အခန်း (၄၂)
Vol. 4 Ch. 42
"ပွဲဦးထွက်ရာလမ်း" variety show ၏ ပထမပိုင်းကို အွန်လိုင်းပေါ်တွင် လွှင့်လိုက်သောအခါ တော်တော်လေးကို ဂယက်ထသွားသည်။
ကျော်ကြားသော အနုပညာရှင် နည်းပြလေးယောက်အကြောင်းကို ဆွေးနွေးနေကြသည့်အပြင် မမျှော်လင့်ထားစွာဖြင့် အပြောများဆုံး အကြောင်းအရာမှာ ရှဲ့ကျင်နှင့် စူးထောင်တို့ကြားက CPဖြစ်ပြီး ပြိုင်ပွဲဝင်များ၏ ကျော်ကြားမှုကိုပင် လွှမ်းမိုးသွားသည်။
Hot search list ထဲတွင် ထိုအကြောင်းအရာက အောက်ခြေမှ ထိပ်သို့ အလျင်အမြန်တက်လာပြီး နားနေစဉ်အတွင်း ရိုက်ကူးရေး နောက်ကွယ်တွင် ရှဲ့ကျင်က စူးထောင်ထံ wechat acc တောင်းနေသည့် ဗီဒီယိုကိုလည်း အပိုဆုအနေဖြင့် ထုတ်လွှင့်လာပေး၏။
လူကြိုက်များမှုမှာ ကျသွားရမည့်အစား ပိုပြီးတိုးလာကာ ထိပ်ဆုံး၃နေရာသို့ဝင် ဝင်ရောက်သွားသည်။
ထိုအစီအစဉ်ကို ထုတ်လွှင့်သည့်နေ့တစ်ဝက်အတွင်း ရှဲ့ကျင်နှင့် စူးထောင်၏ CP hashtag ရှိနေပြီဖြစ်၏။
Weiboတွင် ဝင်ကြည့်နေရင်း တခြားနိုင်ငံရောက်သို့ တဖန်ရောက်နေသည့် ကျန်းချီကွမ်းမှ ဖုန်းခေါ်လာသည့်အခါ စူးထောင် မျက်မှောင်ကြုတ် သွားမိသည်။
ကျန်းချီကွမ်း - စူးထောင်ထောင် hot search မှာ မင်းနဲ့ အဲဒီရှာလကာရည်အိုးကြီးရဲ့ CPကို တွေ့ပြီးပြီလား။
စူးထောင်သည် "အမ်း"ဟုသာပြောလိုက်ပြီး ထိုအကြောင်းကို ဆွေးနွေးရန်ဆန္ဒမရှိပေ။
ကျန်းချီကွမ်း - အဲဒီရှာလကာရည်အိုးကြီးက တမင်ပဲ မင်းတို့CPကို လုပ်လိုက်တာမလား။ သူအခုထိ လက်မလျော့သေးဘူးပေါ့လေ။ တော်တော်လေး ဇွဲကောင်းသားပဲ။"
စူးထောင်သည် မသိမသာ သက်ပြင်းချလိုက်ကာ စကားလမ်းကြောင်း ပြောင်းလိုက်၏။" အခု ဘယ်နိုင်ငံမှာ ရှိနေတာလဲ။ ရှင်ကတော့ အချိန်နဲ့တပြေးညီ သတင်းရတယ်နော်။
"ငါက အခုအမေရိကန် ချီကာဂိုမှာ ရှိနေတာ။" ကျန်းချီကွမ်း၏ လေသံက ရုတ်တရက်တိုးသွားပြီး အာရုံပျံ့လွင့်နေပုံရသည်။
"ဘာဖြစ်လို့လဲ ချီကာဂိုမှာ အလှလေးတွေ မရှိလို့လား။" စူးထောင်က စနောက်လိုက်၏။
"ရှောင်ရွေ့လေ သူမကို ချီကာဂိုမှာ ငါရှာတွေ့ခဲ့တယ်။"
စူးထောင်၏ မျက်လုံးများက တောက်ပလာပြီး ချက်ချင်းထရပ်လိုက်ကာ အစပိုင်းတွင် အံ့ဩသွားပုံရသော်လည်း ထိုနောက် စိတ်သက်သာရာရသွားပြီး"သူမ အဆင်ပြေလား။"
ကျန်းချီကွမ်း၏ လေသံထဲတွင် တနည်းတနည်းဖြင့် စိတ်ဓာတ်ကျနေသလိုမျိုး "စကားတစ်ခွန်းထဲနဲ့ ဖော်ပြရမှာခက်တယ်။ ဟောင့်ရှင်နဲ့ ပြန်လိုက်ခဲ့ဖို့ သူမငြင်းဆန်နေတယ်လေ။"
သူရည်ညွန်းသွားသည့် ဟောင့်ရှင်းမှာ ကျန်းရှောင်ရွေ့နှင့် စေ့စပ်ထားသည့် ရှန်းဟောင့်ရှင်ဖြစ်သည်။
