အခန်း (၅၅)
Vol. 5 Ch. 55
“ ဒါဆို ကျွန်တော့်ကို ဖုန်းတစ်ကောလ်လောက် ခေါ်ခွင့်ပြုပါဦး”
ဒီကိစ္စရဲ့ အပြင်လူတစ်ယောက်အနေဖြင့် လျန်ခယ့် ဖုန်းခေါ်တာက အမျှတဆုံး ဖြစ်ပေလိမ့်မည်။ အချိန်တိုအတွင်း ဖုန်းဝင်သွားခဲ့သည်။
လျန်ခယ့်က စပီကာဖွင့်လိုက်ကာ အဓိကအချက်ကိုတန်းမသွားဘဲ ဥက္ကဌရှုနှင့် အလာဘသလာဘ နှုတ်ခွန်းဆက်စကားကို အရင်ပြောလိုက်သည်။
လျန်ခယ့် - “ ဥက္ကဌရှု…ကျွန်တော် တစ်ခုလောက် အတည်ပြုချင်တာလေး ရှိလို့ပါ “
တစ်ဖက်တွင် ဥက္ကဌရှုက ချက်ချင်းပြန်မဖြေဘဲ တုံ့ဆိုင်းနေခဲ့ရာ စူးထောင်က အချိန်ကိုက် ဝင်ပြောလိုက်သည်။
“ ဥက္ကဌရှု…အခုပြောနေတာ စူးထောင်ပါ၊ ကျွန်မ ရှင်နဲ့စာချုပ်တစ်ခု လက်မှတ်ထိုးခဲ့လားဆိုတာ ဖြေပေးလို့ရမလားရှင့် ”
ဥက္ကဌရှု - “ လက်မှတ်ထိုးခဲ့တာပေါ့ ”
ထိုအဖြေကြောင့် လျိုဝမ်ထောင်တစ်ယောက် စိတ်သက်သာရာရသွားကာ မောက်မာစွာဖြင့် ပြောလာခဲ့တော့သည်။
“ တွေ့လား၊ ကျွန်မပြောသားပဲ…စူးထောင်လိမ်နေတာပါဆို ”
ဥက္ကဌရှုက စကားဆုံးသေးပုံမရဘဲ ခပ်မြန်မြန်ထပ်ပြောလာခဲ့သည်။
“ တုန်းမင်ရွှမ်းအတွက် ရုပ်ရှင်နဲ့တီဗီစီးရီး ဇာတ်ကောင်ရွေးခြယ်ဖို့ စာချုပ်ချုပ်ခဲ့တာလေ ”
လူတိုင်းက ဥက္ကဌရှုရဲ့ စကားပြောပုံကြောင့် ပြောစရာစကားမဲ့ကုန်ကြသည်။
ဒီလူက စကားကို တစ်ဆက်တည်းမပြောဘဲ သူတို့နှလုံးရောဂါရအောင် တမင်နားပြီးမှ ဆက်ပြောနေတာလားလို့တောင် သံသယဝင်လာကြတော့သည်။
“ ဥက္ကဌရှု၊ ကျန်းဝမ်အတွက်ရော စာချုပ်ချုပ်ခဲ့သေးလား”
လျန်ခယ့်က အတည်ပြုလိုသဖြင့် ထပ်မေးလိုက်သည်။
ဥက္ကဌရှု - “ မချုပ်ခဲ့ပါဘူး “
“ မဖြစ်နိုင်ဘူး! ဝူစီတာပြောတာ အဲ့လိုမဟုတ်ဘူး…ရှင်က ကျန်းဝမ်ရဲ့တီဗီစီးရီးအတွက် စူးထောင်နဲ့ စာချုပ်ချုပ်ခဲ့တာလို့ သေချာပြောခဲ့တာ! ”
လျိုဝမ်ထောင်က ချက်ချင်း အော်ငြင်းလိုက်သည်။
ဥက္ကဌရှု - “ ကျန်းဝမ်က ဒါရိုက်တာစူးရဲ့အနုပညာရှင်မှ မဟုတ်တာဗျာ၊ ဘယ်လိုလုပ် ကျွန်တော်တို့နဲ့ စာချုပ်ချုပ်လို့ရမှာလဲ ”
ဥက္ကဌရှုက တည်ငြိမ်စွာဖြင့် မေးခွန်းပြန်ထုတ်လိုက်သည်။
ထို့နောက် လျန်ခယ့်သည် ဥက္ကဌရှုနှင့် စကားအနည်းငယ်ပြောပြီး ဖုန်းချလိုက်သည်။
သူ့ရဲ့ဖုန်းကို အဝေးပို့လိုက်ကာ လျန်ခယ့်တစ်ယောက် လျိုဝမ်ထောင်အား လေးနက်စွာ ကြည့်ပြီး မေးလာခဲ့သည်။
