အခန်း (၇၅)
Vol. 6 Ch. 75
နောက်နေ့နံနက်မှာ အတန်းမရှိတဲ့အတွက် စားသောက်ပြီးသွားတော့ စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့က ကျောင်းကိုမသွားတော့ဘဲ ညအိပ်ဖို့ သူ့နေရာကိုဘဲ တိုက်ရိုက်သွားလိုက်သည်။
ဘာဘဲဖြစ်ဖြစ် ဒီနေ့ဟာ စုန့်လင်းချွမ်ရဲ့ မွေးနေ့ဖြစ်တဲ့အတွက် အချိန်သာရရင် စုန့်အာ့နန်လည်း သူနဲ့ ပိုပြီး လိုက်သွားပေးလိုက်ချင်သည်။
စားသောက်ဆိုင်ကနေ ထွက်လာတော့ ကျန်းဟန်က ရုတ်တရက် ဖုန်းလက်ခံခိုက်ရပြီး အန်တီလေးနဲ့ စုန့်တူလေးတို့ လမ်းမလျှောက်နိုင်တော့တာကြောင့် သူ့အတွက်တက္ကစီခေါ်နေတုန်းမှာ ဒရိုင်ဘာကို သွားခေါ်ခိုင်းလိုက်သည်။
စုန့်လင်းချွမ်က ကားထဲကို နည်းနည်း မငြိမ်မသက်နဲ့ဝင်လာတာကို မြင်လိုက်ရတော့ ကျန်းဟန်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ညစာစားတုန်းက စုန့်လင်းချွမ်ဟာ ခါတိုင်းထက် နည်းနည်းပိုသောက်ထားပြီး ထွေနေသည်။ သူက ဒရိုင်ဘာကို ညွှန်ကြားလိုက်သည်။ "သူတို့အပေါ်ရောက်သွားတာ သေချာမှ ပြမ်လာခဲ့နော်"
စုန့်အာ့နန်လည်း အဲ့ဒါက ထူးဆန်းတယ်လို့ ထင်မိသည်။ ဒီနေ့ စားပွဲမှာ သူမနဲ့ ကျန်းဟန်ဘဲရှိပြီး ဘယ်သူကမှလည်း သူ့ကိုသောက်ဖို့ မတိုက်တွန်းခဲ့ပေ။ ဆိုတော့ ဘယ်လိုလုပ် သူကိုယ်တိုင် မူးအောက်သောက်ခဲ့တာလဲ?
ဒါပေမယ့် စုန့်အာ့နန်က ဒါကို မသိပေမဲ့ ကျန်းဟန်ကတော့ ကောင်းကောင်းသိသည်။
သူ့ အနုပညာရှင်ကို ဒီလိုမြင်ရတော့ မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
ဒါရိုက်တာချီရဲ့ ဇာတ်ကားကို ရိုက်ကူးပြီးသွားတဲ့နောက်မှာ စုန့်လင်းချွမ်က အမျိုးသားဇာတ်ဆောင်အဖြစ် ရှေးခေတ်ဒရာမာတစ်ခုတွင် ချက်ချင်းပါဝင်ခဲ့ပြီး ရိုက်ကူးရေးက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် ပြီးသွားတာဖြစ်သည်။
အဲ့ဒီဒရာမာက ဒုတိယအမျိုးသမီး ဇာတ်ဆောင်က ကျိုးဝေ့ဖြစ်သည်။
နှုတ်ဆက်ပါတီလုပ်တဲ့နေ့မှာ ကျန်းဟန်တစ်ယောက် စုန့်လင်းချွမ်က ကျိုးဝေ့ကို တကယ်ကြိုက်ခဲ့တဲ့ သူတို့ရဲ့ အထက်တန်းတုန်းက အကြောင်းကို သိခဲ့ရသည်။ မဟုတ်သေးဘူး၊ ကြိုက်ခဲ့တယ်လို့ပြောလို့မရဘူး ၊ သူ့ကိုကြည့်ရတာ သူမအပေါ်အခုချိန်ထိ ခံစားချက်တွေ ရှိနေသေးတဲ့ပုံပင်။
ကံဆိုးစွာနဲ့ဘဲ မညီမျှတဲ့အချစ်ဟာ မျှော်လင့်ချက်မဲ့ရသည်။
ကျန်းဟန်ကတော့ စုန့်လင်းချွမ်တစ်ယောက် သူ့ရင်ထဲမှာ တစ်ဖက်သတ် အချစ်ရှိနေတယ်ဆိုတာကို သူကိုယ်တိုင်သတိမထားမိဘူးလို့ ထင်သည်။
ဟင်း၊ သူ့ရဲ့အနုပညာရှင်ကတော့ မယ်လိုဒရာမာ ဇာတ်လမ်းနောက်လိုက်နေတာဘဲ၊ သူ၏ ဝမ်းနည်းပူဆွေးမှုတွေကို သောက်ရင်းနဲ့တောက် နှစ်မြုပ်ထားသေးသည်။
နာရီဝက်အကြာ ကားက စုန့်လင်းချွမ်ရဲ့ အဆောက်အအုံနား ရောက်လာသည်။
စားသောက်ဆိုင်တစ်ခုကို သူတို့ဖြတ်သွားတုန်းမှာ အရှေ့က ဒိရုင်ဘာဆီကနေ ရုတ်တရက်အသံထွက်လာသည်။ "အိုး?"
စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့လည်း တစ်ခုခုဖြစ်နေတယ်လို့ ထင်ပြီး တစ်ပြိုင်တည်းကြည့်လိုက်ကြသည်။
"ဘာဖြစ်လို့လဲ?" စုန့်အာ့နန်က မေးလိုက်သည်။
ဒရိုင်ဘာက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "ဘာမှမဟုတ်ပါဘူး ခုနတုန်းက ဆရာဖေးကိုတွေ့လိုက်သလားလို့"
ဆရာဖေးလား။
စုန့်အာ့နန်ရဲ့ ရင်ထဲမှာ နိုးကြားသွားသည်။ သူပြောတာ ဖေးခွမ်ကိုလား?
ကားက လမ်းဆုံတစ်ခုကို ရောက်လာသည်။ ဒရိုင်ဘာက သိပ်မဝေးတဲ့နေရာကို ညွှန်ပြလိုက်ပြီး "ဟိုမှာကြည့်လေ၊ အဲဒီ စားသောက်ဆိုင်ဝင်ပေါက်က လူက ဆရာဖေး မဟုတ်ဘူးလား?"
စုန့်အာ့နန်လည်း သူပြတဲ့ ဘက်ကိုလှည့်ကြည့်လိုက်သည်။ ဖေးခွမ်ရဲ့ ပုံစံကို သူမတကယ်မြင်လိုက်ရသည်။
သူ့ဘေးမှာတော့ ရှဲ့ယင်းက ရပ်နေသည်။
သူတို့နှစ်ယောက်ရဲ့ အမူအရာက အရမ်းရင်းနှီးနေသည်။ ရှဲ့ယင်းက သူမဆံပင်မှာ တစ်ခုခုရှိနေတဲ့ပုံပေါ်ပြီး ဖေးခွမ်က ဖယ်ပေးဖို့ ကူညီပေးနေသည်။ နောက်တော့ သူမရဲ့ ဆံပင်တွေကို သပ်ရပ်အောင် ကူညီပေးလိုက်သည်။
ဒီမြင်ကွင်းကို မြင်တဲ့သူတိုင်း ဘာဖြစ်နေလဲဆိုတာကို သဘောပေါက်ကြမှာပင်။
စုန့်လင်းချွမ်ရဲ့ ထွေနေတာတွေလည်း ပျောက်ကွယ်သွားသည်။ သူက ဒရိုင်ဘာကိုပြောလိုက်သည်။ “ဒါကို စိတ်ထဲမှာဘဲ သိမ်းထား၊ ဘယ်သူ့ကိုမှ မပြောနဲ့”
"စိတ်မပူပါနဲ့ ဘော့စ်စုန့်၊ ကျွန်တော်တို့ လေ့ကျင့်ရေးက ဘာကိုပြောသင့်လဲ မပြောသင့်ဘူးလဲဆိုတာကို သင်ထားပါတယ်။ ကျွန်တော်နားလည်ပါတယ်" ဒရိုင်ဘာက အမြန်သေချာပြောလိုက်သည်။
စုန့်လင်းချွမ်လည်း ခေါင်းနည်းနည်းညိတ်လိုက်သည်။
ဒီဒရိုင်ဘာကို ကုမ္ပဏီက တာဝန်ပေးထားတာဖြစ်ပြီး သူနဲ့လည်း အတူရှိနေတာ နှစ်အတော်ကြာပြီဖြစ်တဲ့အတွက် သူက တော်တော်လေးယုံရသည်။
ကားက အမြန်ဖြတ်သွားပြီး ကားထဲမှာလည်း ထပ်ပြီးတိတ်ဆိတ်သွားသည်။
