အခန်း (၄၀)
Vol. 4 Ch. 40
ရှဲ့ကျင်ပြုံးသည်ကို တစ်ခါမျှပင် မမြင်ဖူးသောသူများမှာ အံ့ဩမင်သက်သွားတော့သည်။ ဒီလို ဆွဲမက်ဖွယ်ကောင်းတဲ့ အပြုံးမျိုးက တကယ်ရှိတယ်လား။ သူတို့မြင်တွေ့ရဖို့ တကယ်ပဲ ထိုက်တန်တာပေါ့လေ။
စူးထောင်တစ်ယောက်ထဲကပဲ နတ်ဆိုးလိုလူကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးအောင်လုပ်နိုင်တာ။
စူးထောင်သည် အချိန်ကိုကြည့်လိုက်ရာ ၅မိနစ်ကျန်သးပြီး အကြည့်မခံချင်တော့သဖြင့် အိမ်သာသွားမည်ဟု ဆင်ခြေပေးကာ စတိုရီယိုမှ လစ်ထွက်လာခဲ့၏။
သူမက စင်အနောက်ဘက်တွင် သူမ၏အနုပညာရှင်များကို ရှာချင်သော်လည်း ပိန်သွယ်သွယ်ပုံရိပ်၏ တားဆီးခြင်းကို ခံလိုက်ရသည်။
စူးယန်ရှင်း၏ အထင်ကရ အဝါရောင်ဆံပင်တိုက ခန့်ညားသောမျက်နှာပေါ်တွင် ကျနေကာ ထက်မြက်သော ကိုယ်ရည်ကိုယ်သွေးကို ပြသနေ၏။
သို့သော် သူ၏ပုန်ကန်သည့်အကြည့်ကို ပိုချုပ်တည်းထားပုံရကာ စူးထောင်ကိုမျက်နှာချင်းဆိုင်ရင်း နှုတ်ခမ်းလေးစူကာ ဝမ်းနည်းစွာနှင့် ခေါ်လာသည်။ "ကျဲ~။"
ပတ်ပတ်လည်ရှိ လူအများ၏စူးစမ်းချင်သော အကြည့်ကို တွေ့လိုက်ရသောအခါ စူးယန်ရှင်းအား သူမအနုပညာရှင်များ၏ အဝတ်လဲခန်းဆီသို့ ဆွဲခေါ်သွားတော့၏။
အခန်းထဲတွင် လျန်ခယ့်၏ အနုပညာရှင်၄ယောက်က ရှိမနေဘဲ ရွှယ်ရှင်းကျစ်နှင့် ကျန်းချီသာ ရှိနေသည်။
ကျန်းချီ ဂိမ်းကစားနေသည့်အချိန်တွင် ရွှယ်ရှင်းကျစ်က နားကြပ်တပ်ပြီး သီချင်းကို အာရုံစူးစိုက်ကာ နားထောင်နေ၏။
ပြိုင်ပွဲဝင်တစ်ယောက်အား စူးထောင်ခေါ်လာသည်ကို မြင်လိုက်ရသောအခါ ရွှယ်ရှင်းကျစ်က စိတ်ဝင်စားပုံမပြဘဲ သီချင်းသံကို အနည်းငယ်ချဲ့ကာ သူမ၏ကိုယ်ပိုင် သီချင်းကမ္ဘာထဲတွင် နစ်မြောနေသည်။
ကျန်းချီသည် ဂရုတစိုက် စူးယန်ရှင်းအား ကြည့်လိုက်ကာ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး ဂိမ်းကိုချ၊လက်ကို ပိုက်ရင်း နှစ်ယောက်သားကို စေ့စေ့ကြည့်လိုက်၏။
"ပြော ဘာကိစ္စလဲ။" စူးထောင်သည် တည်ငြိမ်သောအမူအရာဖြင့် စူးယန်ရှင်းအား ကြည့်နေသော်လည်း သူမ၏ လေသံမှာ ဖော်ရွေမှုကင်းမဲ့နေသည်။
"ကျွန်တော်က လုံလုံလောက်လောက် မတော်ဘူးလို့ ကျဲထင်နေတာလား။"
