← Chapters

အခန်း (၃၈)

Vol. 4 Ch. 38

အခန်း (၃၈)

Vol. 4 Ch. 38

စူးထောင်သည်လည်း လျန်ခယ့်ခေါ်လာသည့်ဖုန်းကို ကိုင်လိုက်သည်။

သူက ရုတ်တရက် ဗိုက်နာလာကာ ရေအိမ်သို့သွားနေရသည့်အတွက် သူ့အနုပညာရှင်လေးယောက်ကို ကူကြည့်ပေးပါရန် သူမအား အကူအညီတောင်းလာ၏။

စူးထောင်သည် အဝတ်အစားလဲခန်းသို့ ပြန်ရောက်လာကာ ကော်ဖီများကို လူ၆ယောက်အား ဝေပေးလိုက်ပြီး သူတို့၏ မိတ်ကပ်နှင့် အဝတ်အစားများကို စစ်ဆေးလိုက်ရာ အကုန်လုံးက ကျေနပ်ဖွယ်အတိပင်။

လျန်ခယ့်၏ အနုပညာရှင်လေးယောက်မှာ တစ်ဖွဲ့တည်းဖြစ်ပြီး သူတို့ဖျော်‌ဖြေတင်ဆက်ရမည့်အလှည့်မှာ အစောပိုင်းဖြစ်နေသောကြောင့် စင်အနောက်ဘက်တွင် ကြိုတင်ပြင်ဆင်ရန် သွားခဲ့သည်။ ရွှယ်ရှင်းကျစ်မှာလည်း အလွန်အမင်း စိတ်ပူနေသဖြင့် ရေအိမ်သို့သွားနေကာ စူးထောင်နှင့် ကျန်းချီသာလျှင် အခန်းထဲတွင် ကျန်နေ၏။

ကျန်းချီသည် နောက်ဆုံးတွင် သူ့ဖုန်းကိုချကာ စူးထောင်အားခေါ်ပြီး "ကျွန်တော့်မိတ်ကပ် စွန်းနေလားဆိုတာ ကြည့်ပေးပါဦး။"

စူးထောင်က WeChat တွင် လျန်ခယ့်ကိုဖုန်းခေါ်ကာ ဆယ်မိနစ်အတွင်း ပွဲစမည်ဖြစ်သဖြင့် တတ်နိုင်သမျှ အမြန်ဆုံးလာရန် ခေါ်လိုက်သည်။ WeChatတွင် စာပို့ပြီးနောက် ကျန်းချီကို ကြည့်ပေးရန် သူ့ဆီသွားလိုက်၏။

ယနေ့တွင် သူသည် အိုင်ဒေါမိတ်ကပ် လိမ်းထားပြီး အိုင်းလိုင်နာဆွဲထားသည်။ နဂိုကတည်းက ကြည်လင်ပြီး တောက်ပသော မျက်လုံးများမှာ ထိုအခိုက်အတန့်၌ ပို၍ပင် ဆွဲဆောင်မှုရှိနေ၏။

တစ်ချက်ကလေး ကြည့်လိုက်မိသည်နှင့် နစ်မြုပ်သွားပြီး မျက်စိလွှဲနိုင်မှာ မဟုတ်တော့ချေ။

သို့ရာတွင် စူးထောင်သည် သူ့မျက်ဝန်းကို မဟုတ်ဘဲ အိုင်းလိုင်နာ‌အပေါ်တွင်သာ အာရုံစိုက်ထားပြီး "နည်းနည်းလေးတော့ စွန်းနေတယ်။ ခဏက မျက်လုံးကို ပွတ်မိသွားလို့လား။"

"တကယ် စွန်းနေတာလား။"

တကယ်တမ်းတော့ သူက စနောက်ဖို့ ဆင်ခြေပေးနေရုံသာ။

စူးထောင်က တစ်ရှုးကို ဆုပ်ကိုင်လိုက်ပြီး နည်းနည်းကပ်ကပ် ကိုယ်ကိုကိုင်းချကာ စွန်းနေသော အိုင်းလိုင်နာကို ဂရုတစိုက်နှင့် သုတ်ပေးနေသည်။

သူမနားရွက်နောက်တွင် သိမ်းထားသော ဆံစအနည်းငယ်က ထွက်ကျလာပြီး ကျန်းချီ၏ နားရွက်ကို ပွတ်တိုက်နေသဖြင့် ယားကျိယားကျိဖြစ်လာကာ သူ၏လည်စေ့ကို လှုပ်ရှားသွားစေသည်။

