အခန်း (၈၀)
Vol. 6 Ch. 80
ဒီနေ့မနက် ရှိုးဆီမလာခင် စုန့်အာ့နန်က သူမဆရာရဲ့လူနာတွေကို ကူပြီးစစ်ဆေးပေးဖို့ ဆေးရုံသွားခဲ့သေးသည်။
ဖြစ်ချင်တော့ အရင်က သူမ မကြုံဖူးတဲ့ လူနာသစ်တစ်ယောက်က ဌာနဆီရောက်လာသည်။ ဆရာက အိမ်စာတွေလည်း ပေးထားတာဖြစ်လို့ ရိုက်ကူးရေးပြီးသွားတာနဲ့ သူမက ဆေးရုံကနေ မပြန်သေးဘဲ အချက်အလက်တချို့ ရှာဖို့ ဆေးရုံစာကြည့်တိုက်ဆီ တန်းတန်းမတ်မတ် သွားလိုက်သည်။
စုန့်အာ့နန် စာကြည့်တိုက်ထဲ ၀င်လိုက်တာနဲ့ အချိန်တွေလည်း ကုန်မှန်းမသိကုန်သွားသည်။ အဖွဲ့သားတွေ စီစဉ်ပေးထားတဲ့ တည်းခိုခန်းဆီ သူမ ပြန်ရောက်တဲ့အချိန်က ဆယ့်တစ်နာရီနီးပါးရှိနေပြီဖြစ်သည်။
စောစောက သူမညစာ မစားရသေးတာကြောင့် အခုတော့ ဗိုက်ထဲမှာ အော်ဟစ်နေလေပြီ။
စုန့်အာ့နန် ဗိုက်ဖြည့်ဖို့အတွက် အပြင်ထွက်ပြီး အစားအသောက်ဝယ်ဖို့ မဆုံးဖြတ်ခင် စက္ကန့်အနည်းငယ်လောက် စဉ်းစားလိုက်သည်။ မဟုတ်ရင် သူမအိပ်နိုင်မှာမဟုတ်ဘူး။
အလုပ်သင်တွေနဲ့ ဧည့်သည်တွေအတွက် နေရာက ကပ်လျက်၊ ဗီလာနှစ်လုံး ဖြစ်သည်။ နေ့လည်ခင်းတုန်းက ဝန်ထမ်းတွေကဗီလာ ပတ်ဝန်းကျင်ကို မိတ်ဆက်ပေးထားသည်။
သူမ အနီးနားကဗီလာကို ဖြတ်သွားတဲ့အချိန် စုန့်အာ့နန်ရဲ့ ခြေလှမ်းတွေက မသိစိတ်ကနေ နှေးကွေးသွားသည်။
ဒီအချိန်ဆို သူ အိပ်နေလောက်ပြီထင်တယ်။
ခုနတုန်းက သူမ စာကြည့်တိုက်မှာရှိနေတုန်းမှာ ဖေးခွမ် ဆီကနေ သူမကို တွေ့ဖို့ အချိန်ရှိလားလို့ မေးတဲ့ မက်ဆေ့ချ်တစ်ခု ဝင်လာခဲ့ပေမယ့် သူမကဖုန်းကို အသံပိတ်ထားတာကြောင့် အပြင်ထွက်လာပြီးမှဘဲ သူမမက်ဆေ့ခ်ျကိုတွေ့လိုက်သည်။
အင်း၊ နောက်မှဘဲ သူ့ကိုရှင်းပြပြီး စာပြန်ပို့လိုက်မယ်လို့ စုန့်အာ့နန်တွေးလိုက်သည်။
အရမ်းနောက်ကျနေပြီဖြစ်တဲ့အတွက်၊ သူမ ထပ်ပြီးအချိန်ဆွဲမနေတော့ဘဲ ဆေးရုံအဝင်ပေါက်က ၂၄ နာရီစတိုးဆီ ပြေးကာ ထမင်းလုံးနှစ်လုံးဝယ်လိုက်သည်။
