အခန်း (၅၃)
Vol. 5 Ch. 53
သူမ DGနဲ့စာချုပ်ချုပ်ခဲ့ခြင်းကို သိထားသည့် တစ်ဦးတည်းသော သူမှာ လီရွှမ်ဖြစ်သည်။ ဘယ်လိုလုပ် ဒီသတင်းက ကျန်းဝမ်ဆီကို ရောက်သွားရတာလဲ။ ဘယ်သူ့ဆီက ပေါက်ကြားသွားရတာလဲ။
သူမ လီရွှမ်ကို ဖုန်းခေါ်လိုက်သည်။
“ ဘော့စ် ကျွန်မအခုပဲ ရှင့်ကို တင်ပြမလို့လုပ်နေတာ၊ စာရွက်စာတမ်းတွေ အကုန်ပြင်ဆင်ပြီးပြီ ဘော့စ်လက်မှတ်ထိုးပေးဖို့ပဲ လိုတော့တာပါ “
စူးထောင် ရုတ်တရက် အဓိကအချက်ကို နားလည်သွားရသည်။
“ နင် စာရွက်စာတမ်းတွေ ပြင်ဆင်ဖို့ အဲဒီဌာနတွေအားလုံးကို သွားခဲ့တာလား ”
သေချာတာပေါ့။ အဲ့ဒါသာ အမှန်ဆိုလျှင် ကုမ္ပဏီအတွင်း ဒီသတင်းက ပျံ့နေလောက်ပေပြီ။
လီရွှမ် - “ ဘဏ္ဍာရေးဌာန၊ အထွေထွေဌာန၊ ပြည်သူ့ဆက်ဆံရေးဌာန အဲ့သုံးခုကိုသွားခဲ့ပါတယ် “
စူးထောင် - “ ဒီသတင်းကို အခြား တစ်ယောက်ယောက်က သိထားတာရှိလား ”
လီရွှမ် - “ အပြင်လူဘယ်သူမှ မသိပါဘူး၊ ဘာဖြစ်လို့လဲဟင် ”
စူးထောင် - “ တစ်ယောက်ယောက်က သတင်းပေါက်ကြားစေခဲ့တယ်လို့ ငါထင်နေတယ်၊ တမင်ကြံစည်ထားတာလည်းဖြစ်နိဒ်သလို သတင်းရောင်းစားတာလည်းဖြစ်နိုင်တယ်၊ ဒါပေမယ့် မသေချာသေးပါဘူး၊ လောလောဆယ် အသေးစိတ် အချက်အလက်ကိုတော့ မပျံ့သွားအောင် လျှို့ဝှက်ထားရမယ် “
ထို့နောက် စူးထောင်က လီယကျယ်ကို ဖုန်းခေါ်ပြီး အကျိုးအကြောင်း ရှင်းပြလိုက်သည်။
သူမ မတတ်နိုင်စွာပဲ စာချုပ်ချုပ်မည့်နေ့ကို ကျန်းချီရဲ့နောက်ဆုံးပွဲစဥ် ယှဥ်ပြိုင်မည့်နေ့သို့ ရွှေ့ဆိုင်းလိုက်ရသည်။
လီယကျယ်သည်လည်း စိုးရိမ်ပူပန်နေပေသည်။
“ ကျန်းချီက နောက်ဆုံးအနိုင်ရတဲ့ ချန်ပီယံဖြစ်မယ်ဆိုတာ နင်သေချာလို့လား ”
စူးထောင် အသက်ပြင်းပြင်းရှူကာ သူမရင်ထဲက ဖိအားကိုလျှော့ချလိုက်ပြီးမှ တည်ငြိမ်စွာ ပြောလာခဲ့သည်။
“ သန်ဘက်ခါက နောက်ဆုံးပွဲစဥ်ပဲ…ငါ နင့်ကို နက်ဖြန်ညနေကျရင် တိကျသေချာတဲ့ ရလဒ်တစ်ခုကို ပေးမှာပါ ”
ဖုန်းချပြီးနောက် သူမရဲ့စိတ်အခြေအနေကို ထိန်းညှိလိုက်ပြီး ကားထဲမှထွက်ကာ ဖင်းရှုရုပ်ရှင်နှင့်တီဗီ ရုံးခန်းအဆောက်အဦးသို့ ဝင်သွားခဲ့သည်။
