← Chapters

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း (၅၀)

Vol. 5 Ch. 50

နှစ်ရက်အကြာတွင် ဝက်သွေးပက်ဖြန်းခြင်းကြောင့် ထျန်ရင်ရင်သည် အများပြည်သူကို အရှက်ရစေသည့်ပြစ်မှုဖြင့် အပြစ်ရှိကြောင်း စီရင်ချက်ချခံရကာ ၅ရက်ကြာထိန်းသိမ်းခံရပြီး ဒဏ်ကြေးငွေ ယွမ်၂၀၀၀ ပေးဆောင်ခဲ့ရသည်။

ရှဲ့ကျင်သည် ထျန်ရင်ရင် ဖမ်းဆီးခံရသည့် ဖြစ်စဥ်တစ်ခုလုံးကို တနည်းနည်းဖြင့်ရသွားပြီး ထိုဖြစ်စဉ်နှင့် ဆက်စပ်နေသည့် ဗီဒီယိုအပိုင်းတိုများနှင့် စီရင်ချက်ချခံရသည့်အပိုင်းများကို အွန်လိုင်းပေါ်တွင်တင်လိုက်ကာ ထပ်လောင်းအနေဖြင့် သူမ၏ မကောင်းသတင်းများကိုလည်း ဖြန့်ဝေလိုက်၏။

အတွေ့အကြုံနုစဉ်အခါက ပြောခဲ့သည့်စကားများနှင့် မဖွယ်မရာ ဓာတ်ပုံများက ထွက်ပေါ်လာသဖြင့် သူမ၏ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သောပုံရိပ်မှာ ပျက်စီးသွားရသည်။ အင်တာနက်သုံးစွဲသူများကလည်း တစ်ညီတညွတ်တည်း ပြစ်တင်ကြိမ်းမောင်းကာ ဖျော်ဖြေရေးနယ်ပယ်မှ ထွက်သွားစေချင်နေကြ၏။

သူမပါဝင်သရုပ်ဆောင်ထားသည့် တီဗီအစီအစဉ်အမျိုးမျိုးကို စာပို့ကာ ထိုအစီအစဥ်ကို ဖြုတ်ချရန် ဖိအားပေးလိုက်ကြသည်။ မထုတ်လွှင့်ရသေးသည့် တီဗီပရိုဂရမ်များကလည်း ဖြုတ်ချခံရမည့် ကံကြမ္မာကို ရှောင်ရှားနိုင်ရန်အတွက် သူမပါဝင်ထားသည့်အပိုင်းကို တစ်ခုပြီးတစ်ခု ပြန်လည်တည်းဖြတ်နေ၏။

ထျန်ရင်ရင်၏ ကုမ္ပဏီက စာချုပ်အချက်အလက် ပျက်စီးမှုကြောင့် သူမထံမှ လျော်ကြေးငွေ တောင်းခံခဲ့သည်။ သူမသည် နာမည်ပျက်ရုံသာမက အကြွေးပမာဏ အမြောက်အများလည်း တင်နေ၏။

နောက်ဆုံးတွင် ရှဲ့ကျင်ပြောခဲ့သည့် "ငရဲခန်း" ဆိုသည့်အရာကို စူးထောင် သဘောပေါက်သွားတော့သည်။

ဆန့်ကျင်ဘက်အနေနှင့် "ပွဲဦးထွက်ရာလမ်း" အစီအစဉ်တွင် ပါဝင်ထားသော ကျန်းချီသည်လည်း သူမနှင့်မတူကွဲပြားသည့် ဘက်ခြမ်းတွင်ရှိနေ၏။

Finalအဆင့်သို့ ကျန်းချီတက်သွားသောအခါ ဖျော်ဖြေရေးနယ်ပယ်တွင်းရှိ ထိပ်‌တန်းအဆင့်လည်းဖြစ် လူသိများကျော်ကြားသည့် အမျိုးမျိုးသော ရှင်ရှင်၊တီဗီကုမ္ပဏီများက သူ့ကိုလာရောက်ချဉ်းကပ်ကြသည်။ စူးထောင်သည် ကျန်းချီအတွက် သေသေချာချာ ဆုံးဖြတ်ပြီးမှသာ သဘောတူခဲ့၏။

သူ့ရဲ့ပထမဆုံးဇာတ်ကားက ချွတ်ချော်တိမ်းစောင်းတာမျိုး ဖြစ်လို့မရသလို ရေပန်းစားမှုကိုလည်း လုံးဝဖြုန်းတီးပစ်တာမျိုး မဖြစ်ရဘူး။ ခြေလှမ်းတိုင်းကို ဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်းပဲ တလှမ်းချင်းလှမ်းပြီးတော့ လက်ဖျားခါလောက်စရာ ရလာဒ်ကို ဖော်ဆောင်သွားရမယ်။

စူးထောင်သည် တစ်ဖက်တွင် သေလုနီးပါး အလုပ်များနေသော်လည်း "do not disturb"ဟုလုပ်ထားသော Wechat group က အဆက်မပြတ် တတင်းတင်းနှင့် မြည်နေသည်။

group chat ကို ဖွင့်ကြည့်လိုက်သောအခါ လူတော်တော်များများက သူမကို @mentionခေါ်ထားကြကြောင်း တွေ့လိုက်ရ၏။

အတန်းဖော် တော်တော်များများသည် group chat ထဲတွင် ကျန်းချန်သို့လာပြီး လည်ပတ်ကြရန်အတွက် အချိန်းအချက်လုပ်နေကြသည်။ လူတိုင်းက သူမ ကျန်းချန်တွင်ရှိကြောင်း သိထားကြသဖြင့် ညစာအတူတူစားကြရန် ဖိတ်ခေါ်ခဲ့ကြ၏။

စူးထောင်သည် group ထဲရှိ ပို့ထားပြီးသားစာများကို ပြန်ဆွဲကြည့်လိုက်သည်။ မူလအစပြုသူမှာ ရှောင်ထင်ထင်ဖြစ်ပြီး သူမက ယခုရက်ပိုင်းအတွင်း ကျန်းချန်တွင်ရှိနေကြောင်း ဓာတ်ပုံရိုက်ပို့ထားကာ စူးထောင်၊လျောင်သန်းတို့နှင့်အတူ ညစာထွက်စားဖြစ်ကြကြောင်း ဘာဘာညာညာ ပြောထားသဖြင့် လူတိုင်းက စိတ်ဝင်တစားဖြစ်လာကြ၏။

ယောက်ျားလေး အတန်းဖော်တစ်ဦးက ကျန်းချန်သို့ နှစ်ရက်လောက် အလည်သွားကြရန် အကြံပြုလိုက်ပြီး လူတော်တော်များများက ထောက်ခံကြသည်။ နောက်ဆုံးတွင် ကျုံးစစ်ဝေအပါအဝင် လူ၆ယောက်က ကျန်းချန်သို့သွားမည်ဟု ဆုံးဖြတ်လိုက်ကြ၏။

