အခန်း (၆၈)
Vol. 6 Ch. 68
စုန့်လင်းချွမ်ရဲ့ ထင်ရှားပေါ်လွင်နေတဲ့ ခြေထောက်က သူ့ကိုကားပေါ်ကနေ ပဖျော်ဖြေရေး နယ်ပယ်ထဲက ေးဆင်းရမယ့်အစား ကားထဲမှာဘဲ စောင့်နေရစေသည်။
ကျန်းဟန်က စုန့်အာ့နန်ရဲ့ အထုပ်အပိုးတွေကို ကားနောက်ဖုံးကနေ အဆောင်အ၀င်ဝအထိ သယ်သွားပေးလိုက်သည်။
"အန်တီလေး၊ အပေါ်ထိ မသယ်ခိုင်းစေချင်တာသေချာလား?"
သူက အဆောင်ထဲကို ဝင်သွားတဲ့လူတွေကို ညွှန်ပြလိုက်ပြီး "ဝင်လို့ရတယ်ထင်တယ်။ ခုနတုန်းက တချို့လူတွေလည်း ခရီးဆောင်အိတ်တွေ သယ်သွားပေးတာတွေ့တယ်"
စုန့်အာ့နန် က လက်ယမ်းပြလိုက်ပြီး ပြောလိုက်သည်။ "မလိုပါဘူး၊ ဒီအိတ်က ကျွန်မအတွက် သယ်ရတာ အရမ်းမလေးပါဘူး"
စုန့်အာ့နန်က အခိုင်အမာပြောနေတာတွေ့တော့ ကျန်းဟန်လည်း ဆက်ပြီး မတိုက်တွန်းတော့ပေ။ လှည့်မထွက်သွားခင် သူမ အဆောင်ထဲ ဝင်သွားတဲ့အထိ သူကြည့်နေလိုက်သည်။
စုန့်အာ့နန် အဆောင်ထဲဝင်ပြီးသွားတာနဲ့ မိန်းကလေးအချို့က သူမကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။
စုန့်အာ့နန် နည်းနည်း နားမလည်ဖြစ်သွားရပြီး ခေါင်းကုတ်လိုက်သည်။
"တဆိတ်လောက်၊ နင်က စုန့်လင်းချွမ်ရဲ့ အန်တီလေး ဟုတ်တယ်မလား?" မျက်မှန်တပ်ထားတဲ့ ကောင်မလေးတစ်ယောက်က လာမေးသည်။
စုန့်အာ့နန်က အံ့သြသွားပြီး ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်၊ ငါက စုန့်လင်းချွမ်ရဲ့ အန်တီလေး စုန့်အာ့နန်ပါ"
ကောင်မလေးက ချက်ချင်းဘဲ စိတ်လှုပ်ရှားလာသည်။ "ဟယ်လို! ငါတို့က နင့်ရဲ့ variety show ကိုကြည့်ပြီးတော့ နင့်ကို အရမ်းသဘောကျနေတာ"
စုန့်အာ့နန်လည်း ခေါင်းနည်းနည်းညိတ်ပြလိုက်ပြီး "ကျေးဇူးတင်ပါတယ်"
ကောင်မလေးက ဖုန်းကိုကိုင်ထားကာ မဝံ့မရဲနဲ့မေးလိုက်သည်။ “နင်နဲ့ ဓာတ်ပုံရိုက်လို့ရမလားဟင်?”
