← Chapters

အခန်း (၉၃)

Vol. 7 Ch. 93

အခန်း (၉၃)

Vol. 7 Ch. 93

သူပြောတာကို နားထောင်ရင်း ဖေးခွမ် ရဲ့ မျက်ခုံးလေးလေးနက်နက် တွန့်ချိုးသွားသည်။ "ဒီသတင်းကို ဘယ်ကကြားတာလဲ?"

"ရှဲ့ဝမ်ထောင်ရဲ့ ဒရိုင်ဘာဆီကလေ။ သူက ငါ့ညီအကိုတစ်ယောက်ရဲ့ ဆွေမျိုးတော်တယ်။ သူ့ဆီကနေ သတင်းရဖို့ ငါအထူးတလည် ကြိုးစားထားရတာ" လောရိက ပြောလာသည်။

ဖေးခွမ်ရဲ့ အကြည့်တွေက စူးရှလာသည်။

ဒါသာအမှန်ဆိုရင် ရှဲ့မိသားစုတော့ ဒီတစ်ခေါက် ပြန်နလန်ထူနိုင်ဖို့ ခက်လိမ့်မည်။

ဒါပေမယ့် ဒါက သူနဲ့ ဘာဆိုင်လို့လဲ?

" ရှဲ့ မိသားစုက ကမောက်ကမ ဖြစ်နေပြီ။ ရှဲ့ဝမ်ထောင်က ကျန်နေတဲ့လောင်းကစားကြွေး အပေါက်ကို ဖြည့်ဖို့ ရှဲ့အကြီးအကဲဆီကနေ အပြင်းအထန် ကြိုးစားနေတယ်။ မဟုတ်ရင်လည်း သူတို့ သူ့တံခါးကိုလာခေါက်လိမ့်မယ်" လောရိကဆိုလာသည်။

သူက သူ့လျှာကို ကျစ်သတ်လိုက်ပြီး ဆန်းကျယ်စွာနဲ့ပြောလာသည်။ "ဒီတစ်‌ခေါက်လည်း တခြားတစ်ခုကို ငါတွေ့ထားသေးတယ်၊ အဆင်သင့်ပြင်ထား"

ဖေးခွမ်က စိတ်မရှည်တော့ပေ။ "ဝေ့လည်ချောင်ပတ်လုပ်နေတာရပ်တော့"

"မင်းနဲ့ ရှဲ့ယင်း စေ့စပ်ပြီးရင် ရှဲ့မိသားစုအာဏာကိုလွှဲပြောင်းပေးမယ်လို့ ရှဲ့မိသားစု အကြီးအကဲက ဆေးရုံကုတင်ပေါ်မှာ ပြောခဲ့တာကို ကြားထားတယ်။ ရှဲ့ဝမ်ထောင်တော့ မင်းအမေကို မကြာခင် မင်းနဲ့ စကားလာပြောခိုင်းလိမ့်မယ်၊ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားတော့" လောရိက ပြောလာသည်။

ဖေးခွမ်က မပြောခင် စက္ကန့်နည်းနည်းလောက် နှုတ်ဆိတ်နေပြီးမှ "သူ ငါနဲ့ စကားလာပြောပြီးသွားပြီ"

"ဘာ!" လောရိက အံ့အားသင့်စွာနဲ့ ခပ်မတ်မတ်ထိုင်လိုက်သည်။ "မင်းအမေ အဆင်ပြေရဲ့လား? မင်းရဲ့ဆက်ဆံရေးက ညံ့ဖျင်းပေမဲ့ သူ့သားကိုတော့ သူဒီလိုလုပ်မှာ မဟုတ်ဘူးမလား?"

