အမှောင်နဂါး တားမြစ်နယ်မြေ။
Vol. 19 Ch. 226
ဆယ်ပေခန့်ရှည်သော ရွှေနဂါးပုံရိပ်သည် သက်ရှိသတ္တဝါကဲ့သို့ ကွက်ကွက်ကွင်းကွင်းနှင့် စုရီထံ စိုက်ကြည့်နေ၏။ ဤသည်မှာ နဂါးသွေး တစ်စက်၏ တန်ခိုးပေပင်။
“ ဆက်တိုက်ပါ ... ။ ”
စုရီက နင်စစ်ဟွာတို့ထံ ဆက်လက် တိုက်ပွဲဝင်ရန် ပြောကြားလိုက်ကာ သူ့လက်ကို နောက်ပို့လျက် နဂါးသွေးထံ လျှောက်လှမ်း သွားလိုက်သည်။
“ မြန်မြန် ... ။ ”
မျက်ခုံးဖြူ ဆရာတော်နှင့် ကျန်ဘုန်းတော်ကြီးတသိုက်မှာ ထိတ်လန့်ကုန် ကြသည်။ တစ်ဖက်လူသည် သူတို့ကို ပြိုင်ဘက် အဖြစ်ပင် မသတ်မှတ်ချေ။
ထို့ကြောင့် ဤအခွင့်အရေးကို အရယူကာ ထွက်ပြေးရန် ပြင်မိသည်။ သို့သော် လန်စုသည် ညာလက်ကို ဝှေ့ယမ်းလျက် ဦးစွာ လှုပ်ရှား တော့သည်။
“ ဝှစ် ... ။ ”
ငွေရောင်ဖဲကြိုးများ လေထဲပျံဝဲလာပြီ ဘုံကျောင်းတံခါးကို ပင့်ကူအိမ်သဖွယ် ချက်ချင်း ပိတ်ဆို့သွားတော့သည်။
“ ဒါက ကောင်းကင်ပိုးကြိုးပဲ။ ”
မျက်ခုံးဖြူဆရာတော်နှင့် အဖွဲ့မှာ စိတ်ပျက်ကုန်သည်။ ထို့နောက် အံကြိတ်လျက် ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်ရ၏။
ထိုသို့သောတိုက်ပွဲသည် စုရီ၏အာရုံကို မဆွဲဆောင်နိုင်ချေ။ နဂါးသွေးထံသာ ဆက်၍ လျှောက်လှမ်းသွားသည်။
“ ဝူး ... ။ ”
နဂါးသွေးက လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာတိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း လမ်းတစ်ဝက်တွင် ဓားဖြင့်ပိတ်ဆို့ခြင်းခံရကာ နောက်ပြန်ဆုတ်သွားသည်။
သို့သော် သူ မည်သည့်အရပ်သို့ ဦးတည်နေပါစေ အမှောင်နတ်ဓားက လမ်းကို ပိတ်ထားမြဲ ဖြစ်သည်။
အဆုံးတွင် ထောင့်တစ်နေရာသို့ တရွေ့ရွေ့ ဆုတ်ခွာသွားခဲ့ရ၏။
“ မကြောက်နဲ့၊ မင်းငါ့စကားကို နားထောင်နေသရွေ့ ငါမင်းကို ဒုက္ခမပေးဘူး။ ”
စုရီက အလွန်ရှုပ်ထွေးပြီး မသဲမကွဲနိုင်လွန်းသော ဘာသာစကားဖြင့် နှစ်သိမ့်လိုက်၏။
ဤသည်မှာ ကောင်းကင်နှင့် မြေကြီးကြားရှိ စစ်မှန်သော ဝိညာဉ်တော်များ ဖန်တီးထားသော ရှေးဟောင်းဘာသာစကား ဖြစ်သည်။
ဆယ်ပေရှည်သော ရွှေနဂါးပုံရိပ်သည် ထိုစကားကြောင့် ထိတ်လန့်သကဲ့သို့ ချက်ချင်း အေးခဲသွား၏။
၎င်းသည် နဂါးသွေး တစ်စက်မျှသာ ဖြစ်သော်လည်း ဝိညာဉ် ရှိနေချေ၏။ ထို့ကြောင့် ထိုစကားကို နားလည်ချေပြီ။
