အခန်း (၄၉)
Vol. 5 Ch. 49
စူးထောင်သည် ညစာဆင်းဝယ်ပြီး ပြန်ရောက်လာသောအခါ ရှဲ့ကျင်က သူမကုတင်အား သိမ်းပိုင်ထားသည်ကို တွေ့လိုက်ရသည်။
ခဏလေးကတင် လေ့ရွှမ်းဝယ်လာသော အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ထားကာ ကုတင်ခေါင်းရင်းကို မှီရင်းအိပ်နေ၏။
ကြယ်သီးသုံးလုံး ဖြုတ်ထားသဖြင့် သူ့ရင်ဘတ်က သိသိသာသာပေါ်နေပြီး ခြေတံသွယ်သွယ်များကို အနက်ရောင်ဘောင်းဘီဖြင့် ဖုံးထားသည်။ ခြေကျင်းဝတ်ကို ပေါ့ပေါ့တန်တန် ချိတ်ထားကာ နီရဲခြင်း၊ ရောင်ရမ်းခြင်း လက္ခဏာများမပြချေ။
သူ၏ဆံပင်မှာ ခြောက်သွားပြီး သဘာဝအတိုင်းပုံကျနေကာ မျက်တောင်အောက်ရှိ မျက်လုံးများမှာ ဖုန်းကိုသာစိုက်ကြည့်နေ၏။ အလုပ်လုပ်နေပုံပေါ်သော်လည်း ခါတိုင်းနေ့များကဲ့သို့ စိတ်ဆိုးဒေါသထွက်ခြင်း ရှိမနေပေ။
"ပြန်ရောက်ပြီပေါ့။" ရှဲ့ကျင်သည် ခေါင်းထောင်လိုက်ပြီး အိပ်ခန်းတံခါးဝတွင်ရပ်ကာ သူ့အားစိုက်ကြည့်နေသော စူးထောင်ကို မော့ကြည့်လိုက်ရင်း သူ့အိမ်သူ့ရာကဲ့သို့ ပြုမူနေသည်။
"ထွက်လာခဲ့။ ကျွန်မ အိပ်ရာပေါ်ထိုင်ဖို့ ရှင့်ကိုဘယ်သူခွင့်ပြုထားလို့လဲ။" စူးထောင်သည် သူ့အား အေးတိအေးစက်ဖြင့် ထွက်သွားရန် အမိန့်ပေးလိုက်၏။
ရှဲ့ကျင်က သူ့ခြေကျင်းဝတ်ကို ညွှန်ပြကာ သနားကမားရုပ်လေးနှင့် ပြောလာသည်။" ကိုယ်ဒဏ်ရာရထားတယ်လေ။ ရွေ့ချင်တိုင်း ရွေ့လိုက်လို့မရဘူး။"
"ကောင်းပြီလေ။ ဒါဆို အိပ်ရာပေါ်မှာပဲ သေသွားတဲ့အထိ အစာငတ်ခံလိုက်။"
ရှဲ့ကျင်သည့် သူမအနောက်မှ မျက်မှောင်ကြုတ်ထားရင်း ထော့နဲ့ထော့နဲ့ဖြင့် ခြေလှမ်းလှမ်းလိုက်တိုင်း နာကျင်နေသလိုမျိုး "ကျွတ်.. ကျွတ်.."နှင့်စုပ်သပ်ကာ ခပ်မြန်မြန်ကပ်လိုက်လာ၏။
စူးထောင်သည် မြေညီထပ်ရှိ အနောက်တိုင်းစားသောက်ဆိုင်မှ ဝယ်လာသော ဗီဇာနှစ်ခုနှင့် အသားကင်များကို ထုတ်ကာ ပန်းကန်ပြားပေါ် လှယ်ထည့်လိုက်သည်။ ပန်းကန်တစ်ချပ်ကို ရှဲ့ကျင်ထံတွန်ပေးလိုက်ပြီး ဓားနှင့်ခရင်းသုံးကာ သူမဝေစုအသားများကို ဖြည်းညင်းစွာ လှီးဖြတ်နေ၏။
ရှဲ့ကျင်က မျက်တောင်များ တဖြတ်ဖြတ်ခတ်နေရင်း သူမလှီးဖြတ်ထားသော အသားကိုစိုက်ကြည့်လိုက်ပြီး ကိုယ်ကိုကိုင်းချကာ ခရင်းပေါ်ရှိ အသားကို တစ်ကိုက်ကိုက်လိုက်သည်။ နှုတ်ခမ်းထောင့်ရှိ အချဉ်ရည်ကို လျှာဖြင့်လျက်လိုက်ပြီး ကျီစယ်ဟန်ဖြင့် သူမကိုပြုံးပြလာ၏။
နှစ်စက္ကန့်လောက်မင်သက်သွားပြီးမှသာ စူးထောင်သည် သူမ၏ခရင်းကို သူ့အရှေ့တွင်ချထားသော ခရင်းနှင့်လဲလိုက်ပြီး သတိပေးသည့်လေသံဖြင့် "ကျွန်မဟာ ထပ်မခိုးစားနဲ့တော့။"
ရှဲ့ကျင်က နှုတ်ခမ်းစူလိုက်ကာ "ဒါပေမယ့် ကိုယ်ဒဏ်ရာရထားတာလေ။ ကိုယ့်ကို တစ်ကိုက်တလေတောင် မကျွေးချင်ဘူးပေါ့။"
