အခန်း (၄၇)
Vol. 5 Ch. 47
စူးထောင်၏ အိမ်လိပ်စာကိုရှာဖို့ရာ ရှဲ့ကျင်အတွက် မခက်ခဲသလို သူမ၏အိတ်ထဲတွင် အိမ်သော့ကိုရှာဖို့ကလည်း မခက်ခဲချေ။
ခက်ခဲသည့်အရာမှာ လှုပ်ရှားနေသည့် စူးထောင်ကို ပွေ့ဖက်ထားရင်း တံခါးဖွင့်ရခြင်းပင်။ သူမ၏မရိုးသားသော လက်များက သူ၏ရှပ်အင်္ကျီကြယ်သီးလေးလုံးကို ဖြုတ်ထားပြီးနှင့်ပြီ။ ရှဲ့ကျင်က သူ၏ပြင်းပြသည့်စိတ်ဆန္ဒကို တံခါးဖွင့်ပြီးသည်အထိ ထိန်းထားကာ ကုတင်ပေါ်တွင် သူမကို ချလိုက်ပြီးနောက် ခေါင်းကိုနှိမ့်ချပြီး နမ်းတော့သည်။
ပြတင်းပေါက်အပြင်ဘက်ရှိ လခြမ်းကွေးမှ ဖြာထွက်နေသောလရောင်သည် အလင်းရောင်မရှိသော အိပ်ခန်းတစ်ဝက်လောက်ကို လင်းထိန်သွားစေ၏။
ရှုပ်ပွနေသော အိပ်ရာခင်းပေါ်တွင် သူ၏ကြီးမားသောလက်က သူမ၏သေးငယ်သောလက်ကို ကိုင်ထားပြီး လက်ချောင်းဆယ်ချောင်းမှာ တင်းတင်းကြပ်ကြပ် လိမ်ယှက်နေသည်။ ရှဲ့ကျင်သည် အင်တင်တင်ဖြင့် သူ၏ခွန်အားအကုန်လုံးကို သုံးကာ သူမ၏နူးညံ့သောနှုတ်ခမ်းလေးကို လွှတ်ပေးလိုက်၏။
လစ်လပ်သွားသော အောက်ဆီဂျင်ကို ပြန်ရသွားသည်နှင့် သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည် မှန်မှန်လှုပ်ရှားလာသည်။
သူ၏နောက်ကျောတွင် ချွေးများဖြင့်စိုရွှဲနေပြီး ခြောက်ကပ်နေသော လည်ချောင်းကို စိုစွတ်သွားစေရန် တံတွေးမြိုချကာ အက်ကွဲနေသည့်လေသံဖြင့် တီးတိုးရေရွတ်လာ၏။ "ရှောင်ထောင်လေး လိမ္မာပါကွာ။ မဟုတ်ရင် ကိုယ်ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး။"
ဤတစ်ကြိမ်တွင် စူးထောင်သည် ပြီးခဲ့သည့်အကြိမ်ကထက် ပိုမူးနေပုံရသည်။ အရင်တစ်ခေါက်ကလိုမျိုး ခက်ခဲမနေဘဲ သူစောင်ပါးလေးတစ်ထည် ခြုံပေးလိုက်သည်နှင့် တန်းအိပ်ပျော်သွား၏။
ရှဲ့ကျင်သည် သူ့ကိုယ်တွင်းရှိအပူမီးကို ငြိမ်းသတ်ရန် အမှောင်ထဲတွင်ရေချိုးခန်းကို ရှာလိုက်ပြီး ရေအေးအေးဖြင့် ချိုးလိုက်ပြီးမှသာ နောက်ဆုံးတွင် ငြိမ်ကျသွားသည်။ ထို့နောက် ခါးတစ်ဝိုက်တွင် ပဝါပတ်ကာ ထွက်လာခဲ့၏။
အချိန်အတော်ကြာ လှည့်ပတ်ကြည့်ပြီးနောက် နောက်ဆုံးတွင် မီးခလုတ်ကိုတွေ့သွားသဖြင့် မီးကိုဖွင့်လိုက်ရာ အခန်းအပြင်အဆင်ကြောင့် သူအံ့အားသင့်သွားသည်။
ဧည့်ခန်းသည် ပုံမှန်အခန်းတစ်ခန်းနှင့် တူသော်လည်း ပုံမှန်အခန်းလောက်တော့ နွေးထွေးမှုမရှိပေ။ ဆိုဖာပေါ်ရှိ ကူရှင်အရောင်မှလွဲ၍ ကျန်အရောင်အားလုံးမှာ အနက်ရောင်၊ အဖြူရောင်နှင့် မီးခိုးရောင်များသာဖြစ်သည်။
အုံ့မှိုင်းမှိုင်းနှင့် အေးစက်စက်စတိုင်ဟု ပြောရင်လည်း ထိုအလှရသကို စော်ကားရာရောက်မည်။ အနည်းဆုံးတော့ ထိုစတိုင်တွင် တခြားအရောင်တောက်တောက်များ ပါဝင်ရောစပ်နေ၏။
အိပ်ခန်းရှိနံရံကပ်မီးအိမ် သို့မဟုတ် စားပွဲတင်မီးအိမ်ကို ရှာဖွေရန် ဧည့်ခန်းမှအလင်းရောင်ကို အသုံးပြုခဲ့သော်လည်း တစ်ခုမျှရှာမတွေ့ခဲ့ပေ။ တောက်ပသော မျက်နှာကျက်မီး တစ်လုံးသာ ရှိပြီး အိမ်တွင်အရုပ်တစ်ရုပ်၊တိရစ္ဆာန်တစ်ကောင်မျှပင် ရှိမနေချေ။
ဘယ်နေရာကများ မိန်းကလေးတစ်ယောက်ရဲ့အိမ်နဲ့ တူလို့လဲ။
ရှဲ့ကျင်သည် စူးထောင်၏ နံဘေးတွင် ဒူးထောက်ထိုင်လိုက်ပြီး သူ၏ရှည်သွယ်သွယ် လက်ချောင်းကလေးများဖြင့် သူမ၏ဆံပင်ကို ဘေးဘက်သို့ သပ်ပေးလိုက်ရာ အိပ်ပျော်နေသည့် တည်ငြိမ်အေးချမ်းသော သူမမျက်နှာလေးက ပေါ်ထွက်လာသည်။