စူးထောင် ပြန်မတုံ့ပြန်နိုင်ခင်တွင် စူးယန်ရှင်းက မကျေနပ်ချက်များ ပေါက်ကွဲလာ၏။" ကျဲကို မတွေ့ရတာ တစ်နှစ်တောင်ရှိပြီ။ ရှာလို့လည်း မတွေ့ဘူး။ ဒိုင်နေရာမှာ ကျဲကို တွေ့လိုက်ရတဲ့ အချိန်တုန်းက ကျွန်တော်တကယ်ကို စိတ်လှုပ်ရှားသွားတာ။ ကျွန်တော်က အရည်အချင်း မလုံလောက်သေးဘူးဆိုပြီး စင်ပေါ်မှာ ရိုက်ချသွားမယ်လို့ မမျှော်လင့်ထားဘူးဗျ။ ကျွန်တော်ဒီအစီအစဉ်ကမှာ ပါဝင်ပြီး ပွဲဦးထွက်ဖို့မသင့်တော်ဘူးလို့ ကျဲတကယ်တွေးနေတာလား။"
စူးထောင်က သက်ပြင်းချလိုက်ကာ မှံတင်ခုံမှတစ်ရှုးကို သွားယူလိုက်သော်လည်း ကျန်းချီက သူမလင်ကောက်ဝတ်ကို ဆုပ်ကိုင်လာသည်။
ကျန်းချီသည် သူမကို မေးခွန်းထုတ်နေသလိုမျိုးကြည့်ကာ မပျော်ရွှင်သည့် အမူအရာဖြင့် "သူက ဘယ်သူလဲ။"
စူးထောင်က သူ၏မေးခွန်းကို ဖြေပေးရန်စိတ်မပါသဖြင့် သူ့လက်ကိုခါချကာ စူးယန်ရှင်း၏ မျက်လုံးအောက်က ပေပွနေသည့် အိုင်းလိုင်နာများကို တစ်ရှုးဖြင့် သုတ်ပေးရန် လက်မြောက်လိုက်သည်။
ကျန်းချီကို သူမ သုတ်ပေးခဲ့သလိုမျိုးပင်။
ကျန်းချီသည် မျက်မှောင်ကြုတ်သွားကာ မသိမသာ ညာဘက်လက်ကို ခပ်တင်းတင်းဆုပ်လိုက်၏။
အိုင်းလိုင်နာကို သုတ်ပေးပြီးနောက် စူးယန်ရှင်း၏ မိတ်ကပ်မှာ ပို၍ရုပ်လုံးကြွလာသည်။ စူးထောင်က ကျေနပ်သွားပြီး တစ်ရှုးကိုလုံးချေကာ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ရင်း သူ့၏မေးခွန်းကို ဖြေပေးလိုက်၏။
"မင်းကို စိတ်ပျက်အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး။ ဒါက မင်းရဲ့ဘဝဆိုတော့ မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာ။"
စူးယန်ရှင်းသည် အရှုံးမပေးဘဲ စူးထောင်အား "ဒါဆိုဘာလို့ ကျွန်တော်က မကောင်းဘူးလို့ ပြောရတာလဲ။"
"ဒါက မင်းမကောင်းတာမဟုတ်ပါဘူး။" စူးထောင်သည် သူ၏မျက်လုံးကို စိုက်ကြည့်ကာ တည်ငြိမ်စွာဖြင့် " မင်းရဲ့အစ်ကိုက မကောင်းလို့ပါ သူက မင်းကို ကျော်ကြားအောင် မလုပ်ပေးနိုင်ဘူး။ အထောက်အပံ့မရှိဘဲ ရုန်းကန်နေမယ့်အစား မင်းရဲ့လက်ရှိမေဂျာကိုပဲ ကောင်းကောင်းသင်ယူပြီး တီဗီရုပ်သံဌာနကို ဝင်ပါ။ အဲဒီမှာ မင်းရဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ နေရာတစ်နေရာရှိနေမှာ။"
