ဝမ်ယန်ပင်း
Vol. 015 Ch. 1436
ဟောက်ထျန်းမြို့တွင် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ် နတ်မိမယ်ဆီသို့ ဝမ်ယန်ပင်း လာလည်ခြင်းက အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။
ယခု အားလုံးသော အစွမ်းထက်ပုဂ္ဂိုလ်များသည် ဤမြို့တွင် စုစည်းလာကြသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နတ်မိမယ် ရောက်ရှိလာပြီး ယခုအခါတွင် ဝမ်ယန်ပင်းသည် ဟောက်ထျန်းမြို့၏ ရေပန်းအစားဆုံးလေး ဖြစ်နေသည်။ သူက ချင်းဟယ်ထံ လာလည်သည်ကို မဆိုထားနှင့် သူ၏ အသေးအမွှား လှုပ်ရှားမှုတိုင်းကပင် လူတိုင်း၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်သည်။
ကောင်းကင်နတ်တံခါး၏ အထက်တွင် ကျန်းထိုက်ချူးနှင့် ဟွားချင်းယွင် ရှိကာ ကောင်းကင်နတ်တံခါး၏ အောက်တွင် ဝမ်ယန်ပင်း ရှိသည်။
ထိုလူသုံးယောက်သည် တောင်ဘက်ကောင်းကင်နယ်မြေတွင် အကျော်ကြားဆုံး ပါရမီရှင် သုံးဦး ဖြစ်လေသည်။ ဝမ်ယန်ပင်းသည် ကောင်းကင်နတ်တံခါးဂိုဏ်း အထက်ကလန်မှ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်နှစ်ဦးနှင့် ယှဉ်နိုင်ပေသည်။ သူသည် ကောင်းကင်နတ်တံခါးဂိုဏ်းသို့ ကျင့်ကြံရန် မဝင်ရောက်သော်လည်း များပြားလှသော သူများက ဝမ်ယန်ပင်းသည် ဝမ်ကလန်က ကောင်းကင်နတ်တံခါးဂိုဏ်းသို့ ပြန်လည်ခြေချကာ ဝင်ရောက်နိုင်မည့်ရက်ကို စောင့်ဆိုင်းနေသည်ဟု လူအများက ပြောကြသည်။
ဂူကလန်ကျဆုံးပြီးနောက် ကလန်နှစ်ခုသာလျှင် ကျန်ရစ်ပေသည်။ ကျန်းကလန်နှင့် ဟွားကလန်သည် ကောင်းကင်နတ်တံခါးဂိုဏ်းကို တာဝန်ယူပြီး ဝမ်မိသားစုသည် ဂူကလန်အစား ကောင်းကင်နတ်တံခါးဂိုဏ်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေခဲ့၏။
ဟောက်ထျန်းမြို့မှ လူများအတွက် ကျန်းထိုက်ချူးနှင့် ဟွားချင်းယွင်သည် ကောင်းကင်နတ်တံခါးဂိုဏ်း၏ အထက်တွင် ရှိကာ သူတို့ကို ချဉ်းကပ်ရန် အခွင့်အရေးမရှိနိုင်ပေ။ သို့သော် ဝမ်ယန်ပင်းသည် သူတို့အတွက် လက်တွေ့ဆန်ပြီး ဝမ်ယန်ပင်း၏ ခွန်အားက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို အမှန်တကယ် ပို၍ ခံစားနိုင်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်တွင် ဖြစ်ခဲ့သည့် အကြောင်းတို့အား ကြားပြီးသည့်အခါ ဟောက်ထျန်းမြို့ရှိ လူများမှာ နှမြောစိတ်ကို ခံစားလိုက်ရသည်။
နှမြောစရာဆိုသည်မှာ ကောင်းကင်နတ်တံခါးဂိုဏ်းသည် ဤတစ်ကြိမ်၌ မပါဝင်ခဲ့ရသောကြောင့် ဖြစ်လေသည်။
မဟုတ်လျှင် ကောင်းကင်နတ်တံခါးဂိုဏ်း၏ လူစွမ်းကောင်း သုံးယောက်ဖြစ်သော ကျန်းထိုက်ချူး၊ ဟွားချင်းယွင်နှင့် ဝမ်ယန်ပင်းတို့သည် ဂူထျန်းရှင်း ဖန်တီးခဲ့သည့် ပါရမီရှင် ဂူတုံးလျှိုနှင့်အတူ ထွက်ပေါ်လာပါက မည်မျှ အားကောင်းသော အဖွဲ့ဖြစ်လာမည်နည်း။
သူတို့သည် ကောင်းကင်အာဏာစက်ဘုံ၌ လက်ရှိမျိုးဆက်အတွင်း အားအကောင်းဆုံးမှာ ကောင်းကင်နတ်တံခါး ဂိုဏ်းဖြစ်ကြောင်း ယုံကြည်ပေသည်။
ယနေ့တွင် ဟောက်ထျန်းမြို့တွင် ဝမ်မိသားစုမှ တန်ခိုးရှင်တစ်စုသည် သွားလာရန်း အသင့်ဖြစ်နေပြီ ဖြစ်၏။ ကောင်းကင်ထက်တွင် တောက်ပသည့် နတ်လက်နက် ရောင်စဉ်များက လင်းလက်နေသည်။ ယင်းသည် အလွန်ထက်ရှကာ ကောင်းကင်တွင် ရောင်ပြန်ဟပ်နေသည်။
“သွားရမယ့်အချိန်ပဲ” များပြားလှသည့် လူများက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ဝမ်ကလန်မှ တန်ခိုးရှင်များသည် သူတို့၏ အထက် ကောင်းကင်တွင် တူညီသော နေရာတစ်ခုဆီသို့ အလျင်အမြန် သွားလာနေသည်ကို မြင်လိုက်ကြသည်။
