တိတ်တဆိတ်မြင့်တက်နေတဲ့ ရှီမာမျိုးနွယ်
Vol. 110 Ch. 1535
ရှီမာယူယူ အစောပိုင်း ဝိညာဉ်သားရဲများထိန်းကျောင်းစဉ်က ရှီမာကျိယွင် နှင့် တခြားသူများသည် မည်သူကိုမှ စာချုပ်တည်ထောင်ခွင့်မပြုပေ။ နောက်ပိုင်း သားရဲထိန်းကျောင်းသူသခင်များ ထိန်းကျောင်းထားသော သားရဲ များကိုလည်း သားရဲထိန်းကျောင်းမှုကွင်းတွင် ထိန်းသိမ်းထားကာ မည်သူ့ကိုမှ စာချုပ်တည်ထောင်ခွင့်မပြုပေ။
ထို့ကြောင့်ပင် စာချုပ်တည်ထောင်စဉ်တွင် အဆင့်တက်နိုင်သည်ဆိုသည့် ဖြစ်နိုင်ချေကို သူတို့ကြားသိထားသော်လည်း ကိုယ်ပိုင်မျက်လုံးနှင့် မမြင်ဖူးပေ။
သို့သော် သူမသည် ထိုအခြေအနေကိုမြှင့်တင်ကာ အသေအချာ အာရုံ စိုက်ထားသည်။ အခုချိန်တွင် ရှီမာမျိုးနွယ်ကို တခြားသူများ အာရုံအစိုက်မခံရ ရန်မှာ အကောင်းဆုံးဖြစ်သည်။
“အခု ဝိညာဉ်သားရဲ ဘယ်လောက်ရှိလဲ”
“သုံးရာပါ”
ထိုဂဏန်းအရေအတွက်သည် မယုတ်မလွန်ဖြစ်မည်ဟု ရှီမာယူယူ ထင်ထားမိသည်။ သို့သော် ထိုသို့ဖြစ်လျှင်တောင် နှစ်ယောက်လုံးသည် အလွန် ထိတ်လန့်သွားလေသည်။
အကောင်ရေ သုံးရာကို ငါးလအတွင်း ထိန်းကျောင်းသည်ဆိုသည်မှာ တစ်လကို ခြောက်ကောင်ထိန်းကျောင်းသည်ဟု ဆိုလိုသည်။
“ဝူလင်းယူနဲ့ သမီးတို့အတူထိန်းကျောင်းထားတာပါ သူက သမီးထက် တောင်မြန်သေးတယ်” ရှီမာယူယူ ပြောလိုက်ရာ သူ မည်မျှမြန်ဆန်းသည်မှာ သူတို့ခန့်မှန်းသည့်အပေါ်တွင် မူတည်နေသည်။
“တောင်အနောက်မှာ လူစုဖို့အမိန့်ပေးလိုက်မယ်” ရှီမာကျိယွင် ပြော လိုက်သည်။
“သမီးအရင်သွားနှင့်လိုက်ပါမယ်” ရှီမာယူယူသည် တောင်အနောက် ဘက်နှင့် သိပ်မစိမ်းလှပေ။ သူမ ပထမဆုံးအကြိမ် အမွေရစဉ်က ထိုနေရာတွင် ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မိုးကြိုးအပစ်ခံခဲ့ရသည်။
သူမသည် တောင်အစုများရှိရာသို့ လာလိုက်သည်။ ထိုနေရာမှ ရှီမာ မျိုးနွယ်၏ ခြံဝန်းကို သေချာရှင်းလင်းစွာ မြင်ရသည်။
“ဒီမှာဘာတွေစဉ်းစားနေတာလဲ” ရှီမာချင်းသည် သူမဘေးတွင်ပေါ်လာ ပြီး သူမ ငေးငိုင်နေသည်ကိုမြင်သောအခါ မေးလေသည်။
“အရင်တုန်းက ရှီမာမျိုးနွယ် ဘယ်လောက်ကြီးကျယ်ခမ်းနားခဲ့လဲဆိုတာ ကို စဉ်းစားနေတာပါ” ရှီမာယူယူ မတ်တတ်ရပ်ပြီး ရှီမာချင်းကို ဦးညွှန်လေ သည်။
