အခန်း (၇၈)
Vol. 6 Ch. 78
ကြိုးစားထား! အလုပ်ခွင်မှ လူသစ်များ ဆိုတာဟာ Litchi TV မှ ထုတ်လုပ်သည့်လုပ်ငန်းခွင်ရှိ စူးစမ်းလေ့လာမှုဆိုင်ရာ reality show တစ်ခုဖြစ်သည်။ အဲ့ဒါက နာမည်ကြီးစတူဒီယိုရဲ့ စောင့်ကြည့်မှုနဲ့အတူ အတွေ့အကြုံနုသေးတဲ့ လုပ်ငန်းခွင်နှင့်ပေါင်းစပ်ထားသည်။
ပထမဆုံး season ကို ဆေးကျောင်းသားအများအပြား ဆေးရုံသို့ဝင်ရောက်ကာ အထူးတလည် လက်တွေ့ လေ့လာရတဲ့ အတွေ့အကြုံနဲ့အတူ B တက္ကသိုလ်ရဲ့တွဲဖက်ဆေးရုံနဲ့ ပူးပေါင်း ထုတ်လုပ်ထားသည်။
တကယ်တော့ စျေးကွက်မှာ ဒီလိုရှိုးမျိုးက ရှိပြီးသားပင်။ ဒီရှိုးက အခြားသူ တွေထက် ဘယ်လိုလုပ် ထူးခြားနိုင်မှာလဲ? ထုတ်လုပ်ရေးအဖွဲ့က ဒီမေးခွန်းအတွက် သူတို့ရဲ့ ဦးနှောက်တွေကို ဆွဲဆန့်ထားရသည်။
ပထမဦးဆုံး၊ ကြိုပြီးရိုက်ကူးထားတဲ့ အခြားအလုပ်ခွင် reality show များနဲ့မတူဘဲ ဒီရှိုးဟာ တိုက်ရိုက်ထုတ်လွှင့်မှုပုံစံကို သုံးမှာဖြစ်သည်။ တည်းဖြတ်ပြီး ဝင်ရောက်စွက်ဖက်မှုမရှိဘဲ၊ သူတို့က ပိုမိုစစ်မှန်တဲ့အကျိုးသက်ရောက်မှုကို ပြသမှာဖြစ်တဲ့အတွက် ရှိုးအတွက် ကြီးမားတဲ့အကြောင်းအရာနဲ့ဆွေးနွေးမှုတန်ဖိုးကို ထုတ်ပေးသည်။
ဒုတိယအနေဖြင့်၊ စတူဒီယိုတွင်းရှိ နာမည်ကြီး လေ့လာသူတွေကို ရွေးချယ်ရာတွင် ကြီးကြီးမားမား နာကျင်မှုကို ခံစားခဲ့ရသည်။ ဖိတ်ကြားထားတဲ့ အနုပညာရှင်တွေ အားလုံးထဲတွင် အထူးသဖြင့် ဖေးခွမ် က အတော်အတန်ကျော်ကြားလှသည်။
သူဟာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရ ရရှိခဲ့ပြီစနောက် နှစ်နှစ်အကြာမှာမှ လူတွေရဲ့မြင်ကွင်းထဲ ပြန်ဝင်ရောက်လာတာဖြစ်သည်။ သူရဲ့ကျော်ကြားမှုနဲ့ ခေါင်းစဉ်တွေကို ဖန်တီးနိုင်မှု စွမ်းရည်တို့ဟာ ခေါင်မိုးကိုတောင်ကျော်သည်။
ရှင်းရှင်းလင်းလင်းကိုဘဲ၊ ထုတ်လုပ်ရေးအဖွဲ့က ဒီတစ်ခုတည်းနဲ့ မကျေနပ်ပေ။ ဖေးခွမ် ပါဝင်လာမှာကို အတည်ပြုပြီးတဲ့နောက်တွင် ရုတ်တရက်ပေါ်လာတဲ့အကြံကြောင့် သူတို့က စုန့်အာ့နန်ကို ချက်ချင်းစဉ်းစားမိသွားကြသည်။
နောက်ဆုံးတော့ ဒီရှိုးက B ဆေးရုံနဲ့ ပူးပေါင်းပြီး ရိုက်ကူးမှာဖြစ်သည်။ ဒါရိုက်တာက နည်းနည်းပါးပါးစုံစမ်းကြည့်ပြီးတဲ့နောက်မှာ စုန့်အာ့နန်လည်း ဒီဆေးရုံမှာ အလုပ်သင် လုပ်နေကြောင်း သိခဲ့ရသည်။
ပြီးပြည့်စုံသွားသည် - တိုက်တိုက်ဆိုင်တိုင်ကိုဘဲ သူမဟာရှိုးရဲ့အလုပ်သင်ခေါ်ယူမှုအတွက် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေသည်။ ဒါရိုက်တာနဲ့ ထုတ်လုပ်သူက ခေါင်းချင်းဆိုင်ကာ ဆေးရုံမှ တာဝန်ရှိသူဆီ ချက်ခြင်းသွားကာ ဘယ်လောက်ဘဲကုန်ကျပါစေ သူမကို ရှိုးမှာ ပါဝင်အောင်လုပ်ဖို့ စိတ်အားထက်သန်စွာနဲ့ ချဉ်းကပ်ခဲ့သည်။