ထိုအချိန်တွင် ဟောက်ထျန်းမြို့ နယ်မြေအတွင်း၌ တည်းခိုခန်းများထဲ လမ်းများပေါ်မှ လူအများတို့သည် ကောင်းကင် အဝေးတစ်နေရာသို့ ကြည့်နေကြသည်။ နန်းတော်အောက်ခြေတွင် များပြားလှသည့် လှေကားထစ်များ ရှိနေသည်။ မြေပြင်ပေါ်တွင် ရပ်နေပါက ယင်းကို မြင်နိုင်ရန် သူတို့၏ ခေါင်းကို မော့ကြည့်ရန် လိုအပ်ပေသည်။
ဗြဟ္မာ့သန့်စင်ကောင်းကင်၏ တန်ခိုးရှင်များသည် ထိုနေရာ၌ နေထိုင်ကြသည်။
ယခုတွင် များပြားလှသည့် လူများသည် နန်းတော်အောက်ဘက် တည်းခိုခန်းများတွင် သောက်စားရင်း စကားစမြည် ပြောဆိုနေကြသည်။
“ရီဖူရှင်းကလည်း အဲဒီနန်းတော်မှာ နေနေတယ်လို့ ကြားတယ်။ ခရမ်းရင့်ကောင်းကင်နန်းတော်ရဲ့ တိုက်ပွဲပြီးနောက် သူက နတ်မိမယ်ချင်းဟယ်နဲ့ အတူလိုက်ပြီး ဒီနေရာကို လာခဲ့တာတဲ့”
“ရီဖူရှင်းက ခရမ်းရင့်ကောင်းကင်နန်းတော်ရဲ့ အထွတ်အထိပ်ခန္ဓာပိုင်ရှင်ကို ရှုံးနိမ့်စေခဲ့တယ်။ သူက တကယ် သာမန်မဟုတ်တဲ့လူပဲ။ သူက ချင်းဟယ်ရဲ့ အရေးပေးခံရတာ မထူးဆန်းပါဘူး”
“နတ်မိမယ်ချင်းဟယ်က သူ့ကို အရေးပေးတယ်လို့ ဘယ်သူပြောလဲ။ သူမက သူ့ကို တခြားအကြောင်းပြချက်ကြောင့် ချဉ်းကပ်တာ ဖြစ်နိုင်တယ်။ သူက ခရမ်းရင့်ကောင်းကင် နန်းတော်ရဲ့ မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာပိုင်ရှင်ကို ရှုံးနိမ့်စေခဲ့ပေမဲ့ ကျုပ် ထင်တာတော့ ရီဖူရှင်းရဲ့ ဂုဏ်သတင်းက မထိုက်တန်သေးဘူး။ သူက ကျုပ်တို့ ကောင်းကင်နတ်တံခါးဂိုဏ်း ဝမ်ကလန်က ဝမ်ယန်ပင်းနဲ့ သေချာပေါက် မယှဉ်နိုင်ဘူး။”
“ဝမ်ယန်ပင်းရဲ့ ခွန်အားက တကယ့်ကို ကြောက်စရာပဲ။ ပြီးတော့ သူက ပြန်လည်မွေးဖွားခြင်း အဆင့်လေ။ ကျန်းယွမ်နဲ့ သူ တွေ့ရင် ကျန်းယွမ်က ကျိန်းသေ ရှုံးမှာပဲ။ ဒါပေမဲ့ သူနဲ့ အဆင့်တူတွေနဲ့သာ တွေ့ခဲ့ရင် သူက အလွယ်တကူ နိုင်မှာမဟုတ်ဘူး။” ကျိုးသင့်ကြောင်းသင့် စဉ်းစားတတ်သော လူတချို့က ပြောလိုက်သည်။ သူ ပြောသည့်အတိုင်းပင် ကျော်ကြားသည့် လူတိုင်းသည် အခြားလူများထက် အရေးသာမှု ရှိကြသည်။ ခရမ်းရင့်ကောင်းကင် နန်းတော်သည်လည်း ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးအင်အားစု တစ်ခု ဖြစ်၏။ သူတို့ ရွေးချယ်ထားသည့် သူက မယှဉ်ပြိုင်ထိုက်သူ မည်သို့ ဖြစ်မည်နည်း။
ဤရှုံးနိမ့်မှုမတိုင်ခင်တွင် ကျန်းယွမ်သည်လည်း သူ့တတ်ကျွမ်းမှုနှင့်သူ ရှိသည်။ သို့သော် ရှုံးနိမ့်ပြီးနောက်၌ ကျော်ကြားမှုများသည် ရီဖူရှင်းထံ ရောက်ရှိသွားကာ ကျန်းယွမ်သည်လည်း လူအများ၏ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
လူအများက တွေးကြသည်မှာ ကောင်းကင်အာဏာစက်ဘုံ၌ မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာပိုင်ရှင် လက်ခံရရှိထားသည့် ချီးမြှောက်မှုများသည် အလွန်မြင့်မားနေပြီး သူသည် သူ၏ ယခင် ဂုဏ်သတင်းနှင့် မထိုက်တန်ဟူ၍ ဖြစ်လေသည်။
“ဟုတ်တယ်။ ပြောကြတာတော့ အဲဒီ ရီဖူရှင်းက ဂူတုံးလျှိုရဲ့ညီတဲ့လေ။ အဲဒါကြောင့် သူကလည်း ကောင်းကင်နတ်တံခါးဂိုဏ်းနဲ့ ရင်းနှီးတဲ့ ပတ်သက်မှုရှိတာပဲ။ ကောင်းကင်နတ်တံခါးဂိုဏ်းက သူနဲ့ မိတ်ဆွေ ဖွဲ့နိုင်ပြီး တစ်နေ့မှာ အဲဒီညီအစ်ကိုနှစ်ယောက်၊ ကျန်းထိုက်ချူး၊ ဟွားချင်းယွင်နဲ့ ဝမ်ယန်ပင်းတို့ ကောင်းကင်နတ်တံခါးဂိုဏ်းရဲ့ လူစွမ်းကောင်းတွေ အားလုံး ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်ဆုံးမှာ ရပ်နိုင်ဖို့ပဲ မျှော်လင့်မိတယ်” စီနီယာတစ်ယောက်က မှတ်ချက်ချလိုက်သည်။
သို့သော် ဟောက်ထျန်းမြို့၌ မတူကွဲပြားသည့် အသံအမျိုးမျိုး ထွက်ပေါ်နေသည့်အတွက် ဤအကြံအစည်သည် အောင်မြင်ရန် ခက်ခဲသည်။
လူများသည် မတူကွဲပြားသည့် အတွေးအမြင်များ ရှိကြသည်။ အကြောင်းမှာ ဤနေရာသည် ဟောက်ထျန်းမြို့ဖြစ်သည့်အတွက် လူများက ဝမ်ယန်ပင်းကို ပိုကာ လေးစားကြသော်လည်း အခြားတစ်ဖက်ရှိ ရီဖူရှင်းကိုတော့ သိပ်သဘောမတွေ့ကြပေ။
