အခန်း (၄၃)
Vol. 4 Ch. 43
စူးယန်ရှင်းသည် လက်ခုံဖြင့် သူ့ပါးစပ်ကို သုတ်လိုက်ပြီး အသံတိုးတိုးလေးဖြင့် " ငါ့ယောက်ဖ ဖြစ်နိုင်တယ်လို့ မင်းဘာလို့ထင်ရတာလဲ။ ဘယ်ရဲ့ဘယ်နားက ငါ့အရင်ယောက်ဖဟောင်းထက် ပိုကောင်းလို့လဲ။"
ကျန်းချီက "ဟမ့်"ဟု နှာမှုတ်ကာ "မင်းရဲ့ယောက်ဖဟောင်းသာ ကောင်းနေရင် မင်းအစ်မက သူ့ကိုလမ်းခွဲမှာ မဟုတ်ဘူး။"
"ဒါပေမယ့် ငါ့အရင်ယောက်ဖက မင်းထက်ပိုသာသေးတယ်ဟမ့်။ သူက တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ဖြစ်နေတဲ့အချိန်မှာ မင်းက လူတိုင်းနဲ့ ပရော်ပရည်လုပ်နေတာလေ။"
စူးယန်ရှင်း၏ စကားများထွက်ကျပြီးသည်နှင့် သူတို့က အပြင်ဘက်တွင် ရုတ်ရင်းဆန်ခတ် ဖြစ်သံများကို ကြားလိုက်ရပြီး စူးထောင်၏ အသံကိုလည်း ယောင်ဝါးဝါး ကြားလိုက်ရ၏။
နှစ်ယောက်သား အချင်းချင်း ကြည့်လိုက်ပြီး အလျင်အမြန် ပြေးသွားတော့သည်။
လေ့ကျင့်ရေးအခန်း အပြင်ဘက်ရှိ အများပိုင်ဧည့်ခန်းတွင် ကင်မရာမန်းနှစ်ယောက်ရှိနေပြီး တစ်ယောက်က ကင်မရာကိုကင်ထားပြီး နောက်တစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ရန် ဖုန်းကိုကိုင်ထား၏။
ပြိုင်ပွဲဝင်မိန်းကလေးများက စူးထောင်ကို ပတ်ပတ်လည် ဝိုင်းထားသည်။
စူးထောင်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသော အသားဖြူဖြူ သေးကွေးကွေး ကောင်မလေးက ကိုယ်ကိုမတ်ကာ တော်တော်လေး ဒေါသထွက်နေပုံရ၏။ သူမသည် စူးထောင်ကို ရန်လိုသော အမူအရာနှင့် မေးခွန်းမေးနေကာ" ကျွန်မ မေးချင်တာက ရှင်ပေးတဲ့ရမှတ်က လူတိုင်းရဲ့အဆင့်အပေါ် သက်ရောက်မှုရှိတယ်။ ဒီတော့ ရှင်မျှမျှတတနဲ့ ပွင့်ပွင့်လင်းလင်း လုပ်ပေးလို့ရမလား။"
စူးထောင်၏ မိတ်ကပ်မှာ လက်ရာမြောက်နေကာ သူမ၏နဂိုနီရဲနေသော မျက်ခွံများကို အနီရောင်အိုင်းရှဲဒိုးဖြင့် လိမ်းခြယ်ထားသောကြောင့် သူမ၏ကြည်လင်သော မျက်လုံးများမှာ နှစ်လိုဖွယ်ကောင်းပြီး သနားစရာအတိ ဖြစ်နေပုံရ၏။
မျက်လုံးက မိတ်ကပ်ကို ကျေးဇူးတင်ရမည်၊ သူမသည် အမူအရာမဲ့နေသော်လည်း အကူအညီမဲ့နေပုံပေါ်သည်။
စူးထောင်သည် သူ၏မေးခွန်းကို ချက်ချင်းပြန်မဖြေခဲ့ပေ။ သူမဘက်က ဘယ်လောက်ပဲ နှုတ်ဖြင့်ကတိပေးနေပါစေ ထိုမိန်းကလေးကို သိမ်းသွင်းနိုင်မှာ မဟုတ်မှန်းသိနေ၏။ အဆုံးတွင် ထိုမိန်းကလေးက သူမကို အတင်းအကြပ် ကတိပေးခိုင်းပြီး ပြုသမျှနုခိုင်းမှာပင်။
ထို့ကြောင့် စူးထောင်က တည်ငြိမ်စွာဖြင့် ပြန်မေးလိုက်သည်။ သူမ၏တည်ငြိမ်သော အငွေ့အသက်က ပြတ်သားသော ပုံရိပ်နှင့်ဆန့်ကျင်စွာ "ဘယ်နားကများ တို့တရားမမျှတဘူးလို့ မင်းကိုထင်သွားစေတာလဲ။"