အထက်တန်းပြီးသွားပြီးနောက် ကျောင်းသားဟောင်း ပြန်လည်တွေ့ဆုံပွဲတစ်ခုသို့ စူးထောင် သွားခဲ့ဖူးသည်။ ထိုနှစ်များဆီက အဖြစ်အပျက်ကို သူမဘက်က အားတက်သရော ရှင်းပြခဲ့သော်လည်း မည်သူကမျှ မယုံကြည်ကြောင်းကို သိလိုက်ရသောအခါ ဘယ်ကျောင်းသားဟောင်း တွေ့ဆုံပွဲကိုမှ သူမ မသွားဖြစ်တော့ချေ။

ထို့ကြောင့် ဒီတစ်ခါ ညစာစားဖို့ သူတို့ဖိတ်ခေါ်လာသည့်အခါတွင်လည်း အလုပ်များနေကြောင်း အကြောင်းပြချက်ပေးကာ တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ရိုက်ငြင်းပစ်ခဲ့၏။

အလုပ်ရှုပ်နေကြောင်း အကြောင်းပြချက်ပေးကာ အတန်းဖော်များကို ငြင်းဆန်နေစဉ် ကျန်းချီပျောက်နေကြောင်း ရိုက်ကူးရေးအဖွဲ့သားတစ်ဦးက ဖုန်းဆက်လာသည်။

ကြုံရာအကြောင်းပြချက်တစ်ခု ပေးလိုက်သော်လည်း ထိုအဖြစ်အပျက်က အမှန်တကယ် ဖြစ်ပေါ်လာသဖြင့် စူးထောင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။

စူးထောင်၏ အိမ်တွင် အလုပ်လုပ်နေသော ရှဲ့ကျင်သည် မမျှော်လင့်ဘဲ စူးယန်ရှင်းဆီက phone call တစ်ခုကို လက်ခံရရှိခဲ့သည်။

ရှဲ့ကျင်သည် ဖုန်းကိုပြန်ဖြေလိုက်ပြီး သူ၏လေသံမှာ ဩဇာအပြည့်ဖြင့် " ဟယ်လို"

"ယောက်ဖ"

စူးယန်ရှင်းက သူ့ကိုယောက်ဖဟု ခေါ်နေဆဲဖြစ်သည်ကို ကြားလိုက်ရသောအခါ အလွန်စိတ်ကျေနပ်သွားပြီး သူ၏ လေသံမှာလည်း ပို၍ကောင်းလာကာ ဖြည်းညင်းစွာဖြင့် မေးလိုက်၏။ "အမ်း ဘာဖြစ်လို့လဲ။"

"ကျန်းချီက လေ့ကျင့်ရေးနေရာကနေ ထွက်ပြေးသွားပြီ။ ကျွန်တော့်အစ်မကို ဖွင့်ပြောချင်တယ်ဆိုပြီး ပြောသွားတာပဲ။"

ရှဲ့ကျင် - "!"

အံ့ဩတကြီးဖြစ်နေရင်း စူးယန်ရှင်းကို ချီးကျူးဖို့လည်းမမေ့ခဲ့ပေ။ ထို့နောက်ဖုန်းအမြန်ချကာ စူးထောင်ကို ဖုန်းခေါ်လိုက်သည်။

စူးထောင်၏ ရှင်းလင်းသောအသံက ဖုန်းတစ်ဖက်မှ ထွက်လာ၏။

စူးထောင် - " ဒီည အိမ်မှာညစာပြန်မစားဖြစ်ဘူးဆိုတာ ရှင့်ကိုပြောတော့မလို့ပဲ။ ညစာအတွက် ချက်လည်းမချက်နဲ့၊ စောင့်လည်း မစောင့်နဲ့တော့နော်။"

သူမစကားပြောပြီးသည်နှင့် ကြည်လင်သော အမျိုးသားတစ်ဦး၏ အသံကို ဖုန်းတစ်ဖက်မှ သူကြားလိုက်ရသည်။ "ခင်ဗျားအိမ်မှာ ဘယ်သူရှိနေတာလဲ။"

ရှဲ့ကျင်က အံကြိတ်ရင်း လက်သီးကိုခပ်တင်းတင်း ဆုပ်လိုက်ရာ သွေးကြောများပါ ဖောင်းတက်လာပြီး မနာလိုဖြစ်နေမှုကိုလည်း အတတ်နိုင်ဆုံး ဖုံးကွယ်ကာ" မင်းဘယ်မှာလဲ။"

ထို့နောက် ဤကဲ့သို့ပြောခြင်းက မသင့်လျော်မှန်း သူချက်ချင်း သဘောပေါက်သွား၏။ စူးထောင်က သေချာပေါက် ဒီလိုပြောလာမှာ ' ရှင်နဲ့ဘာဆိုင်လဲဆိုပြီး ဖုန်းကို သေချာပေါက် ချသွားမှာ။' သူဒီထက်ပိုပြီး ပညာသားပါပါ ပြောမှရမယ်။

ရှဲ့ကျင်သည် သူ၏အသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်လုပ်ကာ ဆက်ပြောလာသည်။ "မင်းအပြင်မှာထွက်စားမယ်ဆိုရင် ကိုယ့်အတွက်ပါ တစ်ခုခုဝယ်လာပေးလို့ရမလား။ အဲဒီမှာ စားကောင်းတဲ့ဟာ‌တွေ ဘာရှိလဲဆိုတာ ကိုယ်သိချင်တယ်။"

မျှော်လင့်ထားသည့်အတိုင်း စူးထောင်က သဘောတူလာပြီး "ဒါဆို ခဏနေမှ ကျွန်မ ရှင့်ကို menu ပို့ပေးလိုက်မယ်လေ။"

10 မိနစ်ပင်မကြာလိုက် စူးထောင်က မီနူးပို့လာပေး၏။ရှဲ့ကျင်သည် စားသောက်ဆိုင် နာမည်ကိုချဲ့ကြည့်ကာ တည်နေရာကို ရှာလိုက်ပြီးနောက် ထိုနေရာသို့ ချက်ချင်းပင် အပြေးအလွှား ဦးတည်တော့သည်။

--------

စားသောက်ဆိုင်၏ သီးသန့်ခန်းထဲတွင် မီးနူးကိုပို့လိုက်ပြီးနောက် စူးထောင်က သူမဖုန်းကိုပြန်ချကာ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျန်းချီကို မျက်မှောင်ကြုတ်ကြည့်ရင်း မေးလိုက်၏။"မင်းဘာလို့ ကောင်းကောင်းမလေ့ကျင်ဘဲ ထွက်ပြေးလာတာလဲ။"

တစ်ညနေခင်းလုံး သူမ ဘာအလုပ်မှမလုပ်ခဲ့ရဘဲ သူ့ကိုရှာနေရင်းနဲ့သာ အချိန်ကုန်မှန်းမသိ ကုန်သွားသည်။