သက်ရှိ တစ်ကောင်သာဆိုသော် မည်မျှဉာဏ်ရည် ထက်မြက်နေလိမ့်မည်ကို တွေးဆ မရနိုင်ချေ။
စုရီက ပြုံးပြီး သူ့လက်ဖဝါးကိုဖွင့်ကာ လက်ဖဝါးအရွယ်ရှိ ရုပ်တုတစ်ခု ထုတ်ယူပြ လိုက်လေသည်။
ရုပ်တုသည် လက်အုပ်ချီလျက် ကြာပန်းတံဆိပ် ဖန်တီးကာ ရစ်ခွေနေသော နဂါးကြီးပေါ်ရှိ ဘုန်းကြီးတစ်ပါးဖြစ်၏။
“ ငါမင်းကို အခွင့်အရေးပေးမယ်၊ မင်း ဒီကိုလာပါ။ ”
၎င်းကို စစ်မှန်သော နဂါးအရိုးများဖြင့် ပြုလုပ်ထားသည်။ နဂါးသွေးသည် တုံ့ဆိုင်းသွား ပြီးနောက် အဆုံးတွင် ရွှေရောင် အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွား၏။
“ ရွှပ် ... ။ ”
များမကြာခင် ရုပ်တုအတွင်းသို့ ဝင်ရောက်ကာ အနီရောင်အလင်းများ ဖြာထွက် လာတော့သည်။
တစ်ဆက်တည်းမှာပင် ရစ်ခွေနေသော နဂါးပုံသဏ္ဍာန်သည် အသက်ရှင်လာ သကဲ့သို့ ရောင်ဝါများ ပေါက်ကြားကာ အကြေးခွံများ လင်းလက်လာ၏။
“ မျှော်လင့်ထားသလိုပဲ ... ဒီရုပ်တုက နဂါးအရိုးနဲ့ ထုလုပ်ထားတယ် နဂါးသွေးအတွက် သဘာဝအတိုင်း ပေါင်းစပ်ဖို့ မခက်ပါဘူ။ ”
စုရီတစ်ယောက် ပြုံးရွှင်လာသည်။ ရုပ်တုတွင် ဝိညာဉ် မရှိသော်လည်း တိုက်ပွဲများ အတွင်း အကာအကွယ် ရတနာအဖြစ် ကောင်စွာ အသုံးပြုနိုင်မည်။
ဤနဂါးသွေး တစ်စက်သည် အလွန်တန်ဖိုးရှိသောကြောင့် ကြီးမြတ်သော ကံကြမ္မာ ရရှိခြင်းပေပင်။
ဝိညာဉ် တာအို နယ်ပယ်ရောက် ကျွမ်းကျင်သူများအတွက် လောဘမျက်ရည် ကျပေလိမ့်မည်။
သို့သော် တစ်စက်ပဲ ရရှိသည်မှာ နှမျောစရာပေပင်။ မဟုတ်သော် ဧကရာဇ်များ သည်ပင် ရူးသွပ်လာနိုင်မည်။
စုရီက ရုပ်တုကို သိမ်းဆည်းပြီးနောက် ပြန်လှည့်ကာ တိုက်ပွဲထံ မျှော်ကြည့်လိုက်သည်။ တိုက်ပွဲသည် ပြီးဆုံးတော့မည်ဖြစ်၏။
လန်စုမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်နေခဲ့ပြီး များပြားလှသော ငွေဖြုန်းနည်းဖြင့် သတ်ဖြတ်မှုများ ပြုလုပ်ပေးနေခဲ့သည်။
အဆုံးတွင် ရှန့်လင်ကျောင်းတိုက်မှ ဘုန်ကြီးများအားလုံး နာကျည်းစွာဖြင့် သေဆုံး သွားကြတော့သည်။
ယခုကဲ့သို့ များပြားလှသော အဆောင် ရတနာများဖြင့် အနိုင်ကျင့်ခံရကာ အသက်ပေးရ လိမ့်မည်ဟု အိမ်မက်ပင် မမက်ဖူးချေ။
လန်စု၊ နင်စစ်ဟွာနှင့် မုရှီတို့သည် ရှန်ရှင်းအဆင့် ဘုန်ကြီးများကို အလွယ်တကူ သတ်နိုင်ခဲ့သဖြင့် ရွှင်မြူးလာကြ၏။