ကုလားထိုင်ကို နောက်ပြန်မှီကာ စူးထောင်မိတ်ကပ် ပြန်ညှိပေးနေသည်ကို နာခံနေပုံရသော်လည်း သူ၏ လက်မောင်းများက စားပွဲစွန်းကိုဆုပ်ကိုင်ထားကာ မမြင်ကွယ်ရာတွင် စူးထောင်အား သူ့လက်မောင်းကြား ပွေ့ဖက်ထားသည့်နှယ်။

ရုတ်တရက် အဝတ်လဲခန်းတံခါးခေါက်သံ ထွက်လာပြီး တံခါးပွင့်လာ၏။ အစက ပီတိဖြာနေသည့် အမူအရာရှိနေသော ရှဲ့ကျင်မှာ အခန်းတွင်းရှိ မြင်ကွင်းကြောင့် မည်းမှောင်သွားတော့သည်။

စူးထောင်၏ မျက်နှာသည် ကျန်းချီနှင့် အလွန်နီးကပ်နေပြီး သူမ၏ခါးသွယ်လေးမှာ သူ့လက်‌မောင်းထဲရှိနေပုံပေါ်ကာ သူတို့၏ကိုယ်အနေအထားက စုံတွဲတစ်တွဲနှင့်ပင် တူနေ၏။

ထိုအခိုက်အတန့်တွင် ရှဲ့ကျင်သည် ဒေါသများတရှိန်ထိုးတက်လာပြီး နှစ်‌ယောက်သားဆီသို့ ခြေလှမ်းကျယ်ကြီးများနှင့် လှမ်းလာကာ ကျန်းချီ၏ လက်မောင်းကို ပုတ်ထုတ်ပြီး စူးထောင်ကို ဆွဲထုတ်လိုက်သည်။

"မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ။"

ထိုစကားများက သူ့ရင်ဘတ်ထဲမှ ပေါက်ကွဲထွက်လာသလိုမျိုး အုံ့မှိုင်းနေသည့်မျက်လုံးတစ်စုံ၊ခက်ထန်သောအမူအရာက လူအများအား ခိုက်ခိုက်တုန်စေ၏။

ရုတ်တရက် ကျန်းချီလည်း ထရပ်လာပြီး ရှဲ့ကျင်၏ ဒေါသထွက်နေသည့် အကြည့်နှင့် ရင်ဆိုင်ကာ စူးထောင်တစ်ဖက်ခြမ်းသို့ ရွေ့လိုက်သည်။

စူးထောင်သည် အရပ်မြင့်မြင့် နှစ်ယောက်ကြားတွင် အသားညှပ်ပေါင်မုန့်ကဲ့သို့ ညှပ်နေပြီး ရုတ်တရက် သူမဖုန်းက မြည်လာ၏။

သူမက ရှဲ့ကျင်၏ လက်ကိုခါချပြီး တောင်နှစ်လုံးကြားမှ လျှောထွက်လိုက်ကာ ဖုန်းကိုဖြေတော့သည်။

ဖုန်းတစ်ဖက်မှ လျန်ခယ့်၏ နာကျင်နေသည့်လေသံက ဖော်ပြ၍မရနိုင်သော ညည်းညူသံနှင့်အတူ "ထောင်ထောင် ငါဆက်မလုပ်နိုင်တော့ဘူး။ ငါဝမ်းတွေပျက်...... အားအင်မရှိတော့ဘူး။"

စူးထောင်ကို အချိန်ကို ကြည့်လိုက်ရာ စင်အနောက်ဘက်မှာ သွားမစောင့်ခင် အချိန်ငါးမိနစ်ကျန်သေး၏။ "ရှင့်အတွက် ဆေးဝယ်ပေးရမလား။"

လျန်ခယ့်က အားနည်းစွာဖြင့် "အလုပ်မဖြစ်မှာကြောက်တယ်။ ဆေးရုံကိုသွားရမယ်ထင်တယ်.."