"ရှင့်ကုမ္ပဏီက အနုပညာရှင်တွေကိုပဲ အမှတ်မြင့်မြင့်ပေးတယ်လေ။" အသားဖြူဖြူကောင်မလေးက သူမကို တည့်တည့်စိုက်ကြည့်လာ၏။
စူးထောင် - " တို့ရဲ့ပေးမှတ်ကိုတောင် မကြေငြာရသေးဘူးလေ။ တို့ကုမ္ပဏီက အနုပညာရှင်ကိုပဲ အမှတ်မြင့်မြင့်ပေးထားတယ်လို့ မင်းကိုဘယ်သူပြောလိုက်တာလဲ။"
စူးထောင်၏ တည်ငြိမ်သော လေသံနှင့် အေးဆေးသောအပြုအမူက ထိုမိန်းကလေးကို အနည်းငယ်ဝေခွဲမရ ဖြစ်သွားစေသည်။ သို့သော် သူမက စူးထောင်၏ ပေးမှတ်ကို ပြသရန်တောင်းဆိုဆဲပင်။
စူးထောင်သည် ဒါရိုက်တာအဖွဲ့ကို အတည်ပြုဖို့အတွက် ကြည့်လိုက်ရာ ပြဖို့သဘောတူကြောင်း အဖြေပြန်ပေးလာသဖြင့် နာမည်များနှင့် ခဏတုန်းကပေးခဲ့သည့် ရမှတ်များကိုပြပေးရန် သူမ၏ IPad ကို ဖွင့်လိုက်၏။
စူးထောင်ကိုယ်စားပြု ကျင့်ယန်ဖျော်ဖြေရေးမှ လျန်ခယ့်၏ အနုပညာရှင် လေးယောက်မှာ ရမှတ်များ မတူညီကြဘဲ ၅မှတ်မှ ၈မှတ်ကြားရှိနေသည်။ ရွှယ်ရှင်းကျစ်က အကဘက်တွင် လိုအပ်ချက်ရှိသော်လည်း အဆိုဘက်ကောင်းသဖြင့် သူမ၏ရမှတ်မှာ ၆မှတ်ဖြစ်၏။
ဘာပဲဖြစ်ဖြစ် ၈မှတ်-၁၀မှတ်ကြားရသည့် အနုပညာရှင် တော်တော်များများ ဒီမှာရှိနေသည်။ မေးခွန်းမေးနေသော အသားဖြူဖြူ ကောင်မလေးပင် ၇မှတ်ရ၏။
ထိုအသားဖြူဖြူကောင်မလေးမှာ မင်သက်သွားပြီး သူမ၏မျက်လုံးများက လူအုပ်ကိုဝေ့ကြည့်နေကာ လစ်ထွက်ရန်ကြိုးစားနေသော ထျန်ရင်ရင်ကို ချက်ချင်းတွေ့သွားသည်။ "အဲဒီမှာရပ်စမ်း! နင်ပြောတော့ စူးထောင်က ငါတို့ကို အမှတ်နိမ့်နိမ့်တွေပဲပေးပြီး သူ့အနုပညာရှင်တွေကိုကျ အမှတ်မြင့်မြင့်ပေးထားတယ်ဆို။"
ထျန်ရင်ရင်၏ မျက်နှာမှာ အနီရောင်ပြောင်းသွားပြီး လူတိုင်း၏ အကြည့်ကိုရှောင်ပြီး သူမမျက်နှာကို ကာထားရင်း ရေရွတ်လာ၏။ "နင် ဒီလောက်တုံးမယ်လို့ ငါကဘယ်ထင်ထားမလဲဟဲ့။"
အသားဖြူဖြူကောင်မလေးက ထိုစကားကိုကြားလိုက်ရသောအခါ ချက်ချင်းပင် တစ်ခုခုကိုရိပ်မိသွားပြီး သူမ၏မျက်လုံးများက မီးလျံများထွက်လုနီးပါးဖြစ်ကာ "အိုးး အခုတော့ ငါမှတ်မိပြီ! နင်ပဲ ငါ့ကို ပရိုဂရမ်အဖွဲ့ဆီသွားပြီးတော့ စူးထောင်နေရာကို အရင်ဒိုင်လူကြီးကိုပဲ အစားထိုးပေးဖို့ တောင်းဆိုခိုင်းခဲ့တာလေ။ ငါ့ရဲ့အဆက်အသွယ်ကို ရည်ရွယ်ချက်ရှိရှိ အသုံးချပြီး စူးထောင်ကို ပထုတ်ချင်နေတာမလား။"
လူတိုင်း၏အမူအရာမှာ အံ့ဩတုန်လှုပ်နေကြသည်။ ဒီမိန်းကလေးက သူမဖခင်ဟာ Livestream ရှေ့မှာရှိသည့် TVထုတ်လွှင့်မှုဌာန၏ အကြီးအကဲမှန်း မဆင်မခြင်ဖော်ပြနေကာ တော်တော်လေး ဦးနှောက်မဲ့ပုံရ၏။