စုန့်အာ့နန် အံ့အားသင့်သွားသည်။
အစောပိုင်းတုန်းက သူမ အွန်လိုင်းပေါ်မှာ အတော်လေး နာမည်ကြီးနေတယ်လို့ ကျန်းဟန်ပြောခဲ့တာကြောင့် လူတွေ သူမကိုမှတ်မိသွားမယ့်အပေါ် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားသင့်တယ်လို့ ပြောဖူးသည်။
ဒါပေမယ့် ရိုက်ကူးပြီးတဲ့ နောက်မှာတော့စုန့်အာ့နန်က အချိန်အများစုကို အိမ်မှာဘဲနေနေခဲ့တာဖြစ်ပြီး အခုလို ကြုံရတာက ဒါ ပထမဆုံးအကြိမ်ပင်။ သူမနည်းနည်း သတိလက်လွတ်ဖြစ်သွားသည်။
"ဒါပေါ့၊ အဆင်မပြေရင်လည်း ကိစ္စမရှိပါဘူး" ကောင်မလေးက ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြောလိုက်သည်။
စုန့်အာ့နန်က လက်ခါပြလိုက်ပြီး "ကိစ္စမရှိပါဘူး၊ ရိုက်ပါ"
နောက်တော့ ကောင်မလေးတချို့က စုန့်အာ့နန်နဲ့ တလှည့်စီ ဓာတ်ပုံရိုက်ကြသည်။
ဓာတ်ပုံတွေရိုက်ပြီးသွားတော့ သူတို့က သူမကို အနှောက်အယှက် မပေးတော့ဘဲ ကျေးဇူးတင်ကြောင်းပြောကာ ထွက်သွားကြသာ်။
ဒါက စုန့်အာ့နန် စိတ်သက်သာရာရစေသည်။ တကယ်တော့ သူမက ဒီလိုအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကောင်းကောင်းမလုပ်နိုင်ပါချေ။
အချိန်မဆွဲနေတော့ဘဲ သူမလည်း အဆောင်ခန်းဆီသို့ ဦးတည်သွားလိုက်သည်။
စုန့်အာ့နန် အဆောင်တံခါးကို တွန်းဖွင့်လိုက်တော့ အခန်းဖော် သုံးယောက်လုံး ရောက်နေတာကို တွေ့လိုက်ရသည်။
"အာ့နန်လေး၊ နောက်ဆုံးတော့ နင်ရောက်လာပြီ! ငါ နင့်ကို သေအောင် သတိရနေရတာ" တံခါးနဲ့ အနီးဆုံး စားပွဲမှာရှိတဲ့ လီစစ်ရွေ့က အရင်ဆုံး တုံ့ပြန်လိုက်ပြီး အပြေးအလွှားနဲ့ စုန့်အာ့နန်ကို လာဖက်သည်။
စုန့်အာ့နန်က ခြေနှစ်လှမ်း နောက်ပြန်ဆုတ်ပြီး သူမကိုယ်ကို ကာဖို့ တံခါးအမြန်ဆွဲလိုက်သည်။
"ငါလည်း နင့်ကို သတိရပါတယ်" သူမကပြုံးကာပြောလိုက်သည်။
ချန်ခယ့်က လီစစ်ရွေ့ကို ဆွဲလိုက်ပြီး "သတိထားဦး၊ ငါတို့ အာ့နန် လေးကို မနှိပ်စက်နဲ့"
လီစစ်ရွေ့က လက်နှစ်ဖက်ကို ချိတ်လိုက်ပြီး "တောင်းပန်တယ် တောင်းပန်တယ်၊ ငါနည်းနည်းစိတ်လှုပ်ရှားသွားလို့။ အာ့နန်နင် အဆင်ပြေလား?"
စုန့်အာ့နန်က ခေါင်းခါလိုက်သည်။
သူတို့တွေက အစကတည်းက အဆောင်ခန်းထဲမှာ အဆင်ပြေပြေရှိကြပြီး နွေရာသီအားလပ်ရက်အပြီး တစ်ယောက်နဲ့တစ်ယောက် အခုမှ တွေ့ရတော့ အတော်လေး ပျော်နေကြသည်။
ဒီအခိုက်အတန့်မှာ သူတို့ရဲ့အခန်းဖော် ချိုက်ရှောင်တိ လည်း ရောက်လာပြီး စုန့်အာ့နန်ရဲ့ ပုခုံးကို ပုတ်လိုက်ကာ အလေးအနက် ပြောလာသည်။ "အာ့နန်လေး၊ နင်က ဖုံးထားတဲ့ နေရာမှာ တော်တော် တော်တာဘဲ"
စုန့်လင်းချွမ် ကိစ္စကို ပြောနေမှန်း စုန့်အာ့နန်သိလိုက်သည်။ သူမက ဒါကို ရည်ရွယ်ချက်ရှိရှိ ဖုံးထားတာမဟုတ်ကြောင်း လူတိုင်းကို ရှင်းပြဖို့လုပ်လိုက်သည်။ ဒါပေမယ့် ရုတ်တရက် ဘေးနားက လူတော်တော်များများက စိတ်လှုပ်ရှားသွားကြသည်။
"အာ့နန်၊ နင့်ကြောင့် ငါတို့ရဲ့ နွေရာသီက ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကောင်းသွားလဲ နင်သိလား?" ချန်ခယ့်က ပြောလာသည်။
စုန့်အာ့နန် အံ့ဩသွားသည်။ သူမ ဘာကို ဆိုလိုတာလဲ?
