အခန်း (၇၆)
Vol. 6 Ch. 76
ဖေးခွမ်နဲ့ ရှဲ့ယင်း အကြား အရှုပ်တော်ပုံဟာ အွန်လိုင်းပေါ်တွင် လှိုင်းထနေသည်။
စုန့်အာ့နန်က အွန်လိုင်းသတင်းတွေကို တမင် လျစ်လျူရှုထားသည်။ လီစစ်ရွေ့ပြောပြတဲ့ တချို့တလေ အချိန်လောက်မှသာ ကြားရသည်။ ဖေးခွမ် ဘက်က မငြင်းဆိုရုံသာမက ရှဲ့ယင်းရဲ့ ကုမ္ပဏီဘက်ကလည်း ငြင်းဆိုဖို့ထွက်မလာပါချေ။
ဒါကြောင့် သူတို့ရဲ့အပြုအမူတွေနဲ့ သူတို့ရဲ့ဆက်ဆံရေးကို နားလည်သဘောပေါက်လာရသည်။
နောက်ပိုင်းမှာ သူမရဲ့ စိတ်တည်ငြိမ်မှုတွေ ဆုံးရှုံးသွားမှာစိုးတဲ့အတွက် စုန့်အာ့နန်က တမင်ဘဲ အဲ့ဒီကိစ္စကိုရှောင်ခဲ့သည်။ သူမက ညဘက်မှာ အဆောင်ပိတ်ခါနီးမှ ပြန်လာပြီး စာကြည့်တိုက်မှာဘဲ နေ့ရက်များစွာ ကုန်ဆုံးခဲ့သည်။
စုန့်အာ့နန်က မည်သူ့ကိုမှ သူမ ထူးထူးခြားခြားဖြစ်နေတာကို သတိမပြုမိစေဘဲ အရာအားလုံး ပုံမှန်အတိုင်းဖြစ်နေကြောင်း ဟန်ဆောင်ဖို့ ကြိုးစားခဲ့သည်။ သူမ အောင်မြင်ခဲ့ပါသည်။ နေ့အလင်းရောင်ကို မမြင်နိုင်လောက်အောင် သူမရဲ့ သေးငယ်လှတဲ့ ခံစားချက်ကိုလည်း ဘယ်သူမှ ရှာမတွေ့ခဲ့ပါချေ။
အချိန်တွေက ပုံမှန်အတိုင်းသာ လည်ပတ်ကုန်ဆုံးနေပြီး မကြာခင်မှာဘဲ စုန့်အာ့နန်ရဲ့ ၁၈နှစ်ပြည့် မွေးနေ့ရောက်လာသည်။
ပြီးခဲ့တဲ့တစ်ရက်က သူမရဲ့အခန်းဖော်တွေနဲ့အတူ ကိတ်မုန့်တစ်လုံးဝယ်ပြီး သူမရဲ့မွေးနေ့ကို ကျင်းပခဲ့ကြသည်။ စုန့်အာ့နန်က အဲ့ဒါနဲ့ပတ်သတ်ပြီး ဘာမှ မထူးခြားနားတာကိုမြင်တော့ ချန်ခယ့်မှာ မတတ်နိုင်ဘဲ နားမလည်ဖြစ်ခဲ့ရသည်။
နောက်ဆုံးတော့ အရင်က သူမဘဲ အရွယ်ရောက်ဖို့ကို စိတ်အားထက်သန်စွာနဲ့ စောင့်ရင်း countdown ပြက္ခဒိန်ကိုတောင် လုပ်ခဲ့သေးသည်။
စုန့်အာ့နန်က အဲ့ဒီအကြောင်းကို ဆက်ခြေပေးကာ ဖယ်ထုတ်လိုက်သည်။ တခြားသူတွေကလည်း သိပ်ပြီး မစဉ်းစားနေတော့ဘဲ အဲ့ဒါက သူမအတွက် အသစ်အဆန်း မဟုတ်တော့လို့ လို့ဘဲ တွေးလိုက်သည်။
သူမရဲ့မွေးနေ့တွင် စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့က စုန့်အာ့နန် အရွယ်ရောက်တာကို ဂုဏ်ပြုဖို့ B Cityဆီရောက်လာသည်။