“အရင်တုန်းက ကျော်ကြားခဲ့တာတွေပါ၊ ငါတို့မြင်လည်းမမြင်ရသလို တွေးလို့လည်းမရဘူး၊ ဒါပေမဲ့ နောက်လာမယ့် ဂုဏ်ကျက်သရေကိုတော့ ခန့်မှန်းကြည့်လို့ရတယ်” ရှီမာချင်းသည် အသာအယာပြုံးပြီး သူမကိုကြည့် လိုက်သည်။
ရှီမာယူယူသည် သူဆိုလိုချင်သည့်အရာကို သေချာပေါက် နားလည် သည်။ အင်ပါယာဝိညာဉ်သားရဲကျမ်းနှင့် ဝိညာဉ်ပေါင်းစပ်ခြင်းသိုင်းအပြင် ထောင်ချီသော ရှေးဟောင်းဝိညာဉ်သားရဲများနှင့် ဝိညာဉ်တစ်ဝက်ကျမ်းကို ရှီမာယူယူ သူတို့ကိုပေးခဲ့သည်။ ထိုအရာသည် သူတို့ဝိညာဉ်သခင်များ၏ စိတ် စွမ်းအင်များကို သေချာပေါက် အားကောင်းစေသည်။ ထိုအရာများအားလုံး ပေါင်းပြီးသည့်တိုင်အောင် ရှီမာမျိုးနွယ်မမြင့်တက်လာပါက နောက်ပိုင်း မျိုးဆက်များကို တန်းစီအပြစ်ပေးရမည်။
“ဘိုးဘေးကြီး တံခါးပိတ်ကျင့်ကြံဖို့သွားရမှာမဟုတ်ဘူးလား၊ ဒီကိုဘာ အတွက်လာတာလဲ”
“ငါတို့မျိုးနွယ် မြင့်တက်ဖို့အစကိုကြည့်ဖို့လာတာလေ”
“ဒီအတိုင်း စာချုပ်တည်ထောင်တာပဲမဟုတ်ဘူးလား ဒီလိုရောက်လာဖို့ ကို ကိုယ့်ကိုယ်ကိုဒုက္ခရှာဖို့မလိုပါဘူး”
“ဒါက အဓိပ္ပာယ်အရမ်းရှိတယ်”
ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ သူတို့ အမြင့်ရောက်ဖို့အတွက် တကယ်ပဲ အမှတ်အသားတစ်ခုပဲ။ အင်း… တကယ်ပဲ အဓိပ္ပာယ်ရှိတယ်။
သူမသည် အပြင်တွင် စာချုပ်တည်ထောင်ရန် သားရဲများကို ပြင်ဆင်ထား သည်မှာကြာပြီဖြစ်သည်။ တောင်တွင်လည်း ဝိညာဉ်သားရဲအငွေ့အသက်ဖြင့် ပြည့်နေသည်။ ရှီမာကျိယွင် ရှီမာမျိုးနွယ်၏ တပည့်များကိုခေါ်လာသည့်အချိန် ဝိညာဉ်သားရဲများကို မြင်သည်နှင့် လုံးဝပင် မှင်တက်သွားလေသည်။
သိထားသည်မှာ အကြောင်းအရာတစ်ခုဖြစ်သလို မြင်ရသည်မှာ လုံးဝ မယှဉ်နိုင်သော ခံစားချက်ဖြစ်သည်။
“ယူယူ ဒါတွေအကုန်လုံးက ရှေးဟောင်းဝိညာဉ်သားရဲတွေလား” ရှီမာချီချီနှင့် ရှီမာယူယူတို့သည် အသိအကျွမ်းများဖြစ်သဖြင့် ပတ်ပတ်လည်ကို မြင်သောအခါ ပြေးလာသည်။
“ဟုတ်တယ် နင်ကြိုက်တာ တစ်ကောင်သွားရွေးလိုက်” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။
“ဟုတ်ပြီ”
ရှီမာယူယူ ပြောသည့်စကားကို မကျေနပ်သည့်သူမရှိပေ။ သားရဲများကို ခေါ်လာသူမှာ ရှီမာယူယူဖြစ်သဖြင့် အားလုံးသည် သူမကို ကျေးဇူးတင်ကြ သည်။
“မင်းတို့လည်းသွားပြီး ရွေးကြလေ” ရှီမာကျိယွင်သည် ညွှန်ကြားလိုက် ရာ အားလုံးသည် ပျော်ရွှင်စွာဖြင့် စာချုပ်သားရဲများကို ရွေးကြလေသည်။
