← Chapters

အခန်း (၇၇)

Vol. 6 Ch. 77

အခန်း (၇၇)

Vol. 6 Ch. 77

ဖေးခွမ်လည်း ဒီ Variety show မှာ ပါမယ်ဆိုတာကို သိလိုက်ရတဲ့နောက် စုန့်အာ့နန် စိတ်ထဲ နည်းနည်း မငြိမ်မသက်ဖြစ်သွားသည်။

တကယ်တော့ လူတိုင်းဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အတော်လေးကို ပြောင်းလဲလာကြသည်။

ဒါရိုက်တာချီရဲ့ ဇာတ်ကားကြောင့် စုန့်လင်းချွမ်ဟာလည်း အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး အဓိကရုပ်ရှင်လောကထဲကို အောင်မြင်စွာနဲ့ ဝင်ရောက်လာကာ အင်တာနက်ပေါ်မှ နာမည်ကြီးသရုပ်ဆောင်တစ်ဦးအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာပြီး ရှေ့ကိုခြေလှမ်းကြီးကြီးလှမ်းနိုင်ခဲ့သည်။

အံ့အားအသင့်ရဆုံးအရာမှာ ဖေးခွမ် ပင်။ အဲဒီတုန်းက အရှုပ်တော်ပုံဟာ သူ့အပေါ် တော်တော်လေး သက်ရောက်မှုရှိခဲ့ပေမယ့် ပြောင်းလဲဖို့အတွက် ဒီဟာကို သူအခွင့်ရေးယူခဲ့သည်။

လွန်ခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ သူသည် အမြဲတမ်း သိုသိုသိပ်သိပ်သာ နေခဲ့ပြီး အများသူငှာတွေအရှေ့မကြာခဏဆိုသလို မပေါ်လာတော့ပေမယ့် အဲ့ဒီအစား ရိုက်ကူးရေး တစ်ခုပြီးတစ်ခုနဲ့အတူ သူ့ရဲ့သရုပ်ဆောင် အရည်အချင်းတွေကို ထက်ရှအောင်သွေးခဲ့သည်။

အဓိကဇာတ်ဆောင်ပဲဖြစ်ဖြစ်၊ ဇာတ်ပို့ပဲဖြစ်ဖြစ်၊ ဇာတ်ညွှန်းနဲ့ ကာရိုက်တာကောင်းနေသရွေ့သူက လက်ခံကာ ကော်ဖီလို့‌ခေါ်တဲ့အဆင့်ကို လုံးဝ စွန့်လွှတ်ခဲ့သည်။

သူဟာ မကြာသေးမီကမှ အကောင်းဆုံးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး လှလှပပနဲ့တစ်ကျော့ပြန်လာကာ တကယ့်သရုပ်ဆောင်အနေနဲ့ ခိုင်ခိုင်မာမာ ဝင်ရောက်လာသည်။

စုန့်အာ့နန်ကို နည်းနည်း အံ့အားသင့်စေခဲ့တဲ့အရာကတော့ အကောင်းဆုံး သရုပ်ဆောင်ဆု ရရှိပြီးတဲ့နောက် သူပထမဆုံးပေါ်လာတဲ့ရှိုးက ဆေးဘက်ဆိုင်ရာအလုပ်သင်တွေအကြောင်း reality show တစ်ခုဘဲဖြစ်သည်။

-

အရင်တစ်ခေါက်ကနေစပြီး ဌာနမှူးက သူမကို နောက်တစ်ကြိမ်ထပ်မရှာတော့ပေ။ အဲ့ဒီနေ့က သူမရဲ့ငြင်းပယ်မှုဟာ သူ့ကိုတားနိုင်ခဲ့တယ်လို့ စုန့်အာ့နန်ထင်လိုက်သည်။

ဌာနမှူးက တခြားကျောင်းသား ယောက်ျားလေးရော မိန်းကလေးပါ တွေ့ထားပြီးပြီဖြစ်မည်။ သူမကို မရှိမဖြစ် လိုအပ်နေတာ မဟုတ်ပေ။

