အခန်း (၅၁)
Vol. 5 Ch. 51
စူးထောင်ကို ခေါ်ပြီးထွက်သွားသောအခါ လူတိုင်းက ရှဲ့ကျင်ရဲ့ သိသိသာသာ ခွဲခြားဆက်ဆံမှုကြောင့် အံ့အားသင့်ကုန်ကြသည်။
အတန်းခေါင်းဆောင် မိန်းကလေးမှာ အံ့သြတုန်လှုပ်နေသော အမူအရာဖြင့် သူမရဲ့သူငယ်ချင်းတွေရှိတဲ့ အုပ်စုဖွဲ့စကားပြောခန်းသို့ မက်ဆေ့ချ်ပို့လိုက်လေသည်။
“ ရှဲ့ကျင် သနားစရာကောင်းတဲ့ပုံစံမျိုး သရုပ်ဆောင်တာကို စိတ်ကူးကြည့်ဖူးကြလား”
“ ရက်စက်ကြမ်းကြုတ်တဲ့ ကျားတစ်ကောင်က ကြောင်လေးတစ်ကောင်လို ပြုမူနေတာမျိုးလေ”
စားသောက်ဆိုင်မှ ထွက်သွားပြီးနောက် ရှဲ့ကျင်တစ်ယောက် ထော့နဲ့ထော့နဲ့ဖြင့် စူးထောင်ရဲ့အနောက်မှ လျှောက်ကာ အလွန်နာကျင်နေတဲ့ပုံစံ ဟန်ဆောင်နေလေသည်။
စားသောက်ဆိုင် တံခါးဝရောက်သည်နှင့် စူးထောင်က အနောက်ကို လှည့်ကြည့်လိုက်သည်။ ရှဲ့ကျင်ကလည်း ချက်ချင်းဆိုသလို သနားစရာကောင်းအောင် သရုပ်ဆောင်ပြကာ ကားတံခါးကိုဖွင့်ဖို့ အခွင့်အရေးယူလိုက်သည်။
“ ဟန်ဆောင်နေတာ ရပ်လိုက်တော့ ”
စူးထောင်က မထူးခြားနားစွာ ပြောလိုက်ပြီး ကားထဲ ဝင်ထိုင်လိုက်သည်။
ရှဲ့ကျင်လည်း ရှက်ရွံ့နေသော အမူအရာဖြင့် ကားထဲ ဝင်ထိုင်လိုက်လေသည်။ ထို့နောက် စူးထောင် မေးခွန်းထုတ်လာမည်ကို မစောင့်တော့ဘဲ သူ့ဘက်က လက်ဦးမှုရယူ၍ အကြောင်းစုံကို မခြွင်းမချက် ဝန်ခံတော့သည်။
“ ကျန်းချီက မင်းကို ဖွင့်ပြောတော့မယ်လို့ စုယန်ရှင်းဆီက ကြားတာနဲ့ ကိုယ်လိုက်လာခဲ့တာ “
စုထောင်ရဲ့ မျက်ဝန်းများက အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားရသည်။ ထိုအခိုက်အတန့်တွင် ကျန်းချီရဲ့ သူမကိုကြည့်သော အကြည့်နှင့် ထူးဆန်းသော ခံစားချက်တို့ကို ပြန်တွေးမိကာ သူမရဲ့နှလုံးသားထဲ တင်းကြပ်သွားခဲ့သည်။
ရုတ်တရက် ဖုန်းမြည်သံ ထွက်ပေါ်လာသည်။
နတ်ဆိုးအကြောင်းပြောနေရင် နတ်ဆိုးက ရောက်လာတတ်တယ်ဟုဆိုသလိုပင် ဖုန်းခေါ်သူမှာ ကျန်းချီ ဖြစ်နေသည်။
စူးထောင်ရဲ့လက်က တုန်ယင်သွားရပြီး ဖုန်းကို ရှဲ့ကျင်က လုယူလိုက်သည်။
“ သူမ အခုအလုပ်ရှုပ်နေလို့ မင်းရဲ့ဖုန်းကို မကိုင်နိုင်ဘူး “
ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းဖုန်းချလိုက်သည်။