စူးထောင်သည် တည်ငြိမ်စွာဖြင့် ပြန်လည်ချေပလိုက်သည်။ " ဒီမှာ ဒဏ်ရာထားနေတဲ့ အစ်ကိုကြီး၊ ကျွန်မအမှတ်မမှားဘူးဆိုရင် ဒဏ်ရာရတဲ့နေရာက ရှင့်ခြေထောက်မလား။ ဘာလဲ ရှင်အစားစားရင် ခြေထောက်နဲ့စားနေလို့လား။"
ရှဲ့ကျင်သည် ဤကဲ့သို့သော ဝေဖန်မှုမျိုးကို ပြန်မပြောနိုင်တော့ဘဲ ဒေါသထွက်စွာဖြင့် ဓားနှင့်ခရင်းကို ကောက်ကိုင်ကာ နာခံစွာဖြင့် စစားတော့သည်။
"ဒါနဲ့ ရဲကိုကိုယ်အကြောင်းကြားထားပြီးပြီ။ ကျင်းချွေ့ဝမ်ကိုလည်း ဒီကိစ္စကို ကိုင်တွယ်ခိုင်းထားတယ်။" စားနေရင်းနှင့် ရှဲ့ကျင်က ပြောလာ၏။
စူးထောင်က သူ့ကိုစိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ "အမ်း စီစီတီဗီမှတ်တမ်းနဲ့ လိုင်စင်နံပါတ်ပြားတွေနဲ့ဆို ဘယ်သူလဲဆိုတာ သူတို့ဖော်ထုတ်နိုင်မယ် ထင်တယ်။ကျွန်မကတော့ အဲလူက ထန်ရင်ရင်လို့ထင်တာပဲ။ ဒီတစ်ကြိမ်မှာ ရှင်ထိခိုက်သွားမယ်ဆိုတာ မထင်ထားလို့ ထွက်ပြေးသွားတာနေမယ်။"
စူးထောင်စကားပြောပြီးသည်နှင့် တပြိုင်နက် ရှဲ့ကျင်၏လက်က သူမ၏ခေါင်းပေါ်သို့ရောက်လာပြီး ကြင်ကြင်နာနှင့် ပွတ်သပ်ကာ "ကိုယ်တို့ရဲ့ ရှောင်ထောင်လေးက တော်တော်ဉာဏ်ကောင်းတာပဲ။"
စူးထောင်က သူ့လက်ကိုရှောင်လိုက်ကာ သူမဆံပင်ကို သပ်သပ်ရပ်ရပ် ပြန်လုပ်လိုက်ပြီး စိတ်မပါလက်မပါနှင့် ပြောလိုက်သည်။ " သူမကို ဖမ်းမိရင်တောင် ရက်နည်းနည်းလောက် ထိန်းသိမ်းခံရပြီးရင် ဒဏ်ငွေနည်းနည်းဆောင်လိုက်ရုံနဲ့ လွတ်လာမှာပဲ။"
ရှဲ့ကျင်၏ အနက်ရောင်မျက်လုံးများသည် မသိမသာ ကျဉ်းမြောင်းသွားကာ ရုတ်တရက် သုန်မှုန်သွားပြီး ရက်စက်သည့်အရိပ်အယောင် ပေါ်လာ၏။ စူးထောင်နှင့်ရင်ဆိုင်သည့်အခါ ပေါ့ပေါ့ပါးပါးသဘောထားကို ချပြနေသော်လည်း ခေါင်းငုံ့လိုက်သည့်အခါတွင် နဂိုရက်စက်သည့်အသွင်က ပြန်ပေါ်လာသည်။
နက်ရှိုင်းသည့် လေသံဖြင့် ဖြည်းဖြည်းချင်း ပြောလာသည်။ "ကိုယ်က တရားရုံးရဲ့အမိန့်ကိုပဲလိုတာ။နောက်ပိုင်းကျရင် သူမအတွက် ငရဲခန်းပဲ။"
သူ့ကိုကြည့်နေရင်းနှင့် စူးထောင်သည် ချင်ရွှယ်ရှီး၏ ငိုသံ တစ်ဖန်သတိရသွားသည်။ တခဏကြာ တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် သူမက မေးလိုက်၏။ "အဲဒီတုန်းက ရှင်ဘာလို့ ချင်ရွှယ်ရှီးကို အလုပ်ထုတ်ပစ်လိုက်တာလဲ။"
ရှဲ့ကျင်သည် ရုတ်တရက် ငရဲခန်းမှ လူ့ဘုံသို့ပြန်ရောက်သွားပုံရပြီး သူ၏သုန်မှုန်နေသော အကြည့်မှာလည်း ပျောက်ကွယ်သွားကာ နက်မှောင်သောမျက်လုံးများက တလက်လက် တောက်ပသွားသည်။ တခဏတာ စဉ်းစားပြီးနောက် ပွင့်ပွင့်လင်းလင်းပြောလာ၏။ "အဲဒီတစ်ယောက်က ကိုယ့်ဆီကိုလည်း နမ်းနေတဲ့ဓာတ်ပုံပို့လာလို့လေ။ မင်းသိသွားမှာစိုးလို့ ကိုယ်က အထိတ်တလန့်နဲ့ သူမကိုအဝေးပို့လိုက်တာ။"
"ဒီတော့ ကျွန်မ ချင်ရွှယ်ရှီးနာမည်ကို ထုတ်ပြောလာတဲ့အခါတိုင်း ကျွန်မပဲ ဘာမှမဟုတ်တဲ့ကိစ္စကို ပြသာနာရှာနေသလိုလို ရှင်လုပ်နေတာပေါ့။ တကယ်တော့ ရှင်အပြစ်ရှိတယ်လို့ ခံစားနေရတာမလား။"