အစကတော့ စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့က S Cityမှာဘဲ သူမအတွက် မွေးနေ့ပွဲကို ကျင်းပဖို့ စီစဉ်ထားပေမယ့် စုန့်အာ့နန်က ကျောင်းစာနဲ့ အရမ်းရှုပ်နေတာကြောင့် ငြင်းဆိုခဲ့သည်။
အဲ့ဒီညမှာ ဖေးခွမ်က မိသားစုညစာစားပွဲအတွက် သူတို့နဲ့ပူးပေါင်းဖို့ ရိုက်ကူးရေးနေရာကနေ အမြန်ပြန်လာခဲ့သည်။
ညစာစားပြီးတဲ့နောက် စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့က စုန့်လင်းချွမ်ရဲ့နေရာတွင် မနေဘဲ အနီးနားရှိ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုမှာ သွားနေသည်။
စုန့်အာ့နန်ကလည်း ကျောင်းပြန်သွားရမှာဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် စုန့်လင်းချွမ်နဲ့ သွားမယ့်လမ်းတူနေသည်။
လမ်းမှာ စုန့်လင်းချွမ်က ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ သူကလှည့်လိုက်ပြီး အနောက်ထိုင်ခုံက လက်ဆောင်အိတ်ကိုယူကာ စုန့်အာ့နန်ကို ပေးလိုက်သည်။
စုန့်အာ့နန် ခဏလောက် အံ့အားသင့်သွားသည်။ "နင် ငါ့ကို လက်ဆောင်ပေးပြီးသွားပြီ မဟုတ်ဘူးလား?"
စုန့်လင်းချွမ်က လက်ယမ်းလိုက်ပြီး လက်ဆောင်ကို စုန့်အာ့နန်လက်ထဲ တိုက်ရိုက်ထည့်လိုက်သည်။ "ဒါက ဖေးခွမ် ဆီက။ သူက မင်းကို တစ်ဆင့်ပေးခိုင်းထားတာ"
လက်ဆောင်အိတ်ကို ကိုင်ထားတဲ့ စုန့်အာ့နန် ရဲ့လက်က မသိစိတ်ကနေ တန့်သွားသည်။
ဒီနေ့ သန်းခေါင်ကျော်မှာဖေးခွမ်က သူမရဲ့ 18 နှစ်မြောက် မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလာသည်။
ပုံမှန်မဟုတ်တဲ့ပုံမပေါက်ရအောင် သူနက "ကျေးဇူးတင်ပါတယ်"လို့ ယဉ်ယဉ်ကျေးကျေး ပြန်ပြောခဲ့ပြီး အဲ့ဒါနဲ့ဘဲ ပြီးသွားပြီလို့ သူမထင်လိုက်သည်။ သူက သူမအတွက် စုန့်လင်းချွမ်နဲ့ လက်ဆောင်ပေးလာလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။
"ဖေးခွမ်က မင်းရဲ့မွေးနေ့ကို မင်းနဲ့အတူ လူကိုယ်တိုင် မကျင်းပနိုင်ခဲ့လို့ သူ့ကိုယ်စား ငါ့ကိုတောင်းပန် ခိုင်းထားတယ်" စုန့်လင်းချွမ်က ပြောလာသည်။
စုန့်အာ့နန်က ခေါင်းငြိမ့်ပြလိုက်ပြီး ခဏလောက် တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။ "ဒီတလော သူရောဘယ်လိုလဲ?"