“ ဒါရိုက်တာလျိုမှာ အခြားသက်သေတစ်ခုခုများ ရှိသေးလား ”
လျိုဝမ်ထောင် မျက်မှောင်ကျုံ့လိုက်ပြီး သူမရဲ့မျက်လုံးများက ဟိုဟိုဒီဒီ ရွေ့လျားကာ ဦးတည်ရာမဲ့နေခဲ့သည်။
သူမပုံစံက ဘာပြောရမှန်းမသိသကဲ့သို့ ဖြစ်နေသဖြင့် စူးထောင်ကပင် ဦးဆောင်၍ မေးခွန်းထုတ်လိုက်သည်။
“ ဒါရိုက်တာလျို…အခု ကျွန်မဘက်က တရားမဝင်စားချုပ်ချုပ်ဆိုခဲ့တာမျိုး မရှိဘူးဆိုတာကို သက်သေပြပြီးပြီဆိုတော့ ရှင့်ဘက်ကလည်း ကုမ္ပဏီရဲ့ အတွင်းသတင်းကို ပေါက်ကြားစေခဲ့ရတဲ့ အကြောင်းအရင်းလေး ရှင်းပြပေးပါဦး၊ ပြီးတော့ကျွန်မကို စွပ်စွဲပြီး ကုမ္ပဏီကိုတောင် တရားရင်ဆိုင်ရလုနီးပါးဖြစ်အောင် လုပ်ခဲ့တာကရော ဘာကြောင့်လဲရှင့် ”
“ ငါမလုပ်ခဲ့ဘူး…ငါကဘာလို့ ကုမ္ပဏီကို ဒုက္ခပေးရမှာလဲ၊ ငါကဒီတိုင်း……”
“ ရှင်က ဒီတိုင်း ကျွန်မကိုပဲ ဒုက္ခပေးချင်ခဲ့တာလေ! “
စူးထောင်က သူမအတွက် စကားကိုအဆုံးသတ်ပေးလိုက်သည်။
တကယ်တော့ အခုရှိနေတဲ့လူတိုင်းဟာ လျိုဝမ်ထောင်ရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်ခဲ့ပြီးဖြစ်သည်။ သူမက ကုမ္ပဏီကို ဒုက္ခပေးရန် မရည်ရွယ်ခဲ့သော်လည်း ထိခိုက်နစ်နာစေသည်က မငြင်းနိုင်သည့် အမှန်တရားပင်။
“ ဒါနဲ့ ဒါရိုက်တာစူး ကျွန်တော်နားမလည်တာ တစ်ခုရှိတယ်၊ တကယ် စာချုပ်မချုပ်ခဲ့ဘူးဆိုရင် ဒီလိုစာချုပ်အတုကိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ “
ပြည်သူ့ဆက်ဆံရေးဌာန၏ ခေါင်းဆောင်က စူးထောင်အား မေးခွန်းထုတ်လိုက်သည်။
စူးထောင်၏ ထွင်းဖောက်မြင်နိုင်တဲ့ အကြည့်က ထိုလူရဲ့မျက်နှာပေါ်သို့ ကျရောက်သွားကာ အပြုံးတစ်ခုဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ ရည်ရွယ်ချက်လား…ဒါပေါ့၊ ကုမ္ပဏီရဲ့အတွင်းသတင်းတွေကို အကြိမ်ကြိမ် ပေါက်ကြားစေခဲ့တဲ့ ကြွက်တွေကို ဖော်ထုတ်ဖို့လေ ”
လူတိုင်း အံ့သြသွားကြသည်။ ကုမ္မဏီရဲ့ အတွင်းသတင်းတွေကို အကြိမ်ကြိမ် ပေါက်ကြားစေခဲ့တယ်လို့ စူးထောင် ဆိုလိုလိုက်တာလား။
ပြည်သူ့ဆက်ဆံရေးဌာန၏ ခေါင်းဆောက်ဘက်မှ ထပ်မေးမလာခင်မှာပဲ စူးထောင်တစ်ယောက် လီရွှမ်ကို ဖုန်းခေါ်နှင့်ပြီး ဖြစ်သည်။
