← Chapters

သွေးလွန်းပျံ ... ။

Vol. 19 Ch. 227

သွေးလွန်းပျံ ... ။

Vol. 19 Ch. 227

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်၌ စုရီတစ်ယောက် ကုန်ဆုံးသွားသော စွမ်းအင်များ ပြန်လည်ရရှိကာ နိုးထလာ၏။

“ တာအိုမိတ်ဆွေ ဒီရုပ်တုက ဝင်္ကပါအစီရင်ရဲ့ဗဟိုချက်လား။ ”

သို့မှသာ နင်စစ်ဟွာက သူမ သိချင်သည်များကို မေးမြန်းလိုက်ရသည်။

“ မှန်တယ် ... ။ ”

စုရီမှ ခေါင်းညိတ်ပြသည်။ ဤအစီရင်ကို ပြန်၍ ပြုပြင်ရန်အတွက် စွမ်းအင်များ အားလုံး နီးပါးကုန်ဆုံးခဲ့ရသည်။

ကံကောင်းစွာဖြင့် အဆုံးတွင် ဝင်္ကပါအစီရင်ကို လုံးလုံးလျားလျား ပြုပြင်နိုင် ခဲ့သည်။ ၎င်းကို နတ်ဆိုး ပိတ်လောင်ခြင်း ကောင်းကင်မီးလျှံ ဝင်္ကပါဟု ခေါ်၏။

ဤမြေအောက် ကမ္ဘာအပေါ် နှစ်ပေါင်းများစွာ နှိမ်နှင်းထားခဲ့သည်။

“ သွားရအောင် ... ။ ”

အဆုံးတွင် စုရီတစ်ယောက် ရှေ့တည့်တည့်သို့ ဆက်လျှောက်သွားခဲ့၏။ လမ်းတစ်လျှောက် ‌ရွေ့လျားပိတ်ဆို့လာသော ရုပ်ပွားတော်များ ရှိနေသည့်အခါတိုင်း လက်ရမ်းကာ ဖယ်ရှားပစ်ခဲ့သည်။

ဤမြင်ကွင်းအရ စုရီသည် တားမြစ်ဝင်္ကပါအစီရင်ကို လုံးဝ ထိန်းချုပ်ထား နိုင်ပြီဖြစ်ကြောင်း သေချာလာစေ၏။

များမကြာမီ မီတာသုံးရာခန့် ကျယ်ပြောလှသော သွေးနီစုပ်ဝဲကြီးကို မြင်လာ ရတော့သည်။

သွေးစုပ်ဝဲကြီးက ဖြည်းညှင်းစွာ လှည့်ပတ်လျက် အနားရှိ လေဟာနယ်အပေါ် တွန့်ခေါက်နေစေ၏။ သူ့အောက်တွင် အမြင့် ကိုးပေနှင့် အနက်ရောင် ကြာပလ္လင်ရှိသည်။

ထိုကြာပလ္လင်ပေါ်၌ ကွဲအက်နေသော ဥခွံအပိုင်းအစများကဲ့သို့ အပိုင်းအစအချို့ ပြန့်ကျဲနေ၏။

ဤမြင်ကွင်းသည် ပထမထပ်တွင် မြင်ခဲ့ရသော ပန်းချီကားနီးပါးပေပင်။ သို့သော် ပန်းချီကားတွင် ကြာပလ္လင်ထက်၌ ဗုဒ္ဓ ရုပ်ပွားတော် ထိုင်နေ၏။

“ ဒီနေရာက သွေးနတ်ဆိုးတောင် အာကာသဆုံမှတ်နဲ့ တူတယ်။ ”

“ ဟမ့် ... ဒါက ဘာလို့များ ... အဆိပ်မြူတောင်တန်း ဗဟိုဒေသမှာရှိတဲ့ သွေးရေဝဲနဲ့ တူနေရတာလဲ။ ”

နင်စစ်ဟွာ အတည်ပြုသံနှင့် လန်စု၏ အံ့သြနေသံသည် တပြိုင်နက်တည်း ထွက်ပေါ် လာခဲ့သည်။ ထို့ကြောင့် မုရှီနှင့် နင်စစ်ဟွာက လန်စုကို ပြန်ကြည့်လိုက်မိ၏။