“ ဆရာစု၊ မင်းဒီလောက် အစွမ်းထက်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး မြေကြီးအဆင့် ကျင့်ကြံသူတွေတောင် မင်းလက်မှာ အသတ်ပေးရပြီ။ ”
လန်စုက ရှေ့လှမ်းတက်လာပြီး သူတို့တိုက်ပွဲထံ စိုက်ကြည့်နေသော စုရီကို ဝမ်းသာအားရ ချီးကျူးလိုက်သည်။
“ သူက မူလတာအို နယ်ပယ်ကို အတင်းအကြပ် ချိုးဖြတ်လာခဲ့တဲ့ လူပဲ မထူးဆန်းပါဘူး။ ”
“ ဒါပေမယ့် ... မင်းက ဒုတိယမဟာသခင်လေ။ ”
“ သွားရအောင်။ ”
စုရီက ရှင်းပြရန် ပျင်းရိလာပြီး ဘုံကျောင်းဒုတိယထပ်ကို လျှောက်လှမ်းသွား တော့သည်။
ဘုံကျောင်းသည် ကိုးထပ်ရှိကာ မရိုးရှင်းကြောင်း ပြောနိုင်သည်။ စုရီတို့ နှစ်ဦး၏ တိုက်ပွဲသည် တုန်လှုပ်ဖွယ် ကောင်းသော်လည်း အခန်းအတွင်း ပျက်စီးမှု လုံးဝမရှိခဲ့ချေ။
ဒုတိယထပ်တွင် ကျောက်နက်ဖြင့် ပြုလုပ်ထားသော အမြင့်သုံးမီတာရုပ်တုကြီး တစ်ခုကိုသာ မြင်လိုက်ရသည်။ ရတနာများ မရှိချေ။
ထို့ကြောင့် တတိယထပ်သို့ ဆက်တက်လာမိသည်။ အချည်းနှီး ပေပင်။ အသုံးမကျသော အသုံးအဆောင်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။
“ ဘာလို့ရတနာတွေ မရှိရတာလဲ။ ”
ဤနည်းဖြင့် ကိုးထပ်ရောက်သည်အထိ လက်ဗလာဖြစ်နေခဲ့ရာ နင်စစ်ဟွာမှ အံ့ဩသွား တော့၏။
သည်အရပ်သို့ ရောက်ရှိလာရန် လမ်းတစ်လျှောက် ခရီးကြမ်းဖြတ်သန်းကာ တိုက်ပွဲများ ဝင်ခဲ့ရသည်။ အဆုံးတွင် နဂါးသွေး တစ်စက် မှတပါး အခြားမရှိချေ။
“ ဉာဏ်အလင်းခြံဝင်း ... ၊ အမှောင် နဂါးတားမြစ်နယ်မြေဆိုတဲ့ စာသားကို မမေ့နဲ့ ငါ့အမြင်အရတော့ ဒီနေရာဟာ ရတနာနယ်မြေ မဟုတ်လောက်ပါဘူး ...
... တကယ့် ပဟေဋ္ဌိက ... ဘုံကျောင်းမဟုတ်ဘဲ ဘုံကျောင်းအောက်မှာ ရှိမယ်ထင်တယ်။ ”
ထိုသို့ စကားပြောနေစဉ် စုရီသည် တစ်စုံတစ်ခုကို သတိရသွားပြီး ဘုံကျောင်း၏ ပထမထပ်သို့ ပြန်ဆင်းလာခဲ့သည်။
အခန်းအတွင်း ရောက်သည်နှင့် ခန်းမအလယ်ရပ်ကာ ပျက်စီးနေသော ဆေးရေး ပန်းချီများကို ဂရုတစိုက် တစ်ဖန် ပြန်ကြည့် လိုက်တော့၏။
အချိန်များ တရွေ့ရွေ့ကုန်လွန်သွား၏။ အဆုံးတွင် တစ်စုံတစ်ရာကို ရှာဖွေ တွေ့ရှိသွား သကဲ့သို့ မျက်လုံးများ မှိတ်ချလိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် ပန်းချီကား တစ်ချပ်ရှေ့ လျှောက်လှမ်းသွားကာ စိုက်ကြည့်ပြန်သည်။