“ လီရွှမ်…ချိပ်ပိတ်ထားတဲ့ ဖိုင်သုံးခုကို သွားယူလာခဲ့ ”
စူးထောင်၏ ကြည်လင်သောမျက်လုံးများက ပြည်သူ့ဆက်ဆံရေးဌာနရဲ့ခေါင်းဆောင်ကို စိုက်ကြည့်နေခဲ့ပြီး ဆက်ပြောလိုက်သည်။
“ ကျွန်မ မတူညီတဲ့ စာချုပ်အတု သုံးခုလုပ်ခဲ့တယ်၊ အဲ့သုံးခုမှာ ကွဲပြားတဲ့ဒရမ်မာစီးရီး နာမည်တွေရှိတယ်၊ အခုလေးတင် ဒါရိုက်တာလျိုပြောခဲ့တဲ့ ကျွန်မစာချုပ်ချုပ်တယ်ဆိုတဲ့ တစ်ခုက ‘Youth Above All’ ဖြစ်နေတယ်၊ စာချုပ်အတုသုံးခုလုံးကို ချိပ်ပိတ်ထားပြီး အဖုံးပေါ်မှာ ပို့ခဲ့တဲ့ဌာနနာမည်ကို ရေးထားခဲ့ပါတယ်၊ ကျွန်မတို့လုပ်ဖို့လိုတာက ‘Youth Above All’ စာချုပ်ဖိုင်ပေါ်က ဌာနနာမည်ကို စစ်ကြည့်လိုက်ရုံပါပဲ၊ အဲ့ဌာနက သတင်းပေါက်ကြားစေတဲ့နေရာပဲ ဖြစ်ရမယ် “
ပြည်သူ့ဆက်ဆံရေးဌာနခေါင်းဆောင်က ချက်ချင်း ခံငြင်းတော့သည်။
“ မဆိုင်တဲ့လူတွေကို လိုက်ရမ်းမနေနဲ့! ငါတို့ဌာနရဲ့ စာချုပ်က ခိုးကြည့်ခံလိုက်ရတယ်ဆိုရင်တောင် ကြည့်တဲ့သူက ငါတို့ထဲကတစ်ယောက်ဆိုတာ မသေချာနိုင်ဘူးလေ! ”
“ ဘယ်သူကြည့်လဲဆိုတာ စီစီတီဗီမှာ ပေါ်နေမှာပဲလေ၊ ရှင်ဘာလို့ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ ”
စူးထောင်က အဓိပ္ပါယ်အပြည့်ဖြင့် ပြောလိုက်သည်။
သူမပြောပြီးချိန်မှာပင် လီရွှမ်က ဖိုင်သုံးချကို ယူလျက် ရောက်လာတော့သည်။
လျန်ခယ့်က ဂရုတစိုက်ဖြင့် စစ်ဆေးကြည့်ရာ ဖိုင်သုံးခုထဲမှ ပြည်သူ့ဆက်ဆံရေးဌာန တံဆိပ်တုံးထုထားသော တစ်ခုရဲ့ချိပ်စည်းက ဖွင့်ဖောက်ခံထားရပုံပေါ်တာကို တွေ့လိုက်ရသည်။
ထိုဖိုင်ကို ဖွင့်ဖောက်ကြည့်လိုက်ရာ အတွင်းရှိ စာချုပ်မှာ ‘Youth Above All’ ဒရမ်မာစာချုပ်ဖြစ်နေလေသည်။
လျန်ခယ့်ဟာ ပြည်သူ့ဆက်ဆံရေးဌာနခေါင်းဆောင်ကို ကြည့်လိုက်ပြီး ရုတ်တရက် လျိုဝမ်ထောင်က ထိုလူနှင့် အလွန်ရင်းနှီးသည်ကို သတိရသွားခဲ့သည်။
သူက နှစ်ယောက်ကို တစ်လှည့်စီကြည့်လိုက်ပြီးနောက် သူ့ဖုန်းကိုကောက်ကိုင်ကာ ကျန်းချီကွမ်းကို ခေါ်လိုက်သည်။
“ ဟယ်လို…ဥက္ကဌကျန်း၊ ကျွန်တော်တို့ ရှယ်ယာရှင်အစည်းအဝေး ကျင်းပဖို့လိုနေပြီ ထင်တယ် “