သူမ လမ်းတစ်ဝက်မှာတင် ရင်းနှီးနေသော မျက်နှာဖြင့် အသိအကျွမ်းတစ်ယောက်ကို တွေ့လိုက်ရသည်။ မျက်မှန်တပ်ထားသည့်လူက အံ့အားသင့်စွာ ပြောလာခဲ့သည်။
“ အိုး…မင်းပဲ ”
သေချာတာပေါ့။ ထိုလူက စူးထောင်ရဲ့နာမည်ကို မမှတ်မိပါဘူး။
စူးထောင်က လူတွေကိုမှတ်မိနိုင်စွမ်း အားကောင်းတာကြောင့် ထိုလူက အဲဒီနေ့က စာသောက်ဆိုင်မှာ ကျိုးယုံနှင့် ကျူးဟန်တို့နှင့်အတူ စားသောက်နေသည့် တစ်ယောက် တစ်နည်းအားဖြင့် ဖင်းရှုရဲ့ဘော့စ် ဝမ်ချွမ်မင် ဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။
“ မစ္စတာဝမ် တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မက စူးထောင်ပါ ”
စူးထောင်က အရင်ဦးစွာ စတင်မိတ်ဆက်လိုက်ပြီး ဝမ်ချွမ်မင်ကို အရှက်ရခြင်းမှ ကယ်တင်လိုက်သည်။
ဝမ်ချွမ်မင်က ယဥ်ကျေးပျူငှာသော အပြုံးတစ်ခုဖြင့် ပြောလာခဲ့သည်။
“ မစ္စတာရှဲ့ရော ဘယ်လိုလဲ”
အဲဒီနေ့က သူတို့နားလည်မှုလွဲသွားခဲ့သည်ကို စူးထောင်သိပေမယ့် ဒီနေရာမှာ ပြောလိုက်ရန် မသင့်တော်ပါချေ။
စူးထောင် ခဏလောက် တွေးလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
“ မစ္စတာရှဲ့က အဆင်ပြေပါတယ်၊ ရှင် သူ့ကိုတွေ့ရင် ကျွန်မအစား ကျေးဇူးတင်စကား ပြောပေးပါဦး ”
စူးထောင်ရဲ့စကားလုံးတွေက ဝမ်ချွမ်မင်ကို စိတ်ရှုပ်ထွေးသွားစေသည်။ ဒါပေမယ့် သူချက်ချင်း သဘောပေါက်သွားသည်။ ဒီနှစ်ယောက်က သူတို့အကြောင်းကို မထုတ်ဖော်စေချင်တာပဲ ဖြစ်ရမယ်!
ထိုသို့ သဘောပေါက်ပြီးနောက် သူ့မျက်နှာတွင် နားလည်ပါသည်ဟူသော ပုံစံဖြင့် ပြောလာခဲ့သည်။
“ ရတာပေါ့၊ သိပ်ရတာပေါ့ဗျာ…ဒီတစ်ခေါက် မိန်းကလေးစူးက ဘာကိစ္စရှိလို့ ဒီကိုလာတာလဲ သိခွင့်ရှိမလား”
စူးထောင်က အမှန်အတိုင်းပဲ ဖြေလိုက်သည်။
“ ကျွန်မရဲ့အနုပညာရှင်နဲ့ပတ်သက်ပြီး ဒါရိုက်တာရှုနဲ့ ချိန်းထားတာလေး ရှိလို့ပါ ”
ဝမ်ချွမ်မင်က ဖော်ရွေစွာ ကမ်းလှမ်းလိုက်သည်။
“ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လည်း အားနေတာဆိုတော့ လိုက်ပို့ပေးမယ်လေ ”