စူးထောင်၏ အမူအရာမှာ မသိမသာ ပြောင်းလဲသွားတော့သည်။ သူက စင်ပေါ်ကို တက်ရတော့မယ့် ဒိုင်လူကြီးတွေထဲက တစ်ယောက်လေ။

အသေအချာပင် ဤသည်မှာ လျန်ခယ့်ဖုန်းခေါ်လာခြင်း၏ ရည်ရွယ်ချက်ဖြစ်၏။ "ငါ့ကိုဆေးရုံပို့ပေးဖို့ ငါ့လက်ထောက်ကို ဖုန်းဆက်ထားပြီးပြီ။ မင်းပဲ ဒိုင်လူကြီးအဖြစ် စင်ပေါ်မှာ ငါ့နေရာကိုယူပေးပါ။ နောက်ပြီး ဒိုင်လူကြီးမရှိရင် ထုတ်လုပ်ရေးအဖွဲ့အတွက် ခက်ခဲနေမှာ ငါ့တို့ကုမ္ပဏီအတွက်လည်း မကောင်းဘူးလေ။"

ရိုက်ကွင်းတွင် သူမတစ်ယောက်ထဲကသာ ဒိုင်လူကြီးအဖြစ် လျန်ခယ့်နေရာကိုယူရန် သင့်တော်သည်။ စူးထောင်သည် အရေးကြီးသော အခိုက်အတန့်တွင် အဆိုပါတာဝန်ကို လက်ခံရန် သဘောတူလိုက်၏။

သူမသည် မှန်ရှေ့တွင် အလျင်အမြန် ဆံပင်ကို သပ်သပ်ရပ်ရပ်လုပ်လိုက်ရင်း အိတ်ထဲမှပေါင်ဒါဘူးကိုယူကာ မျက်နှာပေါ်တွင် နှစ်ချက်လောက်ပုတ်လိုက်ပြီး နှုတ်ခမ်းနီ၊ အိုင်းလိုင်နာတို့ကို ဆိုးကာ အင်္ကျီကော်လာကို ပြန်ဖြောင့်လိုက်သည်။

သူမ၏မိတ်ကပ်မျက်နှာက မျက်နှာပြောင်နှင့် ယှဉ်လျှင် ပိုကောင်းသည် ဆိုရုံလေးသာ။ ပြောရရင် သူမက ဒီနေ့ရဲ့ အဓိကဇာတ်ကောင်မဟုတ်ဘူးလေ ကုမ္ပဏီကို အရှက်မရဖို့နဲ့ ကင်မရာထဲမှာ မသပ်မရပ်မဖြစ်ရင်ရင် တော်ပါပြီ။

မူလက ထိပ်တိုက်ရင်‌ဆိုင်နေကြသော အမျိုးသားနှစ်ယောက်မှာ ယခုတွင်တောင့်တင်းစွာရပ်နေပြီး သူမအလုပ်ရှုပ်နေပုံကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်နေကြ၏။

"ကျန်းချီ ဝန်ထမ်းတွေ မင်းကိုလာခေါ်ရင် စင်အနောက်ဘက်ကို ‌မင်းနဲ့တူတူ ရွှယ်ရှင်းကျစ်ကိုလည်း ခေါ်သွားနော်။ ပြဿနာတစ်ခုခုပေါ်လာရင် စာပို့ပြီးအသိပေး တို့အခုပဲ စင်နောက်ကို အရင်သွားရတော့မယ်။"

စူးထောင်သည် လမ်းလျှောက်ရင်းဖြင့် ညွှန်ကြားချက်များကို ထားခဲ့ကာ ကျန်းချီ၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ တံခါးဝမှ ပျောက်ကွယ်သွားတော့သည်။

ရှဲ့ကျင်သည် ကျန်းချီအား ထီမထင်ဟန်အကြည့်ပေးကာ သူမအနောက်သို့ လိုက်သွား၏။ ဝူရှဲ့ယွီက အပြင်ဘက်တွင် စောင့်နေဆဲပင်။

ရှဲ့ကျင်သည် စူးထောင်စတူရီယိုဆီသို့ ဦးတည်ပြီး သွားနေသည်ကိုကြည့်ကာ တခကြာတွေးလိုက်ပြီးနောက် ဝူရှဲ့ယွီကို မေးလိုက်သည်။"မင်းလည်း ဒိုင်လူကြီးလား။"

ဝူရှဲ့ယွီ - "ဟုတ်ပါတယ်"

ရှဲ့ကျင် - "ငါနဲ့နေရာ ချိန်းလိုက်"

ဝူရှဲ့ယွီ - "?"