ရှဲ့ကျင်က သူ၏နှုတ်ခမ်းထောင့်ကို ကိုက်လိုက်ပြီး နောက်ဆုံးတွင် မော့ကြည်လာကာ ဤကိစ္စကို ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ "ဟုတ်တယ် အဲဒီအချိန်တုန်းက ကိုယ်အပြစ်ရှိသလို ခံစားခဲ့ရတယ်။ ကိုယ်မနမ်းခဲ့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မှတ်မိနေပေမယ့် အဲဒီဓာတ်ပုံက ကိုယ့်ကိုထိတ်ထိတ်ပျာပျာ ဖြစ်အောင်လုပ်နေတယ်။ မင်းရဲ့အောက်ထစ်စည်းကို ကိုယ်သိနေတာမို့လို့ တကယ်လို့များ မင်းသာဒီဓာတ်ပုံအကြောင်းသိသွားရင် နားလည်မှုလွဲသွားမှာ ကိုယ်ကြောက်တယ်။"
ပြောရမယ်ဆိုရင် အဲဒီကိစ္စကို ရင်ဆိုင်ဖို့သတ္တိနည်းလွန်းတာကြောင့် အမှားတွေကိုပဲ ဆက်တိုက်တစ်ခုပြီးတစ်ခု လုပ်မိနေတယ်။
"ရှောင်ထောင်လေး ကိုယ်မင်းအပေါ် သစ္စာဖောက်တာမျိုး တစ်ခါမှမလုပ်ခဲ့ဖူးဘူးဆိုတာ သက်သေပြပေးမှာမို့ ကိုယ့်ကိုအချိန် ခဏပဲပေးပါနော်။"
ရှဲ့ကျင်၏ စစ်မှန်ရိုးသားသောအကြည့်က အရောင်တလက်လက် တောက်ပနေ၏။ နှစ်ယောက်သားမှာ အချိန်အတော်ကြာအောင် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်နေပြီးနောက် စူးထောင်ဘက်က အရင်အကြည့်လွှဲသွားကာ ဘာစကားမှ ထပ်မပြောလာတော့ချေ။
--------
ရှဲ့ကျင်သည် ဧည့်ခန်းတွင် အိပ်လိုက်ရသည်။ စူးထောင်သူ့ကို နေခွင့်ပေးတာနဲ့တင် သူကျေနပ်နေပြီ။ တခြားဘာတောင်းဆိုမှုမှ သူထပ်မလုပ်ရဲတော့ပေ။
နောက်တစ်နေ့မနက်၌ စူးထောင်သည် အဝတ်အစားကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး အိပ်ခန်းမှထွက်လာသောအခါ မနက်စာအပြည့် ခင်းထားသည့် ထမင်းစားပွဲ၌ ထိုင်နေသောရှဲ့ကျင်ကို သူမတွေ့လိုက်ရ၏။
လမ်းလျှောက်လာနေရင်းနှင့် မနက်စာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါ စူးထောင်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။
ခင်းကျင်းထားသော မနက်စာများမှာ လွန်ခဲ့သည့် လေးနှစ်ခန့်က မနက်တိုင်းလိုလို ရှဲ့ကျင်အတွက် သူမပြင်ဆင်ပေးလေ့ရှိသော ကြက်ဥကြော်၊ ပေါင်မုန့်မီးကင်၊ နွားနို့ပူပူ အစရှိသောအရာများဖြစ်၏။
စူးထောင်၏ အကြည့်များက မနက်စာမှ ရှဲ့ကျင်၏ မျက်နှာဆီသို့ ရွေ့သွားပြီး တုံ့ဆိုင်းတုံ့ဆိုင်းနှင့် မေးလာသည်။ " ဒါတွေက ရှင်လုပ်ထားတာလား။"
ဆရာမ၏ ချီးမွမ်းမှုကို စောင့်မျှော်နေသော ကျောင်းသားလေးကဲ့သို့ အနည်းငယ်ဂုဏ်ယူနေသည့် အမူအရာဖြင့် ရှဲ့ကျင်က ခေါင်းညိတ်ပြလိုက်၏။
စူးထောင်က ပေါင်မုန့်မီးကင်တစ်ချပ်ယူပြီး နွားနို့တစ်ငုံသောက်ကာ သူ၏အချက်အပြုတ်စွမ်းရည်ကို အသိအမှတ် ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။ထို့နောက် သူမ၏အိတ်ကိုယူကာ အပြင်ထွက်ရန် ပြင်ဆင်တော့သည်။
