အခန်း (၄၆)
Vol. 5 Ch. 46
တစ်တောက်တောက် ခေါက်နေသောလက်မှာ နောက်ဆုံးတွင် ရပ်တန့်သွားပြီး အကြံဉာဏ်ကောင်းတစ်ခု ရသွားသလိုမျိုး ရှဲ့ကျင်၏ နက်မှောင်သော မျက်လုံးများက အရောင်လက်သွားသည်။ သူပြုံးလိုက်သည့်အခါ နှုတ်ခမ်းထောင့်မှာ ကွေးတက်သွားရင်းနှင့်ပင် ကျင်းချွေ့ဝမ်ပေးထားသော လူစာရင်းကိုကြည့်ပြီး ဖုန်းတစ်ခုပြီးတစ်ခု ဆက်နေတော့သည်။
"ဟယ်လို ဥက္ကဌမာ၊ သဘက်ခါကျရင် ခင်ဗျားအားလား။ ကျွန်တော်က ပြိုင်ကားငယ်မောင်းဖို့ ဖိတ်ချင်လို့ပါဗျ..."
"ဥက္ကဌစွင်း သဘက်ခါကျရင် ပြိုင်ကားငယ်သွားမောင်းချင်လား။ အဲဒီနေ့ကျရင် ခင်ဗျားမိန်းမလည်း သွားမယ့်ပုံပဲ။ ဒါပေမယ့် ဒီအကြောင်းကိုတော့ လျှို့ဝှက်ထားမှရမယ်....။
ဥက္ကဌလျောင် ခင်ဗျားမိန်းမနဲ့ အတူတူရှိမနေတာ ကြာပြီမလား။ သူမကို စပရိုက်လုပ်ပေးလိုက်...."
ရှဲ့ကျင် ဖုန်းတွေ တစ်ခုပြီးတစ်ခု လိုက်ဆက်ပြီးမှသာ ကျင်းချွေ့ဝမ်က ဘာတွေဖြစ်နေမှန်း ယောင်ဝါးဝါး သဘောပေါက်သွား၏။
သူဌေးလည်း အဲဒီလူချမ်းသာ အမျိုးသမီးတွေရဲ့ ယောက်ျားတွေကို ပြိုင်ကားငယ်သွားမောင်းဖို့ ဖိတ်ခေါ်နေတာလား။
စူးထောင်ကို မြင်ရဖို့အတွက်နဲ့ သူဌေးက သူတတ်သမျှ၊မှတ်သမျှနည်းတွေသုံးပြီး ချဉ်းကပ်ဖို့အကြောင်းပြချက်ရှာနေတာက တကယ်ကိုခေါင်းကိုက်ချင်စရာပဲ။
ဖုန်းခေါ်ဆိုမှုပြီးသွားသည့်နောက်တွင် ရှဲ့ကျင်သည် သူ၏အတွင်းရေးမှူးကို ကျန်းချန်လေယာဉ်လက်မှတ် ကြိုဝယ်ခိုင်းလိုက်ပြီး သူ့၏စိတ်အခြေအနေမှာ အနည်းငယ်ကောင်းလာပုံရသည်။ သူ့၏လေသံမှာ အရင်ကဲ့သို့ မနိမ့်ဆင်းနေတော့ပေ။ " ထျန်ရင်ရင်ဆီက ရထားတဲ့ ပစ္စည်းအခြေအနေ ဘယ်လိုနေလဲ။"
ထျန်ရင်ရင်က ထိုဗီဒီယိုကို ဖျက်လိုက်ပြီးပြီဟု ပြောနေသောကြောင့် ရှဲ့ကျင်သည် သူမ၏ကွန်ပျူတာ၊ဖုန်း၊ကင်မရာ၊USB drive,portable hard drive အစရှိသည့် အီလက်ထရွန်နစ်ပစ္စည်းများကို သိမ်းယူလာခဲ့၏။
ဒါပေမယ့် ရက်အတန်ငယ်ကြာပြီးတာတောင် နည်းပညာဌာနက သူမဖျက်လိုက်တဲ့ဖိုင်တွေကို အခုထက်ထိပြန်ဆယ်လို့ မရသေးဘူး။
"ကင်မရာနဲ့ဖုန်းကိုတော့ အခုဖယ်ထားလို့ရပါပြီ။ကွန်ပျူတာမှာတော့ အစိတ်အပိုင်းတစ်ခု ပြတ်တောက်နေဆဲပါပဲ။ ထုတ်လုပ်တဲ့ကုမ္ပဏီကို ပစ္စည်းတင်ပို့လာပေးဖို့ ကျွန်တော်ဆက်သွယ်နေပါတယ်။"
"မြန်နိုင်သမျှ မြန်မြန်လေးလုပ်"
...