ဖုန်းက ထပ်မြည်လာပြန်သည်။ ရှဲ့ကျင်က တိုက်ရိုက် ချမလို့လုပ်သည့်အချိန်တွင် စူးထောင်ရဲ့ ဖြူသွယ်တဲ့လက်ချောင်းများက ဖြတ်ယူသွားပြီး ဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်သည်။
တိတ်ဆိတ်နေသော ကားထဲတွင် ဖုန်းတစ်ဖက်ခြမ်းဆီမှ ဒေါသထွက်နေသော အသံက ဟိန်းထွက်လာခဲ့သည်။
“ ငါ စူးထောင်နဲ့ ပြောချင်တယ်! “
စူးထောင်က ဒေါသပေါက်ကွဲတော့မည့် ရှဲ့ကျင်ကို ဖိထားပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ အခုပြောနေတာ ငါပါ “
ကျန်းချီရဲ့လေသံက နူးညံ့သွားပြီး မကျေမနပ် တိုင်တန်းလိုက်သည်။
“ ဘာလို့ ပြန်မလာသေးတာလဲ၊ ကျွန်တော် မင်းကို စောင့်နေတာတောင် တော်တော်ကြာနေပြီ “
စူးထောင်က ပြန်ပြောလိုက်သည်။
“ ကျန်းချီ ငါတကယ်ကို ဒီက ထွက်လာလို့မရလို့ ပြန်လာနိုင်မှာမဟုတ်ဘူး…နင့်အတွက် ကိတ်တစ်လုံးနဲ့စားစရာအချို့ မှာပေးထားတယ်နော်…ပွဲကို ပိုပြီး စည်စည်ကားကားလေး ဖြစ်ချင်ရင် ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို လွှတ်လိုက်မယ်လေ “
ဖုန်းတစ်ဖက်မှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားရပြီးနောက် ကျန်းချီက တိုးညှင်းစွာ ပြောလိုက်သည်။
“ မင်းကရော…ကျွန်တော်က မင်းတစ်ယောက်တည်းနဲ့ပဲ မွေးနေ့ကိုအတူ ဖြတ်သန်းချင်တာလေ “
စူးထောင်က လေသံကို အတတ်နိုင်ဆုံး လျှော့ပြီး ပြောလိုက်သည်။
“ နင့်ကို စာအိတ်နီအကြီးကြီး ပေးမယ်၊ အသက်တစ်နှစ်ကြီးလာတဲ့အတွက် ဂုဏ်ပြုပါတယ်နော် “
ကျန်းချီရဲ့ အသံထဲတွင် မကွယ်ဝှက်နိုင်သည့် စိတ်ပျက်မှုကို ဖုန်းတစ်ဖက်မှ ကြားနိုင်လေသည်။
“ မြောက်ဘက်မြို့တော်ကနေ ဒီအထိလာခဲ့ရတာက မွေးနေ့မှာ မင်းနဲ့အတူရှိနေချင်လို့လေ၊ ကိုယ့်ရဲ့အေးဂျင့်တစ်ယောက်အနေနဲ့ ဒီဆန္ဒလေးကို ဖြည့်ဆည်းပေးလို့မရဘူးလားကွာ ”
စူးထောင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ ကျန်းချီ…ကလေးဆန်မနေနဲ့တော့၊ ငါ အခု နင်တည်းဖို့ ဟိုတယ်နဲ့ မနက်ဖြန်ပြန်မယ့် လေယာဥ်အတွက်ပါ ဘိုကင်တင်လိုက်မယ် ”
“ မင်းကို တစ်ယောက်ယောက်က တစ်ခုခုပြောထားလို့လား ”