"မင်းအလုပ်သွားမလို့လား။" ရှဲ့ကျင်သည် သနားကမားရုပ်လေးနှင့် သူမအား မက်မက်မောမောကြည့်ကာ " မင်းသွားရင် ကိုယ်ဘယ်လိုလုပ်ရမလဲ။"
စူးထောင်သည် တံခါးသော့ကို သူ့ဆီထားခဲ့လိုက်ပြီး ဝင်ပေါက်မှရပ်နေရင်း လှည့်ကြည့်ကာ အေးစက်စွာဖြင့် ပြောလာ၏။ "ရှင်က အကြောသေနေတာမှ မဟုတ်တာ။လုပ်ချင်တာလုပ်။"
တံခါးက "ဘန်းကနဲ"ပိတ်သွားပြီး ရှဲ့ကျင်တစ်ယောက်ထဲသာလျှင် အိမ်ထဲ၌ ကျန်နေတော့သည်။ သူ၏သမားကမားရုပ်လေးမှ နဂိုသုန်မှုန်ရက်စက်သည့်အသွင်သို့ ချက်ချင်းပြောင်းသွား၏။ ထို့နောက် ကျင်းချွေ့ဝမ်ကို ဖုန်းဆက်ကာ ဝတ်စုံလဲလိုက်ပြီးနောက် အားမန်အပြည့်ဖြင့် တံခါးဆီသို့ခြေလှမ်းလှမ်းလိုက်သည်။ သူ့၏ခြေကျင်းဝတ်မှာ မသက်မသာဖြစ်နေသည့် အရိပ်အယောင်မျိုး ရှိမနေချေ။
အလုပ်ဆင်းချိန်ရောက်သောအခါ စူးထောင်သည် အထက်တန်း ကျောင်းနေဖက်ဖြစ်သူ လျောင်သန်း၊ရှောက်ထင်ထင်တို့နှင့်အတူ ညစားသွားကြ၏။
ဘွဲ့ရပြီးနောက် လျောင်သန်းသည် တီဗီအသံလွှင့်ဌာနတစ်ခုတွင် အလုပ်လျှောက်ခဲ့ပြီး အောက်ခြေမှ တစ်ဆင့်ပြီူတစ်ဆင့်တက်ကာ နောက်ဆုံးတွင် တရားဝင်မဟုတ်သေးသည့် ပရိုဂျူဆာ၏ လက်ထောက်ရာထူးကို ရရှိခဲ့သည်။
သူမ၏ပင်ကိုယ်စရိုက်နှင့် အကျင့်စာရိတ္တကြောင့် ယခုနှစ်တွင် တရားဝင်ရာထူးတိုးမည့် အရိပ်အယောင်များရှိနေ၏။ စူးထောင်နှင့် လျောင်သန်းတို့သည် ကျန်းချန်တီဗီအသံလွှင့်ဌာနတွင် မမျှော်လင့်ဘဲ တွေ့ကြပြီးနောက် ထိုအချိန်မှစ၍ အမြဲမပြတ် အဆက်အသွယ် လုပ်ကြသည်။
ရှောက်ထင်ထင်သည် ကုမ္ပဏီတစ်ခု၏ စာရင်းကိုင်တစ်ဦးဖြစ်ကာ နောက်ရက်အနည်းငယ်အတွင်း ကျန်းချန်သို့ အလုပ်ကိစ္စဖြင့် ခရီးထွက်ရန်ရှိသဖြင့် အတန်းဖော်သုံးယောက်က ဆုံတွေ့ကြရန် အချိန်းအချက်လုပ်ထားကြ၏။
ကျန်းချန်ရှိ နာမည်ကြီး သီးသန့်စားသောက်ဆိုင်သည် အင်တာနက်ဆယ်လီများနှင့် ခရီးသွားများ လာသင့်သော နေရာတစ်ခုဖြစ်သည်။ လျောင်သန်းသည် ရှောက်ထင်ထင်အတွက် အထူးရွေးချယ်ထား၏။
စူးထောင်သည် ဘာမှမပြောဘဲ ရှောက်ထင်ထင် ဓာတ်ပုံဆယ်ပုံထက်မနည်း ရိုက်နေသည်ကို ကြည့်နေကာ လူအများ မျှော်လင့်ထားတာထက် ပိုအသေးစိတ်ကျကျ စီစဉ်ထားနိုင်သည့် လျောင်သန်း၏ ဉာဏ်ရည်ဉာဏ်သွေးကိုလည်း သူမလေးစားမိသည်။
"အိုင်းယား ဒီနေရာက ကောင်းတယ်ရယ်လို့လည်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရက်တုန်းက ဒီနေရာကို တစ်ယောက်ယောက်က ဓာတ်ပုံရိုက်ပြီး ပိုစ့်တင်ထားတာကို တွေ့လိုက်သေးတယ်။ တော်တော်လေးလှမယ်လို့ ထင်ထားခဲ့တဲ့ဟာကို။" ရှောင်ထင်ထင်က နှုတ်ခမ်းစူနေပြီး သူမ၏ EQမှာ လျောင်သန်းနှင့် တော်တော်လေး ကွာခြားနေ၏။
"ဟုတ်တယ် အင်တာနက်ဆယ်လီတွေ ညွန်းတဲ့ နေရာတော်တော်များများက ချဲ့ကားပြီးပြောထားကြတာ။ဒီနေရာကိုလာပြီး ဓာတ်ပုံလာရိုက်ကြရုံပဲ။" လျောင်သန်းသည် မှာထားသည့်အစားအစာများ ရောက်လာသည့်အခါ လိမ္မာပါးနပ်စွာဖြင့် ခေါင်းစဉ်ပြောင်းလိုက်သည်။သုံးယောက်သားက အစားအစာကို မထိသေးဘဲ ရှောင်ထင်ထင် ဓာတ်ပုံရိုက်လို့ပြီးသည်အထိ စောင့်နေကြ၏။