ရှဲ့ကျင် သူမကို စတွေ့သည့်နေ့ကစပြီး သူမသည်အမြဲလိုလို အကျင့်စာရိတ္တကောင်းမွန်ကာ ဉာဏ်ရည်ထက်မြက်ပြီး မလျော်ကန်သည့် တောင်းဆိုမှုများကိုလည်း မလုပ်ခဲ့သလို သူမ ကြိုက်သည့် အရာကိုလည်း မလုပ်ခဲ့ပေ။
သူမသည်အမြဲတမ်း နူးညံ့သိမ်မွေ့ကာ တွယ်ကပ်ခြင်း၊ စိတ်ဆိုးစိတ်ကောက်ခြင်းလည်းမရှိ အစစ်အမှန်ခံစားချက်ကို ကောင်းကောင်းဖုံးကွယ်ထားနိုင်သောကြောင့် သူမ၏ အတွင်းဘက် စိတ်ခံစားချက်များကို သူလျစ်လျူရှုခဲ့မိ၏။
ဘယ်မိန်းကလေးကများ ချစ်စရာကောင်းတဲ့အရာတွေကို မကြိုက်လို့လဲ။ ဘယ်မိန်းကလေးကများ မင်းသမီးလေး မဖြစ်ချင်လို့လဲ။
သူမပန်းရောင်ဝတ်စုံဝတ်ရင် မိန်းမငယ်လေးပုံစံ ပေါက်တာကိုပဲသိပြီး အလိုလိုက်ရမှာတွေ၊ နားလည်သည်းခံပေးရမှာတွေ စတဲ့မိန်းကလေးတစ်ယောက်ရဲ့ အခွင့်ထူးအရေးတွေကိုတော့ လုံလုံလောက်လောက် သူ မပေးခဲ့ဖူးပေ။
သူမလိုအင်ဆန္ဒမရှိတာက တကယ်ဘာကိုမှ မလိုချင်တာမျိုးမဟုတ်ဘူး။ အဲဒီအရာတွေကို ဘယ်သူကမှ သူမကိုမပေးခဲ့ဖူးလို့လေ။
သူ၏ရှောင်ထောင်လေးမှာ မည်သူတစ်ဦးတစ်ယောက်ထံမှ အလိုလိုက်ခံရခြင်း မရှိဖူးသည်ကို တွေးမိသွားသည်နှင့် သူ၏နှလုံးသားမှာ ဓါးတစ်ချောင်း ထိုးစိုက်ခံရသကဲ့သို့ ခံစားလိုက်ရပြီး နာကျင်မှုကြောင့် အသက်ရှုကြပ်သွားသည်။
အရင်တုန်းက သူဘာတွေများ လုပ်နေခဲ့တာပါလိမ့်။ အခုမှ ဘာလို့ သဘောလာပေါက်ရတာလဲ။
ကြည်လင်နွေးထွေးသော မျက်ရည်တစ်စက်က စူးထောင်၏ မျက်လုံးများပေါ်တွင် ပေါက်ကနဲကျသွားပြီး ဒုတိယတစ်စက်သည်လည်း လိုက်ကျလာ၏။ ရှဲ့ကျင်သည် သူ၏ စိုစွတ်နေသော မျက်လုံးများကို အချိန်လွန်မှသာ သုတ်လိုက်သည်။
သူက ခေါင်းကိုငုံ့ချကာ သူမမျက်လုံးပေါ်တွင် တင်ကျန်နေသည့် သူ့မျက်ရည်များကို နမ်းလိုက်ပြီး အလွန်နူးညံ့သောလေသံဖြင့် တီးတိုးပြောလိုက်၏။" ကိုယ့်ရဲ့ကျန်နေတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ မင်းကိုမင်းသမီးလေးတစ်ပါးလို အလိုလိုက်သွားပါ့မယ်။"
ပထမဆုံးသော နေရောင်ခြည်အလင်းရောင်က စူးထောင်၏ မျက်နှာပေါ် ဖြာကျလာသည့်အခါ သူမမျက်တောင်များက မသိမသာ တဖျတ်ဖျတ်ခတ်သွားပြီး ယောင်ဝါးဝါးနိုးလာသည်။
သူမ၏ခေါင်းမှာ အနည်းငယ် ကိုက်နေသည့်အတွက် နှိပ်ရန်လက်ကို မြှောက်တင်ဖို့လုပ်လိုက်သော်လည်း သူမ၏လက်က ဆွဲထုတ်လို့မရသဖြင့် အချုပ်ခံထားရမှန်း တွေ့သွား၏။
မျက်လုံးကို အပြည့်ဖွင့်လိုက်ရာ နားအနီးတွင် ခပ်ကြီးကြီး မျက်နှာတစ်ခုကရှိနေပြီး သူမပါးပြင်ပေါ်တွင် ရိုတ်ခတ်လာသည့် အသက်ရှုထုတ်သည့်လေကြောင့် ချက်ချင်းပင် လုံးလုံးလျားလျား နိုးသွားတော့သည်။
သူမ၏ပထမဆုံးတုံ့ပြန်မှုမှာ 'ငါတော့ ရှဲ့ကျင်နဲ့ နောက်တစ်ကြိမ် ထပ်အိပ်မိသွားပြန်ပြီလား။' ဟူ၍ဖြစ်၏။
စူးထောင်က သူမ၏ခေါင်းကိုလှည့်၍ ကြည့်လိုက်သောအခါ မိန်းကလေးများပင် မနာလိုအားကျရသည့် အသားအရေ၊ မေးရိုးထင်းထင်း၊ ကျဉ်းမြောင်းသော မျက်လုံးများပေါ်တွင် စင်းကျနေသည့် မျက်တောင်ရှည်များ၊ အေးချမ်းသောအမူအရာဖြင့် အိပ်ပျော်နေကာ ပုံမှန်တွေ့နေကျ တည်ငြိမ်လေးနက်မှုနှင့် အထက်စီးဆန်မှုများ ရှိမနေချေ။
စူးထောင်သည် အချုပ်မခံထားရသည့် တခြားလက်တစ်ဖက်ကို ဆန့်တန်းပြီး သူ့ကိုတွန်းထုတ်ရာ အောင်မြင်စွာဖြင့် နေရာရွေ့သွားသည်။