ဒါကြောင့် ဒါဟာ ကျင့်ဝမ်ကျင်းနဲ့ စုန့်အာ့နန်ကြားပြောဖြစ်ခဲ့တဲ့ကိစ္စပင်။
စုန့်အာ့နန်ကို သင်္ဘောပေါ်တက်ခိုင်းတာက ထုတ်လုပ်ရေးအဖွဲ့အတွက် ခဲတစ်လုံးနဲ့ ငှက်သုံးကောင်ကို သတ်တာဘဲဖြစ်သည်။
ပထမဆုံး စုန့်အာ့နန်ဟာ အရင်က လူနေမှုဘဝရှိုးမှာ တကယ်ရေပန်းစားခဲ့သည်။ အန်တီလေး ဘယ်လိုကြီးပြင်းလာမလဲဆိုတာကို ပရိသတ်တွေက အင်တာနက်အသုံးပြုသူတွေ တော်တော်များများက မျှော်လင့်စောင့်စားနေကြတာဖြစ်သည်။
ဒုတိယအနေနဲ့ တခြားအလုပ်ခွင် reality show တွေနဲ့ ယှဉ်ရင် စုန့်အာ့နန် နာမည်ကြီးတဲ့ အသစ်လေးကို ဘယ်သူမှ မယှဉ်နိုင်ပါချေ။ သူမရဲ့တူလေး စုန့်လင်းချွမ်နဲ့အတူသာရှိရင် ထိပ်တန်းကြယ်ပွင့်တွေရဲ့ ကျော်ကြားမှာကိုကျော်သွားမှာပင်။
နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးကတော့ ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ရဲ့ 'တူဝရီး CP' ဟာ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက အတော်လေး ရေပန်းစားခဲ့သည်။ သူတို့နှစ်ယောက်သာ အတူတူရှိမယ်ဆိုရင် သတင်းခေါင်းစဉ်တွေနဲ့ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာလိမ့်မည်ဖြစ်သည်။
ထုတ်လုပ်ရေးအဖွဲ့ရဲ့ တွက်ချက်မှုများမှာ အထင်ကြီးစရာကောင်းလှပေမယ့် မမျှော်လင့်ဘဲ ဆေးရုံဘက်ကနေ စုန့်အာ့နန်ဟာ ပါဝင်ဖို့ ရည်ရွယ်ချက်မရှိကြောင်း မကြာသေးခင်ကဘဲ အကြောင်းပြန်လာခဲ့သည်။
ဒါရိုက်တာရဲ့ အတွေးတွေက မျှော်လင့်ချက်မရှိတော့တဲ့အချိန် အခြေအနေတွေကပြောင်းသွားပြန်သည်။ စုန့်အာ့နန်က သူတို့ရဲ့ ရှိုးကို တက်ရောက်ဖို့ သဘောတူကြောင်း ဆေးရုံက အကြောင်းပြန်လာပြန်သည်။
ဝမ်းသာအားရနဲ့ ထုတ်လုပ်ရေးအဖွဲ့က စာချုပ်ကို ချက်ခြင်း အပြီးသတ်လိုက်ပြီး သူတို့ရဲ့တရားဝင် Weibo အကောင့်မှာ မျှော်လင့်စောင့်စားမှု အပြည့်အဝရရှိစေမယ့် Teaser Tweet ကို တင်လိုက်သည်။
@ကြိုးစားထား! အလုပ်ခွင်မှ လူသစ်များ [ငါတို့အတွက် ဘယ်ဟာမှ မဖြစ်နိုင်ဘူး။ S1ရဲ့ တန်ဖိုးရှိလှတဲ့ ဧည့်သည်စာရင်းကို လက်မလွတ်ဘဲ စောင့်ကြည့်လိုက်ပါ ! (လျှို့ဝှက်ဆန်းကြယ်.jpg)]
မှတ်ချက်များ -
[??? ဘာတွေဖြစ်နေတာလဲ? လေ့လာရေးအဖွဲ့ရဲ့ နာမည်ကြီး ဧည့်သည်ခြောက်ယောက်ကို ကြော်ငြာထားပြီးသားမဟုတ်ဘူးလား?]
