အခန်း (၇၂)
Vol. 6 Ch. 72
သူမရဲ့မျက်လုံးထောင့်ကနေ လီစစ်ရွေ့ရဲ့ စားပွဲပေါ်က တစ်စုံတစ်ခုကို စုန့်အာ့နန် လှမ်းမြင်လိုက်ပြီး မေးလိုက်သည်။ "နင် ဒီကင်မရာကို ဘယ်ကရလာတာလဲ?"
လီစစ်ရွေ့တွင် ကင်မရာတစ်လုံးရှိပေမယ့် အဲ့ဒါက စားပွဲပေါ်မှာရှိနေတဲ့ တစ်လုံး မဟုတ်တာသေချာသည်။
" စီနီယာကျောင်းသားဓာတ်ပုံဆရာတစ်ယောက်ဆီကနေ ငှားထားတာ" လီစစ်ရွေ့က ပြောလာသည်။ "ငါ့ကင်မရာက ရိုးရိုး DSLR လေ၊ ဒါပေမယ့် ဒါက တန်ဖိုးကြီးတဲ့ နိုင်ငံခြားကပစ္စည်းဘဲ!"
သူတို့ကအတွင်းပိုင်း ဧရိယာထဲရှိ အကောင်းဆုံးနေရာက လက်မှတ်တွေကို ရထားတာဖြစ်သည်။
ရှေ့ဆုံးတန်း အလယ်နေရာလိုမျိုးက ရိုက်ကူးဖို့အတွက် မြင်ကွင်းကောင်းတစ်ခုဖြစ်ပြီး သူမက ဓာတ်ပုံရိုက်ချက်ကောင်းကောင်းတွေရဖို့ ကြိုးစားရမည်ဖြစ်သည်။
စုန့်အာ့နန်လည်း ယောင်ဝါးဝါး နားမလည်စွာနဲ့ ခေါင်းညိတ်လိုက်သည်။
သူမအနေနဲ့ အရင်က ဖျော်ဖြေပွဲကို တစ်ခါမှ မရောက်ဖူးတဲ့အတွက် ဖန်အသိုင်းအဝန်းရဲ့ အထာတွေကို မသိပါချေ။
"ဟုတ်သား နင့်ရဲ့ မက်စ်နဲ့ ဦးထုပ်တွေ အဆင်သင့်ဖြစ်ပြီလား?"လီစစ်ရွေ့က မေးလိုက်သည်။ "နင် ကောင်းကောင်း ဖုံးထားရမယ်၊ အားလုံးဆီကနေ မှတ်မိခံလို့မရဘူး"
စုန့်အာ့နန်က ခေါင်းကုတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "သူတို့က ငါ့ကို မမှတ်မိလောက်ပါဘူး၊ အရမ်းကြာနေပြီကို"
variety show ရိုက်ကူးရေးက ပြီးသွားတာ တစ်နှစ်ခွဲကျော်လောက်ရှိပြီမို့ အားလုံးက သူမကို မေ့သွားကြလောက်မှာပင်။
လီစစ်ရွေ့က နှစ်ကြိမ်လောက် ကျွတ်သပ်လိုက်သည်။ ဒီကလေးကတော့ အရမ်းတုံး လိုက်တာ။ ဖေးခွမ်ရဲ့ဖန်တွေနဲ့ စုန့်လင်းချွမ်ရဲ့ဖန်တွေကြားမှာ သူမဘယ်လောက်တောင် လွှမ်းမိုးမှုရှိလဲဆိုတာ မသိဘူးဘဲ။
တကယ်တော့ သူမကို ယောက်ျားလေးတွေက သူတို့ကိုယ်တိုင် ဦးဆောင်ပြီး သူတို့ရဲ့ အန်တီလေးအဖြစ် လူသိရှင်ကြား အသိအမှတ်ပြုထားတာဖြစ်သည်။
ဒါက လွယ်လွယ်နဲ့ မေ့သွားနိုင်တဲ့ အရာ မဟုတ်ပေ။