ချန်ခယ့်က ပြောလာသည်။ “အာ့နန်က ငါ့အခန်းေဖာ်ဖြစ်နေမှန်း ငါ့မိဘတွေ သိသွားတော့ သူတို့တွေ ရှိုးကို နေ့တိုင်း ကြည့်ကြတော့တယ်။ သူတို့လမ်းလျှောက်ထွက်လို့ တစ်ယောက်ယောက်ကို တွေ့တဲ့အခါတိုင်း ' ငါတို့သမီးက အန်တီလေးရဲ့အခန်းဖော်လေ၊ ဘုရားရေ၊ ဒါက ငါ့ဘိုးဘေးတွေဆီကကောင်းချီးဘဲ' အဲ့ဒီလိုမျိုး ပြောပြောပြီး ကြွားကြတာ"
စုန့်အာ့နန်က ခေါင်းကုတ်လိုက်သည်။ အဲဒါက ချဲ့ကားလွန်းတာမဟုတ်ဘူးလား?
ချိုက်ရှောင်တိကလည်း ပြောလာသည်။ "နင် ငါ့ကို ပို့လိုက်တဲ့ မက်မွန်သီးပုံးအကြောင်း နင်သိလား? အဲ့ဒါကို ငါရလာတာနဲ့ ငါ့မိဘတွေက အထူးတလည်ကို ဓာတ်ပုံတွေတောင်ရိုက်ကြပြီး တော့ ငါတို့မိသားစု group ထဲမှာ ကြွားလိုက်ကြသေးတယ်"
"ဝါး၊ ရလဒ်ကတော့ အဲဒီညမှာ ငါ့အဒေါ် ခုနစ်ယောက်နဲ့ ဦးလေးရှစ်ယောက်လောက်ရှိတဲ့ အမျိုးတွေက လာလည်ကြရော။ တရုတ်နှစ်သစ်ကူးထက်တောင် ပိုစည်နေသေးတယ်။ ငါ့အိမ်မှာ အသက်ဝင်နေတဲ့အချိန်က ငါတက္ကသိုလ်တက်တုန်းက အချိန်ဘဲရှိတယ်"
ချန်ခယ့် - "အဲဒါကို မပြောပါနဲ့တော့။ ငါ့မိဘတွေက ပိုလို့တောင် ရူးကြသေးတယ်။ သူတို့က Moments မှာတောင် ပို့စ် တွေတင်ကြသေးတယ်။ ရလဒ်အနေနဲ့ အာ့နန်ငါ့ကိုပို့လာပေးတဲ့ မက်မွန်သီးပုံးက နောက်ဆုံးမှာ နှစ်လုံးဘဲကျန်တော့တယ်"
သူတို့နှစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ကြားပြီးသွားတဲ့နောက်မှာတော့ လီစစ်ရွေ့က အမြန်ပြောလိုက်သည်။ "ကံကောင်းလို့ ငါကြိုသိနေလို့ ငါ့မိဘတွေကို ထုတ်မကြွားဖို့ပြောခဲ့တာ"
"ဒါပေမယ့် အာ့နန်က ငါအခန်းဖော်လို့ သိသွားတာနဲ့ ငါဝမ်းကွဲတစ်ယောက် မက်မွန်သီးတွေကို တစ်ဝက်လောက် လာစားသွားသေးတယ်!"