စုန့်အာ့နန်က ပြတင်းပေါက်အပြင်ဘက်ရှိ ညဘက် ဆလိုက်ရှိုးတစ်ခုလို လင်းလက်နေတဲ့ မြို့ပြမြင်ကွင်းတွေကို ငေးကြည့်နေသည်။
အဲ့ဒီအခိုက်အတန့်တွင် သူမရဲ့ရင်ထဲမှာ သူမထင်ထားတာထက်ကို ပိုပြီးတည်ငြိမ်နေသည်။
ဒီတလောမှာ သူမရဲ့ ကိုယ်ပိုင်အတွေးတွေကိုဘဲ အာရုံစိုက်ထားမိပြီး ရှဲ့ယင်းအကြောင်းကို မေ့နေခဲ့သည်။
နောက်ဆုံးတော့ သူမဟာ ဖေးခွမ်ရဲ့ ငယ်သူငယ်ချင်းဖြစ်ပြီး သူချစ်ခဲ့ရတဲ့သူဖြစ်ကာ ဘဝလုံး အိမ်ထောင်မပြုဘဲ သူမနဲ့ဘဲအတူရှိနေခဲ့သည်။
အယ်လ်ကိုဟောကြောင့်ဖြစ်မည် စုန့်လင်းချွမ်တစ်ယောက် ကားထဲမှာ နည်းနည်းမွန်းကြပ်သလိုခံစားလိုက်ရသည်။ ရပ်ကွက် ဝင်ပေါက်ရောက်တဲ့အခါ သူက ဒရိုင်ဘာကိုရပ်ခိုင်းလိုက်သည်။
"အန်တီလေး အပြင်ထွက်ပြီး လမ်းနည်းနည်းလျှောက်ကြမလား?" သူမေးလိုက်သည်။
စုန့်အာ့နန်လည်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။ လမ်းလျှောက်တာ ကောင်းသလို၊ သူ့ကိုလည်း နည်းနည်း ငြိမ်သွားအောင် ကူညီပေးနိုင်သည်။
ဒါနဲ့ဘဲ တူဝရီးနှစ်ယောက် ကားပေါ်ကနေ ဆင်းလိုက်ပြီး ရပ်ကွက်ထဲ လမ်းလျှောက်ဝင်သွားလိုက်သည်။
မေလအစောပိုင်းညတွေမှာ နည်းနည်းအေးနေသေးသည်။
စုန့်အာ့နန်က သူမလက်ထဲက ကုတ်ကို ဝတ်လိုက်ပြီး စုန့်လင်းချွမ်ကိုလည်း သူ့အပေါ်ဇစ်ဆွဲတင်ဖို့ သတိပေးဖို့ မမေ့ပါချေ။
အခုအချိန်က နောက်ကျနေပြီဖြစ်ပြီး၊ အခြေခံအားဖြင့်တော့ ရပ်ကွက်ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိကြပေ။ နှစ်ယောက်သား စကားမပြောဘဲ ငြိမ်ငြိမ်လေး လျှောက်လိုက်ကြသည်။
ရှင်းရှင်းလင်းလင်းကိုဘဲ သူတို့တူဝရီးနှစ်ယောက်လုံး စိတ်ထဲ မှာ တစ်ခုခုရှိနေပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မူမမှန်တာကို သတိမထားမိကြပါချေ။
ခဏနေတော့ စုန့်အာ့နန်က ရုတ်တရက် စကားပြောလာသည်။ "အခု သူတို့က တွဲနေကြတာလား?"