အားလုံး အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ နှစ်ယောက်သား တက္ကစီစီးပြီး မကြာခင်မှာပဲ ပွဲကြည့်ရုံအပြင်ဘက်ကို ရောက်လာသည်။
ပွဲမစခင်မှာ လီစစ်ရွေ့က စုန့်အာ့နန်ကို နောက်ဆုံးအနေနဲ့တစ်ချက်ကြည့်ပေးလိုက်သည်။
သူမက စုန့်အာ့နန်ရဲ့ ဦးထုပ်အစွန်းကို အောက်နှိမ့်ပေးလိုက်ပြီး သူမမျက်နှာကို သေသေချာချာကာထားလားဆိုတာ သေချာအောင် ကူညီပေးလိုက်သည်။ ဒီတော့မှ နှစ်ယောက်သား မှောင်နေတဲ့ပွဲကြည့်ရုံထဲဝင်လိုက်သည်။
စုန့်အာ့နန်မှာ လီစစ်ရွေ့ရဲ့ လွှမ်းမိုးမှုကြောင့်လား မသိပေမယ့် သူမလည်း နားမလည်နိုင်လောက်အောင် စိတ်လှုပ်ရှားနေသည်။
နှစ်ယောက်သား ကွင်းထဲ ဝင်ပြီးတဲ့နောက်မှာ ထိုင်ခုံဆီပုန်းလျှိုးကွယ်လျှိုးနဲ့သွားလိုက်သည်။
စုန့်အာ့နန်က ပတ်ပတ်လည်ကို အချိန်အတော်ကြာအောင် ဂရုတစိုက် ကြည့်လိုက်သည်။ သူမကို အာရုံမစိုက်နေဘဲ သူတို့ကိစ္စတွေကိုဘဲ အာရုံစိုက်နေကြတဲ့သူတွေကို မြင်မှ သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။
တစ်ခါ သူမ အခန်းဖော်နဲ့ ဈေးဝယ်ထွက်တုန်းက ကုန်တိုက်ထဲရှိ စားသောက်ဆိုင်တစ်ခုမှာ လူတွေက သူမကို မှတ်မိသွားကြသည်။ ထိုအချိန်တုန်းကဆို စားသောက်ဆိုင်ရှိ သူမနဲ့ ဓာတ်ပုံရိုက်ချင်တဲ့ လူတစ်ဝက်ခန့်ဆီကနေ ဆွဲခေါ်သွားခံခဲ့ရသည်။ အဲ့ဒီတုန်းက စားသောက်ခဲ့ရတာဟာလည်း သူမမှာ မျိုမကျလုနီးပါး ဖြစ်ခဲ့ပြီး သူမရဲ့ပါးတွေဟာလည်း ပြုံးနေရတာကြောင့် တောင့်တင်းလာသည်။
ကွင်းတစ်ခုလုံးက ပရိသတ်အများကြီး ဝန်းရံခံရမှာကို တွေးလိုက်ရုံနဲ့ သူမကို တုန်လှုပ်သွားစေသည်။
ထိုင်ပြီးသွားမှ သူမရဲ့ စိတ်တွေလည်းတဖြည်းဖြည်း ငြိမ်သက်သွားသည်။ ဘာပဲဖြစ်ဖြစ် ဖျော်ဖြေပွဲမစခင်ကတည်းက သူတို့ရောက်လာခဲ့တာဆိုတော့ ဖျော်ဖြေပွဲစဖို့သိပ်မကြာတော့ပေ။
ကွင်းတစ်ခုလုံး ရုတ်တရက် မှောင်သွားကာ အလယ်ရှိ စင်မြင့်ပေါ်တွင် မီးရောင် တဖြည်းဖြည်း လင်းလာသည်။
လူတိုင်း အသက်ရှုအောင့်ထားကြပြီး စင်ပေါ်ကို စေ့စေ့ကြည့်နေသလို နေရာက ချက်ချင်း တိတ်ဆိတ်သွားသည်။
