← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

စူးထောင်သည် အစီရင်ခံစာကို ကြည့်နေရာမှ ကျန်းချီကိုကြည့်လိုက်ကာ ထိုမှတဖန် ယန်ချင်းကို ကြည့်လိုက်၏။ သူမက မျက်မှောင်ကြုတ်သွားပြီး ပြတင်းပေါက်ကို ညွှန်ပြကာ အေးစက်သည့်မျက်နှာဖြင့် ကျန်းချီအား ပြောလာသည်။ "ဟိုဘက်ကိုလှည့်။"

ကျန်းချီသည် ပေါ့ပေါ့တန်တန်ပင် ထိုအကြည့်ကို ရုတ်သိမ်းပြီး နှုတ်ခမ်းစူကာ စုံလည်ကုလားထိုင်ကို လှည့်လိုက်ရင်း ပြတင်းပေါက်ဘက်သို့ ကြည့်လိုက်၏။ရုတ်တရက် သူ့အကြည့်က တဖက်အဆောက်အဦး၏ ပြတင်းပေါက်တည့်တည့်သို့ ရောက်သွားကာ နတ်ဆိုးဆန်ဆန်ပြုံးရင်း လိုက်ကာကိုချရာ ပြတင်းပေါက်ကို ဖုံးကွယ်သွားတော့သည်။

လမ်းတစ်ဖက်ရှိ အဆောက်အဦတွင် ကျင်းချွေ့ဝမ်၏ အော်သံနှင့်အတူ မှန်ပြောင်းက လုယူခံလိုက်ရသည်။ ရှဲ့ကျင်၏ မြင့်မားပြီး သေးသွယ်သောပုံရိပ်က ပြင်သစ်ဒီဇိုင်း မှန်ပြတင်းပေါက်ရှေ့တွင်ရပ်ကာ တစ်ဖက်ရှိ အဆောက်အဦဆီသို့ ကြည့်နေ၏။

ယနေ့တွင် ကျန်းချီသည် စူးထောင်၏ ရုံးခန်းသို့ ရောက်လာမည်ကြားခဲ့သဖြင့် ထိုကောင်စုတ်လေးအား အနီးကပ်ကြည့်ရန် ကျင်းချွေ့ဝမ်ကို မှန်ပြောင်းတစ်စုံဝယ်ခိုင်းခဲ့သည်။

မမျှော်လင့်ထားသည်မှာ ထိုကောင်စုတ်လေးက တကယ်ပဲ လိုက်ကာကိုချလိုက်ပြီး ထိုသို့မလုပ်ခင် နတ်ဆိုးဆန်ဆန်ပြုံးလိုက်သေး၏။

သူ့ကိုတမင် ရန်စနေတာ!

ရှဲ့ကျင်၏ အနက်ရောင်မျက်လုံးများက ဒေါသများဖြင့် ပြည့်နေပြီး မှန်ပြောင်းကို ကျင်းချွေ့ဝမ်ဆီသို့ ပစ်ပေးလိုက်ကာ အပြင်သို့ ထွက်သွားတော့သည်။

နန်ဟူပန်းခြံတစ်ဖက်ခြမ်းရှိ ဟော့ပေါ့ဆိုင်တွင် စူးထောင်နှင့် ကျန်းချီတို့က မျက်နှာချင်းဆိုင် ထိုင်နေကြ၏။ အော်ဒါမှာပြီးနောက် စူးထောင်သည် သူမကိုယ်တိုင်အတွက် မုယောလက်ဖက်ရည် လောင်းထည့်ကာ ခေါင်းကိုခါရမ်းနေပြီး သက်ပြင်းချလိုက်သည်။ " မင်းဟာလေ တကယ်ကို ဟော့ပေါ့ကြိုက်တာပဲ။"

ကျန်းချီသည် စူးထောင်လောင်းထည့်ထားသော မုယောလက်ဖက်ရည်ခွက်ကို တိုက်ရိုက်ပင်ယူကာ တုံ့ဆိုင်းခြင်းမရှိဘဲ သောက်လိုက်ပြီး" ဒါက မကြာသေးခင်ကဘခင်ဗျား ကျွန်တော့်အပေါ် တင်နေတဲ့အကြွေး အတွက်ပဲ။"

"ဘာအတွက် အကြွေးလဲ။ တို့မင်းဆီက ဘာအကြွေးမှ မယူထားဘူးလေ။"

