အခန်း (၄၁)
Vol. 4 Ch. 41
လှောင်ပြောင်သံများကြား၌ ထျန်ရင်ရင်သည် နောက်ဆုံးတွင် မျက်ရည်အစစ်အမှန် ညှစ်ထုတ်လာကာ သူမ၏ မျက်နှာမှာလည်း အရှက်ရမှုကြောင့် နီမြန်းနေသည်။ ရှဲ့ကျင်အပေါ် သူမ၏နက်ရှိုင်းသည့် အကြောက်တရားကြောင့် ခွန်းတုံ့မပြန်ရဲတော့ဘဲ စင်ပေါ်မှ အရှက်တကွဲ ဆင်းလာခဲ့ရ၏။
လေးနာရီလုံးလုံး ရိုက်ကူးရေးလုပ်ပြီးနောက် အစီအစဉ်ကပြီးဆုံးသွားကာ နောက်တဆင့်အတွက် တက်ခွင့်ရသွားသော ပြိုင်ပွဲဝင်များမှာမူ အချိန်ပြည့်လေ့ကျင့်မည့်နေရာသို့ တရားဝင် ဝင်ရောက်ခွင့်ရသွားသည်။
စူးထောင်တစ်ယောက် ထိုင်ခုံကနေ မထခင်တွင် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ကျန်းချီအား စကားစပြောနေသည်ကို သူမတွေ့လိုက်ရ၏။
ဒွိဟဖြစ်စေသော အပြုံးများဖြင့် ကျန်းချီကိုကြည့်နေသည်မှာ သူမကျန်းချီနှင့် လက်မှတ်ထိုးချင်သည့်အချိန်တုန်းက ပြုံးခဲ့သည့်အပြုံးနှင့် တထေရာထဲပင်။
ရှားပါးလှသည့် စိုးရိမ်ပူပန်မှုတစ်ခုက စူးထောင်၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။ သူမပုံရိပ်အတွက်ကြောင့်သာ မဟုတ်လျှင် စားပွဲပေါ်ကနေ ချက်ချင်းကျော်ခွသွားမည်ဖြစ်၏။
ရှဲ့ကျင်သည် ရှိုးပွဲမပြီးသေးခင်ကတည်းက စူးထောင်အား ထမင်းစားဖိတ်ရန် အကြောင်းပြချက်များကို စဉ်းစားနေခဲ့သည်။
သူမ ငြင်းဆန်နိုင်လောက်မည့် မရေမတွက်နိုင်သည့် အကြောင်းအရာများကို စဉ်းစားနေခဲ့ကာ သူမကိုစကားပြောရန် အခွင့်အရေးမရဘဲ စူးထောင်တစ်ယောက် ခြေရာလက်ရာမကျန်ဘဲ ပျောက်သွားမည်ဟု သူ မထင်ထားခဲ့ပေ။
ကျန်းချီစင်ပေါ်မှ ဆင်းသွားသည့်အချိန်တွင် ဟွေးရှင်ဖျော်ဖြေရေးမှ အမှုဆောင် ဒါရိုက်တာတစ်ဦးဆိုသူက သူ့ကိုတားလိုက်ပြီး ကျန်းချီအား အလားအလာရှိပြီး အရည်အချင်းရှိသည့်သူဟု ဆက်တိုက်ချီးမွမ်းနေလေသည်။
ကျန်းချီသည် အစပိုင်းတွင် စိတ်အနှောက်အယှက်ဖြစ်ကာ ထွက်သွားချင်ခဲ့သော်လည်း စူးထောင်၏ ကြည်လင်သော မျက်လုံးများထဲတွင် ရှားပါးလှသော လူသတ်ချင်သည့် အကြည့်ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသောအခါ သူ့ခြေလှမ်းကိုရပ်တန့်လိုက်၏။
"ဟယ်လို ကျွန်မက ကျန်းချီရဲ့အေးဂျင့် စူးထောင်ပါ။" စူးထောင်သည် အေးစက်စွာဖြင့် သူမအပိုင်ဖြစ်ကြောင်း ကြေငြာကာ အပြုံးမမည်သောအပြုံးမျိုးကို ပြုံးပြလိုက်သည်။
