အခန်း (၄၅)
Vol. 5 Ch. 45
စူးထောင်သည် လူတိုင်း၏အော်သံကြောင့် စိတ်ဆိုးခြင်း၊ စိတ်ပျက်ခြင်းမရှိ။ သူမက မျက်လုံးမှေးစင်းကာ တခဏတာစဉ်းစားပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်သလိုမျိုး "အေးဂျင့်တစ်ယောက်အနေနဲ့ အနုပညာရှင်တွေရဲ့နောက်မှာပဲနေသင့်တာ။ အနုပညာရှင်တွေ့ရဲ့ အာရုံစိုက်မှုကို မဖမ်းဆုပ်ထားသင့်ပါဘူး။အခုလက်ရှိ အေးဂျင့်လုပ်ဖော်ကိုင်ဖက်တွေအားလုံးလည်း ကျွန်မရဲ့အဖြစ်ကိုကြည့်ပြီး တူညီတဲ့အမှားမျိုး မလုပ်မိအောင် ရှောင်ရှားကြပါ။"
ထိုသို့စူးထောင်ပြောပြီးနောက် တစ်ခန်းလုံး တိတ်ကျသွားတော့သည်။ လူတိုင်းက သူတို့၏ရွှတ်နောက်နောက် သဘောထားကို တွန်းထုတ်ကာ မတ်မတ်ထိုင်ပြီး ခေါင်းငုံ့ရင်း အစည်းအဝေးမှတ်တမ်းများကို ရေးနေကြ၏။
စိတ်ကျေနပ်စွာဖြင့် စူးထောင်သည် သူမ၏လက်တော့ကို ကောက်ကိုင်ကာ ထိုင်ခုံဆီသို့ပြန်ထိုင်ပြီး အစည်းအဝေးကို ဆက်လုပ်ခဲ့သည်။
သူမ၏ဖုန်းက နှစ်ကြိမ်ခန့်တုန်ခါသွားသည့်အတွက် ယူကြည့်လိုက်ရာ ကျန်းချီထံမှစာဖြစ်နေ၏။
[ကျန်းချီ - ခင်ဗျား သူ့ကို ကြိုက်နေသေးလား။]
[ကျန်းချီ - ခင်ဗျားသူနဲ့ ပြန်တွဲချင်သေးလား။]
စူးထောင်သည် မသိမသာ မျက်မှောင်ကြုတ်သွားပြီး မျက်လုံးထဲတွင် စိတ်မရှည်မှု အရိပ်အယောင်ဖြတ်ပြေးသွားကာ တိုတိုတုတ်တုတ် ပြန်ဖြေပေးလိုက်သည်။
[စူးထောင် - လေ့ကျင့်တာကိုပဲ အာရုံစိုက်။ ဒါကို မင်းစိုးရိမ်နေစရာမလိုဘူး။]
ကျန်းချီက နောက်ထပ် စာတိုနှစ်ခုကို ဆက်တိုက် ပေးပို့လာခဲ့၏။
အစပိုင်းတွင် စူးထောင်သည် သူ့ကိုမတုံ့ပြန်ချင်သော်လည်း သူပို့လာသော အကြောင်းအရာကို သူမမြင်လိုက်ရသောအခါ မနေနိုင်ဘဲ ကျန်းချီ၏ အတွေးများကို ဆန်းစစ်ကြည့်မိသည်။
[ကျန်းချီ - ကျွန်တော့်ကို ဖြေပေးပါ။]
[ကျန်းချီ - လေ့ကျင့်တာကို ကျွန်တော်ဆက်မလုပ်နိုင်တော့ဘူး။]
[စူးထောင် - တို့ဘယ်သူ့ကိုပဲ ကြိုက်ကြိုက်၊ ဘယ်သူနဲ့ပဲ ပြန်တွဲတွဲ အဲဒါမင်းနဲ့ဘာဆိုင်လို့လဲ။ ]
ခဏတာကြာပြီးနောက် နောက်ဆုံးတွင် ကျန်းချီက ပြန်ဖြေလာသည်။
[ကျန်းချီ - ခင်ဗျားက ကျွန်တော့်ရဲ့မန်နေဂျာလေ။ ခင်ဗျားရဲ့အချစ်ရေးက ခင်ဗျားအလုပ်အပေါ် သက်ရောက်မှုရှိမရှိ ကျွန်တော်သိပိုင်ခွင့်ရှိတယ်။]
စူးထောင်က သူပြန်ပြောလာတာကို တိတ်တဆိတ်ကြည့်ပြီးနောက် အနည်းငယ် စိတ်သက်သာရာ ရသွားကာ သူမ၏လေသံမှာလည်း အနည်းငယ် ပိုကောင်းလာ၏။
[စူးထောင် - စိတ်မပူပါနဲ့။ တို့ရဲ့အလုပ်ကို ဘယ်တော့မှ ထိခိုက်စေမှာ မဟုတ်ဘူး။ လေ့ကျင့်တဲ့နေရာကိုပဲ မင်းအာရုံစိုက်ပါ။ လောလောဆယ်မှာတော့ မင်းအတွက် အဓိကအခွင့်အလမ်းတစ်ခုကို တို့ရထားပြီးပြီ။ အဲဒါကသာ အဆင်ပြေသွားရင် မင်းရဲ့နာမည်ကျော်ကြားမှုက တရှိန်ထိုးတက်လာလိမ့်မယ်သိလား။]
အလုပ်အကြောင်းပြောသောအခါ စူးထောင်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး အနာဂတ်ကိုပါ စိတ်ကူးယဉ်နေမိသည်။ "တို့တွေ လမ်းတစ်ဝက်ရောက်နေပြီ။ အောင်မြင်ဖို့ တို့ယုံကြည်ချက်အပြည့်ရှိတယ်။ အချိန်တန်ရင် မင်းလုပ်နိုင်မှာပါ......"