စုန့်လင်းချွမ်လည်း ကြောင်သွားပြီး မတုံ့ပြန်ခင် စက္ကန့်နည်းနည်းလောက် တန့်သွားသည် - စုန့်အာ့နန်ပြောတဲ့ "သူတို့" ဆိုတာက ဖေးခွမ်နဲ့ ရှဲ့ယင်းတို့ကို ဆိုလိုတာပင်။
စုန့်လင်းချွမ်လည်း နည်းနည်းစဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ဖြစ်နိုင်တယ်"
ဖေးခွမ် အပေါ် သူနားလည်ထားတာအရဆို၊ သူဟာရင်းနှီးတဲ့ဘသူငယ်ချင်းတွေနဲ့ ရံဖန်ရံခါ ဟာသတွေပြောလေ့ရှိပေမယ့် သူရဲ့အပြုအမူကိုတော့ အမြဲသတိထားနေတတ်သည်။
အခုလေးတင် သူတို့နှစ်ယောက် ဘယ်လောက်ရင်းနှီးနေလဲဆိုတာကို အခြေခံရရင် ဖေးခွမ်သာ ရှဲ့ယင်း အပေါ် ခံစားချက်မရှိဘူးဆိုရင် သူကိုယ်တိုင်က အဲဒီစည်းကိုဖြတ်ခွင့်ပေးမှာ မဟုတ်ပေ။
အမှန်တော့၊ သူဟာ လူတွေနဲ့ဆက်ဆံရာတွင် စည်းထားကာ အမြဲသတိရှိနေတဲ့သူဖြစ်သည်။
စုန့်အာ့နန်ရဲ့ မျက်တောင်တွေက အောက်ငိုက်ကျသွားပြီး အင်္ကျီအိတ်ကပ်ထဲမှ သူမလက်ဟာလည်း အလိုအလျောက် တန့်သွားသည်။
စုန့်လင်းချွမ်ရဲ့ ဒီအမြင်ကို သူမလည်းဘယ်လိုလုပ် နားမလည်ဘဲနေမှာလဲ?
ဖေးခွမ်နဲ့ ရှဲ့ယင်းအကြောင်း တွေးကြည့်လိုက်တော့ စုန့်လင်းချွမ်လည်းမတတ်နိုင်ဘဲ နားမလည်ဖြစ်ရသည်။ သူက ရေရွတ်လိုက်သည်။ "ထူးဆန်းတယ်၊ သူတို့ အချင်းချင်း ဘယ်လို သိသွားတာလဲ? ဖေးခွမ် အရင်က သူ့အကြောင်းပြောတာလည်း မကြားဖူးဘူး"
သူက ဖေးခွမ်ကို နှစ်ပေါင်းများစွာ သိလာတာဖြစ်ပေမယ့် ရှဲ့ယင်း အကြောင်း ပြောတာကိုတော့ သူ တစ်ခါမှ မကြားဖူးပေ။
စုန့်အာ့နန်က သူမနှုတ်ခမ်းကို စေ့လိုက်ပြီး တိုးတိုးလေးပြောလာသည်။ "သူတို့က မွေးရပ်မြေတူတူဘဲလေ။ ဖေးခွမ် ပွဲဦးမထွက်ခင်ကတည်းက သူ့ကိုသိခဲ့တာ"
စုန့်လင်းချွမ်က စုန့်အာ့နန်ကိုလှည့်ကြည့်လိုက်သည်။ အဲ့ဒါက သူထင်နေသလိုမျိုးလား?