အခြားလူများသည်လည်း အခြေအနေကို သဘောပေါက်သွားကြသည်။ လျိုဝမ်ထောင်ဟာ အမြဲတမ်း စူးထောင်ကို ရန်လိုနေခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော ကုမ္ပဏီအတွင်း အချင်းချင်း တိုက်ခိုက်မှုမျိုးက ကုမ္ပဏီရဲ့အကျိုးစီးပွားကို ထိခိုက်စေသည့် ရူးမိုက်သောလုပ်ရပ်ပင် ဖြစ်သည်။
ဘေး၌ရပ်နေခဲ့သော လီရွှမ်ဟာလည်း ဘော့စ်ဖြစ်သူက ဖိုင်ကိုချိပ်ပိတ်သည့် စတစ်ကာအား ကော်ဖြင့်ထပ်သုတ်ထားရခြင်း၏ အကြောင်းပြချက်ကို နားလည်သွားရတော့သည်။
ဒီနည်းလမ်းဖြင့် ချိပ်ပိတ်ထားသည့်စတစ်ကာကို သဲလွန်စမကျန်ဘဲ ခွာနိုင်ဖို့ရန်မှာ ခဲယဥ်းပေလိမ့်မည်။
ဒရမ်မာဆန်ဆန်မြင်ကွင်းတွေက ဒီနေရာမှာတင် ရပ်တန့်သွားခဲ့လေပြီ။
လျန်ခယ့်က ကျန်ရှိနေသည့်နောက်ဆက်တွဲများကို ဖြေရှင်းရန် တာဝန်ယူထားသဖြင့် စူးထောင် ပါဝင်ရန် မလိုတော့ပါချေ။
ဖုန်းကိုကိုင်ပြီး ဘလူတူးချိတ်ဆက်မှုကို ဖြုတ်ကာ အစည်းအဝေးခန်းထဲမှ ထွက်ကာ ဥက္ကဌရှု နှင့် ဝမ်ချွမ်းမင်ကို တူညီသည့်မက်ဆေ့ချ်တစ်စောင်စီ ပို့လိုက်သည်။
[စူးထောင် - ပူးပေါင်းမှုအတွက် ကျေးဇူးတင်ပါတယ်]
တုန်းမင်ရွှမ်း၏ စာချုပ်ကိစ္စနှင့်ပတ်သက်၍ ရှန်းရှုသို့ သူမသွားသည့်နေ့က ထိုနှစ်ယောက်ဖြင့် ဆွေးနွေးကာ ကျန်းဝမ်အတွက် သူမစာချုပ်ချုပ်ခဲ့သလိုမျိုး သတင်းလွှင့်ရန် အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။
သို့မှသာ စာချုပ်အတုကို သံသယမဝင်ကြဘဲ သူမစီစဥ်ထားသည့် ထောင်ချောက်ထဲသို့ ဝင်လာကြမှာဖြစ်သည်။
စူးထောင် အလုပ်မှ အိမ်သို့ ပြန်ရောက်ချိန်တွင် ဧည့်ခန်းထဲ၌ စတုရန်းပုံစံ ငါးကန်အသစ်တစ်ခုကို တွေ့လိုက်ရလေသည်။
“ ရှောင်ထောင်ဇီ…မင်းပြန်လာပြီ ”
မီးဖိုချောင်ထဲမှ ရှဲ့ကျင်ရဲ့ ခေါင်းလေးက ပျော်ရွှင်စွာ ထွက်ပေါ်လာသည်။ သူက သွေးတွေစွန်းထင်းနေသည့် အသားခုတ်ဓါးတစ်ချောင်းကို ကိုင်ထားပြီး မျက်လုံးများကတောက်ပနေကာ နဖူးပေါ်တွင်လည်း သွေးစက်တစ်စက် ရှိနေသေးသည်။
“ နင်ဘာတွေလုပ်နေတာလဲ ”
စူးထောင် သူ့ကို အပေါ်အောက် ကြည့်လိုက်မိသည်။ သူ့ရဲ့ရှပ်အင်္ကျီပေါ်တွင် ထပ်ခါတလဲလဲ ဝတ်နေသည့် အဝါနုရောင်အေပရွန်က နေရာယူထားပြန်သည်။
သူက အဲဒီအေပရွန်ကို တော်တော်ကြိုက်ပုံပဲ။ သူ့ကိုလက်ဆောင်အဖြစ် ပေးလိုက်သင့်လား။
“ ကိုယ်က မင်းအတွက် ငါးကိုင်ပေးနေတာလေ ”
ရှဲ့ကျင်က သူသေချာပေါက် လုပ်သင့်သည့်