[ကျန်းချီ - ဒါဆို ပြန်တွဲဖို့ သူကမ်းလှမ်းတာကို လက်ခံဖို့ ခင်ဗျားမှာအစီအစဉ်ရှိလား။]
စူးထောင် - "..."
စူးထောင်သည် သူမရေးထားသော စာကြောင်းတစ်ဝက်တပျက်ကို ဖျက်လိုက်ကာ ဖုန်းကိုအသံပိတ်ပြီး သူ့ကိုလျစ်လျူရှုလိုက်၏။
စူးထောင်သည်မူလက "ပွဲဦးထွက်ရာလမ်း" season အသစ်အတွက် ရိုက်ကူးရေးကို ငြင်းပယ်ရန် ရည်ရွယ်ထားသော်လည်း ထုတ်လုပ်ရေးအဖွဲ့သည် ပိုမိုလူသိများစေရန်အတွက် စူးထောင်အား စီးပွားရေးထောက်ခံချက်တစ်ခုဖြင့် ကမ်းလှမ်းခဲ့သည်။
စူးထောင်သည် သူမ၏လက်ကျန်တန်ဖိုး အားလုံးကို ညှစ်ထုတ်ကာ အစီအစဉ် အပိုင်းတစ်ပိုင်းကို ထောက်ခံချက်တစ်ခုဖြင့် လဲလှယ်ပြီး လာမည့်seasonအတွက် ပြိုင်ပွဲဝင်နေရာ ၈နေရာကို ကြိုတင်စာရင်းသွင်းခဲ့၏။
ယခင်seasonကဲ့သို့ ရှဲ့ကျင်၏ ဝေဖန်မှုကို ကြောက်ရွံ့နေသော ပြိုင်ပွဲဝင်များသည် လာမည့်seasonအသစ်တွင် စူးထောင်ပါဝင်မည်ကို သိလိုက်ရသောအခါ စိတ်သက်သာရာ ရသွားကြသည်။
ယခုအကြိမ် လူပုံအလယ်ဖျော်ဖြေရမည့် ဒုတိယမြောက်စင်မြင့်သည် ကနဦးစင်မြင့်ထက်ပင် ပိုမိုတောက်ပနေ၏။ တစ်ပတ်ကြာ လေ့ကျင့်ပြီးနောက် ပြိုင်ပွဲဝင်များက တော်တော်လေး တိုးတက်လာကြသည်။
စူးထောင်အံ့ဩသွားရသည့်အချက်မှာ ထျန်ရင်ရင်သည် season အသစ်တွင် ပါဝင်ခြင်းမရှိခဲ့ချေ။သူမထုတ်ပယ်ခံရသည်ကိုလည်း မပြောထားသလို ပထမအကြိမ်နေရာ၌လည်း သူမနာမည်က လုံးဝမရှိခဲ့သလိုမျိုးပင်။
ရှဲ့ကျင်၏ စုံစမ်းစစ်ဆေးမှုရလဒ်များကို ပြန်သတိရသောအခါ စူးထောင်၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ထွက်ပေါ်လာခဲ့၏။ ထျန်ရင်ရင်တစ်ယောက် ရိုက်ကူးရေးမှ ဖယ်ရှားခံခဲ့ရခြင်းသည် ရှဲ့ကျင်လုပ်လိုက်ပုံရသည်။
စူးထောင်အံ့ဩတကြီး ဖြစ်သွားရသည့်အချက်မှာ ရွှယ်ရှင်းကျစ်သည် အကနှင့်ပက်သက်ပြီး သူမ၏ အကြောက်တရားကို ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်၏။ သူမသည် အကောင်းဆုံး အကသမားမဟုတ်သော်လည်း စင်မြင့်ပေါ်တွင် ယုံကြည်မှုအပြည့်ရှိကာ အဆုံးသတ်အပိုင်းကို လှလှပပနှင့် ပြီးမြောက်သွားသည်။
တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေစဉ်အတွင်း လူတိုင်း၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်နေရင်း စူးထောင်သည် လေ့ကျင့်သည့် အဆင့်တုန်းကနှင့်ယှဉ်လျှင် လူတိုင်းတိုးတက်လာသည်ဟု ခံစားလိုက်ရ၏။