ရိုက်ကူးရေးသည် တရားဝင်စတင်တော့သည်။ စက်ဝိုင်းငယ်ပုံစံ စင်ပေါ်တွင် နှစ်ဖက်နှစ်ချက်၌ ထိုင်ခုံရှည်များစီတန်းထားကာ စုစု‌ပေါင်း လူအယောက်၁၀၀စာဖြစ်၏။

စင်မြင့်၏ မျက်နှာချင်းဆိုင် တည့်တည့်တွင် အကဲဖြတ်ဒိုင်လူကြီးများ၏ ထိုင်ခုံနေရာဖြစ်သည်။အလယ်ရှိထိုင်ခုံလေးခုံမှာ ကျော်ကြားသည့် အနုပညာရှင် နည်းပြများအတွက်ဖြစ်ပြီး ဘယ်ဘက်ရှိထိုင်ခုံဆယ်နေရာမှာ မီဒီယာကိုးစားလှယ်များအတွက်ဖြစ်ကာ ညာဘက်ဆယ်နေရာကတော့ ဖျော်ဖြေရေးကုမ္ပဏီများနှင့်ပလက်ဖောင်း တာဝန်ရှိသူများအတွက် ဖြစ်၏။

ရိုက်ကူးရေးမစခင် နှစ်မိနစ်အလိုတွင် ရိုက်ကူး‌ရေးဒါရိုက်တာအဖွဲ့က အလျင်အမြန်ပင် ‌လျန်ခယ့်ဆိုသော နာမည်ကတ်ထိုင်ခုံနေရာကို "စူးထောင်၊ ကျင့်ယန် Entertainment" ဟုပြောင်းလိုက်သည်။

ထို့နောက် တူညီသော ဒါရိုက်တာက ဘယ်ဘက်ခြမ်းရှိပထမဆုံး ထိုင်ခုံနေရာကိုလည်း "ရှဲ့ကျင်၊ ရွေ့ချီ"ဟူ၍ ပြောင်းလိုက်ပြန်၏။

သူမနှင့်ထိုင်ခုံ နှစ်နေရာစာသာ ဝေးသည်။

စူးထောင်ဘက်ခြမ်းတွင် တခြားဖျော်ဖြေရေး ကုမ္ပဏီ လုပ်ဖော်ကိုင်ဖက်များသာမက ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ တာဝန်ခံများနှင့် ပလက်ဖောင်းသူဌေးများလည်း ရှိနေ၏။

အဓိက စပွန်ဆာပေးသူ 'ရွေ့ချီ'၏ ထိုင်ခုံနေရာမှလွဲ၍ ဒိုင်လူကြီးများအားလုံး၏ နေရာ ပြည့်သွားကြပြီ။

လူတိုင်း၏စပ်စုသော အကြည့်များအောက်တွင် မြင့်မြတ်တင့်တယ်သော ပုံရိပ်က အဝင်ဝသို့ လျှောက်လာသည်။

မြင့်မားပြီး အချိုးအစားကျသော ပုံသဏ္ဍာန်က အသင့်ချုပ်ဝတ်စုံပြည့်နှင့် ပို၍ပင်ထင်ရှားပေါ်လွင်နေ၏။သူ၏မျက်နှာက အေးစက်တင်းမာနေကာ နက်ရှိုင်းပြီး မှုန်မှိုင်းနေသောမျက်ဝန်းများက အရာအားလုံးကို အထင်သေးနေပုံရသည်။

သူထုတ်လွှတ်နေသော ဖိနှိပ်သည့်အငွေ့အသက်သည် ရိုက်ကူးရေးဒါရိုက်တာများ၏ ထိန်းချုပ်မှုထက်ပင် အကျိုးသက်ရောက်မှုပိုရှိကာ ခန်းမတစ်ခုလုံး တိတ်ကျသွားတော့၏။

ရှဲ့ကျင်သည် လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်များနှင့်အတူ သူ၏ခြေတံရှည်များက ဘယ်ဘက်ခြမ်းရှိ ထိပ်ဆုံး ထိုင်ခုံနေရာကို ယူလိုက်ရာ သာမန်ခုံလေးတစ်ခုံက ပုလ္လင်တစ်ခုကဲ့သို့ ပြောင်းသွားသည်။

သူထိုင်ချလိုက်သည့် အခိုက်အတန့်တွင် ခန်းမရှိမီးများက ချက်ချင်းလင်းထိန်လာကာ စတူရီယိုက အမှောင်ကျသွား၏။

ရိုက်ကူးရေးဒါရိုက်တာက စခရင်ဖန်သားပြင်တွင် ၁၀စက္ကန့်ကြာရေတွက်ပြီးနောက် ရိုက်ကူးရေးကို တရားဝင် စတင်လိုက်သည်။