အလုပ်တစ်ခုကဲ့သို့ ပြောလာခဲ့သည်။
စူးထောင်က ဧည့်ခန်းထဲရှိ ငါးကန်ကို ညွှန်ပြလိုက်သည်။
“ ဒါကရော ဘာတွေဖြစ်နေတာလဲ ”
“ ကိုယ်က မင်းလုပ်ကျွေးတဲ့ ငါးစွပ်ပြုတ်ကို အရမ်းကြိုက်တာလေ၊ ကိုယ်စားချင်တဲ့အချိန် ဖမ်းပြီး ချက်စားလို့အောင် ဝယ်ထားလိုက်တာ၊ ဒီအိမ်က နည်းနည်းကျဥ်းတယ်နော်၊ ကိုယ်တို့ အနာဂတ်မှာ အိမ်ကြီးကြီးတစ်လုံးကို ပြောင်းရင် ငါးကန်တစ်ခုတူးထားရမယ် ”
ရှဲ့ကျင်က ငါးကန်ဆီသို့ လျှောက်သွားလိုက်ပြီး သူ့ရဲ့ဟင်းချက်စရာလေးတွေကို ပီတိဖြစ်စွာ ကြည့်နေလေသည်။ ကန်ထဲရှိ ငါးလေးများမှာ အန္တရာယ်ကို ခံစားမိသည့်အလား ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဟိုဟိုဒီဒီ ကူးခတ်ရုန်းကန်နေကြသည်။
စူးထောင် ပေါ့ပါးစွာ သက်ပြင်းချကာ ပြောလိုက်သည်။
“ မနက်ဖြန် ငါအလုပ်မဆင်းခင် ဒီငါးကန်ပျောက်ကွယ်သွားဖို့ မျှော်လင့်တယ်၊ ငါ နင့်အတွက် နေ့တိုင်းချက်ပြုတ်ပေးမှာ မဟုတ်ဘူး၊ သဘောပေါက်တယ်မလား ”
စူးထောင် သူ့ဆီကို လျှောက်သွားခဲ့သည်။ ရှဲကျင်က ခါးမတ်သွားခဲ့ပြီး သူ့ရဲ့ရှည်သွယ်သော ပုံရိပ်က ဧည့်ခန်းရဲ့ မျက်နှာကျက်မီးအလင်းရောင်ကို ကွယ်ထားလေသည်။
သူမက သူ့နဖူးပေါ်ရှိ သွေးစက်ပေနေသည့် နေရာကို ညွှန်ပြလိုက်သည်။
“ ဒီမှာ ငါးသွေးပေနေတယ် “
ရှဲ့ကျင် အကြိမ်ကြိမ် သုတ်လိုက်ပေမယ့် နေရာလွဲနေတာကြောင့် စူးထောင်မှာ ကြည့်မနေနိုင်တော့ဘဲ သူ့လက်ကိုဖယ်ကာ သူမရဲ့အေးစက်သော လက်ချောင်းထိပ်လေးဖြင့် တို့ထိကာ သုတ်ပေးလိုက်လေသည်။
ထို့နောက် သူမရဲ့လက်ကို သူ့ဆီသို့ ထပ်မံထုတ်လာခဲ့သည်။ ထိုမြင်ကွင်းကိုမြင်သောအခါ တုံ့ဆိုင်းစွာဖြင့် သူ့ရဲ့နွေးထွေးသောလက်ဖြင့် သူမလက်ကို အုပ်ကိုင်လိုက်သည်။ နူးညံ့သောအထိအတွေ့က သူ့နှလုံးခုန်သံကို ပိုမြန်လာစေခဲ့သည်။
စူးထောင်က သူ့လက်နောက်ဘက်ကို ရိုက်လိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။
“ ဓါးပေး၊ ငါးကိုင်တာကို ငါလုပ်လိုက်မယ်၊ ပြီးတော့ အေပရွန်ရောပဲ “
ရှဲ့ကျင်မှာ စူးထောင်ရဲ့ သေးသွယ်တဲ့ကျောပြင်လေးကို ကြည့်ရင်း သူ့နှုတ်ခမ်းထောင့်စွန်းလေးက တဖြည်းဖြည်း ကော့တက်သွားရသည်။