စုန့်လင်းချွမ် - "အခုနောက်ပိုင်း သူ့အတွက် နည်းနည်း ခက်ခဲလာတယ်၊ ခေါင်းထဲမှာ အမှုကိစ္စတွေက အပြည့်ဘဲ။ သူ တကယ် မတတ်နိုင်လို့ မင်းနဲ့အတူ မွေးနေ့ပွဲလာမကျင်းပနိုင်တာ၊ သူ့ကို အပြစ်မတင်ပါနဲ့"
နယ်ပယ်အတွင်းမှာရော အပြင်မှာပါ ဖိအားတွေ သူခံနေရသည်။ သူ့ပရိသတ်တွေကို ရှင်းပြဖို့ ခက်ခဲရုံတင်မကဘူး အရင်က သူနဲ့ ပူးပေါင်းလုပ်ဆောင် ဖို့ ငဘောတူခဲ့ကြတဲ့အရာ တော်တော်များများဟာလည်း ဖယ်ခွါသွားကြသည်။ ပြီးတော့ သူ့ကို သိက္ခာချဖို့ ကြိုးစားကာ အခွင့်အရေးကို ဆုပ်ကိုင်ထားကြတဲ့ပြိုင်ဖက် တချို့လည်း ရှိနေသေးသည်။
သူ့အတွက် တကယ်ကို ခက်ခဲနေသည်။
စုန့်အာ့နန် ခေါင်းခါလိုက်သည်။ ဖေးခွမ်ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဟာ အခုအချိန်မှာ နည်းနည်းခက်ခဲနေပေမယ့် စိတ်ပိုင်းဆိုင်ရာအရတော့ သူလိုချင်တာကို သူရခဲ့ပြီးသွားပြီလို့ သူမထင်သည်။
သူ အရမ်းပျော်နေမှာဘဲ။
စုန့်အာ့နန် ခဏလောက် တုံ့ဆိုင်းသွားပြီး စုန့်လင်းချွမ်ကို လှည့်ကြည့်လိုက်သည်။ "လင်းချွမ်၊ နင်တို့က သူငယ်ချင်းတွေပဲ။ ဖြစ်နိုင်ရင် သူ့ကို ကူညီပေးလိုက်ပါလား"
သူမ မပြောရင်တောင်မှ စုန့်လင်းချွမ်လည်း ဒီလိုလုပ်ခဲ့ဖူးသည်။
"ဖေးခွမ်က သူ့ဘက်က အဖြေရှာထားပြီးသားတဲ့၊ အကူအညီလိုရင် လာတောင်းလိမ့်မယ်"
စုန့်အာ့နန်လည်း ဘာမှထပ်မပြောတော့ဘဲ ခေါင်းညိတ်လိုက်သည်။
စုန့်အာ့နန် စိတ်ပူနေမှာစိုးလို့ စုန့်လင်းချွမ်က ပြောလိုက်သည်။ "စိတ်မပူပါနဲ့ တကယ်ဖြစ်လာရင်လည်း ငါ့ပါးကို အကူအညီတောင်းလိုက်မယ်။ အဲ့ဒီနယ်ပယ်မှာ လူအိုကြီးစုန့်ရဲ့ မျက်နှာ နည်းနည်းပါးပါးရှိသေးတယ်"
အခုတော့ စုန့်အာ့နန် တကယ် စိတ်အေးသွားရသည်။
ရှေ့ခုံက ကျန်းဟန်ကတော့ မနေနိုင်ဘဲ သူ့ဘာသာသူ ညည်းညူလိုက်သည်။ စုန့်ကျန်းဟွေ့က ဒီနယ်ပယ်မှာ မျက်နှာ နည်းနည်းရှိတာထက်ကို ပိုတယ်ဟ။
သူ့မှာ တော်တော်လေးကို မျက်နှာရှိတာ။
ဒါပေမယ့် ကျန်းဟန်ကတော့ စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ကြားက ဆက်ဆံရေးဟာ အတော်လေးကို သံယောဇဉ်ကြီးလွန်းတယ်လို့ ဝန်ခံရမည်။
စုန့်လင်းချွမ်က သူ့မိဘတွေဆီကနေ ပထမဦးဆုံး အရင်းအမြစ် တောင်းလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။
ပြီးတော့ စုန့်မိသားစုရဲ့တူဝရီးက တကယ်ကို သစ္စာရှိတယ် သူကတော့ ဒီပေါင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရမှာဘဲ။
-