ဤအလွှာပေါင်းစုံမှ ပဋိပက္ခကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုက လူကြည့်များလာပြီး အကြံအဖန်လုပ်နေသော ထျန်ရင်ရင်နှင့် တုံးအသော ထိုအသားဖြူဖြူ မိန်းကလေးကို ကြိမ်းမောင်းသည့် မှတ်ချက်များ စခရင်ပေါ်တွင် ပြည့်နှက်နေသည်။
စူးထောင်သည် ထိုမိန်းကလေးနှစ်ယောက် ငြင်းခုန်နေသည်အား ရိုက်ကူးနေသော တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာရှေ့တွင် သူမကိုယ်လုံးနှင့် ပိတ်ရပ်လိုက်ကာ ထိုကင်မရာမန်းကို ယောက်ျားလေးပြိုင်ပွဲဝင်များရှိသော Aအခန်းသို့ ဦးဆောင်ခေါ်သွားလိုက်၏။
စူးထောင်၏ စာနာထောက်ထားသည့် လုပ်ဆောင်မှုကြောင့် လူတိုင်းက လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။
စူးထောင်သည် မိုက်မဲပြီး ကာကွယ်ရန် မထိုက်တန်သော ထိုအနုပညာရှင်များကို ကာကွယ်ပေးသွား၏။
ထို့နောက် စူးထောင်သည် ဤအလည်အပတ်အတွက် ပြင်ဆင်ထားသော မုန့်ပဲသရေစာများနှင့် ပရိုဂရမ်အဖွဲ့က စပွန်ဆာပေးသော နွားနို့များနှင့် ကော်ဖီများကို သယ်လာခဲ့သည်။ သူမက အတန်းလေးတန်းလုံးရှိ ယောက်ျားလေး ပြိုင်ပွဲဝင်များကို ထိုသရေစာများ မျှဝေပေးလိုက်ပြီး သူတို့အား အမှတ်ပေးခဲ့၏။
လုပ်ထုံးလုပ်နည်းများ ပြီးသွားပြီးနောက် စူးယန်ရှင်းတစ်ယောက် သူမထံ အပြေးအလွှား လာနေသည်ကို မြင်လိုက်ရာ သူ့အားနူးနူးညံ့ညံ့ပြုံးပြလိုက်ပြီး "မင်းလုပ်တာ တော်တယ်။"
ထိုချီးမွမ်းမှုလေးကြောင့် စူးယန်ရှင်းမှာ အပျော်လွန်ပြီး ထခုန်တော့သည်။ စူးထောင်က နောက်ထပ်စကားမပြောတော့ဘဲ အဝတ်အစားလဲခန်းသို့ တည့်တည့်သွားကာ ပရိုဂရမ်အဖွဲ့အင်္ကျီကို ပြောင်းလဲဝတ်ဆင်လိုက်၏။
ရိုက်ကူးရေးပြီးသည့်အချိန် စူးထောင်ထွက်လာသောအခါ ကျန်းချီက တံခါးနားတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။
သူသည် အားကစားဝတ်စုံဝတ်ဆင်ထားပြီး အတွင်းဘက်တွင် အဖြူရောင် ရှပ်အင်္ကျီပါးပါး ဝတ်ထား၏။ သူ့ခေါင်းစည်းက အပြင်ဘက်တွင် သဘာဝကျကျ ကျနေပြီး ငယ်ရွယ်နုပျိုသော ဟော်မုန်းများကို သူမ၏မျက်နှာကို လာရောက်ရိုက်ခတ်နေသည်။
"မင်းဒီမှာ ဘာလုပ်နေတာလဲ။ လေ့ကျင့်တာ ပြီးသွားပြီလား။" စူးထောင်က အံ့ဩတကြီးဖြင့် သူ့ကိုကြည့်လာ၏။
ကျန်းချီသည် လက်နှစ်ဖက်ကို အာကစားဘောင်းဘီ အိတ်ကပ်ထဲထည့်ကာ နှုတ်ခမ်းကို ဆူလိုက်ရင်း မကျေမနပ်ဖြင့် သူမကို ကြည့်လိုက်သည်။ သူ၏လေသံမှာ မကျယ်သော်လည်း မကျေနပ်မှုအပြည့်ပင်။" လက်မှတ်မထိုးခင်တုန်းကတော့ တစ်နေ့ကို WeChat မှာ စာ၈စောင်လောက်ပို့နေပြီးတော့ လက်မှတ်လည်းထိုးပြီးရော စာတစ်စောင်မှတောင် မလာတော့ဘူး။"