ဖေးခွမ် စင်ပေါ်မှာ ပေါ်လာတော့ အော်ဟစ်သံတွေက ကွင်းတစ်ခုလုံး ချက်ချင်းပဲ့တင်ထပ်သွားသည်။
စုန့်အာ့နန် အံ့အားသင့်သွားသည်။ ဒီလိုမျိုး သူမ တစ်ခါမှ မမြင်ဖူးတာကြောင့် နားစည်တွေပါ ကွဲတော့မလိုခံစားလိုက်ရသည်။
ဒါပေမယ့် ဒီလိုမျိုး ဆူညံနေတဲ့ ပတ်ဝန်းကျင်ကြားမှာ သူမရဲ့အာရုံအားလုံးကို စင်ပေါ်ရှိ ဖေးခွမ်က ဆွဲဆောင်သွားသည်။
ဒါက သူမတစ်ခါမှ မမြင်ဖူးတဲ့ သူ့ရဲ့တစ်ဖက်ခြမ်းဖြစ်ပြီး ပုံမှန်တွေ့နေကျ သူနဲ့ လုံးဝကိုမတူပေ။
လီစစ်ရွေ့ ပြောခဲ့တဲ့အတိုင်း စင်ပေါ်တွင် ဖေးခွမ်ဟာ စွဲမက်ဖွယ်ကောင်းလှတဲ့ နတ်ဆိုးတစ်ကောင်နှင့်တူသည်။
ဖျော်ဖြေပွဲက နှစ်နာရီခွဲကြာသည်။
စုန့်အာ့နန်လည်း လေထုထဲ တဖြည်းဖြည်း တိုးဝင်လာကာ သီချင်းသံနဲ့အတူ light stick ကို လှုပ်ယမ်းကာ ပရိတ်သတ်တွေရဲ့ အော်သံတွေနဲ့အတူ တစ်ခါနှစ်ခါလောက် အော်ခဲ့သေးသည်။
သူမရဲ့ အာရုံတွေကို ပရိတ်သတ်တွေနဲ့ စင်ပေါ်မှာရှိတဲ့လူက လုံးဝ ဆုပ်ကိုင်ထားသည်။
လမ်းခုလတ်မှာ စုန့်လင်းချွမ်က ဧည့်သည်အနေနဲ့ စင်ပေါ်တက်လာပြီး သီချင်းနှစ်ပုဒ်ဆိုသည်။ ဒီအကြောင်းကို စုန့်အာ့နန် သိထားပြီးပြီဖြစ်တာကြောင့် သူမသိပ်မအံ့သြပါချေ။
မကြာခင်မှာဘဲ ဖျော်ဖြေပွဲ ပြီးတော့မည်ဖြစ်ပြီး၊ သီချင်းတစ်ပုဒ်ပဲ ကျန်တော့သည်။
ဖေးခွမ်က သူ့ရဲ့နောက်ဆုံးဝတ်စုံကို သွားလဲဖို့ စင်နောက်ကိုဆင်းသွားတော့ ကွင်းထဲရှိလူအုပ်ဟာလည်း ခဏလောက်ငြိမ်သက်သွားသည်။
ဒါပေမယ့် ဒီအားလပ်ချိန်မှာ သူတို့တွေ အလွန်အမင်း စိတ်လျှော့ထားလိုက်တာကြောင့်ဖြစ်မည်၊ စုန့်အာ့နန်မှာ သူမဘေးနားမှာထိုင်နေတဲ့ ကောင်မလေးဆီကနေ မှတ်မိခံလိုက်ရသည်။
သူမက စုန့်အာ့နန်ကို လှည့်ကြည့်လိုက်ကာ အကြိမ်ကြိမ် အတည်ပြုပြီးတဲ့နောက် အံ့ဩသွားတဲ့ အမူအရာနဲ့ အော်ပြောလာသည်။ "အန်တီလေး!"
စုန့်အာ့နန်လည်း အံ့အားသင့်သွားကာ အဲ့ဒီတော့မှဘဲ စောစောတုန်းက သူမရဲ့ဦးထုပ်က အောက်ပြုတ်ကျသွားပြီး ပြန်မဆောင်းထားရသလို မက်စ်ဟာလည်း သူမရဲ့နှာခေါင်းအောက်ထိ ရောက်နေပြီး မျက်နှာတစ်ဝက်လောက်ပေါ်နေသည်။
သူမကို မှတ်မိသွားတာ မအံ့သြတော့ဘူး!