သူမက နောက်ဆုံးတော့ သူ့ကို သူစိမ်းလို မဆက်ဆံတော့ဘူး။ ပြီးတော့ အကွာအဝေးလည်း မခြားထားတော့ဘူး။
မည်သူကမှ စကားစပြောဘဲ နှစ်ယောက်သား တိတ်ဆိတ်စွာ ညစာစားကြလေသည်။
ချင်ရွှယ်ရှီးပြသာနာကို ဘယ်လိုဖြေရှင်းခဲ့လဲဆိုတာ စူးထောင်က မမေးခဲ့သလို ရှဲကျင်ကလည်း စကားအစမဖော်ရဲပါဘူး။
အခု နားလည်မှုလွဲတာကို ဖြေရှင်းပြီးပြီဆိုတော့ သူတို့နှစ်ယောက် အသစ်စတင်လို့ ရပြီလေ။
ရှဲ့ကျင်ဟာ လက်ရှိ လိုက်လျောညီထွေဖြစ်နေတဲ့ လေထုလေးအား အဲဒီထိလွယ်ရှလွယ် အကြောင်းအရာများကြောင့် ပျက်စီးသွားစေမည်ကို ကြောက်ရွံ့နေခဲ့သည်။
စူးထောင်က ပေါ့ပေါ့ပါးပါး ဝတ်စုံကို လဲလှယ်လိုက်ပြီး ဆိုဖာပေါ်၌ တင်ပုလ္လင်ခွေထိုင်ကာ ဖုန်းကိုသုံး၍ အလုပ်ကိစ္စများ ကိုင်တွယ်နေသည်။
ရှဲ့ကျင်က အလိုက်တသိဖြင့် သစ်သီးအချို့ လှီးပြီး ပန်းကန်ပြားထဲထည့်ကာ စူးထောင်အတွက် ယူလာပေးခဲ့သည်။
စူးထောင်မှာ ဖုန်းချကာစရှိသေး နောက်ထပ်ဖုန်းကောလ်တစ်ခု ဝင်လာပြန်လေသည်။
“ ဟုတ်တယ်၊ ဖန်ကလပ်ကို ဖွဲ့စည်းပြီး မဲပေးဖို့ အချိန်နှစ်ရက်ကျန်သေးတယ်၊ သူက အခု ပထမနေရာရထားပေမယ့် ကျွန်မတို့က မဲအရေအတွက်ကို အပြတ်အသတ်ကွာနေအောင် လုပ်ထားဖို့လိုတယ် ”
စူးထောင် စကားပြောလို့ပြီးသည်နှင့်တစ်ပြိုင်နက် စတော်ဘယ်ရီသီးတစ်လုံးကို သူမပါးစပ်ထဲ ထိုးထည့်ခံလိုက်ရသည်။
သူမဘေး၌ ထိုင်နေသည့် ရှဲ့ကျင်ကို အကြည့်တစ်ချက်ပေးပြီး စတော်ဘယ်ရီသီးကို ကိုက်လိုက်သည်။ သူမပါးစပ်ထဲရှိ အရသာခံအဖုလေးတွေက အချဥ်အရသာကြောင့် လှုံ့ဆော်ခံလိုက်ရသည်။
သူမက သူခွံ့ကျွေးတာကို မကြိုက်တဲ့အမူအရာ မပြတာကြောင့် ရှဲကျင်းက ချယ်ရီသီးတစ်လုံးကို ကောက်ယူလိုက်ကာ သူမပါးစပ်ထဲ ထည့်ပေးလိုက်ပြန်သည်။ ထို့နောက် သူ့ရဲ့လက်ကို သူမနှုတ်ခမ်းအောက်နား၌ ခံထားပေးလိုက်သည်။
စူးထောင်တစ်ယောက် ဆန့်ထုတ်ထားသော လက်ကိုကြည့်ကာ အချိန်တစ်ခုအထိ ကြက်သေသေသွားရသည်။ ထို့နောက် သူမရဲ့ လက်ခုပ်ထဲကိုသာ ထွေးထုတ်လိုက်ပြီး အနီးရှိ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ကာ နောက်ထပ်ချယ်ရီသီးတစ်လုံးကို ယူစားလိုက်ပြီး ဖုန်းဆက်သုံးနေခဲ့သည်။