ဟွေးရှင်ဒါရိုက်တာက မချိုမချဉ်ပြုံးပြကာ သူ၏ လေသံထဲတွင် မနာလိုသည့်အရိပ်အယောင်များက ပေါ်ထွက်နေပြီး "ကျွန်တော်က ကျန်းချီကို ချီးမွမ်းနေရုံပါ၊ သူကတကယ့်ကို အရည်အချင်းရှိတယ်။ တော်တော်အလားအလာကောင်းတဲ့ ကောင်လေးပဲ။"
"သူ့ကို ချီးကျူးပေးလို့ ကျေးဇူးပါပဲရှင်။ ကျန်းချီက ကျွန်မတို့ ကျင့်ယန်ဖျော်ဖြေးရေးရဲ့ အလေးထားပြုစုပျိုးထောင်ထားတဲ့ အနုပညာရှင်တစ်ယောက်လေ။" စူးထောင်သည် တမင်တကာပင် 'အလေးထားပြုစုပျိုးထောင်'ဆိုသည့်နေရာကို ဖိပြောကာ ကျန်းချီကို သူမတို့ကုမ္ပဏီက လက်လွှတ်မည် မဟုတ်သည့်အတွက် လာခိုးဖို့စိတ်မကူးရန် ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ခြင်းပင်။
ဟွေးရှင်ဒါရိုက်တာက ကို့ယို့ကားယားနှင့် ထွက်သွားပြီးနောက် ကျန်းချီသည် မတတ်နိုင်ဘဲ ပါးစပ်ထောင့်ကို တွန့်ကွေးလိုက်ကာ အပြင်ဘက်တွင် နူးညံ့ပုံရသော်လည်း ကြောင်လေးတစ်ကောင်ကဲ့သို့ ချက်ချင်းလက်သည်းထုတ်သော စူးထောင်ကို ငေးကြည့်လိုက်၏။ စူးထောင်၏ အကြည့်စူးစူးအောက်တွင် သူကတခစ်ခစ်ရယ်မောနေသည်။
"ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားပြောလက်ခံတာပဲလား။" စူးထောင်သည် မျက်စောင်းထိုးလိုက်ကာ သူမ၏လေသံမှာ အနည်းငယ် စိမ်းကားနေ၏။
"လန့်သွားတာလား၊ ကျွန်တော်ခင်ဗျားကို ထားခဲ့မှာကြောက်နေတယ်ပေါ့။"
ကျန်းချီ၏ ကြည်လင်တောက်ပသော မျက်လုံးများက နွေးထွေးသော အရိပ်အယောင်နှင့် ပြည့်နှက်နေပြီး ဘယ်အချိန်တွင်မဆို ဟိုလိုလိုဒီလိုလို မရေရာတဲ့စကားမျိုးကို အလိုရှိတိုင်း သူပြောထုတ်နိုင်သည်။ ခံနိုင်ရည်မရှိသော သူများအတွက်မှာမူ သူ့စကားကြောင့် မျက်နှာထူပူသွားနိုင်၏။
စူးထောင်က သူ့ကိုမျက်လုံးလှန်ပြလိုက်ပြီး ခါးကိုမတ်ကာ အနည်းငယ်ဒေါပွနေသလိုမျိုး " ဂဏာန်းကိုးလုံးပါတဲ့ ဒဏ်ကြေးငွေကရော။ ဒီလူတွေမှာ တို့လို့အမြော်အမြင်ရှိတယ်လို့ ထင်နေတာလား။ ပွဲဦးမထွက်ရသေးတဲ့ မင်းလိုအနုပညာရှင်လေးအတွက် သူတို့က မင်းအစား လျော်ကြေးပေးမယ်လို့များ ထင်နေတာလား။"
"တစ်ယောက်တလေရှိရင် ဘယ်လိုလုပ်မလဲ။" ကျန်းချီသည် စူးထောင်တစ်ယောက် ဒေါသပေါက်ကွဲလာမှာကို မြင်ချင်နေသလိုမျိုး မချိုမချဥ်ပြုံးရင်း သူမကိုရန်စနေသည်။
စူးထောင်က သူမလက်ကိုမြောက်ကာ ကျန်းချီ၏ လက်မောင်းကို ရိုက်လိုက်ပြီး သတိပေးသည့်လေသံဖြင့် " တို့ကို အချိန်တိုင်း ခြိမ်းခြောက်နေတာရပ်တော့။ တို့ပုံစံကအနိုင်ကျင့်ရတာ လွယ်မယ့်ပုံပေါ်နေမယ့် မင်းတကယ်ပဲတို့ကို ရန်စရဲလား။"
