အခန်း (၄၈)
Vol. 5 Ch. 48
မနေ့ညက အွန်လိုင်းပေါ်တွင် အိမ်အသုံးအဆောင်ပစ္စည်းများကို ရွေးချယ်နေသောကြောင့် 4 နာရီသာအိပ်ခဲ့ရသည့် ရှဲ့ကျင်သည် ည10နာရီခွဲမှသာ နိုးလာသော်လည်း မူးနောက်နောက်ဖြစ်နေဆဲပင်။
သူရှိနေသည့်နေရာသည် ကျန်းချန်က စူးထောင်၏ အိမ်ဖြစ်ကြောင်း အချိန်ခဏကြာပြီးမှသာ သတိထားမိသွားသည်။
ရှဲ့ကျင်သည် ထလိုက်ပြီး တင်းတင်းပိတ်ထားသည့် အိပ်ခန်းတံခါးကိုကြည့်လိုက်ကာ ခြေသံဖွဖွနင်းရင်း တံခါးကိုလှည့်လိုက်သောအခါ မထင်မှတ်ဘဲ တံခါးကပွင့်သွား၏။
သူဝယ်ထားသည့် အိပ်ခန်းနံရံကပ် မီးအိမ်အသစ်ကို ဖွင့်ကာ ခပ်မှိန်မှိန်အလင်းရောင် အနေအထားကို ချိန်ညှိလိုက်ပြီးနောက်တွင် သူဝယ်ထားသည့် ယုန်အရုပ်လေးကို ပွေ့ဖက်ထားရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်စူးထောင်ကို တွေ့သွားသည်။
သူသည် တစ်ဖက်ခြမ်းရှိစောင်ကို ဂရုတစိုက်မလိုက်ရင်း တိုးဝင်လိုက်ကာ ထိုယုန်ရုပ်ဘေးတွင် ခေါင်းကိုချလိုက်ပြီး စူးထောင်၏ လက်ကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် တစ်မိနစ်ပင်မကြာလိုက် နောက်တစ်ကြိမ် သူအိပ်ပျော်သွားပြန်သည်။
တစ်ညလုံး အိမ်မက်မမက်ခဲ့ဘဲ အချိန်ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်းမသိသော ရှဲ့ကျင်သည် ရုတ်တရက် နူးညံ့ပျော့ပျောင်းသည့်အရာတစ်ခုက သူ့ကိုလာရိုက်နေသဖြင့် သူ၏ရှားရှားပါးပါး ကောင်းမွန်သော အိပ်စက်ခြင်းမှာ အနှောက်အယှက်ဖြစ်သွား၏။
မျက်မှောင်ကြုတ်ကာ ဒေါသတကြီးဖြင့် မျက်လိုက်ဖွင့်လိုက်သည်။ သူ၏နက်မှောင်သော မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး စိတ်ထဲမှာတော့ သူ့ကိုလာနှိုးလိုက်တဲ့သူအတွက် အုတ်ဂူတူးပေးထားပြီးပြီ။
မမျှော်ထားစွာဖြင့် သူ့မျက်လုံးထဲဝင်လာသည့်အရာမှာ အေးချမ်းပြီး တည်ငြိမ်လှပသော မျက်နှာလေးတစ်ခုဖြစ်၏။
အခိုးအငွေ့ပင်မပေါ်ဘဲ မီးတောက်မှာ ချက်ချင်းငြိမ်းသက်သွားပြီး အပြုံးမျက်နှာဖြင့် ရှဲ့ကျင်က ပြောလာသည်။" မောနင်း ရှောင်ထောင်လေး။"
"ထွက်သွား" စူးထောင်က ပြောလိုက်၏။
"အိုကေပါ"
စူးထောင်သည် ဒီနေ့အလုပ်မသွားဘဲ ထိုအစား ကျန်းနျန်၏ ဗီလာကိုသာ တိုက်ရိုက်သွားခဲ့သည်။
မနက်လုံးစောင့်ကြပ်ပြီးနောက် ချင်ရွှယ်ရှီး အပြင်ထွက်လာတာကို မတွေ့ခဲ့သော်လည်း ကျန်းနျန်ထွက်သွားတာကိုတော့ သူမတွေ့လိုက်၏။
စူးထောင်သည် ကားထဲမှထွက်လာခဲ့ပြီး ဗီလာဝင်ပေါက် အချက်ပေးခလုတ်ကို နှိပ်လိုက်သည်။
ဗီလာ၏နောက်ဖေး မြက်ခင်းပြင်တွင် ချင်ရွှယ်ရှီးသည် သူမ၏ ခြေထောက်ကို ခြုံစောင်တစ်ထည်ဖြင့် ဖုံးထားပြီး ရေနွေးသောက်ကာ သန္ဓေသားကို နွေးထွေးစေရန်နှင့် သက်သောင့်သက်သာရှိစေရန် ဂရုတစိုက်နှင့် သူမဗိုက်ဖောင်းဖောင်းကို အဆက်မပြတ် ပွတ်ပေးနေ၏။
အိမ်ထဲ၌ပင် သူမက ပန်းရောင်ကို ဝတ်ဆင်ထားပြီး ပန်းရောင်ကို သူမတကယ်ကြိုက်ပုံရ၏။