စုန့်အာ့နန်လည်း ခေါင်းညိတ်ပြလိုက်သည်။
သူထင်တဲ့အတိုင်းပါပင်။ သူ ကျိုးဝေ့ကို အထက်တန်းကတည်းက ကြိုက်ခဲ့သလိုမျိုး ဖေးခွမ်ဟာလည်း ရှဲ့ယင်းကို ကြိုက်ခဲ့တာကြာပြီဖြစ်သည်။
စုန့်လင်းချွမ် လန့်သွားသည်။ "ဒီလိုဆိုရင် ငါတို့ ဖေးခွမ် ကို ဂုဏ်ပြုပေးသင့်တယ်"
နောက်ဆုံးတော့၊ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရရင်တောင် ကိုယ်သဘောကျတဲ့သူက ကိုယ့်ကိုပြန်တုံ့ပြန်လာတယ်ဆိုတာက အရမ်းကံကောင်းတဲ့အရာပင်။
ဒီလိုကံကောင်းမှုမျိုးကို လူတိုင်း ရကြတာ မဟုတ်ပေ။
စုန့်အာ့နန် ပြန်မဖြေဘဲ ခေါင်းငုံ့ကာ လမ်းလျှောက်နေလိုက်သည်။
တုံ့ပြန်မှုမရတော့ အရင်က စုန့်အာ့နန်တစ်ယောက် "ရှဲ့ယင်းကို မသဘောမကျဘူး" လို့ပြောခဲ့တာကို စုန့်လင်းချွမ် ရုတ်တရက် သတိရသွားသည်။
သူက တုံ့ဆိုင်းသွားပြီး နောက်တော့ ပြောလိုက်သည်။ "အန်တီလေး၊ ရှဲ့ယင်းကို သဘောမကျရင် နောက်နောင် သူတို့နဲ့ အဆက်အဆံ မလုပ်နဲ့လေ။ ငါ့ကို စိတ်ထဲမထားနဲ့ အဆင်ပြေတယ်"
စုန့်အာ့နန် ကြောင်သွားပြီး သူနားလည်မှုလွဲသွားမှန်း သဘောပေါက်လိုက်သည်။ ဒါပေမယ့် သူမလည်းထပ်မရှင်းပြချင်တော့တဲ့အတွက် သာမာန်ကာလျှံကာ ခေါင်းညိတ် တုန့်ပြန်လိုက်သည်။
"လင်းချွမ်" သူမက ခဏရပ်သွားပြီး "ငယ်တုန်းအချိန်မှာ နင်သဘောကျခဲ့တဲ့လူကို လက်လွှတ်ရတာ တကယ်ပဲ ခက်လား?"
စုန့်လင်းချွမ်က မျက်တောင် တဖျပ်ဖျပ်ခတ်လိုက်သည်။ အချိန်အတော်ကြာ ခဏလောက် သူတုံ့ဆိုင်းနေပြီး နောက်တော့ ပေါ့ပေါ့တန်တန် ညည်းညူလိုက်သည်။ "လက်လွှတ်ဖို့ တကယ်ခက်တယ်၊ နောက်ဆုံးတော့...."
စုန့်အာ့နန် - "နောက်ဆုံးတော့ ဘာဖြစ်လဲ?"
စုန့်လင်းချွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး "နောက်ဆုံးတော့ ကိုယ် ခံစားချက်ရှိခဲ့ဖူးတဲ့ ပထမဦးဆုံးလူကို မေ့ပစ်ဖို့ဆိုတာ တကယ်မလွယ်ဘူး"
စုန့်အာ့နန်က အကြည့်အောက်ပို့ထားပြီး အတွေးပျောက်နေသည်။
အချိန်အတော်ကြာပြီးတဲ့နောက်မှာ သူမက ထပ်မေးလာသည်။ "ဒါဆို နင်ခံစားချက်ရှိခဲ့တဲ့ ပထမဦးဆုံးလူကို မေ့ပစ်နိုင်လား?"
စုန့်လင်းချွမ်က စက္ကန့်အနည်းငယ်လောက် ရပ်သွားပြီး ပြန်ဖြေလိုက်သည်။ "ငါတော့ မေ့ပစ်နိုင်မယ်လို့ ထင်တယ်၊ အချိန်က အရာအားလုံးကို ကုစားသွားမှာပါ"
အချိန်ဘယ်လောက် ကြာမလဲဆိုတာကိုတော့ သူ မသိဘူး။
အဲဒီညမှာ စုန့်အာ့နန်တစ်ယောက် တော်တော်နဲ့ အိပ်မပျော်ခဲ့ပေ။
ပထမတွင် သူမက ညသန်းခေါင်အထိ လူးလိမ့်နေပြီး နောက်ဆုံးတော့ အိပ်ပျော်သွားပေမယ့် လီစစ်ရွေ့ရဲ့ဖုန်းခေါ်သံကြောင့် သူမနိုးလာရတဲ့အခါမှာတော့ အိပ်ရေးမဝသလို ခံစားလိုက်ရသည်။
သူမဖုန်းကို စစ်ကြည့်တော့ ၈ နာရီ ၃၀ တောင်ရှိနေပြီဖြစ်သည်။
သူမ ဖုန်းကိုင်လိုက်တော့ တစ်ဖက်ကနေ လီစစ်ရွေ့ရဲ့အသံ ထွက်လာသည်။ "အာ့နန်၊ မနေ့က နင် စုန့်လင်းချွမ်ရဲ့မွေးနေ့ပွဲသွားတာ ဖေးခွမ်လည်း ရှိနေခဲ့တယ်ဟုတ်? hot search ကဟာက အတုဘဲ ဟုတ်တယ်မလား!"
