အခန်း (၅၄)
Vol. 5 Ch. 54
ရှဲ့ကျင်ဟာ မျက်လုံးများကို ပိတ်ထားသဖြင့် ချင်ရွှယ်ရှီး သူ့အနား တိုးကပ်လာတာကို လုံးလုံး သတိမမူမိပေ။ ထိုအရာကိုမြင်တော့ ချင်ရွှယ်ရှီးတစ်ယောက် ပို၍ သတ္တိရှိလာပုံရသည်။ ရှေ့သို့တစ်လှမ်းထပ်တိုးကာ သူမရဲ့ခေါင်းကို ငုံ့ကိုင်းလိုက်သည်။
သူတို့ရဲ့ နှုတ်ခမ်းတွေ ထိလုဆဲဆဲအချိန်၌ ရှဲ့ကျင် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။
ချင်ရွှယ်ရှီး ထိတ်လန့်တုန်လှုပ်သွားပြီးနောက် မကြာခင်မှာပဲ တွန်းထုတ်ခံလိုက်ရကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ဗီဒီယိုက ဒီနေရာမှာတင် အဆုံးသတ်သွားခဲ့သည်။ ရှဲကျင်ဟာ စူးထောင်ရဲ့ အမူအယာကို ဂရုတစိုက် အကဲခတ်လေ့လာနေလေသည်။
ဗီဒီယိုထဲမှာ အရာအားလုံး ရှင်းရှင်းလင်းလင်း ပါဝင်နေပြီးဖြစ်သော်လည်း ရှဲ့ကျင်တစ်ယောက် စိတ်အားထက်သန်စွာဖြင့် နူးနူးညံ့ညံ့လေး ထပ်ရှင်းပြလိုက်သေးသည်။
“ ရှောင်ထောင်ဇီ…ကိုယ်တကယ် သူမကို တွန်းထုတ်ခဲ့တာပါ၊ ကိုယ်က အပြစ်ကင်းတယ်နော်! ”
ချင်ရွှယ်ရှီး၏ မျက်နှာမှာ အနီရောင်မှ အစိမ်းရောင်၊ တဖန် အစိမ်းရောင်မှ အဖြူရောင်သို့ ဆင့်ကဲပြောင်းလဲသွားရသည်။
ရှဲ့ကျင်က ဘယ်သူမို့လဲ။ သူက ရက်စက်ပြီး နှလုံးသားမဲ့တယ်ဆိုတာကို လူတိုင်းသိတယ်လေ။ ဒီလိုမျက်နှာလို မျက်နှာရလုပ်နေတဲ့ ပုံစံမျိုး သူမ တစ်ခါမှမမြင်ဖူးဘူး!
တစ်ဖက်လူက သူ့ကိုအပြုံးတစ်ခုတောင်မပေးဘဲ ခေါင်းလေးပဲ ညှိမ့်ပြတာတောင် သူက အဲ့မိန်းမရဲ့ မျက်နှာကိုပဲ လိုက်ကြည့်နေတယ်တဲ့လား။
စူးထောင် မတ်တပ်ရပ်ကာ ဆွံ့အနေသည့် ချင်ရွှယ်ရှီးကို ကြည့်လိုက်ပြီး ရှဲ့ကျင်အား မထူးခြားနားစွာ ပြောလိုက်သည်။
“ အခု အခြေအနေကို သိသွားပြီဆိုတော့ ငါအရင်သွားလိုက်ဦးမယ်၊ သူမနဲ့ နင့်ဘာသာဆက်ရှင်းလိုက်တော့ ”
“ ရှောင်ထောင်ဇီ ”
ရှဲ့ကျင်က နူးညံ့တဲ့လေသံလေးဖြင့် ခေါ်လိုက်ပြီး သူ့ရဲ့မျက်လုံးနက်နက်လေးများကို ပုပ်ခတ်ပုပ်ခတ် လုပ်ကာ ပြောလာခဲ့သည်။