သူမရဲ့ 18 နှစ်မြောက် မွေးနေ့ပြီးတဲ့နောက်မှာ အနည်းဆုံး အပြင်လူတွေအတွက်တော့ စုန့်အာ့နန်က ဘာမှသိပ်မပြောင်းလဲသွားပါချေ။
သူမက စာသင်ခန်း အဆောက်အဦတွေ၊ စာကြည့်တိုက်နဲ့ အဆောင်ကြားမှာဘဲ စာကြမ်းပိုးလေးတစ်ကောင်လို နေ့တိုင်းကူးလူးနေပြီး အရင်ကထက် ပိုကြိုးစားလာသည်။
စုန့်အာ့နန်က ဖေးခွမ်နဲ့ အဆက်အသွယ်လုပ်တာကို စပြီး လျှော့ချလာသည်။
ချိုးချိုးရဲ့တည်ရှိမှုကြောင့် သူတို့နှစ်ယောက်က WeChat မှာ ရက်အနည်းငယ်ကြာတိုင်း စကားနည်းနည်းပြောဖြစ်ကြပေမယ့် ယေဘုယျအားဖြင့်တော့ ဖေးခွမ် ဘက်ကနေ ချိုးချိုးရဲ့ဗီဒီယိုတွေကို ပို့ပေးလာတာတွေဘဲဖြစ်သည်။
သူတို့က ဗီဒီယိုကောလည်း မခေါ်ဖြစ်ကြတော့ဘဲ စာပို့တာတောင်မှ အရင်ကလောက် ခဏခဏမရှိတော့ချေ။
ဒါပေမယ့် ဖေးခွမ်ကတော့ သူ့ရဲ့ Moments မှာ ချိုးချိုး အကြောင်း ပို့စ်တင်တဲ့ အကြိမ်ရေတွေ သိသိသာသာ တိုးလာသည်။
စုန့်အာ့နန်ကတော့ ဒါက ကောင်းတယ်လို့ ခံစားရသည်။ သူမတို့တွေ ခပ်ခွာခွာနေသင့်သည်။
ဒီနည်းက သူမအတွက်ရော သူတို့အတွက်ပါ ပိုကောင်းသည်။
ဆေးကျောင်းသားတစ်ယောက်ရဲ့ များပြားလှတဲ့အတန်းတွေကြောင့် စုန့်အာ့နန်မှာ အခြားအရာတွေကို လုပ်ဖို့အချိန်မရှိသလို သူမမှာ မရှိသင့်တော့တဲ့ ခံစားချက်တွေထဲမှာလည်း အလွန်အကျွံ မနစ်မြောနေတော့ပေ။
သူမရဲ့ မြီးကောင်ပေါက်အရွယ်ခဏတာ crushခဲ့တာတွေဟာလည်း တဖြည်းဖြည်းလွင့်ပျောက်သွားပြီး ထင်ယောင်ထင်မှား ဖြစ်ခဲ့သလိုပင်။
-
သူမရဲ့ တက္ကသိုလ် လေးနှစ်မြောက်ကို ရောက်တော့ စုန့်အာ့နန်ဟာ ရုတ်တရက် ဖူးပွင့်လာသလိုမျိုး သူမရဲ့ မျက်နှာပေါ်က ကလေးအဆီတွေဟာလည်း ပျောက်ကွယ်သွားပြီး သူမရဲ့ အသွင်အပြင်က ပိုထက်မြက်ကာတောက်ပလာသည်။
သူမကို လိုက်ပိုးပန်းကြတဲ့သူတွေဟာ တရုတ်စာဌာနက ကျောင်းမင်းသားလေး၊ ဘဏ္ဍာရေးဌာနက ဉာဏ်ကြီးရှင်တွေ၊ စတဲ့သူတွေအထိ တဖြည်းဖြည်း တိုးလာခဲ့သည်။ သူတို့အားလုံး သူမပတ်ပတ်လည်မှာ ခြေချင်းလိမ်နေကြသည်။
ဒါပေမယ့် ဒီကောင်မလေးကတော့ သတိမထားမိတာလား ဒါမှမဟုတ် သူမရဲ့ နှလုံးသားကဘဲ သံလိုမာကြောနေတာကြောင့်လားဆိုတာ မသိနိုင်စွာနဲ့ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။
သူမရဲ့ ငြင်းဆိုပုံက အရမ်းယဉ်ကျေးပေမယ့် လုံလုံလောက်လောက် ပြတ်သားမှုလည်း ရှိသည်။
ဒါပေမယ့် ဒီအကျိုးသက်ရောက်မှုက ထင်ရှားလှသည်။ မကြာခင်မှာပဲ စုန့်အာ့နန်အနား တစ်ဝိုက်တွက် ငြိမ်သက်သွားသည်။