သူမလက်မောင်းတွင် အမာရွတ်နှစ်ခုကို စူးထောင်တွေ့သွားသည့်အခါ မသိမသာ မျက်မှောင်ကြုတ်သွားပြီး အကြည့်လွှဲလိုက်သည်။
"ဒီနေရာကို နင်ဘယ်လိုရှာတွေ့သွားတာလဲ။" ချင်ရွှယ်ရှီးသည် ရေဖန်ခွက်ကိုချလိုက်ပြီး သူမ၏အကြည့်မှာ လွန်ခဲ့သည့်တစ်နှစ်ခန့်က စူးထောင်ပထမဆုံးအကြိမ် တွေ့ဖူးသည်ထက် ပို၍ရက်စက်ပုံရ၏။ " ငါလုပ်တာမှန်း ဒီလောက်မြန်မြန်ကြီး နင်ရှာတွေ့သွားတယ်ပေါ့လေ။ နင်ရှဲ့ကျင်ကို ဖမ်းနိုင်တာ မဆန်းတော့ပါဘူး။ တော်တော် ဉာဏ်ကောင်းသားပဲ။"
စူးထောင်သည် မျက်လွှာချက်လိုက်ပြီး သူမမျက်တောင်များအောက်ရှိ သူမမျက်လုံးထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ ချင်ရွှယ်ရှီးတစ်ယောက် ဤမျှတဲ့တိုးဝန်ခံမယ်ဟု သူမ မမျှော်လင့်ထားပေ။
" ထောက်ခံချက် သဘောတူမှုစာချုပ်ကို ငါဘာလို့ဝင်နှောက်ယှက်ရလဲဆိုတာ နင်မေးချင်နေတာမလား။" ချင်ရွှယ်ရှီး၏ လေသံထဲတွင် ချဉ်စူးသည့် အရိပ်အယောင်များရှိနေ၏။ သူမက အေးစက်စက်ရယ်လိုက်ရင်း "ငါနင့်ကို မုန်းလို့။"
"အဲဒီတုန်းက ရှဲ့ကျင်က ငါ့ကိုအသေသတ်လုနီးပဲ။ ငါသာ လောင်ကျိုးရဲ့ပေါင်ကို မဖက်ထားမိရင် အခုအချိန်လောက်ဆို ငါထောင်ထဲ ရောက်နေမှာစိုးရတယ်။ သူ့ကိုလက်စားချေလို့ မရဘူးဆိုမှတော့ နင့်ကိုပဲလက်စားချေရတော့မှာပေါ့။ ငါ့ကိုအေးအေးချမ်းချမ်း နေခွင့်မရအောင်လုပ်ရင် နင်တို့လည်းအေးအေးချမ်းချမ်း နေရဖို့မမျှော်လင့်နဲ့။"
ချင်ရွှယ်ရှီးက သူမလက်ထဲရှိဖန်ခွက်ကို ပစ်ပေါက်လိုက်ရာ ကြမ်းပြင်နှင့်ထိသွားပြီး အပိုင်းအစများစွာ ကွဲထွက်သွားသည်။
ဝင်လာကတည်းက စူးထောင်ဟာ ဘာတစ်ခွန်းမှ မပြောရသေးပေ။ ချင်ရွယ်ရှီးတစ်ယောက်ထဲကသာ သူ့ဘာသာသူပြောနေပြီး သူ့မေးခွန်းသူပြန်ဖြေနေ၏။ ကြည့်ရသည်မှာ စူးထောင်က ဘာမေးခွန်းမှ မေးစရာမလိုပုံရပြီး ချင်ရွှယ်ရှီးက ကိုယ့်ခံစားချက်တွေကို ကိုယ်တိုင်ထုတ်ပြောနေသည်။
ကြည့်ရသည်မှာ သူမတကယ်ကို နာကျည်းနေပုံရပြီး တစ်နှစ်ကြာပြီးတာတောင် အမုန်းတရားက မပျောက်သွားဘဲနဲ့ ပိုပြီးတော့တောင်တိုးလာ၏။ ဘယ်သူမှမမေးသော်လည်း တစ်ကမ္ဘာလုံးသိအောင် ခံစားချက်များကို ဖွင့်ထုတ်နေ၏။
"ငါက ကုမ္ပဏီကို သူနဲ့တစ်ဆင့်ပြီးတစ်ဆင့် ထူထောင်ခဲ့ပေမယ့် နင့်အတွက်နဲ့ ငါ့ကိုရာထူးကနေဖယ်ထုတ်ပြီး အဝေးကိုပို့လိုက်တာ။ နင်နဲ့ယှဉ်ရင် ငါကဘာတွေများချို့တဲ့နေလို့လဲ။" ချင်ရွှယ်ရှီးက သန္ဓေသားကို ကာကွယ်တာတွေ မလုပ်တော့ဘဲ အတိတ်အကြောင်း ပြောထုတ်လာသည်နှင့်အမျှ ဒေါသူပုန်ထလာသည်။
"ငါတို့က ပရောဂျက်အသစ် အောင်မြင်မှုအတွက် အောင်ပွဲကျင်းပနေရုံပါ။သူကဘာလို့ငါ့ကို ဒီလိုဆက်ဆံရတာလဲ။ နင်ထွက်သွားတာ ငါနဲ့ဘာဆိုင်လို့လဲ။ငါတို့ရဲ့အရင်က ခင်မင်မှုတွေကိုတောင် မထောက်ဘဲ ငါ့ကိုထောင်ထဲ အတင်းဝင်ခိုင်းနေတယ်။ ငါသူ့ကို ၆နှစ်တောင် ချစ်လာခဲ့တာ သိလား!"
