အခန်း (၈၁)
Vol. 7 Ch. 81
ရုတ်တရတ် အလှည့်အပြောင်းကြောင့် ဖေးခွမ် လည်း လှုတ်ခတ်သွားသည်။ စုန့်အာ့နန်ရဲ့ခါးပေါ်ရှိသူ့လက်ဟာလည်း အလိုအလျောက် ရပ်သွားပြီး သူ့မျက်လုံးတွေထဲမှာ မယုံကြည်နိုင်တဲ့ အရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်။
စုန့်အာ့နန် ခေါင်းနည်းနည်းမော့လိုက်တော့ သူတို့အကြည့်ချင်းဆုံသွားသည်။
အဲ့ဒီအခိုက်အတန့်မှာ အချိန်တွေက ရပ်တန့်သွားတဲ့ပုံပင်။
တစ်ယောက်မျက်လုံးထဲမှာ တစ်ယောက်ပုံတွေ ရောင်ပြန်ဟပ်နေတာကို မြင်လိုက်ရသည်။
ညလေညင်းလေးက တိုက်ခတ်လာသည်။ ဖေးခွမ်က အရင်ဆုံး သတိပြန်ဝင်လာသည်။ "မင်းအဆင်ပြေရဲ့လား?"
စုန့်အာ့နန်က ငေးတိငေးမောနဲ့ ခေါင်းညိတ်ပြလိုက်ပြီး သူ့ရင်ခွင်ထဲကနေ အမြန်ရုန်းထွက်လိုက်သည်။ "အဆင်ပြေတယ်၊ အဆင်ပြေတယ်"
လေထုသည် မတတ်သာဘဲ အဆင်မပြေဖြစ်သွားသည်။
သူမရဲ့ အကြည့်တွေက မြေပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ အရာတွေဆီ ရောက်သွားသည်။
စောစောက သူမကို လှမ်းဖမ်းလိုက်တုန်းက ဖေးခွမ် တစ်ယောက် သူ့လက်ထဲမှာရှိတဲ့ အရာတွေကို လွှင့်ပစ်လိုက်တာပင်။
စုန့်အာ့နန်က ပုလင်းတွေကို ကောက်ပေးဖို့ ဆောင့်ကြောင့် ထိုင်လိုက်သည်။ နာမည်တွေကို မြင်လိုက်ရတော့ သူမ မသိစိတ်ကနေ သေချာကြည့်လိုက်သည်။
အဲဒါက... အိပ်ဆေးတွေပင်။
သူမက ဖေးခွမ်ကို ရုတ်တရက် မော့ကြည့်လိုက်ပြီး၊ သူမလေသံထဲမှာ အံ့ဩရိပ်တွေပါနေသည်။ "ရှင် အိပ်မပျော်ဖြစ်နေတာလား?"
ဖေးခွမ်လည်း အံ့အားသင့်သွားပြီး နောက်တော့ ပေါ့ပေါ့ပါးပါး ရယ်လိုက်ကာ "ဟုတ်တယ်၊ အိပ်ရတာ အဆင်မပြေဖြစ်နေလို့။ ဒီတလောနိုင်ငံခြားကို ခရီးထွက်ရတော့ jet lag ဖြစ်နေတာ"
စုန့်အာ့နန်က ဆေးစာတွေကို ဖယ်လိုက်ပြီး ကြမ်းပြင်ပေါ်က ပြန့်ကျဲနေတဲ့ ပလတ်စတစ်အိတ်တွေကို ကောက်လိုက်သည်။ ခုနတုန်းကကုန်စုံဆိုင်ကနေ သူမ ဝယ်လာတဲ့ နို့ကို ထုတ်လိုက်ပြီး သူ့ကိုကမ်းပေးလိုက်သည်။
"အိပ်ဆေးတွေဘသိပ်မသောက်တာ ပိုကောင်းမယ်။ ပြန်ရောက်ရင် ဒီနို့နွေးနွေးလေးကို သောက်ပေး၊ အဲ့ဒါက အိပ်ပျော်အောင် ကူညီပေးလိမ့်မယ်"
ဖေးခွမ်က ခဏလောက် အံ့အားသင့်သွားပြီး သူမ ကမ်းပေးနေတဲ့ နို့ကို ယူလိုက်သည်။ "...ကောင်းပါပြီ"
ဒီလို အဆင်မပြေဖြစ်ရတဲ့ကိစ္စ ပြီးသွားတဲ့နောက်မှာ နှစ်ယောက်သားမှာ တစ်လျှောက်လုံး ပြောစရာမရှိတော့ပေ။
မကြာခင်မှာဘဲ ပရိုဂရမ်အဖွဲ့မှ စီစဉ်ပေးတဲ့ အိမ်ရှေ့ကို ရောက်လာကြသည်။ ဗီလာနှစ်ခုက ကပ်လျက်ရှိပြီး ဖေးခွမ်က အလုပ်သင်တွေနေထိုင်တဲ့ ဗီလာအရှေ့ထိ စုန့်အာ့နန်ကိုလိုက်ပို့ပေးသည်။
"စောစောပြန်အိပ်တော့၊ နောက်ကျတဲ့အထိမနေနဲ့၊ မနက်ဖြန်ကျရင် အလုပ်တွေရှိသေးတယ်" ဖေးခွမ်က ပြောလိုက်သည်။
စုန့်အာ့နန်လည်း ခေါင်းညိတ်လိုက်ပြီး "အင်း ရှင်လည်းစောစောအနားယူပါ"
သူမ ထွက်သွားခါနီး ဖေးခွမ်က ရုတ်တရက် သူမကို တားလိုက်သည်။ "ခဏနေဦး"
စုန့်အာ့နန် လှည့်ကြည့်လိုက်သည်။
ဖေးခွမ်က ညင်ညင်သာသာ ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "အခု မင်းရဲ့နယ်မြေကို ကိုယ်ရောက်နေပြီ၊ မင်းမှာ တခြားပြောစရာမရှိဘူးလား?"