စူးထောင်သည် ပြိုင်ကားလမ်းရှေ့တွင်ရပ်ကာ စိတ်ပါလက်ပါ ပြိုင်ကားငယ်ရွေးနေသော ရုပ်ချောချောကောင်လေးတစ်တန်းကို မင်သက်စွာဖြင့် ကြည့်နေသည်။
သူမက ဤပြိုင်ကားငယ်အမောင်းပြိုင်ပွဲ စီစဉ်နေသည်ကို လျိုဝမ်ထောင်တစ်ယောက် ဘယ်ကနေကြားလာခဲ့သည်မသိ ကုမ္ပဏီမှ လောလောလတ်လတ် လက်မှတ်ထိုးထားသည့် ခပ်ချောချော အမျိုးသားကြယ်ပွင့်များစွာ ခေါ်လာခဲ့၏။
နံဘေးတွင်ရပ်နေသော လူကုံထံအမျိုးသမီးများသည် နှုတ်ခမ်းကိုကွေးကာ ခပ်တိုးတိုးရယ်မောနေရင်း စူးထောင်၏ ပခုံးကိုပုတ်ပြီး ခပ်တိုးတိုးပြောလာသည်။ "ဒါတွေအားလုံးက နင့်ရဲ့အနုပညာရှင်တွေလား။ နင့်အမြင်က မဆိုးဘူးပဲ။"
စူးထောင်သည် အပြင်ပန်းတွင် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သော်လည်း လျိုဝမ်ထောင်အား အကြိမ်ပေါင်းများစွာ တိတ်တဆိတ် စိုက်ကြည့်နေ၏။
နောက်ဆုံးတွင် အခွင့်အရေးရသွားသည့်အခါ လျိုဝမ်ထောင်ကို နံဘေးသို့ဆွဲလိုက်ပြီး မေးခွန်းထုတ်လေသည်။ " ဒီနေရာကို ဘာအတွက်နဲ့ နင့်ရဲ့ကြယ်ပွင့်တွေကို ခေါ်လာခဲ့တာလဲ။"
လျိုဝမ်ထောင်သည် အလေးအနက်မထားပေ။ သူမလုပ်နေသည့်အရာက ဂုဏ်ယူစရာကောင်းလှသည်မဟုတ်သော်လည်း သူမကခေါင်းကိုမော့ပြီး ဂုဏ်ယူနေဟန်ဖြင့် " မိန်းမနဲ့ယောက်ျား အလုပ်တွဲလုပ်တာက ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေတယ်။ နင်ကတော့ အဆက်အသွယ် ဖန်တီးနေပြီး ငါ့ကိုတော့ အရင်းအနှီးတွေရဖို့ အနုပညာရှင်တွေကို ခေါ်လာခွင့်မပေးဘူးပေါ့လေ။"
ဟုတ်ပါတယ် လူချမ်းသာဇနီးတွေအများက အထီးကျန်တဲ့အရိပ်အမြုံမှာ ရှိနေတယ်ဆိုပေမယ့် အမျိုးသားကြယ်ပွင့်တွေနဲ့ ပွင့်ပွင့်လင်းလင်းကြီး စီစဉ်ပေးတာကတော့ မသင့်တော်တာဖြစ်တုန်းပဲ။ ဒါက ဘယ်လိုအပြုအမှုမျိုးလဲ။
စူးထောင်က လေသံကိုနှိမ့်ကာ "နင်ဘာအတွက် နင့်ရဲ့ကြယ်ပွင့်တွေကို ခေါ်လာတာလဲ။ ဒီထဲမှာ လက်ထပ်ပြီးသား အမျိုးသမီးအများစု ပါနေတယ်ဆိုတာ နင်သိရဲ့လား။"
လျိုဝမ်ထောင်သည် ကိုယ့်အမြီးကိုယ်နင်းမိသွားသလိုမျိုး မျက်လုံးများပြူးကျယ်သွားကာ ချက်ချင်းပေါက်ကွဲတော့သည်။ " နင်က ငါ့ကို ခေါင်းလို့ပြောနေလိုက်လား။ ကိုယ့်ဘာသာကို အရင်းအမြစ်တွေကျ မမျှဝေဘဲနဲ့ ငါကြယ်ပွင့်တွေခေါ်လာမှ အပြစ်တင်လာနေတယ်။ ဒီလိုကောင်းတဲ့အခွင့်အရေးနဲ့ဆို ဘယ်အေဂျင်စီက ကြယ်ပွင့်တွေခေါ်လာပြီး မျက်နှာမပြလို့လဲ။"