စူးထောင်၏အကြည့်က ရှပ်အင်္ကျီပါးပါးအိတ်ကပ်ထဲရှိ ဖောင်းနေသော နှလုံးသား ပုံသဏ္ဍာန်အရာပေါ်သို့ ကျသွားကာ သူ၏မကျေနပ်ချက်များအပေါ်မှ အာရုံပြောင်းသွားစေသည်။သူမက အမှုမဲ့အမှတ်မဲ့ သူ့ကိုစိတ်အေးအောင်လုပ်ကာ "မစိုးရိမ်ပါနဲ့ တို့မင်းနဲ့လက်မှတ်ထိုးပြီပြီဆိုတော့ မင်းကိုဘယ်လိုလုပ် ဂရုမစိုက်လို့ရမှာလဲ။"
ကျန်းချီ - "... ခင်ဗျား ကျွန်တော့်ကို ဂရုစိုက်ပေးဖို့ပြောနေတာမဟုတ်... ခင်ဗျားဘာလုပ်တာလဲ။"
စူးထောင်၏ ဖြူသွယ်သွယ် လက်ကလေးက သူ့ရင်ဘတ်ဆီသို့ လှမ်းလာသဖြင့် ကျန်းချီ၏ ကိုယ်က ချက်ချင်းမတ်သွားကာ သူ၏လည်စေ့က အပေါ်အောက်ရွေ့လျားသွားပြီး သူ့နှလုံးခုန်သံကို တည်ငြိမ်အောင် ထိန်းချုပ်နေတုန်းမှာပင် သူမ၏လက်က သူ့အိတ်ကပ်ထဲမှ အသည်းပုံစံ ခေါက်ထားသည့် စာတစ်စောင်အား ဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရသောအခါ တုန်ခါနေသော နှလုံးသားမှာ ရပ်တန့်သွားတော့သည်။
ထိုအခိုက်အတန့်တွင် ကျန်းချီ၏ ဦးနှောက်ပတ်လမ်းက ရုတ်တရက်ကြီး သူမကိုင်ထားသောစာမှာ တခြားမိန်းကလေး သူ့ကိုပေးထားသော ရည်းစားစာမှန်း သတိရသွား၏။ သူက ချက်ချင်း ပြန်ဆွဲယူလိုက်သော်လည်း စူးထောင်က ခပ်သွက်သွက် ရှောင်လိုက်သည်။
သူမက မျက်လုံးကိုမှေးစင်းလိုက်ပြီး မသိမသာ ပြင်းပြနေသော သူ့မျက်နှာကို ကြည့်လိုက်ရင်း စာကိုမြောက်ကာ အေးတိအေးစက်ဖြင့် သူ့ကိုမေးလိုက်၏။ "ရည်းစားစာလား။"
"အမ်း ဘယ်သူပေးလိုက်မှန်း ကျွန်တော်လည်းမသိဘူး။အဲဒါတွေကို ကျွန်တော်အမြဲတမ်း တိုက်ရိုက် လွင့်ပစ်နေကျ တစ်ခါမှမဖတ်ဖြစ်ဘူး။ အထင်မလွဲနဲ့ ကျွန်တော်က ဘယ်မိန်းမနဲ့မှ မပက်သက်ဘူး။"
ကျန်းချီ၏ ကတိုက်ကရိုက် ရှင်းလင်းချက်က သူ၏အပြစ်ရှိကြောင်းကို ဖော်ပြနေသည်။ စူးထောင်ဘက်က သူ့ကိုလေးလေးနက်နက် စစ်ဆေးရမှကိုဖြစ်မည်။
"ကျန်းချီ ငါတို့ချုပ်ထားတဲ့စာချုပ်မှာ ရည်းစားထားတဲ့ကိစ္စမပါပေမယ့် မင်းရဲ့အနာဂတ်ကို လိုချင်သေးရင် ရည်းစားထားလို့မရဘူး။ ချိန်းတွေ့တာက ရှာတွေ့ဖို့နဲ့ ဖော်ထုတ်ဖို့က လွယ်လွယ်လေး။ တစ်နေ့တစ်နေ့ မင်းကိုစောင့်ကြည့်နေတဲ့သူ၊ မင်းကို မနာလိုဖြစ်နေတဲ့ ပြိုင်ဘက်တွေ ဘယ်နှစ်ယောက်တောင် ရှိနေလဲဆိုတာ မင်းသိလား။"
သူမက ဆက်ပြီး " တို့ပြောပြမယ် မင်းအကြောင်းတစ်ခုခုထွက်လာရင် ဒိုင်းကာအနေနဲ့သုံးဖို့ မင်းပြိုင်ဘက်တွေရဲ့ အချက်အလက်တွေ တို့မှာရှိတယ်။ ငါတို့မှာ တခြားသူတွေနဲ့ပက်သက်တဲ့ အချက်အလက်ရှိသလိုမျိုး တခြားသူတွေကလည်း မင်းနဲ့ပက်သက်တဲ့ အချက်အလက်တွေရနိုင်တယ်။ ဒါကို နားလည်လား။"