စုန့်အာ့နန် နည်းနည်းတော့ နားမလည်နိုင်ဖြစ်သွားရသည်။ ဘာပြောရမှာလဲ?
ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး "ဥပမာ၊ အနီးနားမှာ စားလို့ကောင်းတဲ့ နေရာတွေရှိလား? ကိုယ့်ကို ထမင်းဖိတ်ကျွေးလေ"
စုန့်အာ့နန်က နည်းနည်း တုံ့ဆိုင်းသွားပြီး "ဒါပေမယ့် ကျွန်မက ပုံမှန်ဆို ကျောင်းကန်တင်းမှာပဲ စားတာ"
အနီးနားက စားလို့ကောင်းတဲ့နေရာတွေကို သူမမသိပါချေ။
ဖေးခွမ်က ဆက်ပြောလိုက်သည်။ "အဲ့ဒါလည်း အဆင်ပြေပါတယ်။ ဆေးရုံဝန်ထမ်းတွေရဲ့ ကန်တင်းက ကော်ဖီဆိုင်က တော်တော်ကောင်းတယ်လို့ ကြားတယ်"
-
ပရိုဂရမ်အဖွဲ့မှ မျှော်မှန်းထားတဲ့အတိုင်း၊ သုံးနှစ်ကြာ ပျောက်နေပြီးတဲ့နောက်မှာ စုန့်အာ့နန်က လူတွေအရှေ့ ပြန်ပေါ်လာခြင်းမှာ အတော်လေးကို အာရုံစိုက်ခံခဲ့ရသည်။
အရင်တုန်းကတော့ စုန့်လင်းချွမ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အန်တီလေးအကြောင်း သိချင်တာကြောင့် သူမကို အာရုံစိုက်ခဲ့တာဖြစ်ပြီး၊ ယခုအခါမှာတော့ သူမဟာ လူကိုယ်တိုင်ထက်ပိုလာသည်။
အမှန်တော့၊ သူမရဲ့"နိုင်ငံရဲ့အန်တီလေး" ဆိုတဲ့ နာမည်နဲ့ မထိုက်တန်ပါချေ။
စုန့်အာ့နန်က အလုပ်သင်တွေအကြောင်း reality show တစ်ခုမှာ အမှန်တကယ် ပါဝင်နေတယ်ဆိုတာကို လူတွေကြားတဲ့အခါတွင် ငန်းမလေးဟာ လူ့အဖွဲ့အစည်းထဲ ၀င်လာတော့မည်ဟု ခံစားမိလိုက်ကြသည်။
ရှိုးပထမနေ့တွင်၊ စုန့်အာ့နန်မှာ တစ်ချိန်လုံးရေပန်းစားနေခဲ့ပြီး လူကြိုက်များမှုမှာ နှိုင်းဆမရပေ။
သေချာပေါက်ကိုဘဲ၊ ဒါကလည်း သံသယတချို့ကို ဆွဲဆောင်လိုက်နိုင်သည်။
ပထမအချက်မှာ အစီအစဉ်တွင် ပါဝင်ဖို့အတွက် စုန့်အာ့နန်ရဲ့ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး ဟန်မင်ရဲ့လူသိရှင်ကြား မေးခွန်းထုတ်ခြင်း ဖြစ်သည်။
host က နေရာမှာဘဲ ရှင်းပြခဲ့ပေမယ့် အချို့ကတော့ ပရိုဂရမ်အဖွဲ့မှ ဖော်ပြထားတဲ့ ရွေးချယ်မှုစည်းမျဉ်းတွေဟာ တစ်စုံတစ်ယောက်အတွက် အံဝင်ခွင်ကျဖြစ်အောင်လုပ်ထား မလုပ်ထားတာကို မေးခွန်းထုတ်ကြသည်။
ဒါက anti တချို့အတွက် တိုက်ခိုက်မှုတစ်ခုဖြစ်လာသည်။
ဒါပေမဲ့ အငြင်းပွားမှုတွေက အံ့အားသင့်စရာဖြစ်စေပြီး အဲဒါက ရှိုးကိုလူတွေရဲ့အာရုံစိုက်မှု တိုးလာစေသည်။