သူမလည်း ဒီကိစ္စကို တဖြည်းဖြည်း မေ့ပျောက်သွားသည်။ စုန့်အာ့နန်က ပုံမှန်အတိုင်း ဆေးရုံတွင် နေ့တိုင်း စေ့စေ့စပ်စပ် လုပ်ကိုင်သည်။

သူမရဲ့ အသက် ၂၀ နှစ်ပြည့်မွေးနေ့ဟာ မေလနှောင်းပိုင်းဆို ရောက်လာတော့မှာဖြစ်သည်။ သူမရဲ့ မွေးနေ့မှာ စုန့်အာ့နန်က ဂျူတီမရှိတာကြောင့် စုန့်လင်းချွမ် နဲ့ ညစာအတူစားဖို့ စီစဉ်လိုက်သည်။

သူတို့က ဟော့ပေါ့ဆိုင်မှာ ဆုံကြသည်။ စုန့်အာ့နန် ရောက်လာတဲ့အခါ၊ စုန့်လင်းချွမ်နဲ့ ကျန်းဟန်တို့က သီးသန့်ခန်းထဲမှာ စောင့်နေပြီဖြစ်သည်။

အတိုချုံးစကားပြောပြီးတဲ့နောက်မှာ စုန့်လင်းချွမ်က အဓိဖြစ်တဲ့ သူမကို မွေးနေ့လက်ဆောင် ပေးခဲ့သည်။

ဒီတစ်ခါတော့ သူက စုန့်အာ့နန်အတွက် ပြိုင်ကားတစ်စီး ပြင်ဆင်ထားပေးသည်။

သူမ ၁၈ နှစ်ပြည့်တုန်းက စုန့်လင်းချွမ်ဟာ စုန့်အာ့နန်ကို တိုက်ခန်းတစ်ခန်း လက်ဆောင်ပေးခဲ့သည်။ အဲ့ဒီတိုက်ခန်းက B တက္ကသိုလ်ရဲ့ တွဲဖက်ဆေးရုံနဲ့ မနီးမဝေးတွင် ရှိသည်။ အဲဒီကိုရောက်ဖို့ မိနစ် ၂၀ လောက်ပဲကြာသည်။

ဒီနှစ်မှာတော့ သူ့အန်တီလေးကို ကားတစ်စီး လက်ဆောင်ပေးခဲ့သည်။ သူ့အန်တီလေးကို ကားနဲ့ အိမ်တစ်လုံး ပေးချင်တဲ့ သူ့ဆန္ဒက နောက်ဆုံးတော့ ပြည့်သွားပြီ။

စုန့်လင်းချွမ် ကမ်းပေးလာတဲ့ ကားသော့ကို ကြည့်ရင်း စုန့်အာ့နန်မှာ မတတ်နိုင်ဘဲ သူမနဖူးကို ကိုင်လိုက်သည်။

"လင်းချွမ်၊ ငါက ဆေးရုံမှာဘဲ နေ့တိုင်းရှိနေတာ။ ကားတစ်စီး မလိုဘူး။ နင်ညပြန်မောင်းသွားရင်ရော?" သူမက သူ့ကို ဖျောင်းဖျဖို့ ကြိုးစားလိုက်သည်။

ဒါပေမယ့် စုန့်လင်းချွမ်ကတော့ အဲ့ဒီလို လုံးဝမတွေးထားပေ။ "ဘယ်လိုလုပ် မလိုတာဖြစ်နိုင်မှာလဲ? နင်က ဆေးရုံမှာဘဲ နေ့တိုင်း နေနေရတာမှမဟုတ်ဘဲ။ အလုပ်နားရင် ကားလိုက်မောင်းပေါ့"

"ပြီးခဲ့တဲ့နှစ်တုန်းက လိုင်စင်ရထားတယ် မဟုတ်လား? ခဏခဏ မလေ့ကျင့်ရင် သံချေးတက်သွားလိမ့်မယ်"

စုန့်အာ့နန် နည်းနည်း အားကိုးရာမဲ့ ဖြစ်သွားသည်။ သူမရဲ့အားလပ်ချိန်များကို ကြည့်တိုက်ထဲက စာအုပ်တွေထဲမှာဘဲ မြှုပ်နှံ ထားလေ့ရှိသည်။ သူမမှာ ကားမောင်းဖို့ ဘယ်လိုလုပ်အချိန်ရှိမှာလဲ?