ထိုပန်းချီကားသည် ပျက်စီးပြီး မှုန်ဝါးနေခဲ့၏။ ၎င်းသည် သူတို့ရောက်ရှိနေရာ လက်ရှိတောင်တန်းပုံ နဂါးကြီးဖြစ်သည်။
သို့သော် တောင်ထိပ်တွင် ဘုံကျောင်း မရှိချေ။ ယင်းအစား နဂါးပုံတောင်အောက်တွင် မှောင်မိုက်နေသော မြေအောက်ကမ္ဘာတစ်ခု ရှိနေသည်။
မြေအောက်ကမ္ဘာကို သရုပ်ဖော်ထားသည့် မြင်ကွင်းများမှာ မပြည့်စုံသော်လည်း ထိုအရပ်၌ သွေးနီရောင်ရေဝဲကြီး ရှိနေခဲ့သည်ကို ထင်ထင်ရှားရှားမြင်နိုင်၏။
သွေးနီရေဝဲ အောက်ဘက်တွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ထိုင်နေသည့် ကြာပန်း ပလ္လင်ကြီးရှိသည်။
ဤမြင်ကွင်းသည် သွေးနတ်ဆိုး တောင်တန်း၏ မြေအောက်ကမ္ဘာကို ပြန်၍ သတိရလာစေသည်။
စုရီက မျက်ခုံးပင့် လိုက်မိ၏။ အာကာသဆုံမှတ်တစ်ခုသည် ကမ္ဘာနှစ်ခုကို ဆက်သွယ်ထားသော တံခါးဝ ဖြစ်၏။
“ တာအိုမိတ်ဆွေ မြန်မြန်ကြည့်စမ်း။ ”
ရုတ်တရက် နင်စစ်ဟွာက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ စုရီ လှည့်ကြည့်လိုက်ရာ ဘုန်းကြီးအလောင်းများမှ အိုင်ထွန်းနေသော သွေးများအားလုံး ပျောက်ကွယ်နေ၏။
“ ဒုန်း ... ။ ”
များမကြာခင် ကြမ်းပြင်အလယ်၌ သင်္ကေတများ ထွက်ပေါ်လာပြီး ကြာပန်းအသွင် ဖွဲ့စည်းလျက် ကျောက်ပြားကြီး တစ်ချပ် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
“ သွားကြည့်ရအောင် ... ။ ”
သုံးမီတာ အချင်းဝက်ခန့် အကျယ်ရှိသော မြေအောက် ဝင်ပေါက်တစ်ခု ပေါ်လာတော့၏။ စုရီက ဦးဆောင်ကာ မြေအောက်ဝင်ပေါက်ကို လှမ်းဝင်လိုက်သည်။
လမ်းတစ်လျှောက် သုံးမီတာအကွာ ရောက်သည်နှင့် ဗုဒ္ဓအနှစ်သာရဖြင့် ထွန်းညှိ ထားသော ကြေးမီးတိုင်တစ်တိုင် ရှိနေ၏။
နာရီဝက်ကုန်လွန်ပြီးနောက် မရေမတွက်နိုင်သော ကျောက်လှေကားထစ်များ ထွက်ပေါ်လာသည်။
ဤနေရာသည် အလွန်ကျယ်ဝန်းပြီး ကိုးပေမြင့်သော ပုံသဏ္ဍာန် အမျိုးမျိုးသော ဗုဒ္ဓ ရုပ်ပွားတော်များစွာကို နေရာချထား၏။
တစ်ချို့က တင်ပျဉ်ခွေထိုင်နေပြီး ပြုံးပြကြသည်။ အချို့သည် ဒဏ္ဍာရီလာသားရဲ များကို ဘေးတိုက်စီးနင်းနေ၏။
“ သတိထား ဒီရုပ်တုတော်တွေရဲ့ အရေအတွက်က ကောင်းကင်ဘုံ (၃၆)လွှာ ... ငရဲကြီး(၇၂)ထပ်နဲ့ ကိုက်ညီပြီး ...