စတိုးကနေ ထွက်လာပြီးတော့ စုန့်အာ့နန်တစ်ယောက် ဗီလာဝင်းထဲ မရောက်လင် လမ်းကူးလိုက်ပြီး ဆေးရုံဝင်ပေါက်ကို ဖြတ်လိုက်သည်။ ဒါပေမယ့် သူမ ဗီလာဝင်းထဲ ရောက်တော့ ရင်းနှီးတဲ့ ပုံရိပ်ကို တွေ့လိုက်ရသည်။
စုန့်အာ့နန် ကြောင်နေတုန်းမှာဘဲ အဲ့ဒီလူကတည်း လှည့်ကြည့်လာသည်။
သူတို့ မျက်လုံးချင်းဆုံသွားသည်။
နောက်တစ်ခဏမှာဘဲ ဖေးခွမ်က သူမဆီ လျှောက်လာခဲ့သည်။
နွေညအစမှာ လေထဲတွင် စွဲဆောင်မှုရှိတဲ့ ရနံ့တစ်ခုရှိနေသည်။
လေညှင်းလေးက ဖြတ်တိုက်လိုက်ရာ လမ်းဘေးရှိ chinaberry ပင်ရဲ့ အရွက်တွေက လမ်းတစ်ဖက်ကို ကြွေကျသွားသည်။
လမ်းမီးရောင်မှန်မှိန်အောက်တွင် စုန့်အာ့နန်တစ်ယောက် ဖေးခွမ် သူမဆီလျှောက်လာတာကို အမှတ်တမဲ့ ငေးကြည့်နေမိသည်။
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း... သူ့အသွင်အပြင်က ပိုပြီးရှင်းလင်းလာသည်။
ရှိုးကိုမလာခင်က စုန့်အာ့နန်မှာ သူနဲ့ဝင်တိုးမိမယ်မှန်း စဉ်းစားခဲ့မိပေမယ့် ဒီလောက်ထိ ရုတ်တရက်ကြီး ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားပါချေ။
သူတို့အကွာအဝေးက သိပ်မဝေးတဲ့အတွက် တစ်ခဏအတွင်းမှာဘဲ ဖေးခွမ်က သူမဆီရောက်လာသည်။
သူ့အမူအရာကိုကြည့်ရရင် သူလည်း သူမနဲ့လာတိုးတာကို အံ့အားသင့်နေတဲ့ပုံပင်။
"အရမ်းနောက်ကျနေပြီလေ၊ မင်း..."
ဖေးခွမ်က စကားတစ်ဝက်တစ်ပျက်နဲ့ရပ်သွားပြီး သူ့အကြည့်တွေက စုန့်အာ့နန်ရဲ့လက်ထဲရှိ စတိုးဆိုင်ကအိတ်ဆီ ရောက်သွားသည်။ "တစ်ခုခုသွားဝယ်တာလား?"
စုန့်အာ့နန်က တောင့်တောင့်ကြီး ခေါင်းညိတ်ပြလိုက်ပြီး “ ဗိုက်နည်းနည်းဆာလာလို့”
ဖေးခွမ်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ပြီး "ညစာ မစားရသေးဘူးလား?"
စုန့်အာ့နန်က မှန်ကြောင်းအသံပြုလိုက်ပြီး သူမလက်ထဲက ထမင်းလုံးတွေကို မြှောက်ပြလိုက်ပြီး မေးလိုက်သည်။ "တစ်ခုယူမလား?"