စူးထောင်သည် မျက်လုံးကို တခဏကာမှိတ်လိုက်ပြီး လျိုဝမ်ထောင်ကြောင့် ဒေါသထွက်ပြီး အသက်မတိုခင်တွင် နောက်ဆုံးမေးခွန်းမေးလိုက်၏။" ငါတို့ဒီမှာရှိနေမှန်း နင်ဘယ်လိုသိသွားတာလဲ။"
လျိုဝမ်ထောင်သည် ဂုဏ်ယူနေသလိုမျိုး ခေါင်းကိုမော့ကာ "ငါ့မှာလည်း လူကုံထံအသိုင်းအဝိုင်းက သူငယ်ချင်းတွေရှိပါတယ်။ ဒီဂိမ်းမှာ နင်ကအမှားလုပ်မိသွားပေမယ့် ငါကပြန်ကူညီပေးထားတာနော်။ ငါ့ကိုကျေးဇူးလည်း တင်စရာလိုသလို အပြစ်လည်းမတင်နဲ့။"
စူးထောင်သည် သူမ၏နှဖူးကိုကိုင်လိုက်ပြီး သူမနှင့်ထပ်ပြီး မငြင်းခုန်ချင်တော့ပေ။ လူအုပ်ကြားမှ လီယာကျယ်ကိုသာ ရှာဖွေလိုက်သည်။ လီယာကျယ်သည် ထိုကောင်လေးချောချောများကို စိတ်မဝင်စားဘဲ ပြိုင်ကားငယ်ထဲတွင်ထိုင်ကာ အပြည့်အစုံ တပ်ဆင်ထားနှင့်ပြီဖြစ်သည်။
စူးထောင်က အပြေးအလွားနှင့် တောင်းပန်ရင်းပြောလိုက်၏။"ကျဲ အဲဒီကြယ်ပွင့်တွေကို ကျွန်မစီစဉ်ထားတာ မဟုတ်ပါဘူး။ ကျွန်မက ဒီအတိုင်း ကျဲနဲ့ ပြိုင်ကားငယ် မောင်းချင်ရုံပါ။
လီယာကျယ်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ဖရဲသီးပုံသဏ္ဍာန်မျက်နှာ၊ မျက်လုံးဝိုင်းဝိုင်းများနှင့် လှပနေသော်လည်း အသက်အရွယ် ကြီးနေပြီဖြစ်သည်။သူမက အသက်၅၀နီးပြီဖြစ်ကာ ထိန်းထိန်းသိမ်းသိမ်းနေသော်လည်း ဇရာအငွေ့အသက်များက ကျန်နေဆဲပင်။
"ကိစ္စမရှိပါဘူး။ ငါမောင်းဖို့ အဆင်သင့်ဖြစ်နေပြီ။ လူများလေ ပိုအသက်ဝင်လေပါပဲ။" ထိုသို့ပြောနေရင်း စူးထောင်၏ လက်ကို ပုတ်ကာ "စိတ်ထဲမထားနဲ့။"
လီယာကျယ်၏ ရိုးစင်းသော အကျင့်စရိုက်ကြောင့် စူးထောင်က ရင်ထဲထိသွားကာ သူမအပေါ်အထင်ကြီးမှု ပိုတိုးလာ၏။ စူးထောင်က ချက်ချင်းပင် ဦးထုပ်ကိုဆောင်းကာ "ကျဲ.. ကျဲနဲ့အတူ ကျွန်မတာတစ်ပတ် မောင်းမယ်လေ။"
"အို~" လီယာကျယ်သည် အတော်လေး အံ့ဩသွားကာ "မင်းမောင်းတတ်လား။"
ဒါကစူးထောင်၏ ပထမဆုံးအကြိမ် မောင်းနှင်မှုဖြစ်ပြီး နည်းပြ၏ လမ်းညွှန်မှုအောက်တွင် သူမသည် တစ်ယောက်စီးပြိုင်ကားငယ်ကိုသာ ရွေးချယ်နိုင်ခဲ့သည်။ သူမရွေးချယ်ထားသော ပြိုင်ကားငယ်သည် လီယာကျယ်ရွေးခဲ့သည့် နှစ်ယောက်စီးထက် ပိုမိုလေးလံသော်လည်း ထိန်းချုပ်ရလွယ်ကူပြီး မတော်တဆမှုဖြစ်နိုင်ချေလည်း နည်းပါး၏။
ဤပြိုင်ပွဲသည် အမျိုးသမီးနှစ်ယောက်ကြားက ပထမဆုံးပြိုင်ပွဲဖြစ်ပြီး ဆုလာဒ်မှာ ညစာဖိတ်ကျွေးရခြင်းဖြစ်သည်။ လူတိုင်းက သူတို့ပတ်ပတ်လည်တွင် စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြ၏။