“ မင်းဘာစားချင်လဲဟင်…ကိုယ်ဒီည ပြန်ရောက်တာနဲ့ ချက်ကျွေးမယ်လေ ”
စူးထောင် တုံ့ဆိုင်းသွားကာ သူမမျက်နှာက အနည်းငယ် တောင့်တင်းလာခဲ့သည်။
“ ငါပဲ ချက်လိုက်ပါ့မယ်၊ နင့်မှာ အချိန်ရှိရင်တော့ စျေးဝယ်လာခဲ့ပေးလေ “
ရှဲ့ကျင်ရဲ့ ချောမောခံ့ညားသော မျက်နှာပေါ်၌ ကြည့်ကောင်းသော အပြုံးတစ်ခုပေါ်လာခဲ့ပြီး ချက်ချင်း ခေါင်းညှိမ့်ကာ ပြောလာခဲ့သည်။
“ ကောင်းပြီ၊ ကိုယ်ဝယ်လာခဲ့မယ်…အလုပ်ပြီးတာနဲ့ အိမ်ကိုစောစောပြန်လာခဲ့မယ်နော် “
စူးထောင်ထွက်သွားသည်နှင့် ရှဲကျင်တစ်ယောက် ချင်ရွှယ်ရှီးကို ပြန်လှည့်ကြည့်လိုက်သောအခါ ညင်သာတဲ့လေပြေလေးက မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားလေပြီ။
အစောပိုင်းမှ နူးညံ့ညင်သာမှုနှင့် စိတ်ရှည်မှုတို့ လုံးလုံးမရှိတော့ပါချေ။
ချင်ရွှယ်ရှီးဟာ နှင်းတောင်ပေါ်တွင် ရောက်နေသကဲ့သို့ ခံစားနေရကာ ခေါင်းမှ ခြေဖျားထိတိုင် တုန်ယင်နေလေသည်။
ရှဲ့ကျင် တစ်လှမ်းချင်း လျှောက်လာပြီး သူ့အရိပ်က သူမအပေါ် အုပ်မိုးသွားသည်ကို ကြည့်နေခဲ့သည်။
သူ့ရဲ့နက်မှောင်သော မျက်လုံးများက တောက်ပနေပြီး နှုတ်ခမ်းထောင့်စွန်းလေးက ရက်စက်သောအပြုံးတစ်ခုကို လှစ်ဟပြလာခဲ့သည်။
“ မင်းကြောင့် ငါဘာကိုဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရလဲဆိုတာ သိရဲ့လား၊ အဲဒါတောင် ငါက မင်းကို ကယ်ပေးဖို့ မျှော်လင့်နေသေးတယ်ပေါ့ ”
စူးထောင် ကုမ္ပဏီသို့ မပြန်ခင်မှာ ကျန်းဝမ်အား ဖုန်းခေါ်လိုက်သည်။
“ ကျွန်မရဲ့ အနာဂတ် ထိပ်တန်းအေးဂျင့်ကြီးရေ…တစ်ခုခုညွှန်ကြားစရာများ ရှိလို့လားရှင့် ”
ကျန်းဝမ်က စိတ်အခြေအနေကောင်းနေပုံရပြီး ပေါ့ပါးစွာ ပြောလာခဲ့သည်။
ဖုန်းတစ်ဖက်ဆီမှ စူးထောင်ရဲ့ ကြည်လင်နေသော အသံ ထွက်ပေါ်လာခဲ့သည်။
“ ဝမ်ဝမ်…နင့်ရဲ့စာချုပ်ကို ချောချောမွေ့မွေ့ အဆုံးသတ်လို့ရမယ့် နည်းလမ်းကောင်းတစ်ခု ရှိတယ်၊ အဲ့နည်းလမ်းက နှစ်ယောက်လုံးအတွက် အကျိုးအမြတ်ရှိစေမှာပါ “
ထိုအရာက ကုမ္ပဏီအတွင်းမှ ကြွက်တွေကို ဖော်ထုတ်ရာတွင်လည်း အဆင်ပြေစေသည်။