ကျန်းချီ ရုတ်တရက် ဖြတ်ပြောလိုက်သည်။
“ အဲ့လူက စုယန်ရှင်းလား ”
“ ကျန်းချီ မွေးနေ့မှာပျော်ရွှင်ပါစေ ”
ထို့နောက် စူးထောင် ဖုန်းချလိုက်ကာ လီရွှမ်ကို ချက်ချင်းခေါ်လိုက်သည်။
“ ငါ နင့်ကို တည်နေရာတစ်ခုပို့လိုက်မယ်၊ ကျန်းချီကိုသွားရှာပြီး စောင့်ကြည့်ထားလိုက်၊ သူ့ကိုလျှောက်မသွားစေနဲ့၊ ငါ နင့်အတွက်လည်း လေယာဥ်လက်မှတ် ပြင်ဆင်ပေးထားမယ်၊ သူ့ကိုနက်ဖြန်လေယာဥ်ပေါ်ရောက်အောင် တင်ပေးလိုက် “
ကိတ်၊ စားစရာ၊ ဟိုတယ်နှင့် လေယာဥ်လက်မှတ်ကိစ္စများကို ဖြေရှင်းပြီးနောက် ကားက သူမနေထိုင်သည့် အဆောက်အဦးရှေ့သို့ ရောက်ရှိနေလေပြီ။
လီရွှမ်ပို့ပေးသည့် ကျန်းချီနှင့်အတူ ရှိနေသော ဗီဒီယိုကို ကြည့်ပြီးမှ သူမ အနည်းငယ် စိတ်သက်သာရာရသွားတော့သည်။
လီရွှမ်က ယောကျာ်းလေးတစ်ယောက်ရဲ့ ဖော်ရွေတတ်တဲ့ သဘာဝရှိရုံသာမက မိန်းကလေးတစ်ယောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကိုပါ ပိုင်ဆိုင်ထားသည်။
သူမ၏ လိုက်လျောညီထွေနေနိုင်စွမ်းနှင့် အလုပ်လုပ်ရာတွင် ကျွမ်းကျင်မှုရှိသောကြောင့် ကျန်းချီကို သူမထံလွှဲထားပါက စိတ်ချရသည်။
ရှဲ့ကျင် ကားပေါ်က ဆင်းလိုက်ပြီး ပတ်ဝန်းကျင်ကို သံသယဖြင့် ကြည့်လိုက်သည်။
“ အဲ့ကောင် ဒီနေရာကိုတော့ မလိုက်လာလောက်ဘူးမလား ”
စူးထောင်ရဲ့နှုတ်ခမ်းများ ကွေးညွတ်သွားပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
“ သူ့ကို နင့်လိုများ ထင်နေလား ”
ရှဲ့ကျင် ကြောင်တောင်တောင်လေး ဖြစ်သွားရသည်။
သူရုတ်တရက်ဆိုသလို ခြေထောက်ဒါဏ်ရာကြောင့် နာကျင်နေသည့်ပုံစံတောင် ဟန်မဆောင်နိုင်တော့ဘဲ အိပ်ခန်းထဲ ပြေးဝင်သွားတော့သည်။
စူးထောင် အိပ်ခန်းတံခါးကိုခေါက်ပြီး ပြောလိုက်သည်။
“ နင် ညစာ မစားတော့ဘူးလား ”
စောင်အောက်တွင် ခေါင်းမြှီးခြုံထားသကဲ့သို့ အသံထွက်ပေါ်လာသည်။
“ လာမလိမ်နဲ့ ကိုယ်အပြင်ထွက်တာနဲ့ မင်းကိုယ့်ကို အဝေးပို့တော့မှာလေ ”
စူးထောင် - “ ... ”
နောက်နေ့ မနက်တွင် စူးထောင် စိတ်လက်ပေါ့ပါးစွာ ကုမ္ပဏီသို့ ရောက်လာခဲ့သည်။ တစ်နာရီလောက်ကြာတော့ လီရွှမ်က ဖုန်းခေါ်လာသည်။