နောက်ဆုံးစကားပြောနေရင်းနှင့် ချင်ရွှယ်ရှီးကသည်းထန်စွာ ငိုကြွေးနေကာ လူယုတ်မာတစ်ကောင်၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရသလိုမျိုး သူမ၏အချစ်များသည် စိတ်ဆင်းရဲခြင်းဖြစ်သာ အဆုံးသတ်သွား၏။
ချင်ရွှယ်ရှီး၏ စွပ်စွဲချက်များက စူးထောင်၏ရှိရင်းစွဲအသိအမြင်များကို ချိုးဖျက်ကာ အချက်အလက် အမြောက်အများကို ပေးလာသည်။
သူမစကားတွေသာအမှန်ဆိုရင် ရှဲ့ကျင်၏ အစားထိုးချစ်သူဟူသည့် အတင်းအဖျင်းကို စူးထောင်သံသယဝင်မိသွား၏။ သူတို့နှစ်ယောက် အမှန်တကယ်ချစ်နေကြတယ်ဆိုရင် ကိစ္စကဘယ်လောက်ပဲကြီးကြီး ချင်ရွှယ်ရှီးကို ထောင်ထဲထည့်လောက်မှာမဟုတ်ဘူးလေ။ ဟုတ်တယ်မလား။
စူးထောင်သည် ချင်ရွှယ်ရှီး၏ လက်ရှိနာကျင်မှုထဲ နစ်မြုပ်နေသည်ကို အခွင့်ကောင်းယူကာ ဖြည်းညင်းစွာ ပါးစပ်ဖွင့်လိုက်ပြီး အချက်အလက်များကို မျှားထုတ်လိုက်သည်။ " အရင်တုန်းက သူ့အတွက် နင်တော်တော်လေး ပေးဆပ်ခဲ့တာလား။"
မျက်ရည်ဥကြီးများက ချင်ရွှယ်ရှီး၏မျက်နှာပေါ်သို့ ပိုးပိုးပေါက်ပေါက်ကျလာပြီး သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ဝမ်းနည်းပူဆွေးနေ၏။
"ငါသူ့ကို ဘယ်လောက်တောင် ချစ်လဲဆိုတာ နင်သိလား။ သူက အမြဲတမ်းငါ့ကို အသင့်ချုပ်ပန်းရောင်ဝတ်စုံတွေ မှာခိုင်းတယ်။ သေချာပေါက် အတွန့်၆ထပ်ပါရမယ်တဲ့။ ဒီလိုမျိုး ပန်းရောင်ဝတ်စုံ ဝတ်ထားတဲ့မိန်းကလေးကို သူသဘောကျတယ်ထင်လို့ ငါ့အင်္ကျီတွေအကုန်လုံးကို ပန်းရောင်တွေကြီးပဲ ပြောင်းလိုက်တယ်။သူ့ဆီမှာ သူ့အမေချန်ထားတဲ့ ဘိုးဘွားပိုင် လက်ကောက်တစ်ကွင်းရှိတယ်။ အဲဒီလက်ကောက်က အနာဂတ်ချွေးမအတွက်တဲ့လေ။ ဒါကြောင့် ငါတိတ်တိတ်လေး ပုံစံတူတစ်ကွင်း သွားလုပ်လိုက်တယ်။ သူ့အရှေ့မှာတော့ မဝတ်ထားရဲဘူး။ အမြဲတမ်း ဂရုတစိုက်နဲ့ဖုံးတယ် ဒါပေမယ့် သူများသိသွားရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ သိချင်လို့ တမင်ကိုနည်းနည်းလေး ပြပေးလိုက်တယ်။ ရလာဒ်အနေနဲ့ သူကငါ့အပေါ် အကြည့်တစ်ချက်တောင် မပေးလာဘူး။ ငါအဲဒီလက်ကောက်ကို ဝတ်ထားတာ တော်တော်ကြာခဲ့ပေမယ့် သူလုံးဝသတိမပြုမိဘူးတဲ့လေ။ သူ့အတွက်နဲ့ စိတ်ကူးတွေ၊ လုံ့လဝိရိယတွေ အများကြီး ငါစိုက်ထုတ်ထားပေးတာ။ နင်ရောဒီလိုမျိုးလုပ်နိုင်လို့လား။ သူ့အချစ်တွေနင်ပိုင်ဆိုင်ရအောင် နင့်မှာဘာအခွင့်အရေးရှိလို့လဲ။"
စူးထောင်သည် သူမအရှေ့ရှိ ရူးသွပ်လုနီးပါး အမျိုးသမီးကို ငေးကြောင်ကြောင် ကြည့်နေပြီး သူမ၏ စိတ်ထဲတွင်လည်း အတွေးများဖြင့် ချာချာလည်နေသည်။
အရင်က ကောလဟာလတွေ၊ ပန်းရောင်ဝတ်စုံတွေ၊ ဆင်တူလက်ကောက် ဒါတွေအားလုံးဟာ ရှုပ်ထွေးနေတဲ့ ချည်ထွေးလုံးကြီးနဲ့ တူပေမယ့် ချည်အဆုံးကို သူမချက်ချင်း ရှာတွေ့နိုင်ပုံရ၏။ ချည်တစ်ချောင်းဆွဲလိုက်ရုံနဲ့ ချည်ထွေးလုံးကြီးက လုံးဝပြေသွားမှာပဲ။
ခပ်ပြတ်ပြတ်ပြောရရင် နင်တို့နှစ်ယောက်စလုံးကိုမုန်းတယ်။ အခုအချိန်ငါ့မှာအင်အား မရှိသေးပေမယ့် အနာဂတ်မှာ ငါအင်အားရှိလာမယ့်အချိန်ကို စောင့်ကြည့်နေလိုက်" ထိုသို့ပြောနေရင်း မသိစိတ်နှင့် သူမ၏ဗိုက်ကို ပွတ်သပ်လိုက်သည်။ထို့နောက် သူမက" နင်နဲ့ရှဲ့ကျင် ကောင်းကောင်းနေရဖို့ မထင်နဲ့။"
စူးထောင်၏ မျက်တောင်များက မသိမသာတုန်ယင်သွားပြီး ကြည့်ရသည်မှာ ရုတ်ထွေးနေသည့် ချည်လုံးကြီးမှ သဲလွန်စကို ဖမ်းဆုပ်မိသွားပုံရ၏။ နောက်ဆုံးမှာမူ သူမရောက်လာသည့်အလျှောက်လုံး၌ ပထမဆုံးအကြိမ် စာကြောင်းအပြည့်အစုံ ပြောလိုက်၏။
"ရှဲ့ကျင် နင့်ကို ထွက်သွားခိုင်းတာက နင်တို့နှစ်ယောက်ကြားက အနမ်းကြောင့်လား။"
ချင်ရွှယ်ရှီး၏ မျက်နှာသည် မျက်ရည်စီးကြောင်းများရှိနေကာ နီရဲနေသော မျက်လုံးများထဲတွင်လည်း အမုန်းတရားများ ရှိနေဆဲဖြစ်သည်။ စူးထောင်၏စကားကြောင့် သူမငေးကြောင်ကြောင် စိုက်ကြည့်လာပြီး စူးထောင်၏ ဆိုလိုရင်းကို နားမလည်သေးပုံရကာ "ဘာအနမ်းလဲ။"
"အရင်က နင်သူ့ကိုမနမ်းဖူးဘူးလား။" စူးထောင်သည် လွန်ခဲ့သည့် တစ်နှစ်ကအတိုင်း တည်ငြိမ်စွာဖြင့် သူမကိုကြည့်လိုက်၏။ သူမစိုက်ကြည့်လေလေ ချင်ရွှယ်ရှီးက အပြစ်ရှိသလို ပိုခံစားရလေ။
စူးထောင်သည် သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး တစ်ချို့အရာများကို ထပ်မံအတည်ပြုရန် လိုသေးကြောင်း ခံစားလိုက်ရသည်။
သူမက ဘာတစ်ခွန်းမှ မပြောဘဲ ထထွက်လာလိုက်၏။သူမ၏အနောက်ဘက်မှ ချင်ရွယ်ရှီး၏ နှိုးဆွရန် ကြိုးပမ်းနေသည့်အသံကို ကြားလိုက်ရသည်။ ကြည့်ရတာ စူးထောင်ကို နှိုးဆွနိုင်မည်ဟု ထင်နေပုံရ၏။
"ဒါပေါ့ ငါတို့နမ်းခဲ့တယ်။ ငါတို့ အဲဒါကိုတောင် လုပ်ဖူးတယ်။ အထူးသဖြင့် သူက အိမ်ရာပေါ်မှာဆို တော်တော်လေးကြမ်းတာ။ ငါနဲ့သူ...."