ကျန်းဝမ်၏ လက်ရှိအင်းဂျင့်ဖြစ်သူ ဝူစီတာဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ကို သူမက အသစ်ထပ်ချုပ်ဖို့အစီအစဥ်မရှိကြောင်း သိနေသဖြင့် အမြဲတမ်း သူမကိုခက်ခဲအောင် လုပ်နေခဲ့သည်။
သူက ကျန်းဝမ်ကို တရားစွဲမည်ဟု အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်ခဲ့သည်။ လတ်တလောတွင် ကျန်းဝမ်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းနေခဲ့ခြင်း ဖြစ်သည်။
စူးထောင်က သူမရဲ့စာချုပ်ဖျက်သိမ်းခြင်းကို ချောချောမွေ့မွေ့ဖြစ်အောင် လုပ်ပေးနိုင်သည်ဟု ကြားသောအခါ မှုန်ကုပ်ကုပ်ဖြင့် မေးလာခဲ့သည်။
“ ဘာနည်းလမ်းလဲ “
“ နင့်ရဲ့ အေးဂျင့်က လာမယ့်ရက်ပိုင်းအတွင်းမှာ ရုပ်ရှင်နဲ့တီဗီစီးရီး ပရောဂျက်တွေအတွက် မင်းကိုစာချုပ်ချုပ်ဖို့ ပြောလာခဲ့ရင် ငါ့ဆီကိုသာလွှတ်လိုက်၊ စူးထောင်ကို သွားမေးပါလို့ “
ကျန်းဝမ် အံ့အားသင့်သွားခဲ့သည်။
“ အဲဒါက သူ့ကိုပိုလို့တောင် ဒေါသထွက်စေမှာ မဟုတ်ဘူးလား၊ သူက ဒီရက်ပိုင်းမှာ အမျိုးမျိုးပြသာနာရှာနေတာနော် ”
စူးထောင်ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးက ဖြည်းဖြည်းချင်း ကွေးတက်သွားသည်။ သူမရဲ့မျက်တောင်ရှည်များနောက်မှ ကြည်လင်တောက်ပသော မျက်ဝန်းတစ်စုံက အရောင်လက်နေခဲ့သည်။
“ အဲဒါက ငါဖြစ်စေချင်တဲ့ အရာပဲလေ ”
စူးထောင် ရုံးခန်းကို ပြန်ရောက်သော် ချက်ချင်းဆိုသလို လီရွှမ်ကို အထဲဝင်လာဖို့ ဖုန်းခေါ်လိုက်သည်။
ဆယ်မိနစ်ကြာပြီးနောက် လီရွှမ်က ချိတ်ပိတ်ထားသော စာရွက်စာတမ်းဖိုင် သုံးခုကို ယူကာ ကိုယ်တိုင်ကိုယ်ကျ လူမှုဆက်ဆံရေးဌာန၊ အထွေထွေမန်နေဂျာရုံးခန်းနှင့် ဘဏ္ဍာရေးဌာနတို့ကို အသီးသီးပို့ဆောင်ပေးခဲ့သည်။
“ ကျွန်မရဲ့ဘော့စ်က ဒီဖိုင်တွေကို အခုဖွင့်မကြည့်ဖို့ ညွှန်ကြားလိုက်ပါတယ် ”
လီရွှမ်က ဌာနတစ်ခုချင်းစီတွင် လျို့ဝှက်ဆန်းကြယ်စွာ ပြောခဲ့သေးသည်။