စုန့်အာ့နန်က အပြည့်အဝမနိုးလာသေးပေ။ "ဘာ hot search လဲ?"
"ဖေးခွမ်နဲ့ ရှဲ့ယင်းတို့အကြောင်း" လီစစ်ရွေ့က မကျေမနပ်နဲ့ ပြောလာသည်။ "သူတို့တွေ မနေ့ညက ဖယောင်းတိုင်မီးလေးထွန်းပြီး ညစာစားခဲ့တယ်လို့ အဲ့ဒီပါပါရာဇီတွေက ပြောထားကြတယ်၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူ မနေ့ညက နင်တို့နဲ့ အတူရှိနေမှန်း သိသာနေတာကို...."
စုန့်အာ့နန်က စပီကာဖွင့်ထားလိုက်ပြီး ဖုန်းပြောနေတဲ့နေရာကနေထွက်ကာ Weibo ထဲဝင်လိုက်သည်။
#ဖေးခွမ် ရှဲ့ယင်းတို့ရဲ့Relationship# ဆိုတဲ့tag က hot search ဖြစ်နေသည်။ သူမ နှိပ်လိုက်တော့၊ ပထမဆုံး ပို့စ်မှာ ပါပါရာဇီ အကောင့်မှ ထုတ်ဖော်ထားသော ဗီဒီယိုတစ်ခု ဖြစ်သည်။
ဗီဒီယိုထဲကမြင်ကွင်းကတော့ မနေ့ညက အဲဒီစားသောက်ဆိုင်ရဲ့ အဝင်ဝမှာ ရိုက်ကူးထားမှန်းသိလိုက်ကသည်။
မနေ့ညက သူတို့နှစ်ယောက်ရဲ့ ခပ်လှမ်းလှမ်းကနေအကြမ်းဖျဉ်း မြင်ခဲ့ရပေမယ့် ဒီပါပါရာဇီရဲ့ဗီဒီယိုကတော့ အရမ်းကိုရှင်းလင်းနေသည်။
သူတို့ရဲ့အမူအရာတွေကိုတောင် မြင်နေရသည်။ ဖေးခွမ် ရဲ့မျက်နှာမှာ ဘာအမူအရာမှမရှိပေမယ့် သူ့ရဲ့အာရုံစူးစိုက်ထားတဲ့ အပြုအမူကတော့ အားလုံးကို ပြောနေသည်။ ရှဲ့ယင်းရဲ့ မျက်နှာပေါ်ရှိ ရှက်ရွံ့မှုနှင့် ချိုမြိန်မှုတို့ဟာလည်း လိမ်လို့မရပါချေ။
ဖုန်းချပြီးသွားတဲ့နောက် စုန့်အာ့နန် သူမရဲ့ဖုန်းကို အချိန်အကြာကြီး စိုက်ကြည့်နေမိသည်။
မနေ့ညကတော့ သူမဟာ အဲ့ဒါက ဖေးခွမ်ဘက်က တစ်ဖက်သတ်ဘဲ ဖြစ်လိမ့်မယ်လို့ တစ်ဖက်ပိတ်တွေးခဲ့သည်။ ဝတ္ထုရဲ့ အမျိုးသမီးဇာတ်လိုက်ဖြစ်တဲ့ ရှဲ့ယင်းကတော့ နောက်ဆုံးမဖှာ အမျိုးသားဇာတ်လိုက်နဲ့ဘဲ အဆုံးသတ်သွားမည်ဖြစ်သည်။
ဒါပေမယ့် သူမတစ်ခုကို မေ့သွားခဲ့သည်။ ဇာတ်ကွက်တွေက မူလဝတ္ထုနဲ့ကွာနေပြီ။ ဒါ့ကြောင့် ရှဲ့ယင်းက ဖေးခွမ်နဲ့ အဆုံးသတ်သွားတာက ဘာမှမထူးဆန်းပါချေ။
ဘာဘဲဖြစ်ဖြစ် ဖေးခွမ်က အရမ်းကောင်းတာလေ။ တစ်စုံတစ်ယောက်က သူ့ကိုသဘောကျသွားတယ်ဆိုတာ ပုံမှန်ပါဘဲ။
ဒါ့ပြင် သူက ရှဲ့ယင်းကို အရမ်းချစ်ခဲ့တဲ့အတွက် အခုချိန်မှာ သူတကယ်ပျော်နေလိမ့်မှာပင်။