စူးထောင်သည် ဗီလာမှထွက်သွားခဲ့ပြီဖြစ်သည့်အတွက် သူမ၏တမင်တကာ အော်ပြောနေသည့်အသံကို မကြားနိုင်တော့ချေ။ တင်းမာသည့်မျက်နှာဖြင့် သူမမောင်းထွက်သွားတော့သည်။
ကုမ္ပဏီကိုပြန်ရောက်သည်နှင့် မြေအောက်ထပ်တွင် ကားပါကင်ထိုးလိုက်၏။ သူမသည် ကားပေါ်မှမဆင်းဘဲ အတွေးများကိုပြန်စုစည်းကာ လီယာကျယ်ဆီသို့ ဖုန်းခေါ်လိုက်သည်။
"ကျဲ" ဖုန်းကချိတ်ဆက်သွားသည်နှင့် စူးထောင်က အဓိကအချက်ကို တန်းပြောလိုက်၏။"ကျဲ ဥက္ကဌကျန်းဆီမှာ အငယ်အနှောင်းရှိမှန်း သိပြီးပြီလား။"
"ငါသိတယ်" လီယာကျယ်၏တည်ငြိမ်သော အသံက ဖုန်းတစ်ဖက်မှ ထွက်လာသည်။
ဒါပေါ့ လီယာကျယ်က ဒီအကြောင်းသိနေတာကြာပြီ။သူမရဲ့တရာဝင်ဇနီးရာထူးနေရာကို လာမခြိမ်းခြောက်သရွေ့တော့ ကျန်းနျန်ဘယ်လိုပဲ ခြေရှုပ်နေပါစေ သူမဝင်စွက်ဖက်မှာ မဟုတ်ဘူး။
စူးထောင် - "အဲဒီအငယ်အနှောင်းက ကိုယ်ဝန်ရှိနေတယ်။"
ဖုန်းတဖက်တွင် တခဏတာ တိတ်ဆိတ်သွားပြီး ရုတ်တရက် ပေါ့ပေါ့ပါးပါးရယ်လိုက်သည့်အသံ ထွက်လာ၏။ "ဒီအငယ်အနှောင်းက တော်တော်လေး ရည်မှန်းချက်ကြီးပေမယ့် သူမရဲ့ဉာဏ်ရည်ကတော့ မမြင့်ဘူးပဲ။"
စူးထောင်က အံ့ဩသွားပုံရပြီး လီယာကျယ်၏ စကားကို သူမအပြည့်အဝ နားမလည်ချေ။
လီယာကျယ်သည် ချက်ချင်းပင် သူမဆိုလိုချင်သည့်အဓိပ္ပာယ်ကို ရှင်းပြလာသည်။"ကျန်းနျန်က မြုံနေတာလေ။ ဒီလိုမျိုးဖြစ်မှာကို ကာကွယ်ဖို့ ငါပိုက်ဆံတွေအများကြီးသုံးပြီး ဒီလျို့ဝှက်ချက်ကို ဖုံးဖိထားတာ။"
စူးထောင်က အံ့ဩမင်သက်သွား၏။ ဆိုလိုတာက ချင်ရွှယ်ရှီးက တခြားတစ်ယောက်ရဲ့ကလေးကို လွယ်ထားတာပေါ့။ ပြီးတော့ ဒါကိုကျန်းနျန်က မသိသေးဘူး။"
ဒါဆို တကယ်လို့များ ကျန်းနျန်သာသိသွားရင် ချင်ရွှယ်ရှီးက သေချာပေါက် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး။
စူးထောင် - "ကျဲ အဲဒီအငယ်အနှောင်းကို ညီမသိတယ်။ သူနဲ့ ညီမကြားမှာ နက်ရှိုင်းတဲ့အမုန်းတရားတွေ ရှိတယ်လေ။ သူက ညီမရဲ့ ထောက်ခံချက်စာချုပ်ကို ဟန့်တားဖို့ ဥက္ကဌကျန်းကို လှုံ့ဆော်တဲ့သူပဲ။"
လီယာကျယ် - "ဒါဆို ငါသဘောပေါက်ပြီ။ ဒီကိစ္စကို အစ်မကိုင်တွယ်ပေးမယ်။ ငါ့ဆီက သတင်းကိုစောင့်နေနော် ထောင်ထောင်။"
စူးထောင်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းကိုချလိုက်ပြီး မော့ကြည့်လိုက်ရာ ကားပြတင်းမှတဆင့် အရပ်မြင့်မြင့်၊အကြင်နာမဲ့သည့်ပုံရပ်က သူမဆီသို့ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ သူမ၏ စိတ်ထဲတွင် ချင်ရွှယ်ရှီး၏ သည်းထန်စွာ ငိုကြွေးနေသံကို နောက်တဖန်ကြားနေရ၏။
"ရှဲ့ကျင်က ငါ့ကိုအသေသတ်လုနီးပဲ။"
"ပန်းရောင်ဝတ်စုံ ဝတ်ထားတဲ့မိန်းကလေးကို သူသဘောကျတယ်ထင်လို့ ငါ့အင်္ကျီတွေအကုန်လုံးကို ပန်းရောင်တွေကြီးပဲ ပြောင်းလိုက်တယ်။"
"ငါတိတ်တိတ်လေး ပုံစံတူလက်ကောက်တစ်ကွင်း သွားလုပ်လိုက်တယ်။ သူ့အရှေ့မှာတော့ မဝတ်ထားရဲဘူး။အမြဲတမ်း ဂရုတစိုက်နဲ့ဖုံးတယ် ဒါပေမယ့် သူများသိသွားရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ သိချင်လို့ တမင်ကိုနည်းနည်းလေး ပြပေးလိုက်တယ်။"
...