သို့သော် သူမစကားပြောနေသည့်အချိန်တွင် ကျန်းချီ၏အမူအရာမှာ တည်ငြိမ်နေပြီး နားမလည်နိုင်သော စိတ်ခံစားချက်နှင့်အတူ သူ့မျက်လုံးများက မည်းမှောင်သွားကာ " ကျွန်တော့် အသက်မွေးဝမ်းကြောင်းကို ကျွန်တော်နှောင့်နှေးအောင် လုပ်မိမှာကိုပဲ ခင်ဗျားက စိုးရိမ်နေတာလား။"
စူးထောင်သည် သူ့ကိုကြည့်ကာ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း "အင်းလေ တခြားဘာရှိရမှာလဲ။"
ကျန်းချီက သူမကိုစိုက်ကြည့်ရင်း ရှေ့သို့ခြေလှမ်းတိုးလာကာ တစ်ခုခုပြောလိုက်ရန် လုပ်နေတုန်း အဝင်ဖုန်းခေါ်ဆိုမှုတစ်ခုက သူတို့ကိုကြားဖြတ်နှောက်ယှက်လိုက်၏။
DG brand အမှုဆောင်ထံမှ ဖုန်းခေါ်ဆိုမှုကို မြင်လိုက်ရသောအခါ စူးထောင်၏ မျက်နှာသည် အပျော်များဖြင့်ပြည့်သွားပြီး သူမနှုတ်ခမ်းပေါ် လက်ညိုးထိုးတင်ကာ ကျန်းချီအား တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
နောက်ဆုံးတွင် DG brand အမှုဆောင်ဒါရိုက်တာ၏ ဖုန်းနှင့် ချိတ်ဆက်သွားပြီး အပြုံးလေးနှင့်ဖြေလိုက်နေရင်း ကျန်းချီအား သတိပေးသည့်အကြည့်ဖြင့် ရည်းစားစာကို ပြန်ပေးလိုက်၏။
ကျန်းချီသည် နောက်ပြန်ဆုတ်ပေးသော သူမ၏ပုံရိပ်ကိုကြည့်ကာ မည်းမှောင်သောမျက်နှာဖြင့် အသည်းပုံသဏ္ဍာန် ရည်းစားစာကို အမှိုက်ပုံးထဲသို့ လွှစ့်ပစ်လိုက်သည်။
—-
တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း စူးထောင်၏ ပုံရိပ်သည် ကောင်းမွန်လာရုံသာမက မရေမတွက်နိုင်သော အကောင်းမြင်သည့် မှတ်ချက်များကိုလည်း လက်ခံရရှိခဲ့၏။
သူတို့က စူးထောင်ကို သဘောကျလာသဖြင့် အင်တာနက်သုံးစွဲသူများက တရားမျှတပြီး ကြင်နာသော သူမ၏မှတ်ချက်များကိုပင် အထူးတလည် edit ထားကြသည်။ ရှဲ့ကျင်၏ အဆိပ်ပြင်းသော မှတ်ချက်များနှင့်ယှဉ်လျှင် သူမ၏အမူအရာက ပို၍ပင်နွေးထွေးနေ၏။
တစ်ချိန်တည်းမှာပင် သူတို့က စူးထောင်၏ သူမအနုပညာရှင်များအပေါ် ချစ်မြတ်နိုးမှု၊ အရေးကြီးသော အခိုက်အတန့်တွင် သူမ၏မျှတမှုများကိုလည်း တစ်ပေါင်းတစ်စည်းထဲ စုစည်းထားကြသည်။
ကျန်းချီ၊ ရွှယ်ရှင်းကျစ်နှင့် လျန်ခယ့်အနုပညာရှင်တို့၏ စင်ပေါ်ဖျော်ဖြေမှုများ ပြန်လည်ပြသမှုက အမှတ်မထင်ဘဲ သူတို့၏ကျော်ကြားမှုကို မြင့်တက်လာစေ၏။
ပရိုမိုးရှင်းအတွက် တစ်ပြားတစ်ချပ်မျှ သုံးစရာမလိုဘဲ ရိုက်ခတ်မှု လှိုင်းတစ်ချက်ထဲနှင့် လူတိုင်းက အနုပညာရှင် တော်တော်များများနှင့် ကျင့်ယန်ဖျော်ဖြေရေးကို မှတ်မိသွားကြသည်။ ဒါက လုံးဝပေါက်သွားတာဟု ပြောလို့ရ၏။
ညဘက်မီးမှိန်မှိန်တွင် တောက်ပသော ပြင်သစ်ပုံစံပြတင်းပေါက်ဘေးရှိစားပွဲ၌ စူးထောင်သည် သူမဖုန်းထဲရှိ ဖျော်ဖြေရေး သတင်းစာမျက်နှာကို ပိတ်ကာ ဖုန်းကိုချလိုက်ပြီး သူမမျက်နှာချင်းဆိုင်ရှိ ယောက်ျားတစ်ယောက်ကို အကူညီမဲ့စွာဖြင့် ပြုံးပြလိုကာ အသားကင်တစ်ကိုက် ကိုက်လိုက်သည်။