ဒါ့ပြင် သူမ ကားမောင်းလေ့ကျင့်ဖို့ကို ဒီလိုဈေးကြီးကြီးကားကရော တကယ်လိုလိုလား?

ဒါပေမယ့် သူမ ပြန်မဖြေခင်မှာဘဲ စုန့်လင်းချွမ်က သူမကို မကျေနပ်တဲ့ အမူအရာနဲ့ စကားဖြတ်ပြောလာသည်။

"အန်တီလေး မင်းက ဘက်လိုက်တာပဲ။ မားဆို ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဝတ်ရတနာတွေနှစ်တိုင်း ပို့ပေးတယ်၊ အဲ့ဒါကျ တခါမှ ငြင်းတာ မတွေ့ဖူးဘူး။ ငါတစ်ခုခုပေးတဲ့ အချိန်တိုင်းဘယ်လိုလုပ် ဟမ် ဟင်း ဆိုပြီးဖြစ်နေရတာလဲ?"

စုန့်အာ့နန် စိတ်ထဲကနေ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။

ကောင်းပြီလေ၊ သူမသာ ဒါကို လက်မခံရင် စုန့်လင်းချွမ်တစ်ယောက် တစ်ညလုံး နားပူအောင် လုပ်နေတော့မှာဘဲ။

သူမလက်ခံတာကိုမြင်တော့မှ စုန့်လင်းချွမ်က သူမတရားဝင် အလုပ်စဝင်တဲ့အခါမှ ပိုကောင်းတဲ့တစ်စီး‌ထပ်ပေးမယ်လို့ ဝမ်းသာအားရပြောလာသည်။ စုန့်အာ့နန်မှာ သူ့ကို အမြန်တားလိုက်ရသည်။

ကျန်းဟန်ကတော့ သူတို့ တူဝရီးနှစ်ယောက်ကြားက လက်ဆောင်ပေးတာ ငြင်းတာ အဖြစ်အပျက်တစ်ခုလုံးကို ခွဲခြမ်းစိပ်ဖြာနေပြီး သူ့ရင်ထဲမှာ မတတ်နိုင်ဘဲ ချီးကျူးလေးစားသွားရသည်။

ပိုက်ဆံက အရမ်းကောင်းတာဘဲ။

"အန်တီလေး၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ ကျွန်တော်က လင်းချွမ်လောက် ပိုက်ဆံမရှိလို့ ကျွန်တော့်လက်ဆောင်လေးကိုတော့ အထင်မသေးနဲ့နော်"

စုန့်အာ့နန်က လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။ "လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မအရမ်းကြိုက်ပါတယ်"

စားသောက်ပြီးသွားတော့ စုန့်လင်းချွမ်က စုန့်အာ့နန် ကျောင်းဆီပြန်လိုက်ပို့ပေးသည်။ ကျောင်းတံခါးဝမှာ ကျန်းဟန်က ကားနောက်ဖုံးထဲကနေ အိတ်နှစ်လုံးကို ထုတ်လိုက်သည်။

အဲ့ဒါတွေကတော့ ဖေးခွမ်ကနေ စုန့်လင်းချွမ်ဆီ ပို့ထားတာဖြစ်သည်။

စုန့်အာ့နန်ကတော့ သိပ်ပြီးအံ့သြမနေတော့ပေ။ လွန်ခဲ့တဲ့ နှစ်နှစ်က မွေးနေ့တွေမှာလည်း ဖေးခွမ်က ဒီလိုမျိုးဘဲ လူကိုယ်တိုင်မပေါ်လာဘဲ လက်ဆောင်တွေဘဲ ပို့ပေးခဲ့သည်။

အခုလည်းအဲ့ဒီလိုဘဲ၊ ဒါပေမယ့် ဒီနှစ်ကျ ဘာလို့ အိတ်ကနှစ်လုံး ဖြစ်သွားတာလဲ? သူမ မတတ်နိုင်ဘဲ နားမလည်နိုင်ဖြစ်သွားရသည်။