ဒါ့ကြောင့် နောက်နေ့ ရှိုးစတာနဲ့ ကြည့်ရှုသူတွေက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ချက်ချင်း လှိုင်းလုံးကြီးလိုဝင်ရောက်လာသည်။
ဒီနေ့မှာတော့ အလုပ်သင်တွေကို ဌာနအမျိုးမျိုးမှာ ခွဲထားသည်။ အလုပ်သင်အတွက် သူတို့ရဲ့ဌာနတစ်ခုစီမှ ပါဝင်သည့် ဆရာဝန်တွေနောက်ကို လိုက်ရမည်ဖြစ်သည်။ ဌာနသုံးခုဆိုတော့ အုပ်စုသုံးစုခွဲထားသည်။
နံနက် ရှစ်နာရီမှာ အလုပ်သင်ဆရာဝန်တွေက သတ်မှတ်ထားတဲ့ ရုံးဧရိယာဆီ အုပ်စုလိုက် ရောက်လာကြပြီး ပါဝင်တဲ့ဆရာဝန်တွေ ခေါ်မှာကို စောင့်ဆိုင်းနေကြသည်။
ဒါပေမယ့် သူတို့မခေါ်ခံရခင် အခြားအတားအဆီးတစ်ခုကို အရင်ဖြတ်ရသည် - ယမန်နေ့က ရေးဖြေစာမေးပွဲနဲ့ အင်တာဗျူးတွေရဲ့ အဆင့်သတ်မှတ်ချက်တွေကို ကြေငြာတော့မှာဖြစ်သည်။
စာမေးပွဲကြီးကြပ်ရေးတာဝန်ခံ ဆရာမက နံရံပေါ်က ကျောက်သင်ပုန်းပေါ်မှာ အမှတ်စာရင်းစာရွက်ကို ကပ်ထားသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိ ကြည့်ရှုသူများ - [အားးး၊ ရမှတ်တွေထွက်လာပြီ။ ငါက ဒီတိုင်းကြည့်နေရပေမဲ့လည်း သူတို့ထက်ပိုပြီး စိတ်လှုပ်ရှားနေမိတယ်!]
လေ့လာရေးအဖွဲ့မှ ဧည့်သည်တွေဟာလည်း အလုပ်သင်ဘက်ခြမ်းက ကင်မရာသမား zoom ချဲ့မှာကို စောင့်နေကြပြီး ကျောက်သင်ပုန်းကို မျက်တောင်မခတ်တမ်း ကြည့်နေကြသည်...
ပထမနေရာက ကျန်းဟွမ်းဖြစ်သည်။ သူက ရေးဖြေစာမေးပွဲတွင် ပထမနေရာနှင့် အင်တာဗျူးတွင် ဒုတိယနေရာဖြင့် ပထမနေရာကို ရရှိခဲ့သည်။
ကျန်းဟွမ်း ရဲ့ ပထမနေရာနဲ့ ယှဉ်ရင် ဒုတိယနေရာက လူတိုင်းကို ပိုလို့တောင် အံ့သြသွားစေသည်။
စုန့်အာ့နန် ဖြစ်နေတာပင်။
ဒီတစ်ခေါက်မှာ အလုပ်သင် စုစုပေါင်း ရှစ်ဦးရှိပြီး Ph.D တက်နေသူ သုံးဦး၊ မာစတာတန်း တက်နေသူနှစ်ဦး၊ မဟာဘွဲ့အတွက် တက်နေသူ နှစ်ဦးနဲ့ စုန့်အာ့နန်တစ်ယောက်ထဲသာ စီနီယာနှစ်တက်နေတာဖြစ်သည်။
ဆေးပညာလေ့လာချိန်နဲ့ အလုပ်သင်အတွေ့အကြုံအရဆိုရင် သူမမှာ အားနည်းချက်ရှိသည်။ သို့ပေမယ့်လည်း သူမကတော့ အဲ့ဒီလိုမျိုး ထူးထူးခြားခြား ရလဒ်ကို ရခဲ့ပြီး လူအများကို အံ့အားသင့်သွားစေခဲ့သည်။
[ဘုရားရေ! စုန့်အာ့နန်က အရမ်းအံ့သြဖို့ကောင်းတာဘဲ၊ ငါတကယ် အံ့သြသွားတယ်]
[ဝူးဝူးဝူး ငါ့ငန်းမလေး အရမ်းမိုက်တယ်!]