"မဆိုးပါဘူး ဒီတစ်ကြိမ် ကံကောင်းခြင်းလှိုင်းလုံးက တော်တော်လေးကို တွက်ခြေကိုက်သွားတာပေါ့။" ရှန်းဟောင့်ရှင်သည် သူ၏ဖန်ခွက်ကို စူးထောင်၏ခွက်နှင့်တိုင်ကာ ပြောလာ၏။
"ဒါတွေအကုန်လုံးကို ကျွန်မကိုယ်တိုင်ကြံစည်ပြီး ရထားတဲ့အသံမျိုးနဲ့ မပြောလာနဲ့။ ဒါက တကယ်ကိုမမျှော်လင့်ထားတဲ့ ကျေနပ်စဖွယ် စပရိုက်လေးပါနော်။" စူးထောင်က ထိုသို့ပြောလိုက်ရင်း သူနှင့်အတူဝိုင်နီ တစ်ငုံသောက်လိုက်သည်။
ရှန်းဟောင့်ရှင်သည် ချီကာဂိုမှ ပြန်လာပြီးကတည်းက ပိုပိုပြီးစိတ်ဓာတ်တက်ကြွလာကာ မကြာခဏပြုံးလာလေ့ရှိ၏။ သူ၏တစ်နှစ်ကြာ ဖိုသီဖတ်သီပုံစံ ပျောက်ကွယ်သွားကာ မုတ်ဆိတ်များကိုရိတ်၊ဆံပင်များကိုလည်း ညှပ်လိုက်ပြီး အထက်တန်းစား အသွင်အပြင်ကို ပြန်လည်ရရှိခဲ့သည်။
ရှန်းဟောင့်ရှင်မှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး "ငါတို့တွေခင်လာတာ နှစ်မနည်းတော့ဘူးဆိုပေမယ့် ဒါက ငါတို့ပထမဆုံးအကြိမ် အတူထွက်စားကြတာပုံရတယ်။"
စူးထောင်၊ ရှောင်ရွေ့နှင့် သူဟာ တက္ကသိုလ်အတန်းဖော်များဖြစ်ကြပြီး စူးထောင်နှင့်ရှောင်ရွေ့ထက် နှစ်တန်းကြီး၏။ ရှောင်ရွေ့တက္ကသိုလ်ပထမနှစ်တွင် သူက သူမအားအသည်းအသန် ကြိုးစားပြီးမှသာ သူမကိုအောင်မြင်စွာ လိုက်နိုင်ခဲ့သည်။
ထိုအချိန်တုန်းက စူးထောင်သည် ရှောင်ရွေ့၊ကျန်းချီကွမ်းတို့နှင့် မကြာခဏတွဲသွားတွဲလာ လုပ်နေသဖြင့် သဘာဝကျစွာ ရှန်းဟောင့်ရှင်နှင့်လည်း သူမ ရင်းနှီး၏။
ထို့နောက်တွင် စူးထောင်ကို ရှဲ့ကျင်က အနီးကပ် စောင့်ကြပ်နေသဖြင့် ရှောင်ရွေ့မရှိတော့သည့်အခါတွင် သူတို့နှစ်ဦး မဆုံဖြစ်တော့ချေ။
၆နှစ်ကြာ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းပြီးနောက် ယခုတွင်နှစ်ဦးသားမှာ တစ်ကိုယ်တည်းသမား ပြန်ဖြစ်သွားကြသည်။ ကြည့်ရသည်မှာ အချိန်တွေကုန်ဆုံးသွားသလို အရာအားလုံးလည်း ပြောင်းလဲသွားသည့်ပုံပင်။
ရှန်းဟောင့်ရှင်သည် သူ၏ဝိုင်ဖန်ခွက်ကို ချလိုက်ပြီး အဝေးကိုငေးကြည့်ရင်း သူ၏မျက်လုံးများက ပြန်လည်မွေးဖွားခြင်း၏ အလင်းရောင်ဖြင့် တောက်ပနေကာ "စူးထောင် ဘာလို့မှန်း မသိပေမယ့် ရှောင်ရွေ့ရှေ့မှာ ငိုပြီးကတည်းက ရုတ်တရက်ကြီး အားလုံးကို စွန့်လွှတ်နိုင်သွားတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူမကိုရှာတွေ့ဖို့ အရမ်းကြိုးစားခဲ့နေတာက ငါ့နှလုံးသားထဲမှာ စွဲမြဲနေတဲ့အထုံးကြောင့်ပါပဲ။ ဖြစ်နိုင်တာကတော့ သူမထွက်ပြေးသွားတဲ့အခိုက်အတန့်ကတည်းက သူမအပေါ်ထားရှိတဲ့ငါ့အချစ်က ရပ်တန့်သွားတာထင်တယ်။"