သူတို့နှစ်ယောက် ဆက်ဆံရေးမကောင်းမှန်း သူသိပေမယ့် ဦးနှောက်တစ်ဝက်ရှိတဲ့ သူတစ်ယောက်ဆိုရင်တောင် သူတို့သားကို မီးတွင်းထဲ ပြောင်ပြောင်တင်းတင်း တွန်းချမှာ မဟုတ်ပေ။

ဖေးခွမ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်သည်။ "ဘာလို့ မဖြစ်နိုင်ရမှာလဲ? သူ့မျက်လုံးထဲမှာ ငါက ရန်သူပဲ"

လောရိက မပြောခင် ခဏလောက် ထိန်းထားလိုက်သည်။ "ရှဲ့ဝမ်ထောင်လည်း မင်းအမေကို ဆိုးဆိုးရွားရွား ဖုံးကွယ်ထားမှာပဲ"

ဖေးခွမ်က ခပ်တိုးတိုး ရယ်လိုက်ပြီး "ကောင်းပါပြီ၊ ရပ်တော့။ ငါလည်း ဒီလောက်ထိ မပျော့ညံ့ပါဘူး"

လောရိက အဲ့ဒါကိုတွေးကြည့်လိုက်တော့ အမှန်ဘဲဆိုတာ သဘောပေါက်လိုက်သည်။ သူ ဖေးခွမ်ကို နှစ်ပေါင်းများစွာ သိကျွမ်းခဲ့တာဖြစ်ပြီး သူ့ရဲ့ မိသားစု အခြေအနေဟာလည်း အသစ်အဆန်း မဟုတ်ပေ။ ဖေးခွမ်က အဲ့ဒီအတွက်ကြောင့်နဲ့ အားနည်းပျော့ညံ့တာကို သူတကယ် မမြင်ဖူးပါ‌ချေ။

"ငါ့မှာပြောစရာရှိတယ်၊ ဒီ ရှဲ့မိသားစု အကြီးအကဲက မင်းကို တကယ် မျက်စိကျနေတာပဲ၊ ဘာကိစ္စပဲဖြစ်ဖြစ်သူက မင်းဘက်ကိုပဲ ပုတ်ထုတ်တာနော်"

အစကတော့ရှဲ့ဝမ်ထောင်ရဲ့ စိတ်ကူးက ရှဲ့ယင်နဲ့ ဖေးခွမ်တို့ကို စေ့စပ်ပေးဖို့ပင်။ အဲ့ဒီအချိန်မှာ သူဟာ တိတ်တဆိတ် ရင်းနှီးမြုပ်နှံပြီး ငွေအနည်းငယ် ဆုံးရှုံးသွားတာကြောင့် အပေါက်ဖြည့်ဖို့အတွက် ဖေးခွမ်ကိုအသုံးချလိုခဲ့သည်။

နောက်ပိုင်းမှာ ဖေးခွမ် ဒါကို သိသွားတော့ ရှဲ့အကြီးအကဲကို ပြောပြလိုက်ပြီး ဒီကိစ္စကို ရုပ်သိမ်းခိုင်းလိုက်သည်။

သို့ပေမယ့် နောက်ပိုင်းတွင် ရှဲ့အကြီးအကဲက ဖေးခွမ်ကို သတိထားမိလာသည်။ သူဟာ နာမည်ကြီးလာရုံတင်မက ရင်းနှီးမြှုပ်နှံမှုများတွင်လည်း အောင်မြင်ကြောင်း သိရှိလာရတဲ့အခါ ရှဲ့အကြီးအကဲက အဲ့ဒီလိုအတွေးတွေကို အမှန်တကယ်ဘဲ စတင်ခဲ့သည်။

ရှဲ့ဝမ်ထောင်နှင့် ကျန်းမန်တွင် သားသမီးမရှိသလို ဖေးခွမ်၏ အိမ်ထောင်စု စာရင်းဟာလည်း ရှဲ့ မိသားစုတွင် မရှိတာကြောင့် အဲ့ဒီကိစ္စနှင့် ပတ်သတ်၍ မသင့်တော်တာမရှိပေ။

အထူးသဖြင့် ရှဲ့ဝမ်ထောင်သည် ဤတစ်ကြိမ်တွင် ဒီလိုမျိုး ဘေးအန္တရာယ်ကြီးတစ်ခု လုပ်ပြီးသည့်နောက် ရှဲ့အကြီးအကဲ၏ ဤစိတ်ကူးဟာပိုလို့ပင် ခိုင်မာလာခဲ့သည်။

သို့သော် အခြားသူများက ယင်းကို သဘောမပေါက်ပေမယ့် လောရိကတော့ ဖေးခွမ်၏ စွမ်းဆောင်ရည်နှင့် ခွန်အားအပေါ် ရှင်းရှင်းလင်းလင်း သိထားသည်။