စူးထောင်သည် ခွက်အလွတ်ကိုပြန်ယူကာ သူမအတွက် လက်ဖက်ရည်ကို လောင်းထည့်ရင်း" မင်းအတွက် မိုင်ထောင်ချီဝေးတဲ့နေရာအထိ ဟော့ပေါ့အော်ဒါ မှာပေးမိတာပဲရှိတယ်။ အဲဒါတို့မှားသွားသလား။"

"ကောင်းပြီ မင်းနဲ့မငြင်းတော့ဘူး။"

ကျန်းချီသည် သည်းခံနေသည့်အမူအရာဖြင့် လက်ဖက်ရည်ခွက်ကို ချလိုက်ကာ မျက်ခုံးကိုပင့်လိုက်ရင်း လှောင်ပြုံးပြလာသည်။ "တခြားအေးဂျင့်တွေက ကျွန်တော့်ကို တွေ့သွားတာနဲ့ နှလုံးတွေအကြမ်းပတမ်းခုန်လာပြီး ရှက်ရွံ့ကြပေမယ့် ခင်ဗျားကတော့ ကျွန်တော့်ကို ကွန်ပြူတာစခရင်လိုပဲ ကြည့်နေပြီး မျက်နှာက ကျောက်ရုပ်လိုပဲ။"

စူးထောင်သည် သူ့အားအေးတိအေးစက်ကြည့်ရင်း လှောင်ရယ်လာကာ "တို့ကလေ ရင်ခုန်ရမယ်ဟုတ်လား။ မင်းအကြောင်းစဉ်းစားလိုက်တာနဲ့ နှလုံးရောဂါပါရတယ်။ အမြဲတမ်းလိုလို စာချုပ်ကို သုံးပြီးတို့ကို ညှင်းဆဲနေတာလေ။"

ကျန်းချီ၏ အမူအရာမှာ တောင့်တင်းသွားပြီး စူးထောင်က စာချုပ်မချုပ်ခင်တုန်းကနဲ့ တော်တော်လေး ကွာခြားသွားကြောင်း ခံစားလိုက်ရသည်။

WeChat မှ လျန်ခယ့်ပို့လာသော 'ပွဲဦးထွက်ရာလမ်း'ဟူ‌သော showအတွက် အနုပညာရှင်များ၏ စားရင်းကို ပေးပို့တိုင်ပင်လာသည့် စာဝင်သံကြောင့် စူးထောင်မှာ သူအမူအရာ ပြောင်းလဲသွားသည်ကို သတိမထားမိလိုက်ပေ။

စူးထောင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့်အတူ အရောင်တောက်သွားကာ " ကျွန်မက "ပွဲဦးထွက်ရာလမ်း"ဆိုတဲ့ ရသံစုံရှိုးမှာ ပါဝင်စေချင်တယ်။ အဲဒီရှိုးက ရှင့်ရဲ့fanbaseကို အတိအကျ ပစ်မှတ်ထားနေတာပဲ။နောက်ပြီး ရှိုးကလည်း နာမည်ကြီးပဲ။ ရှင့်ရဲ့စွမ်းဆောင်ရည်နဲ့သာဆို ပလက်ဖောင်းက လုံးဝခုန်တက်တက်သွားမှာ။"

စူးထောင်၏ စိတ်အားထက်သန်မှုက ကျန်းချီအပေါ် လုံးဝမသက်ရောက်ပေ။ သူကလုံးဝစိတ်မဝင်စားသလို ထိုကိစ္စအပေါ်၌ အာရုံရှိမနေပေ။ "ကျွန်တော့်ခေါင်းထဲမှာ တစ်ချိန်လုံး အလုပ်အကြောင်းပဲ ရှိနေတယ်လို့ ခင်ဗျားထင်နေတာလား။"

"မဟုတ်ရင်ရော မင်းကိုအလုပ်မလုပ်ခိုင်းရင် ရုံးခန်းထဲမှာ လာဘ်ခေါ်ကောင်လေးလို ထားထားရမှာလား။"စူးထောင်သည် သူ့ကိုမသက်ညှာပဲ ချက်ချင်းပြန်ပက်ပြောလိုက်၏။