သုံးယောက်သား အပြင်းအထန် စိတ်ပါလက်ပါနဲ့ စကားစမြည် ပြောနေကြသည်။
စုန့်အာ့နန် မသိစိတ်ကနေ သက်ပြင်းတစ်ချက်ချလိုက်သည်။
ကံကောင်းထောက်မစွာနဲ့၊ စုန့်လင်းချွမ်နဲ့ သူမရဲ့ဆက်ဆံရေးကို ဖုံးကွယ်ထားတာကို လူတိုင်းက သူမကို စိတ်မဆိုးကြလို့။
-
ကျောင်းကိုပြန်ရောက်လာတော့၊ စုန့်အာ့နန်လည်း သူမရဲ့ များပြားလှတဲ့ စာသင်ချိန်တွေကြားမှာတွင် တစ်ဖန် ပြန်နစ်မြှုပ်သွားသည်။
အခြေအနေက သူမ ခန့်မှန်းထားသလိုပင်။ ကျောင်းစတက်ပြီး ပထမရက်အနည်းငယ်မှာ လူတွေက သူမအကြောင်းကို အရမ်းသိချင်နေကြပြီး တချို့က သူမနဲ့ စကားပြောဖို့ ဒါမှမဟုတ် ဓာတ်ပုံတောင်းဖို့ တစ်ခါတစ်လေ ရောက်လာတတ်ကြသည်။
အချိန်အခါ သင့်တော်နေရင်တော့ ဓာတ်ပုံရိုက်ဖို့ တောင်းဆိုချက်တွေကို စုန့်အာ့နန်မငြင်းပေ။
လူတိုင်းက ရန်လိုချင်စိတ်မရှိဘဲ ဒီတိုင်း စပ်စုချင်စိတ်ကြောင့်မှန်းဆိုတာ သူမသိသည်။
ဒီလိုနဲ့ တစ်လခွဲခန့်အကြာမှာ၊ စုန့်အာ့နန်ရဲ့ ကျောင်းသားဘဝက နောက်ဆုံးတော့ ပုံမှန်ပြန်ဖြစ်သွားသည်။
သူမက စာကြည့်တိုက်၊ စာသင်ခန်းနဲ့ ကော်ဖီဆိုင်ကြားမှာဘဲ လုံးလည်ချာရိုက်နေသည်။
ပိတ်ရက်တွေမှာ သူမက စုန့်လင်းချွမ်ဆီ သွားတွေ့ပြီး သူ့ရဲ့ဒဏ်ရာကနေ ပြန်သက်သာလာဖို့ကိုဘဲ အာရုံစိုက်ထားသင့်ကြောင်း ပြောတတ်သည်။
သူမကျောင်းပြန်မစခင်ကတည်းက ဖေးခွမ်က ရိုက်ကူးရေး စနေပြီဖြစ်သည်။ သူက ချိုးချိုးကိုပါ သူနဲ့အတူ ခေါ်သွားတဲ့အတွက် ချိုးချိုးတစ်ယောက်ထဲ အိမ်မှာ မကျန်နေခဲ့တော့ပေ။
သူမကျောင်းစသွားနေရကတည်းက သူတို့ နှစ်ယောက် ဗီဒီယို ကော မပြောဖြစ်ကြတော့ပေ။ ဖေးခွမ်က နေ့တိုင်းရိုက်ကူးရေးတွေနဲ့ ရှုပ်နေတာကြောင့် အချိန်တွေက ပုံမှန်မရှိပေ။ ဒါ့အပြင် အဆောင်က စုန့်အာ့နန်လည်း အဆင်မပြေချေ။
ဒါပေမယ့် ဖေးခွမ်ကတော့ သူအားတဲ့အချိန်တိုင်းချိုးချိုးရဲ့ဗီဒီယိုအတိုတွေကို ပို့ပေးနေဆဲဖြစ်သည်။ တချို့က သူလေးအိပ်ပျော်နေတာတွေ၊ တချို့က ပြဿနာရှာနေတဲ့ ဟာတွေဖြစ်သည်။
သူတို့နှစ်ယောက်က ချိုးချိုးအကြောင်း စာကြောင်းတချို့တလေနဲ့ အခါအားလျော်စွာ စကားပြောဖြစ်ကြသည်။