မှတ်ချက်ပေးသည့်အချိန်တွင်လည်း လူတိုင်းနီးပါးချီးကျူးခံရပြီး သူတို့၏အလေးအနက်ထားမှုနှင့် ကြိုးစားအားထုတ်မှုကို အစစ်အမှန် ချီးကျူးခဲ့ကြခြင်းဖြစ်သည်။
ချီးကျူးခံရသော ပြိုင်ပွဲဝင်များထဲတွင် ယခင် season တုန်းက ရှဲ့ကျင်၏ပြင်းထန်သော ဝေဖန်မှုများကြောင့် စိတ်ဓာတ်ကျကာ နုတ်ထွက်ရန် စဉ်းစားခဲ့ကြသူများလည်းပါ၏။ ရုတ်တရက်ဆိုသလို သူတို့ထဲမှတစ်ယောက်သည် စင်ပေါ်တွင် မျက်ရည်တွေကျလာကာ ငိုသံဖြင့် " အရင်တစ်ခါတုန်းက ဥက္ကဌရှဲ့ရဲ့ မှတ်ချက်ပေးမှုကြောင့် ကျွန်မမှာ ကိုယ်ပိုင်အရည်အချင်းလည်း မရှိသလို ဘာမှလည်းမလုပ်နိုင်တော့ဘူးလို့ ခံစားခဲ့ရတာ။ ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးမရှိတော့သလိုမျိုး...... ကျေးဇူးတင်ပါတယ် စူးလောင်ရှီး။"
စူးထောင်ကို တိတ်တဆိတ် စူးစိုက်ကြည့်နေသော ရှဲ့ကျင်သည် ရုတ်တရက် နာမည်အခေါ်ခံလိုက်ရသည့်အတွက် တောင့်တင်းသည့်ကိုယ်ဟန်ဖြစ်သွားတော့သည်။ သူသည်စင်ပေါ်တွင် ငိုနေသောပြိုင်ပွဲဝင်ကို ကြည့်ပြီးနောက် စူးထောင်ကို လှမ်းကြည့်ကာ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်၏။
"မင်းကို တန်ဖိုးမရှိတဲ့သူလို့ ငါဘယ်တုန်းက ပြောဖူးလို့လဲ။ မဟုတ်တမ်းတရားတွေ မပြောနဲ့။"
"မဟုတ်တမ်းတရား"ဟူသော စကားလုံးနေရာတွင် အတော်လေးကို အားအပြည့်ပါနေသဖြင့် လက်ရှိရှိနေသည့်လူတိုင်းက စိတ်တိုတတ်ပြီး အဆိပ်ပြင်းသည့်လျှာရှိသော bossကို အနိုင်ယူနိုင်သည့် လျို့ဝှက်ချက်ကို သိနေသကဲ့သို့ တိတ်တဆိတ်ပြုံးလိုက်ကြသည်။
စင်ပေါ်ရှိပြိုင်ပွဲဝင်များသည် တစ်ယောက်ပြီးတစ်ယောက် ယခင် season တုန်းက ရှဲ့ကျင်၏ ဝေဖန်မှုကို ခံရပြီးနောက်တွင် ယုံကြည်မှုများပျောက်ဆုံးပြီး နုတ်ထွက်ရန်ပင် စဉ်းစားခဲ့ကြောင်းကို စင်ပေါ်မှစူးထောင်အား တိုင်ကြားလာကြ၏။ စူးထောင်သည် နတ်သမီးကဲ့သို့ပင် သူတို့ကိုအားပေးပြီး ရှေ့ဆက်ရန်အားအင်ပေးလိုက်သည်။
"အဲဒါက မင်းတို့တွေ ဖိအားများပြီး လုပ်နိုင်စွမ်းအားနည်းလို့လေ။" ရှဲ့ကျင်သည် ညည်းညူနေသောပြိုင်ပွဲဝင်များကို စိုက်ကြည့်နေရင်း သူ၏အကြည့်ကို သုံးကာ ပါးစပ်ပိတ်ကြရန် ခြိမ်းခြောက်နေ၏။