ကျန်းချီသည် ဦးထုပ်နှင့် mask ကို ချွတ်လိုက်ပြီး စူးထောင်ကို စူးစူးရဲရဲကြည့်လာသည်။ အနည်းငယ် ရေဆာနေသလိုမျိုး နှုတ်ခမ်းကိုသပ်နေ၏။ ထို့နောက် ရေတစ်ခွက်လောင်းချကာ တစ်ကျိုက်တည်း မေ့သောက်လိုက်ပြီးနောက် သူမကို တဖန်ပြန်ကြည့်လိုက်ရင်း ရုတ်တရက် သူ့လည်ချောင်းက တစ်ဆို့နေသလိုမျိုး ခံစားလိုက်ရသည်။

သူလည်း သူ့ကိုယ်သူ ဘာဖြစ်နေမှန်း သိတော့ချေ။ပုံမှန်ဆိုရင် သူက မိန်းကလေးတွေနဲ့ ပရော်ပရည်လုပ်ပြီး မရေမရာတဲ့စကားတွေ ပြောထွက်နေကျပါ။ ဒီလိုအရေးကြီးတဲ့အချိန်ရောက်မှ သူဘာလို့စကားတစ်ခွန်းတောင် ပြောမထွက်ရတာလဲ။

"ဒီနေ့က ကျွန်တော့်မွေးနေ့"

စူးထောင်သည် အံ့အားသင့်သွားပြီး ချက်ချင်းပင် ဖုန်းထဲရှိမှတ်ထားသည့် နေရာကို သူမနှိပ်လိုက်၏။ သူမက အနုပညာရှင်တွေရဲ့မွေးနေ့ကို ဖုန်းထဲတွင် ချရေးထားပြီး သတိပေးချက်က တစ်ပတ်ကြိုတင်၍ ပို့လာမည်ဖြစ်သည်။ သူမလည်း သတိပေးချက်ကို မရခဲ့ပါလား။

"ရှာမနေနဲ့တော့။ ကျွန်တော့် အချက်အလက်ပေါ်က မွေးနေ့ရက်စွဲက တရုတ်ပြက္ခဒိန်နဲ့တွက်ထားတာ။" ကျန်းချီသည် တီးတိုးရေရွတ်လာ၏။

ထိုမှသာ သူ့မွေးနေ့ကို အင်္ဂလိပ်ပြက္ခဒိန်က ရက်စွဲဟုသာ အမြဲလိုလိုထင်ထားခဲ့မှန်း သူမသဘောပေါက်သွားသည်။ ပြက္ခဒိန်ရှိရက်စွဲကို တွက်ကြည့်လိုက်ရာ အမှန်တကယ် ဒီနေ့ဖြစ်နေမှန်း သိသွားသဖြင့် ချက်ချင်းပင် အလျင်အမြန် note ကို ပြန်ပြောင်းလိုက်သည်။

"ဒီနေ့က မင်းရဲ့မွေးနေ့မှန်း တို့မသိလိုက်ဘူး။ ခဏလေးနော် မင်းအတွက် ကိတ်တစ်လုံး မှာလိုက်ဦးမယ်။"

စူးထောင်က အနည်းငယ် သတိလက်လွတ်ဖြစ်သွား၏။သေချာပေါက် ကုမ္ပဏီကိုတင်ပြထားတဲ့ မွေးနေ့ရက်စွဲအတိုင်းပဲ ပွဲကျင်းပပေးမယ်ဆိုပေမယ့် ယခုကဲ့သို့ နှစ်ယောက်တည်းရှိနေသည့် အခါမျိုးတွင်လည်း အနုပညာရှင်ကို လျစ်လျူရှုတာမျိုး သူမ မလုပ်နိုင်ပေ။

ကျန်းချီကို ဘယ်လိုလျော်ကြေး ပေးရမလဲဆိုတာ သူမစဉ်းစားနေရင်း လှည့်ကြည့်လိုက်သောအခါ သူမအနားတွင် ကျန်းချီရပ်နေပြီး ဘယ်အချိန်ကတည်းက ရောက်နေမှန်း သူမ မသိလိုက်ချေ။

သူက ကိုယ်ကိုကိုင်းချလိုက်ရာ ရင်ဘတ်တွင် အလှဆင်ထားသည့် ချိန်းကြိုးများက အချင်းချင်းတိုက်မိသွားပြီး တချွင်ချွင်နှင့် မြည်သွားတော့သည်။ သူ၏ကြည်လင်သော မျက်လုံးများထဲတွင်လည်း ချစ်ခင်ကြင်နာမှု အပြည့်ရှိနေသဖြင့် စူးထောင်၏ နှလုံးသားက ထူးထူးခြားခြား တင်းကြပ်သွားပြီး မျက်မှောင်ကြုတ်ရင်း သူ့ကိုကြည့်လိုက်၏။

"ကျွန်တော်ရဲ့မွေးနေ့ကို ခင်ဗျားနဲ့အတူ ကုန်ဆုံးသွားချင်ရုံပါ။ ကျွန်တော် ခင်ဗျားကို မတွေ့ရတာ နှစ်ပတ်လောက်ရှိသွားပြီလေ။ ခင်ဗျားက ကျွန်တော့်ရဲ့wechatကိုတောင် စာမပြန်ပေးဘူး‌...."

" ကျန်းချီ" စူးထောင်သည် စကားဖြတ်ပြောလိုက်ပြီး မတ်တပ်ရပ်ကာ သူ့ကိုရှောင်လိုက်ရင်း တစ်ခုခုတော့လွဲနေပြီဟု သူမခံစားလိုက်ရသည်။

နှစ်ယောက်သားက အနေခက်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေစဉ် ရုတ်တရက် အခန်းတစ်ခါးက ပွင့်သွားပြီး သူစိမ်းအမျိုးသားတစ်ဦးက ဇွတ်ဝင်လာ၏။ ထို့နောက် ထိုလူက အံ့အားသင့်သွားရင်း အလျင်အမြန်တောင်းပန်လာသည်။ " ငါ့လခွမ်း! အခန်းမှားဝင်မိပြီ။ တောင်းပန်ပါတယ်ဗျ.... အယ်.. မင်းက စူးထောင်မလား။"

စူးထောင်သည် တံခါးဝရှိထိုလူကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်၏။ သူ့ကိုကြည့်ရတာ တဖြည်းဖြည်းနှင့် ရင်းနှီးသကဲ့သို့ ဖြစ်လာသော်လည်း သူဘယ်သူလဲဆိုတာ သူမမှတ်မိပေ။

"ငါက ရှန်လျန့်လေ။ အထက်တန်းကျောင်းတုန်းက အတန်းဖော်။"

ထိုမှသာ စူးထောင်က နာမည်နှင့်မျက်နှာ တွဲမြင်သွားတော့သည်။ နှစ်တွေလည်းကြာနေပြီဆိုတော့ သူ့ကိုချက်ချင်း ပြန်မှတ်မိဖို့ဆိုတာ ခဲယဉ်းတယ်လေ။

ရှန်လျန့်၏ အကြည့်များက စူးထောင်နံဘေးရှိ လူချောလေးဆီသို့ ကျသွား၏။ သူ့ကိုကြည့်ရတာ ရင်းနှီးနေသော်လည်း ရှန်လျန့်သည် ထိုအခိုက်အတန့်တွင် ထိုလူချောလေး၏ နာမည်ကို မမှတ်မိခဲ့ချေ။