အရိုက်ခံလိုက်ရသည့်အခါ ကျန်းချီ၏ အပြုံးက ပို၍ပင်ရွှင်မြူးလာပြီး သူမ၏နားရွက်အနားသို့ ကိုင်းချကာ လေသံတိုးတိုးလေးဖြင့် "ဒါပေမယ့် ခင်ဗျားကို ရန်စရတာ ကြိုက်တယ်ဗျ။"
ထိုသို့ပြောပြီးနောက် စူးထောင်အား တုံ့ပြန်ရန်ပင် အခွင့်အရေးမပေးဘဲ သူမ၏ခေါင်းကို ခပ်မြန်မြန်ပွတ်ကာ လက်ဝှေ့ရမ်းပြရင်း အဝေးသို့ခပ်သုတ်သုတ် လမ်းလျောက်သွားတော့သည်။
သူ၏သန့်စင်ပြီး ကြည်လင်တောက်ပသော အသွင်အပြင်သည် ငယ်ရွယ်သည့် ယောက်ျားလေး၊မိန်းကလေးအုပ်စုနှင့် ရောနှောသွားရင်း လေ့ကျင့်ရေးနေရာသို့ဝင်သွားကြကာ ထိုလူအုပ်များထဲတွင် သူသည်ဆွဲဆောင်မှုအရှိဆုံး၊ မျက်လုံး အဖမ်းစားနိုင်ဆုံး ဖြစ်နေဆဲပင်။
စူးထောင်က သူမအကြည့်ကို ရုတ်သိမ်းလိုက်၏။သူမ၏ အနုပညာရှင်နှင့်အတူ လျန်ခယ့်၏ အနုပညာရှင်များကလည်း နောက်တစ်ဆင့် ရောက်သွားကြသည်။ သူတို့လာစဉ်တုန်းက အလွန်သက်ဝင်လှုပ်ရှားနေသော်လည်း သူတို့ထွက်သွားသည့်အခါ တိတ်ဆိတ်ငြိမ်သက်သွား၏။ စူးထောင်သည် အထီးကျန်မှုနှင့်အတူ နှစ်ထောင်းအားရစွာဖြင့် နှုတ်ခမ်းကွေးတက်သွားသည်။
သို့သော် သူမ၏အပြုံးက အသက်မဝင်ခင်တွင် စင်္ကြံထောင့်တွင် ရင်းနှီးနေသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရပြီး ထိုနှစ်ယောက်မှာ တစ်ခုခုကို ကြံစည်နေပုံရ၏။
တစ်ဦးမှာ အစောပိုင်းက သူမ၏အနုပညာရှင်ကို လုယူရန်ကြိုးစားနေသော ဟွေးရှင်၏ ဒါရိုက်တာဖြစ်ပြီး တစ်ခြားတစ်ယောက်မှာမူ သူမတော်တော်လေးရင်းနှီးနေသည့် အရပ်မြင့်မြင့်၊ တည်ကြည်သော အသွင်အပြင်နှင့် ရှဲ့ကျင်၏ နောက်ကျော ဖြစ်သည်။
မျက်စိတစ်မှိတ်စာတွင် စူးထောင်သည် အကြောင်းအရာတော်တော်များများကို ဆပ်စပ်မိသွား၏။ ရှဲ့ကျင်သည် ယခင်ကလည်း ကျန်းချီကို ရွေ့ချီအတွက် ခိုးယူရန်ကြိုးစားဖူးသည်။
လက်ရှိအခြေအနေကို ပြန်သုံးသပ်ကြည့်လိုက်သည့်အခါ သူမထံမှကြိမ်းမောင်းခံရပြီးနောက် လက်မလျော့သေးဘဲ ကျန်းချီကို ခိုးယူရန် တခြားကုမ္ပဏီနှင့်ပင် ပူးပေါင်းနေ၏။
ဒါတော်တော်လွန်သွားပြီ။
ဘာတွေဖြစ်သွားလဲဆိုတာ စူးထောင်သဘောပေါက်သွားသည့်အခါ ဟွေးရှင်ဒါရိုက်တာက အရင်ထွက်သွားနှင့်နေပြီ။
ရှဲ့ကျင်လှည့်လာသောအခါ သူ့အနောက်တွင်ရပ်နေသည့် စူးထောင်ကို မြင်သွားသည်။ အေးစက်စက်မျက်လုံးက ချက်ချင်းနွေးထွေးမှုနှင့် ပြည့်သွားပြီး အရှေ့သိုလှမ်းကာ တစ်ခုခုကို ပြောချင်နေသော်လည်း အေးစက်စွာဖြင့် စူးထောင်က ဖြတ်ပြောလာသည်။