ယနေ့တွင် ဟောက်ထျန်းမြို့ဒ အဓိကလူများမှာ ငယ်ရွယ်ကြသည်။ သူတို့သည် အတိတ်တွင် ဖြစ်ခဲ့သည့် အကြောင်းအရာတို့ကို သေချာ မသိရှိကြသည့်အတွက် ဂူကလန်အပေါ်၌ ခံစားချက်အားသိပ်မကောင်းကြပေ။ သို့သော် စီနီယာများကတော့ ကောင်းကင်နတ်တံခါးဂိုဏ်း အောင်မြင်ကျော်ကြားစဉ်အခါက ဂူထျန်းရှင်းနှင့် ဂူကျန်းနန်တို့၏ ဂုဏ်သရေအား မျက်မြင်တွေ့ခဲ့ကြသည် ဖြစ်ရာ ဂူတုံးလျှိုနှင့် ရီဖူရှင်းအပေါ် ပို၍ နှစ်သက်ကြပေသည်။
ဂူထျန်းရှင်းနှင့် ဂူကျန်းနန်၏ ခေတ်တွင် ကောင်းကင်နတ်တံခါးဂိုဏ်းသည် အလွန် အောင်မြင်ကျော်ကြားခဲ့ပြီး ယနေ့ ဝမ်ယန်ပင်းသည် ထိုအချိန်က သူတို့နှင့် မယှဉ်နိုင်ပေ။
ထိုအခိုက်တွင် မမြင်နိုင်သော လေစီးကြောင်းက ကောင်းကင်ထက်မှ လာနေသည်။ ရုတ်တရက် များပြားလှသော လူများက မတ်တတ်ရပ်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။
အဝေးမှ ခမ်းနားသည့် အလင်းတန်းများသည် သူတို့၏ အမြင်အာရုံအတွင်း တိုးဝင်လာသည်။ နတ်လက်နက်များသည် လေထဲတွင် အော်မြည်နေပြီး တန်ခိုးရှင်တစ်စု ရောက်လာကာ ခဏချင်းအတွင်း၌ ဆင်းသက်လာသည်။
ထိုနတ်လက်နက်များသည် ဆင်းသက်လာပြီး နန်းတော် အောက်ခြေ လှေကားရင်း၌ ရပ်တန့်လိုက်ကြသည်။ တစ်ယောက်ပြီး တစ်ယောက် တန်ခိုးရှင်များသည် နတ်လက်နက်များပေါ်မှ ဆင်းကာ စီတန်းလိုက်ကြသည်။
လူစု၏ ခေါင်းဆောင်သည် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့တွင် သာမန်မဟုတ်သည့် အရှိန်အဝါရှိ၏။ သူ့မျက်နှာသည် ချောမောကာ နုမွတ်နေ၍ ကျောက်သားကဲ့သို့ ချောမွေ့နေကာ သူ၏ တစ်ကိုယ်လုံးက တောက်ပနေသည်။
အမျိုးသမီးများက သူ့အား ချစ်ခင်လေးစားမှုများကို ပြသကြပေသည်။ ထိုသူသည် ဟောက်ထျန်းမြို့၏ ရန်ဟောင်အဆင့်အောက် ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဝမ်ယန်ပင်း ဖြစ်သည်။
“ဟောက်ထျန်းမြို့ ဝမ်ကလန်က ဝမ်ယန်ပင်း ဗြဟ္မာ့သန့်စင်ကောင်းကင်က နတ်မိမယ်တို့နဲ့ တွေ့ဆုံဖို့ ရောက်နေပါတယ်” ဝမ်ယန်ပင်းက ပြောလိုက်ပြီး သူ၏ အသံက နန်းတော်အတွင်း ဝင်ရောက်သွားသည်။
နန်းတော် လှေကားထက်တွင် နတ်မိမယ်တစ်ဦး ပေါ်ပေါက်လာကာ ပြောလိုက်သည်။ “သခင်လေးဝမ် ... ခဏလောက် စောင့်ပေးပါ။ ချင်းဟယ်နတ်မိမယ်က သခင်လေးကို နန်းတော်အပြင်မှာ ထွက်တွေ့ပါလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် နတ်မိမယ်” ဝမ်ယန်ပင်းက အရိုအသေပြုကာ ပြောလိုက်ပြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။
ထိုမြင်ကွင်းကို ကြည့်ကာ ဝမ်မိသားစုမှ လူများသည် ဂုဏ်ယူဝင့်ကြွားသွားကြပြီး သူတို့အနီးမှ လူများသည်လည်း အထင်ကြီးသွားကြပေသည်။ ကြည့်ရသည်မှာ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များသည် ဝမ်ယန်ပင်း၏ အမည်ကို ကြားဖူးကြပြီး နတ်မိမယ်ချင်းဟယ် ကိုယ်တိုင်ကပင် သူ့ကို ထွက်၍ နှုတ်ဆက်ရဟန် တူသည်။
သို့သော် ထိုအခိုက်တွင် နန်းတော်မှ လူအချို့ ထွက်လာပြီး အဝေးမှ လူစုသည် အမျိုးသမီး အချို့ထွက်လာပြီး နန်းတော်အပြင်ဘက် လှေကားအထက်တွင် ထိုင်ခုံများ စီစဉ်ပေးသည်ကို မြင်လိုက်ရပေသည်။
သိသာစွာပင် သူတို့သည် ဝမ်ယန်ပင်းအား နန်းတော် အပြင်ဘက်တွင် လက်ခံတွေ့ဆုံရန် စီစဉ်နေသည်။
ဝမ်ယန်ပင်းအတွက် ဂုဏ်ယူနေသော အချို့လူများထံ၌ ထူးခြားသည့် အကြည့်တို့ ပေါ်ပေါက်လာသည်။ သူတို့သည် ချင်းဟယ်က ဝမ်ယန်ပင်းကို လူကိုယ်တိုင် ထွက်ကြိုမည်ဟု ထင်လိုက်သော်လည်း ထိုနတ်မိမယ်များကတော့ သူ့ကို အပြင်ဘက်၌ လက်ခံတွေ့ဆုံရန် ရည်ရွယ်နေကြောင်း သိရှိသွားကြလေသည်။
ဒါက ...