သို့သော် ရှဲ့ကျင်ကပို၍ပင် သူမအားတင်းတင်းကြပ်ကြပ် ဖက်လာပြီး သူ့ခေါင်းကို သူမ၏လည်ပင်းပေါ်တွင်ပွတ်နေကာ အိမ်မက်မက်နေဆဲ ဖြစ်နေသကဲ့သို့ "အွန်း..ရှောင်ထောင်လေး ထပြီးစာဖတ်ဖို့လုပ်ပြန်ပြီလား... ခဏလောက် ကိုယ့်ကိုအဖော်ထပ်ပြုပေးပါဦး။"
သူ၏စကားသည် လွန်ခဲ့သည့်လေးနှစ်က ပုံမှန်မနက်ခင်းများဆီသို့ စူးထောင်ကို ပြန်ရောက်သွားစေ၏။ အိပ်ယာထသည့်အကြိမ်တိုင်းလိုလို ခဏလောက် ဆက်အိပ်ရန် သူကတောင်းဆိုလေ့ရှိသည်။
စူးထောင်က သူမ၏အတွေးကို ဖြတ်တောက်ကာ မျက်မှောင်ကြုတ်လိုက်ပြီး " ရှဲ့ကျင် ကျွန်မကိုလွတ်ပေး"
ဤတစ်ကြိမ်တွင် သူတကယ်နိုးသွားပြီး အိပ်စုံမှုန်ဝါးမျက်လုံးများကိုဖွင့်ကာ နေ့တိုင်းအိမ်မက်ထဲတွင်သာ မြင်တွေ့နိုင်သည့် မြင်ကွင်းကိုကြည့်လိုက်၏။
ရှဲ့ကျင်သည် အချိန်အတော်ကြာ မင်သက်သွားပြီးနောက် သူ၏နှုတ်ခမ်းက ကွေးတက်သွားသည်။
"ရှင် ဘာရယ်တာလဲ။" စူးထောင်က မပျော်မရွင်နှင့် မေးလိုက်ရင်း စောင်အောက်တွင် သူမအင်္ကျီနဂိုအတိုင်း ရှိနေသည်ကိုတွေ့သွားပြီးမှသာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်၏။
"မနေ့ညတုန်းက မင်းကိုယ့်အပေါ် အတင်းတွယ်တက်ပြီးတော့ ကိုယ့်ရဲ့အပြစ်ကင်းစင်မှုကို ညိုးနွမ်းသွားအောင်လုပ်ခဲ့တယ်။ ဒီတစ်ခါတော့ ကိုယ့်ကိုပိုက်ဆံပေးပြီး ပထုတ်လို့မရတော့ဘူးနော်။ ကိုယ်တို့ သေသေချာချာ စာရင်းရှင်းရမယ်..."
" ကျွန်မအရက်သောက်ရင် တစ်ခါမှ သတိလက်လွတ် မဖြစ်ဖူးဘူး။" စူးထောင်သည် မတ်တပ်ရပ်လိုက်ပြီး ရှဲ့ကျင်အား အေးတိအေးစက်ဖြင့် စိုက်ကြည့်ကာ "မနေ့ညတုန်းက ကျွန်မ ရှင့်ကိုဘာမှ မလုပ်ခဲ့ဘူး။"
"မနေ့ညတုန်းက မင်းကိုယ့်ကို ဘာမှမလုပ်ခဲ့ဘူးဟုတ်လား။" ရှဲ့ကျင်သည် ပြုံးနေရင်း မျက်လုံးပင့်လိုက်ပြီး သူ၏မျက်ဝန်းနင်နက်များက လက်သွားသည်။ "အိမ်ကိုတောင် မရောက်သေးဘူး မင်းက ကိုယ့်ရဲ့ ရှပ်အင်္ကျီကြယ်သီးကို ဖြုတ်ထားပြီးနေပြီ...."
"ပါးစပ်ပိတ်!" စူးထောင်သည် စောင်ကိုသူ့ဦးခေါင်းပေါ် လှမ်းပစ်လိုက်ပြီး ရေချိုးအခန်းဆီသို့ ခပ်မြန်မြန်လစ်ထွက်ကာ တံခါးလော့ခ်ချလိုက်ပြီးနောက် အတွင်းမှ သတိပေးသည့်လေသံဖြင့် " ကျွန်မ ထွက်မလာခင် ရှင်ထွက်သွားတော့!"
"အရင်တစ်ခါတုန်းက မင်းသေချာပေါက် ကိုယ်နဲ့အိပ်ခဲ့တာ။ အဲဒါကိုတော့ ကိုယ်မှားစွပ်စွဲတယ်ဆိုပြီး ပြောလို့မရဘူးနော်။" ရှဲ့ကျင်သည် အနည်းငယ် မို့အစ်နေသော သူ၏မျက်လုံးများကို အားယူဖွင့်ကာ ရေချိုးခန်းတံခါးကို ခေါက်နေရင်း သာမန်ကာလျှံကာ မေးခွန်းထုတ်နေ၏။
စူးထောင်က " အဲဒါတွေအကုန်လုံးက ရှင့်အပြစ်တွေပဲ။ရှင်တစ်နေကုန် ရေကူးဝတ်စုံဝတ်ပြီး ကျွန်မ ရှေ့မှာဟိုဟိုဒီဒီ လျှောက်ပြပြီး မြူဆွယ်နေတာလေ"ဟု ပြန်လည်ချေပသည်။
ရှဲ့ကျင်က ပြုံးနေရင်း မျက်ခုံးများပင့်တက်သွားပြီး မျက်ဝန်းနက်နက်ထဲတွင်လည်း အလင်းရောင်ဖြတ်ပြေးသွားကာ "ဒီတော့ အဲဒီနေ့တုန်းက မင်းအိမ်မက်ထဲမှာ မင်းနဲ့အတူအိပ်ခဲ့တဲ့သူက ကိုယ်ပေါ့နော်။"
ဒီတစ်ကြိမ်မှာတော့ စူးထောင် ချက်ချင်း မတုံ့ပြန်ချေ။တခဏကြာပြီးနောက်မှသာ သူမ၏အသံက အတွင်းဘက်မှ ထွက်လာသည်။ သူမအသံမှာ တော်တော်လေးကို တိုးလွန်းသည့်အတွက် ရှဲ့ကျင်က တံခါးနားတွင်နားကိုကပ်ပြီး နားထောင်လိုက်မှသာ ကြားလိုက်ရ၏။