“ ဘော့စ်…ကျန်းချီပျောက်နေတယ်၊ ကျွန်မ သန့်စင်ခန်းဝင်တဲ့ အချိန်ခဏလေးအတွင်းမှာ လစ်ထွက်သွားတာ ”
“ ဘယ်နေရာ ဘယ်အချိန်မှာ သူ့ကိုပျောက်သွားတာလဲ ”
ထိုအခိုက်အတန့်တွင် စူးထောင်တစ်ယောက် မထင်မှတ်ဘဲ တည်ငြိမ်နေလေသည်။
“ ဟိုတယ်မှာ ပျောက်သွားတာ၊ ကျွန်မအိမ်သာတက်ဖို့ အလျင်လိုနေလို့ သူ့ကိုအပြင်မှာ စောင့်ခိုင်းထားတာ…ဒါပေမယ့် ကျွန်မထွက်လာတော့ သူ မရှိတော့ဘူး၊ ဟိုတယ်မှာလည်းရှာကြည့်ခဲ့ပေမယ့် မတွေ့ဘူး “
လီရွှမ် နောင်တရနေသည့်အသံဖြင့် ပြောလိုက်သည်။
ရုံးခန်းတံခါးရှေ့မှာ ရပ်နေသော ပုံရိပ်လေးကိုကြည့်ပြီး စူးထောင် သက်ပြင်းဖျော့ဖျော့ ချလိုက်သည်။
“ ထပ်ပြီး မရှာနဲ့တော့…သူကုမ္ပဏီကို ရောက်နေပြီ “
ကျန်းချီ ရုံးခန်းထဲသို့ ဝင်လာသောအခါ စူးထောင် ထိုင်နေလျက်ပင် သူ့နောက်ကတံခါးကို စိုက်ကြည့်နေသည်။
စူးထောင် စကားပြောမလို့အလုပ် ကျန်းချီက ခြေလှမ်းကျယ်ကြီးများဖြင့် သူမရဲ့ကုလားထိုင်ကို ပိတ်ရပ်လိုက်သည်။
ထို့နောက် ကုလားထိုင်လက်တင်ကို ကိုင်လျက် သူ့ရဲ့ချောမောတဲ့ မျက်နှာကို စူးထောင်ဆီသို့ ငုံ့ကိုင်းလိုက်သည်။ သူ့မျက်လုံးထဲတွင် ပုံမှန်ရှိနေကျ ကျီစယ်လိုသည့် အကြည့်မျိုး မရှိတော့ပေ။
“ ခင်ဗျား ကျွန်တော့်ကို တမင်ရှောင်နေတာလား “
စူးထောင် သူမရဲ့ထိုင်ခုံနောက်သို့ ကိုယ်ကိုကျုံ့လိုက်ကာ သတိအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
“ စကားကောင်းကောင်း ပြောရအောင် “
ကျန်းချီက ထိုပုံစံအတိုင်း မလှုပ်ရှားဘဲ သူမကိုစိုက်ကြည့်ကာ အက်ကွဲနေသော အသံဖြင့်ပြောလိုက်လေသည်။
“ ကျွန်တော် မင်းကိုကြိုက်တယ်ဆိုတာ မင်းသိတယ်မလား “
စူးထောင်ရဲ့ အသက်ရှူသံတို့ တစ်စက္ကန့်စာလောက် ရပ်တန့်သွားသည်။ သူမရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြပြီးပြီလေ။ စုယန်ရှင်းရဲ့ သတင်းကသာ မှားနေခဲ့ရင် မနေ့က သူမပြောတဲ့စကားက အန္တရာယ်ကင်းတယ်လေ။
တကယ်လို့ မှန်နေခဲ့ရင်လည်း ကျန်းချီက ထက်မြက်ပေသည်။ မျက်နှာပျက်မှာ စိုးရိမ်တဲ့သူ ဖြစ်သဖြင့် သူမဘက်က သဘောထားကို သေချာသိပါလျှင် မာနထိခိုက်စေမည့် လုပ်ရပ်မျိုး မလုပ်နိုင်ဟု သူမထင်ထားခဲ့သည်။
