← Chapters

သူ့တစ်ရက်ကျင့်ကြံခြင်းက တခြားလူများ တစ်နှစ်ထက်ပိုသာတယ်…

Vol. 015 Ch. 1437

သူ့တစ်ရက်ကျင့်ကြံခြင်းက တခြားလူများ တစ်နှစ်ထက်ပိုသာတယ်…

Vol. 015 Ch. 1437

ချင်းဟယ်သည် ဝမ်ယန်ပင်းကို ကြည့်လိုက်၏။ သူက ဤနေရာသို့ ထိုအကြောင်းများ ပြောရန် လာခဲ့သည်လား။

ကြည့်ရသည်မှာ သူက ကောင်းကင်နတ်တံခါးဂိုဏ်းသို့ မဝင်ရောက်ရသေးလျှင်ပင် ဝမ်ယန်ပင်းသည် ကောင်းကင်အာဏာစက်ဘုံ၏ အစွမ်းထက်ဆုံးသူက မည်သူဖြစ်ကြောင်း ကောင်းကင်နတ်တံခါးဂိုဏ်း၏ လုပ်ဆောင်ချက်များက မှားကြောင်း မှန်ကြောင်းများ အစရှိသဖြင့် များပြားလှသော ကိစ္စရပ်များတွင် ပါဝင်ပတ်သက်နေပြီး ဖြစ်သည်။

ထိုသည်က သူ ဂရုစိုက်သင့်သည့် အကြောင်းတစ်စုံတစ်ရာ မဟုတ်ပေ။ သို့သော် ဝမ်ယန်ပင်းသည် သူ့ကိုယ်သူ ကောင်းကင်အာဏာစက်ဘုံ၏ အားအကောင်းဆုံး ထိပ်သီးပုဂ္ဂိုလ်များထဲမှ တစ်ယောက်အဖြစ် လေးစားမှုခံချင်နေသည်မှာ ယုံမှားဖွယ်ပင် မရှိချေ။ ထို့ပြင် သူသည် ကောင်းကင်အာဏာစက်ဘုံ၏ ယှဉ်ပြိုင်ပွဲအကြောင်း သူ့အမြင်အား ထုတ်ဖော်သည်မှာ သူသည်လည်း ပါဝင်လို၍ ဖြစ်သည်။ သူက အရာအားလုံးသည် သူနှင့် ဆက်စပ်ပတ်သက်နေသည်ဟု တွေးနေပေသည်။

ကြည့်ရသည်မှာ ဝမ်ယန်ပင်းသည် ကောင်းကင်နတ်တံခါးဂိုဏ်းသို့ ဝင်ရောက်ရန် အသင့်ဖြစ်နေပြီဟု ထင်ရသည်။

ဝမ်ယန်ပင်းသည် ယနေ့ ဤနေရာသို့ လာခဲ့ခြင်းမှာ ထိုအကြောင်းအရာအတွက် ပြကွက်စီစဉ်ထားခြင်း ဖြစ်လေသည်။

သူမက မတုံ့ပြန်ခဲ့ပေ။ သူမသည် အမြဲတစေ ကိုယ့်နှုတ်ကိုယ် စည်းစောင့်သည်။ သူမက ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ် နတ်မိမယ်တစ်ယောက် ဖြစ်သော်လည်း ကောင်းကင်နတ်တံခါးဂိုဏ်း၏ အရေးမှာ သူမနှင့် မည်သို့မှ မသက်ဆိုင်သည့်အတွက် မည်သည့် မှတ်ချက်မှ ပြုလိမ့်မည်မဟုတ်ပေ။

“အဲဒါက ခင်ဗျားရဲ့ အတွေးလား။ ကောင်းကင်နတ်တံခါး ဝမ်ကလန်ရဲ့ အတွေးလား” ပျင်းရိနေဟန်ဖြင့် အသံတစ်ခု လေးတွဲ့တွဲ့ ထွက်ပေါ်လာသည်။ ဝမ်ယန်ပင်း၏ မျက်လုံးများက လက်ဖက်ရည်အား စုပ်သောက်နေသော ရီဖူရှင်းထံ ရောက်ရှိသွား၏။

အဝေးမှ လူများလည်း ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ချင်းဟယ်ပင်လျှင် မည်သို့မှ မတုံ့ပြန်ခဲ့သည့် ဤစကားဝိုင်းအား ရီဖူရှင်းက ဝင်ရောက်ပြောဆိုရန် ကြိုးစားနေသည်လား။