စူးထောင်၏ စကားကြောင့် စူးယန်ရှင်းမှာ အံ့ဩမင်သက်သွားပြီး ဒါကသူမရဲ့အကြောင်းပြချက် ဖြစ်နေမည်ဟု သူမမျှော်လင့်ထားပေ။
သူက မသိမသာပြုံးလာပြီး "ဒီတော့ ကျဲက ကျွန်တော်လုပ်နိုင်တယ်လို့ ထင်တယ်ပေါ့။ ဒါဆို ကျွန်တော် ကျဲရဲ့ကုမ္ပဏီနဲ့ လက်မှတ်ထိုးမယ်လေ။"
သူပြုံးလိုက်သည့်အချိန်၌ မာနကြီးသောမျက်နှာပေးကို တွေ့လိုက်ရသောအခါ စူးထောင်သည် တခစ်ခစ်ရယ်လိုက်ပြီး ခေါင်းကိုရမ်းကာ သူ့ပုခုံးကိုပုတ်လိုက်ရင်း နူးညံ့စွာဖြင့် "မင်းရဲ့မိသားစုဝင်တွေက သဘောတူမှာမဟုတ်ဘူး။ စိတ်ကူးယဉ်မနေနဲ့ လုပ်နေတာကိုပဲ အကောင်းဆုံးလုပ်ပါ။"
ရိုက်ကူးရေးအဖွဲ့က လူတွေကိုပြန်လာခေါ်နေသည့်အတွက် စူးထောင်လည်း ရိုက်ကူးရေးဆီ ပြန်သွားရတော့သည်။
အခန်းတွင်းရှိလေထုမှာ ချက်ချင်းပင် အဆင်မပြေဖြစ်လာ၏။ စူးယန်ရှင်းသည် အခုမှသာ ဖော်ရွေမှုမရှိသည့်အကြည့်ကို သတိပြုမိသွားပြီး တဖြည်းဖြည်း လှမ်းကြည့်လိုက်သည်။ ထိုလူငယ်မှာ လူအများ၏ မျက်လုံးများကို တောက်ပသွားအောင် လုပ်နိုင်သည့် ကောင်ချောလေးတစ်ယောက်ပင်။
သူ့ကိုကြည့်ရသည်မှာ စူးယန်ရှင်းနှင့် အသက်တူတူလောက်ဖြစ်ပြီး ထိုနေရာတွင် ပေါ့ပေါ့တန်တန် ထိုင်နေတာတောင် ချောမောနေဆဲဖြစ်၏။ ထိုမျက်နှာအား ကြည့်နေရင်းနှင့် သူတောင်မှ မနာလိုဖြစ်မိ၏။ အရင်ယောင်းဖလောင်းမှလွဲပြီး ယခုကဲ့သို့ ရင်သပ်ရှုမောဖွယ်ကောင်းသည့် မျက်နှာမျိုးကို မမြင်ဖူးပေ။
မမှန်ပေ ဤမျက်နှာသည် သူ့ရင်ကို အကြမ်းပတမ်းခုန်စေပြီး အရင်ယောက်ဖလောင်းရဲ့မျက်နှာက သူ့နှလုံးကို ရပ်တန့်သွားစေသည်။
တစ်ယောက်က နတ်ဘုရားဆို တခြားတစ်ယောက်က နတ်ဆိုးလိုမျိုးပဲ။
နတ်ဘုရားလိုမျက်နှာနဲ့လူက ထရပ်လိုက်ရာ စူးယန်ရှင်းထက် ခေါင်းတစ်လုံးပိုမြင့်နေ၏။အထက်စီးမှ ဖိနှိပ်သည့် အငွေ့အသက်နှင့်အတူ အုံ့မှိုင်းစွာ မေးလာသည်။ "စူးထောင်က မင်းနဲ့ဘယ်လိုပက်သက်နေတာလဲ။"
စူးယန်ရှင်း - "စူးထောင်? ငါ့အစ်မလေ"
ကျန်းချီ - "သွေးရင်းလား။"