ဖေးခွမ်က ပြုံးကာ ခေါင်းခါလိုက်သည်။ "ရတယ်၊ မင်းပဲစားပါ"
စုန့်အာ့နန်က "အိုး" လို့တုံ့ပြန်လိုက်သည်။
နည်းနည်းလောက် အဖွင့်စကားပြောပြီးသွားတော့ နှစ်ယောက်သား ဘာပြောရမှန်းမသိဘဲ ငြိမ်သက်သွားကြသည်။
ဖေးခွမ်က စုန့်အာ့နန်ကို တိတ်တိတ်လေး အကဲဖြတ်လိုက်သည်။
အတိအကျပြောရရင် သူမ အရွယ်ရောက်ပြီးကတည်းက သူတို့တွေ မျက်နှာချင်းဆိုင် လူချင်းတွေ့ရတာ ဒါပထမဆုံးအကြိမ်ပင်။
ဒီနေ့ အခန်းထဲမှာ သူမကို စခရင်ပေါ်ကနေ မြင်ခဲ့ရပေမယ့် လူချင်းတွေ့ရတာနဲ့ မတူပါချေ။
တစ်ယောက်နဲ့ တစ်ယောက်မတွေ့တာ နှစ်နှစ်ကျော်ကြာခဲ့ပေမယ့် ကောင်မလေးကတော့ အခြေခံအားဖြင့် မပြောင်းလဲသွားပါချေ။
သူမရဲ့မျက်လုံးတွေက အရင်ကအတိုင်း ဖြူစင်ကြည်လင်နေပြီး သူမရဲ့အသွင်အပြင်ဟာလည်း တောက်ပနေဆဲဖြစ်ပေမယ့် သူမရဲ့စိတ်နေစိတ်ထားတစ်ခုလုံးကတော့ နည်းနည်းကွဲပြားသွားတဲ့ပုံပင်။
မနှစ်က ဆေးရုံမှာ အလုပ်သင်လုပ်ခဲ့ရတဲ့ အတွေ့အကြုံကြောင့် ဖြစ်မည်။
အဲဒါကို ဘယ်လိုဖော်ပြရမလဲ? သူမအပေါ် ကလေးမလေးတစ်ယောက်ဆိုတဲ့ အမြင်ကိုတော့ မစွန့်လွှတ်နိုင်သေးပေ။
အခုတော့ သူမက မိန်းမငယ်လေးတစ်ဦးဖြစ်နေပြီဖြစ်သည်။
သူ့အကြည့်အောက်မှာ စုန့်အာ့နန်နည်းနည်း စိတ်မသက်မသာ ဖြစ်လာရပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
ဒါပေမယ့် တစ်ခုခုကို တွေးမိသွားသလိုမျိုး သူမက ဖေးခွမ် ကို ရုတ်တရက် မော့ကြည့်လိုက်သည်။ "ခုနတုန်းက ကျွန်မ စာကြည့်တိုက်ထဲမှာဆိုတော့ ဖုန်းအသံပိတ်ထားတာ၊ အဲ့ဒါ...."
ဖေးခွမ်က ပြုံးစစနဲ့မျက်ခုံးပင့်လိုက်ပြီး "ဟင်?"
စုန့်အာ့နန်က နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်ပြီး "အဲ့ဒါ ရှင့်ရဲ့မက်ဆေ့ခ်ျကို ကျွန်မ တမင် လျစ်လျူရှုထားတာမဟုတ်ဘူးလို့"
"တကယ်လား?" ဖေးခွမ် ရဲ့ မျက်လုံးတွေက မတွေးနိုင်လောက်အောင် နက်နဲနေပြီး သူ့လေသံက ပျင်းရိပျင်းတွဲဖြစ်နေသည်။
စုန့်အာ့နန်ရဲ့ အကြည့်က နည်းနည်း လှုပ်ရှားသွားသည်။ "...တကယ်"
အနည်းဆုံးတော့ ဒီတစ်ခါတော့ တကယ်ပဲ။
ဖေးခွမ်က ရုတ်တရက် ရယ်လိုက်ပြီး "မင်းကို စနေတာပါ၊ ဘာကိုမှ အထင်မလွဲပါဘူး"