ညနေလေးနာရီအချိန်တွင် ရှယ်ယာရှင်အစည်းအဝေး စတင်လေပြီ။ စူးထောင်က သူမရဲ့ရုံးခန်းအတွင်း၌သာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။
နာရီအချက်ပေးသံမြည်လာမှ တည်ငြိမ်စွာဖြင့် အစည်းအဝေးခန်းထဲသို့ ဦးတည်သွားသည်။ လျိုဝမ်ထောင်နှင့်လျန်ခယ့်တို့မှာ အစည်းအဝေးခန်းထဲ၌ ထိုင်နေခဲ့ပြီးဖြစ်သည်။
လျိုဝမ်ထောင်က သူမရဲ့ဖုန်းကိုသာ သည်းကြီးမည်းကြီး ကြည့်နေစဥ်တွင် လျန်ခယ့်ရဲ့ အမူအယာကတော့ ပုံမှန်ဖြစ်နေခဲ့သည်။
စူးထောင်က လျိုဝမ်ထောင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ လျိုဝမ်ထောင်ဟာ ချက်ချင်းပဲ သူမရဲ့ဖုန်းကို အဝေးပို့လိုက်ပြီး တည်ငြိမ်နေဟန်ဆောင်ကာ ရောက်လာတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို တစ်ယောက်ချင်းစီ နှုတ်ဆက်လိုက်သည်။
ဌာနတစ်ခုစီ၏ ခေါင်းဆောင်များက ဆက်တိုက်ရောက်လာကြပြီးနောက် အစည်းအဝေးကို တရားဝင် စတင်လိုက်ကြသည်။
လျန်ခယ့်ရဲ့ အစီအရင်ခံမှုပြီးဆုံးပြီးနောက် စူးထောင်အလှည့်သို့ ရောက်လာခဲ့သည်။
စူးထောင်က စခရင်အရှေ့မှာ ရပ်ပြီး သူမရဲ့ဖုန်းနှင့် ပရိုဂျက်တာကို ဘလူးတူးမှတစ်ဆင့် ချိတ်ဆက်ကာ ပါဝါပွိုင့်ဖိုင်ကို တိုက်ရိုက် ကူးပြောင်းလိုက်သည်။
သူမ အလုပ်ကိစ္စနှင့်ပတ်သက်၍ အနည်းငယ်သာ ရှင်းပြရသေးသည့်အချိန်တွင် လျိုဝမ်ထောင်က ရုတ်တရက် ဖြတ်ပြောလာခဲ့သည်။
သူမရဲ့မေးကို မောက်မာစွာ ပင့်ချီလိုက်ပြီး လှောင်ရယ်သည့်အမူအယာဖြင့် စူးထောင်ကို တိုက်ခိုက်လာခဲ့သည်။
“ ကျန်းဝမ်ကို လက်မှတ်ထိုးဖို့ ရှင်ဘယ်သူ့ဆီက ခွင့်ပြုချက်ယူခဲ့တာလဲ “
စူးထောင်ရဲ့ အမူအယာက မပြောင်းလဲပေ။ သို့သော် အနီးကပ်ကြည့်ပါက သူမရဲ့မျက်ဝန်းများထဲ၌ အပြုံးတစ်ခုကို မြင်နိုင်ပေလိမ့်မည်။
“ ကျွန်မ ဘယ်သူ့ကို လက်မှတ်ထိုးမယ်ဆိုတာ ရှင့်ကိုတင်ပြဖို့ လိုသေးတာလား “
လျိုဝမ်ထောင်က အေးတိအေးစက် ရယ်လာခဲ့သည်။
“ မန်နေဂျာစူးက ကျွန်မတို့ကို တင်ပြစရာမလိုဘဲ စိတ်ကြိုက်လုပ်နိုင်ပါတယ်၊ ကျွန်မတို့က လက်မခံရင်တောင်မှ ရှင်က စည်းမျဥ်းတွေကို ထောက်ပြပြီး ဘယ်သူမှအာမခံရဲအောင် လုပ်နိုင်တယ်လေ၊ ဒါပေမယ့် ရှင်လုပ်တဲ့အရာအားလုံးက မှန်တယ်လို့ ထင်နေတာလား”