လွန်ခဲ့သည့် နှစ်နှစ်ခန့်တွင် သူတို့နှစ်ဦးစေ့စပ်လိုက်ကြပြီး နှစ်ဝက်ကြာပြီးနောက် လက်ထပ်ပွဲကျင်းပသည့်နေတွင် ကျန်းရှောင်ရွေ့က မင်္ဂလာပွဲမှ ထွက်ပြေးသွား၏။
တစ်နှစ်ကြော်ကြာ သူမဆီက ဘာသတင်းမှမကြားခဲ့ရသည့်အတွက် ဟောင့်ရှင်မှာအလဲလဲအပြိုပြို နေ့တိုင်းနီးပါး နာနာကျင်ကျင် ဖြတ်သန်းနေရသည်။
ကျန်းချီကွမ်းက နိုင်ငံတော်တော်များသို့ ခြေဦးတည့်ရာသွားနေသည့် အကြောင်းအရင်းမှာ ကျန်းရှောင်ရွေ့ကိုရှာဖွေရန်ဖြစ်၏။ ကံကောင်းထောက်မစွာနှင့် နောက်ဆုံးတွင် ကျန်းရှောင်ရွေ့ကို သူရှာတွေ့သွားခဲ့သည်။
စူးထောင်သည် သူမ၏အချိန်ဇယားကို အလျင်အမြန်ကြည့်ကာ ပြောလိုက်၏။ "ညီမကို လိပ်စာပို့ပေး ဒီနေ့ပဲလေယာဉ်နဲ့တက်လာခဲ့မယ်။"
စူးထောင်သည် မြင့်မားအုံးဆိုင်းနေသည့် ဝက်သစ်ချပင်အောက်တွင် လက်နှစ်ဖက်ကို အိပ်ကပ်ထဲတွင် ထည့်ထားရင်းရပ်ကာ စိုးရိမ်ပူပန်နေဟန် လက်ချောင်းများကို ပွတ်နေသည်။ နှစ်အတော်ကြာမတွေ့ရသည့် ညီမလေးကို ရင်ဆိုင်ရသည့်အခါ သူမက အနည်းငယ် ရှက်ရွံနေကာ သူမကို အသိအမှတ်မပြုရဲချေ။
အချိန်အတော်ကြာ ဂရုတစိုက် စူးစမ်းလေ့လာပြီးနောက် သူမသည် တော်တော်ပြောင်းလဲသွားကာ အရင်ကပုံစံကိုပင် ပုံမဖမ်းနိုင်လုနီးပါးပင်။
ကျန်းရှောင်ရွေ့သည် ကိုယ်အလေးချိန်တက်လာပြီး မူလကနက်မှောင်ဖြောင့်စင်းသော ဆံပင်များက အဝါဖျော့ဖျော့အဖြစ် ပြောင်းသွား၏။ သူမက ရှပ်အင်္ကျီပွပွနှင့် ခွေးမွေးများကပ်နေသည့် အမဲရောင်ဘောင်းဘီကို ဝတ်ထားကာ အနည်းငယ် ညစ်ပေနေပုံပေါ်သည်။
သူမ၏အသွင်အပြင်မှာ လှပနေသေးသော်လည်း အမူအရာက ထိုင်းမှိုင်းနေပြီး မျက်ခွံဟောက်ပက်နှင့် မျက်လုံးများက ဦးတည်ရာမဲ့နေ၏။ သူမသည် ဆက်တိုင်သမ်းဝေနေကာ ကြည့်ရသည်မှာ အခုမှအိပ်ရာနိုးကာစ ဖြစ်ပုံရသည်။
သူမက ထိုလူယုတ်မာနှင့် ချီကာဂိုသို့ ထွက်ပြေးသွားပြီး နောက်ပိုင်းတွင် စွန့်ပစ်ခံလိုက်ရ၏။ သူမသည် ကိုယ်ဝန်ဖျက်ချလိုက်သည်ဟုလည်း သတင်းစကား ကြားလိုက်ရသေးသည်။ သူမ သေချာပေါက် စိတ်ပိုင်းဆိုင်ရာ ပြိုလဲနေလောက်မည်။
"ရှောင်ရွေ့..." နောက်ဆုံးတွင် စူးထောင်သည် စကားပြောလာသော်လည်း ဘာပြောရမှန်းမသိချေ။
ကျန်းရှောင်ရွေ့သည် သူမနှုတ်ခေါင်းကိုပွတ်ကာ စူးထောင်အား စိတ်မရှည်သည့်အကြည့်ဖြင့်" ကြည့်လို့ဝသွားပြီလား။ ငါဘာလို့ ဒီလိုဖြစ်သွားလဲ၊ ဘာလို့နင်တို့နဲ့ ပြန်မလိုက်လဲ၊ အရင်နှစ်တွေတုန်းက ငါဘယ်လိုနေခဲ့ရလဲဆိုတာ မေးချင်တယ်မလား။ နင်တို့ ငါ့ကို ပြန်လိုက်သွားဖို့ စည်းရုံးချင်နေတယ်ဟုတ်။ ငါပြောချင်တာတွေအားလုံး ပြောထားပြီးပြီ။ ဟောင့်ရှင်နဲ့ ငါ့အစ်ကိုကို သွားမေးလိုက် ငါနဲ့ ဘာအကြောင်း ထပ်ပြောချင်နေတာလဲ။ငါပြောလိုက်မယ် နင်တို့နဲ့အတူတူ တရုတ်ပြည်ကို ပြန်မလိုက်ဘူးလို့!။"