ကျန်းချီသည် သူမ၏နူးညံ့သောစကားများနှင့် သူလိုချင်တာမှန်သမျှ ခြွင်းချက်မရှိ လိုက်လျောမှုများကိုသာ ကျင့်သားရနေသဖြင့် ယခုကဲ့သို့ ထပ်ကာထပ်ကာ ပြန်ခံပြောနေမှုကို လက်မခံနိုင်ဘဲ " ကောင်းလိုက်တဲ့စူးထောင် လက်မှတ်မထိုးခင်တုန်းက တောင်းပန်နေတဲ့ပုံစံနဲ့ မတူတော့ဘူးပေါ့ဟမ်။ ကျွန်တော်စာချုပ်ကို အဆုံးသတ်လိုက်မယ်ဆိုတာ ယုံလား။"

အစားအစာများရောက်လာသည့်အတွက် စူးထောင်သည် ပန်ကန်များကိုနေရာချကာ ဟော့ပေါ့ပါဝင်ပစ္စည်းများကို ပြင်ဆင်ရင်း အလုပ်ရှုပ်နေပြီး သူမကို ခြိမ်းခြောက်နေသည့် ကျန်းချီကို လှည့်တောင်မကြည့်ဘဲ ပေါ့ပေါ့ပါးပါးရယ်မောလိုက်ကာ " စာချုပ်အဆုံးသတ်မယ်ဟုတ်လား။ လုပ်လေ ဂဏာန်းကိုးလုံးအရေအတွက် လျော်ကြေးပေးဖို့ အဆင့်သင့်ဖြစ်နေပြီဆိုရင် တို့ဘက်က အချိန်မရွေးကြိုဆိုနေမှာပါ။"

ကျန်းချီ - "......"

ကျန်းချီ၏ အမူအရာသည် တခဏကြာ တောင့်တင်းသွားပြီး ရုတ်တရက် သူ့မျက်နှာချင်းဆိုင်တွင် ရှိနေသော အမျိုးသမီးမှာ နာခံတတ်သော ကြောင်လေးမဟုတ်တော့ဘဲ လက်သည်းဖွက်ထားသည့် ကျားတစ်ကောင်မှန်း သဘောပေါက်သွားတော့သည်။

သားကောင်ကို မဖမ်းခင် သူမသည် ရန်သူများအား စိတ်ရှုပ်ထွေးပြီး အာရုံစူးစိုက်မှု၊ သတိထားမှုများကို လျော့ချစေရန် ရိုးသားသိမ်မွေ့၊ခပ်အေးအေးပုံစံဖမ်း၏။ ထို့နောက် သားကောင်အနီးသို့ တိတ်တဆိတ်ချဉ်းကပ်ကာ တစ်ခါတည်း လက်သည်းကိုထုတ်ပြီး ခုန်အုပ်ဖမ်းတော့သည်။

အရေးကြီးဆုံးအချက်မှာ သူမ၏လက်သည်းများက ချွန်ထက်မနေသော်လည်း ဘာအသံမှမထွက်ဘဲ သင့်ကိုလွတ်ထွက်မသွားအောင် ကုတ်ထားနိုင်၏။

ကျန်းချီလက်ထဲရှိ တူချောင်းများသည် ရပ်တန့်နေပြီး သူ၏ကြည်လင်တောက်ပသော မျက်လုံးများက စူးထောင်အား စိုက်ကြည့်နေကာ မျက်လုံးများထဲတွင် သူကိုယ်တိုင်ပင် သတိမထားမိသော နူးညံ့မှုများ ရှိနေသည်။

စူးထောင်၏ အနောက်တွင် စားပွဲပေါ်ရှိ အပင်ပုပန်းအိုးကိုသုံးကာ သူ့မျက်နှာကို ဖုံးကွယ်ထား၏။ သူ၏‌ဒေါသအပြည့်နက်မှောင်နေသော မျက်လုံးများက ကျန်းချီကို စူးစူးဝါးဝါးကြည့်နေကာ သူ့မျက်လုံးကို ဖောက်ထုတ်ပစ်ချင်နေသလိုမျိုး ဖြစ်နေသည်။

ကျန်းချီသည် တခြားတစ်ဖက်မှ ဒေါသအငွေ့အသက်ကို ခံစားလိုက်ရသည့်အတွက် စူးထောင်၏ မျက်နှာထံမှ အကြည့်လွှဲလိုက်ပြီး မော့ကြည့်လိုက်ရာ ရှဲ့ကျင်၏ အန္တာရယ်ရှိသည့် မျက်လုံးနှင့်ဆုံသွား၏။