"တစ်အိတ်ထဲမှာတော့ ပြီးခဲ့တဲ့အပတ်က ဖေးခွမ် နိုင်ငံခြားကနေ ပြန်ယူလာတဲ့ လက်မှုပစ္စည်းတွေနဲ့ ချောကလက်တွေ ပါတယ်။ အဲ့ဒါ‌တွေက ပြည်တွင်းမှာ တော်တော်နာမည်ကြီးတာ။ အန်တီလေး ချောကလက် ကြိုက်မှန်းသိလို့ မြည်းကြည့်ရအောင် သူ တစ်ချို့တ‌စ်လေယူလာခဲ့တာ" စုန့်လင်းချွမ်က ရှင်းပြသည်။

စုန့်အာ့နန်က "အိုး" လို့ အသံပြုလိုက်ပြီး သူမရဲ့ မျက်လုံးထဲမှာမရေရာတဲ့ ခံစားချက် အရိပ်အယောင်တွေပေါ်လာသည်။

-

စုန့်အာ့နန် အိပ်ဆောင်ကိုပြန်ရောက်တဲ့အခါ ချန်ခယ့်နဲ့ ချိုက်ရှောင်တိတို့လည်း ပြန်ရောက်နေတာကြောင့် သူမ အံ့သြသွားသည်။ ဒီနေ့ သူတို့ညဂျူတီ ရှိတာမဟုတ်ဘူးလား?

"အားး အာ့နန်လေး၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ!" ချန်ခယ့်က သူမကို ဝက်ဝံဖက်သလိုဖက်ပေးဖို့ ချက်ချင်းပင် သူမဆီ ပြေးလာသည်။

ချိုက်ရှောင်တိနဲ့ လီစစ်ရွေ့တို့က မွေးနေ့ကိတ်ကို ထုတ်လာသည်။ ချန်ခယ့်က အဆောင်ထဲက မီးတွေကို ပိတ်လိုက်သည်။

နောက်တော့ သုံးယောက်သား happy birthday ဆိုကြသည်။

စုန့်အာ့နန် နည်းနည်း အံ့အားသင့်နေသေးပေမယ့် လီစစ်ရွေ့က သူမလက်ထဲက ပစ္စည်းတွေကို ယူကာ‌ ဖယောင်းတိုင်မီးမမှုတ်ခင် ဆုတောင်းဖို့ တိုက်တွန်းလာသည် ဖယောင်းတိုင်မီးတွေ မှုတ်ပြီးသွားတော့ မီးတွေ ပြန်လင်းလာသည်။

"ဘယ်လိုလဲ? နင့်ရဲ့မွေးနေ့ပွဲကို နင်နဲ့အတူ ကျင်းပဖို့ ငါတို့အပြေးအလွှား ရောက်လာတာကို မအံ့ဩသွားဘူးလား?" ချန်ခယ့်က မေးလိုက်သည်။

စုန့်အာ့နန်လည်း ရိုးရိုးသားသား ခေါင်းညိတ်ပြလိုက်သည်။ "အရမ်းအံ့သြသွားတယ်၊ လုံးဝကိုမမျှော်လင့်ထားမိဘူး"

"ဒါပေမယ့် နင်တို့တွေ ဒီညဂျူတီမရှိဘူးလား?"

ချိုက်ရှောင်တိက လက်ယမ်းလိုက်ပြီး "စိတ်မပူနဲ့၊ ငါတို့ ဒါကြိ စီစဉ်ထားတာကြာပြီ။ နင် အံ့သြသွားအောင် ကြိုမပြောထားတာ"

စုန့်အာ့နန်လည်း ပြုံးကာ ကျေးဇူးတင်လိုက်သည်။ သူမနဲ့မွေးနေ့ပွဲကျင်းပဖို့ သူတို့အပြေးအလွှားလာခဲ့တာကြောင့် သူမတကယ်ပျော်မိသည်။