သူချဲ့ကားပြောတာမဟုတ်ပေ။ ဖေးခွမ်၏ လက်ရှိကိုယ်ပိုင်ပိုင်ဆိုင်မှုတွေက ရှဲ့မိသားစုအတွက် သူနဲ့ယှဉ်နိုင်ဖို့ နေရာမရှိပေ။

သေချာပေါက်ကို သူတို့ယှဥ်ချင်ရင်တောင် ဖေးခွမ်ရဲ့ အနေအထားအရ သူဟာ သူတို့ အလွယ်တကူ ခြယ်လှယ်နိုင်တဲ့သူ မဟုတ်ပေ။

"ရှဲ့ဝမ်ထောင်က သူ့အသက်နဲ့တောင် ပြဿနာရှာနေသေးတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ စားလိုက်သောက်လိုက် ပျော်ပျော်နေနေတာက ပိုကောင်းသေးတယ် မဟုတ်ဘူးလား? ဒီမဟုတ်တမ်းတရားတွေက ဘာအဓိပ္ပာယ်လဲ?" လောရိကတော့ ရှဲ့ဝမ်ထောင်ရဲ့ အတွေးတွေကို နားမလည်ပါချေ။

အခု ဖြစ်ပျက်ခဲ့တာကို ကြည့်လိုက်ရင် သူဟာဒီလိုအသက်ကြီးနေ‌တာတောင်မှ မိသားစု ဥစ္စာကို ဖြုန်းတီးပစ်သည်။ ဒါကသေခြင်းတရားကို တောင်းဆိုနေတာ မဟုတ်ဘူးလား?

ဖေးခွမ်က ဂရုမစိုက်တဲ့ လေသံနဲ့ပြောလိုက်သည်။ "ဘယ်သူသိမှလဲ၊ သူက သူ့ကိုယ်သူ သိပ်အထင်ကြီးနေတာ ဖြစ်မှာပေါ့"

ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတဲ့ လူလတ်ပိုင်းအရွယ်တွေက အန္တရာယ်အရှိဆုံးပင်။

လောရိက ရုတ်တရက် တစ်ခုခုကို တွေးမိပြီး မေးလာသည်။ "ဖေးခွမ် ရှဲ့မိသားစု တကယ်ကျသွားရင် မင်းအမေဘက်ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ မင်းစီစဥ်ထားလဲ?"

ဘယ်လိုဘဲဆိုဆို သူတို့ရဲ့ တရားဝင် သွေးသားတော်စပ်မှုကိုတော့ အလွယ်တကူ ဖြတ်တောက်ဖို့ မဖြစ်နိုင်ပေ။

ဖေးခွမ် ပြန်မဖြေခင် အတော်ကြာ တိတ်ဆိတ်နေသည်။ “ငါ သင့်တော်တာကို လုပ်မယ်။ သူ ငါ့ကို စားစရိတ် တောင်းရင် ဥပဒေအရ လိုအပ်တာတွေ ပေးလိုက်မယ်"

"ကျန်တာတွေကိုတော့ မေ့ထားလိုက်မယ်"

-

လွန်ခဲ့သည့်ရက်အနည်းငယ်က သူတို့နေထိုင်ရာဝင်ပေါက်တွင် ကျန်းမန်နှင့် တိုးပြီးကတည်းက စုန့်အာ့နန်တစ်ယောက် ရက်နည်းနည်းလောက် ဆက်တိုက်အလုပ်လုပ်ပြီးတဲ့နောက် ဖေးခွမ်ရဲ့အိမ်ဆီ တိုက်ရိုက်သွားလိုက်သည်။

ရက်အတော်ကြာ လျှို့ဝှက်စွာ စောင့်ကြည့်ခဲ့ပြီး သူ့တွင် ဘာမူမမှန်မှုတွေကိုမှ မတွေ့ရတော့တဲ့အတွက် နောက်ဆုံး သူမစိတ်အေးသွားရသည်။

ဖေးခွမ်အနေနဲ့ စုန့်အာ့နန် စိုးရိမ်နေတာကို သဘာဝအလျောက်သိပေမယ့် ထုတ်မပြဘဲ ထိန်းထားကာ သူမကို စိတ်အေးအောင်ထားလိုက်သည်။