မနက်အစောကြီး ကျန်းဟန်က စုန့်လင်းချွမ်ကို အလုပ်သွားဖို့ လာခေါ်သွားသည်။ အခု တစ်အိမ်လုံးမှာစုန့်အာ့နန် တစ်ယောက်တည်းပဲ ရှိသည်။
မိန်းမောစွာနဲ့ သူမ ဧည့်ခန်းထဲဝင်လာတော့ ကျန်းဟန်ယူလာတဲ့ မနက်စာကို စားပွဲတွင် တွေ့လိုက်ရသည်။ သူမနိုးလာတဲ့အခါ ပြန်နွေးလိုက်ဖို့ စုန့်လင်းချွမ်က အထူးတလည်ကို noteချန်ထားပေးသည်။
စုန့်အာ့နန်တစ်ယောက် ဧည့်ခန်းထဲမှာ မလှုပ်မယှက် ထိုင်နေခဲ့သည်မှာ ဘယ်လောက်ကြာသွားမှန်း မသိလိုက်ပေ။ သူမက ရုတ်တရက် ထရပ်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
ညဝတ်အင်္ကျီကိုတောင် မလဲအားဘဲ ကုတ်အင်္ကျီအပေါ်ထပ်ဝတ်လိုက်ပြီး တံခါးကနေ ပြေးထွက်လာလိုက်သည်။
အဆောက်အဦးထဲကနေ ထွက်လာပြီး စုန့်အာ့နန်က ဖေးခွမ် ရဲ့ နေရာဆီ တလျှောက်လုံး ပြေးသွားကာ မတုံ့ဆိုင်းနေဘဲ ဓာတ်လှေကားစီး၊ အထပ်တွေကိုဖြတ်ကာ အလောသုံးဆယ်ရောက်လာသည်။
ဓာတ်လှေကားတံခါးက "ဒင်" ဆိုတဲ့အသံနဲ့ ပွင့်လာပြီး သူမ လှမ်းထွက်တော့မယ့်အချိန် ရုတ်တရက် သူမအိပ်ယာကနေ နိုးသွားသလိုပင်။
ဒီအချိန်မှာဘဲ စုန့်အာ့နန်တုံ့ပြန်လာသည် - စိတ်မြန်လက်မြန်နဲ့ အပြေးအလွှား ရောက်လာတာ၊ သူမဘာလုပ်နိုင်မှာမို့လို့လဲ?
ဒါ့ပြင် ဖေးခွမ် အခု အိမ်မှာရှိနေလားဆိုတာကိုတောင် အာမ မခံနိုင်ပါချေ။
ပြန်သွားဖို့ ဓာတ်လှေကားကို နှိပ်ရန် တုံ့ဆိုင်းနေတုန်းမှာ အနီးနားရှိတံခါးကနေ ရင်းနှီးနေတဲ့ အသံတစ်ခု ရုတ်တရက် ထွက်လာသည်။
"မင်း ဘာပြောလိုက်တာလဲ!!" ဖေးခွမ် မန်နေဂျာ လီတုန်ရဲ့ အသံဖြစ်သည်။
စုန့်အာ့နန် လှမ်းကြည့်လိုက်သည်။ နည်းနည်းကာထားတဲ့ တံခါးကိုဖြတ်ပြီး သူမ ရှေ့ကို ခြေလှမ်းနှစ်လှမ်းကို လှမ်းကာကြည့်လိုက်သည်။
ဖေးခွမ် ရဲ့အသံက အထဲကနေ ထွက်လာသည်။ "ကျွန်တော် ပြောတဲ့အတိုင်းလုပ်လိုက်ပါ၊ hot search ကျသွားအောင် ရှင်းလင်းဖို့မလိုဘူး"
"ဖေးခွမ် မင်းဘာလုပ်နေလဲဆိုတာ သိသေးရဲ့လား?" လီတုန် အံ့ဩစွာနဲ့ပြောလာသည်။ "ရှင်းမပြဘဲ တိတ်နေရင် ဝန်ခံတာနဲ့ အတူတူပဲလေ"
ဖေးခွမ်ရဲ့ အသံက အရမ်းငြိမ်သက်နေသည်။ "ကျွန်တော်သိတယ်"
စုန့်အာ့နန် ဆက်ပြီး နားမထောင်နိုင်တော့ပေ။ သူမ လှည့်လိုက်ပြီး ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်ကာ မိန်းမောစွာနဲ့ အောက်ထပ်ကို ဆင်းသွားလိုက်သည်။