အလုပ်သင် စစချင်းကတည်းက သူတို့လေးယောက်အတူရှိတာ ရှားလာသည်။ သူတို့ရဲ့ group chat က အမြဲတက်ကြွနေပေမယ့် လူကိုယ်တိုင်လိုက်ဆုံဖို့ကိုတော့ လိုက်ဖမ်းနေရဆဲပင်။

ကိတ်မုန့်စားရင်း စကားစမြည်ပြောရင်းနဲ့ လေထုက ရိုးရိုးရှင်းရှင်းကို အံ့ဩဖို့ကောင်းနေသည်။

ချန်ခယ့်ရဲ့အကြည့်က စုန့်အာ့နန်ရဲ့ စားပွဲပေါ်ရှိ လက်ဆောင်အိတ်တွေဆီ အမှတ်မထင်ရောက်သွားသည်။ သူမက သိချင်စိတ်နဲ့ မေးလိုက်သည်။ "ဒါနဲ့ အာ့နန်၊ ဒီတစ်ခေါက်ရော နင့်မွေးနေ့အတွက် နင့်တူက ဘာလက်ဆောင်ပေးလဲ?"

လီစစ်ရွေ့နဲ့ ချိုက်ရှောင်တိတို့ကလည်း တူညီတဲ့ အမူအရာတွေနဲ့ တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

မတတ်နိုင်ဘဲ။ သူမရဲ့ 18 နှစ်မြောက်မွေးနေ့အတွက် စုန့်လင်းချွမ်က သူမကို တိုက်ခန်းလက်ဆောင်ပေးခဲ့ကြောင်း သူတို့သိခဲ့ရကတည်းက သူတို့ သုံးယောက်လုံး လွင့်ထွက်သွားခဲ့ရသည်။

ဒီတူလေးက အရမ်းသိတတ်တာဘဲ!

ဒါကြောင့်၊ နှစ်တိုင်း စုန့်အာ့နန်ရဲ့မွေးနေ့မှာဆို သူတို့သုံးယောက်က စုန့်အာ့နန်ထက် ပိုလို့တောင် သိချင်နေကြပြီး ဒီတစ်ခေါက်လည်း စုန့်လင်းချွမ်က ကြီးကြီးမားမားဘာလက်ဆောင်ပေးမလဲဆိုတာကို သိချင်နေကြသည်။

စုန့်အာ့နန်က ပြန်မဖြေခင် ခဏလောက် ရပ်လိုက်သည်။ "ကားတစ်စီး"

"ဘာကားလဲ?" သုံးယောက်သား တညီတညွတ်တည်း မေးလိုက်သည်။

စုန့်အာ့နန်က ပြန်မဖြေဘဲ သူမအိတ်ထဲက ကားသော့ကို ထုတ်လိုက်သည်။

"ဝိုး၊ Porsche၊ ဇိမ်ခံကားပဲ!"

"ဘုရားရေ၊ ဒါက ဘယ်လိုနတ်သားတူလေးလဲ၊ အိမ်တွေ၊ ကားတွေ လက်ဆောင်ပေးနေတာ။ ငါတော့ မနာလိုရလို့သေပြီ"

"ဝါးး၊ ငါ့မှာလည်း ဒီလိုတူလေးမျိုး ဘာလို့မရှိရတာလဲ?!"

"အဆင်ပြေပါတယ်၊ အာ့နန်ရဲ့တူလေးကလည်း ငါတို့ရဲ့တူလေးဘဲလေ၊ မကွာပါဘူး"

"အားး အန်တီလေးရေ ကျေးဇူးပြုပြီး ငါ့ကို ဂရုစိုက်ပါ။တစ်နေ့ကျရင် နင့်ရဲ့ ဇိမ်ခံကားပေါ် ငါ့ကိုပေးစီးခိုင်မှာသေချာတယ်..."