စင်ပေါ်ရှိမီးရောင်များ လင်းလာသည်နှင့် အနုပညာရှင် နည်းပြလေးယောက်၏ အံ့ဩဖွယ်ဝင်ပေါက်ကို ဖန်တီးပေးထား၏။ ယောက်ျားလေးနည်းပြနှစ်ယောက်၊ မိန်းကလေးနည်းပြ နှစ်ယောက်ဖြစ်ပြီး သူတို့အားလုံးသည် idolအဖွဲ့များမှဖြစ်ကာ ယခုလက်ရှိ အလွန်ရေပန်းစားနေသော အနုပညာရှင်ကြယ်ပွင့်များဖြစ်သည်။

အဖွင့်မှာ လုံးဝကို ပေါက်ကွဲသွားတော့၏။ နည်းပြလေးဦးအနက် နာမည်အကြီးဆုံး၊စကားပြောအကောင်းဆုံးဖြစ်သော လျိုရှန်းယိက Host အဖြစ်တာဝန်ယူကာ ပြိုင်ပွဲစနစ်ပုံစံကို မိတ်ဆက်ပေးလိုက်သည်။

သင်တန်းသား ၁၀၀ကျော်က နေရာ ၁၈ယောက်စာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယောက်ျားလေးက ၉ဦး၊ မိန်းကလေး ၉ဦးကို ရွေးချယ်မည်ဖြစ်၏။

ကနဦးအဆင့်တွင် ၂၀ခုသော မီဒီယာ၊ ကုမ္ပဏီ၊ပလက်ဖောင်း တာဝန်ခံများက အမှတ်ပေးသွားမည်ဖြစ်ပြီး သူတို့၏ ပေးမှတ်ကသာ ဘယ်သူက အောင်မြင်ပြီး၊ဘယ်သူက ဖယ်ထုတ်ခံရမည်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ အကဲဖြတ်ဒိုင်လူကြီး တစ်ဦးချင်းဆီက အမြင့်ဆုံးရမှတ် ၁၀မှတ်အထိပေးနိုင်ပြီး အနိမ့်ဆုံးရမှတ်ရသူ သင်တန်းသားနှစ်ဆယ်ဦးက ထွက်သွားရမည်။

ပြိုင်ပွဲဝင်များစွာထဲတွင် အများစုက ၅ယောက်တစ်ဖွဲ့၊၇ယောက်တစ်ဖွဲ့ ဖွဲ့ကြပြီး စုစုပေါင်းဖျော်ဖြေတင်ဆက်မည့်အဖွဲ့မှာ နှစ်ဆယ်ကျော်သာရှိ၏။

ပထမဆုံး စင်ပေါ်တက်မည့်အဖွဲ့မှာ မိန်းကလေး၅ဦးပါဝင်သော 'ယွင့်ခိုင်ယဉ်ကျေးမှု' ဟူသော အဖွဲ့ဖြစ်သည်။

စူးထောင်နံဘေးတွင် ထိုင်နေသော အသက်၄၀ဆယ်အမျိုးသားက စိတ်လှုပ်ရှားနေပုံရပြီး ကိုယ်ကိုကိုင်းကာ စူးထောင်၏နားထဲသို့ တီးတိုးပြောလာ၏။ " အဲဒီအနုပညာရှင်တွေက ငါတို့ကုမ္ပဏီကလေ။"

စူးထောင်သည် ခေါင်းညိတ်ကာ ကောင်မလေးတွေအားလုံးက တကယ်လှကြောင်း တုံ့ပြန်ပေးလိုက်သည်။

နှစ်ဦးသားက တီးတိုးပြောနေကြပြီး ရှဲ့ကျင်၏ တင်းမာပြီး မည်းမှောင်နေသောအကြည့်ကို သတိမထားမိကြချေ။

ထိုမိန်းကလေးအဖွဲ့သည် ပွဲဦးထွက်ထားတာ ၂နှစ်ကြာပြီဖြစ်သော်လည်း လူသိမများဆဲဖြစ်နေကာ အသေအချာပင် တစ်ယောက်ချင်းစီတိုင်းတွင် ချို့ယွင်းချက်ရှိနေ၏။