သို့သော် ဝမ်ယန်ပင်းက တည်ငြိမ်နေပြီး မည်သည့်ခံစားချက်မှ မခံစားရသကဲ့သို့ပင် ဖြစ်သည်။
ဗြဟ္မာ့သန့်စင်ကောင်းကင်သည် ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးအင်အားစု ဖြစ်သော်လည်း ဝမ်မိသားစုသည် ကောင်းကင်နတ်တံခါးဂိုဏ်းသို့ပင် ပြန်မဝင်ရသေးသော သေးငယ်သည့် မိသားစုလေးသာ ဖြစ်လေသည်။ နှစ်ဖက်အဆင့်အတန်းများက ညီမျှခြင်း မရှိပေ။ ကောင်းကင်နတ်တံခါးဂိုဏ်းသို့ သူ မဝင်ရောက်သေးခင်တွင် ဗြဟ္မာ့သန့်စင်ကောင်းကင်အား တန်းတူညီမျှ ဆက်ဆံပေးရန် ပြောဆိုဖို့ရာ အရည်အချင်း မပြည့်မီပေ။
သို့သော် ဟောက်ထျန်းမြို့ရှိ လူများသည် မကျေနပ်ကြဘဲ အထွန့်တက်ချင်ကြပေသည်။
“ရီဖူရှင်းက နန်းတော်ထဲမှာ ပြောခွင့်ရတယ်။ ဒါပေမဲ့ အခုကျတော့ သူတို့က ဝမ်ယန်ပင်းကို နန်းတော်အပြင်ဘက်မှာ တွေ့ဆုံတယ်။ သူတို့က ဘာသဘောလဲ” တစ်စုံတစ်ယောက် မကျေမနပ် ပြောလိုက်သည်။ ဝမ်ယန်ပင်းသည် ဟောက်ထျန်းမြို့၌ မြင့်မားသော ဂုဏ်သတင်းရှိသော်လည်း ယခု သူ လာလည်သည့်အခါတွင် တံခါးအပြင်၌ ရပ်တန့်ခဲ့ရပေသည်။
သူတို့က သူ့အား နန်းတော်ထဲသို့ပင် ဝင်ခွင့်မပြုခဲ့ပေ။
ရီဖူရှင်းသာ အထဲ၌ မဟုတ်ခဲ့လျှင် သူတို့သည် မည်သည့် ခံစားချက်မှ ရှိလိမ့်မည် မဟုတ်သော်လည်း ရီဖူရှင်းသည် တိုက်ပွဲတစ်ခုတည်းတွင်သာ တောက်ပသည့် မှတ်တမ်းရှိသူ ဖြစ်သည်။ ယခုသူက ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လူများနှင့် နန်းတော်တစ်ခုတည်းတွင် ရှိနေသည်။ ဟောက်ထျန်းမြို့မှ ဝမ်ယန်ပင်းက ရီဖူရှင်းထက် ပို၍ နိမ့်ကျသည်လား။
လူအများ၏ စကားသံများ အလယ်၌ပင် နန်းတော်လှေကားထက်ရှိ နေရာတွင် နေရာထိုင်ခင်းများ ရိုးရှင်းစွာ စီစဉ်နေပြီး အများသူငှာ ငေးမောရလောက်သည့် များပြားလှသော အမျိုးသမီးများ ထွက်ပေါ်လာသည်။ ဦးဆောင်လာသည့် အမျိုးသမီးအား လူများက မြင်သည့်အခါ သူတို့အားလုံး ပါးစပ်ပေါက် ပိတ်သွားကြပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။
နေရောင်အောက်မှ အမျိုးသမီးသည် ပြိုင်ဘက်ကင်းလှပကာ သူမ၏ ခန္ဓာကိုယ်သည် သူမ၏ ခန္ဓာကိုယ်က ရွှေရောင်လွှမ်းနေကာ ကျက်သရေတင့်လှသည့် အရှိန်အဝါကို လှစ်ဟပြသနေသည်။ သူမက ပြစ်မျိုးမှဲ့မထင်ပင် ဖြစ်သည်။
စိတ်မကျေနပ်စရာ အချို့ ရှိနေလျှင်ပင် လူအများသည် သူမကို မြင်လိုက်ရသည့် အခိုက်အတန့်၌ ထိုသို့သော အမျိုးသမီးကို ဒေါသမထွက်နိုင်တော့ပေ။
ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ်နတ်မိမယ် ချင်းဟယ်။
“ကျေးဇူးပြုပြီး ဝင်လာပါ”လှေကားပေါ်မှ တစ်ယောက်က ပြောလိုက်သည်။ ဝမ်ယန်ပင်းနှင့် အခြားသူများက အပေါ်သို့ လျှောက်သွားခဲ့ကြ၏။ သူတို့က နန်းတော်အရှေ့သို့ သွားကာ နှုတ်ဆက်လိုက်ကြသည်။ “ဝမ်ကလန်က ဝမ်ယန်ပင်း ဗြဟ္မာ့သန့်စင်ကောင်းကင်က နတ်မိမယ်တွေနဲ့ လာရောက်တွေ့ဆုံပါတယ်”
ချင်းဟယ်က ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ဝမ်ယန်ပင်းနှင့် အခြားသူများကို ပြောလိုက်သည်။ “အလောသုံးဆယ် ဖြစ်သွားတာမို့ ရိုးရိုးရှင်းရှင်း စီစဉ်မှုတချို့ပဲ လုပ်လိုက်ရတယ်။ ကျွန်မကပဲ တောင်းပန်ပါတယ်။ အားလုံးပဲ ထိုင်ကြပါ”