“ ကျွန်မ ကျန်းဝမ်ကို လက်မှတ်ထိုးတာ ဘာမှားနေလို့လဲ“
စူးထောင်က တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
သူမရဲ့ ကြည်လင်နေသော မျက်လုံးလေးများက ဒေါသတစ်စွန်းတစ်စမှရှိမနေဘဲ တိုက်ခိုက်ခံနေရချိန်တွင် တည်ငြိမ်မှုကို ဆက်ထိန်းထားလေသည်။
တစ်ခုခုတော့ မှားနေပြီ။
“ သေချာတာပေါ့၊ ကျန်းဝမ်ကို ရှင့်ရဲ့အနုပညာရှင်အဖြစ် လက်မှတ်ထိုးနိုင်တယ်ဆိုတာက ရှင့်ရဲ့လုပ်နိုင်စွမ်းကို ပြတာပဲလေ၊ ဒါပေမယ့် တရားဝင်လက်မှတ်ထိုးဖို့ စာချုပ်မချုပ်ရသေးခင်မှာ သူမအတွက် ရုပ်ရှင်နဲ့ တီဗီစီးရီး အရင်းအမြစ်တွေ သီးသန့်ရှာပေးတာတော့ မလုပ်သင့်ဘူး၊ ဒါက သူမအတွက် စာချုပ်ချိုးဖောက်ရာကျတယ် ဆိုတာ ရှင်မသိဘူးလား ”
စူးထောင်ရဲ့ အမူအယာက အနည်းငယ် ပြောင်းလဲသွားပုံပေါ်သည်။
“ ဘယ်လိုလုပ်သိတာလဲ၊ သက်သေရှိလို့လား ”
“ ဘယ်လိုသိလဲဟုတ်လား၊ ထောင်းရှူမီဒီယာက တုံးအတယ်လို့ ထင်နေတာလား ၊ သူတို့ရဲ့ ပရိုဂျူဆာက တစ်ခုခုမှားနေတာကို သတိထားမိတာနဲ့ ဝူစီတာကို ဆက်သွယ်ပြီး သတင်းအချက်အလက်ကို အတည်ပြုခဲ့တာ၊ စူးထောင် ရှင်က တကယ်ကို ထုံထိုင်းနေတာပဲ၊ အရူးလိုပဲ ”
လျိုဝမ်ထောင်က မျက်နှာပေါ်တွင် အမှန်တရားဘက်တော်သားဟူသော အမူအယာကို ဆင်မြန်းလျက် စားပွဲခုံကို ထုလိုက်ပြီး ဒေါသတကြီး ထရပ်လိုက်သည်။
လက်ရှိအနေအထားကြောင့် လူတိုင်းက စူးထောင်အတွက် စိုးရိမ်ပူပန်လာကြတော့သည်။
စူးထောင်က နက်ရှိုင်းစွာ မျက်မှောင်ကျုံ့ပြီး အကြည့်များက ဆောက်တည်ရာမရဖြစ်နေသည်။ သူမပုံစံက တစ်ခုခုကို ရုန်းကန်နေရသည့်အလား။
“ ဘယ်လိုလုပ်သိသွားရတာလဲ၊ ဘာသက်သေရှိလို့လဲ ”
“ ဘာသက်သေရှိလဲဟုတ်လား ”
လျိုဝမ်ထောင်က လှောင်ရယ်လိုက်ပြီး သူမမျက်နှာပေါ်တွင် အောင်နိုင်သူကဲ့သို့ မောက်မာစွာ ကြည့်လိုက်သည်။