ထိုနှစ်တစ်ဝက်တွင် သူတို့သည် ရှီမာယူယူ ပေးထားသော ဝိညာဉ်ကျမ်း ကို ကျင့်ကြံခဲ့ကြသည်။ သူတို့၏ အံ့ဖွယ်အာရုံသည်လည်း များစွာ အားကောင်း လာပြီဖြစ်သည်။ တခြားသောဝိညာဉ်သားရဲကို ကျင့်ကြံသည်မှာ ပြဿနာ မဟုတ်တော့ပေ။
လျင်မြန်စွာပင် အားလုံးသည် သူတို့၏ ဝိညာဉ်သားရဲကို ရွေးပြီးလေ သည်။ ရှီမာကျိယွင်သည် စာချုပ်တည်ထောင်ခိုင်းပြီး ဘေးမှစောင့်ကြည့်လေ သည်။
ဘိုးဘေးများစောင့်ကြည့်နေသဖြင့် စာချုပ်တည်ထောင်သည့် လုပ်ငန်း စဉ်တွင် မည်သူမှ ထိခိုက်မည်ကို စိုးရိမ်ရန်မလိုတော့ပေ။ သည်လိုနှင့် သူတို့ အားလုံးသည် စာချုပ်ကိုစတင် တည်ထောင်လေသည်။
သားရဲထိန်းကျောင်းသူသခင်များလည်း ရောက်လာကြသည်။ သူတို့သည် သတင်းအရသာကြားထားသော အံ့ဖွယ်ဖြစ်ရပ်ကို ကိုယ်ပိုင်မျက်လုံးနှင့် ကြည့် ချင်ကြသည်။ စာချုပ်တည်ထောင်ခြင်းလုပ်ငန်းစဉ်သည် လျင်မြန်စွာပင် ပြီးဆုံး သွားသည်။ လူသားခန္ဓာကိုယ်နှင့် ဝိညာဉ်သားရဲ ခန္ဓာကိုယ်မှ စာချုပ်အလင်း တန်းပေါ်လာပြီးနောက်တွင် သူတို့ကို အဆင့်တက်သည့်အလင်းတန်းသည် ထပ်မံဝန်းရံလေသည်။
တချို့မှာ အဆင့်တစ်ဆင့်တက်ကာ တခြားသူများသည် အဆင့်နှစ်ဆင့် တက်ကြလေသည်။
“တကယ် ဖြစ်သွားပြီပဲ”
သားရဲထိန်းကျောင်းသူသခင်များ အားလုံး ပျော်ရွှင်ကြသည်။ သူတို့သည် စာချုပ်တည်ထောင်ပြီးနောက်တွင် အဆင့်တက်ကြသည်။ တခြားကိစ္စများ ပြောရန်မလိုအောင်ပင် သူတို့စာချုပ်တည်ထောင်မည့် အနာဂတ်သားရဲများ သည် တခြားသူများထက်ပင် သေချာပေါက် များစွာအားကောင်းလိမ့်မည်။
ရှီမာကျိယွင်နှင့် တခြားသူများ၏ မျက်နှာများတွင် ပျော်ရွှင်မှုများ ဖုံးမရ ဖိမရဖြစ်နေသည်။
“ဒါကို အရမ်းကြီးမမှီခိုသေးနဲ့ဦး၊ ဒါက ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက် အခြေခံ အရေးကြီးတာပဲရှိသေးတယ်၊ အရင်တုန်းက မရှိဖူးလို့ ဒီလောက်ကြီးထွားနိုင် တာ၊ ကိုယ့်ခန္ဓာကိုယ်က စွမ်းအားရလာတာနဲ့ တဖြည်းဖြည်းနှေးသွားလိမ့်မယ်၊ ပြီးတော့ ရှေးဟောင်းဝိညာဉ်သားရဲတွေက အရမ်းအားကောင်းတယ်၊ ပြီးတော့ ပြန်လည်းရိုက်ခတ်နိုင်တယ်၊ သာမာန်ဝိညာဉ်သားရဲသာဆိုရင် တူညီတဲ့ သက်ရောက်မှု သေချာပေါက်ရှိနိုင်မှာမဟုတ်ဘူး” ရှီမာယူယူသည် သူတို့၏ ဝိညာဉ်အတွင်းသို့ ရေအေးတစ်ပုံးလောင်းထည့်ပေးလိုက်သည်။