ဒါပေမယ့် အခု သူသေချာရှင်းရှင်းလင်းလင်း သိထားပေမယ့် ဘာကိုမှဂရုမစိုက်ဘဲ သူမကိုဝန်ခံနေသည်။
“ အဲဒါဆို မင်း ကိုယ့်ကို ငြင်းလိုက်တာ၊ ဟုတ်တယ်မလား ”
ကျန်းချီရဲ့ မျက်လုံးထဲက စိတ်အားထက်သန်မှုတို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ စိတ်ထိခိုက်ပြီး လက်ရှိအခြေအနေကို လက်မခံလိုသော အကြည့်တို့ အစားထိုးဝင်ရောက်လာလေသည်။
စူးထောင် အနည်းငယ် ခေါင်းမော့ပြီး မျက်လွှာချကာ ပြောလိုက်သည်။
“ ကျန်းချီ…ငါတို့က သာမန် လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးပဲ ”
“ တစ်ခါတလေ မင်းရဲ့ ယုံကြည်မှုရှိတဲ့ပုံစံက ကျွန်တော့် အစ်ကိုကို သတိရစေမိတယ်၊ ဒါပေမယ့် ကျွန်တော့်အတွက်တော့ မင်းက အမြဲတမ်း ကမ်းခြေမှာတွေ့ခဲ့တဲ့ ကောင်မလေးပဲ၊ ကျွန်တော် ဘာလို့မင်းကို ကျွန်တော့်ရဲ့လက်ထောက်ဖြစ်စေချင်လဲဆိုတာ မင်းမေးခဲ့တယ်နော်…ဘာလို့လဲဆိုတော့ မင်းကို ကျွန်တော့်အနားမှာ အမြဲတမ်းရှိနေစေချင်လို့ပဲ! ကျွန်တော် ဘယ်သူ့အပေါ်ကိုမှ ဒီလိုခံစားချက်မျိုး မဖြစ်ဖူးဘူး ”
ကျန်းချီ ပိုပိုပြီးပြောလေ သူ့နားရွက်နှင့်ပါးများက နီရဲလာလေ ဖြစ်နေတော့သည်။ အရင်က သူဘယ်သူ့ကိုမှ ဖွင့်မပြောဖူးဘူး။ များသောအားဖြင့် သူ့ဘက်က ကောင်မလေးတစ်ယောက်ကို နည်းနည်းလောက် ကျီစယ်လိုက်ပြီဆိုတာနဲ့ အဲ့ကောင်မလေးဘက်က သူ့ရဲ့သဘောထားကို နားလည်ပြီး အရင်ဖွင့်ပြောခဲ့တာချည်းပဲ။
လူတစ်ယောက်ကို ဖွင့်ပြောရတာက ဒီလောက်ထိ သတ္တိရှိဖို့လိုအပ်မှန်း မသိခဲ့ဘူး။
“ ကျွန်တော် ဝန်ခံပါတယ်၊ ကျွန်တော်အရင်က နည်းနည်းဘဝင်မြင့်ခဲ့မိတယ်၊ ကောင်မလေးတွေက ကျွန်တော့်ကိုကြိုက်တာကိုလည်း ပုံမှန်လို့ပဲထင်ခဲ့တယ်။ ကျွန်တော့်ဘက်ကတော့ တကယ်တမ်း ဘယ်သူ့ကိုမှ မကြိုက်ခဲ့ဖူးဘူး။ လူတစ်ယောက်ကို ကြိုက်တယ်ဆိုတာက ဘယ်လိုခံစားချက်လဲဆိုတာ မသိခဲ့ဘူး၊ သူမရဲ့အသံကို နေ့တိုင်းကြားချင်နေပြီး သူမစာပို့လာမှာကို မျှော်နေရတဲ့ခံစားချက်၊ ကိုယ်မလုပ်ချင်တဲ့အရာတွေကိုတောင် သူမအတွက် လုပ်ခဲ့တဲ့ခံစားချက်ကို အခုသဘောပေါက်ပြီ ”