သူ့ကို ပထမဆုံးအကြိမ်တွေ့တုန်းက တော်တော်လေးကို လန်းဆန်းတတ်ကြွနေတာ။

ကျန်းချီသည် စိတ်ကိုတည်ငြိမ်အောင်လုပ်ကာ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ တခဏတာ တွေးတောပြီးနောက် တစ်ခုခုကို သဘောပေါက်သွားသလိုမျိုး နှုတ်ခမ်းထောင့်က မသိမသာ ကွေးတက်သွား၏။

လက်အိတ်ကို ကောက်စွပ်လိုက်ပြီး အသားကြွပ်ကြော် တစ်ခုကိုယူကာ စူးထောင်၏ နှုတ်ခမ်းအနားသို့ ကမ်းလာပေးသည်။

စူးထောင်သည် အနောက်သို့ဆုတ်ကာ အလိုလိုရှောင်တိမ်းလိုက်ပြီး ကျန်းချီကို ကြည့်ရင်း ထိုအရာကိုလက်ဖြင့် လှမ်းယူလိုက်သော်လည်း မထင်မှတ်ထားစွာ သူမပါးစပ်ထဲသို့ ခွံ့ထည့်လာ၏။

အသားကြွပ်ကြော်များဖြင့် ပြည့်ဖောင်းနေသောသူမမျက်နှာလေးနှင့် ပြူးကျယ်ဝိုင်းစက်‌သွားသည့် မျက်လုံးများကို မြင်လိုက်ရသောအခါ မသိစိတ်အရ ကျန်းချီ၏ မျက်လုံးများမှာ ပြုံးလာတော့သည်။

မူလအစက ရှဲ့ကျင်အား ရန်စဖို့သာ ရည်ရွယ်ထားသော်လည်း ထိုအစား သူမအားအစာခွံ့ခြင်းလုပ်ငန်း၌ ပျော်ရွင်လာသဖြင့် နောက်ထပ်အပိုင်းအစတစ်ခုကို သူမပါးစပ်ထဲ ထပ်ထည့်လိုက်၏။

ပါးစပ်ထဲတွင် အသားများအပြည့်အမောက် ဖြစ်နေသည့်အတွက် အပြစ်တင်မည့် စကားကိုပင် မဆိုထားနှင့် "အမ်းး"ဟုသာ ကန့်ကွက်နိုင်ခဲ့သည်။

ကျန်းချီ၏ ပျော်ပျော်ရွှင်ရွှင် ရယ်မောသံက ရှဲ့ကျင်ကို ပိုဆိုးလာစေပြီး မျက်ဝန်းထဲရှိဒေါသမီးလျံများက တောက်လောင်လာကာ ဆတ်ကနဲ မတ်တပ်ရပ်လိုက်သဖြင့် ကျယ်လောင်သော ထိုင်ခုံပွတ်ဆွဲသံက စူးထောင်၏ အာရုံကို ဆွဲဆောင်သွား၏။

ရှဲ့ကျင်သည် ရှေ့သို့လှမ်းလာပြီး ခြေလှမ်းကျယ်နှစ်လှမ်းရုံဖြင့် စူးထောင်၏ အနားသို့ ရောက်လာသည်။သူ၏ခက်ထန်ရက်စက်သော အကြည့်များကို ကျန်းချီဆီသို့ ပစ်လွှတ်လိုက်ပြီး မီးတောင်ချော်ရည်ပူများကဲ့သို့ ဒေါသများပန်းထွက်နေကာ ကြောက်ရွံ့ခြင်းကင်းမဲ့စွာဖြင့် ရန်သူမိတ်ဆွေမရှောင် သူ့လက်ဖြင့် သတ်ပစ်ချင်နေ၏။

"မင်းကိုဘယ်သူ ခွံ့ကျွေးခွင့်ပေးထားလို့လဲ။"

သူ၏အေးစက်သော လေသံသည် လေအေးပေးစက်တပ်ထားသော စားသောက်ဆိုင်ကို ပို၍အေးလာစေသည်။ သူထုတ်လွှတ်‌နေသည့် သေခြင်းတရားအငွေ့အသက်များကြောင့် ကျန်းချီနောက်က လူမှာ ကိစ္စများ ပိုပြင်းထန်လာလျှင် သူ့ဆီလွင့်စင်လာမည်ကို ကြောက်သဖြင့် ထိုင်ခုံကိုရှေ့သို့ ရွေ့လိုက်၏။