"အဲဒါက တံတားပေါ်မှာ ကျွန်မပထမဆုံးတွေ့ခဲ့တဲ့ ကောင်လေးပဲ။ ရှင်မဟုတ်ဘူး"
ရှဲ့ကျင်၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပင် တောင့်တင်းသွားပြီး သူ၏နှလုံးသားမှာ အပြင်းအထန်ကျုံ့သွားကာ တစ်စုံတစ်ယောက်က သူ့ဦးခေါင်းကို တူဖြင့်တူရိုက်နေသကဲ့သို့ ခံစားလိုက်ရ၏။ ထိုနေရာတွင် အချိန်အတော်ကြာ မင်သက်စွာရပ်နေပြီး စိတ်နှင့်ကိုယ် မကပ်ဘဲရှိနေသည်။
ပထမဆုံးသူတို့နှစ်ဦး စတွေ့သည့်အချိန်တွင် အချင်းချင်းနွေးထွေးမှုများပေးကာ သူတို့ထံတွင်ရှိသော အရာအားလုံးကိုပင် ပေးနိုင်ကြသည်အထိ။
သူ့ရဲ့ရှောင်ထောင်လေးက စိတ်လုံခြုံမှုကင်းမဲ့နေတာကို သူတကယ်ကြီးမေ့သွားတာပဲ။
ထိုအချိန်တုန်းက တစ်လှမ်းပြီးတစ်လှမ်း သူမ၏ နှလုံးသားထဲ ဝင်ရောက်ကာ သူမ၏ အကာအကွယ်တွေအားလုံးကို လျော့ချစေပြီး သူတစ်ယောက်ထဲကသာလျှင် သူမအားစိတ်လုံခြုံမှု ပေးစွမ်းနိုင်ကြောင်း သူမယုံကြည်အောင် လုပ်ခဲ့ပုံများကို မေ့သွားလုနီးပါးပင်။
သင့်နှလုံးသား သို့မဟုတ် သင့်ဘဝတစ်ခုလုံးကိုပင် တစ်စုံတစ်ယောက်အား ပုံအပ်နိုင်လောက်သည့် ရူးသွပ်ဖွယ်ကောင်းသည့် လုံခြံမှုမျိုးဖြစ်သည်။
နောက်ပိုင်းတွင် စူးထောင်သည် လုံးလုံးလျားလျား သူ့အပိုင်ဖြစ်လာသောအခါ သူမအပေါ်ပိုပိုပြီး စတင်အားကိုးကာ ပိုပိုပြီးလွှမ်းမိုးချုပ်ကိုင်လာ၏။ သူ့ပြောစကားကိုသာ နားထောင်စေပြီး သူမနှင့်ပြင်ပကမ္ဘာရှိ အဆက်အသွယ်များကို ဖြတ်တောက်ကာ သူ့သီးသန့်အပိုင် ဖြစ်အောင်လုပ်လိုခဲ့သည်။
ရှောင်ထောင်လေးက စိတ်လုံခြုံမှုရှာတွေ့သွားပြီး သူ့အပေါ်ယုံကြည်အားကိုးခဲ့သော်လည်း ထိုအစား သူမကိုပိုင်ဆိုင်ပြီးနောက်တွင် သူကသာ သိသိသာသာ စိတ်လုံခြုံမှု ကင်းမဲ့တဲ့သူ ဖြစ်လာ၏။
သူမ၏အချစ်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖြုန်းတီးနေခဲ့သည်။
သူ့ကိုယ်ပိုင်လက်နှင့် သူမအားအဝေးသို့ တွန်းထုတ်လိုက်မိသည်အထိ။
...
ရေချိုးသန့်စင်ပြီးနောက်တွင် စူးထောင်က ရေချိုးဝတ်ရုံကို ဝတ်ဆင်လိုက်ပြီး လေသံကျယ်ဖြင့် အပြင်ဘက်သို့အော်ပြောလိုက်၏။ "ကျွန်မ အခု ထွက်လာတော့မှာနော်။ရှင်မထွက်သွားရသေးရင် အခုပဲထွက်သွားလိုက်တော့!။"
အပြင်ဘက်မှ ဘာအသံမှမကြားရသည့်အတွက် စူးထောင်သည် တံခါးကို ခပ်ဖြည်းဖြည်းဖွင့်ပြီး ခေါင်းကြည့်လိုက်ရာ ဧည့်ခန်းနှင့် အိပ်ခန်းတွင် မည်သူမျှမရှိချေ။
စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး အခုတလော နာခံလွန်းသည့်သူ့ပုံစံကြောင့် သူမအနည်းငယ် အံ့ဩသွားမိသည်။
ဤတစ်ကြိမ် အရက်နာကျမှုသည် ပြီးခဲ့သည့်တစ်ခေါက်တုန်းကထက် ပိုဆိုး၏။ အရက်အမျိုးအစား မတူတာကြောင့်နေမယ်။ သူမ ကုမ္ပဏီကို ရောက်သွားတဲ့အချိန်အထိ ခေါင်းကိုက်နေတာ မပျောက်သေးချေ။ ထို့နောက်တွင် သတင်းဆိုးတစ်ခုကို လက်ခံရရှိခဲ့သည်။
ကျန်းချီ၏ DGထောက်ခံချက်က ကျရှုံးသွားလေပြီ။
မနေ့ညတုန်းက သူမအရက်မူးနေတယ်ဆိုပေမယ့် ဒီထောက်ခံချက်က ကျန်းချီနဲ့တော်တော်လေး သင့်တော်တယ်လို့ လီယာကျယ်ပြောခဲ့တာကို သူမသေသေချာချာမှတ်မိနေတယ်။ ရုတ်တရက်ကြီး ဒီနေ့မှာ သူတို့ကျန်းချီကို မသုံးတော့ဘူးဆိုပြီး သူမဘာလို့ပြောရတာလဲ။
စူးထောင်က ချက်ချင်းပင် DG အဆောက်အအုံသို့ အပြေးကလေးသွားကာ လီယာကျယ်ကို ရှာလိုက်၏။