စူးထောင်သည် မျက်လုံးများကိုမှိတ်လိုက်ပြီး ရှုပ်ထွေးမှုများနှင့် ရှုပ်ယှက်ခတ်မှုများကို ဖုံးကွယ်လိုက်ပြီးနောက် တံခါးဖွင့်ကာ ကားပေါ်မှ ဆင်းလိုက်သည်။
ရှဲ့ကျင်က တစ်မနက်ခင်းလုံး အလုပ်များနေပြီး ကားတစ်စီးကိုယူကာ နေ့စဉ်သုံးပစ္စည်းများဝယ်ပြီးနောက် စူးထောင်ကုမ္ပဏီ၏ မျက်နှာချင်းဆိုင် အဆောက်အဦဆီသို့ ပြောင်းရွေ့ခဲ့၏။
ဒီတစ်ကြိမ်တွင် သူမ၏ငြင်းဆန်မှုကို လျစ်လျူရှုလိုက်ပြီး သူမဘက်က ရိုက်နှက်တာ၊ ကြိမ်းမောင်းတာတွေ လုပ်လာရင်တောင်မှ သူမအနားမှာပဲ ကွပ်တွယ်ပြီး တိတ်တိတ်လေး ကာကွယ်ပေးသွားမယ်။
အစကတော့ အရသာရှိတဲ့အစားအစာတွေကို သူမအတွက် ဝယ်သွားပေးမလို့ပဲ။ သူမ မကြိုက်လို့ လွင့်ပစ်မယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး။
ဒါပေမယ့် အဆောက်အဦကနေ ထွက်ထွက်ချင်း စူးထောင်ရဲ့ကားကို သူမြင်ရမယ်လို့ မမျှော်လင့်ထားဘူး။
ရှောင်ထောင်လေးကို မြင်လိုက်ရသည့်အခါ သူ၏ နှုတ်ခမ်းမှာ မသိမသာ ကွေးတက်သွားပြီး ခြေလှမ်းကျဲကြီးများဖြင့် ခပ်မြန်မြန်လျှောက်လိုက်သည်။
ရုတ်တရက် အနက်ရောင်ကားတစ်စီးက စူးထောင်၏ ကားနံဘေးရှိ လမ်းအလယ်တွင် ရပ်သွားပြီး ပါကင်ထိုးထားသည့် အနေအထားကြောင့် သူအာရုံစိုက်မိသွား၏။
အနက်ရောင်ဦးထုပ်၊ mask၊ နေကာမျက်မှန်ဆောင်းထားသော ဆံပင်ရှည်ရှည် အမျိုးသမီးတစ်ဦးက ကားပေါ်မှဆင်းလာပြီး သံပုံးကိုကိုင်ထားရင်း စူးထောင်ဆီသို့ တည့်တည့်လျှောက်လာသည်။
ရှဲ့ကျင်က သူ၏ခြေလှမ်းကို အရှိန်တင်ကာ ခပ်မြန်မြန် လျှောက်လာခဲ့၏။
ရှဲ့ကျင်က ကြောက်လန့်တကြား မျက်နှာထားဖြင့် သူမဆီသို့ ပြေးလာသည်ကို မြင်လိုက်ရသောအခါ စူးထောင်သည် ချက်ချင်းပင် နိုးနိုးကြားကြားဖြစ်သွားပြီး ရပ်လိုက်သည်။ သူမ၏မျက်လုံးထောင့်မှတဆင့် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က သူမထံလှမ်းလာနေသည်ကို တွေ့သွား၏။ ထိုအနက်ရောင်ဝတ်စုံနှင့်လူက အနားသို့မရောက်ခင်တွင် ရုတ်တရက် သူမလက်ထဲရှိ သံပုံးကိုမြောက်ကာ လောင်းလိုက်ဟန်ပြုလာသည်။
စူးထောင်က ချက်ချင်းပင် ဘေးဘက်သို့ ရှောင်လိုက်၏။ သူမ ရှောင်နိုင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်ရှိသော်လည်း ရုတ်တရက် လက်တစ်ဖက်က ကာကွယ်ရန်အလို့ငှာ တွန်းထုတ်လိုက်သဖြင့် သူမဟန်ချက်ပျက်သွားကာ လမ်းပေါ်သို့လဲကျသွား၏။
စေးပျစ်သော အနီရောင်ရေအားလုံးက ရှဲ့ကျင်ပေါ်သို့ တစ်စက်မကျန်ကျလာသည်။
သွေးညှီနံ့ပြင်းပြင်းလှိုင်ထလာပြီး ဝက်တစ်ကောင်၏ သွေး ဖြစ်ပုံရ၏။
သွေးများသည် ရှဲ့ကျင်၏ခေါင်းမှ တဖြည်းဖြည်းစီးကျနေပုံမှာ သွေးပုံးအလောင်းခံလိုက်ရတာလား ဒါမှမဟုတ် ခေါင်းပဲကွဲသွားလို့လား ဆိုသည်ကို ပြောရခက်စေသည်။
သူသည်တစ်နေရာရာမှ နာကျင်နေသလိုမျိုး မသိမသာ မျက်မှောင်ကြုတ်လိုက်သော်လည်း ခဏကြာပြီးနောက် ပြန်တည်ငြိမ်သွား၏။ နားထင်မှတဆင့် မျက်နှာပေါ်သို့ သွေးများစီးကျနေသော်လည်း စူးထောင်ကိုသာ ကြည့်နေကာ" ဒဏ်ရာရသွားလား။ တစ်နေရာရာမှာ နာနေလား။"