“ဒါလည်း မဆိုးပါဘူး” ရှီမာကျိယွင်သည် ပြုံးပြီးပြောလေသည်။
စဉ်းစားကြည့်ရာ အရည်အချင်းတူသည့် လူငယ်မျိုးဆက်များသည် ကျင့်စဉ်အဆင့် အတူတူလောက်ပင်ဖြစ်ကြသည်။ သို့သော် သူတို့မျိုးနွယ်၏ နောက်ပိုင်းမျိုးဆက်သည် စာချုပ်များကြောင့် အဆင့်တက်သွားပါက သူတို့နှင့် ဂုဏ်ရည်တူသူများနှင့် ယှဉ်လျှင် သူတို့သည် သေချာပေါက် အားသာမည်ဖြစ် သည် မဟုတ်ပါလား။
အဆင့်တက်သည့် အလင်းတန်းများ ဆက်လက်တောက်ပကာ တောင် တစ်ခုလုံးကို ဖုံးအုပ်သွားတော့သည်။ အလင်းတန်းများနှင့်အတူ သူတို့ မျိုးနွယ် မြင့်တက်သွားသည့်ပုံရိပ်ကိုပါ မြင်မိကြသည်။
အချိန်အတန်ကြာပြီး အဆင့်တက်သည့်လုပ်ငန်းစဉ်ပြီးသွားသည်နှင့် အားလုံးသည် သတိပြန်ဝင်လာကြကာ ပျော်ရွှင်မှုများ ပြည့်နှက်သွားကြတော့ သည်။
စာချုပ်တည်ထောင်သည်နှင့် သခင်နှင့် ဝိညာဉ်သားရဲများအဆင့်တက် သည်ဟု အရင်က မကြားဖူးကြပေ။
ရှီမာကျိယွင်သည် စာချုပ်တည်ထောင်သည်နှင့် အဆင့်တက်သည် ဆိုသည်ကို သူကိုယ်တိုင်မျက်လုံးနှင့်မမြင်ဖူးသဖြင့် အစပိုင်းက သူတို့ကိုပြော မထားပေ။ ရှီမာယူယူမှ အာမခံထားသော်လည်း မည်သို့ပင်ဖြစ်စေကာမူ အရေး ကြီးသည့်အချိန်တွင် ဖြစ်မလာပါက သူတို့ပျော်ရွှင်မှုသည် အလဟသဖြစ်သွား မည်မဟုတ်ပါလား။ ထို့ကြောင့်ပင် မျိုးနွယ်ဝင်များသည် စာချုပ်တည်ထောင် သည်နှင့် အဆင့်တက်မည်ဖြစ်ကြောင်းကို မသိထားကြပေ။
ရှီမာယူယူသည် ပြီးခါနီးသည်ကို မြင်သည်နှင့် ရှီမာကျိယွင်ဘက်သို့လှည့် ကာ ပြောလိုက်သည် “ဘိုးဘိုးကြီး နောက်လတွေမှာလည်း သမီး စာချုပ် တည်ထောင်ဖို့အတွက် ထိန်းကျောင်းပြီးသား သားရဲတွေကို ပို့ပေးမယ်၊ အဲအချိန်ကျရင် ဒီနေ့လိုပဲ လူခေါ်ပြီး စာချုပ်တည်ထောင်ခိုင်းလိုက်ပါ၊ သမီး တံခါးပိတ်လုပ်မယ် ဘယ်သူ့ကိုမှ မနှောင့်ယှက်ခိုင်းပါနဲ့”
“ဟုတ်ပြီ” ရှီမာကျိယွင်သည်လည်း သားရဲထိန်းကျောင်းရသည်မှာ မည်မျှ ခက်ခဲကြောင်းကို သိသဖြင့် သူမ တံခါးပိတ်လုပ်မည်ကို မည်သူမျှမနှောင့်ယှက် ရန်အမိန့်ထုတ်လိုက်သည်။
“ဒါဆိုရင် သမီးနှုတ်ဆက်ပါတယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် လှည့်ကာ တောင်အနောက်မှ ထွက်ခဲ့လိုက်သည်။
“ဒီကောင်မလေးတော့… တကယ်ပဲ”