"ကျွန်မက ရှင် အလုပ်ရှုပ်နေမယ်ထင်လို့"
စုန့်အာ့နန်က ဖေးခွမ်ကို တိတ်တိတ်လေးကြည့်လိုက်သည်။
သူမအတွက် သူ့ခံစားချက်တွေကို ပိုင်းခြားသိမြင်နိုင်ဖို့ အမြဲခက်ခဲပြီး သူမရဲ့အကြောင်းပြချက်ကို သူတကယ်ယုံသလားဆိုတာ မသိနိုင်ပါချေ။
ဖေးခွမ်က စည်းတွေ ခိုင်ခိုင်မာမာရှိသူတစ်ဦးဖြစ်ကြောင်း သူမသိသည်။
လူအချင်းချင်း အပြန်အလှန်ဆက်ဆံရာတွင် သူက အမြဲလိမ္မာပါးနပ်စွာ သင့်တော်တဲ့ အကွာအဝေးတစ်ခုထားတတ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က နောက်ပြန်ဆုတ်သွားပါက သူဟာ သူ့နေရာမှာဘဲရပ်နေမှာဖြစ်ပြီး လုံခြုံတဲ့အကွာအဝေးကနေ အခြားသူတွေကို သက်တောင့်သက်သာဖြစ်စေသည်။
လွန်ခဲ့တဲ့ နှစ်နှစ်ကလိုဘဲ သူမဘက်ကနောက်ဆုတ်လိုက်တာနဲ့ သူမတို့ရဲ့ အဆက်အသွယ်တွေဟာလည်း သဘာဝအလျောက် လျော့သွားသည်။
စုန့်အာ့နန်က အကြည့်အောက်ပို့လိုက်ပြီး မေးလိုက်သည်။ "ရှင်ရော အပြင်မှာ ဘာလုပ်နေတာလဲ အရမ်းနောက်ကျနေပြီလေ?
ဖေးခွမ်က ပြန်ဖြေလိုက်သည်။ "ကိုယ့် လက်ထောက်က ပစ္စည်းတွေ လာပို့မှာမို့လို့ သူ့ကို စောင့်နေတာ"
စုန့်အာ့နန်လည်း ခေါင်းညိတ်လိုက်ပြီး "သိပြီ ဒီလောက်နောက်ကျမှ အပြင်ထွက်လာတာကို မအံ့ဩတော့ပါဘူး။ ပစ္စည်းလာပို့ဖို့ စောင့်နေတာဘဲ"
"မင်း အရင်သွားရင်သွားလေ။ ကိုယ်ခဏလောက်စောင့်ရဦးမယ်" ဖေးခွမ်က ပြောသည်။
စုန့်အာ့နန် - "အဆင်ပြေပါတယ်၊ ကျွန်မလည်း ရှင်နဲ့အတူစောင့်ပေးမယ်"
ဖေးခွမ် လည်း ပြုံးလိုက်ပြီး "ကောင်းပြီလေ၊ ကိုယ်တို့လည်း တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာပြီဆိုတော့၊ အမှီလိုက်ဖို့ အခွင့်ကောင်းပဲ"
စုန့်အာ့နန်က ပြန်မတုံ့ပြန်ဘဲ တိတ်တဆိတ်သဘောတူလိုက်သည်။
နှစ်ယောက်သား လမ်းဘေးမှာ ရပ်နေကြသည်။ ဖြတ်သွားဖြတ်လာတွေက ရှားကာ ရံဖန်ရံခါ ကားတစ်စီးတစ်လေလောက်ဘဲ ဖြတ်သွားတတ်သည်။
စုန့်အာ့နန် ပါးပါးလေးဝတ်ထားတာကိုမြင်တော့ ဖေးခွမ် က သူ့အကျီကိုချွတ်လိုက်ပြီး သူမကိုကမ်းပေးလိုက်သည်။ "ညဘက်က နည်းနည်းအေးနေသေးတယ်၊ အအေးမမိအောင် ဝတ်ထား"
စုန့်အာ့နန်က လန့်သွားပြီး "မလိုပါဘူး ကျွန်မ..."