ထိုအခိုက်အတန့်တွင် ရှဲ့ကျင်သည် အနီရောင်သံရည်ပူနှင့်တူပြီး သူထိလိုက်သည့်မည်သူမဆို အသားများဆုတ်ပြဲသွားလိမ့်မည်။

သို့ရာတွင် သေးသွယ်ပြီး ချေမွတ်သောလက်ကလေးက သူ့လက်မောင်းကို ဆုပ်ကိုင်လာပြီး အေးစက်သောအသံက သူ့နှလုံးသားထဲသို့ ရေအေးလောင်းချလိုက်သလိုပင်။

"ရှင်ဘာလို့ ဒီမှာရှိနေတာလဲ။"

စူးထောင်၏ စကားက တောက်လောင်နေသော သံရည်ပူကို ငြိမ်းသတ်လိုက်သလိုမျိုး သူ၏ဒေါသများက မီးခိုးအဖြစ်ပြောင်းသွားကာ သူမအသက်ရှုကြပ်မည်ကို ကြောက်နေသကဲ့သို့ လက်ဖြင့်ဝှေ့ရမ်းပေးနေသည်။

"ဒီအတိုင်း ဖြတ်သွားတာ။"

"ဖြတ်သွားတာ ဟုတ်လား" ကျန်းချီ၏ လေသံသည် အချိန်ကိုက်ထွက်လာကာ ပဟေဌိဖြစ်နေသကဲ့သို့ မေးလာ၏။ "မျက်နှာချင်းဆိုင်က အဆောက်အဦးမှာ ကျွန်တော်ခင်ဗျားကို တွေ့လိုက်သလားလို့။ နောက်ပြီး ခင်ဗျားလက်ထဲမှာလည်း မှန်ပြောင်းကိုင်ထားတယ်။"

သူသည် 'မှန်ပြောင်း'ဟူသော စကားလုံးကို အလေးပေးဖိပြောလိုက်ရာ စူးထောင်၏ အမူအရာက ပြောင်းလဲသွားပြီး သူ့စကားက မှန်ကန်မှုရှိ၊မရှိ မေးနေသကဲ့သို့ ရှဲ့ကျင်အား မယုံသင်္ကာဟန်ဖြင့် ကြည့်လာသည်။

ရှဲ့ကျင်၏ လည်စေ့မှာ ထက်အောက်ရွေ့လျားသွားပီုး ခဏတာ တုံ့ဆိုင်းနေသောကြောင့် စူးထောင်သဘောပေါက်သွားတော့၏။

တခြားသူများ အစာစားနေသည်ကို အနှောက်အယှက်လည်းမပေးချင်သလို အတင်းအဖျင်း ပြောမှာကိုလည်း မဖြစ်စေချင်သည့်အတွက် သူမ၏လေသံကိုမမြှင့်လိုက်ပေ။ နှစ်ကိုယ်ကြားနိုင်သော လေသံဖြင့်သူ့ကို မေးလိုက်သည်။" ရှင် ကျွန်မကို နောက်ယောင်ခံ လိုက်နေတာလား။"

ရှဲ့ကျင်သည် အလျင်အမြန်ပင် ရှင်းပြတော့သည်။ "မဟုတ်ဘူး။ ဒီမေဘေးလေး လာမယ်ဆိုတာကြားလို့ ကိုယ် ကျင်းချွေးဝမ်ကို မှန်ပြောင်းဝယ်ခိုင်းလိုက်တာ။သူ့ကိုစောင့်ကြည့်တာပါ ကိုယ်မင်းကို နောက်ယောင်ခံ လိုက်နေတာ မဟုတ်ရပါဘူး။"

ရှဲ့ကျင်၏ ရှင်းပြပေးမှုက စူးထောင်၏ အမူအရာကို မလျော့ကျသွားစေသည့်အပြင် ပို၍ပင် အေးစက်လာ၏။ "ဒီအတွက်ကြောင့်နဲ့ ကျွန်မရုံးခန်းရဲ့ မျက်နှာချင်းဆိုင် အဆောက်အဦဆီကို ပြောင်းလာခဲ့တယ်ပေါ့။"

ရှဲ့ကျင်၏ မျက်တောင်ရှည်များက မသိမသာတုန်ယင်သွားပြီး အားနည်းစွာ သက်ပြင်းချလိုက်ကာ" ကိုယ်မင်းနဲ့ နီးနီးကပ်ကပ်လေး ပိုနေချင်ရုံပါ။"