ဝမ်ယန်ပင်း၏ အကြည့်များက ရီဖူရှင်းထံ ကျရောက်လာသည်။ သူသည် တည်ငြိမ်ကာ ငြိမ်းချမ်းမှုအပြည့် ရှိနေဆဲ ဖြစ်သည်။ သူက မေးလိုက်၏။ “အဲဒါ ကွာခြားမှုရှိလို့လား”

“ဒါပေါ့” ရီဖူရှင်းက လက်ဖက်ရည်ခွက်ကို ချကာ ဝမ်ယန်ပင်းကို ကြည့်၍ ပြောလိုက်သည်။ “ဟောက်ထျန်းမြို့ကို ရောက်လာတော့ ဝမ်ကလန်က ကောင်းကင်နတ်တံခါးဂိုဏ်းရဲ့ အကြီးအကဲတွေထဲက တစ်ယောက် ဖြစ်ခဲ့ဖူးတယ်လို့ ကြားခဲ့တယ်။ ခင်ဗျားတို့က ကောင်းကင်နတ်တံခါးဂိုဏ်း ပျက်စီးကိန်းဆိုက်နေတဲ့ အခြေအနေမှာ စွန့်ခွာခဲ့တယ်။ အခု ပြန်လည်ရှင်သန်မယ့် လက္ခဏာရှိလာတော့ ကောင်းကင်နတ်တံခါးဂိုဏ်းကို ပြန်လာတယ်။”

“တကယ်လို့ ဒါက ဝမ်ကလန်ရဲ့ အတွေးလို့ ပြောမယ်ဆိုရင် ဝမ်ကလန်က ကောင်းကင်နတ်တံခါးဂိုဏ်းကို မဝင်ဖို့ အကြံပေးချင်တယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက မထိုက်တန်တာမို့လို့ပဲ”

ရီဖူရှင်း ပြောလိုက်ပြီးနောက်တွင် အရာအားလုံးက သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။ များပြားလှသည့် မျက်လုံးများက ရီဖူရှင်းထံ စူးစိုက်ကြည့်နေပြီး ဝမ်ယန်ပင်း၏ နောက်မှ တန်ခိုးရှင် စစ်သည်တော်တို့သည် ထက်ရှပြီး အန္တရာယ် ရှိသည့် အသက်ဓာတ်များကို ထုတ်လွှတ်လိုက်သည်။

အခြေအနေသည် အတော်လေး ပြင်းထန်လာပေသည်။

လှေကားအောက်ဘက်ရှိ လူများနှင့် အဝေးရှိ လူများသည်လည်း ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ဤအကောင်က အပြောကြီးလွန်းသည်။ မည်သည့်အတွက်ကြောင့် ဝမ်ကလန်က ကောင်းကင်နတ်တံခါးဂိုဏ်းသို့ ဝင်ရောက်ရန် မထိုက်တန်ဟု ပြောရဲရသနည်း။

ဝမ်ယန်ပင်း၏ မျက်လုံးများတွင်  ထက်ရှသော အလင်းများ လင်းလက်သွားသော်လည်း သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း အားကောင်းပုံရသည်။ သူက ဒေါသထွက်ခြင်း အေးစက်သော စွမ်းအားများ ထုတ်လွှတ်ခြင်းတို့ မလုပ်ခဲ့ပေ။ သူက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ဆက်ပြောပါ”

“တကယ်လို့ ခင်ဗျားရဲ့ အတွေးသာဆိုရင် ကျုပ်က ခင်ဗျားအတွက် နှမြောမိတယ်လို့ပဲ ပြောနိုင်တော့တယ်။ ခင်ဗျားက ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်ဆုံးမှာ ဘယ်သူရပ်တည်ဖို့ အရည်အချင်း ပြည့်မီလဲလို့ မေးခဲ့တယ်။ အဲဒါ ဘယ်သူဖြစ်မလဲဆိုတာ သေချာမသိပေမဲ့ ကျုပ်ဘက်က သေချာတာတော့ ခင်ဗျားအတွက် နေရာရှိမှာမဟုတ်ဘူး”

အဝေးတွင် ရှိနေသည့် များပြားလှသော လူများက ဒေါသထွက်လာကြသည်။

“မောက်မာလိုက်တဲ့ကောင်” စားသောက်ဆိုင်ထဲမှ တစ်ယောက်သည် စားပွဲကို ရိုက်ကာ အေးစက်သည့် အကြည့်နှင့် ပြောလိုက်သည်။ ဝမ်ယန်ပင်းသည် ဟောက်ထျန်းမြို့တွင် ရန်ဟောင်အဆင့်အောက်၌ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ရီဖူရှင်းက ခရမ်းရင့်ကောင်းကင်နန်းတော်၌ တောက်ပသော မှတ်တမ်းရှိသည် ဆိုသော်လည်း သူက ထိုမျှထိ မောက်မာနေရန် အခွင့်မရှိပေ။