စူးထောင်သည် ခေါင်းရမ်းပြလိုက်ပြီး နှစ်ယောက်သားက ရုန်းကန်ရင်း မတ်တပ်ရပ်လိုက်သည်။ သူ့ခြေကျင်းဝတ်၌ အခက်အခဲတချို့ ရှိနေပုံရသည်ကို စူးထောင်သတိပြုမိသွားသဖြင့် သူ့လက်မောင်းကို ဆုပ်ကိုင်ကာ တည်ငြိမ်အောင်လုပ်ပေးနေရင်း လမ်းဘေးဘက်သို့ အရှိန်ပြင်းပြင်း မောင်းထွက်သွားသော အနက်ရောင်ကားကို စူးစူးရဲရဲကြည့်လိုက်၏။
"ရှင်အဆင်ပြေရဲ့လား။ ရှင့်ခြေကျင်းဝတ် အဆစ်လွဲသွားတာလား။" စူးထောင်သည် သူမ၏အကြည့်ကို ရှဲ့ကျင်ထံသို့ ပို့လိုက်ရာ သွေးများဖြင့်စိုရွဲနေသော်လည်း မျက်နှာပေါ်တွင် အထိန်းအကွပ်မဲ့သည့် အပြုံးများဖြင့် သူမအားငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ရှင်ဘာရယ်တာလဲ။ သွေးတွေဖုံးနေတာတောင် ရယ်နိုင်သေးတယ်နော်။" စူးထောင်က သူ့ရဲ့အတွေးများကို လိုက်မမှီတော့ချေ။ သူမက သူ့၏ခြေထောက်ကို တဖန်ကြည့်ကာ ထပ်မေးလိုက်၏။ "ရှင်အဆစ်လွဲသွားတာလား။"
ထိုမှသာ ရှဲ့ကျင်သည် သူ၏ခြေထောက်ကို လှုပ်ကြည့်လိုက်ပြီး နှစ်စက္ကန့်လောက် တုံ့ဆိုင်းနေပြီးနောက် မျက်မှောင်ကြုတ်လိုက်ပြီး ဟန်လုပ်အော်လိုက်သည်။ "အိုင်းယား နာတယ်။"
စူးထောင် - "..."
တစ်စိတ်ကို တစ်အိတ်လုပ်နေတာပဲ!
တမင်တကာ ဟန်လုပ်နေသည့်ပုံပေါ်သော်လည်း သူ့ခြေကျင်းဝတ်မှာ အမှန်တကယ် ထိခိုက်ထားပုံရ၏။ထို့ကြောင့် စူးထောင်က ဆေးရုံပို့ရန် ကားထဲသို့ ကူတွဲပေးလိုက်သည်။
ရှဲ့ကျင်သည် သူ၏ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး အမဲရောင်စွပ်ကျယ်နှင့်သာ နေနေ၏။ ထို့နောက် ခေါင်းနှင့်မျက်နှာကိုသုတ်နေရင်း စူးထောင်ကို တားလိုက်၏။ "ဆေးရုံကိုမသွားနဲ့ဦး။ ကိုယ်က သွေးတွေပေနေတုန်းပဲဆိုတော့ ဆေးကြောသန့်စင်ဖို့ အိမ်ကိုပဲ အရင်ပို့ပေးပါ။"
စူးထောင်က မျက်စောင်းထိုးရှိ သူဝယ်ထားသည့်တိုက်ခန်းကို ညွန်ပြကာ "ရှင့်အိမ်က ဟိုမှာ။ ကျွန်မ ရှင့်ကို အိမ်ပြန်ပို့ပေးမယ်။"
"အဲဒီတိုက်ခန်းကို ကိုယ်အကုန်ရှင်းထုတ်ထားပြီးသား။အထဲမှာ ဘာမှမရှိတော့ဘူး။" ရှဲ့ကျင်သည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလာသည်။ "ရေမိုးချိုးဖို့ မင်းရဲ့နေရာကို သွားကြရအောင်။"
သူ့မျက်နှာ ဘယ်ဘက်ခြမ်းတွင် နီနီရဲရဲ သွေးအစွန်းအထင်းများကို မြင်လိုက်ရသောအခါ စူးထောင်က ဆက်ငြင်းဆန်မနေတော့ဘဲ ကားစက်နှိုးလိုက်တော့သည်။
စူးထောင်၏ အိမ်သို့ မောင်းလာသည့်တစ်လျှောက်လုံးတွင် ရှဲ့ကျင်သည် သူ၏ခြေထောက်မှာ အလွန်နာနေပြီး လမ်းလျှောက်ရန်ပင် ခက်ခဲကြောင်း ညည်းညူနေခဲ့၏။လက်နှစ်ဖက်ကို သူမပခုံးပေါ်တင်ပြီး ကိုယ်တစ်ခုလုံးမှီကာ ခက်ခက်ခဲခဲနှင့် တံခါးဆီသို့ ဝင်သွားသည်။
စူးထောင်သည် သူ့ကိုဆိုဖာပေါ်တွင်ထိုင်ရန် ကူညီပေးလိုက်ပြီး မျက်နှာသုတ်ပဝါအသစ်ကိုရှာရင်း မေးလိုက်၏။ " ရှင့်ဘာသာရှင် မတ်တပ်ရပ်ပြီး ဆေးကြောသန့်စင်လို့ရလား။"
ရှဲ့ကျင်သည် မျက်ခုံးကိုပင့်ကာ မျက်လုံးများက စူးထောင်သွားရာနောက်သို့ လိုက်နေရင်း နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ဖြစ်ထွန်းသွားသည်။ သောကရောက်နေသည့်ဟန်ဖြင့် "ဟင့်အင်း ကိုယ်မတ်တပ်ရပ်လို့မရဘူး။ကိုယ့်ကိုထိန်းပေးရင်း ဆေးကြောသန့်စင်ပေးပါနော်။"