"ရှင် ချက်ချင်း ပြောင်းရွေ့မယ်လို့ ကျွန်မမျှော်လင့်ပါတယ် မဟုတ်ရင် ကျွန်မရဲခေါ်လိုက်မှာ။"

စူးထောင်သည် ထိုစကားများကို သူ့ဆီပစ်သွင်းပြီးနောက် စားတောင်မစားတော့ဘဲ သူမ၏အိတ်ကို ဆုပ်ကိုင်ကာ စားသောက်ဆိုင်မှ ထွက်သွားတော့သည်။

ကျန်းချီသည်လည်း မတ်တပ်ရပ်ကာ ရှဲ့ကျင်ကို ဖြတ်လျှောက်ရင်း နှုတ်ခမ်းကို ကွေးလိုက်ပြီး အဓိပ္ပါယ်ပါပါပြုံးကာ မျက်လုံးထဲတွင် ရန်စနေမှုအပြည့် ဖြစ်နေ၏။

သူက စူးထောင်ကို မှီသွားပြီး သူမဘေးတွင် လမ်းလျှောက်ကာ တောက်ပစွာ ပြုံးနေသည်။

ရှဲ့ကျင်သည် ပြတင်းပေါက်မှတဆင့် သူတို့ကို ကြည့်နေကာ မသိလိုက်ပါဘဲ လက်ကိုခပ်တင်းတင်း ဆုတ်ထားမိ၏။

--------

"ပွဲဦးထွက်ရာလမ်း" အသံစမ်းရွေးပွဲအစီအစဉ်ကို ပေ့ချန်မြို့တွင် ရိုက်ကူးမည်ဖြစ်သည်။ ဖျော်ဖြေရေးကုမ္ပဏီ ၅၀ကျော်၊ မီဒီယာ ဒါဇင်ချီ၊အွန်လိုင်းပလက်ဖောင်း အများအပြား ပူးပေါင်းပါဝင်မည့် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဖြစ်သည့် variety show ကြီးကို ကျင်းပမည်ဖြစ်၏။

နာမည်ကြီး အမျိုးသား၊ အမျိုးသမီး idolများက ပါဝင်မည့်ဧည့်သည်အဖြစ် ဖိတ်ကြားခံရမည်ဖြစ်ပြီး Entertainment နှင့် မီဒီယာပလက်ဖောင်း များက အကဲဖြတ်ဒိုင်လူကြီးအဖြစ် လုပ်ဆောင်ရမည်ဖြစ်ကာ နောက်ဆုံးတွင် ယောက်ျားလေးတစ်ဖွဲ့၊ မိန်းကလေးတစ်ဖွဲ့ ရွေးချယ်ရမည်ဖြစ်သည်။

ကျင့်ယန် Entertainment သည်လည်း ဖိတ်ကြားခံရကာ ပုံမှန်အတိုင်းပင် လျန်ခယ့်က အကဲဖြတ်ဒိုင်လူကြီးနေရာကိုယူပြီး အစီအစဉ်အစမှ အဆုံးအထိပါဝင်ရမည်။

စူးထောင်က သူမ၏အနုပညာရှင်နှစ်ယောက်ဖြစ်သော ကျန်းချီနှင့် ရွှယ်ရှင်းကျစ်ကို ရိုက်ကူးရေးနေရာသို့ ခေါ်လာ၏။

ယနေ့တွင် အသံစမ်းရွေးချယ်မည်ဖြစ်သည်။ အမျိုးမျိုးသော ကုမ္ပဏီများမှ တိုက်ရိုက်ဖိတ်ကြားခြင်းခံရသော ယောက်ျားလေး၊ မိန်းကလေး စုစုပေါင်းလူဦးရေ ၁၀၀ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်။

အသံ‌စမ်းရွေးချယ်ခြင်းသည် အစီအစဉ်၏ ပထမပိုင်းဖြစ်ပြီး မနေ့တုန်းက ဧည့်သည်မပါ၊ ဒိုင်လူကြီးမပါဘဲ အစမ်းရိုက်ကူးပြီးပြီဖြစ်ရာ ယနေ့တွင် တရားဝင် စတင်ရိုက်ကူးမည်ဖြစ်၏။