ကျန်းချီ တံတွေးမျိုချလိုက်ရာ သူ့ရဲ့လည်ဇလုပ်က အထက်အောက် ရွေ့လျားသွားသည်။ နောက်ဆုံးမှာတော့ မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်တော့သည်။
“ စူးထောင်…ကျွန်တော် မင်းကိုကြိုက်တယ်၊ ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို အေးဂျင့်နဲ့ အနုပညာရှင်ပဲ မဖြစ်ချင်တော့ဘူး၊ ကျွန်တော် မင်းရဲ့ကောင်လေးဖြစ်လို့ ရမလားဟင် “
ထိုးစကားကိုကြားတော့ စူးထောင် သူ့ရဲ့မျက်လုံးထဲသို့ တိုက်ရိုက် စိုက်ကြည့်လိုက်သည်။
“ မရဘူး၊ မဖြစ်နိုင်ဘူး ”
ကျန်းချီ မှင်သက်နေတာကို အခွင့်ကောင်းယူ၍ စုထောင် သူမရဲ့ထိုင်ခုံပေါ်မှ ထကာ တံခါးနားလျှောက်သွားပြီး အချိန်မရွေးထွက်ခွာနိုင်ရန် အဆင်သင့်အနေအထားဖြင့် ရပ်နေလိုက်သည်။
ကျန်းချီက သူမရဲ့ သတိအပြည့်ဖြစ်နေပုံကိုမြင်တော့ သူ့ကိုယ်သူ ခါးသက်စွာ လှောင်ရယ်လိုက်ပြီး သူ့နှလုံးသားရဲ့ အနက်ဆုံးနေရာအထိပါ ထိုအရသာက ပျံ့နှံ့လာသလိုပင်။
“ နင် အခုပြောခဲ့တဲ့စကားမျိုး အခြားတစ်ယောက်ကပြောခဲ့ဖူးတယ်၊ ငါမကြိုက်ခဲ့ဘူး၊ ကျန်းချီ…နင်ဖွင့်ပြောတဲ့ပုံစံကြောင့် ငါလက်မခံနိုင်ရုံတင်မကဘူး နင့်ရဲ့အထောက်အထားအရ ငါတို့ကြားမှာ ဘာမှဆက်မဖြစ်လာနိုင်ဘူးဆိုတာ သေချာနေပြီ၊ ပြီးတော့ ငါက နင့်ထက် လေးနှစ်ပိုကြီးတယ်လေ…သေချာပေါက် ငါနင့်ကိုလက်မခံနိုင်ဘူး “
စူးထောင်ရဲ့စကားလုံးတွေက နှလုံးသားမဲ့ရာကျပေလိမ့်မယ်။
သူမက သူအထွန့်တက်ဖို့ အခွင့်အရေးမပေးဘဲ အပြတ်အသတ် ငြင်းလိုက်ခြင်းဖြစ်သည်။
“ နင့်ရဲ့ခံစားချက်တွေကို ပြန်ရုတ်မသိမ်းနိုင်ဘူးဆိုရင် အခြားအေးဂျင့်တစ်ယောက်ကို လွှဲပေးလိုက်တော့မယ် “
စူးထောင်ပြောပြီးသည်နှင့် တံခါးကိုဖွင့်ကာ အပြင်ဘက်ရှိ လီရွှမ်ကို အမိန့်ပေးလိုက်သည်။
“ လေယာဥ်လက်မှတ်ကို ပြောင်းလိုက်တော့၊ ငါကိုယ်တိုင် လေဆိပ်ထိလိုက်ပို့မယ် “
လီရွှမ်ကိုပြောလို့ပြီးသည်နှင့် စုထောင်တစ်ယောက် စိတ်ဓါတ်ကျနေသော ကျန်းချီဘက်သို့ ပြန်လှည့်လိုက်သည်။