လူအများအပြားက ထုတ်ပြောလာသဖြင့် စူးထောင်သည် တစ်ချက်လှမ်းကြည့်လာပြီး တည်ငြိမ်စွာဖြင့် "ပြိုင်ပွဲဝင်တွေက ဖိအားများနေကြတာဆိုတော့ သူတို့ကိုပိုပြီးတော့တောင် အားမပေးသင့်ဘူးလား ဥက္ကဌရှဲ့။"
သူ့ကိုယ်သူ ခုခံကာကွယ်ချင်သေးသော ရှဲ့ကျင်သည် ပါးစပ်ကိုဟလိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းချလိုက်ရင်း ခေါင်းညိတ်ပြပြီးနောက် မိုက်ခရိုဖုန်းကိုပိတ်ကာ မိမိကိုယ်ကိုယ်နှိမ့်ချပြီး လှောင်ပြောင်လာမှုကို လက်ခံလိုက်တော့သည်။
"စူးလောင်ရှီး ပြောတာမှန်ပါတယ်။"
ရိုက်ကူးရေးမှာ ပြီးဆုံးသွားခဲ့ပြီး စူးထောင် စတိုရီယိုမှ မထွက်ခွာခင်တွင် သူမကိုယ်ပိုင်အနုပညာရှင်များ၏ ပတ်ပတ်လည်ဝန်းရံခြင်းကို ခံရသည်။ ထိုအဖြစ်အပျက်ကြောင့်ပင် လှမ်းလာချင်သော ရှဲ့ကျင်သည် ခြေလှမ်းကိုရပ်တန့်လိုက်ပြီး မနီးမဝေးတွင်သာ တိတ်တဆိတ်စောင့်ဆိုင်းနေ၏။
စူးထောင်သည် လျယ်ခယ့်၏ ပေးပို့လာသော စကားများနှင့် တစ်ဦးချင်းစီ၏ အားသာချက်၊ အားနည်းချက်များကိုလည်း တစ်ခုချင်းစီ ပြောပြပေးကာ သူတို့၏ စိတ်ဓာတ်ကိုမြှင့်တင်ရန် အားပေးစကားနည်းနည်း ပြောပေးလိုက်သည်။
လူတိုင်းက ထွက်သွားကြသော်လည်း ကျန်းချီက မလှုပ်ချေ။ သူ၏ကြည်လင်သော မျက်လုံးများထဲတွင် မကျေနပ်မှုများဖြင့် ပြည့်နေပြီး "ဘာလို့ wechatမှာ ကျွန်တော့်ကို စာမပြန်တာလဲ။"
စူးထောင်သည် သူ့ကိုစိုက်ကြည့်ကာ ပေါ့ပေါ့ပါးပါး အကြောင်းပြချက် ပေးလိုက်၏။" အရင်က တို့ပို့ထားတဲ့စာကို မင်းစာမပြန်တဲ့ အကြောင်းပြချက်နဲ့အတူတူပဲ။
ကျန်းချီ၏ အမူအရာမှာ တောင့်တင်းသွားသည်။ စူးထောင်၏ နူးညံ့ပြီးနာခံတတ်သော အသွင်အပြင်အောက်တွင် အငြိုးကြီးသောနှလုံးသား ရှိနေမှန်းအချိန်ကြာမြင့်စွာ သူသိထားသော်လည်း wechatတွင် စာမပြန်သည့်အတွက်"အငြိုး"ထားလိမ့်မည်ဟု သူမမျှော်လင့်ထားချေ။
သို့သော် ထိုအချိန်တုန်းက သူမ ပို့ထားသည့်စာကို သူစာမပြန်ရသည့် အကြောင်းအရင်းမှာ သူမတွေးထင်နေသလိုမျိုး မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် သူဘက်က စာပြန်မပို့မချင်း သူမဘက်က စကားဆက်တိုက် ပြောလာမည်ဖြစ်သည်။
သို့သော် တကယ့်အကြောင်းအရင်းအမှန်ကို သူထုတ်မပြောရဲပေ။ စူးထောင်ကိုသာ ထိုသို့ပြောလိုက်လျှင် ကလေးဆန်သည်ဟု သူမ ပြောလာမှာကို စိုးကြောက်မိ၏။
သူက ကလေးဆန်တဲ့သူလို့ စူးထောင်ဘက်က အမြဲလိုလိုတွေးထားတယ် ဆိုပေမယ့်ပေါ့။
"ကျွန်တော်က..."