ငြင်းပယ်ရန် မကောင်းတတ်သဖြင့် စူးထောင်လည်း သူ့ကို အတူလိုက်ခွင့်ပြုလိုက်ရသည်။
ရုံးခန်းသို့ရောက်သောအခါ ဒါရိုက်တာရှုမှာ သူတို့ရဲ့ဘော့စ်ကိုယ်တိုင် စူးထောင်ကို ခေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဒါ့အပြင် သူတို့က ရင်းနှီးနေပုံလည်း ရတာကြောင့် အခြေအနေကို အကဲခတ်ပြီးနောက် တုန်းမင်ရွှမ်းကို ဇာတ်ကောင်ပေးလိုက်ရန် နေရာမှာတင် ဆုံးဖြတ်လိုက်တော့သည်။
စကားအနည်းငယ်ပြောပြီးနောက် ဒါရိုက်တာရှုရဲ့ မျက်နှာတွင် အပြုံးများဝေဝေဆာဆာဖြင့် စူးထောင်ကို ရုံးခန်း အပြင်ဘက်အထိ ရိုရိုသေသေ လိုက်ပို့လေသည်။
ဘော့စ်ဖြစ်သူ ဝမ်ချွမ်မင်မှာမူ အဆောက်အအုံဂိတ်ပေါက်ဝအထိ လိုက်ပို့ပေးပြန်သည်။
စူးထောင်မှာ ငြင်းပယ်ရန် အခွင့်အရေးတောင် မရလိုက်ပေ။
စူးထောင် ခဏလောက်တွေးလိုက်ပြီးနောက် မနေနိုင်စွာ ထပ်ပြောလိုက်သည်။
“ မစ္စတာဝမ်…ကျွန်မက မစ္စတာရှဲ့နဲ့ ဘာမှမပတ်သက်ပါဘူး၊ သင့်လျော်တဲ့ဇာတ်ကောင်ကို ရှာဖို့အတွက် တုန်းမင်ရွှမ်ရဲ့ အနုပညာရှင်တွေကို ကြည့်သင့်တယ် “
ဝမ်ချွမ်မင်ကတော့ သူနားလည်ပါသည်ဟူသော အမူအရာကိုသာ ဆက်ထိန်းထားလေသည်။
“ မိန်းကလေးစူးဘက်က ဘာမှမပြောသရွေ့ ကျွန်တော်လည်းဘာမှမပြောပါဘူး၊ စိတ်မပူပါနဲ့”
စူးထောင် - "..."
အခုကြည့်ရတာ သူမဘယ်လိုပဲရှင်းပြပါစေ အသုံးဝင်မည့်ပုံ မပေါ်ပါချေ။ စူးထောင် ဘာမှဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ချွမ်မင်မှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လက်ခုပ်တီးတာ ပြောလာခဲ့သည်။
“ ဟုတ်သားပဲ… ကျွန်တော်တို့မှာ ကျန်းဝမ်ကို ဖိတ်ခေါ်ချင်တဲ့ တီဗီဇာတ်လမ်းတွဲတစ်ခု ရှိတယ်၊ ဒီဇာတ်လမ်းတွဲက နောက်ထပ်နှစ်လလောက်နေမှ စပြီး ရိုက်ကူးမှာလေ၊ အဲဒါ မိန်းကလေးစုနဲ့ပဲ တိုက်ရိုက်ဆွေးနွေးရမလား၊ သူမရဲ့ လက်ရှိအေဂျင်စီကို ဆက်သွယ်ရမလား မသိဘူးဗျ “
စူးထောင်ရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားရသည်။
ကျန်းဝမ်ကို လက်မှတ်ထိုးဖို့လုပ်ထားတဲ့ သတင်းကလည်း ပေါက်ကြားသွားပြီလား!