စူးထောင်၏ မျက်လုံးများက အနည်းငယ် လှုပ်သွားပြီး သူမဘာပြန်ပြောရမှန်း မသိတော့ချေ။
သူမသည်လည်း ထိုနှစ်ကသူ၏နာကျင်မှုကို မျက်မြင်တွေ့ထားရသဖြင့် သူတော်စင်တစ်ဦးကဲ့သို့ ဟန်ဆောင်ကာ ရှောင်ရွေ့ကို ခွင့်လွှတ်လိုက်ပါရန် မပြောလိုက်နိုင်ပေ။
သူမက လက်ကိုလှမ်းပြီး ရှန်းဟောင့်ရှင်၏ ပုခုံးကိုပုတ်လိုက်ပြီး တိတ်တဆိတ်နှစ်သိမ့်ပေးကာ သူ့ဆုံးဖြတ်ချက်ကို ထောက်ခံပေးရုံသာ လုပ်နိုင်၏။
"မင်းနဲ့ ရှဲ့ကျင်ရော ဘယ်လိုလဲ။ နှစ်ယောက်သားက ပြန်ဆက်နိုင်သေးလား။" ရှန်းဟောင့်ရှင်သည် စိတ်ဓာတ်သန်မာကာ စူးထောင်၏နှစ်သိမ့်မှုကို မလိုအက်ပေ။
စူးထောင်က ပြတ်ပြတ်သားသား ခေါင်းခါလိုက်ပြီး ထိုအကြောင်းအရာကို လုံးဝရှောင်လိုက်သည်။ သူမ၏ တုံ့ပြန်မှုကြောင့် ရှန်းဟောင့်ရှင်က ရယ်မောလိုက်၏။
သူက လက်ကိုမြောက်ကာ သူမပခုံးကိုပုတ်ပေးကာ ခဏတုန်းက အပြုအမူကို အတုခိုးနေသည်။ ကြည့်ရသည်မှာ လူနာနှစ်ယောက်က အချင်းချင်း နှစ်သိမ့်ပေးနေပုံရကာ နှစ်ဦးသား ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ကြ၏။
ထိုမြင်ကွင်းကို ကင်မရာတစ်ခုက ဖမ်းယူသွားသည်။
လမ်းတစ်ဖက်ရှိ အနီရောင် sedan ကားထဲတွင် လက်သည်းနီဆိုးထားသော လက်ချောင်းများက သူမ၏ဖုန်းတွင် ထိုမြင်ကွင်းကို ဖမ်းယူပြီးသောအခါ ရိုက်ကူးမှုကို ရပ်တန့်လိုက်၏။ သူမက ကော်ပီကူးလိုက်ပြီး ပြန်ဖွင့်၊စခရင်ရှော့ရိုက်ကာ အပိုင်းအများကြီး ပိုင်းပြီးနောက် လိုင်းပေါ်တွင်တင်လိုက်ပြီး မောင်းထွက်သွားတော့သည်။
ညစာစားပြီးနောက် စူးထောင်နှင့် ရှန်းဟောင့်ရှင်တို့က ကိုယ်စီ အိမ်ပြန်လိုက်ကြ၏။ စူးထောင်သည် အလွန်အကျွံစားမိထားသဖြင့် တမင်ပင်လမ်းလျှောက်ပြန်ကာ တစ်နာရီပြည့်မှသာ သူမအဆောက်အဦသို့ ရောက်လာသည်။
သူမက ရှုပ်ထွေးသောဝင်ပေါက်သို့ ဝင်ခါနီးတွင် ရင်းနှီးနေသည့် အုံ့မှိုင်းသောလေသံက သူမအနောက်ဘက်တွင် ရုတ်တရက် ပေါ်ထွက်လာ၏။
"အဲဒီ trend နေတဲ့သတင်းက အမှန်ပဲလား။"
စူးထောင်က နောက်ပြန်လှည့်ကြည့်လိုက်ရာ လမ်းမီးရောင်အောက်တွင် ရှဲ့ကျင်၏ အေးစက်စက်မျက်နှာသည် တင်းမာနေပြီး နက်မှောင်သော မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုများ ရှိနေကာ ကြည့်ရသည်မှာ ပြိုလဲလုနီးပါးအခြေအနေတွင် ရှိနေ၏။
"Trend နေတဲ့သတင်း?_ သူမရဲ့ပုံရိပ်ကောင်း တက်နေတဲ့အကြောင်းမလား။
စူးထောင်က ရှုပ်ထွေးသွားပြီး အဲဒီtrendနေတဲ့သတင်းက အမှန်လားဆိုပြီး ဒီလိုအမူအရာနဲ့မေးနေတာ ဘာအဓိပ္ပာယ်လဲ။