စူးထောင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရှောင်ရွေ့တစ်ယောက် အရင်ကထက် ဒေါသပိုကြီးလာမည်ဟု သူမ မမျှော်လင့်ထားပေ။
"ဘာလဲ ငါ့အတွက် စိတ်မကောင်းဖြစ်နေတာလား။" ကျန်းရှောင်ရွေ့က လှောင်ပြောင်လာ၏။ ကိုယ့်ကိုယ်ကိုယ်ခုခံသည့်ပုံစံဖြင့် "ငါက သနားစရာကောင်းတယ်လို့ ထင်နေတာလား။"
"မဟုတ်ရပါဘူး။" စူးထောင်က အလျင်အမြန် စူးပြလိုက်သည်။ "ငါက နင့်နဲ့ပက်သက်ပြီး ဂရုစိုက်လို့....."
"မလိုပါဘူး။ဘအခုချိန်မှာ နင် ငါ့ကို အထင်သေးနေမယ်၊ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ခံဆိုပြီးတွေးနေမယ်ဆိုတာ ငါသိတယ်။ ငါကလည်း နင်တို့သနားတာ မလိုချင်ဘူး။ ငါ့ဘဝကို ငါ့ဘာသာထိန်းကျောင်းမယ်။ နင်တို့ ငါ့ကိုလာလှောင်စရာ မလိုဘူး။"
စူးထောင်၏ မျက်ခုံးများက ကြုတ်သထက်ကြုတ်လာ၏။ ရှောင်ရွေ့သည် ယခုအခါတွင် ဖြူကောင်ကဲ့သို့ အလွန်ရန်လိုနေသည်။ စူးထောင်သည် စကားမှားပြောမိမှာကို ကြောက်နေပြီး ရှောင်ရွေ့တဖန် အထင်လွဲသွားမှာကို စိုးရိမ်နေ၏။
"ရှောင်ရွေ့ ငါက နင့်ကို တစ်လျှောက်လုံး စိတ်ပူနေတာ။နင်နဲ့ထပ်တွေ့ရလို့ ငါတကယ်ကို ဝမ်းသားတယ်။ နင်ရဲ့ဆုံးဖြတ်ချက်တွေကို ငါဆန့်ကျင်မှုမဟုတ်ဘူး ဒီအတိုင်းနင်များ အန္တာရယ်ကင်းနေလား၊ ဟောင့်ရှင်နဲ့ စကားကောင်းကောင်းမွန်မွန် ပြောနေပြီလားဆိုတာ လာကြည့်ရုံပဲ။ လွန်ခဲ့တဲ့နှစ်နှစ်က သူတော်တော်လေး နာကျင်ခံစားခဲ့ရတာ။"
ထိုသို့ပြောပြီးနောက် သူမတဖန်စကားနှင့် ပြန်လည်တိုက်ခိုက်လာမည်ကို မစောင့်ဘဲ ထွက်သွားတော့သည်။
ရှောင်ရွေ့က သူတို့ရဲ့အရင်က ခင်မင်ရင်းနှီးမှုကို ထောက်ထားပြီး သူမရဲ့အကြံပေးစကားကို နားထောင်ပေးမယ်လို့ ထင်ထားခဲ့တာ။ ရှောင်ရွေ့သာ ဒီလိုဖြစ်မယ်မှန်း စောစောကသိခဲ့ရင် သူမ လာဖြစ်မှာမဟုတ်ဘူး။
စူးထောင်သည် ပန်းခြံထဲရှိထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး အဝေးမှ ကျန်းရှောင်ရွေ့နှင့် ရှန်းဟောင့်ရှင်တို့ စကားပြောနေသည်ကို ကြည့်နေ၏။
သူမက ဟောင့်ရှင်အပေါ် အပြစ်ရှိနေပုံရကာ အစောပိုင်းက စူးထောင်အပေါ်လုပ်ခဲ့သလိုမျိုး သူမက သူ့ကိုမငြင်းဆန်ခဲ့ပေ။
ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဟောင့်ရှင်ကို ရှောင်ရွေ့ထားသွားတဲ့နေ့ကစပြီး သူကတော်တော်လေးကို အခြေအနေဆိုးရွားသွားသည်။ သူ့ဘက်က ရှောင်ရွေ့ကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့တာဆိုတော့ ဘာလို့ရှောင်ရွေ့က သူ့အပေါ်သစ္စာဖောက်ပြီး သူတို့ရဲ့မင်္လာပွဲနေ့မှာ သူ့ကိုချန်ထားခဲ့မှန်း နားမလည်ခဲ့ပေ။
စူးထောင်သည် သူ့၏ယိုယွင်းနေတဲ့အခြေအနေကို တွေ့သည့်အခါတိုင်း မသိလိုက်ပါဘဲ တစ်ခါတရံမှာ အေးတိအေးစက်နဲ့ တစ်ခါတရံမှာဒေါသထွက်တတ်သည့် ထိုလူကိုတွေးလိုက်မိသည်။
ထိုအချိန်တုန်းက သူမထွက်သွားသည့်နောက်တွင် ညတိုင်းလိုလို သူ၏အုံ့မှိုင်းနေသည့်မျက်နှာကို အိမ်မက်မက်၏။ အေးတိအေးစက်နှင့် သူမအားငေးကြည့်လာတိုင်း သူမမှာဖြင့် ချွေးအေးများစီးကျပြီး သူမလန့်နိုးသွားလေ့ရှိ၏။
ဖြစ်နိုင်တာက သူမ ရှဲ့ကျင်ရဲ့ဖိနှိပ်မှုအောက်မှာ အကြာကြီးနေလာရသည့်အတွက် သူ့ကိုဆန့်ကျင်ပုန်ကန်ဖို့က မလွယ်ကူဘူးဟု ခံစားလိုက်ရသည်။
နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် အမှောင်နတ်ဆိုးကို တိုက်ထုတ်လိုက်နိုင်၏။ ပြောရရင် သူမက ဖောက်ပြန်ထားတဲ့သူမှမဟုတ်တာ ညှင်းပန်းနှိပ်ဆက်ခံရတဲ့သူက သူမ မဖြစ်သင့်ဘူးလေ။
သူမ၏ဖုန်းက မြည်လာသည့်အတွက် စူးထောင်၏ အတွေးများ ပြတ်တောက်သွားတော့သည်။ ဖုန်းစခရင်ကို ကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားမိ၏။ ပြောမဆုံးသေးဘူး သူလာပြီ။
ဖုန်းတစ်ဖက်ခြမ်းမှ ရှဲ့ကျင်၏ အသံနိမ့်နိမ့်က ပေါ်ထွက်လာပြီး ဤနိုင်ငံရပ်ခြားပတ်ဝန်းကျင်တွင် ထိုအသံက အစစ်မှန် မဟုတ်သလို ခံစားလိုက်ရသည်။
ရှဲ့ကျင် - မင်း ကျန်းချန်မှာမဟုတ်ဘူးလား။ ဒါရိုက်တာအဖွဲ့က မင်းမနက်ဖြန် ရိုက်ကူးရေးကို မလာဘူးလို့ပြောတယ်။
စူးထောင် - အမ်း ကျွန်မ တရုတ်ပြည်မှာမဟုတ်ဘူး။မနက်ဖြန်မှာ ပြန်လာလို့မရဘူးဆိုတော့ လျန်ခယ့်က သွားမှာ။
ရှဲ့ကျင် - မင်းဘယ်ကို သွားနေတာလဲ။ ဘာအတွက် သွားတာလဲ။ ရိုက်ကူးရေးကို မင်းမသွားရင် ကိုယ်လည်းမသွားဘူး။"
စူးထောင် - ရှင်သွားကို သွားရမယ်။ ပြီးခဲ့တဲ့နှစ်ရက်က ရှင်မွှေထားတဲ့ ဟိုးလေးတကျော်ကျော် ဖြစ်သွားကိစ္စအတွက် ကျွန်မရှင်နဲ့ စာရင်းမရှင်းရသေးဘူး။ ဒီတော့ ရှင်သွားပြီးတော့ ကောလဟာလတွေကို သွားဖြေရှင်းလိုက်။
ရှဲ့ကျင်ဘက်က တခဏတာ တိတ်ဆိတ်သွားပြီးနောက် ဝန်လေးစွာဖြင့် သဘောတူလိုက်၏။
အဝေးတွင် ဟောင့်ရှင်သည် ငိုနေပုံရပြီး ခေါင်းကိုငုံ့ကာ မျက်ရည်သုတ်နေသည်။ ကျန်းရှောင်ရွေ့သည်လည်း နောင်တရသည့်ဟန် ခေါင်းကိုနှိမ့်ချကာ သူနံဘေးက ဖြတ်လျှောက်သွား၏။