မျက်နှာသုတ်ပဝါတစ်ထည်သည် သူ့ခေါင်းပေါ်ကျလာပြီး စူးထောင်၏ ဂရုမစိုက်ဟန်လေသံက အနောက်မှကပ်လိုက်လာ၏။ "ကျွန်မပြောချင်တာက ရေချိုးခန်းထဲမှာ ပလတ်စတစ် လက်ကိုင်တုတ်တစ်ချောင်း ပေးဖို့လိုလား၊မလိုဘူးလား။"
ရှဲ့ကျင်ရေချိုးနေစဉ် စူးထောင်သည် လေ့ရွှမ်းကို ဖုန်းဆက်လိုက်ပြီး ရှော့ပင်းစင်တာမှ အသင့်ချုပ် အမျိုးသားဝတ် နာမည်ကြီးတံဆိပ်ကို ဝတ်ခိုင်းလိုက်ပြီး အရွှယ်အစားပါ ပြောပေးလိုက်သည်။ လေ့ရွှမ်း၏ အလွန်အံ့အားသင့်နေသည့် လေသံကြားတွင် ဖုန်းချလိုက်၏။
ရေချိုးခန်းမှ ရေများကျနေသည့်အသံများနှင့်အတူ စူးထောင်သည်လည်း အစောပိုင်းက ဖြစ်ပျက်သွားသည့် ကိစ္စများဆီသို့ အတွေးရောက်သွားသည်။ ထိုဝက်သွေးနောက်ကွယ်မှလူကို အစောကတည်းက ခန့်မှန်းလိုက်နိုင်သည့်အတွက် ရဲကို သူမအကြောင်းမကြားတော့ပေ။
သူမသည် ထျန်ရင်ရင်၏ ကိစ္စများကို အချိန်နှင့်တပြေးညီ သိနေခဲ့၏။ ရိုက်ကူးရေး နောက်ဆုံးနေ့တုန်းက စူးထောင်သည် ထျန်ရင်ရင်အကြောင်းနှင့် ပက်သက်သည့် ကောလဟာများကို ကြားခဲ့သည်။
ပြောကြတာတော့ ရွေ့ချီက ထျန်ရင်ရင်ကို ban လိုက်ဖို့ အမိန့်ပေးခဲ့တယ်ဆိုလား။
ရွေ့ချီသည် ပလက်ဖောင်းကို ကိုယ်စားပြုရုံသာမဟုတ် ရင်းနှီးမြုပ်နှံသူများ၏ သဘောထားကိုလည်း ကိုယ်စားပြုသည်။ မည်သူကမျှ ရွေ့ချီနှင့် ထျန်းကျင်ကို မဆန့်ကျင်ရဲချေ။ ထိုသို့သော သတင်းသည် လုပ်ငန်းနယ်ပယ်ထဲသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။ များမကြာမီ ပလက်ဖောင်းတော်တော်များများက ထျန်ရင်ရင်ကို ငှားရမ်းတော့မည် မဟုတ်ကြောင်း ကြေငြာထုတ်လာခဲ့ကြသည်။
ထျန်ရင်ရင်သည် အင်အားကြီးသူတစ်ဦးကို ရန်စခဲ့ကြောင်း သူမအေဂျင်စီသိသွားသောအခါ သူမအလုပ်များအားလုံးကို ဖြုတ်ချလိုက်ပြီး စွန့်ပစ်လိုသည့် အရိပ်အယောင်ပြကာ သူမအားချောင်ထိုးထားလိုက်၏။
"ပွဲဦးထွက်ရာလမ်း" အစီအစဉ်မှတဆင့် သူမရလာသော သေးငယ်သည့် အရင်းအမြစ်ကိုလည်း ညတွင်းချင်းပင် တစ်ခြားသူများအား ပေးလိုက်ရသည်။ သူမ၏ကိုယ်ပိုင်ဘဝနှင့် ပက်သက်သော အပျက်သဘောဆောင်သည့် အမျိုးမျိုးသော သတင်း အချက်အလက်များသည် အွန်လိုင်းပေါ်တွင် စတင်ပေါ်ထွက်လာခဲ့၏။
အတွေ့အကြံနုစဥ်နှစ်များက ဓာတ်ပုံများနှင့် မသင့်လျော်သော အပြောအဆိုများကြောင့် သူမ၏ ချစ်စရာကောင်းပြီး ဖြူစင်သောပုံရိပ်မှာ ပြိုလဲသွားသည်။ အင်တာနက်သုံးစွဲသူများကလည်း သူမကို တစ်ညီတစ်ညွတ်ထဲ ပြစ်တင်ကြိမ်းမောင်းကာ ဖျော်ဖြေရေးလောကမှ နှုတ်ထွက်သွားရန် တောင်းဆိုနေကြ၏။
သူမပါဝင်ခဲ့သော အစီအစဉ်များကိုလည်း စာပို့ကာ ထိုအပိုင်းကို ဖြုတ်ချရန် ဖိအားပေးခဲ့ကြသည်။ မထုတ်လွင့်ရသေးသော အစီအစဉ်များကလည်း သူမပါဝင်သည့်အပိုင်းကို ဖြုတ်ချရန် အလျင်အမြန်တည်းဖြတ်လိုက်ကြ၏။
ထိုတိုက်ခိုက်မှုလှိုင်းလုံးသည် ထျန်ရင်ရင်၏ တစ်ကျော့ပြန်ပေါ်လာမည့် အခွင့်အရေးကို လုံးဝဖယ်ရှားပစ်လိုက်သည်။ ထို့ကြောင့် သူမစိတ်ဆိုးလည်း စိတ်ဆိုးလောက်စရာပါပဲ။ စူးထောင်အပေါ် ရွံရှာဖွယ်ကောင်းတဲ့ ဝက်သွေးလောင်းချင်သည့်ကိစ္စက နားလည်ပေးနိုင်စရာပါ။