အကြောင်းပြချက်မရှိ ကျန်းချီအား စိတ်အနှောက်အယှက် မဖြစ်စေချင်သဖြင့် စူးထောင်က ချက်ချင်းပင် သူ့ကိုအာရုံလွှဲလိုက်သည်။ "တိုက်ဆိုင်လိုက်တာ။ နင်ဘယ်အချိန်တုန်းက ကျန်းချန်ကို ရောက်လာတာလဲ။ နင်လည်းတွေ့ရောပေါ့ ဒီမှာ ငါ့သူငယ်ချင်းလည်း ရှိနေတယ်တယ်ဆိုတော့ နင့်ကို နှောင့်နှေးအောင် ငါမလုပ်တော့ပါဘူးလေ။"

"ငါ့အခန်းက ဘေးကအခန်းလေ။ နင် group ထဲမှာ ပြောထားတတော့ နင့်အလုပ်တွေနဲ့ပတ်ရှုပ်နေလို့ ငါတို့နဲ့မတွေ့နိုင်ဘူးဆို။ အခုတော့ နင်ကကောင်လေး ချောချောလေးနဲ့ ဒိတ်လုပ်နေတယ်ပေါ့။" ရှန်လျန့်သည် သူတို့ကို ဟိုလိုလိုသည်လိုလို ကြည့်နေပြီး မျက်နှာမှာလည်း မျောက်ဖင်နီကဲ့သို့နီနေကာ အရက်သောက်ထားပုံရ၏။

"ဘယ်ကသာ သူက ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်။ ငါတို့က ကုမ္ပဏီညစာစားပွဲ လုပ်နေတာလေ။ တခြားလူတွေလည်းရှိတယ်။" စူးထောင်သည် ကျန်းချီ၏ မန်နေဂျာဖြစ်သော်လည်း အတွေးမှားများမဝင်အောင် ကြိုးစားပမ်းစားနှင့် အကြောင်းပြချက်များ တစ်သီတစ်တန်းကြီးပေးလိုက်၏။ ခဏက ကျန်းချီ၏ မူမမှန်သော အပြုအမှုကြောင့် သူမသည် မသိစိတ်အရ သံသယဖြစ်စရာများကို ရှောင်ရှားခဲ့သည်။

"ငါတို့ရဲ့အတန်းဖော်ဟောင်းတွေက ဘေးကအခန်းမှာပဲ။ နင် ငါတို့ဆီကို လာစရာမလိုပါဘူး။ ဒီကိုလာဖို့ သူတို့ကိုပဲ ငါသွားခေါ်လိုက်တော့မယ်။ အတန်းဖော်ဟောင်းတွေ အတူဆုံဖို့ဆိုတာ ရှားတယ်လေ။ လာပါ အတူတူသောက်ကြရအောင်။"

ရှန်လျန့်က ထွက်သွားသည့်ဟန်ပြင်လိုက်ရာ စူးထောင်က သူ့ကိုတားလာ၏။ " ငါပဲ နင်တို့ဆီကို လာခဲ့လိုက်မယ်။"

ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် နံဘေးအခန်းသို့ ရောက်သွားသည်။ ရှန်လျန့်သည် စိတ်လှုပ်ရှားစွာဖြင့် တံခါးကိုတွန်းဖွင့်လိုက်ရင်း ပြောလာ၏။ " ဟေး ငါဘယ်သူ့ကို ခေါ်လာခဲ့လဲဆိုတာ ကြည့်လိုက်ပါဦး။"

အခန်းထဲသို့ ဝင်လိုက်သည်နှင့် အထဲတွင် လူ၆ယောက်ထိုင်နေပြီး ယောက်ျားလေး ၄ ယောက်၊ မိန်းကလေး ၂ ယောက် ဖြစ်သည်။ စူးထောင်သည် တခဏကြာ ကြောင်တောင်တောင်လေး ဖြစ်နေပြီး အတန်းဖော် တစ်ယောက်စ၊ နှစ်ယောက်စလောက်ကိုသာ မှတ်မိ၏။ ထိုအထဲတွင် ကျုံးစစ်ဝေသည် အတွင်းပိုင်းဝေးသည့်နေရာတွင် ထိုင်နေသည်။

ကျုံးစစ်ဝေ၏ နံဘေး၌ ဆံပင်ခပ်ရှည်ရှည်နှင့် မိန်းမ‌လှလေးတစ်ဦးက ထိုင်နေ၏။ သူမ၏မျက်နှာကျပုံမှာ စူးထောင်နှင့်ဆင်တူ‌နေပြီး တော်တော်လေး နူးညံ့သိမ်မွေ့ကာ အိန္ဒြေရှိပုံရသည်။ လူတိုင်း၏ မျက်နှာကို စူးထောင်က ရင်းနှီးနေပုံရသော်လည်း သူမတစ်ဦးတည်းကိုသာ လုံးဝမရင်းနှီးသလို ဖြစ်နေမိ၏။

"အိုင်းယား စူးထောင်ကတော့လေ လှပြီးရင်း လှနေတော့တာပဲ။ အထက်တန်းကျောင်းတုန်းက သူမက ငါတို့အခန်းရဲ့ အလှလေးလေ။ ဟောအခုဆိုရင် အနုပညာရှင်တောင် လုပ်လို့ရတယ်။" စူးထောင်သည် သူမ မသိသော အတန်းဖော်တစ်ယောက်ဆီမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးခံလိုက်ရသည်။

စကားပြောဆိုဟန်ကို ကြားလိုက်သည်နှင့် ထိုအတန်း‌ဖော်သည် အထက်တန်းကျောင်းတက်စဉ်က သူမတို့ အခန်း၏ အတန်းခေါင်းဆောင်ဖြစ်မှန်း စူးထောင်မှတ်မိသွား၏။ အနည်းငယ် တဲ့တိုးပြောတတ်သော်လည်း အကျင့်စရိုက်ကောင်းမွန်သည့်အတွက် စူးထောင်က သူမဘေးတွင် ဝင်ထိုင်လိုက်သည်။

စူးထောင်သည် အတန်းခေါင်းဆောင် ဖယ်ထားသော ခွက်အလွတ်တစ်လုံးကိုယူကာ ဘီယာအနည်းငယ်လောင်းထည့်လိုက်ပြီး ခွက်ကိုမြောက်ရင်း ပြောလိုက်၏။ " ရှန်လျန့်နဲ့က မထင်မှတ်ဘဲ ဆုံသွားကြတာ။ ငါက ဘေးအခန်းမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စီးပွားရေးကိစ္စဆွေးနွေးနေတာလေ။ ဒီကိုလာတယ်ဆိုတာကလည်း အတန်းဖော်ဟောင်းတွေနဲ့ တစ်ခွက်တလေလောက် ဝင်သောက်ဖို့ပဲ ဒါပေမယ့် ငါခပ်မြန်မြန်ပြန်သွားရဦးမယ်။ နင်တို့ အဝေးကနေ လာခဲ့ပေမယ့် ငါကတော့ နင်တို့နဲ့ကြာကြာနေလို့ မရဘူးဖြစ်နေတယ်။စိတ်ရင်းနဲ့ တောင်းပန်ပါတယ်ဟာ ဒီဝိုင်းကိုငါရှင်းလိုက်မယ်နော်။ ကျန်းချန်မှာ အချိန်ကောင်းလေးတွေ ပိုင်ဆိုင်နိုင်ပါစေ။"