စူးထောင်၏ အကြည့်က ထိုလူနှစ်ဦးပေါ်တွင် ရှိနေပြီး တခြားသူများမှတဆင့် သူတို့၏အဖြစ်အပျက်ကို ပြန်မြင်ယောင်သွားမိသည်။ သူမသည် ခပ်တိုးတို့ဖြင့် ရှဲ့ကျင်အား " ဘာရှင်းပြချက်မှမပေးဘဲ ကျွန်မထွက်သွားတဲ့အချိန်တုန်းက ရှင် ကျွန်မကိုမုန်းလား။"
ကြည့်ရသည်မှာ ရှဲ့ကျင်က မင်သက်သွားပုံရပြီး အချိန်အတော်ကြာပြီးမှသာ မကျေနပ်ချက်အပြည့်နှင့် မသိမသာ အက်ကွဲနေသည့်အသံဖြင့်" နောက်ဆုံးတော့ မင်းဘယ်လောက် လွန်လဲဆိုတာ သိသွားပြီပေါ့။ မင်းမလိုချင်တော့ဘူး ပြောတာနဲ့ လွှင့်ပစ်ရအောင် ကိုယ်က ဘောပင်တစ်ချောင်း၊ကားတစ်စီး၊ မျက်နှာသုတ်ပဝါတစ်ခုမို့လို့လား။ "
ရှဲ့ကျင်၏ ဒေါကန်နေသည့် အပြစ်တင်မှုများကို ကြားလိုက်ရသောအခါ စူးထောင်သည် အဝေးတွင် ရှိနေသော သူမ၏အကြည့်ကို ရုတ်သိမ်းလိုက်၏။ သူမ၏မျက်နှာက စိတ်ခံစားချက်ကင်းမဲ့နေပြီး "ရှင်ကျွန်မကို မုန်းလား၊မမုန်းဘူးလားဆိုတာပဲ သိချင်တာ။ရှင် နာကျင်ခံစားလိုက်ရသေးလား။"
ဖုန်းတစ်ဖက်တွင် တခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူကပြန်ဖြေလာသည်။ "ကိုယ်နာကျင်ခံစားခဲ့ရပြီး မင်းကိုလည်းမုန်းခဲ့တယ်။"
နောက်ဆုံးတွင် သူမ၏တည်ငြိမ်သော မျက်နှာထက်တွင် စွယ်တော်ပန်းများ ပွင့်လန်းလာသကဲ့သို့ အပြုံးဖြစ်ထွန်းလာကာ " ဒါဆို မဆိုးပါဘူး။"
ရှဲ့ကျင် - "......"
.......
အပိုင်းသစ်အတွက် ရိုက်ကူးရေးမှာ စတင်ပြီဖြစ်သည်။စူးထောင် မရှိသည့်နောက်တွင် ရှဲ့ကျင်၏ အဆိပ်ပြင်းသော မှတ်ချက်များမှာ ပုံစံအသစ်ဖြင့် တဖန်ပြန်ပေါ်ထွက်လာပြီး ရက်စက်သည်ဟုပင် ပြောဆိုနိုင်၏။
"ဒီလိုကျွမ်းကျင်မှု အဆင့်လောက်နဲ့ မင်းဘယ်လိုများ ကျော်ဖြတ်လာနိုင်တာလဲ။ မင်းက ဒီပွဲမှာ ထုတ်ပယ်ခံရသင့်တာ။"
"မင်းကနေတဲ့ပုံစံက မသိရင် လူမမာလမ်းလျှောက်ပြနေသလိုပဲ။ အကပညာကို စော်ကားနေတာရပ်တော့။"
"မင်းမှာ စွမ်းဆောင်ရည်မရှိဘူး။ နောက်ဆယ်နှစ်လောက် ကြိုးစားရင်တောင် လုပ်နိုင်မှာမဟုတ်ဘူး။"
"မင်းလောက်ထုံထိုင်းတဲ့သူ ငါတစ်ခါမှ မမြင်ဖူးဘူး။"
"မင်းကို မျက်နှာသာပေးစေချင်ရင် ဦးနှောက်ကို ဖွံ့ဖြိုးအောင် အရင်လုပ်လာခဲ့။"
ရှဲ့ကျင်သည် မည်သူ့ကိုမျှ မျက်နှာမလိုက်ဘဲ သူမြင်တွေ့သည့် လူတိုင်းနီးပါးကို ဝေဖန်နေခဲ့၏။ ပြိုင်ပွဲဝင်များသည် ယုံကြည်မှုအပြည့်နှင့် စင်ပေါ်တက်လာကြသော်လည်း အဆင်းဘက်တွင် မျက်ရည်များဖြင့်သာ ဆင်းအောက်သို့ ဆင်းသွားကြသည်။