အဲ့ဒီမိန်းကလေးရဲ့ အသံကြောင့် ပတ်ဝန်းကျင်ရှိ လူတွေလည်း လှည့်ကြည့်လာကြသည်။
တဖြည်းဖြည်းနဲ့ လူတွေက သူမကို ပိုပြီး မှတ်မိလာကြကာ တုန်လှုပ်ချောက်ချားစရာ ဖြစ်လာသည်။ ကံကောင်းထောက်မစွာနဲ့ ဒါက ကွင်းထဲမှာဘဲရှိနေသေးပြီး ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲပင်။
လီစစ်ရွေ့က စုန့်အာ့နန်ရဲ့လက်ကို တစ်ချိန်လုံး ဆုပ်ကိုင်ထားသည်။ နှစ်ယောက်လုံး ဘာလုပ်ရမှန်းမသိဖြစ်နေတုန်းမှာ၊ စင်ပေါ်တွင် မီးတွေက ဖွင့်လိုက်ပိတ်လိုက်နဲ့ ချက်ချင်းပြောင်းသွားသည်။ အခုမှ ဖေးခွမ်က သူ့ဝတ်စုံကိုလဲပြီး စင်ပေါ်တက်လာသည်။
လူအုပ်ကြီးရဲ့ အာရုံက စင်ပေါ်ဆီချက်ခြင်း ဆွဲခေါ်သွားခံလိုက်ရသည်။
အခုက ထွက်သွားဖို့ အချိန်ဘဲ!
လီစစ်ရွေ့က စုန့်အာ့နန်ကို ဆွဲလိုက်ပြီး ပရိတ်သတ်တွေ မတုံ့ပြန်လာသေးတာကို အခွင့်ကောင်းယူပြီး အမြန် ရှောင်ထွက်သွားသည်။
နှစ်ယောက်သား လမ်းတစ်လျှောက် ပြေးလာကြပြီး ကွင်းအပြင်ဘက်က တက္ကစီပေါ် တက်လိုက်ကြသည်။
"ဟူး~" လီစစ်ရွေ့က သက်ပြင်းအရှည်ကြီး ရှူထုတ်လိုက်သည်။ "ဒါက ငါ့ကို တကယ်ခြောက်လိုက်တာဘဲ။ ဟိုမှာ ငါနင့်ကို ခဏလောက် မကာကွယ်နိုင်လောက်ဘူးလို့ထင်လိုက်တာ"
ပရိသတ်တွေ အများကြီး အဝိုင်းခံရမှာကို တွေးကြည့်လိုက်တော့ ကြောက်စရာကြီးပင်။
စုန့်အာ့နန်လည်း လန့်နေသေးသည်။
သူတို့က ဘာမှလုပ်မှာမဟုတ်ဘူးဆိုတာ သူမ သိပေမယ့် အဲ့ဒီအခိုက်အတန့်မှာတော့ တော်တော်ကြောက်စရာကောင်းသည်။
တက္ကစီက B တက္ကသိုလ်ရဲ့ မြောက်ဘက်ဂိတ်မှာ မရပ်သွားခင် နှစ်ယောက်သား ငြိမ်သက်နေကြသည်။
အဲ့ဒီမှာ Bတက္ကသိုလ် ကျောင်းသားတွေ မကြာခဏ ကြိုက်ကြတဲ့ ဈေးသက်သက်သာသာနဲ့ အရသာရှိတဲ့ အစားအသောက်တွေ ရောင်းတဲ့ အစားအသောက်တန်းရှိသည်။
စုန့်အာ့နန် ဖျော်ဖြေပွဲ မသွားဖူးခင်တုန်းက အဲ့ဒါဟာက အားအများကြီးသုံးရတဲ့ လှုပ်ရှားမှုတစ်ခုလို့ ကြားဖူးသည်။ အဲဒီတုန်းက သူမ နားမလည်ပေမယ့် ဒီနေ့တော့ သူမကိုယ်တိုင် ကြုံလိုက်ရသည်။
သူမ တော်တော်လေး ဗိုက်ဆာနေပြီ။
နှစ်ယောက်သား ကြက်ပေါင်းထမင်းတစ်ပွဲစီ မှာလိုက်ကြသည်။ စုန့်အာ့နန်က ဘေးနားမှာရှိတဲ့ နို့လက်ဖက်ရည်ဆိုင်ကိုသွားပြီး နို့လက်ဖက်ရည် အကြီးနှစ်ခွက်လည်း ဝယ်လိုက်သည်။
လီစစ်ရွေ့ကတော့ Weibo မှာ လိုက်ကြည့်နေသည်။ သူမပြန်လာတာကိုမြင်တော့ သူမက ဖုန်းကို ကမ်းပေးလိုက်သည်။
"နင် hot search ထဲထပ်ရောက်သွားပြန်ပြီ!"