စူးထောင်၏ စကားများက ဝတ်ကျေတန်းကျေဖြစ်နေပြီး ဝေဖန်ပိုင်းခြားတတ်သူတိုင်းက သူမ၏ လောကဝတ် စကားများအောက်တွင် ခပ်တန်းတန်းဖြစ်နေမှုနှင့် အရက်ကို ကမန်းကတမ်းသောက်ကာ ခပ်မြန်မြန်ထွက်သွားချင်နေသော သဘောထားကို မြင်တွေ့နိုင်သည်။

"မလုပ်နဲ့လေ။" ရှန်လျန့်က စူးထောင်ကို တားလိုက်ပြီး "နင်ဒီကိုရောက်တုန်း ခပ်ကြာကြာလေး ထိုင်ပါဦးလား။ငါတို့တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတာ နှစ်နဲ့ချီနေပြီလေ။ အတူတူရှိဖို့ဆိုတာ မလွယ်ဘူး။ လျောင်သန်းလည်း အခုလာနေပြီတဲ့။ ဒါမှမဟုတ် ဘေးအခန်းက ကောင်ချောလေးကို ငါတို့နဲ့အတူလာစားဖို့ နင်ခေါ်လိုက်ပါလား။"

'ဘေးအခန်းက ကောင်ချောလေး'ဆိုသည်ကို ကြားလိုက်ရသောအခါ လူတိုင်းက အံ့ဩသွားပြီး စူးထောင်အား စပ်စုသလိုမျိုး ကြည့်လာကြ၏။

စူးထောင်ဝင်လာကတည်းက သူမကို တစ်ချိန်လုံး ငေးကြည့်နေသော ကျုံးစစ်ဝေသည် ရုတ်တရက် စကားထပြောလာ၏။ " မင်း.. ရည်းစားရှိနေပြီလား။"

ထိုသို့ပြောပြီးသည်နှင့် လူတိုင်းက ဟိုလိုလိုသည်လိုလို အကြည့်များဖြင့် သူ့ကိုကြည့်လိုက်ပြီး တဖန်စူးထောင်ကို ပြန်ကြည့်လိုက်ကြသည်။

စူးထောင်သည် ဘာစကားမှ ပြန်မဖြေဘဲ သူ့ကိုစိုက်ကြည့်လိုက်၏။ ကျုံးစစ်ဝေနံဘေးတွင် ထိုင်နေသော နူးညံ့သိမ်မွေ့သည့် အမျိုးသမီးက ရုတ်တရက် သူ့လက်ကိုဖမ်းဆုပ်လိုက်ရင်း ပြောလာသည်။"ငါတို့စစ်ဝေက နည်းနည်းစပ်စုတတ်လို့ပါ။"

ထိုအသေးအဖွဲ့စာကြောင်းမှတဆင့် သူမကိုယ်သူမ ကျုံးစစ်ဝေ၏ ချစ်သူဆိုသည့်အကြောင်းကို ကြေငြာနေမှန်း လူတိုင်းကပြောနိုင်၏။

ကြည့်ရသည်မှာ အတန်းခေါင်းဆောင်က ကောင်းမွန်သော ရည်ရွယ်ချက်ရှိပုံရသည်။ သူမသည် စူးထောင်တစ်ယောက် ကသိကအောက်ဖြစ်နေမှာကိုစိုးရိမ်သောကြောင့် လက်ကိုဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလာ၏။ "စူးထောင် "ပွဲဦးထွက်ရာလမ်း"ဆိုတဲ့ အစီအစဉ်ကို ငါကြည့်ပြီးပြီ။ နင်နဲ့ ရှဲ့ကျင်က တကယ်ပဲလား။ နင်တို့တွဲနေကြပြီလား။"

စူးထောင်သည် သူမ၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို နားလည်သော်လည်း ဤကဲ့သို့ရည်ညွန်းချက်ကြောင့် အားလုံးက သူမအပေါ်အာရုံစိုက်လာကြသည်။စူးထောင်က ခပ်ယောင်ယောင်ပြုံးလိုက်ရင်း "အဲဒါတွေအားလုံးက အစီအစဉ်ရဲ့ အကျိုးသက်ရောက်မှုအတွက် လုပ်ထားတဲ့ စီးပွားရေးပြကွက်တွေပဲ။"

အသေအချာပင် အတန်းခေါင်းဆောင်မှလွဲ၍ မည်သူကမျှ ထိုအစီအစဉ်ကို မကြည့်ဖူးကြသလို ဖြေဖျော်ရေးနယ်ပယ်ကိုလည်း အာရုံစိုက်ခြင်း မရှိခဲ့ကြချေ။ တချို့ဆိုလျှင် Weibo accပင် မရှိကြပေ။ ထို့ကြောင့် သူတို့က အတန်းခေါင်းဆောင်ကို မေးလာကြ၏။ " ဘယ်သူလဲ။ဘာစီးပွားရေး ပြကွက်လဲ။"

"ရှဲ့ကျင်လေ နင်တို့မသိကြဘူးလား။ ဒါဆို ထျန်းကျင် group ကိုတော့ သိတယ်မလား။" အတန်းဆောင်ဆောင်က စူးထောင်အတွက် ဂုဏ်ယူနေသည့်ပုံစံဖြင့် ကြွားလုံးထုတ်တော့သည်။" ရွေ့ချီဗီဒီယို ထုတ်လုပ်ရေးကလည်း ထျန်းကျင် group ရဲ့ လက်အောက်က တစ်ခုလေ။"

ထျန်းကျင် group ဟု ပြောလိုက်လျှင် ရင်းနှီးမြုပ်နှံသူ အသိုင်းအဝိုင်းမှလွဲ၍ တခြားသူများက ရင်းနှီးကြမည်မဟုတ်ချေ။ သို့သော် ရွေ့ချီဗီဒီယိုဟုပြောလိုက်လျှင် လူအများကြားတွင် အလွန်ရေပန်းစားသဖြင့် လူတော်တော်များက သိကြ၏။

ဘယ်သူကများ သူတို့ဖုန်းထဲမှာ ရွေ့ချီဗီဒီယို app မထည့်ထားတဲ့သူရှိလို့လဲ။

"ရှဲ့ကျင်ဆိုတာ ထျန်းကျင် group ရဲ့ ဥက္ကဌပဲ!" အတန်းခေါင်းဆောင်က အလွန်အမင်း ကြွားလုံးထုတ်နေပြီး အဓိပ္ပာယ်ပါပါ ပြောလာသည်။ "တကယ်တကယ် တကယ့်ကို ခန့်ညားတာနော်။ အခုနောက်ပိုင်း စူးထောင်ရဲ့ အကြိုက်က တော်တော်လေးကောင်းလာတယ်။"