လျန်ခယ့်၏ အဆက်အသွယ်ကို ကျေးဇူးတင်ရမည် ကျင့်ယန်က အထူးသီးသန့်အဝတ်အစားခန်း တစ်ခန်းရခဲ့သည်။ လျန်ခယ့်၏ အနုပညာရှင် ၄ယောက်နှင့် ရွှယ်ရှင်းကျစ်တို့က အစီအစဉ်အတွက် တိတ်တဆိတ် လေ့ကျင့်ပြင်ဆင်နေကြကာ ကျန်းချီတစ်ယောက်သာလျှင် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ဂိမ်းဆော့နေ၏။

အများစုမှာ ကျော်ကြားမှုမရှိသေးသော လူသစ်များဖြစ်သည့်အတွက် ကိုယ်ပိုင်လက်ထောက် မရှိကြချေ။

ယနေ့၏အသံစမ်းရွေးချယ်ပွဲတွင် အောင်မြင်ကြသူများမှာ လေ့ကျင့်ရေးနေရာသို့ တိုက်ရိုက်ဝင်ရောက်ရမည် ဖြစ်သဖြင့် လက်ထောက်မလိုပေ။ သူတို့ ကိုယ်တိုင် အဖွဲ့ကိုဦးဆောင်ရမည်။

စူးထောင်သည် ရှပ်အင်္ကျီအဖြူကို ဘောင်းဘီထဲထည့်ထားရာ သေးသွယ်သောခါးက ပေါ်လွင်နေသည်။ သူမလက်ထဲတွင် ကော်ဖီခြောက်ခွက်သယ်ထားရင်း ခြေတံသွယ်သွယ်လေးဖြင့် နားနေခန်းသို့ အလျင်အမြန်လှမ်းနေ၏။

ဟော်တယ်ကပဲ အဆင်မပြေလို့လား ဒါမှမဟုတ် သူတို့ကပဲ စိတ်အပူလွန်နေလားမသိ မနေ့ညက နောက်ကျမှသာ အိပ်သွားကြသည်။ ကျန်းချီမှလွဲ၍ ကျန်ငါးယောက်မှာ မျက်နှာများ ထူအမ်းနေကြ၏။ ထူအမ်းမှု လျော့ကျစေရန် အနုပညာရှင်များအတွက် ဤကော်ဖီကို ဝယ်ခဲ့ခြင်းဖြစ်သည်။

စူးထောင်သည် အဝတ်လဲခန်းသို့အရောကါ တံခါးက ဘာမပြောညာမပြော ပွင့်လာသည့်အတွက် သူမရှောင်တိမ်းလိုက်ရာ နံဘေးရှိဖြတ်သွားသော သူတစ်ယောက်နှင့် တိုက်မိသွား၏။

"အိုင်းယား နင်ငါ့ကို အသေတိုက်ထည့်နေတာပဲ!" ညည်းညူသည့်အသံ ပေါ်လာပြီးနောက် အံ့ဩတကြီး ပင့်သက်ရှိုက်သံ ထွက်လာ၏။"စူးထောင်?"

စူးထောင်သည် အစက မြန်မြန်တောင်းပန်ပြီး မြန်မြန်ထွက်သွားရန် ရည်ရွယ်ထားသော်လည်း သူမနာမည် အခေါ်ခံလိုက်ရသည့်အတွက် အသံလာရာဘက် ကြည့်လိုက်ရာ ရင်းနှီးသလိုလို၊မရင်းနှီးသည့်မျက်နှာကို မြင်လိုက်ရသည်။

ချွန်သွယ်သွယ်မေးရိုး၊ မျက်ကပ်မှန်တပ်ထားသည့် မျက်လုံးဝိုင်းကြီးများနှင့် မျက်တောင်တုများက တဖျပ်ဖျပ်ခတ်နေပြီး မိတ်ကပ်များ အပြည့်လိမ်းထားသည့်သူမှာ ထျန်ရင်ရင် ဖြစ်၏။ မသေချာစွာ စူးထောင် မေးလိုက်သည်။ "ထျန်ရင်ရင်လား။"