စုန့်အာ့နန်ရဲ့ချဉ်းကပ်ပုံကို လူများစွာက နားလည်ကြသည်။ နောက်ဆုံးမှာတော့ B တက္ကသိုလ်မှ 8 နှစ် MD-PhD ပရိုဂရမ်အတွက် သင်ရိုးညွှန်းတမ်းဟာ အရမ်း သိပ်သည်းသည်။
အထွေထွေပညာရေးက 1 နှစ် + ဆေးဘက်ဆိုင်ရာအခြေခံက 3 နှစ် + အလုပ်သင်လုပ်တာက 1 နှစ် + ဆေးရုံဆေးခန်းတွေကို လှည့်ပတ် သုတေသန လုပ်ရတာက 3 နှစ်ဖြစ်သည်။
ဒီမေဂျာကျောင်းသားတွေအနေနဲ့ 11 နှစ်စာသင်ရိုးညွှန်းတမ်းကို 8 နှစ်အတွင်းအပြီးသတ်ရမည်ဖြစ်သည်။ လိုအပ်တဲ့ အားထုတ်မှုဟာလည်း သဘာဝအလျောက်အား ပိုပြီးတော့တောင် ကြီးမားလှသည်။
သူမရဲ့ပဉ္စမနှစ်တွင်၊ စုန့်အာ့နန်ဟာ B တက္ကသိုလ်ရဲ့ တွဲဖက်ဆေးရုံတွင် သူမရဲ့လက်တွေ့အလုပ်သင်ဘဝကို စခဲ့သည်။
သူမက နေ့တိုင်း မိုးလင်းကနေမိုးချုပ်တဲ့အထိ အလုပ်များနေတတ်ပြီး သူမ သိလိုတဲ့ အရာများစွာကို လေ့လာရင်း နေ့တိုင်း ရေမြှုပ်လိုမျိုး အသိပညာတွေကို စုပ်ယူကာ ထိပ်တန်းကျောင်းသားလိုမျိုး ဌာနဆိုင်ရာတွေကို လိုက်လှည့်ပတ် ကြည့်ရှုသည်။
ဒီလိုအခြေအနေတွေအောက်မှာ အချိန်တွေကုန်တာပိုမြန်လာသလိုပင်။
သူမရဲ့ပဉ္စမနှစ် ဒုတိယနှစ်ဝက်ရဲ့ မေလဆန်းတစ်ရက်။
ညဆိုင်းဆင်းပြီးတဲ့နောက် အလုပ်မဆင်းခင် စုန့်အာ့နန်ရဲ့ အကြံပေးလည်းဖြစ်တဲ့ ဆေးရုံဌာနမှူးက သူမကို သူ့ရုံးခန်းဆီ လာဖို့ အကြောင်းကြားလာသည်။
စုန့်အာ့နန်လည်း တံခါးခေါက်ကာ ဝင်သွားလိုက်သည်။ "ဆရာ၊ ကျွန်မကို တွေ့ချင်လို့လား?"
ကျင့်ဝမ်ကျင်းက ကြင်ကြင်နာနာပြုံးလိုက်ပြီးစုန့်အာ့နန်ကို သူ့ဘေးက ဆိုဖာမှာထိုင်ဖို့ ပြလိုက်သည်။
"ဒီတလော အလုပ်သင်ဆင်းတာရော ဘယ်လိုနေလဲ? အသားကျနေပြီလား?"
စုန့်အာ့နန် နည်းနည်း နားမလည်ဖြစ်သွားသည်။ သူမ အလုပ်သင်ဆင်းတာ တစ်နှစ်နီးပါးလောက်ရှိတော့မယ့်ဟာကို အသားမကျတာ ဘယ်မှာရှိဦးမှာလဲ?
"အသားကျနေပါပြီ၊ လူတိုင်းက ကျွန်မကို အရမ်းဂရုစိုက်ကြတယ်" သူမ ပြန်ဖြေလိုက်သည်။
ကျင့်ဝမ်ကျင်းလည်း ပြုံးကာ ခေါင်းညိတ်သည်။ ဒါတွေအကုန်သူသိတာပေါ့၊
ဘာပဲဖြစ်ဖြစ် စုန့်အာ့နန်က သူ့တပည့်ဘဲလေ။ အနည်းဆုံးတော့ B တက္ကသိုလ်ရဲ့ တွဲဖက်ဆေးရုံ တစ်ခုလုံးက သူမကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။
"အာ့နန်၊ မင်း လွန်ခဲ့တဲ့ သုံးနှစ်က variety show မှာပါခဲ့တာ မှတ်မိသေးတယ် မဟုတ်လား?" ကျင့်ဝမ်ကျင်းက ဒီနေ့ပြောမယ့် အကြောင်းအရာကို အစပျိုးလိုက်သည်။
စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး "ဟုတ်ကဲ့၊ အဲ့ဒီတုန်းက ကျွန်မရဲ့မိသားစုနဲ့ပါခဲ့တာပါ"
"ဆရာ၊ ပြဿနာတစ်ခုခုဖြစ်လို့လား?"