“ ရှင်အဲဒီ စာရွက်စာတမ်းတွေကို ခိုးလိုက်တာနဲ့ လူတိုင်းကိုအရူးလုပ်နိုင်ပြီ ထင်နေတာလား၊ ရှီရွမ်းအင်တာတိန်းမန့်က ဝူစီတာက ကျွန်မတို့ကုမ္ပဏီကို တရားစွဲမယ်ဆိုပြီး အခုပဲစာပို့လာတယ်၊ ရှင့်ရဲ့ရူးမိုက်တဲ့ လုပ်ရပ်က ကုမ္ပဏီကို တရားခွင်ရောက်အောင် လုပ်လိုက်တာပဲ၊ အဲဒီအတွက် ရှင်ဘယ်လိုတာဝန်ယူမှာလဲ ”
သူမရဲ့မှတ်ချက်ကြောင့် စူးထောင်ရဲ့ မျက်လုံးများ ကျဥ်းမြောင်းသွားရပြီး အစောပိုင်းက ဆောက်တည်ရာမရဖြစ်နေပုံက အေးစက်မှုဖြင့် အစားထိုးသွားခဲ့သည်။
“ ဒါပေမယ့် ကျွန်မ ချန်းရှူအင်တာတိန်းမန့်နဲ့ ဘာစာချုပ်ကိုမှ လက်မထိုးခဲ့ဘူးလေ၊ ဘယ်လိုလုပ် ဝူစီတာဆီက အတည်ပြုချက်ကို ရယူခဲ့တာလဲ၊ အဲဒီသတင်းအချက်အလက်က ကျွန်မတို့ကုမ္ပဏီဘက်က တစ်ယောက်ယောက်ဆီကနေ ပေါက်ကြားသွားခဲ့တာ ဖြစ်နိုင်တယ် ”
လျိုဝမ်ထောင် ထိတ်လန့်သွားရတော့သည်။ သုမရဲ့လက်ချောင်းများက စာရွက်စာတမ်းဖိုင်များကို အားသုံး၍ ဖိထားပြီး ရုတ်တရက် ကြမ်းတမ်းစွာ အော်ပြောလာခဲ့သည်။
“ နင်ဝန်မခံချင်တာနဲ့ပဲ သူများကိုစွပ်စွဲမနေနဲ့ “
“ ဒါရိုက်တာလျို… အော်ပြောတာက ရှင့်ကိုမှန်မလာစေဘူးနော် ”
စူးထောင်ရဲ့အသံက တည်ငြိမ်နေပြီး ယုံကြည်မှုရှိရှိ ပြောလာခဲ့သည်။
“ ကျွန်မ ကျန်းဝမ်အတွက် ချန်းရှုနဲ့ ဘာစာချုပ်မှ လက်မှတ်မထိုးခဲ့ဘူး၊ ကျွန်မ စာချုပ်တစ်ခုကိုတော့ နောက်သုံးလအတွက် ကြိုပြီးပြင်ဆင်ထားခဲ့ပေမယ့် အဲဒါက ချိတ်ပိတ်ထားတာလေ ”
“ အဲ့တော့ မေးစရာရှိတာက……”
စူးထောင်က စားပွဲပေါ်သို့ မှီလိုက်ပြီး လျိုဝမ်ထောင်ကို ထက်ရှစွာ ကြည့်လိုက်သည်။
“ ဝူစီတာက ဘယ်လိုလုပ်ပြီး မတည်ရှိတဲ့ သတင်းအချက်အလက်ကို ရသွားရတာလဲ၊ တစ်ယောက်ယောက်က ကျွန်မရဲ့ချိပ်ပိတ်ထားတဲ့ ဖိုင်ကို မတော်တဆဖွင့်ကြည့်မိပြီး သတင်းပေါက်ကြားစေခဲ့တာလား၊ ဒါမှမဟုတ် အကျိုးအမြတ်အတွက် တမင်ပေါက်ကြားစေခဲ့တာများလား ”
လူတိုင်းက မျက်လုံးအပြူးသားဖြင့် ဒရမ်မာဆန်သည့် အပြောင်းအလဲများကို ကြည့်နေချိန်တွင် စူးထောင်ရဲ့ဖုန်းက ဗီဒီယိုကောလ် တစ်ခုဝင်လာခဲ့သည်။