ရှောင်းထင်ထင်သည် အစားအစာကို နှစ်ကိုက်လောက် ကိုက်နေရင်း ရုတ်တရက် တစ်ခုခုကို မှတ်မိသွားပုံရသည်။ သူမက စူးထောင်ကို ဓာတ်ပုံကိုရိုက်လိုက်ပြီး ပြောလာ၏။ "စူးထောင် နင်ကအခုနာမည်ကြီးပဲ။ နင်ပါဝင်ထားတဲ့ အဲဒီရှိုးကိုငါကြည့်ဖြစ်တယ်။ နင်အခု ရှဲ့ကျင်နဲ့ တွဲနေတာလား။ သူက တော်တော်ချောတယ်နော် လုံးဝငါ့အကြိုက်ပုံစံပဲ။ သူက အဲဒီကောင်လေးတွေထက် သာတယ်သိလား။ နင်ကတော့ အကောင်ကြီးကြီးကို ရထားတာပဲ။ အထက်တန်းကျောင်းတုန်းက ငါတို့အတန်းထဲက ကျုံးစစ်ဝေကို နင်ကြိုက်ခဲ့တာ ငါမှတ်မိသေးတယ်။ ဒါပေမယ့် နင်သူ့ကို မရလိုက်ဘူးပဲ...."
လျောင်သန်းသည် စူးထောင်၏ အခြေအနေကို သိသဖြင့် လိမ်မ္မာပါးနပ်စွာ ရှောက်ထင်ထင်အား ပါးစပ်ပိတ်သွားစေရန် အချိုရည်တစ်ခွက် ကမ်းပေးလိုက်သည်။ "ဒါကို သောက်ကြည့်။ အရသာ တော်တော်ကောင်းတယ်။"
စူးထောင်သည် လျောင်သန်းအား ကျေးဇူးတင်စွာဖြင့် ပြုံးပြလိုက်ပြီး သုံးယောက်သား၏ စကားဝိုင်မှာ အလုပ်အကြောင်း ချက်ချင်းပြောင်းသွား၏။
ရှောက်ထင်ထင်သည် သူမအလုပ်အကြောင်း ညည်းညူနေသော်လည်း လစာမှာအလွန်ကောင်းကြောင်း ဝန်ခံခဲ့သည်။ "ကျွတ် ငါ့ဆံပင်တွေကို ရင်းလိုက်ရတယ်။CPA စာမေးပွဲဖြေဖို့ စာကြိုးစားခဲ့တုန်းကဆို ငါ့ဆံပင်တွေ လက်တစ်ဆုပ်စာလောက် ကျွတ်သွားတာ။ နင်တို့နှစ်ယောက်ကတော့ နေ့တိုင်းလှလှပပနဲ့ အေးဆေးနေရော။ပိုက်ဆံမရှာရလည်း ခပ်ပျော်ပျော်ပဲနော်။"
"ဒါပေါ့ ငါတို့နှစ်ယောက်က သေချာပေါက် နင်နဲ့ဘယ်ယှဉ်နိုင်မလဲဟယ်။" လျောင်သန်းနှင့် စူးထောင်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပြုံးရင်းခေါင်းကိုရမ်းကာ ပြန်မငြင်းချေ။
ညစာစားပြီးနောက် သုံးယောက်သားက မြစ်ကမ်းတစ်လျှောက် လမ်းပတ်လျှောက်ကာ ညမြင်ကွင်းကို ကြည့်နေ၏။ ဒေါသခံများအတွက် ငြီးငွေ့စရာနေရာဖြစ်သော်လည်း ခရီးသွားများအတွက်မူ သဘောကျစရာ နေရာတစ်ခုဖြစ်သည်။
သူတို့က အနီးအနားတွင် ဘားတစ်ခုတွေ့သွားပြီး သွားထိုင်လိုက်ကြပြီး စူးထောင်နှင့် လျောင်သန်းတို့က အလုပ်အကြောင်း ဆွေးနွေးနေကြ၏။
သူတို့အလုပ်နှင့် ဆက်စပ်မှုမရှိသော ရှောက်ထင်ထင်သည် အနည်းငယ် ဖယ်ကျဉ်ခံရသလို ခံစားလိုက်ရပြီး ဖုန်းကိုသာပွတ်နေရင်း ရုတ်တရက် သူမအော်ပြောလာသည်။ "ဟေးဟေး အတန်းခေါင်းဆောင်က နောက်တစ်ပတ်မှာ ကျောင်းသားဟောင်း မိတ်ဆုံစားပွဲတစ်ခုလုပ်ဖို့ စီစဉ်ထားတယ်။ နင်တို့ရော group chatထဲမှာရှိနေလား။ နေဦး နင်တို့ကို ငါထည့်ပေးမယ်။"
group chat ထဲ မဝင်ချင်သည့် လူနှစ်ယောက်မှာ ရုတ်တရက် group chatထဲ ဆွဲသွင်းခံလိုက်ရ၏။