ပြိုင်ကားငယ်သည် စူးထောင်ထင်ထားသလို မောင်းနှင်ရန် မလွယ်ကူပေ။ သူမ၏လေးလံသောယာဉ်က ဤကဲ့သို့ဖြစ်နေပါလျှင် လီယာကျယ်၏ ပေါ့ပါးသောယာဉ်က ပြေးလမ်းပေါ်တွင် ပို၍မောင်းနှင်ရန် လွယ်ကူမည်ဖြစ်သည်။
လီယာကျယ် ကားမောင်းနှင်သည့်ပုံစံက တည်ငြိမ်ပြီး မြန်သည်ဟု ပြောရမည်။ မျှော်လင့်ထားသလိုပင် လီယာကျယ်က ချွင်းချက်မရှိ အနိုင်ရခဲ့၏။
စူးထောင်သည် ပန်းတိုင်သို့ရောက်သောအခါ သူမ၏ နှလုံးခုန်နှုန်းကို တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးမှသာ ကားပေါ်ကဆင်းလာသည်။ထို့နောက် လီယာကျယ်ကို လက်မထောင်ပြလိုက်၏။
လီယာကျယ်သည် စူးထောင်၏ပခုံးကို ပုတ်လိုက်ကာ သူမကိုတော်တော်လေး သဘောကျနေပုံရသည်။ သူမကပင် အစပြုပြီး စူးထောင်၏ လက်ကို ဆုပ်ကိုင်ကာ နားနေဆောင်သို့ အတူလမ်းလျှောက်လာခဲ့၏။
"မင်းကိုကြည့်ရတာ နူးညံ့သိမ်မွေ့တဲ့ပုံပေါက်နေပေမယ့် အတော်လေးကို အရိုင်းဆန်နေမယ်လို့ မထင်ထားခဲ့မိဘူး။ အစပိုင်းကဆို ငါ့နောက်ကိုတောင် ကပ်လိုက်နိုင်တယ်။ ပြီးတော့ မင်းရဲ့စိတ်နေစိတ်ထားက မဆိုးဘူးလို့ပြောရမယ်။ ပထမဆုံးအကြိမ် မောင်းနှင်ရတာဆိုတော့ မင်းအတွက် မလွယ်လောက်ဘူး။"
လီယာကျယ်က သူမအပေါ် အသုံးမဝင်တာမျိုး၊ ပျော်စရာမကောင်းဘူးလို့ တွေးထင်တာမျိုးမဖြစ်စေချင်သည့်အတွက် စူးထောင်သည် သူမအသက်ထက်ဝက်လောက်ကို လောင်းကြေးထပ်ကာ မောင်းနှင်ခဲ့သည်။
ကားကိုကွေ့လိုက်စဉ် အကြိမ်အနည်းငယ်ခန့် လန်ကျလုနီးပါးဖြစ်ခဲ့ကာ ယခုအချိန်ထိ သူမ၏ခြေထောက်များက တုန်ရီနေဆဲပင်။
သို့သော် သိသာထင်ရှားသည်မှာ လီယာကျယ်သည် သူမအပေါ်အထင်ကြီးသွား၏။ ဤအခွင့်အရေးကို သူမဖြုန်းတီးလိုက်ပုံမရချေ။
နှစ်ယောက်သားက စကားတွေအများကြီး ပြောဖြစ်ခဲ့ကြကာ ရင်းနှီးလာသည်။ ထိုမှသာ စူးထောင်သည် ဤအမျိုးသမီးက အလွန်နှစ်သက်ဖွယ်ကောင်းပြီး ဗဟုသုတလည်းရှိကာ ဉာဏ်အမြော်အမြင်ကျယ်ကြောင်း သိရှိသွား၏။ DGဒီလောက်ထိ အောင်မြင်နေတာ အံ့ဩစရာမရှိတော့ဘူး။ သူမက တကယ်ကို ထူးချွန်တာပဲ။
DG၏လက်ရှိအကြီးအကဲမှာ သူမ၏အမျိုးသားဟု စူးထောင် ကြားထားမိသည်။ သူ၏အသက်မှာ ၇၀ပြည့်ပြီဖြစ်ပြီး လီယာကျယ်ထက် နှစ်၂၀ကြီး၏။
အသက်ကွာခြားချက်အပြင် သူမအမျိုးသား၏ ဒုတိယအိမ်ထောင်ရေး ရာဇဝင်ကြောင့် လီယာကျယ်အား ဒဏ္ဍာရီဆန်သော အငွေ့အသက်ကို ပေးစွမ်းသည်။