တချို့ပြိုင်ပွဲဝင်များမှာ သူ၏မှတ်ချက်များကြောင့် ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာခဲ့ကြ၏။ သူတို့သည် စင်ပေါ်မှဆင်းလာပြီး ဒါရိုက်တာအဖွဲ့ဆီသို့ တန်းတန်းမတ်မတ်သွားကာ နှုတ်ထွက်ချင်နေကြသည်။
ဒီတစ်ကြိမ် ရိုက်ကူးရေးပြီးသွားပြီးနောက်တွင် ပြိုင်ပွဲဝင်များနှင့် သူတို့၏အေဂျင်စီများက ဒါရိုက်တာအဖွဲ့အား နောက်ထပ်တဖန် ရှဲ့ကျင်ကို အကဲဖြတ်ဒိုင်လူကြီးအဖြစ် ဖိတ်ခေါ်မှဖြစ်မည်ဆိုလျှင် စူးထောင်ကိုပါ ပြန်ဖိတ်ပေးပါရန် လေးစားစွာ တောင်းဆိုခဲ့သည်။
သူတို့ဆက်ပြီး ထိုးနှက်ခံ၍ မဖြစ်တော့ပေ။ ယခုလိုသာ ဆက်သွားနေပါက ပြိုင်ပွဲဝင်များမှာ စိတ်ဓာတ်ပျက်ပြားသွားမည်ဖြစ်၏။
ပရိုဂရမ်အဖွဲ့က ဒီရက်ပိုင်းအတွင်း ရှဲ့ကျင်၏ပြင်းထန်သော စကားများကြောင့် ပြိုင်ပြိုင်ပွဲများ စိတ်ဓာတ်ပြိုလဲနေပြီဖြစ်ကြောင်း သိသွားသည်။ တချို့ထိလွယ်ရှလွယ်သောသူများမှာ လေ့ကျင့်နေစဉ်အတွင်း ထောင့်တွင်အားမလိုအားမရ ငိုနေကြပြီး စိတ်ဓာတ်များပြိုလဲနေကြ၏။
ဒါရိုက်တာအဖွဲ့သည် အရေးပေါ်အစည်းအဝေး ကျင်းပကာ တရားမျှတပြီး သိမ်သိမ်မွေ့မွေ့မှတ်ချက် ပေးတတ်သည့်စူးထောင်ကို ညတွင်းချင်း ဖုန်းခေါ်လိုက်သည်။ သူတို့က လေ့ကျင့်ရေးနေရာသို့ သူမအား လာရောက်ခွင့်ပေးပြီး ရိုက်ကူးရေးလုပ်ရန် သဘောတူလိုက်၏။
စူးထောင်သည် တရုတ်ပြည်သို့ ပြန်ရောက်နေသည်မှာ နှစ်ရက်ခန့်ရှိနေပြီပင်။ သူမက ချက်ချင်းသဘောတူလိုက်သော်လည်း အခကြေးငွေအကြောင်း မမေးမြန်းချေ။ ထိုအစား ဤခရီးစဉ်ကို ရွှယ်ရှင်းကျစ်နှင့် ကျန်းချီအတွက် စီးပွားရေးသဘောတူညီချက်နှစ်ခုနှင့် အလဲအထပ်ပြုခဲ့သည်။
မနေ့က ပြိုင်ပွဲဝင်များစွာ ရှဲ့ကျင်၏ ပြင်းထန်သောစကားကြောင့် မျက်ရည်များဖြင့် နှုတ်ထွက်ချင်ကြောင်း ပြောဆိုမေးမြန်းသည့် ရိုက်ကွင်းနောက်ကွယ်မှ အပိုင်းကို ပရိုဂရမ်အဖွဲ့က ထုတ်လွှင့်ပြသလိုက်၏။ယေဘုယျအားဖြင့် ထိုအပိုင်းမှာ လူကြည့်များနေပြီး အုံးအုံးကျွတ်ဆူညံ သွားတော့သည်။
အံ့ဩစရာကောင်းသည်မှာ အွန်လိုင်းပေါ်တွင် လူအနည်းငယ်မျှသာ ရှဲ့ကျင်အား ပြစ်တင်ဝေဖန်နေကြ၏။မှတ်ချက်တော်တော်များများက သူ့တန်ဖိုးမှာ သူ့မျက်နှာအမူအရာနှင့် လိုက်ဖက်သည်ဟု စနောက်နေကြသည်။
သို့သော် ကြည့်ရှုသူအများစုမှာမူ ပြိုင်ပွဲဝင်များအား ကိုယ်ချင်းစာကြ၏။ ရှဲ့ကျင်နှင့် စူးထောင် CP shipper များမှာ အခွင့်အရေးကို လက်လွှတ်မခံဘဲ နောက်အပိုင်းတွင် စူးထောင်ကို ပြန်ဖိတ်ခေါ်ပေးပါရန် ကျယ်လောင်စွာ အော်ဟစ်နေသည်။
ကြည့်ရှုသူများမှာ နှစ်ရက်လောက်သာ အော်ဟစ်လိုက်ရပြီး ယနေ့စူးထောင်က သင်တန်းသားများကို လာရောက်ကြည့်ရှုမည်ဟု ကြေငြာချက်ထုတ်ပြန်ထားသည်ကို တွေ့လိုက်ရသည့်အခါ သူတို့သည် အတော်လေးကို အံ့ဩသွားကြ၏။