"ကျဲ..."
စူးယန်ရှင်းက ပြေးလာပြီး ကျန်းချီ၏ စကားကို ကြားဖြတ်ပြောလိုက်သည်။ သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူနေသည့် အကြည့်ဖြင့် ပို၍ပင်မောက်မာပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေကာ ချီးမွမ်းလာမှာကို စောင့်မျှော်နေ၏။ " ကျွန်တော်က Aအခန်းမှာ နေရတယ်။အဆင့်၆နော်။"
စူးထောင်သည် ယောင်ယောင်လေး ပြုံးပြလာပြီး သူ၏လက်မောင်းကို ပုတ်ကာ အားပေးစကားပြောလိုက်သည်။"တော်တယ် လုပ်တာကောင်းတယ်။
တကယ်တမ်းတွင် စူးယန်ရှင်းအတွက် အကောင်းဆုံးရွေးချယ်မှုမှာ ရုပ်မြင်သံကြားထုတ်လွင့်ရေးဌာနအတွက် စားမေးပွဲဖြေပြီး အစီအစဉ်မှူးတစ်ယောက် လုပ်ရန် ဖြစ်သည်ဟု စူးထောင်ခံစားမိတုန်းပင်။
သို့သော် သူ့ဘဝအတွက် အစီအစဉ်များကို သူမကူချပေးလိမ့်မည် မဟုတ်ချေ။ အကွေ့အကောက်များသောလမ်းကို မလျှောက်လှမ်းပါက ဘယ်တော့မှ သူ့ကိုယ်သူ တာဝန်ယူတတ်မည် မဟုတ်ပေ။
အားပေးစကားရရှိပြီးနောက် စူးယန်ရှင်းက စိတ်လှုပ်ရှားစွာဖြင့် ကျန်းချီကိုဆွဲကာ ခုန်ဆွခုန်ဆွလုပ်ရင်း "ကျန်းချီ မင်းကြားလိုက်တယ်မလား။ ငါ့အစ်မက ငါ့ကိုချီးကျူးတယ်ကွ။"
ကျန်းချီသည် သူ့အရှေ့တွင် ခုန်ဆွခုန်ဆွလုပ်နေသော စူးယန်ရှင်းကို မတွန်းထုတ်နိုင်ခဲ့ချေ။ စူးထောင်က သူ့ကိုလက်ဝှေ့ရမ်းပြပြီး စတိုရီယိုမှ ထွက်ခွာသွားသည်ကိုသာ ကြည့်နေခဲ့၏။
မနီးမဝေးတွင်ရှိနေသော ရှဲ့ကျင်သည်လည်း သူမအနောက်သို့လိုက်ကာ ထွက်ခွာသွားတော့သည်။
စတူဒီယိုမှ ထွက်သွားပြီးနောက် ဝင်ပေါက်သို့ အမြန်ရောက်နိုင်မည့် ဖြတ်လမ်းတစ်ခုရှိသည်ကို စူးထောင်သိနေ၏။
သူမသည် ပရိုဂရမ်အဖွဲ့ရုံးခန်း၏ ရှည်လျားသော စင်္ကြံလမ်းကိုဖြတ်ကာ လုံခြုံရေးထွက်ပေါက်ဆီသို့ လှမ်းလာခဲ့သော်လည်း အမှုဆောင်ဒါရိုက်တာများ၏ ရုံးခန်းမှထွက်လာသော ထျန်ရင်ရင်နှင့် မမျှော်လင့်ဘဲ တိုက်မိသွားသည်။
သူမ၏မျက်လုံးများမှာ နီရဲနေပြီး ငိုထားမှန်းသိသာနေ၏။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်နေရင်း ထျန်ရင်ရင်၏ မျက်လုံးများသည် ချက်ချင်းပင် အမုန်းတရားများ ပြည့်နှက်လာပြီး ဒေါသတကြီး စွပ်စွဲပြောဆိုတော့သည်။ "ငါဒီအစီအစဉ်မှာ ပါဝင်လို့မရအောင် နင်ပဲနောက်ကွယ်ကနေ ကြိုးကိုင်ထားတာမလား။"
စူးထောင်သည် တည်ငြိမ်စွာဖြင့် ထျန်ရင်ရင်ကိုကြည့်လိုက်ပြီး သူမ၏ကြည်လင်သော မျက်လုံးများက ဂရုမစိုက်ဟန်ဖြင့် ကြည့်လာပြီးနောက် ပြန်မေးလိုက်၏။ " ရှန်းဟောင့်ရှင်နဲ့ ငါ့ပုံကို ဖြန့်လိုက်တဲ့သူက နင်မလား။ လွန်ခဲ့တဲ့တစ်နှစ်က ချင်ရွှယ်ရှီးရဲ့ ဓာတ်ပုံကိုရောပဲလေ။"