ဒါပေမယ့် ဖေးခွမ်က သူမကို ငြင်းဖို့ အခွင့်အရေးမပေးဘဲ ဂျာကင်အင်္ကျီကို သူမပုခုံးပေါ် တိုက်ရိုက်ခြုံပေးလိုက်သည်။
ဒါကိုမြင်တော့ စုန့်အာ့နန်လည်း ထပ်ပြီး မငြင်းတော့ပေ။
ဖေးခွမ်က ပြောလာသည်။ "မင်း ဒီရှိုးမှာ ပါတာကို ကိုယ်တော်တော် အံ့သြမိတယ်"
ရိုးရိုးသားသား ပြောရရင်စုန့်အာ့နန်က ရှိုးတွေမှာ နောက်တစ်ကြိမ် ပါလိမ့်မယ်လို့ သူ မထင်ထားပါချေ။
သူမကိုယ်သူမ လူသိရှင်ကြား ပြသရတာကို မကြိုက်သည်မှာ လျှို့ဝှက်ချက်မဟုတ်ပေ။
ဒါ့အပြင် စုန့်အာ့နန်က လက်ရှိမှာ တက္ကသိုလ်ဆေးရုံတွင် အလုပ်သင်လုပ်နေပြီး အခြားအလုပ်သင်တွေလိုမျိုး အလုပ်သင် အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ မလိုအပ်ဘဲ၊ အဲ့ဒီအခွင့်အရေးက သူမအတွက် ဖြစ်နေပြီးသားပင်ဖြစ်သည်။
စုန့်အာ့နန်က ဂျာကင်အင်္ကျီထောင့်ကို တင်းတင်း ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။ "ဆရာက ကျွန်မကို မေးလာလို့။ ဒီရှိုးက ကျွန်မတို့ကျောင်းမှာ ဆေးဘက်ဆိုင်ရာ ပရောဂျက်အတွက် ရန်ပုံငွေ ထောက်ပံ့ပေးနိုင်တယ်လို့ ပြောတယ်၊ အဲ့ဒါကြောင့်..."
သူမ ပြောလို့မပြီးသေးပေမယ့် သူနားလည်လိုက်သည်။
"သိပြီ၊ မအံ့သြတော့ပါဘူး" ဖေးခွမ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "ကိုယ်တို့အရင်က စကားပြောတုန်းက မင်းအဲ့ဒါကို ဘယ်လိုဖြစ်လို့ မပြောခဲ့တာလဲ?"
စုန့်အာ့နန် မျက်လုံးတွေ မှိတ်တုပ်မှိတ်တုပ် ဖြစ်သွားပေမယ့် သူမက နှုတ်ဆိတ်နေသည်။
သူမရဲ့ မွေးနေ့မှာ ဖေးခွမ်က သူမကို ချောကလက်လက်ဆောင် ပေးခဲ့သည်။ သူမက ကျေးဇူးတင်ကြောင်း စာတိုလေးဖြင့်သာ ယဉ်ယဥ်ကျေးကျေး စာပြန်ခဲ့သည်။
သူတို့ ခဏလောက် စကားစမြည်ပြောခွင့်ရခဲ့ပြီး ဖေးခွမ်က သူမတို့ ဆုံဖို့ အချိန်ရှိလားလို့တောင် မေးခဲ့ပြီး သူမတို့ရဲ့ ဆေးရုံမှာ ရိုက်ကူးရေးလုပ်မယ့်အကြောင်း ပြောပြခဲ့သည်။
အဲ့ဒီအချိန်တုန်းက သူမဟာ 'သူမရဲ့ အလုပ်သင်အလုပ်နဲ့အလုပ်များနေတယ်' ဆိုတဲ့ အကြောင်းပြချက်ကို သုံးကာ သူမကို ရှိုးမှာလာဖိတ်တဲ့အကြောင်းကိုလည်း ဘာမှမပြောခဲ့ပေ။
"အဲဒီတုန်းက ပြန်လာရမလား မပြန်လာရဘူးလားဆိုတာ မဆုံးဖြတ်ရသေးလို့ " သူမက ရှင်းပြဖို့ကြိုးစားလိုက်သည်။
ဖေးခွမ်က ပျင်းရိပျင်းတွဲနဲ့ "ကိုယ်သိပြီ" လို့ဆိုလိုက်ပြီး ဆက်ပြောလိုက်သည်။ "ဒါပေမယ့် မင်းဆုံးဖြတ်ပြီးသွားတာတောင် အဲ့ဒါကို ပြောမပြခဲ့ဘူး"
စုန့်အာ့နန် မငြင်းနိုင်ပါချေ။
ဒီကိစ္စပေါ်မှာ သူမကိုယ်သူမ မခုခံမကာကွယ်နိုင်ပေ - သာမန်အခြေအနေတွေမှာ ဘယ်လိုဘဲရှိနေပါစေ ရှိုးမှာ အတူတူရိုက်ရမှာကို သိထားရင် တစ်ယောက်ယောက်ကိုတော့ ကြိုပြောသင့်သည်။
"အင်တာနက်ပေါ်က သူတွေပြောတာမှန်တယ်" ဖေးခွမ် က သက်ပြင်းချလိုက်ပြီး သူ့လေသံထဲမှာ နည်းနည်းစနောက်ချင်မှုတွေ ပါနေသည်။ "တကယ် ဘက်လိုက်တာဘဲ"
စုန့်အာ့နန်ကြောင်သွားသည်၊ ဘာကို ဘက်လိုက်တာလဲ?
ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး "မင်း ဒီရှိုးကို လာမယ်ဆိုတဲ့အကြောင်း လင်းချွမ်ကို ပြောပြထားတယ် မဟုတ်လား?"
စုန့်အာ့နန် - "......"
ဖေးခွမ်က စိတ်ထိခိုက်ဟန်ဆောင်လိုက်ပြီး "ကြည့်၊ မင်းက ကိုယ့်ကို လုံးဝ ဂရုမစိုက်တာဘဲ"
စုန့်အာ့နန်က သူ့ကို တိတ်တိတ်လေး ကြည့်လိုက်သည်။
အဲ့ဒါက သူမ ဂရုမစိုက်တာမဟုတ်ဘဲ သူမ အရမ်းဂရုစိုက်တာကြောင့်ပင်။
ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဖေးခွမ်က သူမကို ကောင်းကောင်းဆက်ဆံခဲ့သည်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က သူမဘက်ကနေ သိသိသာသာ အကွာအဝေးထားခဲ့ပေမယ့် သူကတော့ သူမနဲ့ဆို အမြဲတမ်း အတူတူဘဲဖြစ်သည်။
မွေးနေ့လက်ဆောင်တွေ၊ အားလပ်ရက် နှုတ်ဆက်စကားတွေက လုံးဝမရပ်သွားသလို ဒေသထွက်သရေစာမုန့်တွေဆိုလည်း ပြောစရာတောင်မလိုပေ။
သူ ဘာအမှားမှလုပ်ခဲ့တာမဟုတ်ပေ။ သူမရဲ့ခံစားချက်တွေကို ပြန်မတုံ့ပြန်ပေးနိုင်ရုံပင်။
စုန့်အာ့နန်က အကြည့်အောက်ပို့လိုက်ပြီး ရေရွတ်လိုက်သည်။ "တောင်းပန်ပါတယ်"
သူမ ရုတ်တရက် ဝမ်းနည်းသွားတာကို မြင်တော့ ဖေးခွမ် က လန့်သွားပြီး သူ့စကားတွေက သူမကိုအပြစ်ရှိသလိုခံစားရသွားစေတယ်လို့ ထင်လိုက်သည်။
ဒီကောင်မလေးက အစကတည်းက ကြင်နာတတ်ပြီး အထိမခံတတ်ပေ။ ခုနတုန်းကတောင် နည်းနည်းတက်ကြွနေပုံပေါ်သေးသည်။
ဖေးခွမ် လည်း ဘာပြောရမှန်းမသိ ဖြစ်သွားပြီး သူမခေါင်းကို ညင်ညင်သာသာလေး ပွတ်လိုက်ကာ "မတောင်းပန်ပါနဲ့၊ ကိုယ်က မင်းကို ဒီတိုင်းစနေတာ၊ ဘာမှ အဓိပ္ပါယ်မှ မပါဘူး"
စုန့်အာ့နန်က ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး သူမရဲ့ အမူအရာက ဖော်မပြနိုင်လောက်အောင် မယုံနိုင်ဖြစ်နေသည်။