“ ဒါဆို နတ်ဆိုးတောင်တန်း တစ်ခုစီမှာ အလားတူ အာကာသဆုံမှတ်တွေ ရှိတယ်လို့ ဆိုလိုတာလား။ ”

မုရှီတစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားလာ၏။

“ တစ်ခုခုတော့ မှားနေပြီ ... ။ ”

ထိုအချိန်တွင် ကြာနက်ပလ္လင်ကို စစ်ဆေးကြည့်နေသော စုရီသည် ရုတ်တရက် မျက်မှောင်ကြုတ်ကာ၊

“ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တစ်ယောက်ယောက် ဒီနေရာကနေ ဖြတ်ကျော် ဝင်ရောက်နိုင်ခဲ့ပုံပဲ။ ”

-ဟု မှတ်ချက်ပေးလိုက်တော့၏။

“ ..... ။ ”

ဤမြေအောက်ကမ္ဘာအပေါ် တားမြစ်ဝင်္ကပါအစီရင်ဖြင့် ဖုံးလွှမ်းထားသည်။ လူတိုင်းသည် စုရီ၏ ဦးဆောင်မှုများကြောင့်သာ သည်နေရာသို့ ရောက်ရှိလာနိုင်ခြင်း ဖြစ်၏။

မည်သူသည် စုရီကဲ့သို့ ဤအမူကို ပြီးမြောက်အောင် လုပ်နိုင်စွမ်းသည်နည်း။ သုံးယောက်သာ အသက်မဲ့သွားကြ၏။

“ ဒီအပိုင်းအစတွေက ... တာအိုပိုးအိမ်ကွဲသွားရာကနေ ထွက်လာတဲ့ အရာတွေပဲ။ ”

“ ဝှစ် ... ။ ”

စုရီက ကြာနက်ပလ္လင်အပေါ်သို့ ခုန်တက်ကာ သွေးစွန်းနေသော အပိုင်းအစ တစ်ခုကို ကောက်ယူ ကြည့်လိုက်၏။

“ ငါ့ခန့်မှန်းချက်သာ မှန်ရင် ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ အနှစ်(၃၀)ထက် မပိုသင့်ဘူး။ ”

“ ဟမ့် ... ဒီမှာ ကျောက်စိမ်းပြားတစ်ချပ်။ ”

နင်စစ်ဟွာက ရုတ်တရက် ကြာနက်ပလ္လင်အောက်ခြေရှိ သုံးလက်မခန့် ရှိသော ကျောက်စိမ်းပြားတစ်ချပ်ကို ကောက်ယူပေးလိုက်သည်။

“ ဒီကျောက်စိမ်းသင်္ကေတ ပိုင်ရှင်ရဲ့ အထောက်အထားကို ရှာတွေ့နိုင်သရွေ့ သူဟာ တခြားကမ္ဘာရဲ့ ဝိညာဉ်ဆိုတာ ငါတို့သိနိုင်ပြီ။ ”

မုရှီက စိတ်လှုပ်ရှားလာ၏။ ထိုစဉ်က သွေးနတ်ဆိုး တောင်တန်းတွင် သူရဲကောင်း ချန်ကျန့်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ခဲ့သော ဝိညာဉ် မြင်ထားဖူးသည်။

“ ရွှီး ... ။ ”

“ ဟမ့် ... ။ ”

သုံးယောက်သား ကျောက်စိမ်းပြားကို အာရုံရောက်နေစဉ် ရုတ်တရက် အမှောင်ထဲမှ ပြိုးပြက်နေသော သွေးနီရောင် အလင်းတန်း တစ်ခု စုရီထံ ဦးတည်လာတော့သည်။

“ ထန် ... ထန် ... ။ ”

ဤသည်မှာ ခိုးဝင်တိုက်ခိုက်မှုတစ်ခု ဖြစ်သောကြောင့် စုရီမှအမှောင်နတ်ဓားဖြင့် အန္တရာယ်ကြီးစွာ ပိတ်ဆို့လိုက်ရ၏။

