ဖွင့်လှစ်တာကို ငါကြားဖူးပါတယ် ဒါပေမယ့် အဲဒီ လျှို့ဝှက်သွေးပြန်ကြောနဲ့ ... တာအိုကြယ်ချီ ဆိုတာက ဘာလဲ ... ဒီလိုလျှို့ဝှက်ချက်တွေ တကယ်ရှိနေတာလား။ ”
ကျင်းဟီတစ်ယောက် အသေခင် ငြိမ်းချမ်းစေလိုသောကြောင့် မေးခွန်းထုတ်ခြင်း ဖြစ်၏။ သို့သော် တစ်ဖက်လူ၏ အဖြေသည် သူ့ကို ပို၍ ရှုပ်ထွေးသွားစေသည်။
အဆုံးတွင် ခေါင်းရမ်းလျက် ခါးသီးသော အပြုံးကိုပေးကာ ခေါင်းငိုက်စိုက်ကျပြီး အသက် ပျောက်သွားတော့သည်။
ဤနေ့သည် မဟာကျိုးပြက္ခဒိန်အရ စတုတ္ထလ၏ ရှစ်ရက်မြောက်နေ့ ဖြစ်ပြီး စုရီမှ ကျောက်စိမ်းမြို့တော်သို့ ထွက်ခွာလသည့် ပဉ္စမမြောက်နေ့လည်း ဖြစ်သည်။
အဆုံးတွင် သားဆိုးစုရီသည် မဟာသခင် ဒုတိယအဆင့်ဖြင့် မြေကြီးအဆင့် ကျွမ်းကျင်သူ တစ်ပါးကို သတ်ပစ်နိုင်နေပြီ ဖြစ်ချေ၏။
***