ဆေးရုံနဲ့ ကျောင်းက ကျောင်းသားတွေကို variety show မှာ မပါဖို့ တားမြစ်ထားတာကို သူမ သတိရလိုက်သည်။
အဲဒါက လွန်ခဲ့တဲ့ သုံးနှစ်လောက်ကဘဲလေ။ စည်းမျဥ်းသစ်တွေ ရှိခဲ့ရင်တောင် နောက်ကြောင်းပြန်ပြီးမလုပ်လောက်ပါဘူး။
ကျင့်ဝမ်ကျင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလာသည်။ "ဘာ ပြဿနာမှမဖြစ်ပါဘူး၊ ဘယ်လိုလုပ်ပြဿနာဖြစ်မှာလဲ? စိတ်မပူနဲ့"
စုန့်အာ့နန်လည်း ခေါင်း ငြိမ့်ပြလိုက်သည်။
ကျင့်ဝမ်ကျင်းက ဆက်ပြောလာသည်။ "အဲ့ဒါကဒီလို၊ ဆရာ့မှာ အလုပ်သင်စတိုင် အလုပ်ခွင် reality show တစ်ခု ရထားတယ်။ အဲ့ဒီမှာ မင်းများနည်းနည်းလောက် ပါဖို့ စိတ်ဝင်စားသလားလို့?"
စုန့်အာ့နန် ခဏလောက် အံ့ဩသွားသည်။ ကျင့်ဝမ်ကျင်းက ရှိုးတစ်ခုမှာ ပါဖို့ သူမကို ဘာလို့ ရုတ်တရက် တောင်းဆိုလာလဲဆိုတာကို သူမရှင်းရှင်းလင်းလင်း နားမလည်ပါချေ။ တကယ်တော့ ဒါဟာ အချိန်ဖြုန်းတာဘဲ။
ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊ သူမက သူမရဲ့ ကိုယ်ပိုင်အတွေးတွေကို ရိုးရိုးသားသား ထုတ်ပြောလိုက်သည်။ "ဆရာ၊ ကျွန်မက အလုပ်သင်ဆင်းနေရတုန်းပါ၊ မပါချင်ပါဘူး"
ကျင့်ဝမ်ကျင်းက သူမစိုးရိမ်နေတာတွေကို ဖယ်ထုတ်လိုက်သည်။ "ဘာပြဿနာမှမရှိဘူး၊ ဆရာတို့ဆေးရုံမှာဘဲ ရိုက်ကူးရေးလုပ်မှာ။ မင်းအလုပ်သင်ဆင်းတာကို အနှောင့်အယှက် မပေးပါဘူး၊ မင်းရဲ့အလုပ်ခွင်နဲ့ အလုပ်လုပ်ရမယ့်ပုံစံက နည်းနည်းတော့ ပြောင်းလဲသွားမယ်၊ ကြီးကြီးမားမား သက်ရောက်မှုမရှိဘူး"
စုန့်အာ့နန်ရဲ့မျက်ခုံးတွေက နည်းနည်းတွန့်ချိုးသွားသည်။ ဒီလိုဆိုရင်တောင်မှ သူမ မသွားချင်ဘူး။
အရင်တစ်ခေါက် variety show ရိုက်ကူးပြီးသွားလို့ အချိန်အတော်ကြာတဲ့အထိကို သူမမှာ လူတွေမှတ်မိသွားမှာ စိုးတာကြောင့် ဈေးတောင်ထွက်မဝယ်ရဲခဲ့ပေ။
ကံကောင်းစွာနဲ့ပဲ သူမဆေးရုံမှာ အလုပ်သင်စလုပ်ခဲ့တာ နှစ်နှစ်ကြာသွားခဲ့ပြီဖြစ်သည်။ အဲ့ဒီအချိန်လောက်ဆို လူအများစုလောက်က သူမရဲ့အကြောင်းကို အခြေခံအားဖြင့်တော့ မေ့လျော့သွားကြလောက်ပြီဖြစ်သည်။ မဟုတ်ရင် သူမဆေးရုံမှာ အလုပ်သင်ဆင်းရင်တောင် အဆင်မပြေဖြစ်မှာ သေချာပေါက်ပင်။