စူးယန်ရှင်း - "အင်း"
ကျန်းချီ၏ အမူအရာမှာ ပြေလျော့သွားပြီး သူ၏ညီအစ်ကိုတစ်ဦး၏ ပုခုံးကို ပုတ်သလိုမျိုး စူးယန်ရှင်း၏ပခုံးကို ပုတ်ကာ "အခုကစပြီး မင်းကို ကာကွယ်ပေးမယ်။"
-----
နောက်ဆုံးတွင် ကျန်းချီ စင်ပေါ်တက်သည့်အလှည့် ရောက်လာ၏။ နတ်ဆိုးမျက်နှာဟု လူသိများသော ရှဲ့ကျင်သည် အေးစက်အုံ့မှိုင်းသည့် အငွေ့အသက်ကို ထုတ်လွှတ်နေကာ လူအများ၏ နှလုံးကို ရပ်တန့်သွားစေပုံရသည်။
ကျန်းချီက တစ်ရက်မျှပင် အစမ်းမလေ့ကျင့်ခဲ့ရသော်လည်း ကျောင်းတွင်းဂီတဖျော်ဖြေပွဲများ၌ ပါဝင်ဖူးသဖြင့် စင်မြင့်နှင့် ရင်းနှီးကျွမ်းဝင်နေပြီး အထူးသဖြင့် ညို့ဓာတ်အပြည့်နှင့်ရှိနေ၏။
ပြိုင်ပွဲဝင်များထဲတွင် သူကစင်မြင့်တစ်ခုလုံးကို တည်တည်ငြိမ်ငြိမ် ထိန်းသွားနိုင်သည့် ပထမဆုံးပြိုင်ပွဲဝင်ဖြစ်သည်။
ကြည့်ရသည်မှာ သူသည်စင်မြင့်အတွက် မွေးဖွားလာပုံရ၏။
ကျန်းချီ၏ ဖျော်ဖြေမှုပြီးသွားပြီးနောက် လက်ခုပ်သံများထွက်ပေါ်လာပြီး ရမှတ်များမှာ ၉မှတ်နှင့်အထက် ဖြစ်နေသည်။ ကြည့်လိုက်ပါက ၁၀မှတ်အပြည့် တော်တော်များများက ပေးထားကြ၏။
မြင့်မားသည့်အမှတ်များထဲတွင် ရှဲ့ကျင်၏ ၁မှတ်က အနည်းငယ် မျက်စိဆံပင်မွှေးစူးစရာပင်။
မူလက လူတိုင်းသည် သူ၏၁မှတ်ပေးသည့်ပုံစံကို နေသားကျနေသော်လည်း ရိုက်ကူးရေးပထမပိုင်းပြီးနောက် သဘာဝကျကျပင် စူးထောင်၏ ပေးမှတ်ကို ကြည့်လိုက်ကြသည်။
စူးထောင်က ၁၀မှတ်အပြည့်ပေးလိုက်တာဟ! ရှဲ့ကျင်လည်း သူမနောက်လိုက်ပြီး ၁၀မှတ်ပြည့်မပေးသင့်ဘူးလား။
လျိုရှန်းယိ၏ နားကြပ်ထဲမှတဆင့် ညွန်ကြားနေသော ဒါရိုက်တာသည် ပြဿနာကို နောက်တစ်ကြိမ်မွှေချင်နေကာ ယခုကဲ့သို့အမှတ်ပေးရသည့် အကြောင်းအရင်းကို သူ့အားမေးခိုင်းနေ၏။
လျိုရှန်းယိမှာ အင်တင်တင်နှင့် မျက်နှာပေါ်တွင်ခါးသက်သည့် အပြုံးဆင်မြန်းထားရင်း ရှဲ့ကျင်အား"လူကြီးမင်းရှဲ့ ဘာလို့၁မှတ်ပဲ ပေးထားတာလဲဆိုတာ ရှင်းပြပေးလို့ရမလားဗျ။"
ထိုအခိုက်အတန့်တွင် ရှဲ့ကျင်၏ စိတ်အခြေအနေက သူ့မျက်နှာပေါ်တွင် ရှင်းလင်းနေပြီး မိုက်ခရိုဖုန်းကို ကောက်ကိုင်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလာသည်။" ဘာလို့လဲဆိုတော့ '0'ဆိုတဲ့အမှတ် မရှိလို့။"