"ရှဲ့ကျင် နောက်တစ်ခါဒီလို လှည့်ကွက်မျိုးတွေ ထပ်လုပ်ရင် ရွေ့ချီက အနုပညာရှင်တွေ အားလုံးကိုခိုးလိုက်မယ်မှတ်။ ကျွန်မ လုပ်နိုင်လား၊ မနိုင်ဘူးလားဆိုတာ စောင့်ကြည့်နေလိုက်ပါ။"
စူးထောင်၏ ဒေါသတကြီး ထွက်ခွာသွားသောပုံရိပ်ကို ကြည့်နေရင်း ရှဲ့ကျင်၏ မျက်ခုံးများက မြင့်နက်သွားပြီး ကြည့်ရသည်မှာ လုံးဝဇဝေဇဝါဖြစ်နေပုံရ၏။
'သူဘယ်လိုလှည့်ကွက်တွေများ သုံးထားလို့လဲ။'
အဲဒီဟွေးရှင်ဒါရိုက်တာက သူ့ကိုထမင်းစားလာဖိတ်တာ ဒါပေမယ့် သူကငြင်းလိုက်တယ် ဒါအကုန်ပဲလေ။ သူဘယ်လိုများ သူမကို ထပ်ဆန့်ကျင်မိသွားတာလဲ။
-------
စူးထောင်သည် ကျန်းဝမ် အားလပ်တဲ့အချိန်အထိ စောင့်ကာ သူမအား ဟွာချွင်းကျန်း၏ ဇာတ်လမ်းတွဲအကြောင်း ပြောပြပေးလိုက်သည်။ အစက သူမစကားများများပြောရမည်ဟု ထင်ထားခဲ့သော်လည်း ကျန်းဝမ်သည် စူးထောင်အကြံပေးသည့်နေရာကို ယုံကြည်ကြောင်းပြောပြီး ဇာတ်ညွန်းပို့ပေးရန်တောင်းဆိုလိုက်၏။ ထိုမှသာ သူမ၏အေးဂျင့်နှင့် ယူရမည့်ဇာတ်ကောင်နေရာကို ဆွေးနွေးနိုင်မည်ဖြစ်သည်။
ထိုကဲ့သို့ ယုံကြည်ပေးမှုကြောင့် စူးထောင်၏ နှလုံးသားမှာ နွေးထွေးသွားရပြီး ကျန်းဝမ်အား အနာဂတ်တွင် သူမကူညီနိုင်သည့်အရာများရှိလျှင် ပြောပါရန် ကျန်းဝမ်အားပြောလိုက်၏။
"တို့မှာ နင့်ကို မေးစရာတစ်ခုရှိတယ်။" ကျန်းဝမ်၏ နူးညံ့သောအသံက ဖုန်းထဲမှ ထွက်လာပြီး သူမ၏လေသံမှာ ပင်ပန်းနွမ်းနယ်နေဟန်ရှိကာ "အခုလက်ရှိကုမ္ပဏီနဲ့ စာချုပ်ကို ရပ်စဲလိုက်ချင်လို့။ အဲဒါ တို့ နင်နဲ့စာချုပ် ချုပ်လို့ရမလား။"
စူးထောင်သည် တခဏတာ ကြက်သေသေသွားပြီး သူမကြားလိုက်ရသည်ကို မယုံနိုင်ဖြစ်ကာ နောက်တစ်ကြိမ် အတည်ပြုမေးလိုက်သည်။"နင်က တို့နဲ့စာချုပ် ချုပ်ချင်နေတာလား။"
"နင် ငါ့ကို ကုတ်အင်္ကျီပေးပြီး ကူညီလိုက်ကတည်းက နင့်ကိုအားကိုးလို့ရတယ်ဆိုပြီး ခံစားလိုက်ရတယ်။ နင့်ရဲ့ အသေးအဖွဲ့ ဂရုစိုက်မှုနဲ့ နားလည်ပေးမှုအောက်မှာ တို့ထိရှသွားတာလေ။ နောက်ပြီး နင့်ရဲ့အနုပညာရှင်တွေအပေါ် ကာကွယ်ပေးမှုနဲ့ အစီအစဉ်ဆွဲပေးတာတွေကိုလည်း တို့သဘောကျတယ်။ အခုလက်ရှိ ကုမ္ပဏီက တို့ကိုငွေရှာစက်တစ်ခုလိုပဲမြင်နေတာ။ တို့တကယ်ကို ပင်ပန်းနေပြီ။ စူးထောင် အခုနင်တစ်ယောက်ထဲကိုပဲ တို့ယုံကြည်တာ။"