#ဖေးခွမ်ရဲ့ ဖျော်ဖြေပွဲမှာ အန်တီလေးကို တွေ့လိုက်ရတယ်၊ သူတို့ရဲ့ တူဝရီးဆက်ဆံရေးက တကယ်ကို ရင်းနှီးတာဘဲ!#
စုန့်အာ့နန် အဲ့ဒီ tag ကို တစ်ချက်ကြည့်လိုက်ပြီး နည်းနည်း စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။
ဘာကို တူဝရီးဆက်ဆံရေးလဲ? သူမတို့က ဘာအမျိုးမှမတော်တာကို။
"အဲ့ဒါကိုစိတ်မပူနဲ့၊ မကြာခင် ကျသွားလိမ့်မယ်။ ဖေးခွမ် ဘက်က ကိုင်တွယ်ပေးလိမ့်မယ်" စုန့်အာ့နန်က ပြောလိုက်သည်။
အတိတ်က အတွေ့အကြုံအရ ဖေးခွမ်ဟာ သူမနဲ့အတူ ဆက်နွယ်ရမှာကို စိုးရိမ်သလိုမျိုး သူမနဲ့ ပတ်သတ်ပြီး hot search ထဲဝင်လာမှာကို အမြဲတမ်းသတိထားနေတတ်သည်။
သူ အဲ့ဒါကိုလုပ်တာက သူမကို ကာကွယ်ဖို့ ဆိုတာကို သူမ သိပေမယ့် အဲ့ဒီအကြောင်းတွေးမိရင် သူမကို စိတ်ဓာတ်ကျစေသည်။
စားသောက်ပြီးသွားတော့ စုန့်အာ့နန်နဲ့ လီစစ်ရွေ့တို့လည် ကျောင်းအပြင်ဘက်မှာ အကြာကြီး မနေတော့ဘဲ သူတို့ရဲ့အဆောင်ဆီ ချက်ချင်းပြန်သွားလိုက်သည်။
လမ်းမှာ စုန့်အာ့နန်ဆီ စုန့်လင်းချွမ်ဆီက ဖုန်းရုတ်တရက်ဝင်လာသည်။ ဒီတော့မှ သူမနဲ့ ဖေးခွမ်တို့ အရင်တစ်ခေါက်က တွေ့ခဲ့တာကို သူ့ဆီပြောပြဖို့ မေ့သွားကြောင်း သူမ ရုတ်တရက် သတိရလိုက်သည်။
အစက သူတို့ရဲ့ကြိုတင်စီစဉ်ထားမှုအရ ဖျော်ဖြေပွဲအပြီးမှာ သူမက သူတို့ကိုစင်အနောက်မှာ သွားရှာဖို့စီစဉ်ထားပေမယ့် လမ်းတစ်ဝက်မှာဘဲ ဒါကဖြစ်ပျက်သွားသည်။
စုန့်လင်းချွမ်က အောင်အောင်မြင်မြင်နဲ့ ဖျော်ဖြေပွဲပြီးသွားတာကြောင့် အောင်ပွဲခံချင်ဖို့ သူ့နေရာမှာ စုဝေးပွဲလေးတစ်ခု လုပ်ဖို့စီစဉ်ထားလို့ သူမကို လာမလားလို့မေးလာသည်။
စုန့်အာ့နန်က သဘောမတူခင် ခဏလောက် တုံ့ဆိုင်းသွားသည်။
ဖုန်းချပြီးသွားတော့ သူမက လီစစ်ရွေ့ကိုလည်း သွားချင်လားလို့ မေးလိုက်သည်။
လီစစ်ရွေ့က သူမနဲ့အတူ အမြဲတမ်း အကွာအဝေးတစ်ခုထားသည်။ ဒီလိုအချိန်မျိုးတွေမှာ သူမပေါ်လာဖို့ဆိုတာ မသင့်တော်မှန်း သူမ သိသည်။
သူမက တရားနည်းလမ်းကျကျ ငြင်းလိုက်သည်။ "ဟင့်အင်း၊ ပရိသတ်တစ်ယောက်အတွက် အဓိကကတော့ သူတို့ရဲ့ idol ဘဝနဲ့ ခပ်ဝေးဝေးနေဖို့ဘဲ"
စုန့်အာ့နန် - "..."