သူမမှာရှိနေတဲ့ အဲ့ဒီထူးဆန်းတဲ့ ခံစားချက်က အများကြီး ပျောက်ကွယ်သွားသလိုပင်။
အဲ့ဒါက အထူးတလည် အခြေအနေ တချို့အောက်က မှားယွင်းတဲ့ ခံစားချက်တစ်ခုဘဲ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း သူမ တွေးလိုက်သည်။ အဲ့ဒါက ကြီးကြီးမားမား ဘာမှမဟုတ်ခဲ့ပါချေ။
နေ့ရက်တွေက တည်တည်ငြိမ်ငြိမ်ဘဲ ကုန်ဆုံးသွားသည်။ မကြာခင်မှာဘဲ အမျိုးသားနေ့ အားလပ်ရက်ရောက်လာတော့မည်ဖြစ်သည်။
အဲ့ဒီနေ့မှာ စုန့်အာ့နန်တစ်ယောက် အဆောင်ခန်းကို ပြန်လာပြီး စာအုပ်တစ်အုပ်ကိုယူကာ စာကြည့်တိုက်ဆီသွားဖို့ လုပ်နေတဲ့အချိန် သူမအဆောင်တံခါးကိုဖွင့်လိုက်တဲ့အခါမှာတော့ လီစစ်ရွေ့ကြောင့် လန့်သွားရသည်။
"အားးး၊ ဒီလိုအတင်းအဖျင်း ပြောနေကြတဲ့ ပါပါရာဇီ တွေက အရမ်းစိတ်ပျက်ဖို့ကောင်းတာဘဲ၊ သူတို့က မဟုတ်တဲ့ ကောလဟာလတွေကို ပြန့်အောင် လုပ်နေကြတာ!"
စုန့်အာ့နန် အံ့အားသင့်သွားပြီး အဖြစ်အပျက်ကို အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်သည်။
သူမက အကြည့်အောက်ပို့လိုက်ပြီး သာမာန်ကာလျှံကာမေးလိုက်သည်။ " စစ်ရွေ့ ဘာဖြစ်လို့လဲ?"
လီစစ်ရွေ့က ဒေါသတကြီး ပြောပြလာသည်။ "သူတို့က အရမ်းလွန်လို့ နင်မထင်ဘူးလား? ရှဲ့ယင်း ကို A City က လေဆိပ်မှာ တွေ့လိုက်တာနဲ့ သူတို့နှစ်ယောက်က တွဲနေတယ်လို့ အတည်ပြုလိုက်ကြတယ်။ ဘာကိုတွဲနေကြတာလဲ? သူတို့က ဒီတိုင်း - ကောလဟာလတွေ ဖြန့်နေကြတာ!"
ဖေးခွမ်က A City မှာ ရိုက်ကူး ရေးလုပ်နေတာ။ ရှဲ့ယင်းကလည်း A City ကို သွားတယ်။
အဲ့ဒါက သူတို့တွေ့ခဲ့ကြတယ်လို့ ဆိုလိုတာလား?
စုန့်အာ့နန်တစ်ယောက် သူမရဲ့လည်ချောင်းထဲမှာ ရုတ်တရက် ချဉ်တင်တင်ခံစားချက်မျိုး ပျံ့နှံ့သွားတာကို ခံစားလိုက်ရပြီး သူမရင်ထဲမှာလည်း နည်းနည်းတင်းကြပ်သွားသည်။
အဆောင်ကနေ ထွက်လာပြီးတဲ့နောက်မှာ သူမက အနီးနားက တောအုပ်ငယ်တစ်ခုရှိ ဆိတ်ငြိမ်တဲ့နေရာတစ်ခုကို ရှာတွေ့လိုက်သည်။
စုန့်အာ့နန်က အသက်ပြင်းပြင်းရှူလိုက်ပြီး ဖုန်းထုတ်ကာ ဖေးခွမ်ရဲ့နံပါတ်ကို ရှာလိုက်သည်။
ခဏလောက် တုန့်ဆိုင်းနေပြီးတဲ့နောက်မှာတော့၊ သူမ ဖုန်းခေါ်လိုက်သည်။
တူ တူ တူ...