အကျိုးဆက်အနေဖြင့် ကြာနက်ပလ္လင်ပေါ်တွင် တုန်ယင်စွာ ဆုတ်ခွာ လိုက်ရတော့သည်။

“ အဟွတ် ... အဟွတ် ... ။ ”

စုရီပုံသဏ္ဍာန်သည် တစ်ကိုယ်လုံး တုန်ယင်နေပြီး သွေးချောင်းဆိုးလာတော့၏။ ဤတိုက်ခိုက်မှုသည် အလွန်ကြောက်စရာ ကောင်းချေပြီ။

လက်နက်သည် လေးလက်မခန့် ရှည်လျားသော နှစ်ဖက်ချွန် လွန်းပျံလက်နက် တစ်ခု ဖြစ်၏။ ၎င်းက လေထုအလယ် ပျံဝဲနေခဲ့သည်။

“ ဟမ့် ... ။ ”

စုရီက အသက် ပြင်းပြင်းရှူလျက် သူ့မျက်ဝန်းများအတွင်း ကြောက်မက်ဖွယ် ကောင်းသော ရန်သူကို မြင်လိုက်ရသကဲ့သို့၊

“ နောက်ဆုတ် ... ။ ”

-ဟု ပြောကြားလိုက်သည်။

နင်စစ်ဟွာအတွက်မူ စုရီကို ဤမျှ လေးနက်သောအသွင်မျိုးဖြင့် ပထမဆုံးအကြိမ် မြင်လိုက်ရခြင်းပေပင်။

“ ဝှစ် ... ။ ”

ထို့ကြောင့် သတိကြီးစွာဖြင့် ချက်ချင်း ဆုတ်ခွာရန် ပြင်တော့၏။ သို့သော် ထိုလွန်းပျံက သူမထံ ဦးတည်ကာ ပျံသန်းလာသည်။

“ ရပ်စမ်း ... ။ ”

အမှောင်နတ်ဓားကာ ကြားဖြတ် တိုက်ခိုက်လိုက်၏။ လွန်းပျံမှာ နောက်ပြန် ဆုတ်ခွာသွားသကဲ့သို့ စုရီသည်လည်း ယိမ်းယိုင်သွားပြန်သည်။

လွန်းပျံမှ ထုတ်လွှတ်သည့် စွမ်းအားသည် ကျင်းဟီကဲ့သို့ မြေကြီးအဆင့် အင်မော်တယ် တစ်ဦးထက် များစွာ အားကောင်းနေ၏။

“ ဝိညာဉ် လက်နက် ... ။ ”

စုရီမျက်ဝန်းများ အနည်းငယ် မှေးကျဉ်းသွား၏။ ဤလက်နက်သည် များစွာ ကြောက်စရာ မဟုတ်ချေ။

သို့သော် ထိန်းချုပ်သူသည် ဝိညာဉ်တာအိုနယ်ပယ်၌ ဖြစ်နိုင်ဖွယ်ရှိသည်။

“ ရွှီး ... ။ ”

ထိုစဉ် သွေးလွန်းပျံသည် စုရီထံ ဦးလှည့် ပျံသန်းလာ၏။ ဖြတ်သန်းသွားရာ တစ်လျှောက် မီးပင်လယ်ကြီး လိုက်ပါလာသည်။

“ ဝှစ် ... ။ ”

“ အဟွတ် ... အဟွတ် ... ။ ”

စွမ်းအားသည် စိတ်ကူး မယဉ်နိုင်ချေ။ ဤတစ်ကြိမ်၌ စုရီတစ်ယောက် တိမ်းရှောင်ရန် ကြိုးစားလိုက်တော့သည်။ သို့တိုင် ၎င်းနောက်မှ လိုက်ပါလာသော အဟုန်သည် သွေးချောင်းဆိုး စေခဲ့၏။

“ ဝှီး ... ။ ”

ထိုအချိန်တွင် သွေးလွန်းပျံသည် လေထဲနောက်ပြန်လှည့်လာပြီး အရှိန်ပြင်းစွာ ထပ်မံ ဝင်ရောက်လာပြန်၏။