ထျန်ရင်ရင်က ရုတ်တရက် မျက်လုံးပြူးကျယ်သွားပြီး နှုတ်ခမ်းထောင့်မှာ အနည်းငယ် တုန်လှုပ်သွားကာ သူမနှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း မသိလိုက်ပါဘဲ အနောက်သို့ခြေတစ်လှမ်း ဆုတ်မိသွားသည်။
ဤသည်မှာ ဖြီးဖြန်းလိုက်ရုံတင်ဖြစ်သော်လည်း သူမ၏ အပြစ်ရှိသော တုံ့ပြန်မှုကြောင့် စူးထောင်၏ နှလုံးသားထဲတွင် မှန်သွားမှန်းအတည်ပြုနိုင်ခဲ့၏။
"နင်..နင်မဟုတ်တာ မပြောနဲ့! ငါမလုပ်ခဲ့ဘူး!"ထျန်ရင်ရင်သည် ဝန်မခံသေးသော်လည်း ကိုယ်တိုင်ကိုယ်ကျ ဝန်ခံစရာမလိုတော့ပေ။
"အတိတ်က အကြောင်းတွေကို ငါဂရုမစိုက်တော့ဘူး။ နင့်ကိုငါ လွှတ်ပေးလိုက်လို့ရတယ် ဒါပေမယ့် အနာဂတ်မှာ နောက်တစ်ကြိမ် ငါ့ကို ရန်စရဲသေးရင် showကနေထုတ်ပယ်ခံရတာလောက်နဲ့ ပြီးသွားမှာမဟုတ်တော့ဘူး။" ထိုသို့ပြောလိုက်ပြီးနောက် စူးထောင်သည် အေးစက်စက်အကြည့်တစ်ချက် ပစ်သွင်းကာ အဝေးသို့ထွက်သွားတော့သည်။
စူးထောင်ထွက်သွားပြီးနောက် ထောင့်တစ်နေရာတွင် ပုန်းနေသော ရှဲ့ကျင်က ထွက်လာ၏။
သူ၏တန်ဖိုးကြီး သားရေဖိနပ်က လွတ်နေသော ကြွေပြားပေါ်တွင်နင်းကာ အုံ့မှိုင်းသောအမူအရာဖြင့် တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာသည်။
ထျန်ရင်ရင်သည် လျှောက်လျမ်းလာသောသူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ထိတ်လန့်ခြင်းနှင့်အတူ မျက်လုံးများပြူးကျယ်သွားပြီး သူမ၏ မျက်ကပ်မှန်များက ပြုတ်ကျသွားလုနီးပါးပင်။
သူမသည် ခက်ခက်ခဲခဲ တံတွေးမြိုချကာ တစ်လှမ်းပြီးတစ်လှမ်း နောက်ပြန်ဆုတ်နေ၏။ သူ၏ခြေလှမ်းနီးကပ်လာသည်နှင့်အမျှ သူမ၏နှလုံးခုန်သံက ရပ်သွားမတတ် အသက်ရှုရန်ခက်ခဲလာသည်။
ခဏက စူးထောင်ပြောသွားသော ဓာတ်ပုံအကြောင်းကို ရှဲ့ကျင် ကြားသွားလား၊ မကြားလိုက်ဘူးလားဆိုတာ သူမတွေးဖို့အချိန်မရှိပေ။
သံမှိုစွဲထားသကဲ့သို့ နက်ရှိုင်းနေသည့် ရှဲ့ကျင်အပေါ် သူမ၏ အကြောက်တရားကြောင့် ထွက်ပြေးချင်နေသော်လည်း ခြေထောက်က မရွေ့သွားချေ။
မြင့်မားသော အရိပ်က သူမအပေါ်အုံ့မိုးသွားပြီး အသံနိမ့်နိမ့်က သူမ၏ဦးခေါင်းပေါ်မှ တဆင့်ထွက်ပေါ်လာ၏။ "ငါ့အီးမေးလ်ထဲက ဓာတ်ပုံလည်း မင်းပဲပို့လိုက်တာမလား။"
ထျန်ရင်ရင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ယင်နေပြီး စကားမအပြည့်အစုံကို မပြောနိုင်ဖြစ်နေကာ ခေါင်းကိုသာ အပြင်းအထန်ခါရင်း ပါးစပ်ဖြင့် ငြင်းဆန်နေသည်။" မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်မ မဟုတ်ဘူး...."