... သွေးနတ်ဆိုးတောင်ပေါ်က ယဇ်ပလ္လင်(၁၀၈)လုံးနဲ့ အတူတူပဲ ဝင်္ကပါတစ်ခု ခင်းထားတာဖြစ်မယ် ... ။ ”
စုရီမှ သတိပေးလိုက်သည်။ မုရှီနှင့် နင်စစ်ဟွာက တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ လေးနက်သွား၏။
“ ငါ့နောက်လိုက်ခဲ့ ... ။ ”
စုရီက လူတိုင်းကို ဦးဆောင်ပြီး မတူညီသောရုပ်ပွားတော်များ အကြားသို့ စတင်လျှောက်လှမ်းတော့၏။
“ ဟိတ် ... ။ ”
သို့သော် တည့်တည့်မတ်မတ် သွားခြင်းမဟုတ်ချေ။ ကွေ့ပတ် ရွေ့လျားပြီး တစ်ခါတစ်ရံ ခုန်တက်သည်။
အကြိမ်များစွာပင် ခြေလှမ်းအနည်းငယ် နောက်ပြန်နောက်ကာ လမ်းလွှဲထံသို့ ဦးတည် သွား၏။
ဤကဲ့သို့ လှည့်ပတ်သွားလာနေစဉ် နာရီဝက်ကုန်လွန်သွားသည်။ အဆုံးတွင် စုရီက ရုပ်ပွားတော်တစ်ဆူရှေ့ ရပ်လိုက်တော့၏။
ဤရုပ်တုသည် အမြင့်ကိုးပေရှိပြီး ကြာပန်းတံဆိပ် ဖော်ဆောင်လျက် တင်ပျဉ်ခွေ ထိုင်နေသည့် ဘုန်းကြီးတစ်ပါး ဖြစ်သည်။
ရစ်ခွေထားသော နဂါးကြီးက ၎င်းအပေါ် အရိပ်မိုးပေးထား၏။ ဤကောက်ကြောင်းသည် ချောမွေ့ပျော့ပျောင်းပြီး နက်ရှိုင်းသော ခံစားချက်မျိုး ပေးစွမ်းသည်။
“ ဒါဆို မင်းပဲလေ ... ။ ”
စုရီမှ ခေါင်းညိတ်လိုက်သည်။ ယင်းသည် နဂါးစီးကာ ကောင်းကင်၌ လှည့်လည်နေသော ဘုန်းကြီးအသွင်နှင့် တူနေ၏။
ထိုစဉ်က သင်္ကန်းဖြူဝတ် ဘုန်းကြီးသည် ဤဉာဏ်အလင်း ခြံဝင်းမှ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း နားလိုက်သည်။
မဟာကျိုးကဲ့သို့ သေမျိုးကမ္ဘာတွင် ကြယ်ရောင်စုံ ကောင်းကင်ကြီးကို ဖြတ်သန်း သွားလာနိုင်သည့် စွမ်းအားရှင်တစ်ပါးကို မွေးထုတ်ပေးနိုင်သည်မှာ ယုံနိုင်ဖွယ်မရှိချေ။
မိုးပြာတိုက်ကြီးသည် အမှန်ပင် စိတ်ဝင်စားစရာ ကောင်းလာချေ၏။ စုရီမှ လေးနက်လာပြီး၊
“ မိတ်ဆွေ တောင်းပန်ပါတယ်။ ”
-ဟု ဆိုကာ ရုပ်တုကို အရိုအသေ ပေးလိုက်သည်။
“ ရွှပ် ... ။ ”
ထို့နောက် ဆန်းကြယ်သော အစိမ်းရောင်ဓားမီးတောက်ဖြင့် ပစ်လွှတ်လိုက် တော့၏။
“ ဘန်း ... ။ ”
ရုပ်ပွားတော်သည် ထာဝရ အမှောင်ထု အတွင်းမှ နိုးထလာဟန်ဖြင့် မျက်လုံးများဖွင့်ကာ မြင့်မြတ်သော ရောင်ဝါကို ထုတ်လွှတ် လာချေပြီ။
လူတိုင်း အသိစိတ် ဗလာကျင်းကုန်၏။ သူတို့ပြန်နိုးလာချိန်၌ အချိန်မည်မျှ ကုန်လွန် သွားမှန်း မသိတော့ချေ။
ထိုအချိန်၌ ရုပ်တုတော်သည် ထူးခြားမှု မပြတော့ဘဲ အမှောင်ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့၏။
စုရီထံ လှည့်ကြည့်လိုက်ချိန်၌ အလွန် မောပန်းကာ တင်ပျဉ်ခွေထိုင်ပြီး တရားမှတ်နေ သည်ကို မြင်လိုက်ရတော့သည်။
***