ရှဲ့မိသားစုကိစ္စအပေါ် ဖေးခွမ်က အချိန်အတိုင်းအတာတစ်ခုအထိ သတိထားနေပြီး ကျန်းမန် သူ့ကို နောက်တစ်ကြိမ် ထပ်နှောက်ယှက်လာမှာကိုတောင် သူ အသင့်ပြင်ထားသည်။

ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ကျန်းမန်က သူ့ကို အချိန်အတော်ကြာ ထပ်ပြီး အနှောက်အယှက်မပေးခဲ့ပေ။ ရှဲ့မိသားစုကိစ္စတွေက သူတို့ရဲ့အာရုံအားလုံးကို သိမ်းပိုက်ထားတာဖြစ်လိမ့်မည်။

ဩဂုတ်လနှောင်းပိုင်းနဲ့ စက်တင်ဘာလအစောပိုင်းလောက်မှာ ဖေးခွမ်ရဲ့ အားလပ်ရက်တွေလည်း ကုန်ဆုံးလုနီးပါးဖြစ်လာပြီး အလုပ်တွေ တဖြည်းဖြည်း များလာသည်။

စုန့်အာ့နန်လည်း ကျောင်းပြန်တက်ရတော့သည်။ သူမက B တက္ကသိုလ်တွင် ရှစ်နှစ်ကြာ ဆေးကုသမှုဆိုင်ရာ အတန်းတွင် ဆဋ္ဌမနှစ် ရောက်နေပြီဖြစ်သည်။ သင်ရိုးညွှန်းတမ်း အစီအစဉ်ကို အခြေခံ၍ ပထမငါးနှစ်သည် ဘွဲ့ကြိုအပိုင်းဖြစ်ပြီး နောက်ဆုံးသုံးနှစ်မှာ မာစတာနှင့် ပါရဂူအပိုင်းဖြစ်သည်။

သုံးနှစ်အတွင်း ကျောင်းစာ ခြောက်နှစ်စာကို ပြီးအောင် လုပ်ရတာက သဘာဝအားဖြင့် ဖိအားကြီးသည်ဟုဆိုနိုင်သည်။

ကျောင်းစတက်သည်နှင့် စုန့်အာ့နန်လည်း အလုပ်များလာသည်။ သူမ၏ အကြံပေးဆရာရဲ့ စီစဉ်မှုအရ၊ သူမက ယခုအချိန်မှာ ဆေးရုံတွင် အလုပ်သင်လုပ်နေရသေးပေမယ့် မကြာခင် နှလုံးနှင့်သက်ဆိုင်တာတွေကို စတင်လေ့လာရတော့မည်ဖြစ်သည်။

တစ်ချိန်တည်းမှာဘဲ၊ ကျောင်းတွင် အခြားသော သုတေသန လိုအပ်ချက်တွေလည်း ရှိနေတဲ့အတွက် သူမရဲ့အချိန်ဇယားမှာ အပြည့်ဖြစ်နေသည်။

ဒါကြောင့် ကျောင်းစတက်ရတာနဲ့ စုန့်အာ့နန်လည်း စုန့်လင်းချွမ်ရဲ့နေရာမှာ မနေတော့ဘဲ ကျောင်းဝင်းထဲကိုပဲ တိုက်ရိုက်ပြန်သွားလိုက်သည်။

ဒါပေမယ့် သူမရဲ့ ရံဖန်ရန်ခါပိတ်ရက်တွေမှာတော့ ဖေးခွမ် အိမ်မှာရှိတဲ့အချိန်နဲ့ တိုက်သည်။ သူမက ဖေးခွမ်ကို စိုးရိမ်နေသေးတာကြောင့် တစ်ခါတစ်လေတော့ သွားကြည့်တတ်သည်။

သို့သော်လည်း ဖေးခွမ်ရဲ့ အခြေအနေက ပိုပို ကောင်းလာခဲ့သည်။ သူ့ရဲ့အိပ်မပျော်ဖြစ်တာတွေဟာလည်း တဖြညးဖြည်းနဲ့ နည်းလာသည်။ ဆေးရုံမှာ သူနောက်တစ်ခေါက် သွားပြတော့ ဒေါက်တာရှုက သူတော်တော်ပြန်ကောင်းနေပြီလို့ ဆိုလာသည်။