ရှန်လျန့်သည် အတန်းခေါင်ဆောင်၏ စကားကို ဖမ်းလိုက်ပြီး ပြဿနာ ဖန်တီးလိုက်၏။"နင်ပြောတဲ့ပုံစံကလည်း မသိလို့ရှိရင် အရင်တုန်းက စူးထောင်ရဲ့အကြိုက်ပုံစံက မကောင်းခဲ့သလိုလိုနဲ့။"

မည်းမှောင်သော အမူအရာရှိနေသည့် ကျုံးစစ်ဝေကို စိုက်ကြည့်နေရင်း အကြောက်အလန့်ကင်းမဲ့စွာဖြင့် " ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးတဲ့အနေနဲ့ ဝိုင်တစ်ခွက်သောက်လိုက်ပါ။ ‌သောက်လေ သောက်။"

အတန်းခေါင်းဆောင်သည် ရဲရင့်သည့်စရိုက်ရှိသဖြင့် ဝိုင်ဖြူတစ်ခွက်လောင်းကာ မော့သောက်လိုက်သည်။

ကျုံးစစ်ဝေ၏ ချစ်သူ ဟောင်လင်ကျွမ့်က စပ်စုသည့်အနေဖြင့် မေးလိုက်၏။ "ကုမ္ပဏီကြီးတစ်ခုရဲ့ ဥက္ကဌဆိုတော့ သူ့အသက်ဘယ်လောက်ရှိပြီလဲ။"

ထို့နောက်သူမက မသင့်လျော်သလို ခံစားလိုက်ရပြီး ထပ်လောင်းပြောဆိုလာသည်။ "သူဌေးအများစုက စိတ်ရင်းကောင်းကြတယ်ဆိုတာ ငါသိပါတယ်။သူတို့က အသက်ကြီးလာလေ အတွေ့အကြုံနဲ့ အသိပညာဗဟုသုတက များလေလေပဲ။ ပြီးတော့ နေပုံထိုင်ပုံကလည်း တော်တော်လေး ရက်ကျက်ပြီး လူကြီးလူကောင်းဆန်ကြတယ်။ စူးထောင်ရဲ့ချစ်သူက ဒီလိုလူကြီးလူကောင်းဆန်တဲ့ပုံစံမျိုးပဲ ဖြစ်ရမယ် ဟုတ်တယ်မလား။"

အတန်းခေါင်းဆောင်က သူမကိုမျက်နှာသာမပေးဘဲ ရိုးရိုးတန်းတန်း ပြန်တုံ့ပြန်လိုက်သည်။ "ဟောင်လင် နင်ကငတုံးလား။ လိုင်းပေါ်မှာ သူ့ဓာတ်ပုံရှာကြည့်လို့ရှာတယ်လေ။ ဖျော်ဖြေရေးသတင်းတွေတော့ မကြည့်ဘူး ကျုံးစစ်ဝေရဲ့မျက်နှာကိုတော့ နေ့တိုင်းနေ့တိုင်းကြည့်တတ်တယ်နော်။ အွန်လိုင်းပေါ်မှာ နာမည်ရိုက်ထည့်ရုံနဲ့ ရှဲ့ကျင်ရဲ့ဗီဒီယိုတွေကို နင်ရှာတွေ့သွားမယ့်ကိစ္စကို နင်ဘယ်လိုလုပ် ငပိန်းစကားတွေ ပြောထွက်လာတာလဲ။"

"ကျွန်မ မှားသွားပါတယ် အတန်းခေါင်းဆောင်ရယ် ဒေါသမထွက်ပါနဲ့နော်။" သူမစကားပြောလာလေလေ သူမက လက်ဖက်စိမ်းအနံ့ ထွက်လာလေလေ။ "အတန်းခေါင်းဆောင်ပြောတာ မှန်ပါတယ်။ စူးထောင်က ဒီလောက်လှတာ သူ့ရည်းစားလည်း သေချာပေါက် ချောနေမှာပေါ့။ ကျွန်မကပဲ မဟုတ်တာတွေ ပြောမိသွားတာပါ။စစ်ဝေ~~"

ထို့နောက်သူမသည် မတရား အနိုင်ကျင့်ခံနေရသကဲ့သို့ မှားယွင်းစွပ်စွဲခံရသည့်ဟန်ဖြင့် ကျုံးစစ်ဝေကိုကြည့်လိုက်သည်။

ဟောင်လင်၏ ညူတုတုအပြုအမူကြောင့် အတန်းခေါင်းဆောင်မှာ စက်ဆုပ်ရွံရှာသွား၏။ စူးထောင်က ငြင်းလည်းမငြင်းသလို ကူလည်းမကူညီသည်ကို မြင်လိုက်ရသောအခါ ဟောင်လင်ကို အဖက်လုပ်ဖို့ ပျင်းသွားပြီး စိတ်လှုပ်ရှားစွာဖြင့် စူးထောင်နှင့်သာ စကားဆက်ပြောနေတော့သည်။

"စူးထောင် ငါလေ ကျန်းချီကို တကယ်ကြိုက်တာ။ သူ့လိုကောင်ချောလေးက ဘယ်လိုလုပ်ပြီး တည်ရှိနေတာပါလိမ့်။ နောင်မှာ သူ့ဖျော်ဖြေပွဲတွေ၊ဘာတွေလုပ်ရင် ငါ့ကိုလက်မှတ်တစ်စောင် ရောင်းပေးဖို့ မမေ့နဲ့နော်။"

စူးထောင်က wechatတွင် သူမကိုသူငယ်ချင်းလုပ်လိုက်ကာ ‌ဖိုင်နယ်နေ့အတွက် လက်မှတ်တစ်စောင် ဖယ်ထားပေးမည်ဟု ကတိပေးလိုက်၏။ ထို့နောက် အတန်းခေါင်းဆောင်က စိတ်လှုပ်ရှားစွာဖြင့် ဝက်ဝံတစ်ကောင်ကဲ့သို့ သူမကိုဖက်တွယ်လာသည်။

ဟောင်လင်က တတွတ်တွတ်နှင့် စကားဆက်ပြောလာ၏။ "စူးထောင် ဖျော်ဖြေရေးနယ်ပယ်မှာ ရှိနေတာဆိုတော့ နင်တကယ်ကံကောင်းတာပဲ။ နေ့တိုင်း အနုပညာရှင်တွေကို တွေ့ရမှာပေါ့နော်။ နင် ငါ့ကို ကျွော်ယို့ရဲ့ လက်မှတ်လေး ယူပေးလို့ရမလားဟင်။"

ကျွော်ယို့သည် နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူသရုပ်ဆောင်ထားသည့် ဇာတ်ကားတိုင်းက အကုန်‌ကျော်ကြားပြီး ချောလည်းချောကာ စံပြသရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်၏။