“အချိန်ပေးပြီး အာရုံစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်မိမယ်” ဝမ်ယန်ပင်းက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်ပြီးနောက် သူက ခုံတစ်ခုတွင် ထိုင်လိုက်သည်။ သူ့ မျက်လုံးများက ချင်းဟယ်ထံ၌ ရှိနေဆဲဖြစ်ကာ သူက ပြောလိုက်သည်။ “ဗြဟ္မာ့သန့်စင်ကောင်းကင်က နတ်မိမယ်ရဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ။ အခုနတ်မိမယ်က ဟောက်ထျန်းမြို့ကို ရောက်လာတယ်ဆိုတော့ မြို့ခံတစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုးစားပြီး ဧည့်ခံပေးသင့်ပေမဲ့ အရမ်း ရုတ်တရက်ဆန်သလို ဖြစ်သွားမှာ စိုးမိလို့ ဒီကို လူကိုယ်တိုင် လာတွေ့လိုက်ရတာပါ”
“ရပါတယ်ရှင်” ချင်းဟယ်က နူးညံ့စွာ ပြောလိုက်သည်။ “ဗြဟ္မာ့သန့်စင်ကောင်းကင်မှာ ရှိတုန်းကလည်း ကျွန်မ ရှင့်နာမည်ကို ကြားဖူးပါတယ်။ သခင်လေးဝမ်က ဟောက်ထျန်းမြို့က ရှန့်ထိုအဆင့် တန်ခိုးရှင်တွေ အားလုံးကို အနိုင်ယူနိုင်ပြီး ဟောက်ထျန်းမြို့ရဲ့ ရန်ဟောင်အဆင့်အောက်မှာ နံပါတ်တစ်ပုဂ္ဂိုလ်လို့ ခေါ်တာ ကျွန်မ သိပါတယ်။ ရှင့်ရဲ့ ကျော်ကြားမှုက ကောင်းကင်နတ်တံခါးဂိုဏ်း ကျန်းထိုက်ချူး၊ ဟွားချင်းယွင် တို့နဲ့ တစ်တန်းထဲပဲလေ”
ကျန်းထိုက်ချူးနှင့် ဟွားချင်းယွင်တို့သည် ကောင်းကင်နတ်တံခါးဂိုဏ်းမှ မြေတောင်မြှောက်ပေးခဲ့သော ထိပ်သီးတန်ခိုးရှင်များ ဖြစ်သည်။ ဝမ်ယန်ပင်းက သူတို့၏ ကျော်ကြားမှုနှင့် ယှဉ်နိုင်သည်ဆိုခြင်းမှာ သူ၏ ထူးချွန်မှုကို သက်သေပြခဲ့ခြင်းပင် ဖြစ်သည်။
ယနေ့တွင် ချင်းဟယ်သည်လည်း သူ၏ အရှိန်အဝါက တကယ့်ကို ထူးချွန်ထက်မြက်သည်အား သတိပြုမိလေသည်။
“မခံယူဝံ့ပါဘူး” ဝမ်ယန်ပင်းက ယဉ်ကျေးစွာ ပြောလိုက်သည်။
ထိုအချိန်တွင် ရီဖူရှင်းသည်လည်း ချင်းဟယ်၏ အဓိကထိုင်ခုံဘေး၌ ထိုင်နေခဲ့သည်။ သူက ထွက်လာရန် စိတ်မဝင်စားသော်လည်း ချင်းဟယ်က သူ့အား ဖိတ်ခေါ်သည့်အတွက် သူက သူမနှင့် အတူ ထိုင်နေရပေသည်။
ထိုအချိန်တွင် သူသည်လည်း ဝမ်ယန်ပင်းကို ကြည့်လိုက်သည်။ ထိုသူက အမှန်တကယ်ကို ထူးခြားသာလွန်သည့် အရှိန်အဝါနှင့် သာမန်မဟုတ်သော သူ ဖြစ်လေသည်။
ထို့ပြင် ဝမ်ယန်ပင်း၏ အကြည့်များက အမြဲ ချင်းဟယ်ထံ၌သာ ရှိနေသော်လည်း ထိုသည်က မည်သူ့ကိုမှ မသက်မသာ မခံစားရစေပေ။ သူက လေးစားမှုအပြည့် ထားရှိပေသည်၊
“ဒီကို ဘာကိစ္စများရှိလို့လဲ သခင်လေးဝမ်” ချင်းဟယ်က ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။ သူမအတွက်တော့ ဖိတ်ခေါ်မှုကို ငြင်းဆန်ရလည်း အဆင်ပြေပေသည်။ ဝမ်ယန်ပင်းက သာလွန်ထူးခြားသူ ဖြစ်သော်လည်း သူမသည် အချိန်အား သူအပေါ်တွင် အလဟဿ ဖြုန်းတီးပစ်ရန် စိတ်မဝင်စားပေ။