ရှဲ့ကျင် အနေခက်စွာဖြင့် သူ့ရဲ့လက်ကို ပြန်ရုတ်လိုက်ပြီးနောက် ရှပ်အင်္ကျီအပေါ် ကြယ်သီးနှစ်လုံးကိုဖြုတ်ကာ ခြေချိတ်ထိုင်လျက် ဆိုဖာပေါ်သို့ မှီလိုက်ပြီး စူးထောင်ရဲ့ဖုန်းမျက်နှာပြင်ကို တစ်ချက်ခိုးကြည့်လိုက်သည်။
စူးထောင်က မဲပေးရသည့်ပေ့ချ်တစ်ခုရဲ့ လင်ခ်ထဲသို့ ဝင်ရန်လုပ်နေသည်ကို မြင်လိုက်ရသည်။ သူအနီးကပ်မကြည့်ရသေးခင်မှာပင် အားတက်သရောဖြင့် သူ့ဖုန်းကို ထုတ်ကာ ပြောလိုက်သည်။
“ ကိုယ်ကူညီဖို့ လိုလား၊ ကိုယ့်ကုမ္ပဏီက ဝန်ထမ်းတွေကိုလည်း ကူပြီးမဲပေးခိုင်းလို့ရတယ်၊ ကုန်ကျစရိတ်အတွက် စိတ်မပူနဲ့ ”
စူးထောင် သူ့ကိုကြည့်ကာ လင့်ခ် မျှဝေလိုက်သည်။
“ ဒါဆိုလည်း ကျေးဇူးပါ “
ရှဲ့ကျင်ရဲ့မျက်နှာက ပျော်ရွှင်မှုဖြင့် တောက်ပသွားခဲ့သည်။ လင့်ခ်ကို ဖွင့်ကာဝင်ကြည့်လိုက်သောအခါ မဲပေးသည့်ပေ့ချ်ပေါ်လာခဲ့သည်။ သူ့ရဲ့အပြုံးက အေးခဲသွားပြီး မျက်လုံးများက နက်မှောင်သွားရသည်။
ဘာကြောင့်လဲဆိုတော့ သူမဲပေးရမယ့်လူက ကျန်းချီဖြစ်နေလို့လေ!
“ ကျန်းချီက ပထမနေရာရောက်နေပြီးသား မဟုတ်ဘူးလား ”
ရှဲ့ကျင် မှုန်ကုပ်ကုပ်ဖြင့် တီးတိုးရေရွတ်နေသည်။
“ DGနဲ့စာချုပ်ချုပ်တဲ့သတင်းကို ကြွက်တွေဆီကနေ အစောကြီး ပေါက်ကြားသွားကတည်းက ဒီကိစ္စကို လူတွေအများကြီးက အာရုံစိုက်နေကြတာ၊ အဲဒါကြောင့် နောက်ဆုံးစာချုပ်ချုပ်ဖို့ သေချာအောင် ကျန်းချီရဲ့ဒေတာကို အပြတ်အသတ်များအောင် လုပ်ထားမှဖြစ်မယ်၊ သူ့ရဲ့ပွဲဦးထွက် အရှိန်အဟုတ်ကိုလည်း ဖန်တီးပြီးသား ဖြစ်သွားတာပေါ့ “
စူးထောင်က စိတ်ရှည်ရှည် ရှင်းပြလိုက်သည်။
“ ကြွက်တွေလား ”
စူးထောင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှဲကျင်ရဲ့မျက်နှာအမူအယာက မဲမှောင်လာတော့သည်။
“ မင်း သူတို့ကိုဖမ်းမိခဲ့လား ”
စူးထောင် ခေါင်းညှိမ့်လိုက်ကာ ရှဲကျင်ရဲ့အမူအယာပြောင်းလဲမှုကို အာရုံမစိုက်မိဘဲ သူမဖုန်းပေါ်တွင် ဆက်ပြီးမဲပေးနေခဲ့သည်။
ရှဲကျင်က မေးလိုက်သည်။
“ အဲ့တော့ မဲအရေအတွက် ဘယ်လောက်များအောင် လုပ်မယ်လို့ ရည်မှန်းထားတာလဲ “
စူးထောင်က ဖုန်းပေါ်ကအကြည့်မလွှဲဘဲ ဖြေလိုက်သည်။
“ အနည်းဆုံး အခုရထားတာရဲ့နှစ်ဆလို့တော့ ခန့်မှန်းထားတယ်၊ အဓိကအင်အားက ကျန်းချီရဲ့ ဖန်ကလပ်ဖြစ်နေတုန်းပဲ၊ ဒါပေမယ့် ဒီတစ်ခေါက်မှာ မဲရလဒ်ဒေတာကို တည်ငြိမ်အောင် နည်းပညာအဖွဲ့ကို ဝင်ပါခိုင်းဖို့ စီစဥ်ထားတယ် “