CP fanများသည် တော်တော်လေး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပြီး သူတို့၏ CPက လူသိရှင်ကြား အသိအမှတ် ပြုခံရသလို ခံစားလိုက်ရသည်။ တချို့လူများက ဒယ်ဒီက ကလေးတွေကို ဆူပြီးတဲ့မှာ မာမီက ပြန်လာချော့တယ်လို့တောင် စနောက်နေကြ၏။
မိတ်ကပ်ခန်းထဲတွင် ရှိနေသော စူးထောင်သည် အွန်လိုင်းပေါ်တွင် ရယ်စရာကောင်းသော မှတ်ချက်များ တိုးလာသည်ကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ မျက်ခုံးကိုနှိပ်နေမိသည်။ ထို့နောက် သူမက မိတ်ကပ်ပညာရှင်ကို မိတ်ကပ်လိမ်းခွင့်ပြုလိုက်၏။
သင်တန်းဆင်းစခန်းနေရာတွင် လေ့ကျင့်နေချိန်အတွင်း စူးထောင်တစ်ယောက် လာလည်မည်ကို ကြားပြီးကတည်းက အာရုံပျံ့လွင့်နေကာ တံခါးဘက်သို့ တကြည့်ကြည့်လုပ်နေသည်။ ထိုဖြစ်ရပ်ကြောင့် စူးယန်ရှင်းဟာ လှုပ်ရှားမှုတွေ ထပ်ကာထပ်ကာ အမှားအယွင်းလုပ်မိနေ၏။
ကျန်းချီရော စူးယန်ရှင်းပါ Aခန်းတွင် ဝင်ရောက်ကြရသည်။ နှစ်ကြိမ်ခန့် ထုတ်ပယ်ပြီးနောက်တွင် ပြိုင်ပွဲဝင်များမှာ 3ပုံ 1ပုံသာကျန်တော့၏။ A ကနေ Dထိဟူ၍ အခန်း4ခန်းရှိပြီး Aခန်းမှာ လူနည်းကာ 7ယောက်သာရှိသည်။ သူတို့က အဖွဲ့ဖွဲ့နိုင်ကာ တရားဝင်တင်ဆက်မှုပင် လုပ်နိုင်၏။
တခြားအခန်းများထဲတွင် ပြိုင်ပွဲဝင်အရေအတွက် ပိုများပြီး အခန်းတစ်ခန်းစီက စင်ပေါ်တွင် တစ်ကြိမ်သာ ဖျော်ဖြေရန် အခွင့်အရေးရှိသည်။ အတန်းတစ်တန်းတွင် ပြိုင်ပွဲဝင်များလေလေ စင်ပေါ်တွင် အားနည်းချက်များလေလေ ဖြစ်ပြီး လူနည်းသောအတန်းများကဲ့သို့ ကင်မရာရိုက်ကွက်လည်း အရနည်း၏။
လာရောက်လည်ပတ်မှုအပြင် စူးထောင်၏ ဤတစ်ကြိမ်လည်ပတ်မှုက သူတို့၏တိုးတက်မှုကို အမှတ်ပေးရန်လည်း ပါဝင်သည်။ ဤရမှတ်မှာ နောက်တကြိမ် တရားဝင် တင်ဆက်မှုလုပ်သည့်အချိန် တစ်ဦးချင်းရမှတ်ထဲ ပေါင်းထည့်ကာ သူတို့၏အဆင့်အပေါ် သက်ရောက်မည်ဖြစ်၏။
အားလပ်ချိန်တွင် ကျန်းချီက သူ၏ခေါင်းစည်းကို ချွတ်ပြီး ရေကိုတဂလုလုသောက်ကာ ကြမ်းပြင်ပေါ်တွင် ခြေတစ်ဖက်ကိုဆင်းရင်း ဒူးတစ်ဖက်ကို ထောက်လိုက်သည်။ ဒူးပေါ်တွင် တံတောင်ဆစ်ကို တင်လိုက်ပြီး စူးယန်ရှင်းအား လက်ဝှေ့ရမ်းပြလိုက်၏။
လွန်ခဲ့သည့်နှစ်ရက်ကတည်းက သူတို့နှစ်ဦးမှာ ရင်းနှီးမှု တည်ဆောက်လိုက်သည်။ ကျန်းချီသည် အတော်လေးဆွဲဆောင်မှုရှိကာ စကားများများ ပြောတတ်သူမဟုတ်ပေ။ သီချင်း၊အကဘက်တွင် တော်သဖြင့် ယောက်ျားလေးရော မိန်းမလေးများကြားမှာပါ အတော်ရေပန်းစားသည်။