အရာရာတိုင်းသည် အပြုသဘောဆောင်တဲ့ ဦးတည်ချက်ဆီ တိုးတက်နေပုံရသော်လည်း အချို့ကိစ္စတွေကိုတော့ ရှောင်လွှဲ၍ မရပေ။

အဲ့ဒီနေ့ စုန့်အာ့နန် အလုပ်ကနေထွက်လာတုန်း သူနာပြုတွေရဲ့ဌာနကို သူမ ဖြတ်သွားတုန်းမှာ သူနာပြုတွေက တစ်ခုခုအကြောင်း အတင်းအဖျင်း ပြောနေကြတာကို သူမ တွေ့လိုက်ရသည်။

ဒါပေမယ့် သူမအနားရောက်သွားတာနဲ့ ဆွေးနွေးနေကြတာတွေက ချက်ချင်းရပ်သွားသည်။

စုန့်အာ့နန်က သူနာပြုတွေနဲ့ အရမ်းရင်းနှီးတာကြောင့် သူမလည်း ပြုံးပြီး တိုက်ရိုက်မေးလိုက်သည်။ "ဒီတခေါက်ရောက် ဘာဖြစ်လို့လဲ? ကျွန်မအကြောင်း အတင်းအဖျင်းတွေ အွန်လိုင်းမှာ ထပ်တွေ့လို့လား?"

သူနာပြုတစ်ယောက်က ပြောလာသည်။ "အာ့နန်၊ ဒီတစ်ခါ မင်းမဟုတ်ဘူး၊ ဖေးခွမ်"

စုန့်အာ့နန် လန့်သွားသည်။ "သူ ဘာဖြစ်လို့လဲ?"

"ဒါက တော်တော်တော့ကြီးတယ်။ Weibo မှာမြန်မြန်သွားကြည့်လိုက်" သူနာပြုက ပြောလိုက်သည်။

အဲဒါကိုကြားတော့ စုန့်အာ့နန် တော်တော်စိုးရိမ်သွားသည်။ သူမ ချက်ခြင်း ကြည့်ဖို့ Weibo အကောင့်ထဲဝင်လိုက်သည်။

#အတွင်းလူထုတ်ပြန်ချက် - သူတစ်ခါက မူးယစ်ဆေးစွဲခဲ့ဖူးတယ်#

ဒီ hashtag ကိုမြင်တော့ ဘာအကြောင်းလဲဆိုတာ အကြမ်းဖျင်း ခန့်မှန်းကြည့်ဖို့ စုန့်အာ့နန် နှိပ်ဖို့တောင် မလိုပါပေ။

သူမ Weibo ကနေ ထွက်လိုက်ပြီး ဆေးရုံကနေ ပြေးသွားလိုက်သည်။ ဆေးရုံဝင်ပေါက်တွင် သူမ ဖေးခွမ်ကိုဖုန်းဆက်ပေမယ့် ဘယ်သူမှ မကိုင်ပေ။

လီတုန်ရဲ့ နံပါတ်ကို ရှာပြီး သူမခေါ်လိုက်သည်။

ဖုန်းကိုင်လိုက်တော့ လီတုန် ဘက်က ဆူညံနေသည်။ "အန်တီလေး၊ hot search ကို တွေ့ခဲ့တယ်မဟုတ်လား? အဲဒါတွေ တစ်ခုမှ အမှန်မဟုတ်ဘူး၊ အန်တီလေး..."

"ဒါက အမှန်မဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်" စုန့်အာ့နန်က သူ့စကားကို အမြန်ဖြတ်ပြောလိုက်သည်။ "ဖေးခွမ် ဘယ်မှာလဲ၊ သူဘာလို့ ဖုန်းမကိုင်တာလဲ?"