[ဟုတ်တယ်၊ ဖေးခွမ်ကိုလည်း ကြော်ငြာထားပြီးပြီလေ။ ဒါမှမဟုတ် ထုတ်လုပ်ရေးအဖွဲ့က တခြားအကောင်ကြီးကြီးကို ဖိတ်ထားတာများလား? (စပ်စုချင် .jpg)]
[အိုး၊ ဖေးခွမ်ထက် အကောင်ပိုကြီးတဲ့ ဧည့်သည် ရှိသေးတာလား? ထုတ်လုပ်ရေးအဖွဲ့က အရမ်းမိုက်တာဘဲ၊ သူတို့တွေက တကယ် ပုံအောထားတာဘဲ!]
[အာ...ဒါက ထုတ်လုပ်ရေးအဖွဲ့က သက်သက်စန်းတင်နေတယ်ဆိုတာ သိသာနေတာဘဲကို၊ သွားကြစို့]
[ငါ့မှာ ရဲတင်းတဲ့ မှန်းဆချက်တစ်ခုတော့ရှိတယ်။ ဒီရှိုးကို Bတက္ကသိုလ်ရဲ့ တွဲဖက်ဆေးရုံမှာ ရိုက်ကူးမှာ မဟုတ်လား? B ဆေးရုံနဲ့ ဆေးကျောင်းသားတွေလို့ကြားလိုက်ရင် ဘယ်သူ့ကိုပထမဆုံးသတိရကြလဲ?]
[OMG ငါ တွေးနေတဲ့သူလို့တော့ လာမပြောနဲ့နော်!]
[ဝါး ဝါး!]
[အာ...နင်တို့ဘာအကြောင်းပြောနေတာလဲ? ရှင်းရှင်းလင်းလင်း ပြောပါဦး!]
[အန်တီလေးက Bတက္ကသိုလ်က ဆေးကျောင်းသူလေ။ ဖက်စပ်ဆေးရုံမှာ အလုပ်သင်လုပ်ရတာက ပုံမှန်ဘဲ!]
[စုန့်အာ့နန်ကို ဖိတ်ဖို့ဆိုတာ ဖြစ်နိုင်ခြေ သိပ်မရှိဘူးလို့ထင်တယ်။ သူသာ ရှိုးတစ်ခုလုပ်ချင်ရင် အခုအချိန်အထိ စောင့်နေမယ့်အစား အရင်ကတည်းက လုပ်လိုက်ပြီပေါ့]
စုန့်အာ့နန်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သိုသိုသိပ်သိပ်နေခဲ့ပြီး သူမရဲ့ကျော်ကြားမှုကို လျှော့ချဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းနေသည်မှာ ထင်ရှားလှသည်။
အင်တာနက် အသုံးပြုသူတွေက ထင်ကြေးပေးထားတာတွေကို အမြန်စွာပယ်ချလိုက်ပြီး ပေါ့ပေါ့ပါးပါး မှန်းဆချက်ထုတ်လိုက်ကြသည်။ စုန့်အာ့နန် ပါလိမ့်မယ်လို့ ဘယ်သူမှ မယုံကြပေ။
အမှန်တကယ်ကိုဘဲ၊ အဲ့ဒီနှစ်အတွင်းတွင် ရှိုးအများအပြားဟာ စုန့်အာ့နန်ရဲ့ကျော်ကြားမှုတွေကို မှီခိုဖို့ကြိုးစားခဲ့ကြပေမယ့် အဲ့ဒီထဲက ဘယ်သူတွေကများသူမကို အောင်အောင်မြင်မြင်နဲ့ ခေါ်နိုင်ခဲ့လို့လဲ? အဲ့ဒါကတစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်လောက် ဖြစ်ပြီးသွားတဲ့နောက်မှာတော့ အင်တာနက် အသုံးပြုသူတွေက အဲ့ဒါကို မလုပ်ဖို့ သင်ယူနိုင်ခဲ့ကြသည်။ ဝံပုလွေလာတယ်လို့ အော်ဟစ်နေတဲ့ ကောင်လေးလိုပေါ့။