ရှေးဟောင်းစာချုပ်သားရဲရသော လူများသည် အဆင့်တက်ကြသည်။ သူတို့သည် သေချာပေါက် သူမကို ကျေးဇူးတင်ရမည်ဖြစ်သည်။ သို့သော် သူမ သည် ဒီအတိုင်းသာထွက်သွားခဲ့သည်။
“ဒီကလေးကတော့ အကျင့်ကလေး ကောင်းရှာတယ်”
နောက်ပိုင်းတွင် ရှီမာယူယူသည် တံခါးပိတ်ကျင့်ကြံသည်။ သို့သော် သူမ သည် ဝိညာဉ်သားရဲထိန်းကျောင်းရန်အတွက် သီးသန့်နေခြင်းမဟုတ်ပေ။ သူမသည် အဂ္ဂိရတ်ဆေးပညာနှင့် လက်နက်ပညာတို့ကိုပါ လေ့လာရန် အချိန် ယူသည်။ နှစ်တစ်ဝက်ကြာပြီးနောက်တွင် သူမ ထွက်လာပြီး စာချုပ် တည်ထောင်ရန် ထိန်းကျောင်းပြီးသား သားရဲအကောင်တစ်ရာကို ထုတ်ပေး လိုက်သည်။
စာချုပ်သားရဲများကို မည်သို့ခွဲဝေသည်ကိုတော့ သူမ ဂရုမစိုက်ပေ။ သူမ သည် “ထိန်းကျောင်းပြီးသား သားရဲ” ဟုအမည်တပ်ပြီး သားရဲများကို ပေးပြီး သည်နှင့် ထွက်သွားခဲ့သည်။
နှစ်နှစ်ကြာပြီးနောက်တွင် ရှီမာယူယူထိန်းကျောင်းထားသော သားရဲများ နှင့် သားရဲထိန်းကျောင်းသူသခင်များ ထိန်းကျောင်းထားသည့်သားရဲများ အားလုံးကို ရှီမာမျိုးနွယ်ဝင်များ စာချုပ်တည်ထောင်ရာ အားလုံးပေါင်း ရှေးဟောင်းဝိညာဉ်သားရဲများ သုံးထောင်ကျော်လေသည်။ မျိုးနွယ်ဝင်များ အားနည်းသည်ဖြစ်စေ အားကောင်းသည်ဖြစ်စေ တစ်ကောင်စီအချိုးကျရကြ လေသည်။
ထိုအချိန်တွင် သူတို့သည် မျှော်လင့်ချက်များကို ချိုးနှိမ်ပြီးသားဖြစ်သည်။ ပြောဖို့လိုအပ်နေသည်မှာ… မဖွင့်ရသေးတဲ့ ကျောက်ရုပ်ထုတွေကိုသူတို့ သူမ ကိုဘယ်လိုပြန်ပေးရမှာလဲ။
“ဒီကောင်မလေးတော့ သတ္တုတွင်းတစ်ခုလုံးကို ယူလာတာတော့ မဟုတ် ဘူးမလား” ရှီမာဟော်ရွှမ်း သက်ပြင်းချလေသည်။
“တစ်ခုလုံးမဟုတ်ရင်တောင် တစ်ခုလုံးနီးပါးပဲနေမှာ” ရှီမာကျိယွင်သည် ဂုဏ်ယူစွာဖြင့်ပြောလေသည်။
ထိုအဖြစ်အပျက်များသည် ငါးနှစ်အတွင်း ဖြစ်သွားခြင်းဖြစ်သည်။ ရှီမာယူယူ မျိုးနွယ်သို့ ပြန်လာသည်မှာ ငါးနှစ်ပင် မပြည့်သေးပေ။ တခြားသူများ အတွက်ကတော့ တိုတောင်းသည့်အချိန်ဖြစ်နိုင်သော်လည်း ရှီမာမျိုးနွယ်တွင် ကောင်းကင်ကိုဆန့်ကျင်လာက်သည့် အပြောင်းအလဲဖြစ်ခဲ့သည်။ သူတို့သည် နှုတ်ဆိတ်နေကြကာ မြင့်တက်သွားသည့်အဖြစ်ကို မည်သူကိုမှ ပေးမသိပေ။
ထိုအချိန်တွင် အပြင်မှ အစောင့်သတင်းပို့လာသည် “ခေါင်းဆောင်… ဟော်မျိုးနွယ်ရဲ့ခေါင်းဆောင်နဲ့ သခင်မတို့လာပါတယ် သူတို့က သခင်မလေးကို တွေ့ချင်နေကြပါတယ်”
***