လီတုန် အံ့အားသင့်သွားသည်။

ဒီကိစ္စက ရုတ်တရက် ပေါ်လာတာဖြစ်သည်။ စုန့်အာ့နန် ဖုန်းခေါ်လာတာကိုမြင်တော့ သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုက ဖေးခွမ်ကို သူမ သိပ်ယုံကြည်လိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် ကိစ္စတွေကို ရှင်းပြဖို့ သူလုပ်ထားတာဖြစ်သည်။

ရိုးရိုးသားသားပြောရရင် hot search စပေါ်လာတုန်းကအထူးသဖြင့် ကောလဟာလသတင်းပေးသူမှာ ဖေးခွမ်အမေဖြစ်ကြောင်း အတည်ပြုလာတော့ သူနည်းနည်းမသေချာဖြစ်သွားသေးသည်။

ဒါပေမယ့် ဖေးခွမ်လည်း ဒီအချက်ကြောင့် အတော်လေး အံ့အားသင့်ခဲ့ရပေမယ့် သူက နည်းနည်းပါးပါး ပြင်ဆင်ထားပုံရသည်။ သူကိုယ်တိုင် အချက်အလက်အချို့နှင့် ဖုန်းနံပါတ်တွေ ကို စုပြီး ရှဲ့ဝမ်ထောင်နဲ့ သူတို့အိမ်တွင်းအခြေအနေအကြောင်း အတိုချုံးပြောပြလာသည်။

ဒီကိစ္စက နည်းနည်း ရှုပ်ထွေးပေမယ့် အထူးသဖြင့် ဖေးခွမ်က ဒီကိစ္စတွင် လုံးဝအပြစ်ကင်းတာကြောင့် ဖြေရှင်းလို့မရတာ မဟုတ်ပေ။ သူ့အမေကိုယ်တိုင်က ကောလဟာလတွေကို ဖြန့်ရင်တောင် အဖြစ်မှန်ကို လိမ်လို့မရပါချေ။

"စိတ်မပူပါနဲ့ ဖေးခွမ်က အဆင်ပြေပါတယ်။ သူအိမ်မှာရှိနေတယ်၊ ဖုန်းပိတ်ထားတာဖြစ်နိုင်တယ်" လီတုန်ကပြောလိုက်သည်။

ဘယ်လိုဘဲဆိုဆို သူ့အမေ ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ နာမည်ကြီးတစ်ယောက်ကို မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် စွပ်စွဲခြင်းက သူ့ကို ဖျက်ဆီးဖို့ ရည်ရွယ်နေကြောင်း သိသာလှသည်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူမဆို ကြောက်စရာကောင်းတယ်လို့ ခံစားရလိမ့်မည်။

လီတုန်က ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။ "အန်တီလေးစုန့်၊ အချိန်ရရင် သူနဲ့အတူရှိပေးလို့ရမလား? သူတစ်ယောက်ထဲဆိုရင် စိတ်မသက်မသာဖြစ်မှာစိုးလို့ပါ"

စုန့်အာ့နန်လည်း ချက်ချင်း သဘောတူလိုက်သည်။ သူအဲဒီလို မပြောရင်တောင် သူမ သွားမှာဖြစ်သည်။

ဆေးရုံဝင်ပေါက်မှာ တက္ကစီစီးလိုက်ပြီး သူမ ဖေးခွမ်ရဲ့အိမ်ဆီသို့ ဦးတည်သွားလိုက်သည်။

သွားနေတဲ့လမ်းမှာ စုန့်အာ့နန်တစ်ယောက် ဖေးခွမ်ကို နှစ်သိမ့်ပေးဖို့ စကားတွေကို တွေးလိုက်မိပေမယ့် အဲ့ဒီအကြောင်းကို သူမ တွေးလေလေ ပိုအဓိပ္ပါယ်မရှိလေလေပင်။

နာရီဝက်အကြာ သူမ ဖေးခွမ်ရဲ့တံခါးဝမှာရပ်ကာ ဘဲလ်တီးလိုက်သည်။

အိမ်ထဲကနေ ခြေသံမြန်မြန်တွေ ထွက်လာသည်။ တံခါးပွင့်လာတာနဲ့ အိမ်နေရင်း အဝတ်အစားတွေနဲ့ ဖေးခွမ်က ပေါ်လာသည်။ သူ့ကိုကြည့်ရတာ ဘာမှမထူးခြားသလိုပင်။

စုန့်အာ့နန်ကိုမြင်တော့ သူက ပြုံးကာ မေးလိုက်သည်။ "ဘယ်လိုလုပ် ရုတ်တရက် ရောက်လာတာလဲ?"