[မနေ့က ငါတို့အန်တီလေးကို အရည်အချင်း မပြည့်မီဘူးလို့ ပြောတဲ့သူတွေရေ နင်တို့မျက်နှာတွေ နာနေပြီးလားလို့ မေးပါရစေ]
[B တက္ကသိုလ်က တစ်စုံတစ်ယောက်အနေနဲ့ ငါအလေးအနက်ပြောနိုင်တယ်၊ ငါတို့ ကျောင်းဝင်းထဲမှာ စုန့်အာ့နန်အသွားဆုံးနေရာက စာကြည့်တိုက်ဘဲ]
[ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့ ကျောင်းဖိုရမ်မှာသွားကြည့်လို့ရတယ်၊ စာကြည့်တိုက်မှာ စုန့်အာ့နန် နဲ့ ဆုံတာကို မှတ်တမ်းတင်ထားတဲ့ အထူးတလည်ပို့စ်တစ်ခု ရှိတယ်!]
[မနေ့က တင်ထားတာတွေ့တယ်။ တကယ် စိတ်လှုပ်ရှားစရာကောင်းတယ် - အဲဒါကိုဖတ်ပြီးတော့ ငါ့မှာ စာကျက်ဖို့ အိပ်ယာထဲကနေတောင် ထထိုင်လိုက်မိတယ်!]
[တစ်ခါတစ်လေမှာတော့ တကယ်ဝန်ခံရမယ်၊ ကြိုးစားအားထုတ်မှုက အရည်အချင်းနဲ့ ယှဉ်လို့မရဘူး၊ အလုပ်ကြိုးစားပြီး အရည်အချင်းရှိတဲ့ စုန့်အာ့နန်လိုလူဆိုမပြောနဲ့တော့]
အင်တာနက်သုံးစွဲသူတွေရဲ့ ခံစားချက်တွေနဲ့ နှိုင်းယှဉ်ပါက အခြားသော အလုပ်သင်တွေမှာလည်း ပိုပြီးရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေ ရှိနေကြသည်။
ဒါပေမယ့် ဒီရလဒ်နဲ့ပတ်သက်ပြီး သူတို့ အံ့သြခဲ့ကြပေမယ့် စုန့်အာ့နန်နဲ့ ကျန်းဟွမ်းကိုတော့ စိတ်ရင်းမှန်နဲ့ လေးစားကြသည်။
အထူးသဖြင့် စုန့်အာ့နန်ကိုပင်။ သူမဟာ လေးနှစ်ဆက်တိုက် စာသင်နှစ်တွင် ပထမအဆင့်ရကြောင်း ယမန်နေ့က သိခဲ့ရတာကြောင့် သူတို့အနေနဲ့ ဒီရလဒ်ကို မျှော်လင့်ထားပြီးပြီဖြစ်သည်။
ဆေးကျောင်းသားတွေကိုယ်တိုင်ကလွဲပြီး ဆေးကျောင်းကစာမေးပွဲတွေဟာ ဘယ်လောက်ဆိုးလဲဆိုတာကို ဘယ်သူမှ ကောင်းကောင်း နားမလည်ကြပါချေ။ တစ်ချိန်လုံး ထိပ်ဆုံးမှာ ရှိနေဖို့ဆိုတာ သေးသေးမွှားမွှား ကြိုးစားအားထုတ်မှုမျိုးမဟုတ်ပေ။
အထူးသဖြင့် B တက္ကသိုလ်ရှိ ဆေးဌာနတွင် ထိပ်တန်း အရည်အချင်းတွေ အများအပြား စုရုံးနေသည်။
အလုပ်သင်တွေက ရလဒ်တွေကို တွေ့ပြီးတဲ့နောက် မကြာခင်မှဘဲ ဌာနတစ်ခုစီမှ ပါဝင်တဲ့ ဆရာဝန်တွေက ရောက်လာပြီး အလုပ်သင်ဆရာဝန် ရှစ်ဦးအား ဌာနအလိုက် အုပ်စုများခွဲကာ အလုပ်သင်ကို တရားဝင်စတင်လိုက်သည်။
နှလုံးသွေးကြောကုသမှုဆိုင်ရာဌာနတွင် စုန့်အာ့နန်နဲ့ အခြားကျောင်းသား ကောင်လေးနှစ်ယောက်ဖြစ်တဲ့ ကျီချန်နဲ့ ဖန့်ချန်ချန်တို့ဖြစ်သည်။ တစ်ဦးမှာ PhD လောင်းဖြစ်ပြီး ကျန်တစ်ဦးမှာ Ph.D တက်နေတာဖြစ်သည်။