သို့သော် သိသာထင်ရှားစွာပင် သူမသည်အမြင့်ရောက်ဖို့အတွက် ယောက်ျားအပေါ် မှီခိုရမည့် ခပ်ညံ့ညံ့မိန်းမမျိုး မဟုတ်ချေ။ သူမအမျိုးသားမရှိလျှင်ပင် လက်ရှိအနေအထား မရောက်ရင်တောင် နောက်ကောက်ကျန်နေမဟုတ်ပေ။
အိမ်ထောင်ရှင် အမျိုးသမီးများက ယောက်ျားလေးကြယ်ပွင့်များနှင့်တွဲကာ နှစ်ယောက်စီးပြိုင်ကားငယ်များကို ပြေးလမ်းပေါ်တွင် မောင်းနှင်နေကြ၏။ မောင်းသည့်အရှိန်မှာ မြန်မနေသော်လည်း အော်သံများကတော့ အဆုံးမရှိဖြစ်နေသည်။
တကယ်ပဲ ကြောက်လန့်နေတာဖြစ်ဖြစ် ဒါမှမဟုတ် ကြောက်ချင်ဟန်ဆောင်နေတာပဲဖြစ်ဖြစ် သူတို့ကြောင့် အားကစားကွင်းက အတော်လေးကို သက်ဝင်လှုပ်ရှားနေ၏။
လီယာကျယ်သည် ဤသက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို အတော်လေး သဘောကျနေပုံရကာ အမြဲလိုလို ပြုံးနေသည်။
လျိုဝမ်ထောင်က ရောက်လာပြီး လီယာကျယ်နှင့် စကားပြောရန် ထိုင်ချလိုက်၏။
စကား၃ခွန်းလေးခွန်းခန့်တွင် လျိုဝမ်ထောင်သည် ထောက်ခံချက်နှင့် အရင်းအမြစ်အကြောင်း စတင်ပြောလာရာ လီယာကျယ်၏ မျက်လုံးများထဲတွင် စိတ်မရှည်မှုအရိပ်အယောင် ဖြတ်ပြေးသွားပြီး သူမကစကားဖြတ်ပြောလိုက်သည်။
"ဒါရိုက်တာလျို တခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ အကျိုးစီးပွားအတွက် စိတ်အားထက်လွန်းတာတော့ မကောင်းဘူးနော်။ ရှောင်ထောင်ကိုပဲကြည့် ကျွန်မနဲ့အချိန်တွေအကြာကြီး စကားပြောနေတာတောင် ထောက်ခံချက်အကြောင်း ထည့်မပြောသွားဘူး။ မင်းရဲ့ညီအစ်မဆီကနေ များများအတုယူသင့်တယ်။"
လျိုဝမ်ထောင်၏ မျက်နှာသည် နီတစ်လှည့်၊ ဖြူတစ်လှည့်ဖြစ်သွားပြီး ထထွက်သွားဖို့ကလည်းမဖြစ် ပေတေပြီးနေဖို့ကလည်း မဖြစ်နှင့် ရှက်လွန်းလှသဖြင့် နံရံအက်ကြောင်းကိုရှာပြီး ပုန်းအောင်းလိုက်ချင်နေ၏။
စူးထောင်သည် လျိုဝမ်ထောင်၏ အဆင်မပြေဖြစ်နေမှုကို သတိမထားမိချေ။ သူမက ဖုန်းကိုသာပွတ်နေပြီး လီဝမ်ကျယ်နှင့် ထိုအမျိုးသမီးအုပ်စုကို ဘယ်စားသောက်ဆိုင်တွင် ညစာကျွေးရန် ကောင်းမလဲဆိုတာကိုသာ ရှာဖွေနေသည်။ ရုတ်တရက် သူမက ပင့်သက်ရှ်ိုက်သံတချို့ကို ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်၏။
အမျိုးသားအုပ်စုတစ်စုက အရွယ်မျိုးစုံဝတ် နာမည်ကြီးအမှတ်တံဆိပ် အားကစားဝတ်စုံများကိုဝတ်ဆင်ထားကာ သူမတို့ထံ လမ်းလျှောက်လာနေသည်။
စူးထောင်၏ အမူအရာက ချက်ချင်းပြောင်းသွားပြီး သူတို့တစ်ယောက်ချင်းစီကို သူမ မှတ်မိ၏။ ယခုလောလောဆယ်တွင် သူတို့၏ဇနီးက ယောက်ျားလေးကြယ်ပွင့်များနှင့် နှစ်ယောက်စီးပြိုင်ကားငယ်များမောင်းနှင်ကာ အတော်လေးပျော်နေကြသည်။