ပထမဆုံး သူက ဝမ်မိသားစုအား ကျိန်ဆဲသည်။ ထို့နောက် သူက ဝမ်ယန်ပင်းသည် ကောင်းကင်အာဏာစက်ဘုံ ထိပ်သီးပုဂ္ဂိုလ်များ ယှဉ်ပြိုင်ခြင်းအတွက် မထိုက်တန်ဟု တိုက်ရိုက်ပြောသည်။

“ဘာကြောင့်လဲ” ဝမ်ယန်ပင်းက တည်ငြိမ်နေဆဲနှင့်ပင် ရီဖူရှင်းအား မေးလိုက်သည်။

“ခင်ဗျား ပြောလိုက်တာက ဂူထျန်းရှင်းနဲ့ ကောင်းကင်နတ်တံခါးဂိုဏ်းက အရာအားလုံးကို သူတို့အတွက် လုပ်ခဲ့တယ်။ ပြီးတော့လည်း အဲဒီအချိန်က ကောင်းကင်နတ်တံခါးဂိုဏ်းကို အားနည်းသွားစေတဲ့ မုန်တိုင်းက  ဂူထျန်းရှင်းနဲ့ ကောင်းကင်အာဏာစက် ပြည်ထောင်ရဲ့ ရန်ငြိုးကြောင့်လို့လည်း ခင်ဗျားပြောသေးတယ်” ရီဖူရှင်းက ဝမ်ယန်ပင်းကို စူးစိုက်ကြည့်ကာ ခံစားချက်မဲ့စွာ ပြောလိုက်သည်။ “ခင်ဗျားကို မေးပါဦးမယ် အဲဒီတုန်းက ဂူထျန်းရှင်းရဲ့ အဆင့်အတန်းက ဘာလဲ။ ဂူကျန်းနန်ကရော”

ဝမ်ယန်ပင်းသည် သူ၏ မျက်ခုံးတို့ကို အနည်းငယ် မြှင့်လိုက်၏။ သူက ရီဖူရှင်း ဆိုလိုသည်ကို သဘောပေါက်သွားဟန် တူပေသည်။

ရီဖူရှင်းက ဆက်ပြောလိုက်သည်။ “ကျုပ် သိသလောက်ကတော့ ဂူထျန်းရှင်းက ကောင်းကင်နတ်တံခါးဂိုဏ်း ခေါင်းဆောင် သုံးယောက်ထဲက တစ်ယောက်ပဲ။ ပြီးတော့ သူတို့ကြားမှာ သူက အစွမ်းထက်ဆုံး ဖြစ်တယ်။ သူက ကောင်းကင်နတ်တံခါးဂိုဏ်းကို ဦးဆောင်ခဲ့ပြီး ကောင်းကင်အာဏာစက်ဘုံရဲ့ အထွတ်အထိပ်ထိ ရောက်စေခဲ့တယ်။ ဂူကလန်ရဲ့ အကျော်ဇေယျ ဆယ့်နှစ်ယောက်က ကောင်းကင်အာဏာစက်ဘုံကို လွှမ်းမိုးပြီး ဂူကျန်းနန်ကလည်း ကောင်းကင်နတ်တံခါးဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ပဲ။ ဒါပေမဲ့ ခင်ဗျားစကားအရဆိုရင် ဂူကျန်းနန်ရဲ့ သေဆုံးခြင်းက ဂူထျန်းရှင်းတစ်ယောက်တည်းရဲ့ ပြဿနာလား။ သူတို့က ကောင်းကင်နတ်တံခါးဂိုဏ်းက လူတွေ မဟုတ်ဘူးလား”