ဖေးခွမ်က သူမကို ကြည့်ရင်း အလေးအနက် ပြောလာသည်။ " မင်း ကျောင်းမှာ အရမ်းအလုပ်များနေတယ်ဆိုတာ ကိုယ်သိပါတယ်။ မင်းအတွက် အရာရာတိုင်းနဲ့ အမှီမလိုက်နိုင်ဘူးဆိုတာက ရှောင်လွှဲလို့မရပါဘူး။ ကိုယ်နားလည်ပါတယ်၊ ကိုယ်က အဲ့ဒီလိုမျိုး ဆိုလိုတာမဟုတ်ပါဘူး"
"ဒါပေမယ့် ဒီနေ့တော့ ကိုယ် သဘောပေါက်သွားတယ်၊ မင်းက ကျောင်းမှာ အရမ်းတော်မှန်း ကိုယ်မသိခဲ့ဘူး။ မင်းအတွက် တကယ်ဂုဏ်ယူတယ်"
ဒါကိုကြားတော့ စုန့်အာ့နန်လည်း မလွှဲမရှောင်သာဘဲ သဘောထား ကွဲလွဲသလို ခံစားလိုက်ရသည်။ သူမရဲ့အလုပ်များတာတွေက သူမရဲ့ လိပ်ပြာမလုံမှုအတွက် အကြောင်းပြချက်တစ်ခုသာ ဖြစ်ကြောင်း သူမရှင်းရှင်းလင်းလင်းသိသည်။
သူမ လိပ်ပြာမလုံသလို ခံစားခဲ့ရတာကို သူမကိုယ်တိုင်သာ သိသည်။
စုန့်အာ့နန်က ဘယ်လိုတုံ့ပြန်ရမလဲ စဉ်းစားနေတုန်းမှာပဲ သူတို့ရှေ့မှာ ကားတစ်စီးက ရုတ်တရက် ရပ်သွားသည်။
ခဏကြာတော့ တစ်စုံတစ်ယောက်က ကားထဲကနေ ဆင်းလာသည် - ဖေးခွမ် ရဲ့လက်ထောက်ဘဲဖြစ်သည်။
"အစ်ကိုဖေး ၊ အဝေးကနေ ဒါက အစ်ကိုဘဲလို့ ကျွန်တော်ထင်သားဘဲ" သူက စုန့်အာ့နန်ကို လှည့်ကြည့်လိုက်ပြီး "ဒါက....အန်တီလေးဘဲ!"
စုန့်အာ့နန်က ပြုံးကာခေါင်းညိတ်လိုက်ပြီး "လျှိုဟောက် မတွေ့တာကြာပြီ"
လျှိုဟောက်က စုန့်အာ့နန် သူ့ကို မှတ်မိနေသေးတဲ့အတွက် ဝမ်းသာပီတိဖြစ်သွားသည်။ "ဟုတ်တာပေါ့ အန်တီလေးနဲ့ မတွေ့ရတာကြာပြီ။ ကျောင်းမှာ အရမ်းအလုပ်ရှုပ်နေမှာ မဟုတ်ဘူးလား? အန်တီလေးကို အစ်ကိုဖေးနဲ့ ဆုံတာလည်း မတွေ့ဖူးဘူး။ ဒါပေမယ့် အစ်ကိုဖေးကတော့ အန်တီလေးကို တကယ်ဂရုစိုက်တာ၊ သူဘယ်ကိုသွားသွား....."
"လျှိုဟောက်" ဖေးခွမ် က ရုတ်တရက် သူ့စကားကိုဖြတ်ပြောလာသည်။ "ငါ့ကို ပစ္စည်းတွေပေး"
ဒီတော့မှဘဲ လျှိုဟောက်တစ်ယောက် သူဒီကိုလာရတဲ့ ရည်ရွယ်ချက်ကို သတိရသွားသည်။ သူလက်ထဲက ပစ္စည်းတွေကို ဖေးခွမ်ဆီ အမြန်ကမ်းပေးလိုက်သည်။ "ဟုတ်သား၊ ဟုတ်သား၊ အစ်ကိုဖေး ဒီမှာ အစ်ကို့အတွက်...."