လူအုပ်ကြီးမှာ နောက်တဖန် ရုတ်ရုတ်သဲသဲ ဖြစ်လာပြီး ရှဲ့ကျင်၏ အဆိပ်ပြင်းသော စကားလုံးများက လူတိုင်း၏ ခံနိုင်ရည်ကို တဖန်နှိုးဆွလာ၏။
ရိုက်ကွင်းသည် တခဏတာ ကို့ယို့ကားယားဖြစ်သွားတော့သည်။
ရှဲ့ကျင်က တော်တော်လေးကို စိတ်အခြေအနေမကောင်းပုံရပြီး လျိုရှန်းယိအား မေးလာ၏။" ပြဿနာရှိလား။"
သူ၏အမူအရာမှာ လူသတ်ချင်နေပုံရပြီး တစ်ယောက်ယောက်ကသာ မေးခွန်းထပ်မေးလာပါက စင်ပေါ်ကို ဓားတွေပစ်ထည့်တော့မလိုပင်။
"ပြဿနာမရှိပါဘူး။"
လျိုရှန်းယိသည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် အလျင်အမြန် လက်မြောက်လိုက်သည်။ သူ၏နားကြပ်ထဲတွင် ဒါရိုက်တာဖြစ်သူမှာ ပြဿနာကို နှိုးဆော်ချင်နေသေးပြီး စူးထောင်ကို မေးခွန်းမေးရန် ပြောလာ၏။ လျိုရှန်းယိမှာ ထိုဒါရိုက်တာများက သူ့ကိုသတ်ချင်နေသည်ဟုပင် ခံစားလိုက်ရသည်။ သူတို့သာ နောက်တစ်ပိုင်းအတွက် သူ့ကိုတင်ဆက်သူနေရာ ထပ်လုပ်ခိုင်းမယ်ဆိုရင် ကြေးမြှင့်တောင်းပစ်မယ်။
"ဒါဆို ကျွန်တော်တို့ စူးလောင်ရှီးရဲ့ မှတ်ချက်ကို နားထောင်ကြလိုက်ရအောင်ဗျ။"
စူးထောင်သည် မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး တည်ငြိမ်စွာဖြင့် " ပရော်ဖက်ရှင်နယ်မဆန်တဲ့ သူတွေရဲ့ပြောစကားကို နားမယောင်နဲ့။ ဖျော်ဖြေသွားတာ ကောင်းတယ်။ တို့တကယ် မင်းအတွက် ဂုဏ်ယူမိတယ်။"
မျက်လုံးတော်တော်များများက ရှဲ့ကျင်ထံသို့ ကျရောက်သွားပြီး စခရင်ကြီးပေါ်တွင်လည်း ရှဲ့ကျင်၏ မျက်နှာက ပေါ်လာ၏။
သူသည် မှုန်ကုပ်ကုပ်အမူအရာ ဖြစ်နေသော်လည်း စူးထောင်သူ့အား စောင်းပြောနေကို တွေ့မြင်နေသော်ငြား ဆိုးဝါးသည့် စိတ်အခြေအနေကိုမပြဘဲ ထိုအစား လျိုရှန်းယိနဲ့ ရင်ဆိုင်တုန်းကထက် ပိုထိန်းချုပ်ထားပုံရကာ လုံးဝကိုခြားနားနေသည့် အငွေ့အသက်ပင်။
လျိုရှန်းယိ သူ့ကိုမေးခွန်းမေးတုန်းကဆို သူ့ပုံစံက လူသတ်တော့မယ့်အတိုင်းပဲ။
အခု စူးထောင်လည်း သူ့ကို ပြောလာရော သူကစကားတစ်ခွန်းမှတောင် မဟရဲတော့ဘူး။
လူတိုင်း - ဒီနှစ်ယောက်က တစ်ခုခုတော့ တစ်ခုခုပဲ!