ထိုအမျိုးသားများ နီးကပ်လာသည့်အခါ သူတို့၏ဇနီးသည်တိုင်းက ခပ်ချောချောကောင်လေးများနှင့် အတူရှိနေသည်ကို တွေ့လိုက်ရသည့်အတွက် ချက်ချင်းပင် ဖြူဖျော့သွားကြ၏။
အနောက်ကနေ လမ်းလျှောက်လာသော ရှဲ့ကျင်ကလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ၏ခြေတံရှည်များက ရပ်တန့်သွားသည်။
ပြောတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေရဲ့ ပြိုင်ကားငယ်အမောင်းပြိုင်ပွဲဆို။ အဲဒီကောင်လေးတစ်အုပ်က ဘယ်ကနေ ရောက်လာတာလဲ။
အိမ်ထောင်ရှင် ဇနီးသည်များကလည်း သူတို့၏ အမျိုးသားများ ရုတ်တရက်ပေါ်လာတာကို တွေ့လိုက်ရသောအခါ လေထုမှာ ကို့ယို့ကားယားနိုင်စွာ အေးခဲသွားတော့သည်။ စပရိုက်ကြီးမှာ ချက်ချင်းပင် အိမ်ထောင်ရေးဖောက်ပြန်နေတာကို မိသွားသည့် မြင်ကွင်းအဖြစ် ပြောင်းလဲသွား၏။
သူတို့အမျိုးသားတွေကလည်း အပြင်မှာပွေရှုပ်နေသလို တချို့အိမ်ထောင်ရှင် အမျိုးသမီးတွေကလည်း အပျော်ရှာနေကြတယ်ဆိုပေမယ့် အခုလိုပက်ပင်းတွေ့တာကတော့ တော်တော်လေး ရှက်စရာကောင်းနေတုန်းပဲ။
စူးထောင်၏ နှလုံးသားက အောက်ခြေသို့ကျသွားသည်။ဘာပဲပြောပြော ဒီတွေ့ဆုံပွဲက သူမစီစဉ်ထားတာဆိုတော့ အခုလိုနှစ်ခါလောက် မတော်တဆဖြစ်သွားတာက တကယ်ကိုမျက်နှာပျက်စရာပါ။
ရှဲ့ကျင်တစ်ယောက် အနည်းငယ် လေးနက်သော အမူအရာဖြင့် သူမထံသို့ လျှောက်လာနေသည်ကို မြင်သောအခါ ဤဒုတိယမြောက် မတော်တဆမှု၏ နောက်ကွယ်က တရားခံကို သိသွားတော့သည်။
သူသည် မိုးပြာရောရှပ်အင်္ကျီ ကော်လံထောင်နှင့် ကြယ်သီးနှစ်လုံးဖြုတ်ထားပြီး အနက်ရောင်ဘောင်းဘီ၊ အဖြူရောင်ဖိနပ်တို့ကို ဝတ်ဆင်ထား၏။ သူ၏ထင်းထွက်နေသော မေးရိုးနှင့် မျက်ဝန်းနက်နက်များကြောင့် အားကစားဝတ်စုံ ဝတ်ဆင်ထားတာတောင် ကြည့်ကောင်းနေသည်။
ရှဲ့ကျင်က သူမ၏အရှေ့သို့ရပ်ကာ အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး စူးထောင် သူ့ကိုကြည့်လာသောအခါ တဖြည်းဖြည်း ပြန်ရှုထုတ်လိုက်၏။ ထို့နောက် ညင်သာစွာဖြင့် " ဒါတွေကို မင်းစီစဉ်ပေးထားတာလား။"
လီယာကျယ်က စကားအရင်စပြောလိုက်သည်။ သူမ၏ လေသံထဲတွင် ပျော်နေတာ၊ ဒေါသထွက်နေတာမျိုးကို မဖော်ပြဘဲ မှန်ရာကိုပြောနေသကဲ့သို့" ဒီမှာရှိနေတဲ့ ဒါရိုက်တာလျိုက စီစဉ်ပေးလိုက်တာလေ။"