“ခင်ဗျား ပြောသလိုဆိုရင် ဒါက ဂူကလန်ရဲ့ ပြဿနာပေါ့။ အဲဒီလိုဆိုရင် ကောင်းကင်နတ်တံခါးဂိုဏ်းက ဘယ်လို ဂိုဏ်းမျိုးလဲ။ ဘာလို့ လူအားလုံးက တခြားလူတွေရဲ့ ထောက်ပံ့မှုပေးတာကိုပဲ ကျေနပ်နေကြတာလဲ။ အဲဒီတော့ ဝမ်ကလန်က ကောင်းကင်နတ်တံခါးဂိုဏ်းအတွက် အသုံးဝင်ရင် ကောင်းကင်နတ်တံခါးဂိုဏ်းက ခင်ဗျားကို လိုချင်မယ်လို့ ကျုပ် ယူဆလို့ ရနိုင်လား။ မဟုတ်ရင် သူတို့က ခင်ဗျားအကြောင်းကို မေ့သွားနိုင်တယ်။”

ရီဖူရှင်း၏ အသံက ထွင်းဖောက်ထွက်လာသည်။ သူက ဆက်ပြောလိုက်၏။ “ဒီလိုဆိုရင် ကောင်းကင်နတ်တံခါးဂိုဏ်းက ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်ဆုံးမှာ ရပ်တည်ဖို့ အရည်အချင်း ဘယ်လိုပြည့်မီမှာလဲ။ အဲဒါအကုန်အားလုံးက ကောင်းကင်နတ်တံခါးဂိုဏ်း အနာဂတ်အတွက် ဂူကလန်ကို စတေးခဲ့တဲ့ ဂူထျန်းရှင်းကြောင့်ပဲ။  အခု နတ်တံခါးဂိုဏ်းက ဂူတုံးလျှိုကို ပြန်ခေါ်သွားတယ်ဆိုတာ သူတို့က သူ့အပေါ် အကြွေးတင်နေလို့ပဲ။ ထိပ်သီးပုဂ္ဂိုလ်တွေဆိုတာ ယုံကြည်ရပြီး အကျင့်သိက္ခာနဲ့ ပြည့်စုံရတယ်။ ဘယ်သူက တကယ် တစ်ကိုယ်ကောင်းဆန်တာလဲ။ ဒါကသာ ဝမ်မိသားစုရဲ့ အတွေးဆို ဝမ်မိသားစုကို ကောင်းကင်နတ်တံခါးဂိုဏ်း ဝင်ခွင့်ပြုလိုက်တာက ဆုံးရှုံးမှု မဟုတ်ဘူးလား။ အသုံးမကျတဲ့ ကလန်မျိုးကို စွန့်ပစ်သင့်တယ်”

“ခင်ဗျားရဲ့ အတွေးသာဆိုရင် ကောင်းကင်နတ်တံခါးဂိုဏ်းက ဂူကလန်ကို စွန့်ပစ်ခဲ့တဲ့အတွက် ဂူတုံးလျှိုက အနာဂတ်မှာ ကောင်းကင်အာဏာစက်ဘုံ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ရင် သူ့အတွက် ကောင်းကင်နတ်တံခါးဂိုဏ်းကို ဝင်တယ်ဆိုတာ ကျင့်ကြံရုံသက်သက် မဟုတ်ဘဲ လက်စားချေဖို့ ဖြစ်နေမှာပဲ။ ခင်ဗျားက မသိမသာနဲ့ ဖြစ်ရပ်ကို ကြီးမားလာအောင် လုပ်ချင်နေတာ။ ခင်ဗျားက ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တွေက ကောင်းကင်နတ်တံခါးဂိုဏ်းကနေ ထွက်လာလိမ့်မယ်လို့ ထင်တယ်။ ဒါပေမဲ့ ဘာလို့ အဲဒီ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်က ကောင်းကင်နတ်တံခါးဂိုဏ်းကနေ ထွက်လာရမှာလဲ။ အဲဒီပုဂ္ဂိုလ်က ကောင်းကင်အာဏာစက် ပြည်ထောင်၊ ခရမ်းရင့်ကောင်းကင်နန်းတော် မဟုတ်ရင် ဂူတုံးလျှို ကိုယ်တိုင်ရော မဖြစ်နိုင်ဘူးလား။ အဲဒိအချိန်ရောက်ရင် ကောင်းကင်နတ်တံခါးဂိုဏ်းက ဘယ်လိုလုပ်မှာလဲ။ ဘာလို့ ခင်ဗျားက ကိုယ်တိုင် မတိုက်ခိုက်နိုင်ရတာလဲ”