စင်နှစ်ဖက်နှစ်ခြမ်းရှိ လှေကားထစ်များသည် ဖျော်ဖြေတင်ဆက်ပြီးသွားသော ပြိုင်ဝင်များ ထိုင်ရန်နေရာဖြစ်သည်။ စူးထောင်၏ မှတ်ချက်ကို ကြားပြီးနောက် ကျန်းချီ၏ ကြည်လင်တောက်ပသော မျက်လုံးများမှာ ကွေးတက်သွားပြီး တော်တော်လေး ဆွဲမက်ဖွယ်ကောင်းသည့် အပြုံးမျိုးပြုံးပြလာ၏။
ထိုအပြုံးများ ပေါ်ထွက်လာသည်နှင့် တပြိုင်နက် ညာဘက်ခြမ်းရှိ အမျိုးသမီးပြိုင်ပွဲဝင်များ၏ အော်ဟစ်သံများ ပေါက်ကွဲထွက်လာသည်။
ကျန်းချီ၏ ကျော်ကြားမှုက ဘယ်ဘက်ခြမ်းရှိ အမျိုးသားပြိုင်ပွဲဝင်များအား မနာလိုအားကျသည့် အကြည့်ဖြင့် သူ့ကိုကြည့်လာစေ၏။
ကျန်းချီနောက်မှ ဖျော်ဖြေမည့် ပြိုင်ပွဲဝင်များကလည်း တော်တော်လေးကို ဖိအားများလာသလို ခံစားနေကြရသည်။
စင်ပေါ်သို့တက်မည့် ထျန်ရင်ရင်မှာတော့ စူးထောင်ကြောင့် ဖိအားတိုးနေ၏။
စင်အနောက်ဘက်တွင် လူတိုင်းက စူးထောင်၏ မှတ်ချက်ပေးမှုများကို ချီးမွမ်းနေသည်ကို ကြားခဲ့ရသည်။
သူမသည် စူးထောင်တစ်ယောက် လက်ထောက်ငယ်လေးကနေ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာဖြစ်သွားမယ်လို့ ယောင်လို့မှတောင် မတွေးထင်ထားဘူးသည့်အတွက် ထိုအဖြစ်ကို လက်မခံနိုင်သေးချေ။
လွန်ခဲ့သည့်တစ်နှစ်ခန့်က ကုမ္ပဏီတွင် စူးထောင်၏ နူးညံ့ပြီး နာခံမှုရှိပုံကို သူမမြင်ယောင်နေဆဲပင်။
ထိုအချိန်တုန်းက စူးထောင်နှင့် ချင်ရွှယ်ရှီးသာ ထွက်ခွာသွားလျှင် သူမက အကြီးတန်းအတွင်းရေးမှုး ဖြစ်လာနိုင်သည်ဟုထင်ခဲ့ပြီး အခွင့်ကောင်းကို စောင့်နေခဲ့၏။
မမျှော်လင့်ထားစွာပင် စူးထောင်ထွက်သွားပြီးနောက် ဥက္ကဌက အကြီးတန်း အတွင်းရေးမှူးရာထူးကို ထပ်မထားတော့ချေ။
မျှော်လင့်ချက် မရှိတော့သည်ကို တွေ့ပြီးနောက် သူမသည်နှုတ်ထွက်စာတင်ရုံသာ တတ်နိုင်တော့ပြီး ရုပ်ရည်အားကိုးကာ ဖျော်ဖြေရေးလောကထဲ ဝင်လာခဲ့သည်။
ထျန်ရင်ရင်သည် အမြဲလိုလို သာမန်လူတစ်ယောက် မဖြစ်ချင်ခဲ့ပေ။ သူမကိုယ်တိုင်ကလည်း သက်တမ်းတစ်လျှောက်လုံး ဝန်ထမ်းငယ်လေးအဖြစ်နှင့် နေနိုင်မည်ဟု မထင်ချေ။