ကျင့်ဝမ်ကျင်းက ဒီဟာကိုစိုးရိမ်နေတာကြားတော့ သူက လုံးဝ ဖယ်ထုတ်ပေးလာသည်။
စုန့်အာ့နန်ဟာ ကျင့်ဝမ်ကျင့် အရမ်းအထင်ကြီးရတဲ့ကျောင်းသူတစ်ဦးဖြစ်သည်။ သူ ဌာနမှူးအဖြစ် ရာထူးတိုးပြီးကတည်းက ကျောင်းသားတွေကို ကိုယ်တိုင် စာသင်ခဲ့ရတာ မရှိသလောက်ပင်။ စုန့်အာ့နန်ကတော့ သူ့ရဲ့သင်ပြမှုအောက်ရှိ အသက်အငယ်ဆုံး ကျောင်းသူလေးဖြစ်သည်။
သူမဟာ အရည်အချင်းရှိပြီး အလုပ်အရမ်းကြိုးစားတဲ့သူလည်းဖြစ်သည်။ အချိန်ကြာလာတာနဲ့အမျှ သူမဟာ ထူးချွန်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်လာမှာ သေချာပေါက်ပင်။ ထုံးစံအတိုင်း၊ သူကတော့ ဒီလိုမျိုးအလားအလာရှိပြီး အရည်အချင်းရှိတဲ့သူတွေကို သဘောကျသည်။
ဒါပေမယ့် စုန့်အာ့နန်က နည်းနည်း တွန့်ဆုတ်နေသေးသည်။ "ဆရာ၊ ကျွန်မ တကယ် စိတ်မဝင်စားဘူး။ တခြားစီနီယာ ကျောင်းသားတွေကို ရှာရင်ရော?"
ဒါပေမယ့် ကျင့်ဝမ်ကျင်းကတော့ အရှုံးမပေးချေ။ “တကယ်ကို ကြောက်စရာ မရှိပါဘူး။ ဒီရှိုးကို နှစ်လလောက်ဘဲ ရိုက်ကူးရေးလုပ်မှာပါ။ မင်းအလုပ်သင်ပြီးရင် ဆရာ့မှာ တခြားအစီအစဉ်တွေ ရှိသေးတယ် လို့ မင်းကို ပြောခဲ့တယ် မဟုတ်ဘူးလား? အနည်းဆုံးတော့၊ ဒါက နောက်သုံးနှစ်လောက်ထိ မင်းကို ထိခိုက် စေမှာ မဟုတ်ဘူး"
သူ့ရဲ့ချစ်လှစွာသော ကျောင်းသူလေးရဲ့ ကြည်လင်တဲ့ မျက်လုံးတွေနဲ့ အညစ်အကြေးကင်းစင်ပြီး လုံးဝ ဖြူစင်ရိုးသားတဲ့ မျက်နှာလေးကို မြင်လိုက်ရတဲ့အခါမှာတာ့ မတတ်နိုင်ဘဲ စကားထစ်သွားရသည်။
ဒီလိုမျိုး သူမကို သူဆွဲဆောင်နိုင်မယ့် နည်းလမ်းမရှိဘူး။
"ကောင်းပြီလေ၊ အရင်ပြန်သွားပြီး သေချာစဉ်းစားကြည့်လိုက်ဦး။ အလျင်စလို အဖြေပြန်မပေးနဲ့" ကျင့်ဝမ်ကျင်းက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
ဟင်း၊ သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။
ရှိုးရဲ့ထုတ်လုပ်ရေးအဖွဲ့က သူတို့ကျောင်းရှိ သုတေသနပရောဂျက်တစ်ခုတွင် ရက်ရက်ရောရော ရင်းနှီးမြုပ်နှံထားသည်။ ပရောဂျက်ဟာ ရှည်လျားလှတဲ့ကာလနှင့် မြင့်မားလှတဲ့ သုတေသန အခြေအနေရဲ့ ကနဦး သုတေသနအဆင့်တွင်သာ ရှိသေးသည်။ ပုံမှန်ဆိုရင် အဲ့ဒါက ရန်ပုံငွေကို ဆွဲဆောင်ဖို့ အရမ်းခက်ခဲလှသည်။