လီယာကျယ်သည် ယမန်နေ့က သူမ၏ပေါ့ပေါ့ပါးပါး အသွင်အပြင်နှင့်ယှဉ်လျှင် ရင့်ကျက်ပြီး လုပ်ရည်ကိုင်ရည်ရှိသော အငွေ့အသက်များ ပေါ်လွင်နေသည့် အဖြူရောင်ဝတ်စုံပြည့်ကို ဝတ်ဆင်ထားသည်။
သူမက စာရွက်စာတမ်းတစ်ခုကို စူးထောင်ရှေ့သို့ ချပေးလိုက်၏။ စူးထောင်ဖွင့်ကြည့်လိုက်ရာ အတွင်းပိုင်းတွင် DG ထုတ်ကုန်သစ်အတွက် ပြင်ဆင်ထားသော ထောက်ခံချက်စာချုပ်ဖြစ်သည်။ ထောက်ခံသူနေရာတွင် ကျန်းချီကိုနာမည်ကို ရှင်းရှင်းလင်းလင်း ရေးသားထား၏။
စူးထောင်သည် နားမလည်သည့်ပုံစံဖြင့် သူမကိုကြည့်လိုက်သည်။
လီယာကျယ်က သက်ပြင်းယဲ့ယဲ့ချလိုက်ကာ ကူကယ်ရာမဲ့နေသည့် လေသံဖြင့်"အစကတည်းက စာချုပ်ကို ငါရေးဆွဲထားပြီးသား။ ဒါပေမယ့် ရုတ်တရက်ကြီး ဥက္ကဌက သဘောမတူဘူးတဲ့လေ။ဘာလို့လဲဆိုတာတော့ ငါလည်းမသိဘူး။"
ဥက္ကဌကြီးက သူမရဲ့ခင်ပွန်းမဟုတ်လား။
အဲဒီဥက္ကဌကြီးဆိုတဲ့လူက ကုမ္ပဏီရဲ့ကိစ္စဝိစ္စတွေမှာ ဝင်မစွက်ဖက်တာ နှစ်တွေတော်တော်ကြာနေပြီလေ။ရုတ်တရက်ကြီး DG ထုတ်ကုန်သစ် ထောက်ခံသူကိစ္စမှာ သူဘာလို့ ဝင်စွက်ဖက်နေတာပါလိမ့်။
စူးထောင်သည် ထိုအကြောင်းကို တွေးပြီးရင်းတွေးကာ ထပ်မေးလိုက်၏။" ကုမ္ပဏီက အခုအချိန်မှာ ကျဲရဲ့စီမံခန့်ခွဲမှု အောက်မှာပဲမလား။"
လီယာကျယ်က ကူကယ်ရာမဲ့စွာဖြင့် လက်ကိုဖြန့်လိုက်ကာ "ဘာပဲပြောပြော သူကကုမ္ပဏီရဲ့ ဥက္ကဌကြီး၊ အကြီးဆုံးရှယ်ယာရှင် ဖြစ်နေတုန်းပဲဆိုတော့ လုပ်ထုံးလုပ်နည်းတွေအရ သူ့ရဲ့ထင်မြင်ယူဆချက်ကို ငါနားထောင်ရမှာ။"
"ကျဲ တခြားဘာနည်းလမ်းမှ မရှိတော့ဘူးလား။"
ဒါကပထမဆုံးအကြိမ် စူးထောင်စိတ်ပူတာကို လီယာကျယ်တွေ့ဖူးတာပဲ။ သူမက စူးထောင်လက်ကို ဆုပ်ကိုင်လိုက်ပြီး" ထုတ်ကုန်သစ် အခမ်းအနားပွဲမှာ ကျန်းချီကို ဧည့်သရုပ်ဆောင်အနေနဲ့ ဖိတ်မယ်ဆိုရင်ရော ဘယ်လိုလဲ။
ဤအရာသည် လီယာကျယ်၏ အကြီးမားဆုံးကြင်နာမှုပဲ ဖြစ်ရမည်။ သူတို့ဘယ်လောက်ပဲ ဆက်ဆံရေးကောင်းနေပါစေ ဦးပိုင်အကျိုးစီးပွား မဟုတ်သည့်အတွက် ခင်မင်မှုသက်သက်ဖြင့် လိုက်ထိန်းချုပ်လို့မရချေ။
DGအဆောက်အဦမှ ထွက်လာပြီးနောက် လေပြင်းများက ရုတ်တရက် တိုးတိုက်လာသည်။ မသိလိုက်ပါဘဲ နွေရာသီနှောင်းပိုင်း ဆောင်းဦးပေါက်ရောက်ပြီဖြစ်၏။
တိုက်ခတ်နေသည့် လေထဲတွင်ရပ်နေရင်း စူးထောင်သည် အရက်နာကျရာမှ သက်သာလာပုံရသည်။ သူမက ချက်ချင်းပင် လေ့ရွှမ်းကိုဖုန်းဆက်လိုက်ပြီး DG ဥက္ကဌ၏ အချက်အလက်များကို သူမထံပို့ပေးရန် ပြောလိုက်၏။
သူမသာ လွယ်လွယ်နဲ့ လက်လျှော့တတ်တဲ့သူဆိုရင် ဒီနေ့ဒီအချိန်မှာ ကုယီးယန်ဆိုတာ ရှိလာမှာမဟုတ်ဘူး။
အတိတ်တုန်းက ကုယီးယန်အတွက်၊ အခုတော့ ကျန်းချီအတွက် သူမသေချာပေါက် မဖြစ်နိုင်တဲ့အရာကို မဖြစ်ဖြစ်အောင် လုပ်ပြမယ်။
-------
လီယာကျယ်သည် ယခုအပြင်ဘက်က ဗီလာတစ်ခုတွင်နေနေပြီး ဗီလာဟောင်းဆီသို့ ပြန်မလာဖြစ်ဘဲ သူမနှင့် သူမ၏ခင်ပွန်းဖြစ်သူ ကျန်းနျန်တို့မှာ အလုပ်သဘောအရ ဆက်ဆံရေးကို ထိန်းသိမ်းထား၏။
စူးထောင်က ကျန်းနျန်၏ ဗီလာဟောင်းဧရိယာ အပြင်ဘက်တွင် ကားကိုရပ်ကာ စောင့်ကြည့်နေပြီး သူ့အားအလျင်စလို ထွက်မတွေ့ပေ။ ကိုယ်ရန်သူ့ကို ကောင်းကောင်းနားလည်ဖို့ အခြေအနေကို သေသေချာချာ စူးစမ်းလေ့လာရမှရမယ်။
တစ်မနက်လုံးစောင့်ကြည့်ပြီးနောက် နေ့လည်စာစားချိန်ပင် လွန်နေပြီဖြစ်သည်။ ဗီလာဝင်ပေါက်တွင် ခွေးတစ်ကောင် ကြောင်တစ်မြီးမျှပင် မရှိဘဲ တိတ်ဆိတ်နေ၏။