B တက္ကသိုလ်က စုန့်လင်းချွမ်ရဲ့ တိုက်ခန်းနဲ့ မဝေးချေ။ စုန့်အာ့နန်က သူ့ကိုလာမကြိုခိုင်းတော့ဘဲ သူမဘာသာ ကျောင်းဂိတ်ပေါက်ကနေ တက္ကစီ စီးသွားလိုက်သည်။
သူမရောက်သွားတဲ့အခါမှာတော့ စုန့်လင်းချွမ်က အိမ်ပြန်ရောက်နေပြီဖြစ်ပေမယ့် ဖေးခွမ်ကိုတော့ ဘယ်နေရာမှာမှ မတွေ့ရပေ။
"နင်တစ်ယောက်ဘဲလား?" သူမက မေးလိုက်သည်။
အောင်ပွဲခံမလို့ လို့ သူပြောတာမဟုတ်ဘူးလား? အဓိကဇာတ်ကောင်မပါဘဲနဲ့ ဘာကိုအောင်ပွဲခံမလို့လဲ?
စုန့်လင်းချွမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "မပြောနဲ့တော့။ အခုလေးတင် တိုက်ခန်းဝင်ပေါက်မှာ ဖေးခွမ်ဆီဖုန်းဝင်လာလို့ သူထွက်သွားတယ်။ သူ့မိသားစုက သူ့ကို ရှာနေတဲ့ပုံဘဲ""
စုန့်အာ့နန် ခဏလောက် အံ့သြသွားသည်။ "မိသားစု?"
စုန့်လင်းချွမ် 'အင်း' လို့ ခပ်တိုးတိုးဆိုလိုက်ပြီး "ငါထင်တာမမှားရင် သူ့အမေပဲဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် သူ့မိသားစုမှာ လူသိပ်မကျန်ဘူးလေ"
စုန့်အာ့နန် မျက်ခုံးနည်းနည်း ပင့်တက်သွားသည်။ သူ့မိသားစုမှာ လူသိပ်မကျန်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ?
စုန့်လင်းချွမ်က သူမကို ဆက်ပြီးမခန့်မှန်းခိုင်းဘဲ ဖေးခွမ် ရဲ့ မိသားစုအကြောင်း အခြေခံအချက်အလက်အချို့ကို ပြောပြလိုက်သည်။
ဒါပေမယ့် သူကိုယ်တိုင်ကလည်း သိပ်အများကြီးမသိတဲ့အတွက် ယေဘူယျ အယူအဆသာ ဖြစ်သည်။
ဖေးခွမ်ရဲ့အဖေက သူငယ်ငယ်ကတည်းက ဆုံးသွားခဲ့သည်။ သူ့အမေကလည်း သူ့ကို စွန့်ပစ်ခဲ့ပြီး နောက်အိမ်ထောင်ပြုလိုက်သည်။ သူက သူ့အဖွားနဲ့ဘဲ ကြီးပြင်းလာခဲ့ပြီး သူ့အမေနဲ့ အဆက်အသွယ်မရှိသလောက်ပင်။
နောက်ပိုင်းမှာ သူ့အဖွားက အသည်းအသန်နေမကောင်းဖြစ်ခဲ့တဲ့အတွက် သူ့ အသက် ၁၅ နှစ်မှာ ကျောင်းထွက်ခဲ့ပြီး ပိုက်ဆံလိုတာကြောင့် စိတ်မချရတဲ့ အေဂျင်စီတစ်ခုနဲ့ အလျင်အမြန် လက်မှတ်ရေးထိုးခဲ့သည်။
"နောက်ဆုံး သူ့အဖွား ဘာဖြစ်သွားလဲ?" စုန့်အာ့နန်က မေးလိုက်သည်။
စုန့်လင်းချွမ်က တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး "သူလည်း ဆုံးသွားပြီ"
စုန့်အာ့နန် ခဏလောက် အံ့အားသင့်သွားသည်။