ရှဲ့ကျင်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး အုံ့မှိုင်းနေသော သူ့မျက်လုံးများတွင် ထျန်ရင်ရင်၏ ကြောက်ရွံ့နေသောပုံရိပ်က ရောင်ပြန်ဟပ်နေ၏။
ဘာဓာတ်ပုံလဲဟုပင် မမေးဘဲ အလျင်အမြန် ငြင်းနေကာ သူမ၏ ထိတ်လန့်နေသည့် အကြည့်ကြောင့် ရှဲ့ကျင်က ဓာတ်ပုံပေးပို့လာသူသည် ထျန်ရင်ဖြစ်ကြောင်း ပိုသေချာလာစေသည်။
"ဗီဒီယိုကို လက်လွှဲလာခဲ့။" ရှဲ့ကျင်၏ စကားသည် သေမင်း၏ တိုက်တွန်းချက်ကဲ့သို့ပင် ထျန်ရင်ရင်ကို တုန်ယင်သွားစေပြီး ပြန်လည်ချေပရန်ပင် မေ့သွား၏။
တခဏကြာ တုန်ယင်နေပြီးနောက် ရှဲ့ကျင်ထံမှ နောက်ထပ်စကားသံ မထွက်လာသဖြင့် ထျန်ရင်ရင်သည် တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာသည်။သူမ၏အသက်ကို ကယ်တင်ရန်နည်းလမ်းကိုသာ တွေးတောနေ၏။ " တကယ်လို့ ကျွန်မရှင့်ကို လွှဲပြောင်းပေးလိုက်ရင် ရှင်ကျွန်မကို ထိခိုက်အောင် မလုပ်တော့ဘူးမလား။"
"လက်လွှဲပေး။"
ရှဲ့ကျင်၏ သုန်မှုန်နေသည့်လေသံက ညှိနှိုင်းရန်အခွင့်အရေးမပေးချေ။ သူမသည် ထိုဗီဒီယိုအား လွှဲကို လွှဲပြောင်းပေးရမည်။ အကယ်၍ သူမဘက်က လက်မလွှဲပေးချင်ရင်လည်း သူ့ထံတွင်လက်လွှဲပေးအောင် အတင်းအကြပ်လုပ်နိုင်မည့် နည်းလမ်းများစွာရှိ၏။
--------
စူးထောင်သည် နောက်ဆုံးတွင် DG ၏ လက်ရှိ အမှုဆောင် CEOဖြစ်သော လီယာကျယ်နှင့် ချိန်းဆိုချက်ရခဲ့သည်။
ကျန်းချီ၏ အချက်အလက်ကို တင်သွင်းခဲ့သည့်အချိန်မှာ နာမည်ကြီးနေသည့် "ပွဲဦးထွက်ရာလမ်း"ပထမပိုင်းကို တိုက်ရိုက်ထုတ်လွှင့်နေသည့် အချိန်ဖြစ်၏။ ကျန်းချီကလည်း hot search ထဲ နှစ်ကြိမ်တိုင်တိုင်ဝင်ခဲ့ကာ ရွယ်တူများကြားတွင် သူ၏ကျော်ကြားမှုနှင့် ဖျော်ဖြေတင်ဆက်မှုက ထိပ်ဆုံးနေရာတွင်ရှိနေသည်။
အရင်ကတည်းက ဒီလိုဖြစ်လာမှာကို စူးထောင်ကြိုမြင်ခဲ့ပြီး သူမသည် DG ၏ ထောက်ခံချက်အတွက် တိုက်ပွဲဝင်ရန် အသင့်တော်ဆုံးအချိန်ကို ရွေးချယ်ခဲ့၏။
သူမ၏အစီအစဉ်၊ကြိုးပမ်းမှုနှင့်အတူ ကျန်းချီ၏ ကိုယ်ပိုင် စွမ်းဆောင်ရည်ကိုပါ ထည့်ပေါင်းလိုက်လျှင် ထိုDGထောက်ခံချက်ကို အနိုင်ရရန် သူမယုံကြည်ချက်ရှိသည်။ မဟုတ်ပါလျှင် 'တော်ဝင်အမိန့်ပြန်တမ်းစာချုပ်'နှင့် ပုံအောလောင်းလိမ့်မည်မဟုတ်ချေ။