ဌာနကိုရောက်တော့ ပါဝင်တဲ့ဆရာဝန်က အချက်အလက်တစ်ချို့ပေးကာ မိတ်ဆက်ပေးသည်။ သူတို့က ချက်ချင်းဘဲ ဒီနေ့ရဲ့အကြောင်းအရာကိုစလိုက်သည် - ပါဝင်တဲ့ဆရာဝန်က အလုပ်သင်တွေနဲ့အတူ round လှည့်မှာဖြစ်သည်။
အားလုံးထွက်ခါနီးမှာ စုန့်အာ့နန်က ရုတ်တရက် ရပ်လိုက်ပြီး လှည့်လိုက်ကာ သူမရဲ့အိတ်ထဲက အနက်ရောင်ကိုင်းနဲ့မျက်မှန်တစ်လက်ကို ထုတ်လိုက်သည်။
သူ့ဘေးက ကျီချန် နဲ့ ဖန့်ချန်ချန်တို့က နည်းနည်း အံ့အားသင့်သွားသည်။ "အာ့နန်၊ မင်းက အဝေးမှုန်တာလား?"
စုန့်အာ့နန်က သူမလက်ကို ယမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ကျွန်မ အဝေးမမှုန်ပါဘူး"
"ဒါဆို မျက်မှန်က ဘာအတွက်လဲ?"
စုန့်အာ့နန် - "ဒါက ကျွန်မရဲ့လျှို့ဝှက်လက်နက်ပဲ"
လူတိုင်း - "???"
စုန့်အာ့နန်က သူတို့ရဲ့အကြည့်ကို စိတ်ထဲမထားဘဲ မျက်မှန်တပ်လိုက်သည်။ နောက်တော့ သူတို့ကိုမျှော်လင့်သလိုကြည့်လိုက်သည်။
"ကျွန်မ တစ်ခုခုပြောင်းလဲသွားလား?"
နှစ်ယောက်လုံး - "..."
ဘာ ပြောင်းလဲသွားလို့လဲ?
ဒိတ်အောက်နေတဲ့ အနက်ရောင်ကိုင်းနဲ့ မျက်မှန်ကို ၀တ်လိုက်တော့ သူမပုံက ချက်ချင်းကိုဘဲ နည်းနည်းအသက်ကြီးသွားသလိုပင်။
ကျီချန် -"အင်း... ပိုရင့်ကျက်ပြီး တည်ငြိမ်သွားတဲ့ ပုံပေါက်သွားတယ်]
[ဟားဟားဟာ၊ ဒါက အမျိုးသားသိပ္ပံကျောင်းသားတွေရဲ့ တည်းတိုးတွေးပုံဘဲ။ ဘာကို ပိုရင့်ကျက်ပြီးတည်ငြိမ်တာလဲ၊ သူ့ပုံက နည်းနည်းအသက်ကြီးသွားတယ်လို့ပြောရအောင် ဘယ်လိုကွာခြားသွားလို့လဲ?]
[အိုး... ခြားနားချက်တစ်ခုရှိတယ်၊ အနည်းဆုံးတော့ ပိုလိမ္မာပါးနပ်သွားတဲ့ပုံပေါက်တယ်]
[အဖြောင့်ကောင်လေးတွေအတွက် စကြဝဠာသုံး ဖော်မြူလာတစ်ခုကို သင်ပေးပါရစေ - နင်တို့ရဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်က အဝတ်အစား ဒါမှမဟုတ် အသုံးအဆောင် တစ်ခုခု အကြောင်းမေးလာရင် "ကြည့်ကောင်းတယ်" လို့ဘဲပြန်ဖြေလိုက်။ ဘယ်ဟာက နင့်စိတ်ထဲမှာ ကောင်းတယ်ဆိုတဲ့ ထင်မြင်ချက်ကို ထုတ်ပြောဖို့ ဘယ်တော့မှ မကြိုးစားနဲ့၊ ဟုတ်ပြီလား?]
[ဟားဟားဟားဟား ဟုတ်တယ် စုန့်အာ့နန်ကို ဖက်ထားလိုက်ပြီ။ ဘယ်မိန်းကလေးကများ ရင့်ကျက်ပြီတည်ငြိမ်တဲ့ပုံ ပေါက်တယ်လို့ ပြောခံချင်လို့လဲ?]