ကျန်းဝမ်၏ ကျိုးပဲ့လွယ်သော လေသံကြောင့် စူးထောင်မှာ စိတ်မကောင်းဖြစ်သွားရ၏။ သူမ၏ နူးညံ့သော်လည်း ခိုင်မာသည့်လေသံက ကတိတစ်ခုပေးလိုက်ပြီး "ကျန်းဝမ် နင့်ရဲ့စာချုပ်ကို သေချာပေါက် ရပ်စဲလို့ရအောင်လုပ်ပြီးတော့ နင်လိုချင်တာကို ပေးမယ်။ နင်က တို့ကိုယုံကြည်တယ်ဆိုမှတော့ တို့ဘက်ကလည်း နင့်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်။"
ဖုန်းချလိုက်ပြီးနောက် စူးထောင်သည် ဝမ်ချီဆီသို့ လာမည့်အပတ်အတွင် ကုယိယန်၏ အချိန်ဇယားကို audition ဖြေဖို့အတွက် အချိန်နှစ်ရက်လောက် ရှင်းလင်းပေးထားရန် စာပို့လိုက်သည်။
ကုယိယန်၏ ကိစ္စ ဖြေရှင်းပေးပြီးနောက် စူးထောင်သည် သူမ၏အလုပ်စီမံချက်များကို ကြည့်လိုက်၏။ DG computers က မကြာမီတွင် စီးရီးအသစ်ထပ်ထွက်တော့မည်ကို တွေ့လိုက်ရသည့်အခါ သူမ၏မျက်လုံးများက တောက်ပသွားပြီး သူမ၏အဆက်အသွယ်ကိုသုံးကာ DG Computers က အသစ်ထွက်မည့်စီးရီးအတွက် Spokesperson အသစ်ရှာနေကြောင်း သိလိုက်ရသည်။
DG Computers သည်အမြဲလိုလို ကျောင်းသားဈေးကွက်ကို ပစ်မှတ်ထားပြီး ဒီဇိုင်းများမှာလည်း ဆန်းသစ်ပြီး လှပကာ၊ အလေးချိန်မှာလည်း ပေါ့ပါးပြီး ကုန်ကျစရိတ် သက်သာသည့်အတွက် ကျောင်းသားများကြားတွင် အလွန်ရေပန်းစား၏။
DGသည် အနုပညာရှင်အသစ်ကလေးများကို သူတို့၏ စီးရီးအသစ်အတွက် ပြောရေးဆိုခွင့်ရှိသူအနေနှင့် အသုံးပြုရဲပြီး လူသစ်ငှားရမ်းရာတွင်လည်း မှန်ကန်တိကျသော အမြင်များရှိသည်။ အရင်ပြောရေးဆိုခွင့်ရှိသူများမှာ သူတို့ကိုယ်စားပြုသည့် ထုတ်ကုန်များနှင့်အတူ ကြီးထွားလာပြီး ယခုတွင် တန်ဖိုး မြင့်တက်နေပြီဖြစ်၏။
နယ်ပယ်ထဲတွင် ထိုဖြစ်စဉ်ကို ဖော်ပြထားသည့် ကြော်ငြာဆောင်ပုဒ် တစ်ခုရှိသည်။
"DGက တင်ပေးလိုက်တာနဲ့ နောက်နေ့စတားဖြစ်ပြီပဲ။"
DGရဲ့ စီးရီးအသစ်ထောက်ခံချက်က ကျန်းချီအတွက် တော်တော်လေးသင့်တော်၏။ သူမ သေချာပေါက် အဲဒါကိုရမှရမည်။
စူးထောင်သည် ချက်ချင်းပင် DG မားကတ်တင်းဌာန၏ အဆက်အသွယ် အချက်အလက်ကိုရရန် သူမ၏ အဆက်အသွယ် အားလုံးကို အသုံးချခဲ့သော်လည်း ထောက်ခံချက်ကိုရရှိရန် ပုံမှန်အတိုင်း ယှဉ်ပြိုင်ရန်လိုအပ်ပြီး ဂဏာန်းကိုးလုံးပါ ပိုင်ဆိုင်မှုကို တလစာကြိုသွင်းရန်လိုကြောင်း သူမအားပြောလာခဲ့သည်။
ဤအရာသည် ဝင်ခွင့်အတွက် အတားအဆီး ချထားခြင်းဖြစ်၏။