“ဒီရက်တွေထဲမှာ ကောင်းကင်အာဏာစက်ဘုံအတွင်း ထူးခြားတဲ့ အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့တယ်။ မူလတောင်တန်းက ဖြစ်ရပ်နဲ့ ဂူထျန်းရှင်း ထွက်ပေါ်လာခြင်းလိုမျိုးပေါ့။ ကျွန်တော်တို့ မျိုးဆက်တွေထဲမှာတော့ ကောင်းကင်အာဏာစက် ပြည်ထောင်က အိမ်ရှေ့စံက ထွက်ပေါ်လာခဲ့တယ်။ ထောင်ချီနတ်တောင်က ကောင်းဟွမ်လည်း ကောင်းကင်အာဏာစက်ဘုံ အရှေ့ဘက်ကို ရောက်လာတယ်။ ရီဖူရှင်းက ခရမ်းရင့်ကောင်းကင်နန်းတော် ကျန်းယွမ်ကို ရှုံးနိမ့်စေခဲ့သလို ဂူတုံးလျှိုကလည်း မူလလမ်းစဉ်ကို ဆက်ခံခဲ့တယ်။ အဲဒီအဖြစ်တွေအပေါ်မှာ နတ်မိမယ်ရော ဘယ်လိုအမြင်ရှိပါလဲ” ဝမ်ယန်ပင်းက မေးလိုက်သည်။
“ကောင်းကင်အာဏာစက်ဘုံက ကျယ်ပြောပြီး အကန့်အသတ်မဲ့တယ်။ မရေတွက်နိုင်တဲ့ အရည်အချင်းရှိသူတွေ ရှိနေတာကြောင့် ရဲရင့်တဲ့ လူစွမ်းကောင်း အများအပြား ထွက်ပေါ်လာတာက ဖြစ်သင့်ပါတယ်။ မှော်ဝိဇ္ဇာက ကောင်းကင်အာဏာစက်ဘုံမှာ အပြောင်းအလဲ ဖြစ်မယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။ အဲဒါကြောင့် ထိပ်တန်းအင်အားစုတွေကနေ သူတို့ရဲ့ အင်အားကို ပြဖို့ ထွက်လာကြတာ ပုံမှန်ပါပဲ။ ပြီးတော့ အဲဒီ ထွက်ပေါ်လာကြတဲ့သူတွေ အားလုံးထဲမှာမှ ပိုပြီး အံ့အားသင့်ဖွယ် အရည်အချင်းရှိတဲ့ ပါရမီရှင်တွေလည်း ပေါ်ပေါက်လာမှာပါ” ချင်းဟယ်က ပြောလိုက်သည်။
“အဲဒါဆို နတ်မိမယ် အမြင်မှာ ဘယ်သူက ထင်ရှားလာလိမ့်မယ်လို့ မြင်မိလဲ။ ကောင်းကင်အာဏာစက်ဘုံရဲ့ အင်အားစုတွေကြားထဲမှာ ဘယ်သူက အားအကောင်းဆုံး ဖြစ်လိမ့်မယ်လို့ နတ်မိမယ် ထင်လဲ။ နတ်ဆိုးဘုံနဲ့ ရန်ဟောင်အဆင့်အောက် မျိုးဆက်တွေ ကြားမှာလေ” ဝမ်ယန်ပင်းက ထပ်ကာ မေးလိုက်သည်။ “ကောင်းကင်နတ်တံခါးဂိုဏ်းက ထိပ်ဆုံးရောက်နိုင်ပါ့မလား”
အဝေးရှိ လူတိုင်းသည်လည်း ဝမ်ယန်ပင်း၏ စကားတို့အား ကြားနေရသည်။ သူတို့သည် ဂရုတစိုက် နားထောင်နေကြ၏။
ဝမ်ယန်ပင်းသည် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ်နတ်မိမယ်ကို ဘုံအတွင်းမှ လူစွမ်းကောင်းတွေအကြောင်း မေးမြန်းပြောဆိုရန် ရောက်နေသည်လား။
ချင်းဟယ်က ဝမ်ယန်ပင်းကို ကြည့်လိုက်သည်။ သူ၏ စကားလုံးများမှတစ်ဆင့် သူမသည် သူက ထိုသူများနှင့် ယှဉ်ပြိုင်လိုနေသည်ကို ခံစားမိလေသည်။
“လူတိုင်းရဲ့ စွမ်းရည်ကို မမြင်ဖူးပေမဲ့ ခရမ်းရင့်ကောင်းကင်နန်းတော်တိုက်ပွဲ အတွင်းမှာတော့ ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံမင်းသားနဲ့ ကောင်းကင်နတ်ဆိုးနန်းတော်က ခြေသုံးချောင်းရွှေကျီး အိမ်ရှေ့စံတို့က ယှဉ်ပြိုင်နိုင်ခဲ့တယ်။ တခြား နတ်ဆိုးကလန်ရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေကတော့ ကောင်းကင်အာဏာစက်ပြည်ထောင် အိမ်ရှေ့စံရဲ့ တိုက်ခိုက်မှု တစ်ချက်တောင် မခံနိုင်ခဲ့ဘူး။ ထောင်ချီနတ်တောင် ကောင်းဟွမ်ကတော့ မသိဘူး။ ကောင်းကင် နတ်တံခါးဂိုဏ်းကလည်း မတက်ရောက်တာကြောင့် ဘယ်သူက အားအကောင်းဆုံးလဲဆိုတာ ကျွန်မ မပြောနိုင်ဘူး” ချင်းဟယ်က ပြန်ဖြေလိုက်သည်။
“ခန့်မှန်းလိုက်ရင်လည်း ရပါတယ်” ဝမ်ယန်ပင်းက ပြောလိုက်သည်။