သူမ၏ ဖုန်းမှာ ဘဏ်စာတိုသတိပေးချက်များ ဆက်တိုက်ဆိုသလို တက်လာခဲ့သည်။
ရှဲ့ကျင်ကို နှုတ်ပိတ်ခအနေနှင့် သူမပေးထားသည့်ကတ်တွင် ရုတ်တရက်ကြီး ဂဏာန်း၇လုံးဘဏ်အပ်ငွေ ငွေလွှဲဝင်လာ၏။
စူးထောင် အံ့ဩတကြီးမတုံ့ပြန်မီ ကတ်ပေါ်တွင် ယွမ်ထောင်ပေါင်းများစွာ သုံးစွဲထားသည်ကို သူမတွေ့လိုက်ရသည်။
သူမရဲ့ဘဏ်ကတ်ကို သူ့ကိုယ်ပိုင်အနေနဲ့ သုံးနေတာလား။
သူ့မှာ သူ့ကိုယ်ပိုင်ကတ် မရှိလို့လား။
စူးထောင်သည် ဗိုက်ဆာလွန်းသည့်အတွက် ဖုန်းကို ဘေးသို့ပစ်ချလိုက်၏။ သူ့ကို ဂရုစိုက်နေဖို့ အချိန်မရှိဘူး။ ဒီနေရာကို စားစရာအော်ဒါမှာလို့ရမရ သူမ သိချင်မိသည်။
ရုတ်တရက် အတွင်းဘက်မှ ဗီလာတံခါးက ပွင့်သွားပြီး ရင်းနှီးနေသော ပုံရိပ်တစ်ခုက အဝေးထိန်းခလုတ်ကိုနှိပ်ကာ ကားဂိုဒေါင်ကိုဖွင့်လိုက်ပြီး ကားတစ်စီးထံသို့ ဦးတည်သွား၏။
အနက်ရောင်ပြိုင်ကားတစ်စီး ကားဂိုဒေါင်မှ မောင်းထွက်သွားတော့မှသာ စူးထောင်ကအာရုံပြန်ရောက်လာသည်။ သူမက ကားစက်နှိုးလိုက်ကာ ထိုကားနောက်သို့ ချက်ချင်းလိုက်တော့သည်။
ဆေးရုံကိုရောက်လာတဲ့အထိ စူးထောင်မှာ တည်ငြိမ်မှုမရသေးချေ။ ချင်ရွှယ်ရှီးက ဘာလို့လို့ ကျန်းနျန်ရဲ့ဗီလာကနေ ထွက်လာတာလဲ။
အများကြီးမတွေးတော့ဘဲ စူးထောင်တစ်ယောက် ဦးထုပ်နှင့် နှာခေါင်းစည်းကိုတပ်ကာ မနီးမဝေးမှနေ၍ ချင်ရွှယ်နောက်သို့ ဆေးရုံထဲလိုက်ဝင်သွား၏။
ချင်ရွှယ်ရှီးက သားဖွားမီးယပ်ဌာနသို့ ဝင်သွားသည်ကို သူမမျက်လုံးနှင့် တပ်အပ်မြင်ခဲ့မှသာ ချင်ရွှယ်ရှီးတစ်ယောက် ကိုယ်ဝန်ရှိနေသည့်အချက်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် လက်ခံလိုက်တော့သည်။
ဆေးရုံမှထွက်လာပြီးနောက် စူးထောင်သည် ချင်ရွှယ်ရှီးတစ်ယောက် ကျန်းနျန်၏ ဗီလာသို့ ပြန်သွားသည့်လမ်းတစ်လျှောက်လုံး ကပ်လိုက်လာခဲ့၏။ မှောင်လာသည်အထိ နောက်တစ်ကြိမ် သူမထပ်မထွက်လာတော့ပေ။
လီယာကျယ်က ကျန်းနျန်နှင့် ကလေးတစ်ယောက်မှ မရခဲ့ချေ။ ကျန်းနျန်က ကလေးမရှိဘူးဆိုတော့ ချင်ရွှယ်ရှီးက သူ့ချွေးမတော့ ဖြစ်စရာအကြောင်းမရှိဘူး။
ဆိုတော့ကာ ကိစ္စတွေက ရှင်းလင်းသွားပြီ။ ချင်ရွှယ်ရှီးကလေးရဲ့အဖေက ကျန်းနျန်ပဲဖြစ်ရမယ်။ သူမက ကျန်းနျန်ရဲ့တိတ်တိတ်ပုန်းမယားပဲ!။
စူးထောင်၏ အတွေးများက တခဏတာ ရှုပ်ထွေးနေသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် ရှင်းလင်းကာ အချိတ်အဆက်မိသွားပုံရသည်။
လီယာကျယ်က ကျန်းချီကို ပြောရေးဆိုခွင့်ရှိသူအနေနဲ့ သေချာပေါက် ဆုံးဖြတ်ထားပေမယ့် ကုမ္ပဏီကိစ္စများကို ဝင်မစွက်ဖက်တာ ကြာနေပြီဖြစ်တဲ့ ကျန်းနျန်က ရုတ်တရက်ကြီး ဘာလို့ငြင်းပယ်လိုက်တာလဲ။
ကျန်းချီက သူမရဲ့အနုပညာရှင်မှန်း ချင်ရွှယ်ရှီး သိနေလို့ တမင်ကို ဝင်စွက်ဖက်နေတာများလား။
တစ်နေ့တာ ပင်ပန်းပြီးနောက် စူးထောင်သည် မေးခွန်းပေါင်းမြောက်များစွာဖြင့် အိမ်ကိုပြန်လာခဲ့၏။ အိမ်တံခါးဝရောက်မှ သူမ၏အိမ်သော့က ပျောက်ဆုံးနေမှန်း သိသွားတော့သည်။
သူမသည် အိတ်ထဲရှိပစ္စည်းအားလုံးကို မှောက်ချပြီး နေ့တစ်ဝက်လောက် လှန်လှောရှာဖွေသောလည်း မတွေ့သေးချေ။
တံခါးသော့တွေအကုန်လုံးက သော့တွဲမှာရှိနေတုန်းပဲ။အိမ်သော့တစ်ခုပဲ ပျောက်နေတာကတော့ ယုတ္တိမရှိဘူးလေ!