ဒီတော့မှဘဲ "သူ့မိသားစုမှာ လူသိပ်မကျန်ဘူး" ဆိုတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်က ပိုလေးနက်တဲ့ အဓိပ္ပါယ်ကို သူမတုံ့ပြန်မိတော့သည်။
"အန်တီလေး၊ ခဏနေ ဖေးခွမ်ပြန်လာရင် သူ့မိသားစုအကြောင်း မပြောမိစေနဲ့နော်" စုန့်လင်းချွမ်က ပြောလိုက်သည်။
စုန့်အာ့နန်လည်း ခေါင်းညိတ်လိုက်သည်။
ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်မှုရှိကြတဲ့ လူအချို့ဟာ နောက်ကွယ်မှာတော့ အမာရွတ်တွေနဲ့လို့ ပြောကြတာကိုသူမကြားဖူးသည်။
ဖေးခွမ်လည်း အဲ့ဒီလိုမျိုးဘဲ ဖြစ်လိမ့်မယ်လို့ သူမ တွေးလိုက်မိသည်။
အပေါ်ယံ နူးညံ့ညင်သာတတ်တဲ့ သူတစ်ယောက်မှာ ဒီလိုမျိုး ယိုယွင်းနေတဲ့မိသားစုမျိုး ရှိလိမ့်မယ်ကို ဘယ်သူမှ မထင်ထားလောက်ပါချေ။
စုန့်လင်းချွမ်က သူတို့ မပြန်လာခင် အွန်လိုင်းကနေ အသားကင်နဲ့ ဘီယာတွေ မှာထားသည်။
ဖေးခွမ်က မရောက်လာသေးသလို သူတို့လည်း အစားအသောက်တွေကို အကြာကြီးမထားချင်တော့တဲ့အတွက် နှစ်ယောက်သား ဖြည်းဖြည်းချင်း စစားကြတော့သည်။ သူတို့စားလို့ပြီးခါနီးအထိ သူပြန်မရောက်လာသေးပေ။
"အန်တီလေး ကျောင်းကိုပဲပြန်သွားမှာလား ဒါမှမဟုတ် ဒီမှာ ဘဲ တစ်ညလောက် နေလိုက်မလား?" စုန့်လင်းချွမ်က မေးလိုက်သည်။
စုန့်အာ့နန်က လက်ယမ်းလိုက်သည်။ အခုက အဆောင်ပိတ်ချိန်မဟုတ်သေးတဲ့အတွက် သူမပြန်လို့ရသေးသည်။
"မနက်ဖြန် အတန်းချိန်စောစောရှိတော့ အချိန်မမှီမှာစိုးလို့"
သူမရဲ့အကြောင်းပြချက်ကို ကြားတော့ စုန့်လင်းချွမ်လည်း သူမကိုနေဖို့ အတင်းအကြပ် မပြောတော့ပေ။ သူက ကုတ်အင်္ကျီကိုယူပြီး စုန့်အာ့နန်ကို ပြန်လိုက်ပို့ဖို့ပြင်နေတုန်းမှာ ကျန်းဟန်ဆီကနေ ဖုန်းဝင်လာသည်။
အခု သူ့ဆီကနေ အတည်ပြုချက်လိုနေတဲ့ အရေးပေါ်အလုပ်တွေပေါ်လာသည်။
"အန်တီလေး၊ ခဏလောက်စောင့်နော်၊ လိုက်ပို့ပေးဖို့ ပြန်လာခဲ့မယ်"
ပြောပြီးတာနဲ့ သူ့စာကြည့်ခန်းဆီ အမြန်ဝင်သွားသည်။
သူက အလုပ်ရှုပ်နေပြီး အပြင်မှာလည်း သိပ်မနောက်ကျသေးတာကိုမြင်တော့ စုန့်အာ့နန်က ဧည့်ခန်းထဲမှာ စာတစ်စောင် ထားခဲ့ကာ အရင် ထွက်သွားလိုက်သည်။