စုန့်အာ့နန်က ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်နဲ့ အထစ်ထစ်အငေါ့ငေါ့ ပြောလာသည်။ "ကျွ ကျွန်မ ရှင့်နေရာမှာ မုန့်စားဖို့ရောက်လာတာ။ လင်းချွမ်က ဒီတလော ကျွန်မကို အရမ်း တင်းကြပ်နေတာ။ ကျွန်မှာ တခြားသွားစရာ မရှိလို့"

သူမကပြောပြီးတာနဲ့ သူတို့နေတဲ့နေရာအ၀င်ဝရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ အမှတ်တမဲ့ ဝယ်လာတဲ့ လက်ထဲက မုန့်အိတ်ကို ပြလိုက်သည်။

သေချာပေါက်ကို ဖေးခွမ်ကတော့ စုန့်အာ့နန်ရဲ့ ကိုးရိုးကားရားနိုင်တဲ့ အကြောင်းပြချက်ကို မြင်နေရပေမယ့် သူမကို ထုတ်မပြလိုက်ပေ။

သူက ပြုံးလိုက်ပြီး "မုန့်တွေ ကိုယ်သူသွားလိုက်မယ်၊ ဖိနပ်လဲလိုက်ဦး"

စုန့်အာ့နန်က “ကောင်းပြီ” လို့ တိုးတိုးလေး ပြောလိုက်ပြီး ပလတ်စတစ်အိတ်ကို သူ့ဆီ ပေးလိုက်သည်။

ဖိနပ်ပြောင်းစီးပြီးသွားတော့ သူမက အစမ်းသဘောနဲ့မေးလိုက်သည်။ “ရှင်အိမ်မှာ ဘာလုပ်နေတာလဲ?”

နံရံကိုမှီရင်း ဖေးခွမ် က TV ဘက်ကို ပြလိုက်သည်။ "ကိုယ် ရုပ်ရှင်ကြည့်ဖို့လုပ်နေတာ၊ ကြည့်မလား?"

စုန့်အာ့နန်လည်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ"

တီဗီမှာ ဖေးခွမ်က ရုပ်ရှင်တွေရွေးနေသည်။ သူပြောသလိုပဲ ရုပ်ရှင်ကြည့်ဖို့ ပြင်နေတဲ့ပုံပင်။

"ဒီရုပ်ရှင်က အဆင်ပြေလား ဒါမှမဟုတ် မင်းကြိုက်တဲ့ ဟာကြည့်ချင်လား?" ဖေးခွမ်က စုန့်အာ့နန်ကို ကြည့်ကာ မေးလိုက်သည်။

စုန့်အာ့နန်က လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "မလိုပါဘူး၊ ဒါလည်းကောင်းပါတယ်"

ဘာပဲဖြစ်ဖြစ် သူမ ဒီကိုရောက်လာတာ ရုပ်ရှင်ကြည့်ဖို့မှမဟုတ်ဘဲ ဒီတော့ ဘာကြည့်ကြည့် ကိစ္စမရှိပေ။

ဖေးခွမ်က “ကောင်းပြီ”လို့ တိုးတိုးလေး ပြန်ဖြေလိုက်သည်။

အဲ့ဒါနဲ့ဘဲ နှစ်ယောက်သား ဆိုဖာ တစ်ဖက်စွန်းမှာ ထိုင်ကာ ရုပ်ရှင်ကြည့်ကြတော့သည်။

ဒါပေမယ့် စုန့်အာ့နန်ကတော့ ရှင်းရှင်းလင်းလင်းကို တခြားဆီ စိတ်ရောက်နေသည်။ ရုပ်ရှင်ကြည့်နေတာ ငါးမိနစ်လောက်ကြာတော့ ဖြစ်နေမှန်း သူမ မသိသလို အဓိက ဇာတ်ကောင်က ဘယ်သူလဲဆိုတာတောင် သူမ မပြောနိုင်ပေ။ သူမ ယူလာခဲ့တဲ့ မုန့်အိတ်ကိုသာ ကောက်ကိုင်လိုက်ပြီး ရုပ်ရှင်ကြည့်ရင်း အမှတ်တမဲ့ စားနေလိုက်သည်။

ဖေးခွမ်က သူမကိုကြည့်ရင်း နည်းနည်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူက ရုပ်ရှင်ကို ရပ်လိုက်ပြီး စုန့်အာ့နန်ကို လှည့်ကြည့်လိုက်သည်။

"မင်း ကိုယ့်ကို ပြောစရာရှိလို့လား?"