သို့သော် မထင်မှတ်စွာဖြင့် ဖျော်ဖြေရေးနယ်ပယ်သည် သူမထင်ထားသလောက် မလွယ်ကူခဲ့ပေ။ ရုပ်ရည်အသွင်အပြင်ကြောင့် ရှိုးတစ်ခုဝင်ရဖို့အတွက် သူမမျက်နှာသည် ဓားချက်များအောက်တွင် ကျရောက်ရဆဲပင်။
ယခုတွင် သူမသည် ကုမ္ပဏီလိုအပ်ချက်အတိုင်း အရာအားလုံးကိုလုပ်ဆောင်ပြီး ဓားချက်များအောက် ဆင်းသက်ကာ ပုံရိပ်တစ်ခုဖန်တီးခဲ့သော်လည်း စူးထောင်ဟူသော အတားအဆီးနှင့် ထပ်ရင်ဆိုင်နေရပြန်၏။
ထျန်ရင်ရင် စင်ပေါ်သို့ တက်သည့်အခါ လေးလံသည့်စိတ်များနှင့်အတူ ဖျော်ဖြေနေသောကြောင့် မျှော်လင့်ထားသလိုပင် သူမ၏ဖျော်ဖြေမှုမှာ ဆိုးရွားလှသည်။
သူမက ခြေလှမ်းမှားသွားပြီး လမ်းလျှောက်နေသည့် တခြားတစ်ယောက်ကို ဝင်တိုက်မိသွားသဖြင့် သီချင်းဆိုသံမှာ မတည်ငြိမ်တော့ဘဲ ကီးချော်သွားကာ ကားတိုက်သည့် မြင်ကွင်းကဲ့သို့ ဖြစ်သွား၏။
သူမဖျော်ဖြေမှုပြီးသွားသည်နှင့် ထျန်ရင်ရင်သည် မျက်နှာကို ဖုံးအုပ်ကာ နာနာကျင်ကျင် ငိုချလာတော့သည်။
စင်ပေါ်ရှိ သူမအဖွဲ့ဝင်များနှင့် ခန်းမထဲရှိလူတိုင်းမှာ အံ့ဩမင်သက်သွား၏။ ရုတ်တရက် ငိုချလာမှုက သူမ၏ဖျော်ဖြေမှုနှင့် ဘာဆက်စပ်မှုမှ မရှိချေ။
လျိုရှန်းယိက သူမအားဘာဖြစ်လို့လဲ မေးသည့်အခါ ထျန်ရင်ရင်သည် တမင်တကာ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသည့် အသံနေအသံထားကို ပြောင်းလိုက်ကာ တစ်ချက်နှစ်ချက်ရှိုက်ရင်း " တအားစိတ်လှုပ်ရှားသွားလို့ ခြေလှမ်းတွေမှားသွားတယ်~"
စူးထောင်သည် မထူးခြားနားစွာဖြင့် သူမလက်ထဲရှိ ထျန်ရင်ရင်၏ အချက်အလက်ကို ကြည့်လိုက်သည်။ ထျန်ရင်ရင်၏ မိတ်ဆက်စာနေရာတွင် စာတစ်ကြောင်းရှိနေ၏။ 'ချိုမြိန်တဲ့ပုံစံ ဒါမှမဟုတ် တုံးတုံးအအပုံစံနဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေး။'
အစောပိုင်း စင်ပေါ်က ဖျော်ဖြေသည့်ပုံစံနှင့် လုံးဝကွဲထွက်နေသည်ကို တွေ့ပြီးနောက် စူးထောင်က ၃မှတ်သာ ပေးလိုက်သည်။
၅မှတ်အောက်နည်းတာကို ပထမဆုံး စူးထောင်ပေးဖူးတာပဲ။ လျိုရှန်းယိသည် သဘာဝကျစွာဖြင့် စူးထောင်အား မေးလာ၏။