ထွက်လာတဲ့အချိန် အမှိုက်ပုံးကိုတွေ့တော့ သူမနဲ့အတူ အမှိုက်တွေကို ယူလာလိုက်သည်။
စုန့်အာ့နန် အဆောက်အဦးထဲကနေ ထွက်လာသည်။ အေးစက်စက်လေက တိုက်ခတ်လာကာ နှင်းပွင့်တချို့တလေက သူမအပေါ်လွင့်ပျံလာသည်။ သူမသည် မသိစိတ်ကနေ လည်ပင်းက ကျုံ့ဝင်သွားသည်။
ဒီနှစ်ရက်အတွင်းမှာ နှင်းကျမယ်လို့ မိုးလေဝသခန့်မှန်းချက်က ဆိုထားသည်။ နှင်းတွေကျလာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပါချေ။
ကံကောင်းထောက်မစွာနဲ့ နှင်းတွေက သိပ်မများသေးပေ။ သူမရဲ့ ဂျက်ကပ်ကို တင်းတင်းဆွဲချလိုက်ပြီး အမှိုက်ကို အမြန်ပစ်ပြီး တက္ကစီသွားတားဖို့ပြင်လိုက်သည် ။
ဒီလိုရာသီဥတုမျိုးနဲ့ အပြင်မှာ အကြာကြီးနေဖို့ အဆင်မပြေပေ။
စုန့်အာ့နန်က အမှိုက်အမြန်ပစ်ဖို့ အမှိုက်ပုံးဆီ ပြေးသွားလိုက်သည်။ အမှိုက်ပစ်လို့ပြီးသွားပြီး သူမလှမ်းကြည့်လိုက်တော့ မနီးမဝေး ဓာတ်မီးတိုင်အောက်ကခုံမှာ ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ပုံစံက နည်းနည်းရင်းနှီးနေတဲ့ပုံပင်။ သူမက အဲ့ဒီဘက်အတိုင်း နောက်ထပ် ခြေလှမ်းနည်းနည်း လှမ်းလိုက်ပြီးနောက် ဖေးခွမ် ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်သည်။
သူ့လက်ချောင်းကြားမှာ စီးကရက်တစ်လိပ်ကို ကိုင်ထားပြီး စိတ်အခြေအနေ မကောင်းနေတဲ့ပုံပင်။
သူဆေးလိပ်သောက်တဲ့ပုံစံက ကျွမ်းကျွမ်းကျင်ကျင်ရှိလှပြီး အထိန်းအကွပ်မရှိတဲ့ အရိပ်အယောင်တွေကို သယ်ဆောင်လာသည်။
စုန့်အာ့နန် မသွားခင် ခဏလောက် စဉ်းစားလိုက်သည်။
တစ်ယောက်ယောက် ချဉ်းကပ်လာတာကို သတိပြုမိပြီး ဖေးခွမ်လှည့်ကြည့်လိုက်သည်။ စုန့်အာ့နန်ကို မြင်တော့ သူခဏတန့်သွားသည်။
"ဘာလို့ အပေါ်မတက်တာလဲ?" စုန့်အာ့နန်က သူ့ကို ကြည့်ကာမေးလိုက်သည်။ "လင်းချွမ်နဲ့ ကျွန်မတို့ ရှင့်ကို စောင့်နေတာ"
ဖေးခွမ်က သူ့လက်ထဲရှိ စီးကရက်ကို တောက်ထုတ်လိုက်သည်။ အနီးနားမှာ အမှိုက်ပုံးမရှိတဲ့အတွက် မီးငြိမ်းထားတဲ့ဆေးလိပ်ကို သူ့လက်ကြားထဲမှာဘဲ ညှပ်ထားလိုက်ရသည်။
"ဒီစီးကရက်ကုန်သွားရင် တက်လာတော့မလို့ဘဲ" သူက ရှင်းပြလာသည်။
စုန့်အာ့နန်လည်း ဘာမှထပ်မပြောတော့ဘဲ အင်း လို့ ခပ်တိုးတိုးဆိုလိုက်သည်။