ပုန်းအောင်းရန် နံရံအက်ကြောင်းကို ရှာမတွေ့သေးသော လျိုဝမ်ထောင်သည် ယခုအချိန်တွင် မြေကြီးထဲသာ ကျွင်းတူးပြီး ပုန်းပစ်လိုက်ချင်နေ၏။
သူမက ကြယ်ပွင့်တစ်ယောက်ချင်းစီကို အလျင်အမြန်ခေါ်ကာ အမြန်ထွက်သွားရန် ပြောလိုက်ပြီး အရှက်ရသည့်မျက်နှာဖြင့် အသာလေး လစ်ထွက်လာခဲ့သည်။
လီယာကျယ်သည် ရှဲ့ကျင်နှင့် စူးထောင်ကို ပြုံးပြလိုက်ပြီး အဆင်မပြေဖြစ်နေသော လေထုကိုအသက်ဝင်လာစေရန် လက်ခုပ်တီးလိုက်၏။ "ဟေ့ဟေ့ မင်းတို့လူငယ်စုံတွဲတွေ အိမ်ပြန်ရောက်မှစကားဆက်များကြ။ ဒီနေ့တော့ ငါဒကာခံပေးမယ်။ ပျော်ပျောင်ရွှင်ရွှင်နဲ့ သွားစားကြရအောင်။"
ထို့နောက် သူမသည် စူးထောင်အား မျက်လုံးမှိတ်ပြလာသည်။ စူးထောင်ကလည်း ကျေးဇူးတင်သည့်အပြုံးဖြင့် ပြန်ပြုံးပြပေးလိုက်၏။ သူမအပြစ်မကင်းသလို ခံစားနေမိမှာကို လီယာကျယ်စိုးရိမ်နေမှန်း သူမသိပါသည်။တကယ်လို့ အခြေအနေတွေသာ ထိန်းမရသိမ်းမရဖြစ်သွားရင် သူမက အရင်ဆုံး မျက်နှာပျက်ရမှာပါ။
အလုပ်လုပ်ပြီးနောက်ပိုင်းမှာ ရင်းနှီးလာတဲ့မိတ်ဆွေသူငယ်ချင်းအများစုက စီးပွားရေးအရ ခင်မင်တဲ့သူတွေကြီးပါပဲ။ ဒီလိုမျိုး သူမခံစားချက်ကို ထည့်သွင်းစဉ်းစားပေးတဲ့သူ ဘယ်သူမှမရှိဖူးဘူး။
တချို့ကျတော့ မြင်မြင်ချင်းနဲ့တင် ညီအစ်မအရင်းတွေလို ဖြစ်သွားကြသည်။
တချို့ကတော့ ဘဝသက်တမ်း တစ်ဝက်လောက် သိလာတာတောင် သူစိမ်းတွေဖြစ်နေတုန်းပင်။
စူးထောင်သည် ရှဲ့ကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထပ်မကြည့်တော့ချေ။ သူမက လီယာကျယ်၏ လက်ကိုဆွဲကာ ကလပ်ဝင်ပေါက်ဆီသို့ အတူလျှောက်သွားလိုက်၏။
ရှဲ့ကျင်၏ အမူအရာက တောင့်တင်းသွားပြီး ချက်ချင်းပင် စူးထောင်နောက်သို့ ကပ်လိုက်သွားသည်။
---
ဂျပန်စားသောက်ဆိုင်တွင် လီယာကျယ်နှင့် ရှဲ့ကျင်တို့က ခဏကဖြစ်ပျက်သွားသော အဖြစ်အပျက်များကို အစမဖော်တော့ချေ။ သီးသန့်အခန်းသည် နှစ်လိုဖွယ်ကောင်းပြီး သဟဇာတရှိ၏။
လူတိုင်းသည် ရှဲ့ကျင်တစ်ယောက် စူးထောင်အား လူသိရှင်ကြား ဖွင့်ဟဝန်ထားသည့်အကြောင်းကို မကြာသေးခင်က hot search မှတဆင့် သိထားကြသည်။ သူတို့က ဆက်တိုက်ဆိုသလို စူးထောင်ကို ခွက်ချင်းတိုက်ကာ သူမနှင့်စကားစမြည် ပြောနေကြ၏။
အစပိုင်းတွင် ရှဲ့ကျင်သည် သူမ၏ဝိုင်ခွက်ကို ယူလိုက်ချင်သော်လည်း စူးထောင်က ရှောင်တိမ်းလိုက်သည်။