ဘယ်လိုတောင် တိုက်ဆိုင်နေတာပါလိမ့်။
သူမရဲ့ ကြည်လင်နေသော လျက်လုံးများဖြင့် ဝမ်ချွမ်မင်ကို ကြည့်ကာ ပြောလိုက်သည်။
“ မစ္စတာဝမ်…ကျွန်မ အကူအညီတစ်ခုလောက် တောင်းလို့ရမလား ”
စူးထောင် ကုမ္မဏီကို ပြန်လာခဲ့သည်။ လော်ဘီကို ဖြတ်လျှောက်လာပြီးနောက် သူမရဲ့အကြည့်က လုပ်ဖော်ကိုင်ဖက်များပေါ်သို့ ဖြတ်သွားကာ တစ်ယောက်ချင်းစီရဲ့ အမူအရာများကို စစ်ဆေးနေခဲ့သည်။
စိတ်ရင်းမှန်ဖြင့် ဖြစ်စေ၊ မကောင်းတတ်လို့ဖြစ်စေ လူတိုင်းက သူမနှင့် အကြည့်ချင်းစုံလိုက်သည်နှင့် ဖော်ရွေစွာ ပြုံးပြကြလေသည်။
စူးထောင် ရုံးခန်းသို့ ပြန်ရောက်သောအခါ ပြူတင်းပေါက်တစ်ခုကို ဖွင့်လိုက်ပြီး မတ်တပ်ရပ်ကာ သတင်းပေါက်ကြားစေခဲ့တဲ့ ကြွက်ကို ဖော်ထုတ်ရန် တွေးတောနေခဲ့သည်။
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသဖြင့် စူးထောင် ခေါင်းငုံ့ကြည့်လိုက်ရာ ရှဲ့ကျင်နှင့် သူ့ရှေ့မှာရပ်နေသော ချင်ရွှယ်ရှီးကို တွေ့လိုက်ရ၏။
သူမရဲ့ နက်မှောင်သောဆံနွယ်များက ရှုပ်ပွနေပြီး ပန်းရောင်စကပ်လေးကလည်း ညစ်ပေကာ စွန်းထင်းနေလေသည်။
စူးထောင်ရဲ့ရှုထောင့်မှကြည့်လျှင် ချင်ရွှယ်ရှီးရဲ့ မျက်နှာပေါ်ရှိ ညိုမဲစွဲနေသည့် ဒါဏ်ရာများကိုပါ မြင်နေရသည်။
သူမက ရှဲ့ကျင်ကို မျက်ရည်ဝဲနေသော မျက်ဝန်းတစ်စုံဖြင့် သနားစရာကောင်းစွာ ကြည့်နေခဲ့သည်။
သူမရဲ့နှုတ်ခမ်းတစ်စုံက ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေပေမယ့် ပြီးပြည့်စုံသော စကားတစ်ခွန်းသော်မျှ ထွက်မလာနိုင်ခဲ့ပေ။
စူးထောင် ဂရုတစိုက်ဖြင့် သူမရဲ့နှုတ်ခမ်းလှုပ်ရှားပုံကို ကြည့်လိုက်ရာ အကူအညီတောင်းနေမှန်း သိလိုက်ရသည်။
သူမက ‘ ကယ်ပေးပါ ‘ လို့ပြောနေပုံပေါ်သည်။
ချင်ရွှယ်ရှီး ရှေ့သို့ ပြေးဝင်လာပြီး ရှဲ့ကျင်ကို ဖမ်းဆွဲရန် လုပ်ခဲ့သည်။ သို့သော်လည်း ရှဲကျင်က မနှစ်မျို့စွာ ဘေးသို့ ရှောင်တိမ်းသွားခဲ့ရာ ချင်ရွှယ်ရှီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
သူမရဲ့ ညစ်ပေနေပြီးသား စကပ်မှာ အခုပို၍ပင် ကြည့်ရဆိုးသွားတော့သည်။ ရှုပ်ပွနေသော ဆံပင်များက သူမရဲ့ မျက်နှာမှာ ကပ်တွယ်လျက်ရှိသည်။
သူမကို မတွေ့ရသည့် ရက်အနည်းငယ်အတွင်းမှာ သူမပုံစံက အားအင်ချိနဲ့နေသော လေလွင့်ခွေးတစ်ကောင်လို ဖြစ်နေခဲ့လေသည်။