ဒါပေမယ့် ဒါက အတိအကျကို ထုတ်လုပ်ရေးအဖွဲ့ရဲ့ အစီအစဉ်ဖြစ်သည်။ လူတွေက မယုံကြလေ၊ စုန့်အာ့နန်ဟာ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါလာတဲ့အခါ သူတို့ရဲ့ တုံ့ပြန်မှုက ပိုပြီး ထိတ်လန့်အံ့ဩသွားကြမည်ဖြစ်သည်။
အဲ့ဒါက ဆိုရှယ်မီဒီယာမှာ သေချာပေါက်ကို ရေပန်းစားလာမှာ။
ဒီလိုအကျိုးသက်ရောက်မှု ရှိစေဖို့အတွက် ထုတ်လုပ်ရေးအဖွဲ့က နှုတ်ဆိတ်နေသည်။ စုန့်အာ့နန် ပါမယ်ဆိုတာကို သိထားတဲ့သူတိုင်းကို ဒါရိုက်တာက လုံးဝလျှို့ဝှက်ထားဖို့ ညွှန်ကြားထားသည်။
အင်တာနက်သုံးစွဲသူတွေက လုံးဝသတိမထားမိရုံသာမက အခြားသော နာမည်ကြီးဧည့်သည်များကလည်း အဲ့ဒီအကြောင်းကို မသိကြပါချေ။
လူတိုင်းကို အမှောင်ထဲတွင် ထိန်းသိမ်းထားတုန်းမှာ ကြိုးစားထား! အလုပ်ခွင်မှ လူသစ်များ အစီအစဉ်က မကြာခင်မှာဘဲရောက်လာသည်။
ရှိုးကို တိုက်ရိုက်ထုတ်လွှင့်ထားပြီး ဆေးရုံဝန်ထမ်းတွေက အခြားလုပ်ငန်းခွင်တွေရဲ့ ပုံမှန်အလုပ်ချိန်နဲ့ မတူတာကြောင့် ဧည့်သည်တွေအတွက် ထုတ်လုပ်ရေးအဖွဲ့ရဲ့လိုအပ်ချက်များမှာလည်း နည်းနည်းကွဲပြားသည်။
ရိုက်ကူးရေးကို 21 ရက်အတွင်း ပြီးအောင်အပြင်းအထန် ရိုက်ကူးရမည်ဖြစ်သည်။ အလုပ်သင်ဧည့်သည်တွေပဲဖြစ်ဖြစ်၊ နာမည်ကြီးတွေပဲဖြစ်ဖြစ်၊ ရိုက်ကူးရေး အဆင်ပြေချောမွေ့ဖို့အတွက် လူတိုင်းက အတူတကွ နေကြရမှာဖြစ်သည်။
ထုတ်လုပ်ရေး အဖွဲ့က B ဆေးရုံ အနီးရှိ ဗီလာနှစ်လုံးကို ငှားရမ်းခဲ့ပြီး တစ်ခုမှာ နာမည်ကြီး ဧည့်သည်များအတွက်ဖြစ်ပြီး နောက်တစ်ခုကတော့ အလုပ်သင် ဧည့်သည်တွေအတွက် ရိုက်ကူးရေးလုပ်တုန်းမှာ နေထိုင်ရန် ဖြစ်သည်။
အဲ့ဒီနေ့နံနက်စောစောမှာ ဖေးခွမ်က ရိုက်ကူးရေးနေရာကို လာတဲ့လမ်းမှာဖြစ်သည်။
လီတုန်က သူ့ကို လိုက်လျောညီထွေရှိစေဖို့ ထုတ်လုပ်ရေးအဖွဲ့ရဲ့ဇာတ်ညွှန်းကို ဖေးခွမ်ဆီ ကမ်းပေးလိုက်သည်။
reality show အားလုံးတွင် ဇာတ်ညွှန်းတွေက အနည်းအများတော့ရှိသည်။ သို့ပေမယ့် ဒီလို တိုက်ရိုက်ထုတ်လွှင့်မှုတွေကြောင့် ထိန်းချုပ်နိုင်စွမ်းမှာ အားနည်းသည်။ အနည်းဆုံးတော့ ချက်ချင်းတုံ့ပြန်မှုအချို့အတွက်၊ အနုပညာရှင်တွေ ကိုယ်တိုင်အပေါ်ဘဲ မူတည်သည်။
ဒီဟာက ဒီသုံးနှစ်အတွင်းမှာ ဖေးခွမ်ရဲ့ပထမဆုံးရှိုးဖြစ်သည်။ လီတုန်ကတော့ တော်တော်လေးသတိထားနေဆဲပင်။