စုန့်အာ့နန်က သူတို့က ပတ်ကြည့်လိုက်ပြီး မနေနိုင်ဘဲ ရယ်လိုက်သည်။

ခဏတုန်းက သူတို့တွေလည်း သူတို့ရဲ့လက်ဆောင်ကို ပေးခဲ့ကြသေးသည်။

အခုက အရမ်းနောက်ကျနေပြီဖြစ်ပြီး အားလုံးက မနက်ဖြန်ကျရင် ဆေးရုံကို သွားရမှာဆိုတော့ အရမ်းနောက်ကျမှ အိပ်ယာထလို့ မဖြစ်ပေ။ အထူးသဖြင့် ချန်ခယ့်နဲ့ ချိုက်ရှောင်တိတို့ပင်။ နိုင်ငံတကာဌာနက ကျောင်းနဲ့တော်တော်ဝေးတာမို့ သူတို့တွေကမနက်ဖြန်မနက်စောစောထပြန်ရမည်ဖြစ်သည်။

ရေချိုးပြီးသွားတော့ စုန့်အာ့နန်က လက်ဆောင်ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်ထားဖို့ စားပွဲဆီသွားလိုက်သည်။

သူမ ဖေးခွမ် ရဲ့လက်ဆောင်ကို ဖွင့်ကြည့်လိုက်သည်။ လည်ဆွဲလေးတစ်ကုံးဖြစ်သည်။ သူမ 18 နှစ်ပြည့်မွေးနေ့တုန်းကကျ လက်ကောက်တစ်ကွင်း၊ မနှစ်တုန်းက နားကပ်တစ်ရံနဲ့ အခုကျ ဆွဲကြိုးတစ်ကုံးပင်။ သူက သူမအတွက် လက်ဝတ်ရတနာတစ်ဆင်စာကို စုဆောင်းပေးဖို့ တကယ်ကြီးကြိုးစားနေတာများလား?

စုန့်အာ့နန်က လည်ဆွဲပေါ်က ပွင့်ချပ်ဆွဲသီးလေးကို အတော်ကြာ ကြည့်နေပြီးမှ အံဆွဲရဲ့အတွင်းဘက်‌ဆုံးမှာ အရင်က ရထားတဲ့ လက်ကောက်နဲ့ နားကပ်တွေနဲ့အတူ ထားလိုက်သည်။

နောက်တော့ သူမကစားပွဲပေါ်မှာရှိတဲ့ ပစ္စည်းတွေကို ဆက်ပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင် လီစစ်ရွေ့ ဖြတ်သွားတော့ စုန့်အာ့နန်ကဘချောကလက်တွေကို အိတ်ထဲကနေ ထုတ်လိုက်တာကြိ တွေ့လိုက်ရသည်။

"ဝိုး ဒီချောကလက်တံဆိပ်ကို ငါသိတယ်။ ဒါတွေကို ဘယ်လ်ဂျီယံ မာစတာ ချောကလက် လုပ်တဲ့သူတွေက လက်နဲ့ ကိုယ်တိုင်လုပ်ထားတာ။ အရမ်းအရသာရှိတယ်လို့ကြားတယ်"

သူမပြောပြီးသွားတာနဲ့ ချန်ခယ့်နဲ့ ချိုက်ရှောင်တိတို့လည်း လည်ပင်းဆန့်ကာ လှည့်ကြည့်လာကြသည်။

ချောကလက်ဘူးအသေးလေး လေးဘူးပါပြီးအားလုံးကို တစ်ခုချင်းစီထုပ်ပိုးထားသည်။ စုန့်အာ့နန်က အခန်းဖော်သုံးယောက်ကို တစ်ယောက် တစ်ဘူးဆီ ခွဲပေးလိုက်သည်။

"ဟင့်အင်း ငါတို့တကယ် မလုပ်သင့်ဘူး၊ ရှက်စရာကြီး..."