ရီဖူရှင်းက ဆက်ပြောလိုက်သည်။ “ခင်ဗျားမှာ တာဝန်ယူရမယ့်ဟာတွေကို တာဝန်ယူရဲတဲ့ သတ္တိမရှိဘူး။ ခင်ဗျားက တခြားလူတွေရဲ့ အောင်မြင်မှုကို နှစ်သက်ပြီး ထိုင်နေလျက်နဲ့ လိုချင်နေရုံပဲ။ ခင်ဗျားမှာ အရည်အချင်းရှိတယ် ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ အခြားသူတွေအပေါ် ယုံကြည်မှု ကင်းမဲ့နေတာကြောင့် ကောင်းကင်အာဏာစက်ဘုံရဲ့ ယှဉ်ပြိုင်မှုမှာ ကျရှုံးဖို့ပဲ အကြောင်းဖန်လိမ့်မယ်”

ရီဖူရှင်း ပြောပြီးသွားသည့်အခါ ကျယ်ပြောလှသည့် အဆုံးမဲ့ နေရာတစ်ခုလုံးက ပို၍ပင် တိတ်ဆိတ်သွားခဲ့သည်။ မည်သည့် အသံမှကို ကြားရခြင်း မရှိတော့ပေ။ အဝေးရှိ တည်းခိုဆောင်များမှ လူများ၏ စကားဝိုင်းများသည်ပင် ရပ်တန့်သွားခဲ့၏။ သူတို့သည် လှေကားအထက်မှ ငွေရောင်ဆံပင်နှင့် ပုံရိပ်ကို ကြည့်လိုက်ကြကာ အတွေးထဲ နစ်မျောသွားခဲ့သည်။

ဝမ်ယန်ပင်း၏ စကားများက ဆုံးဖြတ်ချက်ပြုရာတွင် သူ၏ဉာဏ်ပညာရှိမှုကို ကိုယ်စားပြုသည်ဟု ပြောပါက ရီဖူရှင်း၏ စကားလုံးများသည် စိတ်ဓာတ်အမျိုးအစားကို ရောင်ပြန်ဟပ်နေသည်။

ထိုသည်က မှားသည်မှန်သည်ကို ပြောရန် ခက်ခဲသည်။ လူတိုင်း၏ အတွေးများက မတူကွဲပြားဘဲရှိကာ သူတို့ တွေးတောဆုံးဖြတ်သည့် အရာများကလည်း ကွဲပြားပေသည်။ ဝမ်ယန်ပင်း ပြောသည်မှာ မမှားသော်လည်း ရီဖူရှင်း၏ စကားလုံးများက သူ့ကို ချေပနိုင်သည်။

ထိုအချိန်တွင် လူအများတို့သည် သူတို့အား စတင်၍ နှိုင်းယှဉ်ကြည့်လာကြသည်။

ဝမ်မိသားစုတွင် မွေးဖွားလာသည့် ဝမ်ယန်ပင်းသည် ထူးခြားသာလွန်သည်ဟု ထင်မှတ်ရသည်။

ချင်းဟယ်၏ မျက်နှာထက်တွင် အံ့အားသင့်မှုတို့ ပေါ်ပေါက်လာ၏။ သူမက ဘေးတွင် ရှိနေသော ရီဖူရှင်းကို ကြည့်လိုက်သည်။ သူမသည် သူ့ စကားလုံးများမှတစ်ဆင့် သူ၏ ခိုင်မာသော စိတ်ဓာတ်ကို ခံစားမိသည်။ သူက ရှန့်ထိုအဆင့်သို့ ရောက်ရှှိလျှင်ပင် ရဲရင့်သည့် လူငယ်လေး၏ စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်အတွင်း ရှိနေဆဲ ဖြစ်လေသည်။

ဝမ်ယန်ပင်းသည် ရီဖူရှင်းအား ကြည့်ရင်း သူ၏ စကားများကို တွေးတောနေပုံရသည်။

“မင်းမှာ အတွေးကောင်းတချို့ ရှိနေပေမဲ့ မင်းရဲ့ အတွေးတွေက လက်တွေ့မကျဘူး။ မင်း ပြောသွားတွေက တကယ်တော့ မလည်ရှုပ်လုပ်နေတာပဲ။ မင်းမှာ ယုံကြည်မှုရှိပေမဲ့ ခွန်အား မရှိဘူး။ စစ်ပွဲသာ ဖြစ်လာရင် ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်သီးပုဂ္ဂိုလ်တောင် ရန်ဟောင်တန်ခိုးရှင်တွေရဲ့ တိုက်ခိုက်မှုတစ်ချက်ကို ခုခံနိုင်မှာမဟုတ်ဘူး။ သေခြင်းတရားကနေ ဘယ်သူမှ ပြေးလွတ်နိုင်မှာ မဟုတ်ဘူး”

ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက်၌ ဝမ်ယန်ပင်းက ပြောလိုက်သည်။ “ဂူထျန်းရှင်းနဲ့ အရင် ဘုရင်ဟောင်းက အရမ်းအစွမ်းထက်ခဲ့ပေမဲ့ အခုတော့ သူတို့တွေလည်း မြေကြီးထဲ အမြှုပ်ခံလိုက်ရတာပဲ။ ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်မှာ ဘယ်သူ ဖြစ်မလဲဆိုတာကို မင်း ကောက်ချက်ဆွဲလို့ မရနိုင်ဘူး။ ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေ ကြားထဲ အနာဂတ်မှာ ဘယ်သူက အထွတ်အထိပ် ရပ်တည်နိုင်မလဲ စောင့်ကြည့်ကြတာပေါ့”

ဝမ်ယန်ပင်းက ထရပ်ကာ ချင်းဟယ်ကို အရိုအသေပေးလိုက်ပြီး ပြောသည်။ “အလုပ်ရှုပ်စေမိလို့ အားနာပါတယ် နတ်မိမယ်။ ကျွန်တော် အခု ပြန်လိုက်ပါဦးမယ်”

ချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ “ဂရုစိုက်သွားပါ”

“နှုတ်ဆက်ပါတယ်” ဝမ်ယန်ပင်းသည် သူ့လက်ကို ဆုပ်ကာ ပြောလိုက်သည်။ သူက လှည့်ထွက်ကာ အဝေးသို့ လျှောက်သွားခဲ့၏။ ဝမ်ကလန်မှ တန်ခိုးရှင်များလည်း ထရပ်ကာ ထွက်ခွာသွားသည်။ ထွက်မသွားခင်တွင် သူတို့အားလုံးက ရီဖူရှင်းကို ကြည့်သွားကြသည်။ ထို့နောက် သူတို့က လေထဲသို့ ခြေလှမ်းကာ ပျောက်ကွယ်သွားကြသည်။

“သူ့ရဲ့ နောက်ဆုံးစကားက ရယ်စရာကောင်းပုံတော့ မပေါ်ဘူး” ရီဖူရှင်းက ဝမ်ယန်ပင်း ထွက်ခွာသွားသည်ကို ကြည့်ကာ ရေရွတ်လိုက်သည်။ “ဒါပေမဲ့ အဲဒါက တကယ် ဖြစ်လာမှာ မဟုတ်ဘူး”

“ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေထဲ အနာဂတ်မှာ ဘယ်သူက အထွတ်အထိပ် ရပ်တည်နိုင်မလဲ”  ချင်းဟယ်က ရေရွတ်လိုက်သည်။ ဝမ်ယန်ပင်းသည် တကယ့်ကို အလွန် ရည်မှန်းချက် ကြီးလှပေသည်။

သို့သော် ရီဖူရှင်းက သူ့အိပ်မက်များ အမှန်တကယ် ဖြစ်မလာနိုင်ဟု ပြောနေသည်။

“ကြည့်ရတာ သခင်လေးရီက ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်တန်းပုဂ္ဂိုလ်က အနာဂတ်မှာ လွှမ်းမိုးနိုင်စွမ်းရှိမယ်လို့ ယုံကြည်နေတယ် ထင်တယ်” ချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော်က ကောင်းကင်လမ်းစဉ် နတ်ခန္ဓာပိုင်ရှင်ပါ” ရီဖူရှင်းက ပြောလိုက်သည်။ သူက ပုခုံးတွန့်ကာ ပြုံးလိုက်၏။ ချင်းဟယ်က သူ၏ ချောမောသော မျက်နှာကို ကြည့်လိုက်ပြီး အလွန်အမင်း စက်ဆုပ်မှုမျိုးကို ခံစားရခြင်း မရှိတော့ပေ။

သူနှင့် ရင်းနှီးပြီးနောက်တွင် သူမသည် သူက မဆိုးဟု ခံစားမိခဲ့သည်။

သို့သော် သူမသည် ရီဖူရှင်းကို ချဉ်းကပ်ရန် ဘာကြောင့် လုပ်ခဲ့သလဲ အခုချိန်ထိ နားမလည်နိုင်သေးပေ။

“ကောင်းကင်လမ်းစဉ် နတ်ခန္ဓာကိုယ်လား” ချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ သူမ၏ ချိမြိန်သော အပြုံးက အသက်ရှူမှားလောက်အောင် လှပပေသည်။ ရီဖူရှင်းသည် သူမ၏ အပြုံးကို ကြည့်လိုက်ပြီး ယခင်ကထက် ပို၍ သဘာဝကျလာသည်ဟု ခံစားလိုက်ရသည်။