အတွင်းပိုင်း အဆက်အသွယ်ကို သုံးပြီး မသမာသောနည်းဖြင့် ဝင်လာသော ယှဉ်ပြိုင်တဲ့သူများကို ရှောင်ရှားရန် သူမဘက်မှကြိုတင်၍ အနောက်တံခါးပေါက်ကို ကြိုတင်ပိတ်ဆို့ထားရမည်။
သူမနှင့်ရင်းနှီးသည့်လူများကို ပတ်မေးပြီးမှသာ စူးထောင်သည် လီယာကျယ်က ကားပြိုင်မောင်းခြင်းကို နှစ်သက်ကြောင်း သိသွား၏။
ဒါပေါ့ သူမလည်းသဘောကျပေမယ့် ပုံမှန်ဆို ပြိုင်ကားအငယ်စား မောင်းတာလောက်ပဲလုပ်တာ။ တကယ့်ပြေးလမ်းမှာမောင်းဖို့တော့ သူမ မမောင်းရဲပါဘူး။
ထို့ကြောင့် စူးထောင်သည် သဘက်ခါအတွက်အချိန်ဇယားဆွဲကာ ပြိုင်ကားငယ် အမောင်းပြိုင်ပွဲကိုစီစဉ်လိုက်ပြီး လီယာကျယ်နှင့် ရင်းနှီးသော လူကုံထံအသိုင်းအဝိုင်းက လူများကိုပါ ဖိတ်ကြားခဲ့သည်။
ပေ့ချန်ရှိ ထျန်းကျင်အဆောက်အဦ အပေါ်ဆုံးထပ်တွင်ရှိသော အနက်ရောင် တံခါးမကြီးအတွင်း၌ စူးရှသောမျက်လုံးတစ်စုံသည် စာရွက်စာတမ်းများကို ကြည့်နေရင်းမှ အံ့အားသင့်မှုအရိပ်အယောင် ဖြတ်ပြေးသွား၏။ "ပြိုင်ကားငယ် အမောင်းပြိုင်ပွဲတဲ့လား။"
စားပွဲခုံ၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော ကျင်းချွေ့ဝမ်က ခေါင်းကိုညိမ့်ကာ " ဟုတ်ပါတယ်။ သဘက်ခါ ကျန်းချန်မှာရှိတဲ့ ယီးမေပြိုင်ကားငယ် club မှာလုပ်သွားမယ်တဲ့။ ဒါက ပါဝင်မယ့်လူချမ်းသာ အသိုင်းအဝိုင်းက အမျိုးသမီးတွေရဲ့ စာရင်းတွေပါခင်ဗျာ။"
ဘာပဲပြောပြော ကျင်းချွေ့ဝမ်က ရှဲ့ကျင်ရဲ့အထူးလက်ထောက်လေ။ ဒီတော့ စူးထောင်ရဲ့လှုပ်ရှားမှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် သူ့ရဲ့အထောက်အထားကိုသုံးပြီး ပေ့ချန်က လူမှုအသိုင်းအဝိုင်းတွေမှာ အဆက်အသွယ်ချထားသည်။
'ပြောရရင် တခြားလူချမ်းသာ အမျိုးသမီးတွေက ကော့တီးပါတီပွဲကျင်းပတာမျိုး၊ ပန်းချီပြခန်းတွေ ပြသတာမျိုးတွေ လုပ်ကြပေမယ့် စူးထောင်တော့ အိမ်ထောင်ရှင်အမျိုးသမီးတစ်စုနဲ့ ပြိုင်ကားငယ်မောင်းတာမျိုးကိုမှ လုပ်မယ်ဆိုတော့ ထူးထူးခြားခြား အတွေးအခေါ်တွေရှိတယ်လို့ ဆိုရမှာပဲ။
ရှဲ့ကျင်သည် စားပွဲပေါ်တွင် လက်ကိုတစ်တောက်တောက် ခေါက်နေကာ အတွေးနယ်ချဲ့နေသည်။
အလိုလိုတုံ့ပြန်မှုအရ သူဌေးဖြစ်သူက ဤကဲ့သို့စားပွဲပေါ်တွင် လက်ကိုတောက်တောက် ခေါက်နေလျှင် ကျင်းချွေ့ဝမ်သည် ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်လာပြီး စိုးရိမ်ပူပန်ကာ ရေအိမ်သို့သွားချင်လာ၏။