တစ်ဖက်က ဖုန်းက အချိန်အတော်ကြာအောင် မြည်နေပေမယ့် မကိုင်ပေ။
တစ်မိနစ်အကြာမှာ စုန့်အာ့နန်က ဖုန်းခေါ်ဆို၍မရကြောင်းပြတဲ့ အချက်ပြသံကို ကြားလိုက်ရသည်။
သူမက စခရင်ကို ကြည့်ရင်းနဲ့ အတွေးတွေ ကမောက်ကမ ဖြစ်လာသည်။
B City တွင် စက်တင်ဘာလနှောင်းပိုင်းနဲ့ အောက်တိုဘာလဆန်းပိုင်းများမှာ ရာသီဥတုက စပြီးအေးလာသည်။ နေ့ဘက်တွေမှာ နေရောင်ကြောင့် ပူနေသေးပေမယ့် ညဘက်တွေမှာတော့ အပူချိန်က အလျင်အမြန် ကျဆင်းသွားတတ်သည်။
အေးမြတဲ့လေပြင်းက တိုက်ခတ်လာပြီး စုန့်အာ့နန်ရဲ့ ရှုပ်ယှက်ခတ်နေတဲ့ အတွေးတွေကို ချက်ချင်းရှင်းလင်းပစ်လိုက်သည်။
သူမက ခေါင်းငုံ့ကာ ဖိနပ်ထိပ်တွေကို စိုက်ကြည့်နေသည်။ အခုလေးတင် သူမ အရမ်းစိတ်လိုက်မာန်ပါဖြစ်သွားတာ။
ဖုန်းကိုင်လိုက်ရင်တောင်၊ သူမ ဘာမေးသင့်လဲ?
ခုနတုန်းက ဖေးခွမ် ဖုန်းမကိုင်လိုက်တဲ့အတွက် စုန့်အာ့နန်အနေနဲ့ တကယ်ကို ကျေးဇူးတင်မိကြောင်းတော့ ဝန်ခံရမည်။
ခဏလောက် ငြိမ်သက်သွားပြီးတဲ့နောက် စာကြည့်တိုက်ကို မသွားဖို့ သူမ ဆုံးဖြတ်လိုက်သည်။
သူမစိတ်တွေ ဖရိုဖရဲဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် အာရုံမစိုက်နိုင်ဘဲ အားထုတ်ဖြုန်းတီးရတာကို သူမ မကြိုက်ပေ။
ဒါပေမယ့်လည်း သူမ အဆောင်ခန်းဆီကို မပြန်သေးဘဲ ကျောင်းတံခါးဆီ တည့်တည့်ထွက်ပြီး စုန့်လင်းချွမ်ရဲ့နေရာအထိ တက္ကစီစီးသွားလိုက်သည်။
တိုက်ခန်းအဝင်ဝမှာ တက္ကစီပေါ်ကနေဆင်းပြီးတဲ့နောက် စုန့်အာ့နန်က ဝင်ပေါက်နားက ကုန်စုံဆိုင်ဆီ သွားလိုက်သည်။ မိနစ်နည်းနည်းကြာပြီးတဲ့နောက် သူမက မုန့်အိတ်နဲ့အတူ ထွက်လာသည်။
အဆောက်အဦးထဲဝင်ဖို့ သူမရဲ့ သွားလာခွင့်ကတ်ကိုဖြတ်လိုက်ပြီး စုန့်လင်းချွမ်ရဲ့ တံခါးဆီ တိုက်ရိုက်သွားကာ သူမအနေနဲ့ လျှို့ဝှက်နံပါတ်ကို သိပေမယ့် တံခါးဘဲလ်ကိုဘဲ တီးလိုက်သည်။
"အန်တီလေး ဒီနေ့ဘာလို့လာတာလဲ?" စုန့်လင်းချွမ် တံခါးဖွင့်လိုက်တာနဲ့ စုန့်အာ့နန်ကို တွေ့လိုက်ရတော့ အံ့ဩသွားသည်။