"ပြီးတော့ ဒါက တခြား နာမည်ကြီး ဧည့်သည်ငါးယောက်ရဲ့ ပရိုဖိုင်တွေ။ သူတို့နဲ့ ကြိုပြီး ရင်းနှီးအောင်လုပ်ထားရမယ်"
ဖေးခွမ်က ပေါ့ပေါ့တန်တန် ခေါင်းညိတ်လိုက်ပြီး စာရွက်စာတမ်းတွေကို လှန်ကြည့်လိုက်သည်။
လီတုန် - "ဒါပေမယ့် လေ့လာရေးအဖွဲ့မှာ နောက်ထပ်ဧည့်သည်တစ်ယောက်ရှိသေးတယ်"
ဖေးခွမ် ရဲ့ မျက်ခုံးတွေက နည်းနည်းပင့်တက်သွားပြီး "နောက်ထပ်တစ်ယောက်လား?"
လီတုန်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ဒါပေမယ့် ထုတ်လုပ်ရေးအဖွဲ့က စိတ်မပူနဲ့လို့ပြောတယ်၊ ငါတို့နဲ့ ပဋိပက္ခရှိတဲ့သူ မဟုတ်ဘူး"
အဲဒီနေ့က အွန်လိုင်းပေါ်ရှိစကားပြောခန်းကို တွေ့ပြီး အဲဒီအကြောင်း သူမေးလိုက်သည်။ ဒါရိုက်တာက ဘယ်သူဘယ်ဝါကို ဖိတ်ကြားခဲ့လဲဆိုတာ အတိအကျ မပြောဘဲ သူတို့နဲ့ ပဋိပက္ခမရှိတဲ့သူလို့ဘဲ ပြောခဲ့သည်။ ဒါကြောင့် သူလည်း ထပ်မမေးတော့ပေ။
"အိုး ဟုတ်သား" လီတုန်က တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ သူက ဖေးခွမ်ကို ရုတ်တရက်ကြည့်လိုက်ပြီး အသိပေးလာသည်။ "ဟန်မင်က စုန့်လင်းချွမ် နဲ့ အမြဲတမ်း သဘောထားကွဲတယ်။ သူက သဘောထားသေးသိမ်တယ်။ စုန့်လင်းချွမ်ကြောင့် သူ မင်းကို ကောင်းကောင်းဆက်ဆံမှမဟုတ်ဘူး”
ဖေးခွမ်ရဲ့လက်ချောင်းတွေက ဟန်မင်ရဲ့ကိုယ်ရေးအကျဉ်း စာမျက်နှာကို အသာအယာပုတ်လိုက်ပြီး "စိတ်မပူပါနဲ့ ကျွန်တော်သူ့ကို ကိုင်တွယ်နိုင်တယ်"
လီတုန်လည်း ဖေးခွမ် ရဲ့ အရည်အချင်းတွေကို သဘာဝအလျောက် ယုံကြည်လိုက်သည်။ ဟန်မင်လို လူတစ်ယောက်နဲ့ ဆက်ဆံရမှာက ဒီလိုအခြေအနေမျိုးမှာ အရမ်းစိတ်ချယုံကြည်ချက်ရှိနေတဲ့သူအတွက် အားစိုက်စရာမလိုပေ။
ကားက လမ်းတစ်လျှောက် ခပ်မှန်မှန်မောင်းသွားသည်။
ဖေးခွမ်က မသမ်းမိခင် ဧည့်သည်ပရိုဖိုင်တွေကို ဖတ်လိုက်ပြီး ရှိုးဇာတ်ညွှန်းကို နည်းနည်းဖတ်လိုက်သည်။ သူ့စိတ်တွေ နည်းနည်းအားနည်းနေသလိုဘဲ။ သူ့ကိုယ်သူ နိုးနိုးကြားကြားဖြစ်အောင် လေကောင်းလေသန့်ရှူဖို့ ကားမှန်ချလိုက်သည်။
လီတုန်က သူ့ကို ကြည့်ရင်း စိုးရိမ်သွားသည်။ "မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးလား?"