"အနုပညာရှင်အများကြီးနဲ့တော့ ငါဘယ်တွေ့ပါ့မလဲ။" ဒါပေါ့ စူးထောင်သူ့ကို မကူညီချင်သလို ကိုယ်တိုင်ကလည်း ပြဿနာမဖြစ်ချင်သည့်အတွက် ပေါ့ပေါ့တန်တန် ငြင်းလိုက်သည်။

"အိုးးး" ဟောင်လင်သည် ရုတ်တရက် သဘောပေါက်သွားသကဲ့သို့ အထင်သေးသည့် အရိပ်အယောင်များက သူ့မမျက်လုံးထဲတွင် ဖြတ်ပြေးသွား၏။ "ဖျော်ဖြေရေးနယ်ပယ်မှာ ရာထူးဂုဏ်သိမ် အဆင့်ဆင့်ရှိတယ်လို့ ငါကြားဖူးတယ်။ နင့်အဆင့်က မမြင့်လောက်မှာ မဟုတ်ဘူးဆိုတော့ ထိပ်တန်းအနုပညာရှင်တွေနဲ့ တွေ့နိုင်မှာမဟုတ်လောက်ဘူး။"

"နင်..."

အတန်းဆောင်းခေါင်က ပြန်လည်ချေပခါနီးတွင် စူးထောင်က ဝင်တားလိုက်သည်။ ထိုအချိန်တွင် လျောင်သန်းက ရောက်လာသဖြင့် စူးထောင်က အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ လူတိုင်းကို ပြောလိုက်၏။ "ငါတကယ်ကို ပြန်သွားရတော့မယ်။ ခေါင်းဆောင်တွေက ငါ့ကိုစောင့်နေလောက်ပြီ။"

လျောင်သန်းသည် ချက်ချင်းပင် သဘောပေါက်သွားပြီး စူးထောင်ကို တံခါးဆီသို့ ဆွဲခေါ်သွားကာ "အိုင်းယား ခေါင်းဆောင်တွေကို မစောင့်ခိုင်းသင့်ဘူးလေ။ ငါတို့က ဘယ်အချိန်မဆို တွေ့လို့ရပေမယ့် အလုပ်ပျက်တဲ့အထိတော့ မလုပ်ရပါဘူး။ မြန်မြန်သွား မြန်မြန်သွား။"

ထိုသို့ပြောလိုက်ရင်း မျက်လုံးမှိတ်တ်ပြကာ စူးထောင်နှင့် ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်နေသည်။

စူးထောင်သည် သီးသန့်ခန်းတံခါးကို လှည့်ဖွင့်ပြီး ထွက်သွားဖို့လုပ်နေစဉ် အသ်ိအကျွမ်းများကို တွေ့လိုက်ရသည်။

လူသုံးယောက်၊လေးယောက်ပါသော အုပ်စုတစ်စုက သီးသန့်ခန်းထဲသို့ လျှောက်ဝင်သွား၏။ ထိုအထဲမှ နှစ်ယောက်ကို စူးထောင်သိသည်။ တစ်ဦးမှာ သူမ၏ အနုပညာရှင် ကျူးဟန်ဖြစ်၏။

အသက်၃၈နှစ်အရွယ် ကလေးအဖေ၊ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူ၏ပုံစံမှာ ရိုးရိုးအေးအေးနှင့် အလုပ်ကိုလည်း သူ့ကြိုက်သည့်ပုံစံကိုသာ ရွေးချယ်သဖြင့် သူ့ကိုလျိုဝမ်ထောင်က စူးထောင်ထံ ပေးလိုက်၏။

ကျုးဟန်သည် စူးထောင်ကို အမြဲလိုလို စိတ်ကျေနပ်လေ့ရှိသည်။ သူမက အနုပညာရှင်များ၏ အတွေးအမြင်ကိုလည်း အလေးထားကာ ညည်းညူခြင်းမရှိ၊ လျိုဝမ်ထောင်လုပ်သလို ဆုံးမဩဝါဒချခြင်းလည်း မရှိချေ။

စူးထောင်ကို မြင်လိုက်သည်နှင့် သူက အလွန်ပျော်သွားပြီး "ထောင်ကျစ် တိုက်ဆိုင်လိုက်တာ။ မင်းလည်း ဒီမှာ လာစားတာလား။"

စူးထောင်ပေးထားသည့် ဇာတ်ညွန်းကို ငြင်းပယ်လိုက်ပြီးကတည်းက ကျူးဟန်သည် သူ့ကလေးနှင့် အချိန်ဖြုန်းရန် နှစ်လကြာအနားယူခဲ့၏။ စူးထောင်သည် သူ့ကိုနားလည်သဖြင့် အပြုံးလေးဖြင့်" ကျူးလောင်ရှီး မတွေ့ရတာကြာတော့ မျက်နှာက ပန်းရောင်သန်းလို့ပါလား။"

"ဒါတွေအားလုံးက ခေါင်းဆောင်ရဲ့ ဂရုစိုက်မှုတွေကြောင့်‌ပေါ့ဗျ။ မဟုတ်ရင် ငါဘယ်လိုလုပ် အားလပ်နေပါ့မလဲ။" ကျူးဟန်သည် တည်ငြိမ်သော စရိုက်လက္ခဏာရှိသူဖြစ်ပြီး လူတိုင်းကို အပြုံးလေးဖြင့် နှုတ်ဆက်လေ့ရှိသည်။

"ဟဲ့ အဒါကျူးဟန်နဲ့ ကျွော်ယို့ မလား။" သီးသန့်ခန်းတံခါးဝတွင် စုပြုံနေကြသော စူးထောင်၏ အတန်းဖော်များမှာ တော်တော်လေး အံ့အားသင့်သွားကြ၏။

ဖျော်ဖြေရေးလောကအကြောင်း ထဲထဲဝင်ဝင်မသိရင်တောင် ဒီလူနှစ်‌ဦးကိုတော့ လူတိုင်းသိကြ၏။

စူးထောင်သည် ယဉ်ကျေးစွာဖြင့် ကျွော်ယို့ဆီ လက်ဆန့်တန်းကာ လေးစားစွာဖြင့် နှုတ်ဆက်လိုက်သည်။ "ကျွော်လောင်ရှီး။"

ကျွော်ယို့က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး စူးထောင်၏ လက်ကို ပြန်မဆွဲဘဲ ခပ်ခွာခွာနေလိုက်၏။

ထိုအချိန်တွင် အမျိုးသမီးတစ်ဦး၏ ပျက်ရယ်ပြုသံက သီးသန့်ခန်းတစ်ခုမှ ထွက်လာခဲ့သည်။

လှည့်မကြည့်ဘဲနဲ့တောင် ဘယ်သူလဲဆိုတာ စူးထောင်သိနေ၏။

သို့သော် စူးထောင်က စိတ်ထဲမထားဘဲ ဤနေရာတွင် ရှိနေခြင်းက အချိန်ဖြုန်းရာရောက်သည်ဟု ခံစားလိုက်ရသဖြင့် ကျူးဟန်ကို သာကြောင်းမာကြောင်း မေးပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။