"ရပြီ" ဖေးခွမ် က သူ့စကားကို ဖြတ်ပြောလိုက်ပြန်သည်။ "နောက်ကျနေပြီ၊ စောစောပြန်ပြီးအိပ်တော့"
လျှိုဟောက်မှာလည်း ကြောင်သွားပြီး "အိုး ကောင်းပါပြီ၊ ဒါဆို အန်တီလေး ကျွန်တော်အရင်သွားတော့မယ်"
စုန့်အာ့နန်လည်း ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ "အန္တရာယ်ကင်းအောင် မောင်းပါ"
လျှိုဟောက်ကလည်း လိုက်နာလိုက်သည်။ "ဒါဆို အန်တီလေးနဲ့ အစ်ကိုဖေးတို့လည်း စောစောနားကြပါ"
လျှိုဟောက် ကားထွက်သွားတာကို ကြည့်ပြီးတဲ့နောက် စုန့်အာ့နန်က ဖေးခွမ်ဘက်လှည့်လိုက်ပြီး "ကျွန်မတို့လည်းပြန်ကြမလား?"
ဖေးခွမ် လည်း ခေါင်းနည်းနည်းညိတ်လိုက်သည် "သွားရအောင်"
သူတို့နှစ်ယောက်က ဖြတ်သန်းသွားလာခွင့်ကတ်တွေကို ဖြတ်လိုက်ကာ လူနေဝင်းထဲ ဝင်သွားလိုက်ကြသည်။
မှိန်ဖျော့တဲ့ အဝါရောင် မီးရောင်တွေက သူတို့ရဲ့အရိပ်တွေကြိ ရှည်မြောမြောဖြစ်နေစေပြီး ငြိမ်သက်နေတဲ့ညရဲ့ အရိပ်အယောင်တွေကိုပြနေသည်။
စုန့်အာ့နန်က မြေပြင်ပေါ်ရှိ အရိပ်တွေကို ဗလာသပ်သပ် ငေးမောနေပြီး အတွေးထဲနစ်နေသည်။
သူမ အာရုံမစိုက်မိခင်မှာဘဲ၊ ဘာမှမရှိတဲ့နေရာလွတ်ကိုခြေလှမ်းမိသွားပြီး သူမခန္ဓာကိုယ်က နောက်ကိုယိုင်သွားသည်။
ကံကောင်းထောက်မစွာနဲ့ဘဲ ဖေးခွမ်က အမြန်တုံ့ပြန်လိုက်ပြီး ပြုတ်မကျရအောင် သူမရဲ့ ခါးကို ဖမ်းကိုင်လိုက်သည်။
ဒါပေမယ့် အီနားရှားဂုဏ်သတ္တိကြောင့် စုန့်အာ့နန်ရဲ့ ခန္ဓာကိုယ်ဟာ သူမရဲ့ခါးပေါ်က အားနောက်ကိုလိုက်ပြီး ဖေးခွမ် ရဲ့ ရင်ခွင်ထဲ ချက်ချင်း လဲသွားသည်။
သူတို့ရဲ့ ခန္ဓာကိုယ်တွေက တင်းတင်းကြပ်ကြပ် ဖိမိနေပြီး သူမရဲ့လက်တွေကလည်း သူ့ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိသည်။
သူ့ရဲ့အသက်ရှုသံက သူမရဲ့ခေါင်းထိပ်နားတစ်ဝိုက် လွှမ်းခြုံသွားပြီး သူမရဲ့နှာခေါင်းတစ်ဝိုက်မှာလည်း ဆေးရွက်ကြီးနံ့ တွေ သင်းပျံ့သွားသည်။
စုန့်အာ့နန် ရင်ထဲ နှလုံးက အထိန်းအကွပ်မဲ့စွာနဲ့ တဒုန်းဒုန်းခုန်လာခဲ့သည်။