ဒါပေမယ့် တစ်ဖက်က စုန့်အာ့နန်ကို ရှိုးရိုက်ကူးရေးမှာ ပါဝင်ဖို့ တောင်းဆိုထားသည်။
ဒီလိုမှမဟုတ်ရင် သူ့ကျောင်းသားကို သူက ဒီလိုမျိုးလှည့်စားနိုင်ပါ့မလား။
အလုပ်ဆင်းပြီးတဲ့နောက် စုန့်အာ့နန်ဟာ တွဲဖက်ဆေးရုံကနေ B တက္ကသိုလ်ကှိ အဆောင်ဆီ တည့်တည့်ပြန်သွားရမယ့်အစား လမ်းကျဉ်းကျဉ်းလေးကနေ လမ်းလွှဲလျှောက်လာသည်။
တွဲစပ်ဆေးရုံက ကျောင်းဝင်းဘေးတွင်သာ ရှိတာကြောင့် ဒီအလုပ်သင်ကာလအတွင်း သူမမှာ အဆောင်မှာဘဲ နေထိုင်ခဲ့သည်။
ဒီအလုပ်သင်ကာလမှာလည်း သူမက လီစစ်ရွေ့နဲ့ပဲ အတူတူနေသည်။ သူတို့ နှစ်ယောက်က ပင်မဆေးရုံရဲ့ ဌာနတစ်ခု တည်းမှာရှိပေမယ့် နေရာတစ်ခုတည်းတော့ မဟုတ်ပေ။
ချန်ခယ့်နဲ့ ချိုက်ရှောင်တိတို့က ကျောင်းဝင်းရဲ့တစ်ဖက်ခြမ်းရှိ နိုင်ငံတကာဌာနတွင် တာဝန်ပေးအပ်ခံထရသည်။ သူတို့နေရာက ကျောင်းနဲ့ဝေးတာကြောင့် အဲ့ဒီက ဝန်ထမ်းအဆောင်မှာဘဲ နေကြသည်။
စုန့်အာ့နန် အိပ်ဆောင်ကိုပြန်ရောက်လာတော့ လီစစ်ရွေ့က ရေချိုးခန်းထဲကနေ ထွက်လာသည်။
မနေ့က သူမလည်း ညဆိုင်းဆင်းထားရသည်။ စုန့်အာ့နန်ကို ဌာနမှူးက ဆွဲထားတာကြောင့် နည်းနည်းနောက်ကျမှ သူမ ပြန်လာရတာဖြစ်သည်။
"ဌာနမှုးကျင့်က နင့်ကိုရှာနေတာငါကြားလိုက်တယ်။ ဘာကိစ္စလဲ?" လီစစ်ရွေ့က မေးလိုက်သည်။
စုန့်အာ့နန်ကလည်း ဌာနမှူးက အလုပ်သင် reality show မှာ သူမကို ပါစေချင်တဲ့ကြောင်း ပြောပြလိုက်သည်။
ဒီအစီအစဉ်နာမည်ကို ကြားလိုက်ရတဲ့အခိုက်မှာ လီစစ်ရွေ့ရဲ့ မျက်လုံးတွေက တောက်ပလာသည်။ "ဒီရှိုးကို ငါသိတယ်။ ဖေးခွမ်က စတူဒီယိုမှာ လေ့လာသူအနေနဲ့ ပါတယ်"
စုန့်အာ့နန် အံ့သြသွားသည်။
ဖေးခွမ်လည်း ပါတာလား?
"ဒီရှိုးက ငါတို့ဆေးရုံနဲ့ ပူးပေါင်းဖို့လုပ်နေတယ်လို့ အစောပိုင်းက ငါကြားခဲ့ပေမယ့် ဒါက တကယ်ကြီးလို့ ငါမထင်ထားဘူး" လီစစ်ရွေ့က ဆိုလာသည်။
"ဒါဆို နင်သဘောတူလိုက်လား?"
စုန့်အာ့နန်က အကြည့်လွှဲလိုက်ကာ သူမရဲ့မျက်တောင်ရှည်တွေက တဖျပ်ဖျပ်ခတ်သွားသည်။