လူတိုင်းကိုအံ့သြသွားစေတာကတော့၊ စုန့်အာ့နန်မှာ ဒီမှတ်ချက်ကြောင့် စိတ်မဆိုးရုံတင်မကပဲ ဝမ်းတောင်သာသွားသေးသည်။
သူမက ကျီချန်ကို သဘောကျသလိုကြည့်ကာ ပြောလိုက်သည်။ "ရှင်က တကယ်အမြင်ရှိတာဘဲ"
လူတိုင်း - "..."
-
လေ့လာရေးအဖွဲ့ဘက်မှာလည်း လူတိုင်းက အင်တာနက်အသုံးပြုသူတွေလိုမျိုး နားမလည်ဖြစ်သွားကြသည်။
သူတို့တော့ စုန့်အာ့နန်ရဲ့ တွေးခေါ်ပုံကို လုံးဝမလိုက်နိုင်တော့ဘူး။
host က ဖေးခွမ်ဘက် လှည့်ကာ မေးလိုက်သည်။ "ဆရာဖေးရော၊ အန်တီလေး ဘာလို့ ဒီလိုလုပ်လဲဆိုတာ သိလား?"
ဖေးခွမ် ရဲ့နှုတ်ခမ်းက အလိုအလျောက် တွန့်ကွေးသွားသည်။ အားလုံးရဲ့ အံ့ဩမှုတွေကြားမှာ သူက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော် ထင်တာမမှားရင်၊ လူနာတွေက သူ့ကိုပိုယုံကြည့်စေဖို့ ပိုပြီးတည်ငြိမ်စေတဲ့ပုံ လိုချင်တာဘဲ"
အားလုံးက ပထမတော့ အံ့အားသင့်သွားကြပေမယ့် သူဆိုလိုချင်တာကို တဖြည်းဖြည်းနဲ့ နားလည်လာကြသည်။
[ငါသိပြီ! အရင်ကတော့ သူ မျက်မှန်မတပ်ဘူး၊ လူနာခန်းထဲ သူဝင်ရင် မျက်မှန်တပ်ထားတယ်ဆိုတဲ့ သတင်းကြားရမှာဘဲ!]
[စဉ်းစားကြည့်တော့ ငါလည်း အန်တီလေးကို နားလည်တယ်။ ငယ်တဲ့ပုံပေါက်နေတဲ့ လူတွေအတွက် သူတို့အပေါ် လူနာက ယုံကြည်ဖို့ဆိုတာ တကယ်ခက်တယ်]
[ဟုတ်တယ်၊ ဆေးရုံမှာ အသက်ကြီးတဲ့ ဆရာဝန်တွေကို တွေ့တဲ့အခါဆို သူတို့က အလိုလို ယုံကြည်မှုတွေ ပိုရှိလာတယ်]
[ဟာဟားဟား၊ အန်တီလေးက ချစ်ဖို့ကောင်းလိုက်တာ၊ သူက အသက်ကြီးအောင် တမင်ဟန်ဆောင်နေတာဘဲ]
[ငါပြောပါရစေ၊ ဖေးခွမ်က အန်တီလေးကို ကောင်းကောင်းနားလည်တာဘဲ! ငါတော့ သင်္ဘောပေါ်ကနေ အရည်ပျော်နေပြီ!]
-
ရှိုးကို အမြန်ရိုက်ချက်နဲ့ ရိုက်ကူးထားတာ မဟုတ်တာကြောင့် ဆရာဝန်တွေ အလုပ်ရှုပ်ပုံကို လူတိုင်း သိမြင်လာကြသည်။
စုန့်အာ့နန် အတွက်ကတော့၊ အဲ့ဒါက သူမရဲ့ ယခင်က အတန်းတူ ဆေးကျောင်းသားတွေနဲ့ လုပ်ရတဲ့အလုပ်သင်နဲ့ နည်းနည်းကွာခြားသည်။
ဒါကြောင့် အမှီလိုက်နိုင်ဖို့အတွက် သူမက လုံးဝကိုအာရုံစိုက်ထားသည်။
မျက်စိတစ်မှိတ်အတွင်းမှာဘဲ ငါးရက်ကုန်သွားသည်။ ဌာနတစ်ခုစီမှ အလုပ်သင်တွေက ပထမဆုံး အထုတ်ခံရမယ့် အချိန် ရောက်လာတာကြောင့် အရမ်းစိုးရိမ်နေကြသည်။
ဒီတစ်ခေါက် စုစုပေါင်းအမှတ်အနိမ့်ဆုံးနဲ့ ဖယ်ထုတ်ခံရတဲ့သူမှာ အာရုံကြောခွဲစိတ်ကုသမှုဌာနမှ ကျောင်းသားကောင်လေးဖြစ်သည်။