ခုနစ်ရက်ကြာပိတ်အယ့် အမျိုးသားနေ့အားလပ်ရက်ကြောင့် စုန့်လင်းချွမ်နဲ့အတူ ရက်တချို့လောက် မကုန်ဆုံးခင် စာကြည့်တိုက်မှာ ရက်အချို့လောက် ကုန်ဆုံးဖို့ အစက စုန့်အာ့နန်စီစဉ်ထားတာဖြစ်သည်။
အဲ့ဒါကို စုန့်လင်းချွမ်လည်း သိတာကြောင့် အခု စုန့်အာ့နန်ကိုတွေ့လိုက်ရတော့ သူအံ့ဩသွားသည်။
စုန့်အာ့နန်က ပေါ့ပေါ့ပါးပါး အင်းလို့ အသံပြုလိုက်ပြီး "ဒီနေ့ စာလုပ်ချင်စိတ်မရှိလို့၊ ဒါကြောင့် ဒီမှာ ခဏလောက် အနားယူမလို့ လာခဲ့တာ"
စုန့်လင်းချွမ်လည်း သိပ်မတွေးလိုက်တော့ပေ။ အခြားအရာတွေကလွဲရင် သူ့အန်တီလေး ရောက်လာတဲ့အတွက် သူအရမ်းဝမ်းသာမိသည်။
ဝင်လာပြီးတဲ့နောက် စုန့်အာ့နန်က ဧည့်ခန်းဆီ ဦးတည်သွားလိုက်သည်။
သူမက မုန့်အိတ်ကို ကော်ဖီစားပွဲပေါ်တင်လိုက်ပြီး စုန့်လင်းချွမ်ကို ကြည့်လိုက်သည်။ "တီဗီကြည့်တာက နင့်ကို အနှောက်အယှက်တော့ မဖြစ်စေဘူးမလား?"
စုန့်လင်းချွမ်က ခေါင်းခါလိုက်ပြီး "မဖြစ်ဘူး၊ ငါလည်း ဂိမ်းကစားနေတာ ဘာမှမဖြစ်ဘူး"
စုန့်အာ့နန်က ခေါင်းညိတ်ပြလိုက်ပြီး မုန့်အိတ်ကိုဖွင့်လိုက်သည်။ "ငါတို့ ကြိုက်တဲ့ဟာတွေ အကုန်ဝယ်လာတယ်၊ စားချင်ရင်ယူစားနော်"
စုန့်လင်းချွမ်က သူ့အာရုံတွေကို မုန့်တွေဘက်ဆီ မပြောင်းခင် တစ်ခဏလောက် နားမလည်ဖြစ်သွားသည်။
သူက ခေါင်းကုတ်လိုက်ပြီး စုန့်အာ့နန်ကို စိတ်ရှုပ်ထွေးသလိုကြည့်လိုက်သည်။
အစောပိုင်းတုန်းကကျ သူ့ကို ကျန်းမာရေးနဲ့ညီညွတ်အောင် မုန့်စားတာကို ကန့်သတ်ထားပြီးတော့ အခုကျတော့ ရုတ်တရက်ကြီး သူ့ကိုစားခွင့်ပေးလာပြန်ပြီ။
ဒါပေမယ့် စုန့်လင်းချွမ်ကလည်း အဲ့ဒီအကြောင်းကိုမေးရလောက်အောင်ထိ မကြောင်ပါချေ။
အခြားအရာတွေကလွဲရင် သူတို့နှစ်ယောက်သား အတူကြီးပြင်းလာတာကြောင့် တစ်ယောက်ကြိုက်တဲ့အရသာကို တစ်ယောက် သိကြသည်။
လောလောဆယ်တော့ သူ့အန်တီလေး စိတ်မပြောင်းသေးတာကို အခွင့်ကောင်းယူသင့်တယ်လို့ စုန့်လင်းချွမ် တွေးလိုက်သည်။