"အိုင်းယိုး ခေါင်းဆောင်နဲ့ တွေ့တာမကောင်းဘူး။ အားလက်ရက်မှာတောင် အလုပ်ပေးခံထိမယ်ထင်တယ်။" ‌ကျွော်ယို့မှလွဲ၍ ကျန်အဖွဲ့ဝင်များက ကြင်ကြင်နာနာ ရယ်မောလာကြသည်။

လူစုခွဲဖို့ပြင်နေတုန်းတွင် ကြမ်းကြုတ်သော သားရဲတစ်ကောင်က သူတို့ကို ကြည့်နေသကဲ့သို့ ဖိနှိပ်ချုပ်ချယ်သည့် ရောင်ဝါတစ်ခုကို ခံစားလိုက်ရသဖြင့် ထိုအန္တာရယ်ဆီသို့ သူတို့လှမ်းကြည့်လိုက်၏။

မျက်ဝန်းနက်နက်တစ်စုံက ယောက်ျားတစ်စုနားတွင် မတ်တပ်ရပ်နေသော စူးထောင်ဆီသို့ ကျရောက်သွားပြီး ခြေထောက်ရှည်ရှည်မှာလည်း ဖြည်းဖြည်းနှင့် ပုံမှန်လျှောက်လာနေကာ ခြေကျင်းဝတ်တွင် ထိခိုက်ဒဏ်ရာရထားသည့် အရိပ်အယောင်မရှိပေ။

"ဥက္ကဌရှဲ့" ကျွော်ယို့ဘေးတွင် ရပ်နေသော မျက်မှန်တပ်ထားသည့် အမျိုးသားမှာ အကြည့်တစ်ချက်နဲ့တင် ရှဲ့ကျင်ကို မှတ်မိသွားပြီး နွေးထွေးစွာဖြသ့် နှုတ်ဆက်တော့သည်။"ကျွန်တော်က ခန်းရှုးEntertainmentက xxပါ။ဒါက ကျွန်တော့်ရဲ့ ကတ်ပါဗျ။

"အာ ဒီတော့ အဲဒါက ရှဲ့ကျင်ပေါ့" အတန်းခေါင်းဆောင်သည် သူမဘေးနားရှိ လူများကို ခပ်တိုးတိုး ပြောပြချင်နေသော်လည်း အလွန်စိတ်လှုပ်ရှားနေသဖြင့် အသံကျယ်ကျယ်ထွက်သွား၏။ " တီဗီထဲကထက်တောင် ပိုချောနေတယ်ဟ။"

သီးသန့်ခန်းထဲတွင် ရှိနေသောလူများသည် ယခုမှသာ နာမည်နှင့်ရုပ်ရည် တွဲမြင်သွားတော့သည်။ ရှဲ့ကျင်၏ ဆင်းလုံးချောသည့် တည်ကြည်ခန့်ညားမှုကို မြင်လိုက်ရသောအခါ အမျိုးသားများက ယုံကြည်မှုအနည်းငယ် ကျဆင်းသွားသလို ခံစားလိုက်ရ၏။

အမျိုးသားများ၏ သိမ်ငယ်မှုနှင့်ယှဉ်လျှင် ဟောင်လင်က သိသိသာသာ မနာလိုဖြစ်နေခြင်းဖြစ်သည်။ ရှဲ့ကျင်၏ အသွင်အပြင်၊ စိတ်နေသဘောထားနှင့် မြင့်မြတ်သောအဆင့်အတန်းကို တွေ့သွားပြီးနောက် သူမချစ်သူ၏ ပုံစံကို ပြန်ကြည့်လိုက်၏။ သူတို့နှစ်ဦးမှာ တူညီသည့် အဆင့်အတန်းတွင် ရှိမနေချေ။

သို့သော် ရှဲ့ကျင်၏ စိတ်တိုလွယ်သည့် အမူအရာကိုမြင်လိုက်ရသောအခါ သူမက စိတ်သက်သာရာရသွားသည်။သူမရည်းစားကလည်း ဒေါသကြီးတယ်ဆိုပေမယ့် ဒီလောက်ထိတော့ ကြောက်စရာ မကောင်းပါဘူး။

ရုတ်တရက် သူမသည် စူးထောင်အပေါ် စာနာစိတ်ပင်ဖြစ်သွားမိ၏။ ပြီးပြည့်စုံတဲ့ယောက်ျားဟူသည် ဒီကမ္ဘာတွင် မရှိပါချေ။ ရှဲ့ကျင်ရဲ့ပုံစံမှာ သေချာပေါက် အိမ်တွင်းအကြမ်းဖက်တတ်သည့် ပုံစံမျိုးပင်။

'အိမ်တွင်းအကြမ်းဖက်သည့်လူ' ဟု တံဆိပ်ကပ်ခံရမှန်း မသိသေးသည့် ရှဲ့ကျင်သည် ရက်စက်သည့်ပုံစံပေါက်နေကာ အေးစက်စက်အမူအရာ ရှိနေဆဲဖြစ်သည်။

မကြာသေးခင်က တစ်သီးတစ်သန့်သာ နေနေသော ကျွော်ယို့ပင် သူ့သဘောထားကို ပြောင်းလဲလိုက်၏။သူ့ဘက်ကစပြီး လက်ကိုအရင်ဆန့်တန်းလာကာ ယဉ်ကျေးစွာဖြင့်" ဥက္ကဌရှဲ့ ကျွန်တော်က ကျွော်ယို့ပါ။ တွေ့ရတာ ဝမ်းသာပါတယ်။"

ရှဲ့ကျင်သည် လက်ပြန်နှုတ်ဆက်ဖို့ နေနေသာသာ အကြည့်တစ်ချက်ပင် မစွန့်ကျဲလာချေ။ စူးထောင်၏ဘလက်ကို ဆုပ်ကိုင်ကာ သူ့အနားသို့ ဆွဲယူလိုက်ပြီး ထိုအမျိုးသားများနှင့် သူမကြားတွင် သူဝင်နေလိုက်သည်။

စူးထောင်၏ အကြည့်များက သူ့ခြေကျင်းဝတ်ထံသို့ ရောက်နေသည်ကို သတိပြုမိသွားသောအခါ သူ၏ ခက်ထန်သော အမူအရာက ချက်ချင်းပြောင်းသွား၏။ တခဏတာ ‌မင်သက်သွားပြီးနောက် နာကျင်ပြီး အားနည်းသော အမူအရာဖြင့် စူးထောင်ဘက်သို့ လှည့်လာကာ လက်တစ်ဖက်ကို သူမပခုံးပေါ်တွင်တင်လိုက်ပြီး သူ့ခန္ဓာကိုယ် တစ်ဝက်လောက်က စူးထောင်ကိုမှီနေရင်း အားနည်းစွာဖြင့် ပြောလာသည်။

"ကိုယ်က ခြေထောက်နာနေတာကို သည်းခံပြီးတော့ ဒီနေရာအထိ လျှောက်လာခဲ့တာ။ အိုင်းယား အသည်းခိုက်လုမတတ်နာတယ်။"

စူးထောင် - "..."

လူတိုင်း - "!?"

All Chapters