အဖွင့်မှာကတည်းက သေသေချာချာ ပြင်ဆင်ထားမှုမရှိပုံရကာ အခြေခံအကျဆုံးဖြစ်သည့် အကမှာလည်းမညီ၊အလယ်ပိုင်းဖျော်ဖြေမှု သီချင်းဆိုသည့်နေရာတွင်လည်း လိုအပ်ချက်များရှိနေသည်။ အဖွဲ့ဝင်တစ်ဦးချင်းစီက ကိုယ်တစ်ယောက်ထဲ ထင်ပေါ်ဖို့ကိုသာ အားစိုက်ထုတ်နေကာ ရလာဒ်အနေဖြင့် ပူးဆောင်းဆောင်ရွက်မှုနေရာတွင် ချို့ယွင်းချက်ရှိနေ၏။

စူးထောင်သည် သူတို့၏အချက်အလက်များကို ကြည့်ပြီး ဖျော်ဖြေမှုကို စောင့်ကြည့်လိုက်ရာ ထောက်ပြစရာ အများအပြား ရှိနေသည်ကို သတိထားမိသွားသည်။

သို့သော် လျန်ခယ်နေရာတွင် ဒီနေ့အတွက်သာ အစားထိုးမည်ဖြစ်သဖြင့် ရိုးရိုးစင်းစင်းပင် လူအုပ်ကြီးနောက်လိုက်ကာ ၅မှတ် ပေးလိုက်ပြီး တိတ်တဆိတ်ပင် ပရိတ်သတ်ပုံစံဖမ်းလိုက်၏။

"အို" လျိုရှန်းယိက မျက်နှာ‌ပေါ်တွင် အံ့ဩသွားသော အမူအရာဖြင့် ဒိုင်လူကြီးများ ရှိရာဘက်သို့ ကြည့်လာသည်။ " ဒီဒိုင်လူကြီးက ၁မှတ်ပဲ ပေးထားတယ်။"

ကင်မရာသည် လျိုရှန်းယိ ညွှန်ပြသည့်နေရာသို့ လှည့်သွားရာ ရှဲ့ကျင်၏ မျက်နှာက စခရင်ပေါ်တွင် ပေါ်လာသဖြင့် ခမ်းမထဲရှိပရိတ်သတ်များထံမှ အံ့ဩသွားသည့်အသံများ ထွက်ပေါ်လာ၏။

ဒီလိုမင်သက်လောက်စရာ ရုပ်ရည်မျိုးနဲ့ဆို သူ့ကို ဘယ်ရှုထောင့်ကနေပဲ ရိုက်ရိုက် ပြီးပြည့်စုံတဲ့ပုံပဲ သေချာပေါက် ထွက်လာမှာ!

လျိုရှန်းယိသည် စခရင်မှတဆင့် သူ့‌ရှေ့ရှိနာမည်ပြားကို တွေ့သွားပြီး ဖတ်လိုက်၏။ "ရှဲ့ကျင်၊ ရွေ့ချီ။"

ရွေ့ချီဗီဒိုယို ပလက်ဖောင်းသည် လွန်ခဲ့သည့် တစ်နှစ်အတွင်း အလျင်အမြန် တိုးတက်လာပြီး ဈေးကွက်ရှယ်ယာကို အမြန်ဆုံးသိမ်းပိုက်ခဲ့ပြီး အနုပညာရှင်တိုင်း မစော်ကားဝံ့သော ပလက်ဖောင်းဒယ်ဒီကြီးပင်။

ရှဲ့ကျင်သည်လည်း ဖျော်ဖြေရေးလောကနှင့် ချမ်းသာသည့်အသိုင်းထဲတွင် ထျန်းကျင် group ၏ အကြီးအကဲအဖြစ်အဖြစ် အလွန်ရေပန်းစားသည်။ မရေတွက်နိုင်သော လူချမ်းသာအမျိုးသမီးများနှင့် အမျိုးသမီးအနုပညာရှင်များစွာ ပြေးဖက်ချင်နေကြသည့် ပေါင်လုံးကြီးဖြစ်၏။

သူသည် အမြဲတမ်းလိုလို လျို့ဝှက်ဆန်းကြယ်ပြီး ယခုလိုနေရာမျိုးတွင် လူလုံးထွက်ပြမည်ဟု လျိုရှန်းယိမမျှော်လင့်ထားချေ။

"ပြဿနာ ရှိလား။"

ရှဲ့ကျင်၏ အသံနက်ကြီးက မိုက်မှတဆင့်ထွက်ပေါ်လာပြီး အနက်ရောင် မျက်ဝန်းတွင်လည်း စိတ်မရှည်သည့်ဟန် ပြနေသည်။ ကင်မရာမန်းကို စိုက်ကြည့်နေသလိုမျိုး ရုတ်တရက်ပင် ကင်မရာရိုက်ချက်က စင်ပေါ်သို့ ပြန်ရောက်သွား၏။