လောလောဆယ်တော့ စုန့်အာ့နန်က စုန့်လင်းချွမ်ရဲ့ ရည်ရွယ်ချက်တွေကို လုံးဝ သတိမမူမိပေ။ သူမသည် ရီမုတ်ကိုယူလိုက်ပြီး ချန်နယ်တွေကို လိုက်ပြောင်းလိုက်ပြီး သူမကြည့်ချင်တဲ့ ကြည့်ရှုသူအများဆုံး တီဗီရှိုးတစ်ခုဖြစ်တဲ့ မိသားစုမယ်လိုဒရာမာ တီဗီရှိုးကိုရှာတွေ့လိုက်သည်။
ဒီမြင်ကွင်းကိုမြင်တော့ စုန့်လင်းချွမ်က ဘာတွေဖြစ်နေလဲဆိုတာ အကြမ်းဖျင်း နားလည်သွားသည်။
ဒီနေ့ သူ့အန်တီလေး စိတ်အခြေအနေ ကောင်းတဲ့ပုံမပေါ်ဘူး။
ငယ်ငယ်ကတည်းက စုန့်အာ့နန်က ဖိအားတွေ အများကြီးရှိလာရင် ဒါမှမဟုတ် စိတ်ဆိုးစရာတွေ ကြုံလာတိုင်း ဒါက သူမ အမြဲတမ်းလုပ်တဲ့အရာပင်။
ဒီတီဗီရှိုးကြည့်ရင်း မုန့်စားတာပင်။ ဒါက သူမရဲ့ ထူးခြားလှတဲ့ ထွက်ပေါက်ရှာတဲ့ နည်းပင်။
စုန့်လင်းချွမ်က ဘာမှတော့ မမေးလိုက်ပေ။ သူက စုန့်အာ့နန်ရဲ့ဘေးမှာ တိုက်ရိုက်ထိုင်လိုက်ပြီး သူမနဲ့အတူ ကြည့်နေလိုက်သည်။
-
ဖေးခွမ်ကို သူ့လက်ထောက် ဖုန်းလာပေးတဲ့အချိန် သူက ဇာတ်ကွက်တစ်ခုကို ရိုက်ပြီးသွားကာစဘဲရှိသေးသည်။
"ဖေးခွမ်၊ missed call တွေရှိနေတယ်"
ဖေးခွမ် ဖုန်းကိုယူလိုက်ပြီး ခေါ်ဆိုတဲ့သူ ID ကို တွေ့လိုက်ရတဲ့အခါ သူ့မျက်ခုံးတွေ နည်းနည်းပင့်တက်သွားသည်။
စုန့်အာ့နန် ခေါ်ထားတာဖြစ်သည်။
သူမမှာ အရေးတကြီးကိစ္စရှိနေမှာ စိုးပြီး သူချက်ချင်းပြန်ခေါ်လိုက်သည်။
ဘယ်သူမှ မကိုင်ပေ။
ဖေးခွမ် မျက်မှောင်ကြုတ်လိုက်ပြီး WeChat ကိုဖွင့်ကာ စုန့်အာ့နန်ရဲ့ ချတ်ဝင်းဒိုးကို ရှာလိုက်သည်။
"ဒါရိုက်တာက ဒီနေ့အတွက် ပြန်လို့ရပြီလို့ပြောတယ်၊ မိတ်ကပ်တွေကို အဝတ်လဲခန်းထဲမှာ သွားဖျက်လိုက်တော့လေ" သူ့လက်ထောက်က ပြောလိုက်သည်။
ဖေးခွမ်လည်း ခေါင်းနည်းနည်းညိတ်ပြလိုက်သည်။
အဝတ်လဲခန်းဘက်ကို သူ လှည့်သွားပေမယ့် သူ့လက်တွေကတော့ မရပ်သွားပေ။
ထွက်သွားတဲ့အချိန်ကနေ ဟိုတယ်ကိုရောက်တဲ့အထိပင်။