သူမသည် နည်းနည်းတော့ မကျွမ်းကျင်ပုံရ၏။ ရှဲ့ကျင်ရဲ့နည်းလမ်းတွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အမှန်တကယ် ထိခိုက်အောင်မလုပ်ရဲဘဲ ဝက်သွေးနှင့်သာပက်ပြီး ဒေါသဖြေဖျောက်ရဲသည်။
ထိုစဉ်တံခါးခေါက်သံ ထွက်လာသည်။ လေ့ရွှမ်းက အင်္ကျီလာပို့တာများလား။ တံခါးကို သူမသွားဖွင့်လိုက်စဉ် ရေချိုးခန်းမှ ရေကျသံလည်းရပ်သွားပြီး ထိုအခိုက်အဆန့်တွင် ရေချိုးခန်းမှ ရှဲ့ကျင်ထွက်လာခဲ့၏။
ရှဲ့ကျင်တံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရသောအခါ လေ့ရွှမ်း၏ မျက်လုံးများက ပြူးကျယ်သွားသည်။
အပေါ်ပိုင်းဗလာ၊ ခါးတွင် မျက်နှာသုတ်ပဝါပတ်ထား ဆံပင်မှရေစက်များ တစ်တောက်တောက်စီးကျနေကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ယောက်ျားဆန်သော အငွေ့အသက်များ ထုတ်လွှတ်နေသည်။
လေ့ရွှမ်းသည် ချက်ချင်းပင် သူမမျက်လုံးကို လက်ဖြင့်ကာလိုက်သော်လည်း ရှဲ့ကျင်ဆိုတာ သေချာအောင် လက်နှစ်ချောင်းကြားမှ ခိုးကြည့်ပြီးမှသာ မြင်ကွင်းကို တဖန်ပိတ်လိုက်၏။
ဒီလိုမြင်ကွင်းမျိုးက သူမကြည့်လို့ရတဲ့အရာမျိုးမဟုတ်ဘူး။
စူးထောင်သည် သူမလွှတ်ချလိုက်သော အဝတ်အစားအိတ်ကို ကောက်ယူလိုက်ပြီး လေ့ရွှမ်းဘက်မှ မမြင်နိုင်သည်အထိ တံခါးကိုအနည်းငယ် ပိတ်လိုက်ကာ တည်ငြိမ်စွာဖြင့် ပြောလာသည်။" သူက ရေချိုးခန်းကို ခဏငှားသုံးရုံပဲ။ သိပ်အများကြီးမတွေးနဲ့။"
လေ့ရွှမ်းက သူမရဲ့လက်ကိုဖယ်လိုက်ကာ အဓိပ္ပာယ်ပါပါပြုံးရင်း ခေါင်းညိတ်ပြလိုက်ပြီး စူးထောင်အား လက်ပြနှုတ်ဆက်ကာ ဓာတ်လှေကားဆီသို့ လျှောက်သွားတော့သည်။
တံခါးကိုပိတ်လိုက်ပြီးနောက် ရုတ်တရက် သန်မာနွေးနွေးသော ရင်ဘတ်တစ်ခုက သူမနောက်ကျောကို လာဖိနေ၏။ သူမ၏ ပါးလွှာသော အဝတ်အစားကိုဖြတ်၍ သူ့ခန္ဓာကိုယ်မှ ထွက်လာသည့်အပူကို ခံစားလိုက်ရ၏။
ရှဲ့ကျင်သည် သူမကိုမှီထားရင်း အားနည်းစွာဖြင့် "ကိုယ့်ခြေထောက်နာနေတယ်။ လမ်းလျှောက်လို့မရဘူး။ မင်းကိုယ့်ကို တွဲခေါ်သွားပေးမှ ရတော့မယ်။"
စူးထောင်သည် သူ့ရင်ဘတ်အနားမှခွာ၍ ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ့လက်မောင်းကိုသာ ကိုင်ထားပေးလိုက်၏။ ထို့နောက် သူမက "အဝတ်အစားလဲပြီးရင် ကျွန်မ ရှင့်ကို ဆေးရုံလိုက်ပို့ပေးမယ်။"
ရှဲ့ကျင်၏ လေသံမှာ ပို၍ပင်အားနည်းလာပြီး ခေါင်းကလည်းကိုက်နေသည့်ဟန် နဖူးကို လက်ဖြင့်နှိပ်နေသည်။ "ဆေးရုံကို မသွားဘူး။ ကိုယ်မိသားစု ဆရာဝန်ကို ဒီကိုလာပေးဖို့ ဖုန်းဆက်ထားပြီးသား။ သူက ကိုယ့်ကိုငြိမ်ငြိမ်လေးနေပြီး အိမ်မှာပဲအနားယူနေတဲ့။ ဒီတော့ ကိုယ်မင်းရဲ့အိမ်ကနေ ထွက်သွားလို့မရတော့ဘူး မဟုတ်ရင် ကိုယ်သေချာပေါက် မသန်စွမ်းဖြစ်သွားမှာ။"
ထို့နောက် သူက ထပ်ပြောလာ၏။ " မင်းကို ကယ်နေရင်းနဲ့ ကိုယ်ဒဏ်ရာရသွားတာလေ။ ကိုယ့်ကို ဂရုစိုက်ပေးဖို့ တောင်းဆိုတာလောက်တော့ မလွန်ဘူးမလား။"
စူးထောင် - "..."
ဒီတော့ ရက်စက်တဲ့သူဌေးကြီးက အခုပဲ အန်ချင်စရာကောင်းတဲ့ ချိုမြိန်တဲ့ဇာတ်ညွန်းကို အသုံးပြုနေတာလား။
သူမတော့ အလိမ်ခံလိုက်ရပြီလို့ သံသယဝင်နေမိတယ်။