လူအုပ်ကြီးက သူတို့အနားမှာ စုဝေးလာခဲ့သည်။ ရှဲကျင်ဟာ သူမကိုဖြတ်ပြီး ထွက်သွားရန် လုပ်သော်လည်း သူ့ခြေထောက်ကို ဖက်တွယ်ထားခံရသည်။ ခြေထောက်ကို အားဖြင့် ခါချလိုက်ရာ ချင်ရွှယ်ရှီးမှာ အရိုးမရှိသကဲ့သို့ လွင့်ထွက်သွားခဲ့သည့်တိုင် သူမက အလွန်လျင်မြန်သော အရှိန်ဖြင့် ပြန်ထလာကာ ခေါင်းမာစွာဖြင့် ပြန်လည် တွယ်ကပ်နေခဲ့သည်။
“ လွှတ်စမ်း ”
နောက်ဆုံးတော့ ရှဲကျင် ဒေါသထွက်လာလေပြီ။ သူ့ရဲ့ ရေခဲလိုအေးစက်နေသည့် အသံက ချင်ရွှယ်ရှီးရဲ့ခန္ဓာကိုယ်အား တောင့်တင်းသွားစေရုံသာမကဘဲ ရပ်ကြည့်နေသည့်လူအုပ်ကိုပါ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားစေခဲ့သည်။
ချင်ရွှယ်ရှီးရဲ့ လက်မောင်းမှာ ဘေးသို့ပုံကျသွားပြီး ရှဲကျင်က သူမကို မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာ ခါထုတ်လိုက်သည်။
သူ့ရဲ့ ရက်စက်သည့်အပြုအမူက ရပ်ကြည့်နေသူများကို တုန်လှုပ်သွားစေခဲ့သည်။
ရှဲကျင်တစ်ယောက် မလုံမလဲဖြင့် ဒုတိယထပ်သို့ မော့ကြည့်လိုက်ရာ ကံကောင်းစွာဖြင့် စူးထောင်ရဲ့ရုံးခန်းပြတင်းပေါက်၌ မည်သူမှ မရှိနေတာကို တွေ့လိုက်ရသည်။
ရုတ်တရက်ဆိုသလို သူ့အပေါ်အကြည့်တစ်ခုရောက်လာတာကို ခံစားမိသောကြောင့် လှည့်ကြည့်လိုက်ရာ သေးသွယ်သောပုံရိပ်လေးတစ်ခုက သူ့မျက်လုံးထဲ ဝင်လာခဲ့သည်။
နှလုံးတစ်ချက်ဆောင့်ခုန်သွားပြီး သူ့ရဲ့ခြေလှမ်းတို့က နေရာမှာတင် အေးခဲသွားကာ ဆက်မရွေ့နိုင်တော့ပေ။
သူ့အသံက လည်ချောင်းကိုဖြတ်၍ အားနည်းစွာ ထွက်ပေါ်လာသည်။
“ ရှောင်ထောင်ဇီ… ”
သူ ရှောင်ထောင်ဇီနဲ့ ပြသာနာတွေဖြစ်ခဲ့ရတဲ့ အရင်းအမြစ်က ဒီချင်ရွှယ်ရှီးဆိုတဲ့ မိန်းမကြောင့်ပဲ။ သူ့မှာ ရှောင်ထောင်ဇီရဲ့ အနားမှာ နေနိုင်ဖို့ ခက်ခက်ခဲခဲနဲ့ ကြိုးစားခဲ့ရတာလေ။ ထပ်ပြီးတော့ သူမအထင်လွဲသွားတာမျိုး အဖြစ်မခံနိုင်တော့ဘူး!
ဒီလိုဒရမ်မာဆန်လွန်းတဲ့ မြင်ကွင်းကို ဘယ်လိုရှင်းပြရမလဲဆိုတာ စဥ်းစားနေချိန်တွင် စူးထောင်ရဲ့အသံကို ကြားလိုက်ရသည်။
“ ဘေးက စားသောက်ဆိုင်မှာ သွားပြောကြတာပေါ့ ”
သီးသန့်အခန်းထဲ၌ ရှဲ့ကျင်က စူးထောင်ဘေးတွင် နီးနီးကပ်ကပ် ထိုင်နေခဲ့ပြီး ချင်ရွှယ်ရှီးကိုတော့ သူတို့ရဲ့မျက်နှာချင်းဆိုင်နေရာမှာ ထိုင်ခိုင်းထားသည်။
စူးထောင် လက်ကိုင်ပုဝါအစိုတစ်ခုကို ထုတ်၍ ချင်ရွှယ်ရှီးကို ပစ်ပေးလိုက်ကာ ပုံမှန်လေသံဖြင့် ပြောလိုက်သည်။
“ ပေနေတာတွေ သုတ်လိုက်ဦး ”
ချင်ရွှယ်ရှီးက လက်ကိုင်ပုဝါကို မထိခဲ့ဘဲ ရှဲကျင်ကိုသာ ကြည့်ပြီး သနားစရာကောင်းသော အသံဖြင့် ပြောလာခဲ့သည်။