ပထမဆုံးအချက်မှာ DG သည် ထုန်ကုန်အသစ် မိတ်ဆက်စဉ်အတွင်း ပြောရေးဆိုခွင့်ရှိသူနှင့် အပျက်သဘောဆောင်မည့် အဖြစ်အပျက်များကို တားဆီးချင်သည်။ ထို့ကြောင့် ကုမ္ပဏီ၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဂဏာန်းကိုးလုံးပါသည့် ဒဏ်ကြေးငွေကို သတ်မှတ်ထားခြင်းဖြစ်၏။
ဒုတိယအချက်မှာ ဒဏ်ကြေးငွေပေးဆောင်ရမည်ကို မကြောက်သော အင်အားရှိသည့် အေဂျင်စီများကို စိစစ်နိုင်ပြီး သူတို့၏ထောက်ပံ့မှုနှင့် ပြောရေးဆိုခွင့်ရှိသူအသစ်က ထုန်ကုန်နှင့်အတူ ကြီးထွားလာမည်ဖြစ်သည်။
အနုပညာရှင် အသစ်ကလေးများကို ရွေးချယ်သည်ဟုဆိုသော်လည်း လူသစ်များအတွက် စံနှုန်းမှာအလွန်မြင့်မားနေပြီး ထိပ်တန်းကြယ်ပွင့် လောက်နီးနီးအဆင့်ရှိ၏။
စူးထောင်သည် ကျန်းချီအတွက် ထောက်ခံချက်ရရှိရန် ဆုံးဖြတ်ထားသဖြင့် စမည်ဟုလုပ်ထားလျှင် မည်သူကမျှ တားဆီးနိုင်မည်မဟုတ်ချေ။
သူမက ကျန်းချီကွမ်းကို ဖုန်းခေါ်ကာ ထိုအခြေအနေကို ရှင်းပြလိုက်သည်။ သူက ဒီတကြိမ်တွင် တခဏတာတိတ်ဆိတ်သွားပြီး "ထောင်ထောင် ဒါက ကုမ္ပဏီရဲ့အကောင့်ထဲကနေ ပမာဏအများကြီး ထုတ်ယူရမယ်ဆိုတာ သိတယ်မလား။ ငါတစ်ယောက်ထဲနဲ့ ဆုံးဖြတ်လို့မရဘူး။ ရှင်ယာရှင်အစည်းအဝေး ခေါ်ဖို့လိုတယ်။"
စူးထောင်သည် တည်ငြိမ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး "သိပါတယ်။"
ကျန်းချီကွမ်း - "ဒီကုမ္ပဏီရဲ့အကောင့်ထဲမှာ သန်း၄၅၀ရှိတယ်။ မင်းက သန်း၃၀၀ထုတ်ချင်နေတာ။ ဒါကို လျန်ခယ့်နဲ့ လျိုဝမ်ထောင်က သဘောတူမယ်လို့ ထင်လား။"
အနုပညာရှင်များ၏ ကြော်ငြာအတွက် ကုန်ကျစရိတ်မှာ နေ့စဉ်နေ့တိုင်းပင် ရေကဲ့သို့စီးထွက်နေပြီး ကုမ္ပဏီအောက်တွင်လည်း အနုပညာရှင် တော်တော်များများ ရှိနေသေးသဖြင့် လျန်ခယ့်နှင့် လျှိုဝမ်ထောင်၏ သဘောတူညီချက်ကိုရရန် ခက်ခဲလိမ့်မည်။
စူးထောင်၏မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အယောင်များနှင့်ပင်။ "ညီမ သူတို့ကို စည်းရုံးလိုက်မယ်။"
ကျန်းချီကွမ်းသည် ဒီကိစ္စအတွက် ကျန်းချန်သို့ အထူးတလည်ပြန်လာပြီး ရှယ်ယာရှင် အစည်းအဝေးကို ကျင်းပလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကျန်းချီကွမ်းတစ်ယောက်ထဲကသာ သဘောတူ၏။ ကုမ္ပဏီ၏ စည်းမျဥ်းများအရ ရှယ်ယာ 2/3ထုတ်ယူလိုလျှင် 80%သော ရှယ်ယာရှင်များ၏ သဘောတူညီချက်ကို လိုအပ်သည်။