သူမငြင်းပယ်မလို့ လုပ်ပေမယ့် လက်ချော်ပြီး ထိုဗီဒီယိုကောလ်ကို လက်ခံဖြေဆိုလိုက်မိသည်။ သူမရဲ့ဘလူးတူးဖြင့်ချိတ်ဆက်ထားသော ကြီးမားသည့် စခရင်ထက်တွင် အေးစက်ချောမောသည့်မျက်နှာတစ်ခု ပေါ်လာခဲ့သည်။
သူ့ရဲ့ အမူအရာမဲ့နေပုံက နေရာရှိလူများကို ကျောချမ်းသွားစေသည်။
ထို့နောက် ဗီဒီယိုကောလ်ချိတ်ဆက်သွားသည်ကို သတိပြုမိသွားပုံရကာ သူ့ရဲ့အေးတိအေးစက်မျက်နှာက ချက်ချင်းဆိုသလို အသက်ဝင်လာခဲ့သည်။
သူက ဖုန်းကို လေးဆယ့်ငါးဒီဂရီသို့ ထောင်လိုက်ပြီး သူအကြည့်ကောင်းဆုံး ဖြစ်စေမည့် ရှုထောင့်ကိုတောင် ရှာနေသေးသည်။
သူ့ရဲ့ချောမောသောမျက်နှာက အစည်းအဝေးခန်းထဲရှိ အနုပညာရှင်တွေကိုမြင်နေကျသူတွေကိုတောင် ရှော့ရသွားစေခဲ့သည်။
“ ရှောင်ထောင်ဇီ…ဘာဖြစ်လို့လဲ ”
စခရင်ထက်တွင် စူးထောင်ရဲ့မျက်လုံးများက အနည်းငယ်နီရဲနေပြီး သူမရဲ့အကြည့်ကထက်ရှနေသည်။ သူမရဲ့ တည်ငြိမ်သည့်အမူအယာက လွှမ်းမိုးခြယ်လှယ်နိုင်သည့် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေလေသည်။
စူးထောင်ကို ထိုသို့သောပုံစံဖြင့်မြင်ရတာက ရှဲ့ကျင်ရဲ့မျက်နှာကို ရုတ်ချည်းအေးစက်သွားစေခဲ့သည်။ သူကထပ်မေးလာသည်။
“ ဘာဖြစ်လို့လဲ…မင်းစိတ်ဆိုးနေတာလား၊ ဘယ်သူက မင်းကိုဒေါသထွက်အောင် လုပ်တာလဲ ”
သူ့ရဲ့အမူအယာအရ စခရင်ထဲမှ အပြင်ကိုခုန်ထွက်လာပြီး တစ်စုံတစ်ယောက်ကို ထိုးကြိတ်တော့မည့်ပုံပင်။
“ ကျွန်မ အခုအစည်းအဝေးလုပ်နေတာ “
စူးထောင်က ဗီဒီယိုကောလ်ကို ချပစ်ဖို့ လုပ်လိုက်သည်။
“ ခဏ…ခဏနေပါဦး ”
ဗီဒီယိုထဲမှ ရှဲကျင်က ကင်မရာအနေအထားကို ဆယ်မွန်အသားတုံးတစ်ခုကို ညွှန်ပြလိုက်ပြီး ပြောလာခဲ့သည်။
“ တစ်ခုပဲမေးမှာပါ၊ ကိုယ် poached fishလုပ်ဖို့ ဆယ်မွန်ကို ဝယ်သင့်လား “
စူးထောင်ရဲ့ပါးစပ်က တွန့်သွားရသည်။ သူမရဲ့မျက်တောင်များက လှုပ်ခတ်သွားပြီး မူလရှိနေတဲ့အရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်ဖို့ ရုန်းကန်နေရတော့သည်။
“ ကြိုက်သလိုလုပ် ”
လူတိုင်း - “...”