စူးထောင် group ထဲသို့ ဝင်လာသည်နှင့်တပြိုင်နက် ငြိမ်သက်နေသော အဖွဲ့ဝင်များက တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။ အချိန်အတော်ကြာ မတွေ့ဖြစ်ခဲ့ကြသဖြင့် ဘယ်သူကဘယ်သူမှန်း စူးထောင်မသိတော့ချေ။
ရုတ်တရက် "ရည်မှန်းချက်ကြီးတဲ့ လူငယ်လေး" ဆိုသည့် နာမည်ပြောင်က "?" ပို့လာသောအခါ group တစ်ခုလုံး ပေါက်ကွဲသွားတော့သည်။
လူတိုင်းက "ဝိုးးးး" ၊ "စိတ်လှုပ်ရှားစရာပဲ" ၊ "သခင်ကြီးချင်း ပြန်လာပြီဟ"၊ "ဖရဲသီးစားမယ်" စသည့် စကားများကို ပြောနေကြသဖြင့် စူးထောင်သည် သူတို့ပြောသည့် စကားများကို နားမလည်ချေ။
"စူးထောင်" ရှောင်ထင်ထင်သည် အတင်းအဖျင်းပြည့်နေသော မျက်လုံးများဖြင့် သူမကိုကြည့်ကာ လက်ကိုတို့လိုက်ရင်း group chat ကို ညွှန်ပြလာ၏။ "ကြည့်ရတာ ကျုံးစစ်ဝေက နင့်ကိုအထူးပုဂ္ဂိုလ်အနေနဲ့ တွေးထားပုံရတယ်။ groupဘထဲမှာ သူတစ်ခါမှ စကားဝင်မပြောဖူးဘူး။နင်လည်းရောက်လာရော သူက"?"ပို့လာတယ်။ အရင်တုန်းက နင့်အပေါ် အေးတိအေးစက် ဆက်ဆံခဲ့တဲ့ပုံစံကြောင့် နောင်တရနေတာများလား။"
"အကုန်လုံးက အတိတ်မှာကျန်ခဲ့ပြီလေ။ နင်တို့တွေ အတင်းအဖျင်း တော်တော်ကြိုက်ကြတယ်နော်။" လျောင်သန်းသည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ရှောင်ထင်ထင်အား မာဆတ်ဆတ်ပြောလိုက်သည်။
အထက်တန်းကျောင်းတုန်းက စူးထောင်သည် ကျုံးစစ်ဝေအား ရည်စားစာတစ်စောင် ရေးခဲ့ဖူးပြီး ထိုရည်းစားစာကို အတန်းရှေ့တွင် တစ်တန်းလုံးကြားအောင် သူအော်ဖတ်ခဲ့၏။ သူမ၏ အော်ဂလီဆန်စရာ စကားလုံးများကြောင့် စာသင်နှစ်တစ်ခုလုံး အလှောင်ခံရကာ တော်တော်လေးကို အုတ်အုတ်သောင်းသောင်း ဖြစ်သွား၏။
စူးထောင်က သူမရေးထားသည့်စာ မဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုခဲ့သော်လည်း မည်သူကမျှ မယုံကြည်ခဲ့ချေ။ ဖော်ထုတ်ခံရပြီး အငြင်းခံရသည့်အတွက် သူမရှက်ရမ်းရမ်းနေခြင်းသာ ဖြစ်မည်ဟု သူတို့တွေးခဲ့ကြသည်။
စူးထောင်သည် အတန်းဖော်ဟောင်းတစ်ဦးနှင့် ပြန်လည်ဆုံတွေ့သည့်အခါ ခံစားရသည့် ရင်းနှီးမှုအစား လျစ်လျူရှုသည့် အကြည့်ဖြင့် ရှောက်ထင်ထင်ကိုကြည့်ကာ သူမ၏ဖုန်းကို ဖယ်လိုက်ပြီး "ငါလုပ်စရာရှိသေးလို့ အရင်ပြန်တော့မယ်။"
ထိုအဖြစ်အပျက်က နားလည်မှုလွဲသွားတာလား ဒါမှမဟုတ် တစ်ယောက်ယောက်က တမင်ရည်ရွယ်ပြီး လုပ်ကြံတာလားဆိုတာ သူမ မသိခဲ့သော်လည်း လှောင်ပြောင်သရော်ခံရသည့် ထိုစာသင်နှစ်နေ့ရက်တိုင်းတွင် ကိုယ့်ကိုယ်ကိုယ် တိရိစ္ဆာန်ရုံမှ မျောက်တစ်ကောင်လို ခံစားလာရပြီး စိတ်ပိုင်းဆိုင်ရာ အမာရွတ်များသာ တင်ကျန်နေခဲ့၏။
အရင်တုန်းက ငယ်သေးလို့ စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သေးလို့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စနဲ့ပက်သက်ပြီး ပုံမှန်မဟုတ်တဲ့ စိတ်လှုပ်ရှားမှုတွေကို နားလည်ပေးလို့ရပေမယ့် အခုအချိန် လူကြီးတစ်ယောက်အနေနဲ့ ကျောင်းတုန်းက အနိုင်ကျင့်ခံရတဲ့ အဖြစ်အပျက်ကို ဟာသလာလုပ်နေသေးတာကိုတော့ စူးထောင်လက်မခံနိုင်ဘူး။