အောက်ရှိ ပရိတ်သတ်များသာမက စင်ပေါ်ရှိဖျော်ဖြေတင်ဆက်သူများမှာလည်း ရှဲ့ကျင်၏ တင်စီးသော အပြုအမူကြောင့် သတိလက်လွတ် ပါးစပ်ကိုဖုံးအုပ်ကာ အာမေဋိတ်သံများ ထွက်လာသည်။

လူတိုင်းက သူ၏စိုးမိုးခြယ်လှယ်သည့် အော်ရာအောက်တွင် ငြိမ်သက်သွားကြပြီး ထိုအချိန်မှစ၍ စိုးမိုးခြယ်လှယ်သော CEO ဝတ္ထုများတွင် ထိုမျက်နှာထားကို ထည့်ရေးလာကြတော့၏။

"လတ်စသတ်တော့ ရွေ့ချီရဲ့ ဥက္ကဌရှဲ့ကိုး" လျိုရှန်းယိမှာ ရှက်ကိုးရှက်ကန်းဖြင့် ကိစ္စများကို ပြေလည်အောင်လုပ်နေသည်။"တကယ်တော့ ကျွန်တော်တို့က လူကြီးမင်းရဲ့ ၁မှတ်ပဲပေးရတဲ့ အကြောင်းအရင်းကို သိချင်လို့ပါဗျ။"

နောက်တစ်ကြိမ် အခေါ်ခံရသောအခါ ရှဲ့ကျင်၏ မျက်နှာတွင် စိတ်မရှည်မှုများရှိနေပြီး သူ၏အေးစက်ပြီး ခက်ထန်သော ရောင်ဝါက စခရင်မှတဆင့်ဖြတ်ကာ ခန်းမဆီသို့ စိမ့်ဝင်လာပုံရ၏။

"အကြောင်းပြချက် လိုသေးလို့လား။" ရှဲ့ကျင်သည် မျက်ခုံးပင့်လိုက်ပြီး သူ၏အမူအရာမှာ မင်းငါ့ကို မေးခွန်းလာထုတ်နေတာလား ဆိုသည့်ပုံစံပင်။

လျိုရှန်းယိမှာ ချွေးအေးများ စီးကျလာပြီး ချည့်နဲ့စွာ ပြောလာသည်။" လူကြီးမင်းက အနိမ့်ဆုံးရမှတ်ကို ပေးထားတာဆိုတော့လေ....."

"အဲဒါက သူတို့ကိုမင်းမေးရမှာလေ ဒီလောက်ဆိုးဆိုးဝါးဝါးကြီး ဖျော်ဖြေနေတာကို ဘာလို့အမှတ်အများကြီး ပေးနေသေးလဲ။"

ရှဲ့ကျင် ထိုသို့ပြောပြီးသည်နဗင့် ပရိတ်သတ်နေရာတွင် ရှိနေသော ဒိုင်လူကြီးများနှင့် စင်ပေါ်ရှိ ဖျော်ဖြေသူများ၏ အမူအရာများမှာ ဖြူဖျော့သွားတော့သည်။

ဤနေရာတွင် ရှိနေသော မည်သူတစ်ဦးကမျှ ထိုကဲ့သို့စကားမျိုးကို မပြောရဲကြချေ။

အမှတ်မြင့်မြင့် ပေးထားသော မည်သူတစ်ဦးတစ်ယောက်မျှ သူ့အဆင့်အတန်းကြောင့် မချေပရဲကြပေ။တချို့မှာ တိတ်တဆိတ် သူတို့၏ဖုန်းများကို ထုတ်ကာ စခရင်ပေါ်ရှိ ရှဲ့ကျင်မျက်နှာကို ဓာတ်ပုံခိုးရိုက်နေကြ၏။

ရှိုးက ရှဲ့ကျင်ကို အချိန်အများကြီးမပေးဘဲ ဆက်လက် ကျင်းပတော့သည်။

မမျှော်လင့်ထားစွာပင် ဒုတိယအကြိမ် ဖျော်ဖြေမည့် ယောက်ျားလေးအဖွဲ့မှာ ရှင်းယန် Entertainment ကဖြစ်ပြီး စူးထောင်နှင့် အကျွမ်းတဝင်ရှိနေသည့်မျက်နှာ စူးယန်ရှင်းလည်း ပါဝင်နေ၏။