“ ကျန်းချီ…နောက်ဆုံးဖိုင်နယ်တစ်ခုပဲ ကျန်တော့တာ၊ ကောင်းကောင်းလေ့ကျင့်၊ ပထမဆုယူပြီး ပြန်လာခဲ့၊ အနာဂတ်မှာ နင့်ကိုအရူးအမူးစွဲလန်းကြမယ့် ပရိသတ်တွေသန်းချီရလာမှာ…နင်က စတိတ်စင်ရဲ့ အတောက်ပဆုံးနေရာမှာ ရပ်ပြီး အားပေးနှစ်ခြိုက်မှုကို ရလာလိမ့်မယ်၊ အဲဒီအချိန်ကျရင် နင်အခုလိုချင်နေတဲ့အရာက ပမွှားလေးပဲဆိုတာ သိလာလိမ့်မယ်၊ ပိုကောင်းတဲ့အရာတွေလည်းရလာမှာ “
လူအုပ်ထဲမှာတောင် တောက်ပလင်းလက်နေသည့် ကြယ်တစ်ပွင့်ဖြစ်လာမည်ကို မြင်နေရသည့်အလား ကျန်းချီကိုကြည့်သည့် စူးထောင်ရဲ့ အကြည့်များက အလွန်စိတ်အားထက်သန်နေလေသည်။
အဲဒါကမှ သူ့အိပ်မက်ဖြစ်သင့်တာ။
ကျန်းချီ ဖြည်းဖြည်းချင်း ခါးမတ်လိုက်ပြီး သူမဆီသို့ လျှောက်လာသည်။ နှုတ်ခမ်းထက်တွင် ဖျော့တော့သော အပြုံးတစ်ခုဖြင့် ဝမ်းနည်းစွာ ပြောလာခဲ့သည်။
“ အောင်မြင်မှုကိုရဖို့အတွက် အလိုချင်ဆုံးအရာကို စတေးရမယ်ဆိုရင် သိပ်ပြီး ဝမ်းနည်းဖို့ကောင်းသွားမှာ မဟုတ်ဘူးလား၊ အဲ့လိုဆို ပျော်ရွှင်မှုမဟုတ်တော့ဘဲ ဗလာသက်သက်သာ ခံစားရလိမ့်မယ် “
စူးထောင်ရဲ့ မျက်နှာအမူအရာက မပြောင်းလဲဘဲ ရက်စက်သောလေသံဖြင့် ထိုစကားကို ပြန်ငြင်းလိုက်သည်။
“ ဒါဆို မအောင်မြင်လာရင်လည်း နင်လိုချင်တဲ့အရာကို ရနိုင်မှာ မဟုတ်ဘူးလေ၊ အဲဒီအချိန်မှ နောင်တတွေနဲ့ တကယ့်ဗလာခံစားချက်ကို သိရလိမ့်မယ် “
ကျန်းချီ တုန်လှုပ်သွားရပြီး စူးထောင်ကိုကြည့်ကာ အချိန်အတန်ကြာ ကြက်သေသေနေခဲ့သည်။
ဒီတစ်ခေါက်တော့ စူးထောင်ကိုယ်တိုင် လီရွှမ်နှင့်ကျန်းချီတို့ကို လေဆိပ်အထိလိုက်ပို့ပြီး သူတို့လေယာဥ်ပေါ်တက်သွားတာကို အတည်ပြုပြီးမှ စိတ်သက်သာရာ ရသွားတော့သည်။
အပြန်လမ်းတွင် လီယကျယ်ဆီမှ စာဝင်လာခဲ့သည်။
“ ထောင်ဇီရေ ငါ့မှာသတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခုရှိတယ် “
ထိုစာကိုမြင်သောအခါ စူးထောင်ရဲ့ နှုတ်ခမ်းတို့ တွန့်သွားရသည်။
“ သတင်းဆိုးက ထပ်ရှိသေးတာလား “
လီယကျယ်လည်း မတတ်နိုင်စွာ ပြောလာတော့သည်။
“ သတင်းကောင်းကိုပြောရရင် ကျန်းချီက DG ကုန်ပစ္စည်းအသစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်လာပြီ “
“ သတင်းဆိုးကရော “
“ သတင်းဆိုးကတော့ အခုDGရဲ့ စာချုပ်က ကျန်းနျန်ရဲ့လက်ထဲမှာ ရှိနေတယ်၊ သူက စာချုပ်မှာ လက်မှတ်မထိုးခင် နင်နဲ့တွေ့ချင်နေတာ “