ဖေးခွမ် က သာမာန်ကာလျှံကာ အင်းလို့ အသံပြုလိုက်သည်။
လီတုန်လည်း တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းချလိုက်သည်။ "မင်း အိပ်မပျော်ဖြစ်တာ ပိုဆိုးလာတဲ့ပုံဘဲ။ ဒီတစ်ခါတော့ ငါတို့တွေ ဆေးရုံမှာရိုက်မှာဆိုတော့ အဲ့ဒီမှာ မင်းအတွက် ကြိုပြီးစာရင်းသွင်းထားလိုက်မယ်"
ဖေးခွမ်က သူ့လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။ "အဆင်ပြေတယ်၊ တစ်ခါတစ်လေမှ ဖြစ်တာ၊ ကြီးကြီးမားမားကိစ္စမှ မဟုတ်ဘဲ"
လီတုန်စိတ်ထဲကနေ နည်းနည်း ကူကယ်ရာမဲ့သွားသည်။သူ့အကြောင်းကို သူကောင်းကောင်းမသိတာကျနေရော!
ဒါပေမယ့် နောက်ထပ် ဆွဲဆောင်မှုက အသုံးမဝင်တာကို သူသိသည်။ ဖေးခွမ်က ရိုးရိုးရှင်းရှင်းကိုဘဲ အကြံပေးချက် မလိုချင်တာ မဟုတ်ဘူးလား။ အနည်းဆုံးတော့ သူ ပြတ်ပြတ်သားသား ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီးတော့ သူ့ကို ဘယ်သူကမှ စိတ်ပြောင်းသွားအောင် မလုပ်နိုင်ဘူး။
ဒါပေမယ့် နောက်တစ်ခါ၊ သူ့ရဲ့ ဖိအားတွေက ဒီလွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကြီးမားလာပြီး တစ်နှစ်ပတ်လုံး ဒရာမာ ဇာတ်လမ်းတွဲတွေမှာဘဲ အချိန်ကုန်နှစ်မြုပ်ထားသည်။ ရှိုးမှာ နည်းနည်းလောက် အနားယူနိုင်ဖို့ ဒီဟာကို အခွင့်ကောင်းယူရမည်။
"အိုး ဟုတ်သားဘဲ၊ အန်တီလေးက B တက္ကသိုလ် ရဲ့ တွဲဖက်ဆေးရုံမှာ အလုပ်သင်လုပ်နေတယ် မဟုတ်လား? တစ်ရက်လောက် မင်းတို့စောစောတွေ့ရင် သူ့ကိုထမင်းစားဖို့ ဖိတ်လို့ရမယ်" လီတုန်က ပြောလာသည်။
"မင်းတို့နှစ်ယောက် ဒီနှစ်တွေမှာ သိပ်မဆုံကြဘူးမလား?"