ရှဲ့ကျင်သည် မသိမသာ မျက်မှောင်ကြုတ်သွားပြီး မသိစိတ်အရ စူးထောင်ကို တစ်ချက်ကြည့်လိုက်သည်။

စူးထောင်၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း စားပွဲအောက်တွင်မူ လက်သီးတင်းတင်းဆုပ်ထားပြီး စူး‌ယန်ရှင်းအား မျက်တောင်မခတ်တမ်း ကြည့်နေ၏။

တစ်နှစ်လောက် မတွေ့လိုက်ရတာ အရပ်ထပ်ရှည်လာသလိုပဲ။

သူသီချင်းဆိုတာ တကယ်ကို နားထောင်လို့ကောင်းပြီး သူ့အမေရဲ့အသံကို အမွေဆက်ခံထားပုံရသည်။ ဤဖျော်ဖြေမှုက သူ၏အားသာချက်ကို မိုးမောင်းထိုးပြနေပြီး သီချင်းရဲ့hight notesနေရာကို သူ့အားပေးထား၏။

မျှော်လင့်ထားသလိုပင် သူက သူတို့အားပြီးပြည့်စုံစွာ ဆွဲခေါ်သွားသည်။

ဖျော်ဖြေမှုပြီးသွားပြီးနောက် စူးထောင်သည် တခဏစဉ်းစားလိုက်ကာ သူ့အား ၅မှတ်ပေးလိုက်ဆဲပင်။

စူးထောင်ရဲ့ပေးမှတ်တွေက တကယ်ကိုမျှတပါတယ်။အဖွဲ့ထဲရှိ အဖွဲ့ဝင်တစ်ချို့က အသံယိုင်နေ၏။

ပြီးတော့ ရှဲ့ကျင်ကလည်း ပုံသေ တစ်မှတ် ထပ်ပေးလာပြန်သည်။

ဒီတစ်ကြိမ်တွင်တော့ လျိုရှန်းယိသည် တစ်ခါသေဖူးထားပြီး ပျဉ်ဖိုးနားလည်သွားသည့်အတွက် ရှဲ့ကျင်အား ထပ်မမေးရဲတော့ချေ။ သူက တခြားနည်းပြ၃ယောက်ကို မှတ်ချက်ပေးခိုင်းတော့ သူတို့အားလုံးက စူး‌ယန်ရှင်း၏ high notesကို ချီးကျူးလာကြ၏။

လျိုရှန်းယိသည် လူတိုင်းအား အံ့အားသင့်သွားစေရန် စူးယန်ရှင်းအား ဘယ်သူ့ဆီကနေ မှတ်ချက်ကြားချင်လဲဟု ရွေးခိုင်းသောအခါ 'စူးထောင်'ဟု ရွေးလိုက်သည်။

ပရိတ်သတ်များက အချင်းချင်း တီးတိုးဆွေးနွေးနေကြပြီး စူးထောင်က ဘယ်သူလဲဆိုတာ သိချင်နေကြ၏။ကင်မရာမန်းများကလည်း သူမကို ရှာဖွေနေပုံရကာ မိနစ်ဝက်ကြာပြီးမှသာ နောက်ဆုံးတွင် စူးထောင်၏ မျက်နှာက စခရင်ပေါ်တွင် ပေါ်လာတော့သည်။

မိတ်ကပ်ပါးပါးလေးနှင့် သူမ၏ကြည်လင်သောမျက်နှာသည် ကင်မရာပေါ်တွင် ဘာမှမလိမ်းထားသလို ဖြစ်နေသော်လည်း သေးသွယ်သော မျက်နှာနှင့် လှပသော ပုံပန်းသွင်ပြင်က မိတ်ကပ်ထူထူ လိမ်းစရာမလိုဘဲ လူအများ၏ အာရုံကို ဖမ်းစားနိုင်၏။

အထူးသဖြင့် ကြည်လင်ပြီး တောက်ပသော သမင်မျက်လုံးများပင် သိမ်မွေ့နေသော်လည်း အသက်ဝင်နေသည့်ပုံစံက လူအများအား သူမကို ကာကွယ်ပေးချင်အောင် ဖြစ်နေသည်။

ဒါက အိုင်ဒေါထရိန်နင် group ပြိုင်ပွဲလား ဒါမှမဟုတ် အကဲဖြတ်ဒိုင်လူကြီးတွေရဲ့ အလှမယ်ရွေးချယ်ပွဲလား။

All Chapters