ထူးခြားဆန်းကြယ်သော အတွေ့အကြုံကြောင့် စူးထောင်က စိတ်ဓာတ်ကျနေစဉ် တံခါးသည် ရုတ်တရက်ပွင့်သွားပြီး ရှဲ့ကျင်၏ မျက်နှာက ပေါ်ထွက်လာ၏။တံခါးရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသော စူးထောင်ကို ကြည့်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ ရှုပ်ပွနေသည့်အရာများကို မြင်လိုက်ရသည့်အခါ ရှဲ့ကျင်က သူကြိမ်းမောင်းခံရတော့မည်ဟု အာရုံရနေသည်။
ရှဲ့ကျင်သည် စူးထောင်အနားတွင် သေသေသပ်သပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကိုချိတ်ကာ သူမ၏အမူအရာကို ဂရုတစိုက် စူးစမ်းနေ၏။
ခါးထောက်ရင်း စူးထောင်က ပြောင်းလဲသွားသောအိမ်ကို ဝေ့ကြည့်လိုက်သည်။
နဂိုရှိနေသော မီးခိုးရောင်ဆိုဖာကို ခရမ်းရင့်ရောင်ကူရှင်နှင့်လဲထား၏။ စားပွဲပေါ်တွင် အဝါရောင်ပန်းခြောက် ထည့်ထားသည့် ပန်းအိုးတစ်လုံးရှိနေပြီး ကောဇောမှာလည်း ခရမ်းရောင်ဖြစ်နေကာ ကူရှင်နှင့်လိုက်ဖက်အောင် လုပ်ထားပုံရသည်။ ဆိုဖာနှင့်ကပ်လျက်တွင် ရွှေလာငွေလာဂမုန်းတစ်ပင်ရှိနေပြီး မီးအိမ်ရှည်တစ်ခုလည်း ရှိနေ၏။
အိပ်ခန်းရှိ အဖြူရောင်အိပ်ယာခင်းနှင့် စောင်များကိုလည်း အပြာနုရောင်ပိုးဖဲသားနှင့် အစားထိုးထားပြီး ခေါင်းအုံးအပေါ်တွင် ယုန်ရုပ်နှစ်ရုပ်တင်ထားသည်။
ထမင်းစားခန်းရှိ စားပွဲခင်း၊ မီးဖိုချောင်သုံး အေပရွန်၊ ရေချိုးခန်းအတွင်းရှိ အိမ်သာထိုင်ခုံအဖုံးများကဲ့သို့သော ပြောင်းလဲမှု အသေးစားများလည်း ရှိခဲသည်။ အရောင်များကို အနက်ရင့်ရင့်၊ အဖြူနှင့် မီးခိုးရောင် နောက်ခံထား၍ အသုံးပြုထား၏။ ရှုပ်ပွသလိုလိုနှင့် သပ်ရပ်နေကာ အရည်အသွေးလည်း မြင့်သည်။
"ဒီတော့ ရှင် ကျွန်အိမ်သော့ကို ခိုးရတဲ့အကြောင်းအရင်းက ခွင့်ပြုချက်မရှိဘဲ ကျွန်မအိမ်ကို ဒီလိုမျိုးပြောင်းဖို့ပေါ့လေဟုတ်လား။"
စူးထောင်၏ ခပ်ပေါ့ပေါ့လေသံက ရှဲ့ကျင်ကိုအသက်ရှုကြပ်သွားစေ၏။ သူက လေသံတိုးတိုးဖြင့် ဖြေရှင်းချက်ပေးလာသည်။ "ကိုယ်က မင်းကိုစပရိုက် လုပ်ချင်ရုံပါ။မင်းမကြိုက်ဘူးဆိုရင် ချက်ချင်းပဲ နဂိုပုံစံအတိုင်း ကိုယ်ပြန်လုပ်ပေးမယ်လေ။"
အစပိုင်းတွင် သူသည်အကုန်လုံးကို ပြန်အလှဆင်လိုခဲ့သော်လည်း စူးထောင်၏ သဘောတူညီချက်မရှိဘဲ သူဘာမှမလုပ်ရဲသည့်အတွက် ပစ္စည်းတချို့ကိုသာ ဝယ်ပြီး ပြန်လာခဲ့၏။ တကယ်လို့ သူမ မကြိုက်ဘူးဆိုရင်လည်း အကုန်လုံးကို ချက်ချင်းပြန်ဖယ်ပေးလိုက်မယ်။
"နဂိုအတိုင်း ပြန်လုပ်ပေး" စူးထောင်သည် ဒေါသမထွက်မလာအောင် အသက်ရှုသွင်း၊ရှုထုတ်လုပ်လိုက်ပြီး "နောက်ပြီး ကျွန်မရဲ့ကတ်ဘယ်မှာလဲ။ သွင်းငွေတွေပြန်ထုတ်လိုက် ပြီးရင် ကျွန်မကို ပြန်ပေးတော့။"
ရှဲ့ကျင်သည် စိတ်ဓာတ်ကျစွာဖြင့် ခေါင်းငုံ့ထားပြီး သူ့မျက်လုံးများမှာ အိပ်ရေးဝဝ မအိပ်ထားရသလိုမျိုး အနည်းငယ်ဖောင်းနေကာ မျက်ကွင်းလည်းညိုနေသည်။ ဆိုဖာပေါ်ရှိကူရှင်ကို သပ်သပ်ရပ်ရပ်လုပ်နေရင်း သမ်းဝေလိုက်၏။
ဗလုံးဗထွေးနှင့် "ကတ်က မင်းကိုယ်တိုင် ကိုယ့်ကိုပေးခဲ့တာလေ။ အခုတော့ ကတ်ကိုပြန်တောင်းနေတာလား။"
စူးထောင် - "ရှင့်မှာ ရှင့်ကိုယ်ပိုင်ကတ် မရှိဘူးလား။အချိန်တိုင်း ကျွန်မဆီကို သတိပေးချက်တွေ ပို့နေတာရပ်တန်းကရပ်။ စိတ်ရှုပ်စရာကောင်းတယ်။
ရှဲ့ကျင်သည် မျက်လုံးများကိုပင် ဖွင့်မနိုင်သည့်ပုံရသည်။ ကူရှင်လေးလုံးကို အိတ်ထဲထည့်လိုက်ကာ ပန်းခြောက်များကို သွားယူလိုက်၏။ စကားပြန်မပြောတော့ဘဲ နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ကတ်ကိုထုတ်ကာ စားပွဲပေါ် တင်လာသည်။
"ကတ်ထဲငွေက ငွေတွေအကုန်ပြန်ထုတ်ပြီးမှ ကျွန်မကိုပေး" စူးထောင်သည် သူ၏တုန်ယင်ပြီး ယိမ်းထိုးနေသည့် ကိုယ်ခန္ဓာကို တစ်ချက်ကြည့်လိုက်ကာ " ဒီမှာလာပြီး အားနည်းချင်ယောင်ဆောင်မနေနဲ့။ မြန်မြန်ထုတ်ပိုးပြီး လစ်တော့။ ရှင့်ကိုနာရီဝက် အချိန်ပေးမယ်။"
စူးထောင်သည် အိပ်ခန်းထဲဝင်လိုက်ပြီး တံခါးကိုခပ်ကြမ်းကြမ်းပိတ်ကာ အိပ်ယာပေါ်ထိုင်လိုက်၏။ သူမနံဘေးက ယုန်ရုပ်ကို ကောက်ယူလိုက်ပြီး ဒေါသထွက်စွာဖြင့် ကြမ်းပြင်ပေါ် ပစ်ပေါက်လိုက်သည်။
အချိန်အတော်ကြာ စဉ်းစားလိုက်ပြီးနောက် မတ်တပ်ရပ်ကာ ထိုယုန်ရုပ်ကို ပြန်ကောက်လိုက်၏။
ဤယုန်ရုပ်ခပ်ဝဝက သူမရဲ့လက်ဖျံနီးပါးခန့် ရှည်ပြီး နားရွက်ရှည်ရှည်များက မျက်နှာဝိုင်းဝိုင်းဘေးတွင် တွဲကျနေသည်။ တစ်ကိုယ်လုံးမှာ နူးညံ့ပျော့ပျောင်းပြီး ကိုင်လို့ကောင်းကာ အိပ်တဲ့အချိန် ဖက်ထားလိုက်ရင် သက်သောင့်သက်သာ ရှိလိုက်မယ့်ဖြစ်ခြင်း.....