ချင်းဟယ်က သူ့ကို ကြည့်ကာ ဆက်ပြောလိုက်သည်။ “ကောင်းကင်နတ်တံခါးဂိုဏ်းက ဂူတုံးလျှိုက မူလလမ်းစဉ်နဲ့ ဂူထျန်းရှင်းရဲ့ နတ်ကိုးပါးကာကွယ်မှု နတ်လမ်းစဉ်ကို ဆက်ခံရရှိခဲ့တယ်။ သူ့အတွက်လည်း တစ်နေရာပေးသင့်တယ်။ ကောင်းကင်အာဏာစက် ပြည်ထောင်အိမ်ရှေ့စံနဲ့ ခြေသုံးချောင်းရွှေကျီး အိမ်ရှေ့စံကလည်း ထူးချွန်တယ်။ ပြီးတော့ သခင်လေးရီက ဘယ်ထိပ်တန်းအင်အားစုကမှ မဟုတ်ပေမဲ့ ကျန်းယွမ်ကို ရှုံးနိမ့်စေနိုင်တယ်ဆိုတော့ သူကလည်း တစ်နေရာ ရသင့်တယ်။ တခြားလူတွေကတော့ ကျွန်မ သူတို့ကို သေချာ မသိတာမို့ မှတ်ချက်မပြုနိုင်ဘူး”
“ထပ်ပြောရရင် ရှင် ပြောသလို အင်အားစုချင်း အားကောင်းတာကို ယှဉ်ကြည့်ရင် ဂူတုံးလျှိုက ကောင်းကင်နတ်တံခါးဂိုဏ်းကို ဝင်ရောက်သွားတာမို့ ကောင်းကင်နတ်တံခါးဂိုဏ်းနဲ့ ကောင်းကင်အာဏာစက် ပြည်ထောင်က ဒီမျိုးဆက်အတွင်း အားအကောင်းဆုံး ဖြစ်လိမ့်မယ်”
ထိုအင်အားစုနှစ်ခုသည် တစ်ချိန်က ထိပ်ဆုံးတွင် ရပ်တည်နေခဲ့ဖူးပေသည်။
ဝမ်ယန်ပင်းက ချင်းဟယ်၏ စကားများကို ကြားပြီးနောက် မည်သည့်စကားမှမဆိုတော့ပေ။ သူက မျက်လုံးများကို ရီဖူရှင်းထံ ပို့ကာ ပြောလိုက်သည်။ “မင်းက ကောင်းကင်လမ်းစဉ် အထွတ်အထိပ် ခန္ဓာပိုင်ရှင် ရီဖူရှင်း ဖြစ်မယ်ထင်တယ်”
ရီဖူရှင်းသည် ထိုနေရာ၌ တစ်ခဏ အေးခဲသွားလေသည်။
ဝမ်ယန်ပင်းက ပြုံးကာ ခေါင်းညိတ်၍ ပြောလိုက်သည်။ “တွေ့ရတာ ဝမ်းသာပါတယ်”
“ကျွန်တော်လည်း ဝမ်းသာပါတယ်” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ဝမ်ယန်ပင်းက ချင်းဟယ်ကို ပြန်ကြည့်ကာ ဆက်ပြောလိုက်သည်။ “နတ်မိမယ်ကို ကြည့်ရတာ ဂူတုံးလျှိုရဲ့ အနာဂတ်အပေါ် အတော်လေး အကောင်းမြင်စိတ် ရှိတာပဲ။ အခု ဂူတုံးလျှိုက ကောင်းကင်နတ်တံခါးဂိုဏ်းကို ဝင်သွားပြီဆိုတော့ ခရမ်းရင့်ကောင်းကင်နန်းတော်နဲ့ ကောင်းကင်အာဏာစက် ပြည်ထောင်ရဲ့ အနာဂတ်ကိုရော ဘယ်လိုထင်လဲ”
“ဒါက ကောင်းကင်နတ်တံခါးဂိုဏ်းရဲ့ အတွင်ရေးကိစ္စဖြစ်တာကြောင့် ကျွန်မ ဘာမှ မပြောချင်ဘူး” ချင်းဝယ်က ပြန်မဖြေခဲ့ပေ။ ထိုကိစ္စသည် အနည်းငယ် ပြဿနာ ရှိပေသည်။ နံပါတ်တစ် နတ်မိမယ်တစ်ယောက် အနေနှင့် သူမ အပြင်သို့ ရောက်သည့်အခါ သူမသည် ဗြဟ္မာ့သန့်စင်ကောင်းကင်ကို ကိုယ်စားပြုလေသည်။
ဝမ်ယန်ပင်းက အဖြေရရန် သူမကို ဖိအားမပေးခဲ့ပေ။ သူက ပြောလိုက်သည်။ “ဟိုတုန်းက ဂူထျန်းရှင်းနဲ့ ကောင်းကင်အာဏာစက် ပြည်ထောင်တို့ ကတောက်ကဆ ဖြစ်ခဲ့တာကြောင့် ဂူကလန် ပြိုလဲပျက်စီးပြီး ကောင်းကင်နတ်တံခါးဂိုဏ်းက အင်အား ကျဆင်းခဲ့ရတယ်။ နှစ်ပေါင်းများစွာ ကြာသွားပြီး အခု ကောင်းကင်နတ်တံခါးဂိုဏ်းက တဖြည်းဖြည်း ပြန်လည်တိုးတက် ကောင်းမွန်လာနေတယ်။ ကောင်းကင်နတ်တံခါးဂိုဏ်း အထက်မှာ ကျန်းကလန်နဲ့ ဟွားကလန်နှစ်ခုလုံးက အရမ်း ကျော်ကြားအောင်မြင်တယ်။ ဟောက်ထျန်းမြို့အတွင်းမှာလည်း ထိပ်တန်းမိသားစု အများအပြားရှိတယ်။ ဒီမျိုးဆက်က တိုးတက်လာတာနဲ့ ကောင်းကင်နတ်တံခါးဂိုဏ်းကလည်း တစ်နေ့မှာ ပြန်ရှင်သန်လာပြီး အနာဂတ်မှာ နောက်ထပ် ဂူထျန်းရှင်းလိုလူမျိုး ရှိလာနိုင်တယ်။ အဲဒီလိုမဟုတ်ရင်တောင် ကောင်းကင်နတ်တံခါးဂိုဏ်းက ကောင်းကင်အာဏာစက်ဘုံရဲ့ အထွတ်အထိပ်မှာ အခိုင်အမာ ရပ်တည်နိုင်စွမ်း ရှိနေလိမ့်ဦးမှာပဲ”