အဓိပ္ပါယ်ရှိတဲ့ ရှင်းလင်းချက်တစ်ခုဘဲ ရှိသည် - အကြောင်းကတော့ အဲ့ဒါက အမှန်တရားဖြစ်သည်။
အဲ့ဒီအချိန်မှာ အစောပိုင်းက သူမရဲ့ မျှော်လင့်ချက်တွေအားလုံး ပြိုပျက်သွားတော့သည်။
စုန့်လင်းချွမ်ရဲ့နေရာကို ပြန်ရောက်တော့ စုန့်အာ့နန်က ဧည့်ခန်းထဲက ဆိုဖာပေါ်မှာဘဲ ထိုင်နေလိုက်သည်။ သူမမျက်လုံးထောင့်ကနေ မနေ့က ကော်ဖီစားပွဲပေါ်မှာ ထားခဲ့တဲ့ ကျောပိုးအိတ်ကို တစ်ချက်ကြည့်လိုက်သည်။
တစ်ခုခုကို တွေးလိုက်ပြီး သူမလိုက်ကာ ကျောပိုးအိတ်ကို ယူလိုက်ပြီး အထဲက countdown ပြက္ခဒိန်ကို ထုတ်လိုက်သည်။
ဒီဟာကို မနေ့က သူမ မလာခင်ကတည်းက တမင်တကာ ထည့်ထားခဲ့တာဖြစ်သည်။ သူမဒီမှာ တစ်ညနေဖို့ စိတ်ကူးထားတာကြောင့် သူမနဲ့အတူ ယူလာခဲ့တာပင်။
စုန့်အာ့နန်က countdown ပြက္ခဒိန်ကို မပိတ်ခင် ခဏလောက် ကြည့်လိုက်သည်။
ပြက္ခဒိန်ကို စိတ်အားထက်သန်စွာနဲ့ လှန်ကြည့်ခဲ့ရတဲ့ နေ့ရက်တွေက သူမရဲ့ စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။
အစကတည်းက သူမနဲ့ ဖေးခွမ်ဟာ အချိန်မတန်ခင်အဆုံးသတ်သွားမယ်မှန်း သူမှန်းထားပြီးသားပါပင်။
အသက်အရွယ်ကြောင့်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရေးမကြီးတော့ပါချေ။
ဖွင့်ပြော မယ်ဆိုတဲ့ အရာဟာလည်း အခုချိန်မှာ မလိုအပ်တော့ပေ။
ဒါပေမယ့် အဆင်ပြေပါတယ်။ သူမသဘောကျတဲ့သူက သူလိုချင်တာကို ရသွားပြီမို့ သူ့အတွက် ပျော်ပေးသင့်သည်။
စုန့်အာ့နန်က သူမကိုယ်သူမ နှစ်သိမ့်ဖို့ ကြိုးစားနေပေမယ့် ဘာလို့ ငိုချင်နေရသေးတာလဲ?
အချိန်က အရာအားလုံးကို ကုစားသွားမှာ။
အခုတော့ မေ့ပစ်ရမယ့်သူက သူမဘဲထင်ပါရဲ့။
'ပေါက်' ခနဲ ပြက္ခဒိန် အဖုံးပေါ် မျက်ရည်တွေကျလာသည်။
ဒီနေ့ကစပြီး သူမဟာ နေ့အလင်းရောင်ကို မမြင်နိုင်တော့တဲ့အထိ သူမရင်ထဲက သေးငယ်တဲ့ ခံစားချက်လေးကို ဖုံးကွယ်ထားရတော့မယ်ဆိုတာ စုန့်အာ့နန် သိသည်။
သူမရဲ့ ပထမဦးဆုံးအချစ်ဟာလည်း အလျင်အမြန်နဲ့ ကွယ်ပျောက်သွားတော့သည်။
ပြီးတော့ " သဘောကျတယ် " ဆိုတဲ့ စကားလုံးဟာလည်း ချက်ချင်း တောက်ပမှုတွေ ပျောက်ကွယ်သွားတော့သည်။