စုန့်အာ့နန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။ "ဟင့်အင်း၊ မရှိပါဘူး"

ဖေးခွမ်ရဲ့မျက်ခုံးက ပင့်တက်သွားပြီး "hot search ကိုမတွေ့ဘူးလား?"

စုန့်အာ့နန်က နှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး "တွေ့တယ်"

"ဒါပေမယ့် ရှင့်ကို ကျွန်မယုံတယ်။ အဲဒါက အမှန်မဟုတ်ဘူး"

ဖေးခွမ်က ခပ်တိုးတိုး ရယ်လိုက်သည်။ "မင်း ကိုယ်ကို အဲ့လောက်တောင် ယုံတာလား?"

စုန့်အာ့နန်က ခေါင်းညိတ်ပြလိုက်သည်။

ဖေးခွမ်ရဲ့ မျက်လုံးတွေထဲတွင် နွေးထွေးမှု အရိပ်အယောင်တွေ ပေါ်လာသည်။ ဒီလိုမျိုး ခြွင်းချက်မရှိ ယုံကြည်ပေးမှုက ရင်ထဲ ထိသွားစေတာကိုတော့ မငြင်းနိုင်ပေ။

"ဒါဆို မင်းက ကိုယ့်ကို နှစ်သိမ့်ပေးဖို့ လာတာလား?"

စုန့်အာ့နန်က ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး"

"ကျွန်မက ဒီမှာရှင်နဲ့ အတူရှိချင်လို့"

ဒီလိုမျိုးအခြေအနေမှာ နှစ်သိမ့်ပေးတဲ့ စကားလုံးတွေက အကူအညီမရနိုင်ပေ။

မလိုအပ်တဲ့စကားတွေ ပြောမယ့်အစား သူနဲ့အတူရှိပေးတာက ပိုကောင်းကြောင်း လာတဲ့လမ်းမှာ သူမသဘောပေါက်သွားသည်။

အနည်းဆုံးတော့ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်က သူ့ဘက်မှာ အမြဲရှိနေမယ်ဆိုတာ သူ့ကို သိအောင်ပြရမည်။

ဖေးခွမ်ရဲ့ နှလုံးခုန်သံတွေက ပြင်းထန်လာပြီး သူ့အမူအရာကလည်း ခဏလောက် အေးခဲသွားတဲ့ပုံပင်။

"ဘာဖြစ်လို့လဲ?" စုန့်အာ့နန်က ယောင်ချာချာနဲ့ မေးလိုက်သည်။

သူမ ပြောတာ တစ်ခုခုမှားသွားလို့လား?

ကောင်မလေးရဲ့ ကြည်လင်ပြီး အပြစ်ကင်းတဲ့ အကြည့်ကို မြင်လိုက်ရတော့ ဖေးခွမ်ရဲ့ Adam's appleက အထက်အောက် ရွေ့ရှားသွားသည်။ "ဘာမှမဟုတ်ပါဘူး၊ ရုပ်ရှင်ကြည့်ရအောင်"

ဇဝေဇဝါဖြစ်နေပေမယ့် စုန့်အာ့နန်က ရိုးရိုးရှင်းရှင်း "အိုး" လို့ဘဲပြန်ဖြေလိုက်သည်။

ရုပ်ရှင်က ဆက်လာနေသည်။ ဖေးခွမ် တကယ် အဆင်ပြေနေမှန်း အတည်ပြုပြီးသွားတော့ စုန့်အာ့နန်လည်း စိတ်အေးလက်အေး ဖြစ်သွားသည်။

ဒါပေမယ့် ရုပ်ရှင်ကိုအစက မကြည့်လိုက်ရတဲ့အတွက် အခုဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို သူမ လိုက်မနိုင်တော့ပေ။ အဓိက ဇာတ်ကောင်က ဘယ်သူလဲ ဆိုတာတောင် မပြောနိုင်ပေ။ သူမ တတ်နိုင်သမျှကတော့ သူမယူလာတဲ့မုန့်တွေကို မပျက်မကွက်စားရင်း ကြည့်နေရုံဘဲရှိတော့သည်။

All Chapters