“ အားကျင်…ငါတောင်းပန်ပါတယ်ဟာ၊ ကျေးဇူးပြုပြီး ငါ့ကိုကယ်ပေးပါနော်၊ အဲဒီသားရဲကောင် ကျန်းချီက ရုတ်တရက်ငါ့ကို လာရှာပြီး ရိုက်နှက်သွားတာ၊ ငါ့ကိုသတ်ပစ်မယ်လို့လည်း ပြောတယ်၊ ငါတကယ်ကို…… ”
စူးထောင် ခေတ္တခဏ အကဲခတ်လေ့လာပြီးနောက် သူမရဲ့ရည်ရွယ်ချက်ကို နားလည်သွားလေပြီ။
ရုံးခန်းအောက်ထပ်တွင် ရုတ်တရက် ထွက်ပေါ်လာမှုက စူးထောင်ကို အပြစ်တင်ကျိန်ဆဲရန်သာ ဖြစ်ပေလိမ့်မည်။
သို့သော် ရှဲကျင်နဲ့ မတော်တဆ တွေ့ရလိမ့်မည်ဟု သူမမျှော်လင့်ထားလိမ့်မည် မဟုတ်ပေ။ ထို့နောက် သူမစိတ်ပြောင်းသွားကာ အကူအညီတောင်းဖို့ ရှဲကျင်ကို ကပ်တွယ်နေခြင်းသာဖြစ်သည်။
ရှဲကျင်မှာ ဓါးလို ထက်ရှသည့် အကြည့်စူးစူးတို့ဖြင့် ကြည့်လိုက်ရာ ချင်ရွှယ်ရှီးမှာ အကြည့်ချင်းတောင် မဆုံရဲတော့ပေ။
ရှဲကျင် ဖုန်းထုတ်လိုက်ကာ သူ့ရဲ့ရှည်သွယ်တဲ့ လက်ချောင်းများက စခရင်ပေါ်မှာ အကြိမ်အနည်းငယ် လှုပ်ရှားနေခဲ့ပြီး စခရင်ကို ချင်ရွှယ်ရှီးဘက်သို့ လှည့် ပြလိုက်လေသည်။
သူ့ရဲ့ အုံ့မှိုင်းနေသည့်အမူအရာက ပို၍ပင် အေးစက်လာတော့သည်။
စခရင်ထက်တွင်တော့ ဓါတ်ပုံတစ်ပုံ ရှိနေခဲ့သည်။
“ ဒီပုံထဲက အခြေအနေ အစစ်အမှန်ကို သေချာ ရှင်းပြပါဦး ”
ပုံကို မြင်သောအခါ စူးထောင်၏ ဂရုမစိုက်ဟန် အမူအရာက တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။
ရှဲ့ကျင်နှင့် ချင်ရွှယ်ရှီးတို့ကို မကြည့်ဘဲ မျက်လွှာချကာ တိတ်တဆိတ် လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
ရှဲ့ကျင်သည် ချင်ရွှယ်ရှီးကို ကြောက်ဖို့ကောင်းလောက်အောင် စိုက်ကြည့်နေသော်လည်း မျက်လုံးထောင့်မှ စူးထောင်ရဲ့ အမူအယာကို တိတ်တိတ်လေး အာရုံစိုက်လေ့လာနေခဲ့ပေသည်။
သူ့ရဲ့နှလုံးသားဟာ တင်းကြပ်သွားရပြီး ဖုန်းကို ဆုပ်ကိုင်ထားသည့် လက်ချောင်းများမှာ အဖြူရောင်ပြောင်းသွားတော့သည်။
သေချာတာပေါ့၊ ချင်ရွှယ်ရှီးတစ်ယောက် ဒီဓါတ်ပုံကို ခုမှ မြင်ဖူးတာလေ။
အစပိုင်းတွင် တွေဝေသွားခဲ့ပြီးနောက် တစ်စုံတစ်ခုကို မှတ်မိသွားပုံရသည်။ သူမရဲ့မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားပြီး ထိုဓါတ်ပုံကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်လေသည်။
"ဒီပုံကို ဘယ်လိုဖြတ်ပြီး ယူထားတာလဲ "
"အဲ့တုန်းက အခြေအနေကို သေချာ မရှင်းပြချင်ဘူးလား "
သူမရဲ့မေးခွန်းကို လစ်လျူရှုကာ ရှဲ့ကျင်က မှုန်ကုပ်ကုပ်ဖြင့် ထပ်ပြောလိုက်သည်။