လူတိုင်းက တော်တော် စိတ်ဓာတ်ကျနေပြီး ဂနာမငြိမ်ဖြစ်နေကြသည်။ ဒါပေမယ့် စုန့်အာ့နန်ကတော့ အမြဲတမ်း တစ်ပုံစံထဲပင်။ ဒီအထူးပြိုင်ပွဲမှာ သူမရဲ့ ရည်မှန်းချက်က တခြားသူတွေကို အနိုင်ယူဖို့ မဟုတ်ဘဲ သူမကိုယ်သူမ တိုးတက်အောင် အာရုံစိုက်ဖို့ဖြစ်သည်။
တဖြည်းဖြည်းနဲ့ လူတွေလည်း ဒါကိုနားလည်လာကြသည်။
သူမအနေနဲ့ မနေ့က ဆရာပြောခဲ့တဲ့ ဗဟုသုတ အချက်တွေကို မှတ်ထားမည်၊ အလုပ်ပြီးသွားတဲ့အခါ သူမက အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာဖို့နှင့် အရင်က အဖြသ်အပျက်တွေကို ဖတ်ဖို့အတွက် မှီငြမ်းခန်း ဒါမှမဟုတ် စာကြည့်တိုက်ကိ အရင်သွားသည်။
သူမရဲ့နောက်ဆက်တွဲအလုပ်မှာ ဆရာရဲ့တုံ့ပြန်ချက်အပေါ်မှာ ပိုမိုတိုးတက်လာပြီး တူညီတဲ့အမှားကိုလည်း နှစ်ခါထပ်မလုပ်ပေ။
သူမဟာ ရိုးရိုးရှင်းရှင်း၊ အလုပ်ကြိုးစားသူဖြစ်ပြီး အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ကာ ပြင်ပအရာတွေဆီက အလွယ်တကူ အနှောက်အယှက် အဖြစ်မခံဘဲ သူမ လုပ်နေတာကိုဘဲ အာရုံစိုက်သည်။
စုန့်အာ့နန်ဟာ အလုပ်သင်တွေထဲတွင် အငယ်ဆုံးဖြစ်ပေမယ့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုအရှိဆုံးသူဖြစ်သည်။
ဤသည်မှာ အတိအကျကိုဘဲ အချို့သော ဆရာဝန်တွေ ပိုင်ဆိုင်ထားရမည့် စွမ်းရည်တစ်ခုဖြစ်သည်။
ဒါ့အပြင်၊ စုန့်အာ့နန်၏ ငြိမ်သက်အေးချမ်းတဲ့ ခံစားချက်မှာ သူမပတ်ဝန်းကျင်ရှိသူတွေကိုလည်း သက်ရောက်စေသည်။ နှလုံးရောဂါကုသရေးဘက်မှ ကျီချန်နဲ့ ဖန့်ချန်ချန်တို့မှာလည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။
ဒါပေမယ့် ဒီဟာက variety show ဖြစ်နေတုန်းပင်။တစ်စုံတစ်ဦးကို ဖယ်ထုတ်ပြီး အဲ့ဒီနေရာကို တစ်စုံတစ်ဦးက အလိုအလျောက် ယူရမှာပင်။
ဒါပေမယ့် အာရုံကြောခွဲစိတ်ကုသမှုဘက်မှာ ဘယ်သူတွေကို ဖြည့်မလဲဆိုတာကိုတော့ စုန့်အာ့နန် သိပ်ပြီးရှင်းရှင်းလင်းလင်း မသိပါချေ။ ပြီးတော့ သူမဟာလည်း ဌာနတစ်ခုတည်းမှ မဟုတ်တာကြောင့် တစ်ဖက်လူက ဘယ်အချိန်လာမလဲဆိုတာကို သိပ်အာရုံမထားလိုက်ပေ။
အဲ့ဒီနေ့တွင် နှလုံးသွေးကြောကုသရေးဌာနမှ လူနာအသစ်တစ်ဦးကို လက်ခံရခဲ့ပေမယ့် လူနာရဲ့အခြေအနေမှာ အထူးတလည်ဖြစ်တာကြောင့် အာရုံကြောခွဲစိတ်ကုသရေးဌာနနှင့် တိုင်ပင်ရန် လိုသည်။
ပါဝင်တဲ့ ဆရာဝန်က ဒီကိစ္စဟာ ပုံမှန်ဘဲဖြစ်ပြီး အလုပ်သင်အားလုံးကို ထိုင်စောင့်ခိုင်းလိုက်သည်။ စုန့်အာ့နန်လည်း ဆွေးနွေးပွဲမှာ ပါဝင်လာသည့် အလုပ်သင်အသစ်ကို တွေ့လိုက်ရသည်။
ကျန်းဖန်ဖြစ်နေတာပင်။