ယနေ့ဖြစ်သွားသော အရှက်ရစရာများသည် သူမ၏ အမှားမဟုတ်သော်လည်း ပွဲစီစဉ်သည့်သူအနေဖြင့် အပြစ်မကင်းသလို ခံစားနေရဆဲပင်။ နောက်ပြီး ဂျပန်ဆာကေးကလည်း သစ်သီးဖျော်ရည်အရသာမျိုးနှင့် တူနေသဖြင့် ဆက်တိုက်ဆိုသလို ခွက်အသေး တစ်ခွက်ပြီးတစ်ခွက် သူမသောက်နေမိ၏။
သို့သော် ဆာကေး၏နောက်ဆက်တွဲ ဆိုးကျိုးကို သူမ မသိခဲ့ပေ။ ဒီလိုမျိုးသာ ခပ်မြန်မြန်သောက်နေမယ်ဆိုရင် သူမမြန်မြန်မူးသွားလိမ့်မယ်။
လီယာကျယ်လည်း အတော်လေး သောက်ထားပေမယ့် သူမရဲ့အရက်ခံနိုင်ရည်ကို ထိန်းထားနိုင်သည်။ စူးထောင်၏ ခပ်ရဲရဲမျက်နှာလေးကို မြင်လိုက်ရတော့ ချစ်စရာကောင်းတယ်လို့ တွေးမိသွားပြီး သူမ၏နံဘေးသို့ကိုင်းကာ တီးတိုးသံဖြင့်" ရှောင်ထောင် တကယ်တော့ ကျန်းချီကို ငါတော်တော်လေး သဘောကျပါတယ်။ သူမှာ အလားအလာကောင်းပြီးတော့ ငါတို့ရဲ့ထုန်ကုန်သစ်အတွက် ထောက်ခံမယ့်သူအနေနဲ့ သင့်လျော်ပါတယ်။"
သူမသည် ထိုအရာကို နှစ်သိမ့်မှုတစ်ခုအနေဖြင့် ရည်ရွယ်ထားသော်လည်း အရက်မူးနေသော စူးထောင်မှာ အရည်လဲ့နေသော မျက်ဝန်းဖြင့် သူမကိုဖက်လာကာ "ကျဲ~~ ကျဲက ကျွန်မရဲ့အစစ်အမှန် ညီအစ်မကောင်းပဲ!"
သူမနှင့် ခြေတစ်လှမ်းအကွာတွင် ရှိနေသောရှဲ့ကျင်သည် လီယာကျယ်အား တွယ်ကပ်နေသည့် စူးထောင်ကို ဆွဲထုတ်ကာ သူ့ရင်ခွင်ထဲမှီလိုက်စေပြီး ရေနွေးနည်းနည်းလောင်းလိုက်ကာ သူမကိုတိုက်လိုက်၏။
ရှဲ့ကျင်၏ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်သွားသည့်အပြုအမူကြောင့် လူတိုင်းက အတင်းအဖျင်းမျက်လုံးများနှင့် တိတ်တဆိတ် ကြည့်လာသည်။ ကောလဟလများအရ ခန့်မှန့်ရခက်သည့် ရှဲ့ကျင်တွင်လည်း ယခုကဲ့သို့နူးညံ့ညင်သာသည့် ဘက်ခြမ်းရှိမည်ဟု မည်သူကမျှ စိတ်ကူးယဥ်ကြည့်လို့မရနိုင်ချေ။
လီယာကျယ်သည် ရှဲ့ကျင်၏ နူးညံ့သည့်ဘက်ခြမ်းကြောင့် အံ့ဩသွားသလို အရက်မူးပြီးနောက် ပြောင်းလဲသွားသည့် စူးထောင်၏ စိတ်နေသဘောထားကြောင့်လည်း အံ့ဩသွားရသည်။
သူမက သိချင်စိတ်ဖြင့် ရှဲ့ကျင်ကို မေးလိုက်၏။" သူမက အရက်သောက်ပြီးသွားရင် ငိုတတ်တဲ့အလေ့အကျင့်ရှိတာလား။"
ရှဲ့ကျင်သည် ခေါင်းကို ခါရမ်းလိုက်ကာ "သူမအရက်မူးတဲ့အချိန်ဆို....."
ရုတ်တရက်ကြီး ပြီးခဲ့သည့်အခေါက်က သူမအရက်မူးနေသည့် အခြေအနေကို ပြန်သတိရသွားသောအခါ ရှဲ့ကျင်၏ နှလုံးမှာ အကြမ်းပတမ်းခုန်တက်လာသည်။သူ၏လည်စေ့က အထက်အောက်လှုပ်ရှားသွားပြီး ချောင်းတစ်ချက်ဟမ့်လိုက်ရင်း အပြင်ပန်းတွင်တည်ငြိမ်အောင် ကြိုးစားနေ၏။
"ကျွန်တော် သူ့ကိုအိမ်ပြန်ပို့ပေးရမယ်။"