ဖေးခွမ်က ပေါ့ပေါ့ပါးပါး အသံပြုကာ သဘောတူလိုက်ပြီး သူ့မျက်လုံးထဲမှာတော့ မယုံကြည်နိုင်မှုတွေ ဖြတ်ပြေးသွားသည်။
"ကျွန်တော်တို့တွေ့မှာပါ၊ သူက အလုပ်သင်ဆိုတော့ အလုပ်ရှုပ်နေမလားမသိဘူး"
-
ကြော်ငြာထားတဲ့အတိုင်း ကြိုးစားထား! အလုပ်ခွင်မှ လူသစ်များ ပထမဆုံးအပိုင်းကို စနေနေ့နံနက်တွင် ထုတ်လွှင့်ခဲ့သည်။
အဲ့ဒီနေ့မှာ လူအများအပြားက တိုက်ရိုက်ထုတ်လွှင့်ခန်းအပြင်ဘက်မှာ တန်းစီနေကြပြီး ထုတ်လုပ်ရေးအဖွဲ့က ဖိတ်ခေါ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်လှတဲ့ အကောင်ကြီးကြီး ဧည့်သည်က ဘယ်သူဖြစ်မလဲဆိုတာကို သိချင်နေကြသည်။
မနက် ၁၀ နာရီမှာ ရှိုးက တရားဝင်စသည်။
အဖွင့်ရိုက်ချက်ကတော့ လေ့လာတဲ့အခန်းဖြစ်သည်။ host နဲ့တရားဝင်ကြေငြာထားတဲ့ နာမည်ကြီးဧည့်သည် ခြောက်ယောက်က စားပွဲခုံနဲ့အတူ တန်းစီထိုင်နေကြသည်။
အဖွင့် အမှာစကားပြောပြီးတဲ့နောက်မှာ hostက ဧည့်သည်တွေကို ဘယ်ကနေညာအတိုင်း မိတ်ဆက် ခိုင်းလိုက်သည်။
ပထမဧည့်သည် ငါးဦးစလုံးက ဖျော်ဖြေရေးလောကထဲမဝင်ခင် ဆေးပညာကို ကိုယ်တိုင်လေ့လာဖူးတဲ့သူတွေ၊ ဆေးဘက်ဆိုင်ရာလုပ်ငန်းမှာ မိသားစုရှိတဲ့သူတွေနဲ့ ဆေးဘက်ဆိုင်ရာနောက်ခံအချို့ရှိကြသည်။
နောက်ဆုံးတော့ ဖေးခွမ်ရဲ့အလှည့်ရောက်လာသည်။
hostက ပြောလာသည်။ "နောက်တစ်ယောက်ကတော့ ကျွန်တော်တို့ရဲ့ ကြိုးစားထား! အလုပ်ခွင်မှ လူသစ်များ အစီအစဉ်က အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုရ ဖေးခွမ်ပဲ ဖြစ်ပါတယ်! ဂုဏ်ယူပါတယ်!"
အခြားဧည့်သည်တွေကလည်း သူ့ကို ဂုဏ်ပြုစကားပြောကြသည်။
ဖေးခွမ်က လူတိုင်းကို အပြုံးလေးနဲ့ ခေါင်းညိတ်ပြပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်က ဖေးခွမ်ပါ။ လေ့လာရေး အဖွဲ့မှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်၊ ဒါပေမယ့် ကျွန်တော့်မှာ တခြားဧည့်သညတွေလိုမျိုး ဆေးဘက်ဆိုင်ရာ နောက်ခံမရှိတော့ ဆေးပညာအကြောင်းကို ကျွန်တော်မလေ့လာဖူးပါဘူး"
"ဘာလို့ အဖိတ်ခံရတာလဲဆိုတော့၊ တစ်ခုတည်းသော ရှင်းပြချက်ကတော့ ကျွန်တော်က ဆရာဝန်ဇာတ်ကောင်နေရာတချို့မှာ ပါဖူးလို့ဖြစ်မယ်"
host က စနောက်လာသည်။ "ဖေးကတော့ အရမ်းနှိမ့်ချလွန်းနေပါပြီ။ မင်းမိသားစုမှာ ဆေးပညာလေ့လာတဲ့သူ တစ်ယောက်မှမရှိဘူးလို့ ဘယ်သူပြောလဲ?"
ဒီစာကြောင်းမှာတော့ နေရာမှာရှိတဲ့ ဧည့်သည်တွေက မတုံ့ပြန်နိုင်ပေမယ့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ အင်တာနက်သုံးစွဲသူတွေနဲ့ ဖန်တွေကတော့ အဲ့ဒီသက်ရောက်မှုကို အမိဖမ်းနိုင်လိုက်သည်။
[ဟားဟားဟား ဖေးခွမ်ရေ အဲ့ဒါ နင်မှားနေတာဘဲ။ နင်က နင့်ရဲ့ချစ်ရတဲ့အန်တီလေးရဲ့ တူလေးဖြစ်နေတုန်းဘဲလေ!]