စူးထောင်ရဲ့မျက်လုံးထဲတွင် အုံ့မှိုင်းသောအကြည့်တို့ ဖြတ်ပြေးသွားသည်။
“ ချင်ရွှယ်ရှီ ဘယ်မှာလဲဆိုတာ ကျဲကျဲသိလား “
ကျန်းနျန်၏ ဗီလာအဟောင်းရှေ့တွင် စုထောင်အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး တံခါးဘဲလ်ကို ဖိလိုက်သည်။
အလုပ်သမားတစ်ယောက်က အရှေ့ဂိတ်ကိုဖြတ်၍ အနောက်ဘက်ခြံဝန်းဆီသို့ ဦးဆောင်ခေါ်လာခဲ့သည်။
နေရာတူညီနေသော်လည်း အရင်တစ်ခေါက်ကနှင့် စိတ်အခြေအနေ ကွာခြားနေလေသည်။ ကျန်းနျန်က အသက်ခုနှစ်ဆယ်နီးပါးရှိနေသည့်တိုင် ခြောက်ဆယ်လောက်သာ ထင်ရပေသည်။
ပုတီးတစ်ခုကို လက်ချောင်းများကြား လှည့်နေပြီး သစ်ကိုင်းများပေါ်ရှိ ငှက်အုပ်စုတစ်ခုကို ငြိမ်သက်စွာ ကြည့်နေလေသည်။ စားပွဲပေါ်တွင် အရုပ်သေနတ်တစ်လက်လည်း ရှိနေသေးသည်။
စူးထောင် တစ်ခဏလောက် တုံ့ဆိုင်းသွားရသည်။
“ ထိုင်ပါ ”
သူ့ခေါင်းကို လှည့်မကြည့်ဘဲ ကျန်းနျန်က တည်ငြိမ်စွာ ပြောလာသည်။
စူးထောင်တစ်ယောက် သူမရဲ့အသက်ရှူသံကို ထိန်းညှိလိုက်ပြီး ကျန်းနျန်ရဲ့ဆန့်ကျင်ဘက်ရှိ ထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။ သူမရဲ့လက်ကိုင်အိတ်ထဲမှ သစ်သားသေတ္တာလေးတစ်ခုကို ထုတ်ကာ စကားစပြောလာသည်။
“ မစ္စတာကျန်း…တွေ့ရတာဝမ်းသာပါတယ်၊ ဒါက လက်ဆောင်သေးသေးလေးပါ “
ထိုသစ်သားသေတ္တာလေးသည် ကျန်းနျန်ရဲ့အကြိုက်ကိုလေ့လာပြီးမှ သူမကိုယ်တိုင် ရွေးခြယ်လာခြင်းဖြစ်သည်။
ကျန်းနျန်က သစ်သားသေတ္တာလေးကိုယူပြီး ဖွင့်လိုက်ကာ အနံ့ခံကြည့်ပြီးမှ ပြောလာသည်။
“ မင်းဒီလောက် အကုန်ကျမခံသင့်ဘူး “
“ မစ္စတာကျန်း ကြိုက်နှစ်သက်တယ်ဆို ကျေနပ်ပါပြီ၊ ကျွန်မ ဒီနေ့စာချုပ်ကိစ္စဆွေးနွေးဖို့လာခဲ့တာပါ၊ ရှင့်ဘက်က လိုအပ်တာရှိရင် ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ် “
ကျန်းနျန်က စူးထောင်ကိုကြည့်ကာ အချိန်အတန်ကြာ အကဲခတ်နေခဲ့သည်။
ဒါပေမယ့် စူးထောင်က ရှဲ့ကျင်းရဲ့ အကြည့်မျိုးနှင့် အသားကျနေပြီး ဖြစ်တာကြောင့် အထူးတလည် ဖိအားမျိုး မခံစားရပေ။
စူးထောင်ရဲ့ တည်ငြိမ်တဲ့အပြုအမူက ကျန်းနျန်ကို စိတ်ကျေနပ်မှုဖြင့် ခေါင်းငြိမ့်စေသည်။