ထိုမျက်နှာဟာ ခွဲစိတ်ဓားချက်များအောက်တွင် အကြိမ်များစွာ ပြုပြင်ထား၏။

ထျန်ရင်ရင်သည် ခပ်တောင့်တောင့် ပြုံးပြလိုက်ပြီး သူမ၏အကြည့်က စူးထောင်လက်ထဲရှိ ကော်ဖီခွက်ပေါ်သို့ကျသွားသောအခါ ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။" ငါတို့မ‌တွေ့တာ တစ်နှစ်တောင်ရှိသွားပြီ နင်လည်းဖျော်ဖြေရေးလောကထဲ ဝင်လိုက်တယ်ပေါ့။လက်ထောက်အနေနဲ့လုပ်တာ လစာရောမြင့်လား။ ဒါမှမဟုတ် ငါ့‌လက်ထောက် လာလုပ်ရင်ရော။"

စူးထောင်သည် အဝတ်အစားလဲခန်း ထွက်ပေါက်မှ 'ရှင်းကျွယ်'ဟူသော နာမည်ပြားကို သတိထားမိသွား၏။သူမ၏ ဆက်စီကျသော ဝတ်စားဆင်ယင်မှုပုံစံအရ ရှင်းကျွယ် လက်အောက်မှ အနုပညာရှင်တစ်ဦး ဖြစ်ပုံရသည်။

"နင် အနုပညာရှင်တစ်ယောက် ဖြစ်နေပြီပေါ့။" စူးထောင်သည် နူးနူးညံ့ညံ့ပြုံးကာ ယဉ်ယဉ်ကျေးကျေးပင် ပြောလိုက်သည်။"ကံကောင်းပါစေ။"

"ဟုတ်တယ် အခု ငါက အနုပညာရှင်တစ်ယောက်ပဲ။ နင်ကရော ဘာလို့ခက်ခက်ခဲခဲ ရုန်းကန်နေရသေးတာလဲ။" ပလတ်စတစ်ဆာဂျူရီကြောင့် ထျန်ရင်ရင်၏ မျက်နှာမှာ တစ်ခါတလေ အကြောသေသလို ဖြစ်နေသော်လည်း သူမ၏ဝင့်ကြွားနေသောအမူအရာမှာ အထင်အရှား ပေါ်လွင်နေ၏။

စူးထောင်သည် မျက်လွှာချကာ ပြုံးလိုက်ပြီး သူမနှင့်အတူငြင်းခုန်ရန် အချိန်မဖြုန်းချင်ပေ။ ထိုအချိန်တွင် ဖုန်းသံမြည်လာကာ သူမက ထျန်ရင်ရင်ကို ကွေ့ပတ်လမ်းလျှောက်ရင်း သူမကိုယ်ပိုင် အဝတ်အစားလဲခန်းသို့ ဦးတည်သွားတော့သည်။

စင်နောက်ကို ရောက်လာကာစ ဝူရှဲ့ယွီမှာ စူးထောင်နှင့်ထျန်ရင်ရင်တို့ကြားက အငြင်းပွားမှုကို မျက်မြင်တွေ့သွားပြီး အလျင်အမြန်ပင် သူ့သူဌေးဆီသို့ ဖုန်းခေါ်လိုက်၏။

သူသည် ရွေ့ချီကိုယ်စားပြု ဒိုင်လူကြီးအဖြစ် ဖိတ်ကြားခြင်းခံရသည်။ အစက သူသည် စူးထောင်ကိုယ်တိုင် လာမည်မဟုတ်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ သူမနှင့်တွေ့သွား၏။

သူဌေးသည် ကျန်းချန်မှ ပြန်ရောက်လာကတည်းက စိတ်ဓာတ်ကျကာ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။

ကျန်းချန်မှာ ရှိနေတုန်းက သူသည် ဒေါသတကြီးဖြစ်နေသော်လည်း အားအင်အပြည့်နှင့် နေ့ရက်တိုင်းအတွက် မျှော်လင့်ချက် အပြည့်ရှိနေကြောင်း သိသိသာသာ ခံစားနိုင်၏။

သို့သော် ပေ့ချန်သို့ ပြန်ရောက်လာသောအခါ လွန်ခဲ့သည့်တစ်နှစ်ကအတိုင်း အလောင်းကောင်ကြီး လမ်းလျှောက်နေသည့် ပုံသဏ္ဍာန်အဖြစ်သို့ ပြန်ရောက်သွားပုံရသည်။

တဖက်ဖုန်းက ပြန်ဖြေလာပြီး ရင်းနှီးသည့် လေသံခပ်နိမ့်နိမ့်က တုန့်ပြန်လာ၏။"ပြော"

"သူဌေး ကျွန်တော် စူးထောင်ကို တွေ့ခဲ့တယ်။"

All Chapters