ရှဲ့ကျင်က ထပ်မမေးတော့ဘဲ ခေါင်းညှိမ့်ပြီး မဲပေးသည့်လင့်ခ်ကို ကျင်းချွေ့ဝမ်ဆီသို့ ပို့ပေးလိုက်သည်။
[ရှဲ့ကျင် - ကုမ္ပဏီတစ်ခုလုံးကို မဲပေးခိုင်းလိုက်၊ အခြားနေရာက ကုမ္ပဏီအခွဲတွေလည်းပါတယ်]
[ရှဲ့ကျင် - နည်းပညာဌာနကိုလည်း အခုမဲအရေအတွက်ရဲ့တစ်ဝက်လောက် ထပ်တိုးလာအောင်လုပ်ဖို့ ပြောလိုက်ဦး]
နိုက်ကလပ် ဗီအိုင်ပီအခန်းတစ်ခုတွင် ဝူရှဲ့ယွီနှင့်အတူ ပါတီကျင်းပနေသော ကျင်းချွေ့ဝမ်တစ်ယောက် မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။
အခုလတ်တလောတွင် ဘော့စ်ဖြစ်သူက စိတ်အခြေအနေ ကောင်းနေပုံရသဖြင့် လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနရဲ့ ဒါရိုက်တာတစ်ယောက်အနေဖြင့် ပျော်ရွှင်တဲ့နေ့ရက်လေးတွေ ရနေပုံပေါ်သည်။
ကျင်းချွေ့ဝမ်မှာ ထုံးစံအတိုင်း မိန်းကလေးအနည်းငယ်ခြံရံလျက် ပျော်ပါးနေခဲ့ခြင်းဖြစ်သည်။
ဘော့စ်ဖြစ်သူ ပို့ပေးလာသည့် လင့်ခ်ထဲ ဝင်ကြည့်လိုက်ရာ ချောမောခံ့ညားသော ကောင်လေးတစ်ယောက်ရဲ့ ပုံထွက်လာတာကို မြင်လိုက်ရလေသည်။
ကြည့်ရတာ နည်းနည်းရင်းနှီးနေပုံပဲ။
သူ့ဘေးနားရှိ မိန်းကလေးက စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည်။
“ အဲဒါက ကျန်းချီမဟုတ်ဘူးလား! ”
ကျင်းချွေ့ဝမ်မှာ တစ်ဖက်ရှိ ဝူရှဲ့ယွီကို မျက်ခုံးပင့်ကာ ပြောလိုက်သည်။
“ငါတို့ဘော့စ်က ရူးသွားတာလား၊ သူ့အချစ်ပြိုင်ဘက်ကိုတောင် မဲပေးခိုင်းနေပြီ ”
အရူးလို့ နာမည်တပ်ခံနေရသည့် ရှဲ့ကျင်မှာ မှုန်မှိုင်းသောအမူအယာဖြင့် သူ့ဖုန်းစခရင်အား ကြမ်းတမ်းစွာ ထိုးစွနေခဲ့သည်။
နောက်ဆုံးမှာတော့ ရှဲ့ကျင်ဆီမှ အအေးဓါတ်တွေထုတ်လွှတ်နေတာကို သတိထားမိသွားသည့် စူးထောင်မှာ သူ့ကိုလှည့်ကြည့်လာခဲ့သည်။
စာလုံးတစ်လုံးချင်းစီတိုင်းကို အားပါပါဖြင့် ဖုန်းစခရင်ကို ထိုးဖောက်မတတ် ရိုက်နှိပ်နေလေသည်။ အခြားတစ်ဖက်ရှိ လူမှာ သူ့ရန်သူအလား မျက်နှာတစ်ခုလုံးက မဲမှောင်နေခဲ့သည်။
“ နင်ဘာလုပ်နေတာလဲ ”
စူးထောင် မေးလိုက်တော့သည်။
“ မဲပေးနေတာလေ ”
ရှဲ့ကျင်က အံကြိတ်ပြီး ပြောလာခဲ့သည်။
“ ကိုယ်က သူ့ပရိသတ်ဖြစ်လို့ မရဘူးလား ”
စူးထောင် - "..."