“ပြန်ကြရအောင်”

လူတိုင်းက ထရပ်လိုက်ကာ နန်းတော်သို့ ပြန်သွားကြသည်။

သို့သော် နန်းတော်အပြင်ရှိ လူများကတော့ လူစုခွဲသွားခြင်း မရှိသေးပေ။ ဝမ်ယန်ပင်းနှင့် ရီဖူရှင်း အကြားမှ ကတောက်ကဆဖြစ်မှု အကြောင်းကို ဆွေးနွေးခန်း ဖွင့်နေကြလေသည်။

သို့သော် သူတို့က ယနေ့တွင် အမှန်တကယ် တိုက်ခိုက်ခဲ့ကြခြင်း မရှိပေ။

ဝမ်ယန်ပင်းသည် ပြန်လည်မွေးဖွားခြင်း အဆင့်ဖြစ်ကာ ရီဖူရှင်းထက် ပို၍ မြင့်သည်။ သူတို့ တိုက်ခိုက်ပါက အဓိပ္ပာယ်မရှိ ဖြစ်ပေလိမ့်မည်။

အနာဂတ်၌ ဤမျိုးဆက်အတွင်း မည်သူက လွှမ်းမိုးနိုင်မည်ကိုသာ စောင့်ကြည့်ကြမည်ဟု သူတို့က တွေးတောလိုက်၏။

သူတို့ထဲက မည်သူမှ ထိုသို့ မလုပ်ဆောင်နိုင်သည်လည်း ဖြစ်သွားနိုင်ပေသည်။

အချိန်က ကုန်လွန်သွားပြီး ပို၍ များပြားသောသူများက ဟောက်ထျန်းမြို့သို့ ဝင်ရောက်လာသည်။ များပြားလှသည့် အစွမ်းထက်ပုဂ္ဂိုလ်များက ဤကောင်းကင်မြို့တော်အတွင်း စုစည်းလာကြသည်မှာ မကြာသေးခင်က မိုးကြိုးပြစ်ဒဏ်မြို့ကဲ့သို့ ဖြစ်လေသည်။ သို့သော် သူတို့သည် အုတ်အော်သောင်းနင်း မလုပ်ဘဲ မြို့အတွင်း၌ တိတ်ဆိတ်စွာ နေနေကြသည်။

ဤတစ်ကြိမ်သည် ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် တူညီခြင်းမရှိပေ။ ဤတစ်ကြိမ်၌ ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင်တို့ အတူတကွလာ၍ ကောင်းကင်နတ်တံခါးဂိုဏ်းကို စိန်ခေါ်မည် ဖြစ်လေသည်။

ဟောက်ထျန်းမြို့ အရှေ့ဘက်သည် တိမ်တိုက်များထိ မြင့်မားသော ကောင်းကင်တံခါးနယ်မြေ ဖြစ်သည်။ ထိုနေရာတွင် ထာဝရရှင်သန်သူတို့၏ အငွေ့အသက်များ ဖုံးလွှမ်းနေပေသည်။ ဤနေရာသည် ကောင်းကင်နတ်တံခါးဂိုဏ်း၏ နယ်မြေ ဖြစ်သည်။

ယခုတွင် ကောင်းကင်နတ်တံခါးဂိုဏ်း၏ ထိပ်ဖျား၌ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးထားသော နတ်ဝင်္ကပါရှိပြီး ရှေးဟောင်းစာလုံးများက ရစ်ပတ်နေသည်။ မဟာလမ်းစဉ် အလင်းတန်းများက ကောင်းကင်မှ ကျဆင်းလာကာ နတ်ဝင်္ကပါအတွင်း စီးဝင်နေသည်။

နတ်ဝင်္ကပါ၏ အလယ်တွင် လူတစ်ယောက်က တင်ပျဉ်ခွေထိုင်နေကာ အဆုံးမဲ့ ရှေးဟောင်းစာလုံးများဖြင့် လွှမ်းခြုံထားခြင်းကို ခံရသည်။

သူက ဂူတုံးလျှို ဖြစ်သည်။

နတ်ဝင်္ကပါအပြင်ဘက်တွင် ကျန်းကလန် ခေါင်းဆောင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူက ဝင်္ကပါအတွင်းမှ ဂူတုံးလျှိုကို စောင့်ကြည့်နေသည်။