သူ့နှုတ်ခမ်းမှ သွေးများသုတ်လျက် မျက်ဝန်းများ မှေးစင်းသွားသည်။ စုရီအဖြစ် မွေးဖွားလာပြီးနောက် ဤတိုက်ပွဲသည် အန္တရာယ်အရှိဆုံးပေပင်။

ပြိုင်ဘက်သည် ဝိညာဉ်တာအို ကျွမ်းကျင်သူဖြစ်ချေ၏။ ယင်းသည် မြေကြီး အဆင့် ကျွမ်းကျင်များထက် နယ်ပယ်တစ်ခု မြင့်သည်။

“ အသက်ဝင် ... ။ ”

စုရီက ချက်ချင်းပင် တံဆိပ်တစ်ခုကို အသက်သွင်းလိုက်၏။ မြေအောက်ကမ္ဘာတွင် ပြန့်ကျဲနေသော အမြင့်ကိုးမီတာရှိ ရုပ်ပွားတော် များအားလုံး ချက်ချင်း နိုးထလာခဲ့သည်။

“ ကျွီ ... ကျွီ ... ကျွီ ... ။ ”

အဆုံးတွင် ကြောက်မက်ဖွယ် သဏ္ဍန်မဲ့ စွမ်းအားတစ်ခု လေထုအလယ် ပျံတက်လာပြီး ဗုဒ္ဓပုံရိပ်ကြီး ဖြစ်ပေါ် လာစေသည်။

“ သွား ... ။ ”

စုရီက သူ့လက်ကို ညွှန်ပြလိုက်၏။ ရုပ်ပွားတော်များ အားလုံးတွင် ရွှေရောင်များ တောက်ပလာပြီး လေထဲပျံဝဲလာသော သွေးလွန်းပျံကို နှေးကွေးသွားစေ၏။

“ ဝူး ... ။ ”

တစ်ဆက်တည်းမှာပင် ဗုဒ္ဓပုံရိပ်ကြီးမှ လက်ဖဝါးဖြင့် ရိုက်ချလာတော့သည်။ သို့သော် ဤအခိုက်တွင် သွေးနီစုပ်ဝဲကြီးအတွင်းမှ သွေး တောင်တန်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ် လာပြီး လက်ဖဝါးကို ပိတ်ဆို့သွား၏။

“ ဝုန်း ... ။ ”

သွေးတောင်ကြီးက ရွှေလက်ဖဝါးနှင့် တိုက်မိသောအခါ ကျယ်လောင်စွာ ပေါက်ကွဲပြီး မြေအောက်ကမ္ဘာအတွင်း၌ အပျက်အစီးများ ထွက်ပေါ်လာတော့သည်။

“ ဝှစ် ... ။ ”

ဤအခွင့်အရေးကို အသုံးချကာ သွေးလွန်းပျံသည် ဖိနှိပ်ချုပ်ချယ်မှုမှ ရုန်းကန်ပြီး ပြန်ဆုတ်သွား၏။

တစ်ဆက်တည်းမှာပင် သွေးလွန်းပျံအပေါ်တွင် ပုံရိပ်တစ်ရိပ် ထွက်ပေါ် လာလေသည်။

“ ဟမ့် ... သေမျိုးနယ်ပယ်ကိုတောင် မကျော်ဖြတ်နိုင်သေးတဲ့ လူငယ်တစ်ယောက်က ဉာဏ်အလင်းခြံဝင်း တည်ဆောက်ထားတဲ့ ဝင်္ကပါကို အသုံးပြုနိုင်တာလား ... မယုံနိုင်စရာပါပဲ။ ”

ဤသည်မှာ အရပ်ရှည်ရှည်နှင့် ခံ့ငြားသော အမျိုးသားတစ်ဦး ဖြစ်၏။ ၎င်းမှ သွေးလွန်းပျံကို စီးနင်းလျက် စုရီကို လောဘကြီးစွာ စိုက်ကြည့် နေတော့သည်။

တစ်ဖက်တွင် ထိုမြင်ကွင်းသည် စုရီကို အနည်းငယ် စိတ်ပျက်သွားစေ၏။ ဤသည်မှာ ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူ၏ ဝိညာဉ် အပိုင်းအစတစ်ခုမျှသာ ဖြစ်နေခဲ့ချေပြီ။

***

All Chapters