ချင်ရွှယ်ရှီးတစ်ယောက် အလွန်ကြောက်လန့်သွားခဲ့ပြီး သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာကာ ထစ်အစွာ ပြောလာခဲ့သည်။
"ငါ…ငါသေချာ မမှတ်မိဘူး "
ရှဲ့ကျင်က သူမ ဒီလိုဖြေလာမှာကို ကြိုသိနေသည့်အလား နှာခေါင်းရှုံ့လိုက်ပြီးနောက် အေးစက်စွာ ပြောလာခဲ့ပြန်သည်။
" ချင်ရွှယ်ရှီး…ငါ့ဘက်က အခွင့်အရေးပေးနေပေမယ့် မင်းဘက်က မယူတာနော် "
ရှဲကျင်ရဲ့ လက်ချောင်းတစ်ချောင်းက ဖုန်းစခရင် ဘယ်ဘက်ကို ရွှေ့လိုက်ပြီး ဗီဒီယိုတစ်ခုကို ဖွင့်ပြလာသည်။
ဒီတစ်ခေါက်မှာတော့ ထိုဗီဒီယိုအား စူးထောင်ကိုသာ တိုက်ရိုက်ပြလိုက်ခြင်း ဖြစ်သည်။
သူ့ရဲ့အေးစက်နေသည့် လေသံဟာ ချင်ရွှယ်ရှီး စိတ်တောင်မကူးဖူးတဲ့ နူးနူးညံ့ညံ့ လေသံအဖြစ် ရုတ်ချည်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
" ဒါက အဲ့နေ့က ဗီဒီယိုအပြည့်အစုံပဲ၊ ကိုယ် မင်းကိုပြချင်လို့ ကုမ္ပဏီကိုလာခဲ့တာ…ဒါပေမယ့် အရူးတစ်ယောက်ရဲ့ နှောက်ယှက်တာကို ခံလိုက်ရတယ်လေ "
"အရူးတစ်ယောက် " ဟုပြောလိုက်သောအခါ ချင်ရွှယ်ရှီးရဲ့ မျက်နှာတစ်ခုလုံး ဖြူစုတ်သွားရပြီး သူမရဲ့မျက်လုံးထဲတွင် မျက်ရည်များက တဖြည်းဖြည်း နေရာဝင်ယူလာခဲ့သည်။
ရှဲ့ကျင်က သူမကို ဆိုးဆိုးရွားရွား နာကျင်စေခဲ့တာတောင်မှ ထိုလူကို သူမခေါင်းထဲမှ မထုတ်နိုင်ပါချေ။
စူးထောင်၏ တည်ငြိမ်သော အကြည့်သည် ချင်ရွှယ်ရှီးမျက်နှာပေါ်မှ ဗီဒီယိုဆီသို့ ကူးပြောင်းသွားခဲ့သည်။
ဗီဒီယိုထဲတွင် ရှဲ့ကျင်နှင့် လုပ်ဖော်ကိုင်ဖက် တစ်စုတို့က ကလပ်တစ်ခုမှ ထွက်လာကာစဖြစ်သည်။ သူက သိသိသာသာကို အလွန်မူးနေပုံရပြီး လမ်းလျှောက်ရာတွင်လည်း အနည်းငယ် ယိုင်တိယိုင်တိုင်ဖြစ်နေသည်။
ချင်ရွှယ်ရှီးက ရှေ့သို့တိုးကာ သူ့ကိုကူညီပေးလိုက်သည်။ ထို့နောက် သူမက အခြားလုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်လိုက်ပြီး လမ်းမပေါ်၌ တက္ကစီခေါ်ရန် ပြင်ဆင်နေသည်။
ရှဲ့ကျင်ကတော့ အသိစိတ်ကပ်ပုံမရချေ။ သူ့မျက်လုံးများက ဦးတည်ရာမဲ့ဖြစ်နေပြီး သူတို့နောက်မှ ဖြည်းဖြည်းချင်း လိုက်လျှောက်လာသည်။
ချင်ရွှယ်ရှီးက သူ့ပုံစံကိုကြည့်ပြီး ကြက်သေသေလျက် တစ်စုံတစ်ခုကို တွေးတောနေပုံရသည်။ တက္ကစီများက သူတို့ရှေ့မှာ လာရပ်ကြပေမယ့် သူမက ဘယ်ကားပေါ်ကိုမှ မတက်ပါပေ။ အဲဒီအစား ရှဲ့ကျင်အနီးသို့ တိုးသွားလိုက်ပြီး သူရဲ့တုံ့ပြန်မှုကို ဖြည်းဖြည်းချင်း စစ်ဆေးနေသည်။