လျန်ခယ့်သည် သူ၏ဖြူသွယ်သွယ်လက်ချောင်းကို ဝှေ့ရမ်းရင်း သက်ပြင်းချလိုက်ကာ "ထောင်ထောင် ဒီတစ်ကြိမ်တော့ မင်းကိုမကူညီနိုင်ဘူး။ ဒါက တော်တော်လေးကို အမောက်များပြီး အချိန်ကလည်းတော်တော်လေးကို ကြာတယ်။ အခြေခံအားဖြင့်ဆို တစ်လလောက် ငွေလည်ပတ်မှုရပ်တန့်သွားမှာ။"
လျိုဝမ်ထောင်မှာ လျန်ခယ့်ကဲ့သို့ ပညာသားပါပါမပြောပေ။ သူမသည် စားပွဲပေါ်တွင် လက်ကိုလိမ်ယှက်ကာ မျက်နှာထားတင်းတင်းနှင့် သူမ၏လေသံက အနည်းငယ်မာနေ၏။
"ငါတော့ ဒီကိစ္စကို လုံးဝကန့်ကွက်တယ်။ ဒီမှာလည်း အနုပညာရှင်တော်တော်များများ ရှိနေတယ်လေ ရန်ပုံငွေ အရေးတကြီးလိုရင် ဘယ်လိုလုပ်မလဲ။နောက်ပြီး DG ထောက်ခံချက်ရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ လူတိုင်းသိနေတာပဲ။ ဒီမဖြစ်နိုင်တဲ့ ကိစ္စအတွက်နဲ့ တစ်လလုံးလုံးငွေကြေးလည်ပတ်မှုကို ရပ်တန့်ဖို့လိုလား။"
တခြားလူနည်းစု ရှယ်ယာရှင်နှစ်ယောက်မှာလည်း ကုမ္ပဏီမှ ငွေကြေးအမြောက်အများ ထုတ်ယူမည်ကို မလိုလားကြပေ။ လုပ်ငန်းတော်တော်များများက ငွေကြေးလည်ပတ်မှုကြောင့် ပြိုကျသွားရသည်။
စူးထောင်၏ အမူအရာမှာ ငြိမ်သက်နေပြီး သူ့မအသံရှုသံမှာလည်း တည်ငြိမ်နေ၏။ အစောကတည်းက သူမခန့်မှန်းထားသည့် မြင်ကွင်းမျိုးပင်။ ဘယ်လောက်ပဲရှင်းပြရှင်းပြ အချည်းနှီးဖြစ်နေမှာပဲ။
သူမသည် အရင်ကတည်းက ပြင်ဆင်ထားသည့် " တော်ဝင်အမိန့်ပြန်တမ်းစာချုပ်"ကို ထုတ်ယူကာ စားပွဲပေါ်ပစ်တင်ပေးလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ငြင်းပယ်လို့မရသည့် အင်အားများဖြင့်ပြည့်နေကာ "တကယ်လို့ DGထောက်ခံချက်ကို ကျွန်မ မယူနိုင်ခဲ့ဘူးဆိုရင် ဒီအတွက်တာဝန်ယူပြီး နှုတ်ထွက်ပေးဖို့ ဆန္ဒရှိပါတယ်။"
ပုံမှန်အားဖြင့် တိတ်ဆိတ်နေသော ကျန်းချီကွမ်း၏ မျက်လုံးများက ပြူးကျယ်သွားကာ သူ့အမူအရာက လေးနက်နေပြီး "စူးထောင်ထောင် ဒီလိုမဆင်မခြင်ပြောလို့ မရဘူးလေ။"
"ဒါက မဆင်မခြင်လုပ်နေတာ မဟုတ်ဘူး။ ထောက်ခံချက်ကိုရဖို့ ယုံကြည်မှုရှိတယ်။ ကျွန်မရဲ့ အနာဂတ်နဲ့တောင် လောင်းရဲတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။"
စူးထောင်သည် လက်မှတ်ထိုးပြီးသား "တော်ဝင်အမိန့်ပြန်တမ်းစာချုပ်"ကို အစည်းအဝေးစားပွဲအလယ်သို့ ပို့လိုက်ကာ လက်ရှိရှိနေသော လူတိုင်းအား တောက်လောင်သော အကြည့်ဖြင့် ကြည့်လိုက်၏။