အဲ့တော့ ဒီရက်စက်ကြမ်းကြုတ်လှတဲ့ ဘစ်ဘော့စ်ကြီးက စျေးမှာ ဟင်းချက်စရာတွေ ဝယ်နေတာလား။
တောင့်တင်းနေသည့် လေထုသည် စျေးဝယ်နေသော ဘော့စ်ကြီးကြောင့် အိမ်တွင်းအချက်အပြုတ် ချန်နယ်သို့ ကူးပြောင်းသွားသလိုပင်။
ကံကောင်းလှစွာဖြင့် စူးထောင်က စိတ်ပိုင်းဆိုင်ရာ သန်မာနေခဲ့သည်။ သူမက စားပွဲခုံကို အားဖြင့် ရိုက်လိုက်ပြီး လူတိုင်းရဲ့အာရုံစိုက်မှုကို ပြန်လည် ရယူလိုက်သည်။ အစည်းအဝေးခန်းမက တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားရသည်။
ထို့နောက် စူးထောင်က တိုက်ရိုက်ပဲ ပြောလိုက်လေသည်။
“ ဒါရိုက်တာလျို… ရှင်က ကုမ္ပဏီရဲ့သတင်းအချက်အလက်ကို အခြားကုမ္ပဏီတွေဆီ ပေါက်ကြားစေခဲ့တယ်ဆိုတာကို ဝန်ခံလား ”
လူတိုင်း၏ မျက်နှာအမူအယာများက တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။
မူလက လျိုဝမ်ထောင်ရဲ့စွပ်စွဲမှုအတိုင်းသာ ဆက်သွားခဲ့ပါက အများဆုံးမှ စူးထောင်က ကုမ္ပဏီကို အကျိုးဆုတ်ယုတ်စေမည့် အမှားတစ်ခုလုပ်ခဲ့ရုံသာ ဖြစ်မည်။
သို့သော်လည်း စူးထောင်ပြောခဲ့သည်သာ အမှန်ဆိုပါက လျိုဝမ်ထောင်သည် ကုမ္ပဏီ၏ လျို့ဝှက်ချက်တွေကို ခိုးယူရောင်းစားခဲ့ခြင်းအတွက် တာဝန်ယူရနိုင်သည်။ သာမန်ပြစ်မှုသေးသေးလေး မဟုတ်ပါချေ။
“ အခြားလူတွေကို ရေဆိုးရေညစ်တွေလာဖြန်းမနေနဲ့၊ စာချုပ်ချုပ်ခဲ့တဲ့ သတင်းက ဝူစီတာရော ရှန်းရှုကပါအတည်ပြုထားခဲ့ပြီးသား…ရှင်က အခု ရှန်းရှုရဲ့ ဥက္ကဌကိုပါ ဆွဲထည့်ပြီး ထိပ်တိုက်ရင်ဆိုင်ရဲတယ်ပေါ့ “
လျိုဝမ်ထောင်၏ စကားလုံးများကလည်း ခိုင်မာသောအထောက်အထားရှိသောကြောင့် အစည်းအဝေးခန်းထဲရှိ လူတွေက ဝေခွဲရခက်လာကာ ဘယ်သူ့ကို ယုံကြည်ပေးရမှန်း မသိတော့ပေ။
စူးထောင်၏ တောက်ပသော မျက်လုံးများက တစ်ဖက်လူကို လှောင်ပြောင်စွာဖြင့် ကြည့်ပြီး ပြောလိုက်သည်။
“ အဲ့လိုလား…ဒါရိုက်တာလျိုက တစ်ဖက်ကုမ္ပဏီရဲ့ အတွင်းသတင်းတွေကို အသေးစိတ်ကျကျ သိနေရလောက်တဲ့အထိ ဝူစီတာနဲ့ အရမ်းရင်းနှီးတဲ့ပုံပဲနော်၊ ကောင်းပြီလေ ထိပ်တိုက်ရင်ဆိုင်ကြတာပေါ့ “
“ စကားတွေ ဝေ့ဝိုက်မနေနဲ့တော့၊ သေချာတာပေါ့၊ ကျွန်မ ရှင့်ကိုမေးခွန်းမထုတ်ခင်မှာ ရှင်းရှင်းလင်းလင်း သိဖို့တော့လိုတယ် ”
လျိုဝမ်ထောင်၏ မျက်လုံးများက ပြူးကျယ်သွားရပြီး သူမရဲ့စူးရှတဲ့အသံက စူးထောင်ရဲ့ အားပါတဲ့အသံနှင့်ယှဥ်လျှင် အပြစ်မကင်းပုံပေါ်နေခဲ့သည်။
.........
(T/N - Poached fishဆိုတာ ငါးကို ဝိုင်၊ ဒိန်ချဥ်တို့လို အရည်တစ်ခုခုထဲမှာစိမ်ပြီး မီးမျှဥ်းမျှဥ်းနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာပါ၊ မြန်မာလို ငါးစွပ်ပြုတ်လို့ပြန်ရမှာ တစ်မျိုးဖြစ်နေလို့ပါ)