"အမှတ်တွေက အဓိကအားဖြင့်တော့ ထျန်ရင်ရင်ကြောင့် လျော့ကုန်တာပါ။" စူးထောင်သည် ပြတ်ပြတ်သားသားပင် အဓိကအချက်ကို ပြောလိုက်သည်။" စင်ပေါ်မှာဖျော်ဖြေနေတဲ့အချိန်မှာ မင်းရဲ့မျက်လုံးတွေက ဂနာမငြိမ်ဖြစ်နေတယ်၊ ပြီးတော့ စိတ်ကဖျော်ဖြေတင်ဆက်နေတဲ့ပေါ်မှာ မရှိဘူး ဒါကြောင့် ခြေလှမ်းမှားသွားတယ်။ ကီးချော်ရတဲ့ အကြောင်းအရင်းကတော့ အခြေခံအရည်အချင်းက မခိုင်မာလို့ပဲ။ အဓိက ပြဿနာကတော့ ကိုယ်နဲ့မကိုက်တဲ့ ပုံစံကိုအတင်းလုပ်ယူထားလို့ မင်းရဲ့နဂိုပုံစံကနေ ကွဲထွက်နေတယ်။ တို့အကြံပေးချင်တာက မင်းကိုယ်တိုင် မင်းရဲ့အကောင်းဆုံးဘက်ခြမ်းကို ချပြစေချင်တယ်။"
စူးထောင်၏ ပြတ်သားပြီး တိကျသည့်မှတ်ချက်များကြောင့် လက်ခုပ်သံအများအပြား ထွက်ပေါ်လာ၏။
သူမ၏ဝေဖန်ချက်နှင့် အကြံပေးချက်များမှာ အလွန်တိကျသောကြောင့် ပြိုင်ပွဲဝင်များက စူးထောင်အား သူတို့အပေါ်လည်းမှတ်ချက်များ ပေးစေချင်နေကြသည်။
သို့သော် စင်ပေါ်ရှိ ထျန်ရင်ရင်မှာ စူးထောင်၏ မှတ်ချက်များက မျှတသည်ဟု မထင်ပေ။ စူးထောင်တစ်ယောက် သူမကိုပစ်မှတ်ထားနေသည်ဟုသာ ခံစားနေရ၏။
လူလိမ် ဘယ်မလဲတရားမျှတမှု!
ထျန်ရင်ရင်သည် မျက်နှာကို ဖုံးအုပ်ထားသည့်လက်ကို ဖယ်လိုက်ပြီး သူမမျက်နှာတွင် ဘာမျက်ရည်မျှရှိမနေချေ။ လည်ပင်းကို ဆန့်တန်းလိုက်ပြီး သူမကိုယ်တိုင်ပင်မသိလိုက်သော တဇွတ်ထိုးဆန်မှုများက မျက်လုံးထဲတွင်ပေါ်နေကာ စူးထောင်အား မေးခွန်းထုတ်လိုက်သည်။
"ငါအတင်းလုပ်ယူထားတာမဟုတ်ဘူး ဒါက ငါ့ရဲ့နဂိုပုံစံပဲ။ နင့်အမြင်က မှန်ပါတယ်လို့ပြောဖို့ ကိုယ့်ကိုယ်ကိုယ် ဘာထင်နေတာလဲ။ နင်ဒီလိုပြောတာနဲ့ အဲဒါကမှန်သွားရောလား။"
ထျန်ရင်ရင်၏ ပြန်ခံပြောလာမှုကြောင့် လူအများက အံ့ဩသွားကြ၏။ တော်တော်များများ အံ့ဩနေမှုနှင့်ယှဉ်လျှင် စူးထောင်မှာ တည်ငြိမ်နေပြီး " တို့က အာဏာပိုင်တော့မဟုတ်ဘူး အကြံပေးရုံသက်သက်ပဲ။နားထောင်တာ၊ မထောင်တာက မင်းရဲ့အပိုင်းလေ။"
လျိုရှန်းယိက ကို့ယို့ကားယားဖြစ်နေသည့် အခိုက်အတန့်ကို ဘယ်လိုဖြေလျော့ရမလဲတွေးနေစဉ် ရှဲ့ကျင်သည် မိုက်ခရိုဖုန်းကို ကောက်ကိုင်ကာ အနာပေါ်ဆားထပ်ပက်လိုက်သည်။ "သူမ ပြောသွားတဲ့ မင်းရဲ့ဇာတ်ကောင်ပုံစံ ကွဲထွက်နေတယ်ဆိုတာက မင်းရဲ့အခုလိုအခြေအနေကိုပြောတာ။"