ထိုအချိန်တွင် တန်ဖိုးကြီး အဝတ်အစားများနှင့် သက်လတ်ပိုင်း လူကြီးတစ်ယောက် ဆင်းလာခဲ့သည်။ သူက ကျန်းမိသားစုခေါင်းဆောင်၏ ဘေးတွင် ရပ်ကာ ပြောလိုက်သည်။ “ဘယ်လို ဖြစ်သွားပြီလဲ”

“သူက သံသယကင်းစင်ခြင်း အဆင့်မှာပဲ ရှိနေသေးတယ်” ကျန်းမိသားစုခေါင်းဆောင်က ပြောလိုက်သည်။ “ဒါပေမဲ့ အခု သူ့အခြေအနေနဲ့ ရက်အနည်းငယ်လောက် ကျင့်ကြံတာက တခြားလူတွေ တစ်နှစ်လောက် ကျင့်ကြံရတာနဲ့ ညီမျှတယ်”

“ကောင်းတယ်” သူ့ဘေးမှ သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်လိုက်သည်။

ကျင့်ကြံခြင်းသည် အချိန်ယူကာ တစ်လှမ်းချင်းသွားရန် လိုအပ်သည်။ ပုံမှန်အားဖြင့် ကျင့်ကြံခြင်းအဆင့်များကို ခုန်ကျော်ရန် မဖြစ်နိုင်ပေ။ ယခင်က မည်သူမှ မလုပ်ဆောင်နိုင်ခဲ့ဘဲ တစ်စုံတစ်ယောက်က လုပ်နိုင်ခဲ့လျှင်ပင် သူတို့၏ အဆင့်က ခိုင်မာမည် မဟုတ်ပေ။

သို့သော် ဂူတုံးလျှိုကတော့ ထူးခြားဖြစ်စဉ် ဖြစ်၏။

သူက မူလလမ်းစဉ်ကို တိုက်ရိုက်ဆက်ခံခဲ့ပြီး မူလတောင်တန်းတစ်ခုလုံး၏ ကံစွမ်းအားကို စုပ်ယူခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်း၌ ထောင်သောင်းချီသော နတ်ဆိုးစွမ်းအားများ ရှိနေပြီး သူ့တွင် နတ်ဆိုးအင်ပါယာအရှင်သခင်၏ အသိစိတ်လည်း ရှိနေ၏။

အဆုံးတွင် ဂူထျန်းရှင်းသည် သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် နတ်ဝင်္ကပါကို သူ့ခန္ဓာကိုယ်အတွင်း ချိတ်ပိတ်ခဲ့သည်။ သူ့ကို နတ်လမ်းစဉ်က ကာကွယ်ပေးထားသည်။ စွမ်းအားများက ကောင်းကင်နှင့် မြေကြီး၏ ဖန်တီးခြင်း စွမ်းအားများကို နှိုင်းယှဉ်နိုင်လောက်အောင် ပြင်းထန်ပေသည်။ ထိုသည်ကပင် ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင်က ဤလူငယ်လေးကို ဘာကြောင့် ကြောက်ရွံ့ရသလဲ ဆိုသည်ပင် ဖြစ်သည်။ ဂူထျန်းရှင်း၏ ကျင့်စဉ်သည် သူ ကိုယ်တိုက် အသုံးပြုစဉ်က အလွန် အစွမ်းထက်ပြီး ကောင်းကင်၏ စွမ်းအားကိုပင် ဆန့်ကျင်နိုင်သည်။

ဂူတုံးလျှိုသည် ကျင့်ကြံခြင်းနှင့် သန့်စင်ခြင်း လုပ်ငန်းစဉ်အတွင်း ရှိနေခဲ့သည်။ သူသည် မရေတွက်နိုင်သော တန်ခိုးရှင်တို့၏ စွမ်းအားများကို စုစည်းထားခြင်း ဖြစ်သည်။ သူ၏ တစ်နေ့တာ ကျင့်ကြံခြင်းက အခြားသူများ တစ်နှစ်ကျင့်ကြံခြင်းထက် ပို၍ ကောင်းမွန်မည် ဖြစ်သည်။

သို့သော် သူသည် ဤတစ်ခေါက်တွင် ကျင့်ကြံခြင်း အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း ရှိမရှိမှာ ဂူတုံးလျှို၏ ကိုယ်ပိုင် ကျင့်ကြံခြင်း လမ်းစဉ်အပေါ် သဘောပေါက်နားလည်မှုပေါ်တွင် မူတည်နေသည်။

***

All Chapters