သူက ပလေးတတ်သည့် ပုံစံပေါက်သော်လည်း ဘယ်သူ့ကိုမှ တတ်တတ်ကြွကြွ ချဉ်းကပ်လေ့မရှိဘဲ စူးယန်ရှင်းတစ်ယောက်ကသာ ချွင်းချက်ဖြစ်၏။
နှစ်ဦးသာမှာ အမြဲလိုလို တပူးပူးတတွဲတွဲပင်။
ကျန်းချီက စူးယန်ရှင်းကို ရေပုလင်းပစ်ပေးလိုက်ကာ သူဘေးနားရှိနေရာတွင် ထိုင်ရန် ပုတ်ပြလိုက်သည်။
"မင်းအစ်မကို စောင့်နေတာလား။" ကျန်းချီ၏ အသံမှာ မကျယ်ဘဲ နှစ်ဦးသား ကြားနိုင်လောက်ရုံသာ။
"အမ်း"
စူးယန်ရှင်းသည် ရေတစ်ငုံသောက်လိုက်ပြီး သူ့အကြည့်က အချိန်တိုင်းလိုလို တံခါးဆီကိုသာ ရောက်နေ၏။သူက တစ်ခုခုကို တွေးမိသွားပုံရကာ ကင်မရာကို တမင်ရှောင်လိုက်ပြှး အသည်းပုံခေါက်ထားသည့် စာတစ်စောင်ကို ကျန်းချီ၏ အိပ်ကတ်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။
စူးယန်ရှင်းက အသံတိုးတိုးလေးဖြင့် "မနက်တုန်းက ကောင်မလေးတစ်ယောက် ငါ့ကိုလာတားတယ်။ အစကတော့ ငါ့ကို ကြိတ်ကြွေနေတာလို့ ထင်ထားခဲ့တာ။ မင်းအတွက် ရည်းစားစာ တစ်စောင်ပို့ပေးဖို့ တောင်းဆိုလာမှန်း ဘယ်သူသိမလဲ။"
ထိုသို့ပြောပြီးနောက် သူက နှုတ်ခမ်းစူကာ အားကျတာလား၊ မနာလိုဖြစ်နေတာလားဆိုတာကို မသဲကွဲစွာဖြင့် ရွဲ့စောင်းရယ်မောနေပြီး " ဒီလိုနေ့တွေမှာတောင် သူများက ရည်းစားစာ ရေးနိုင်သေးတယ်နော်။"
ဖောင်းနေသော အိပ်ကပ်ကိုကြည့်ကာ မျက်လုံးထဲတွင် အထင်သေးသည့် အရိပ်အယောင် ဖြတ်ပြေးသွားသော်လည်း ဘာမှပြန်မပြောလာပေ။ ထိုအစား စူးယန်ရှင်းကို အစ်အောက်သည့်အကြည့်ဖြင့် အဓိပ္ပါယ်ပါပါ မေးလာ၏။" မင်းအစ်မက အိမ်ကနေ တစ်နှစ်လောက် ထွက်သွားပြီးတဲ့နောက်ပိုင်း မင်းတို့မိသားစုနဲ့ တစ်ခါမှ အဆက်အသွယ် မလုပ်ဘူးလား။"
စူးယန်ရှင်းသည် အိမ်တွင်းရေး အရှပ်အရှင်းကစ္စကို ပြောချင်ပုံမရပေ။ သူက ဘာတစ်ခွန်းမှ မပြောဘဲ ခေါင်းကိုသာညိတ်ပြသည်။
ကျန်းချီလည်း ဆက်ပြီးဖိအားမပေးတော့ချေ။သူ၏တောက်ပသော မျက်လုံးများကို မှေးစင်းပြီး နှုတ်ခမ်းကိုမြောက်ပင့်ကာ " ငါ မင်း ယောက်ဖလုပ်ရင်ရော ဘယ်လိုထင်လဲ။"
"ဘာ" စူးယန်ရှင်းက အမြီးတက်နင်းခံရသလိုမျိုး ခုန်လိုက်လုနီးပါးဖြစ်သွားကာ "ငါမှာတော့ မင်းကိုညီအစ်ကိုကောင်း တစ်ယောက်လို သဘောထားနေတာ။ မင်းကတော့ ငါ့ကို ယောက်ဖလို့ မြင်တယ်ပေါ့လေ။"
ကျန်းချီက မတ်တပ်ရပ်ကာ စူးယန်ရှင်းကို မှန်ရှေ့ရှိတန်းနေရာသို့ဆွဲခေါ်သွားကာ သူ့ပါးစပ်ကို လက်ဖြင့်အုပ်လိုက်ပြီး" မင်းရဲ့အသံကိုလျော့"
"အမ်း"ဟု နှစ်ကြိမ်လောက်ထွက်ပြီးနောက် သူနားလည်သွားမှန်း ကျန်းချီမြင်သွားမှသာ သူ့လက်ကိုဖယ်လိုက်၏။