"Trend နေတဲ့သတင်းက ဘာဖြစ်နေလို့လဲ။"
ရှဲ့ကျင်သည် ဖုန်းကိုထုတ်လိုက်ပြီး သူ့လက်ချောင်းထိပ်များ ဖြူဖျော့သွားသည်အထိ အနားစွန်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားကာ တစ်ခုခုကို ထိန်းထားရန် ကြိုးစားနေသလိုမျိုးပင်။
စခရင်ပေါ်တွင် ဓာတ်ပုံတစ်ပုံရှိနေပြီး ပြင်သစ်စတိုင် ပြတင်းပေါက်နားရှိ စားပွဲတစ်ခုတွင် ရှန်းဟောင့်ရှင်က စူးထောင်စမျက်နှာကို ထိနေပုံရကာ သူမကလည်း သူ့ကိုအပြုံးလေးဖြင့် ကြည့်နေသည်။ ပုံတစ်ပုံလုံးတွင် မရေရာသော ချိုမြိန်မှုအငွေ့အသက်ကို ဖြန့်ကျက်ထား၏။
ဓာတ်ပုံထဲကလူသာ သူမ မဟုတ်ခဲ့ဘူးဆိုရင် စူးထောင်တစ်ယောက် သူတို့နှစ်ယောက်က အတွဲတွေဟု ကောက်ချက်ချမိမှာပင်။
အကြောင်းပြချက်တချို့ကြောင့် စူးထောင်သည် ပုံ၏ အရည်အသွေး၊ ရိုက်ထားသည့် ထောင့်အနေအထား၊ဝါးတားတားပုံစံက ရင်းနှီးနေသည်။
"ဒီလူက ဘယ်သူလဲ။ သူနဲ့ မင်းရဲ့ဆက်ဆံရေး က ဘယ်လိုလဲ။ မင်းက ဘာလို့ သူနဲ့ ဒီလောက်တောင်ရင်းနှီး နေတာလဲ"
ရှဲ့ကျင်၏ ဆက်တိုက်မေးခွန်းများက စူးထောင်ကို မျက်မှောင်ကြုတ်သွားစေသည်။ သူမ၏ကြည်လင်သော မျက်လုံးများက စိုက်ကြည့်လာကာ "ဘာလို့ ရှင့်ကို ရှင်းပြရမှာလဲ"
စူးထောင် နောက်ပြန်လှည့်ပြီး ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် ရှဲ့ကျင်၏ ခြေဖဝါးက လေးလံနေသလိုမျိုး ရှေ့ဆက်မတိုးနိုင်တော့ချေ။
ရုတ်တရက် အတိတ်က အပိုင်းအစများ သူ၏စိတ်ထဲရုတ်တရက် ပေါ်ထွက်လာ၏။
သူ့ကို စူးထောင် မေးခွန်းထုတ်လာသည့်အချိန်က သူ၏အေးတိအေးစက်၊ စိတ်မရှည်မှု၊ တဲ့တိုးစကားများက သူမနှလုံးသားထဲမှာ မြုပ်ထားတဲ့မိုင်းတွေလိုပင်။အခုအချိန်မှာ တစ်ယောက်ပြီးတစ်ယောက် နင်းမိပြီး ပေါက်ကွဲသွားသလိုမျိုး။
သူတို့အတူရှိနေတုန်းက သူမကို ဘာတစ်ခုမှ မရှင်းပြခဲ့ပေ။ အခုတော့ သူမ ရှင်းပြလာဖို့ သူဘာတွေမျှော်လင့်နေတာလဲ။
အခြေအမြစ်မရှိတဲ့ ကောလဟာလတချို့ကြောင့် စူးထောင်သူ့ကို မေးခွန်းထုတ်လာတိုင်း ဘာမှမဟုတ်တဲ့အရာအပေါ် သူမ ဇာချဲ့နေတယ်လို့ပဲ သူအမြဲလိုလို တွေးထင်ခဲ့မိ၏။
ယခုအချိန်အထိ ထိုဓာတ်ပုံကို သူမအား သေသေချာချာ မရှင်းပြတတ်သေးချေ။
အဲဒီတုန်းက သူသာရှင်းပြဖို့ ဆန္ဒရှိခဲ့မယ်ဆိုရင် သူနဲ့ရှောင်ထောင်လေးက ဒီလိုအခြေအနေ ရောက်နေစရာအကြောင်းရှိမှာ မဟုတ်ဘူး။
မှိန်ပြပြလမ်းမီးတိုင်အောက်တွင် အရပ်ရှည်ရှည်ပုံရိပ်က မသိမသာ ခေါင်းကိုငုံ့နေပြီး သူ၏သွယ်လျလျ လက်တစ်ဖက်က ရုတ်တရက်ကြီး သူ၏ဘယ်ဘက်ပါးကို ရိုက်ချလိုက်ရာ ဖြူသောအသားအရည်ပေါ်တွင် မသိမသာ အနီရောင်လက်ရာ ကျန်သွားသည်။