[စီနီယာ အလုပ်သင်ရေ၊ ငါတို့ အရမ်းမနှိမ့်ချနေသင့်ဘူး။ ငါတို့ရဲ့ အန်တီလေးက ဆေးကျောင်းသူလေ!]
[ဘာအန်တီလေးလဲ? ဖေးခွမ်က ဆေးကျောင်းသားလား?]
[အိုး... အပေါ်ထပ်က ညီအစ်ကိုရေ ဒီအကြောင်းကို ရှင်းပြဖို့အတွက် အွန်လိုင်းမှာ ရှာရင် ပိုကောင်းပါတယ်နော်]
ဖေးခွမ်ကတော့ host စနေတာကို သဘာဝအလျောက် နားလည်ပေမယ့် သူက ငါးစာမဟပ်ဘဲ ပြုံးရုံဘဲ ပြုံးလိုက်သည်။ သူက စုန့်အာ့နန်အကြောင်းပြောဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ ထင်ရှားသည်။
host ကလည်း လိမ္မာပါးနပ်သူပီပီ ဒီအကြောင်းကို ထပ်မပြောတော့ပေ။ နောက်တော့ သူက အကြောင်းအရာကို တိုက်ရိုက်ပြောင်းလိုက်သည်။
"ကောင်းပါပြီ၊ ကျွန်တော်တို့ လေ့လာသူအဖွဲ့ရဲ့ဧည့်သည်တွေနဲ့ မိတ်ဆက်ပေးပြီးသွားပြီဆိုတော့နောက်လာမှာကတော့ ကျွန်တော်တို့ရဲ့အလုပ်သင် ကျောင်းသားတွေကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်!"
ပြောပြီးတာနဲ့ host က သူတို့ရှေ့ရှိ ဖန်သားပြင်ကြီးဆီ လက်ဟန်ပြလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို စခရင်နှစ်ခုအဖြစ် ချက်ခြင်းခွဲလိုက်သည်။ တစ်ခုက ရိုက်ကူးရေးအခန်းကို ပြနေပြီး၊ နောက်တစ်ဖက်ကတော့ အလုပ်သင်တွေဘက်ကို ပြထားသည်။
အွန်လိုင်းပေါ်ရှိ ပရိသတ်တွေဟာလည်း နားမလည်ဖြစ်သွားကြသည်။ လေ့လာသူအဖွဲ့မှာ နောက်ထပ် ဧည့်သည်တစ်ယောက် ကျန်သေးတယ်မဟုတ်ဘူးလား? သူက ဘယ်မှာလဲ?
ဧည့်သည်တွေလည်း နားမလည်ဖြစ်သွားကြကာ စိတ်ထဲမှာတော့ မနေနိုင်ဘဲ အံ့ဩသွားကြပေမယ့် အပြင်ပန်းမှာတော့ တည်တည်ငြိမ်ငြိမ်တဲ့ host ရဲ့ဦးဆောင်မှုနောက်ကို လိုက်လိုက်သည်။
ဒီလောက် လျှို့ဝှက်ထားတာက ဘယ်သူများလဲ? အလုပ်သင် ဧည့်သည်တွေကို မိတ်ဆက်ပြီးမှ ထွက်လာမှာများလား?
အလုပ်သင်တွေကိုတော့ အစည်းအဝေးခန်းမကြီးတစ်ခုမှာ မိတ်ဆက်ပေးသည်။
လောလောဆယ်တော့ အခန်းထဲမှာ ဘယ်သူမှ မရှိနေပေ။ ပြန့်ကျဲနေတဲ့ စားပွဲနဲ့ ကုလားထိုင်တွေပဲ ရှိသည်။ ကင်မရာက အမြန်လှည့်လိုက်ရာ ထိပ်ဆုံးကစားပွဲပေါ်တွင် အလုပ်သင်တစ်ယောက်စီရဲ့ ပရိုဖိုင်တွေကို တိပ်တွေနဲ့ ကပ်ထားပုံရပေမယ့် အတိအကျတော့ ပြောရခက်သည်။