ကျန်းဖန်ဟာ စုန့်အာ့နန်ထက် အတန်းသုံးတန်းကြီးသည်။ သူဟာ B တက္ကသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာ ဆေးကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် သတ္တမနှစ်ရောက်တဲ့အခါ နိုင်ငံခြားဓာတ်ခွဲခန်းတစ်ခုဆီ exchange ကျောင်းသားအဖြစ် သွားခဲ့ရသည်။
ဒီရှိုးမှာ သူပါမယ်ဆိုတာမပြောနဲ့ဦး သူပြန်လာတဲ့အကြောင်းကိုတောင် စုန့်အာ့နန်မကြားမိပေ။
တိုင်ပင်ဆွေးနွေးမှုပြီးသွားတဲ့နောက်မှာတော့ စုန့်အာ့နန်တစ်ယောက် အစည်းအဝေးခန်း အပြင်ဘက်မှာ စောင့်နေတဲ့ ကျန်းဖန်နဲ့ဝင်တိုးသည်။
"စီနီယာအစ်ကို ကျန်းဖန်၊ အစ်ကို ဘယ်တုန်းက တရုတ်ကို ပြန်ရောက်တာလဲ?" စုန့်အာ့နန်က နည်းနည်း အံ့သြနေသည်။
ကျန်းဖန်က ပြုံးကာပြန်ဖြေလိုက်သည်။ "ကိုယ် လွန်ခဲ့တဲ့ နှစ်ရက်လောက်က ပြန်ရောက်တာ"
စုန့်အာ့နန်က "အိုး" လို့ဆိုလိုက်ပြီး ကင်မရာအဖွဲ့သားတွေဆီ တစ်ချက်ကြည့်လိုက်သည်။ "ဒါဆို အစ်ကိုဒီမှာ ဘာလုပ်နေတာလဲ?"
ဒီအလုပ်သင် variety show ဟာ B တက္ကသိုလ်ရဲ့ တွဲဖက်ဆေးရုံမှာ ရိုက်ကူးတာဖြစ်ပေမယ့်၊ ဆေးရုံရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကို မထိခိုက်စေဖို့အတွက် သူတို့ကို ပုံမှန်ပြင်ပလူနာခန်းနှင့်ခွဲကာ သီးသန့်နေရာပေးထားသည်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဆေးရုံမှာ ကြုံဖူးသည်။ ဆေးဘက်ဆိုင်ရာ တီဗီရှိုးတွေနဲ့ ရုပ်ရှင်အများအပြားဟာ သူတို့ ဆေးရုံရှိနေရာတွေမှာ ရိုက်ကူးခဲ့တာဖြစ်သည်။
ဒါ့အပြင်၊ ဆေးရုံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပံ့ပိုးကူညီမှု လိုအပ်သည့် ပရောဂျက်တွေအတွက် ရန်ပုံငွေများစွာရှိခြင်းဟာ ဒီနည်းလမ်းကြောင့်လည်းဖြစ်သည်။
ကျန်းဖန်က ပြုံးကာပြန်ဖြေလာသည်။ "မင်းနဲ့အတူတူပဲ၊ ကိုယ်လည်းဒီမှာ အလုပ်သင်လုပ်နေတယ်"
စုန့်အာ့နန် နည်းနည်း အံ့ဩသွားသည်။ ကျန်းဖန်ရဲ့ နောက်ခံနဲ့အတူ သူဟာ ယခုနှစ်တွင် PhD ရထားပြီးပြီဖြစ်တာကြောင့် ဆေးရုံတွင် တိုက်ရိုက်အလုပ်ဝင်နိုင်သည်။သူ့အနေနဲ့ ဒီရှိုးကို လာဖို့မလိုပေ။
ကျန်းဖန်က ကူကယ်ရာမဲ့တဲ့ အကြည့်နဲ့ ပခုံးတွန့်လိုက်ပြီး "ကိုယ့်ဦးလေးက ကိုယ့်ကို စာရင်းသွင်းလိုက်တာ။ ဒါက ကိုယ့်ကိုသင်ယူခိုင်းတာလို့ သူပြောတယ်"
ကျန်းဖန်ရဲ့ ဦးလေးဟာ စုန့်အာ့နန်ရဲ့ ဆရာတစ်ဖြစ်လဲ ဌာနမှူး ကျင့်ဝမ်ကျင်းဘဲဖြစ်သည်။
စုန့်အာ့နန်က သူမဆရာရဲ့ ရည်ရွယ်ချက်ကို အကြမ်းဖျင်း နားလည်သဘောပေါက်ပြီး ခေါင်းညိတ်လိုက်သည်။