သူတို့က ပါးစပ်ကနေ ငြင်းနေပေမယ့် သူတို့ရဲ့လုပ်ရပ်ကတော့ အရမ်းရိုးရိုးသားသားနဲ့ချောကလက်ဘူးတွေကို ချက်ချင်းလက်ခံလိုက်သည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း၊ စုန့်အာ့နန်ဟာ သရေစာမုန့်တွေနဲ့ ဒေသထွက် အစားအစာ အမျိုးမျိုးကို အခါအားလျော်စွာ ရလေ့ရှိသည်။ သူမရဲ့ အခန်းဖော်တွေက အဲ့ဒါတွေကို အကြိမ်ပေါင်းများသွာ မြည်းကြည့်ခဲ့ဖူး‌ေပမယ့် ဒီတစ်ခေါက်လောက် တခမ်းတနားဖြစ်တာ မရှိပေ။

"ဒါနဲ့ပြောရရင် စုန့်လင်းချွမ်က သူ့အန်တီလေးနဲ့ ပတ်သက်လာလာရင် ပြောစရာတောင်မလိုဘူး။ ငါတော့ သူ့ရဲ့ဖန်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေပြီ" လီစစ်ရွေ့က မှတ်ချက်ပြုသည်။

ချန်ခယ့်ကလည်း သဘောတူကြောင်း ခေါင်းညိတ်ပြသည် - "ဟုတ်တယ်။ ငါတို့ အာ့နန်က အစားအသောက် သမားမှန်း သိလို့ ဘယ်သွားသွား ဒေသထွက်အစားအစာတွေ ဝယ်ပြီး ပို့ပေးဖို့ သတိရတယ်။ သူက အရမ်းစဉ်းစားပေးတတ်တာဘဲ"

အထူးသဖြင့်၊ ပို့လာသမျှအရာအားလုံးကို ယေဘုယျအားဖြင့် လေးပိုင်းခွဲကာ ဂရုတစိုက် ပြင်ဆင်ထားတဲ့ပုံပေါ်သည်။

စုန့်အာ့နန် ကလွဲရင် သူ့အခန်းဖော်တွေကတောင် အကြည့်တစ်ချက်နဲ့တင် သိကြသည်။

ဒါပေမယ့် ချိုက်ရှောင်တိက ရုတ်တရက် "ဟင်"လို့ဆိုလာသည်။ "အဲဒါကို တွေးကြည့်ရင်၊ ငါ အမြဲတမ်း နားမလည်ဖြစ်ရတယ်။ စုန့်လင်းချွမ်က လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှစပြီး အာ့နန်ဆီ ဒေသထွက်အစားအစာတွေ ပို့ပေးလာတာပဲ၊ အရင်တုန်းကကျ သူတစ်ခုမှမပို့ဖူးပါဘူး"

ဒီဟာကိုကြားတော့ စုန့်အာ့နန်လည်း ခဏလောက် မျက်တောင် တဖျပ်ဖျပ်ခတ်သွားမိသည်။

ချိုက်ရှောင်တိရဲ့ သံသယကို ဘယ်လိုပြန်ဖြေရမလဲဆိုတာသူမမသိပေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတွေအားလုံးက စုန့်လင်းချွမ် ပို့ပေးတာတွေမဟုတ်ဘဲ ဖေးခွမ် ပို့ပေးခဲ့တာတွေဖြစ်သည်။

စုန့်လင်းချွမ်ဟာ ငယ်ငယ်ကတည်းက ထုံအတဲ့သူဖြစ်သည်။ ဒေသထွက် အစားအစာတွေကိုဝယ်ပြီး ပို့ပေးတဲ့ကိစ္စက သူ့စိတ်ထဲမှာ‌ ဘယ်တုန်းကမှပေါ်လာမှာမဟုတ်ပေ။

ညဉ့်နက်လာတော့ စုန့်အာ့နန်တစ်ယောက် အိပ်ရာပေါ်မှာ လူးလိမ့်ရင်း အိပ်မပျော်နိုင်သေးပါချေ။

သူမ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

နောက်နေ့မနက်စောစောမှာ စုန့်အာ့နန်က ဌာနမှူးရုံးခန်းဆီ တန်းတန်းမတ်မတ် သွားလိုက်သည်။

သူမက ကျင့်ဝမ်ကျင်းကိုကြည့်ရင်း အလေးအနက်နဲ့ပြောလိုက်သည်။ "ဆရာ၊ အရင်တစ်ခေါက်က ဆရာပြောခဲ့တဲ့ ရှိုးလေ၊ ကျွန်မ သွားဖို့ ဆုံးဖြတ်လိုက်ပြီ"

All Chapters