သူမဘာတွေ လုပ်နေပါလိမ့်!
စူးထောင်သည် ယုန်ရုပ်ကို အိပ်ယာပေါ်ပစ်တင်လိုက်ပြီး ထိုယုန်ရုပ်၏ ဆွဲဆောင်မှုကို ခံလိုက်ရကြောင်း ဝန်ခံရန် ငြင်းဆန်နေ၏။ သူမသည် ဒေါသတကြီး အိပ်ခန်းတံခါးကိုဖွင့်ကာ အလုပ်ကိုကြီးကြပ်ရန် ပြင်ဆင်လိုက်သည်။
ဧည့်ခန်းတွင် ပစ္စည်းတော်တော်များများ လစ်လပ်သွားသော်လည်း ရှဲ့ကျင်က ရှိမနေချေ။
တစ်ခန်းလုံး တိတ်ဆိတ်နေပြီး ရုတ်တရက် ဆိုဖာဘက်ခြမ်းမှ ထွက်လာသော အသက်ရှုသံကို စူးထောင်ကြားလိုက်ရ၏။
သူမဆိုဖာဆီသို့ လမ်းလျှောက်လာသောအခါ ရှဲ့ကျင်သည် ဆိုဖာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်ကို တွေ့သွားသည်။
စူးထောင်က သူ့ကိုကျော်ပြီး တွန်းလိုက်သော်လည်း တုံ့ပြန်မှုမရှိသလို ခြေထောက်နှင့် ကန်လိုက်တော့လည်း တုံ့ပြန်မှုမရှိဖြစ်နေဆဲ။
သူမသည် ကိုယ်ကိုကိုင်းကာ သူမလက်နှင့် သူ့နှာခေါင်းကို ညှစ်လိုက်၏။ နောက်ဆုံးတွင် အသက်ရှုကြပ်လာသည့်အတွက် ရှဲ့ကျင်က ပါးစပ်ဟလိုက်ပြီး လက်ကိုမြှောက်ကာ ရှုန်းကန်ရင်း နိုးလာသည်။
သို့သော် မျက်လုံးခပ်ဟဟသာ ပွင့်လာပြီး နိုးတစ်ဝက်အိမ်မက်အခြေအနေတွင် သူ့အရှေ့ကလူဟာ စူးထောင်မှန်းသိသွားတော့ သူ့ရင်ခွင်ထဲ သူမကိုဆွဲသွင်းလိုက်ရင်း တီးတိုးရေရွတ်နေ၏။ "ရှောင်ထောင်လေး ပြဿနာမရှာနဲ့တော့။"
စူးထောင်သည် သူမတတ်နိုင်သမျှ အစွမ်းကုန် ရုန်းကန်ပြီးနောက်တွင် သူ့လက်မောင်းကြားမှ ထွက်လာနိုင်ခဲ့ပြီး ကော်ဇောပေါ်သို့ ပြုတ်ကျသွားသည်။
ကော်ဇောသည် အတော်လေးကို နူးညံ့ပျော့ပျောင်းကာ နဂိုမာနေသောကြမ်းပြင်ထက် နင်းရတာပိုအဆင်ပြေ၏။ စူးထောင်သည် ခေါင်းကို ပြင်းပြင်းထန်ထန်ခါလိုက်ပြီး သူမတော့ ရှဲ့ကျင်ရဲ့ ဦးနှောက်ဆေးတာ ခံလိုက်ရပြီဟု ခံစားလိုက်ရသည်။
သူမထဖို့လုပ်နေစဉ် ခြေဖဝါးဘေးတွင် ခေါက်ထားသော စာရွက်တစ်ရွက်ကို တွေ့သွားပြီး ဖွင့်ဖတ်ကြည့်လိုက်ရာ သူမအိမ်ထဲတွင် ပေါ်လာသည့်ပစ္စည်းများနှင့် သက်ဆိုင်သော ဘရန်းနာမည်များနှင့် ပြည့်နေ၏။
စာရွက်၏ အဆုံးနေရာ၌ တခြားစာကြောင်းများထက် ပိုလေးနက်ပုံရသည့် စာကြောင်းတစ်ကြောင်းရှိနေကာ သူရေးနေတဲ့အချိန်မှာ ဘယ်လောက်တောင် အားစိုက်ရေးထားလဲဆိုတာ သူမခံစားနိုင်၏။
- ကိုယ့်ရဲ့ကျန်နေတဲ့ ဘဝသက်တမ်း တစ်လျှောက်လုံးမှာ မင်းကိုမင်းသမီးလေးတစ်ပါးလို အလိုလိုက်သွားပါ့မယ်။