ချင်းဟယ်က ဝမ်ယန်ပင်းကို ကြည့်လိုက်သည်။ သူ၏ စကားများက တစ်စုံတစ်ခုကို ရည်ညွှန်းနေသည်ဟု ထင်မှတ်ရသည်။
“ဘာကိုဆိုလိုချင်တာလဲ” ချင်းဟယ်က မေးလိုက်၏။
“ကောင်းကင်နတ်တံခါးဂိုဏ်းက အတိတ်ကို လွမ်းဆွတ်နေစရာမလိုဘူး။ အတိတ်က ဆုံးဖြတ်ချက်ကို ချခဲ့မှတော့ အလားတူဖြစ်ရပ်မျိုး ထပ်ဖြစ်အောင် ခွင့်ပြုမယ့်အစား အတိတ်က ဆက်ဆံရေးကို အပြီးသတ် ဖြတ်ပစ်သင့်တယ်။ အဲဒါတောင် ဂူတုံးလျှိုက ဂူထျန်းရှင်းမဟုတ်တာကို မပြောသေးဘူး။ ဂူထျန်းရှင်းက ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ပြီး ကောင်းကင်နတ်တံခါးဂိုဏ်းက အားအကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ ဂူတုံးလျှိုက အထွတ်အထိပ် ဆက်ခံသူ ဖြစ်ခဲ့ရင်တောင် သူက ရှန့်ထိုအဆင့်မှာပဲ ရှိနေသေးတယ်။ ရှန့်ထိုအဆင့် တန်ခိုးရှင်တစ်ယောက်က ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်သီးပုဂ္ဂိုလ်ဖြစ်လာတာ ဘယ်လောက်များများ ရှိလို့လဲ။ ပြီးတော့လည်း အခုထိ သူက ရှင်မလား သေမလားတောင် မသိရသေးဘူး”
ဝမ်ယန်ပင်းက ဆက်ပြောလိုက်သည်။ “အဲဒါကြောင့် ကျွန်တော်ထင်တာတော့ ကောင်းကင်နတ်တံခါးက နည်းနည်းလေး မဆင်မခြင် လုပ်လွန်းတယ်။ ကြည့်ရတာ ဂူထျန်းရှင်းက ဒီကိစ္စတွေကို နှစ်ပေါင်းများစွာ စီစဉ်ထားခဲ့တာ ထင်တယ်။ ဒါပေမဲ့ သူက ကောင်းကင်နတ်တံခါးဂိုဏ်းကို ဒီကစားပွဲထဲ မဆင်မခြင် ဆွဲမထည့်ခဲ့သင့်ဘူး။ ဂူတုံးလျှိုသာ တစ်နေ့ အဲဒီအဆင့်ကို ရောက်ပြီးချိန်မှ သူက ကောင်းကင်နတ်တံခါးဂိုဏ်းကို ဝင်မယ်ဆိုရင် အဲဒါက မတူတော့တဲ့ ကိစ္စဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ အခုတော့ သူက ကိုယ်ရေးကိုယ်တာ ပတ်သက်မှုကြောင့် အရာအားလုံးကို ပိုင်ဆိုင်သွားရတာနဲ့ တူနေတယ်”
များပြားလှသည့် လူများသညည် ဝမ်ယန်ပင်း၏ စကားတို့ကို ကြားသည့်အခါ အံ့အားသင့်မှုတို့ ထွက်ပေါ်လာသည်။ သူက ကောင်းကင်နတ်တံခါးဂိုဏ်းကို ရည်ရွယ်နေသည်။
ဝမ်ယန်ပင်းသည် ချင်းဟယ်ကို လာရောက်တွေ့ဆုံခြင်းမှာ ကောင်းကင်နတ်တံခါးဂိုဏ်း အရေးကို ပြေဆိုရန် အခွင့်အရေးရှာခဲ့ခြင်း ဖြစ်ပေသည်။
ကြည့်ရသည်မှာ သူက အသံကို ဟောက်ထျန်းတစ်မြို့လုံးရှိ လူများ ကြားစေရန် ပို့လွှတ်ထားသည်ဟု ထင်ရပေသည်။
များပြားလှသည့် လူများသည် ဝမ်ယန်ပင်း၏ အခြေအနေကို တွေးကာ တစ်ခုခုကို သဘောပေါက်လာကြသည်။ ကောင်းကင်နတ်တံခါးဂိုဏ်းက ထိုသို့ လုပ်ဆောင်ခဲ့သည်မှာ အနည်းငယ် အလောတကြီး နိုင်သွားပုံရသည်။
ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်၏။ ဝမ်ယန်ပင်းသည် ကောင်းကင်နတ်တံခါးဂိုဏ်း၏ လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်စေရန် လုပ်နေသည်။ ထိုသည်က အခြားသော ထိပ်သီးအင်အားစုများတွင် ဖြစ်ပွားနိုင်မည် မဟုတ်သော်လည်း ကောင်းကင်နတ်တံခါးဂိုဏ်းကတော့ ဖြစ်နိုင်ပေသည်။ ကောင်းကင်နတ်တံခါးဂိုဏ်းသည် ဟောက်ထျန်းမြို့သားအားလုံး၏ နတ်တံခါးဖြစ်ရာ မည်သူမဆို ကိုယ်ပိုင်အမြင်ကို ပြေဆိုနိုင်ကြပေသည်။
***