စူးထောင်အိမ်ပြန်ရောက်ပြီး တံခါးဖွင့်လိုက်ရာ မီးဖိုချောင်မှလာသော အလင်းဖျော့ဖျော့မှလွဲ၍ အိမ်တစ်ခုလုံး တိတ်ဆိတ်ကာ မှောင်မည်းနေသည်။
အိမ်စီးဖိနပ်လဲလိုက်ပြီးနောက် ထမင်းစားစားပွဲသို့ ချဉ်းကပ်လာသည်နှင့်အမျှ အလင်းရောင်သည် ဖယောင်းတိုင်ကလာမှန်း သူမသိသွား၏။
အနောက်တိုင်း အစားအစာများဖြင့် ပြည့်နေသောစားပွဲကို အုပ်ဆောင်းဖြင့် အုပ်ထားပြီး ရှဲ့ကျင်က စားပွဲပေါ်ခေါင်းတင်ကာ တစောင်းအနေအထား ဖြင့်လှဲနေပြီး အမြဲလိုလို ခက်ထန်နေသည့် မျက်နှာမှာ မှိတ်တုတ်မှိတ်တုတ် ဖယောင်းတိုင်မီးရောင်အောက်၌ ပို၍ပင် အေးချမ်းနေသည်။
စူးထောင်၏ဖုန်းမှာ အသံမြည်လာပြီး ဖွင့်ကြည့်လိုက်သည့်အခါ spam message ဖြစ်နေသဖြင့် အကုန်လုံးကို ဖျက်ထုတ်လိုက်၏။ ထို့နောက် WeChat တွင် မဖတ်ရသေးသော စာများကို တွေ့သွားပြီး နှိပ်ကြည့်လိုက်သောအခါ ရှဲ့ကျင်ထံမှ စာတိုများဖြစ်ကြောင်း တွေ့သွားသည်။
[ရှဲ့ကျင် - ရှောင်ထောင်လေး ဘယ်အချိန်အလုပ်ဆင်းမှာလဲ။]
[ရှဲ့ကျင် - မင်းဘာစားရတာကြိုက်လဲ။]
[ရှဲ့ကျင် - နောက်တိုင်းအစာအစာ ထပ်စားကြမလား။မင်းအသားပြားကင်ကြိုက်မှန်း ကိုယ်သိတယ်။ ကျင်းချွေ့ဝမ်ကို ပါဝင်ပစ္စည်းတွေ ဝယ်ခိုင်းလိုက်မယ်။ကိုယ်မင်းအတွက် သီးသန့်ချက်ပြုတ်ပေးမယ်နော်။]
[ရှဲ့ကျင် - ရှောင်ထောင်လေး အလုပ်များနေတုန်းလား။]
[ရှဲ့ကျင် - ဒါဆို ကိုယ်သွားချက် တော့မယ်နော်။ မင်းမကြိုက်ဘူးဆိုရင် ကိုယ့်ကိုယ့်ပြော။ တခြားဟာ ချက်ချင်းပြောင်းလုပ်ပေးမယ်။]
[ရှဲ့ကျင် - ရှောင်ထောင်လေး မင်းဘယ်မှာလဲ။ ရုံးဖုန်းကို ဘယ်သူမှ လာမကိုင်ဘူး။]
[ရှဲ့ကျင် - မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေက ပြောလာတယ်။ခဏတုန်းကပဲ မင်းအလုပ်ဆင်းသွားပြီတဲ့။အပြင်မှာ ထွက်စားတာလား။ ချိန်းထားတာ ရှိလို့လား။]
[ရှဲ့ကျင် - ကိုယ်မင်းကို စောင့်နေမယ်နော်။]
စူးထောင်၏ ကြည်လင်သော မျက်လုံးများက ဖယောင်းတိုင် မီးရောင်အောက်တွင် တလက်လက်တောက်ပနေပြီး စာကိုဖတ်နေရင်းနှင့်ပင် သူမမျက်တောင်များက တုန်ယင်နေ၏။ စာကြောင်းတစ်ကြောင်းချင်းစဖိတွင် တဖြည်းဖြည်း စိတ်ဓာတ်ကျနေသည့် အရိပ်အယောင်ကို သူမတွေ့နေရသည်။
ဖုန်းမြည်သံကြောင့် ရှဲ့ကျင်က နိုးလာပြီး သူအမှန်တကယ် အိပ်ပျော်သွားသည်ကို ရှော့ရနေသလိုမျိုး ခေါင်းကိုခါရမ်းနေ၏။
ဖယောင်းတိုင်မီးရှေ့တွင် စူးထောင်မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသောအခါ မယံနိုင်သည့်ပုံဖြင့် မေးလာသည်။" ငါအိမ်မက်မက်နေတာလား ဒါမှမဟုတ် နိုးနေတာလား။"