ပထမဆုံး ရပ်တည်သည့်သူမှာ လျိုဝမ်ထောင်ပင်။ သူမက စားပွဲပေါ်ရှိ "တော်ဝင်အမိန့်ပြန်တမ်းစာချုပ်"ကို ယူကြည့်ကာ သူမ၏မျက်နှာပေါ်တွင် လှောင်ပြောင်သည့်အပြုံး ထုတ်ပြလာကာ " မန်နေဂျာစူးက ဒီလောက်တောင် ယုံကြည်ချက်ရှိနေမှတော့ သူမကို မတားတော့ပါဘူးလေ။ ကျွန်မ သဘောတူတယ်။"
လျန်ခယ့်သည် "တော်ဝင်အမိန့်ပြန်တမ်းစာချုပ်"ကိုတလှည့် စူးထောင်ကိုတလှည့်ကြည့်ကာ ခေါင်းကိုခါရမ်းလိုက်ပြီး " မင်းနှုတ်ထွက်သည်ဖြစ်စေ၊ မနှုတ်ထွက်သည်ဖြစ်စေ ငါ့အတွက် ဘာအကျိုးမှမရှိဘူး။ ငါသဘောမတူတုန်းပဲ။"
တကယ်တမ်းတော့ လျန်ခယ့် သဘောတူတူ,မတူတူ စူးထောင်အတွက် ဘာမှဖြစ်ချေ။ ကျန်းချီကွမ်းက ရှယ်ယာ၆၀%ကို ပိုင်ဆိုင်ထားပြီး သူမမှာ ၁၀%ရှိ၏။လျိုဝမ်ထောင်၏ ၁၀%ကို ထပ်ပေါင်းလိုက်လျှင် သူမရန်ပုံငွေကို အသုံးပြုနိုင်ပြီ။
ကျန်းချီကွမ်းသည် ထို"တော်ဝင်အမိန့်ပြန်တမ်းစာချုပ်"၏ ရည်ရွယ်ချက် အစစ်အမှန်ကို နားလည်သဘောပေါက်ပြီး သူမကို စေ့စေ့ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ "စူးထောင်ထောင် မင်းသေသေချာချာ စဉ်းစားပြီးပြီလား။ "
စူးထောင် ခေါင်းညိတ်ပြလိုက်၏။
ကျန်းချီကွမ်းက သူမ၏ လျှောက်လွှာကိုယူလိုက်ကာ "တော်ဝင်အမိန့်ပြန်တမ်းစာချုပ်"နှင့် တွဲချုပ်လိုက်ပြီး ခဏတာတုံ့ဆိုင်းပြီးနောက်တွင် သူ့နာမည်ကိုလက်မှတ်ထိုးကာ ကုမ္ပဏီစည်းတံဆိပ်ကို ရိုက်နှိပ်လိုက်သည်။
လျိုဝမ်ထောင်သည် တအားကြီး တုံ့ဆိုင်းမနေချေ။သူမက ချက်ချင်းပင် သူမနာမည်ကို လက်မှတ်ထိုးလိုက်ပြီးနောက် လျှောက်လွှာကို စူးထောင်ထံ ပြန်ပေးလိုက်ကာ ခပ်ညစ်ညစ်ပြုံးလိုက်ရင်း " အထွေထွေမန်နေဂျာစူးဆီကနေ သတင်းကောင်းကို စောင့်မျှော်နေပါတယ်နော်။"
စူးထောင်သည် လျိုဝမ်ထောင်ထံမှ လျှောက်လွှာကို ယူကာ စိမ့်စမ်းရေကဲ့သို့ အေးချမ်းသောမျက်လုံးများဖြင့် အစည်းအဝေးခန်းမမှ ထွက်လာခဲ့သည်။
တံခါးဖွင့်လိုက်သည်နှင့်တပြိုင်နက် တံခါးအပြင်ဘက်တွင် ခိုးနားထောင်နေသော လုပ်ဖော်ကိုင်ဖက်များမှာ ပြုတ်ကျလုနီးပါးဖြစ်သွားကျ၏။ စူးထောင်က သူတို့ကို လျစ်လျူရှုလိုက်ပြီး မျက်နှာသေဖြင့် ဘဏ္ဍာရေးဌာနကို တည့်တည့်သွားလိုက်သည်။
လေ့ရွှမ်းက အလျင်အမြန် ကပ်လိုက်လာကာ တော်တော်လေး စိုးရိမ်ပူပန်နေသည့်ဟန်ဖြင့် "သူဌေး ဒါက မီးနဲ့ကစားနေတာပဲ မဟုတ်လား။"
စူးထောင်သည် ခပ်မှန်မှန်လမ်းလျှောက်ကာ သူမ၏လေသံက မကျယ်သော်လည်း တော်တော်လေးကို နားထဲစွဲကာ "အနာခံမှ အသာစံရမှာ။"