စူးထောင်သည့် မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး ဟင်းပွဲများကို ဖုံးအုပ်ထားသည့် အုပ်ဆောင်းကို ဖယ်လိုက်ရာ အေးနေပြီဖြစ်သော အမည်းရောင် အသားပြားက ပေါ်လာ၏။
"ဗိုက်ဆာနေတာနဲ့ အတော်ပဲဖြစ်သွားတယ်။" ထို့သို့ပြောနေရင်း ဓားနှင့်ခရင်းကိုယူကာ အေးစက်ပြီး ခပ်မာမာဖြစ်နေသော အသားပြားကို စတင်လှီးဖြတ်လိုက်သည်။ကံကောင်းထောင်မစွာဖြင့် ခပ်မှိန်မှိန်ဖယောင်းတိုင်မီးကြောင့် တူးနေသောအပြင်ပိုင်းနှင့် မကျက်တကျက်ဖြစ်နေသော အတွင်းပိုင်းကို မမြင်နိုင်ပေ။
သူမပါးစပ်ထဲ ထည့်တော့မည့်အချိန်တွင် ရှဲ့ကျင်၏ခပ်နွေးနွေး လက်တစ်ဖက်က သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်လာ၏။
"အေးနေပြီ မစားနဲ့တော့။"
စူးထောင်က ခေါင်းကိုငုံ့ကာ ခရင်းပေါ်ရှိ အသားကိုစားလိုက်သည်။ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောလိုက်၏။ "မအေးပါဘူး။"
ရှဲ့ကျင်သည် တိတ်တဆိတ် သူ့လက်ကိုပြန်ရုတ်သိမ်းလိုက်ပြီး သူမစားနေတာကို ထိုင်ကြည့်နေ၏။ စူးထောင်သည် အသားကို နှစ်ကြိမ်ခန့် ဝါးလိုက်ပြီးနောက် တုံ့ဆိုင်းသွားပြီး အချိန်အတော်ကြာ ရပ်တန့်ပြီးမှသာ နောက်ဆုံးတွင် အသားကို မြိုချလိုက်သည်။
သူမရင်ဘတ်ကိုထုကာ ရေကိုသောက်လိုက်ပြီး ခေါင်းကိုမော့ရင်း မျိုချထားသည့်အသားကို ကျသွားစေရန် ကြိုးစားနေပုံရ၏။
ရှဲ့ကျင်က "... မသိရင် ဆေးကို မြိုချနေသလိုမျိုးပဲနော်။"
စူးထောင်သည် အစာတစ်နေပုံရကာ စကားမပြောနိုင်သဖြင့် ခေါင်းကိုသာ အားကြိုးမာန်တက် ခါရမ်းနေသည်။
သူ့ခံစားချက်များအား သူမထည့်စဥ်းစားပေးနေသည်ကို မြင်လိုက်ရသည့်အခါ ရှဲ့ကျင်က မျက်ရည်ဝဲသွားတော့သည်။ ဒီလောက်မြိုချရခက်နေတာတောင် စားမကောင်းတာမဟုတ်ပါဘူးဆိုပြီး ခေါင်းခါပြနေတယ်။
သူ့ရဲ့ရှောင်ထောင်လေးကလေ အမြဲတမ်း စဉ်းစဉ်းစားစား လုပ်တတ်တယ်။ တစ်ဖက်သားရဲ့ ကြိုးစားအားထုတ်မှုကို မဖြုန်းတီးသလို အရှက်ရအောင်လည်း ဘယ်တော့မှ မလုပ်ဘူး။
မင်းသာသူ့ကို ရိုးရိုးသားသား ဆက်ဆံရင် သူမဘက်ကလည်း ရိုးရိုးသားသား ပြန်ဆက်ဆံပေးလိမ့်မယ်။
ဤကဲ့သို့ နားလည်မှုမျိုးသည် သူ့နှလုံးသားကို ပေါင်တစ်ထောင် အလေးချိန်ရှိသည့် ကျောက်တုံးကြီး လာဖိနေသလိုမျိုး ပို၍ပင် နာကျင်သွားစေ၏။
ဒီလိုကြင်နာတတ်တဲ့ ရှောင်ထောင်လေးကို နာကျင်အောင် သူလုပ်လိုက်မိပြီ။
စူးထောင်သည် နောက်ဆုံးတွင် အသားကိုမြိုချလိုက်နိုင်ပြီး အသက်ဝဝပြန်ရှုနေရင်း ခေါင်းကိုရမ်းကာ "ဒီလိုပြောရင် ဆေးကိုစော်ကားရာကျတယ်။ ဒီဟာက ဆေးထက်တောင် မြိုချရခက်တယ်။"
ခါးတဲ့အရသာ ထွက်ရုံတင်မဟုတ်ဘူးနော် သွေးညီနံ့လည်းရသေး။
သေးသေးလေး တစ်ပိုင်းပဲစားမိလို့ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးပြန်တင်နေရပြီ။ ဒါက လူကိုညှင်းဆဲနေတာပဲ!
ရှဲ့ကျင် - "......"