← Chapters

အခန်း (၈၃)

Vol. 7 Ch. 83

အခန်း (၈၃)

Vol. 7 Ch. 83

စုန့်အာ့နန်က သူမမှာ အစီအစဉ်ရှိတယ်လို့ ပြောတာဟာ ဆင်ခြေပေးတာ မဟုတ်ပါချေ။

သူမနဲ့တွေ့ဖို့ အစီအစဉ်ထားတဲ့သူက ဖေးခွမ်ဘဲဖြစ်သည်။

အရင်က ရိုက်ကူးရေးက အရမ်းနောက်ကျမှပြီးတာကြောင့် ဖေးခွမ်က သူမကို ဆေးရုံကန်တင်းမှာဘဲ စားဖို့ ဖိတ်ခိုင်းပေမယ့် သူမတို့မှာ အခွင့်အရေးကို မရနေပေ။

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာ သူမအလုပ်အစောကြီး ဆင်းတာကြောင့် မနေ့က ဖေးခွမ်နဲ့ စီစဉ်ထားတာပင်။

ဒါပေမယ့် ကံဆိုးစွာနဲ့ဘဲ၊ ဒီနေ့ စုန့်အာ့နန် အလုပ်မဆင်းခင်မှာဘဲ သူမနဲ့ ဆွေးနွေးဖို့ကိစ္စအချို့ရှိတယ်လို့ ပါဝင်တဲ့ ဆရာဝန်က ဖုန်းဆက်လာသည်။

သူမ ဆေးရုံအဆောက်အဦးကနေ ထွက်လာတဲ့အချိန်က နာရီဝက်ကျော်နေပြီဖြစ်သည်။

စုန့်အာ့နန်က ဆေးရုံကန်တင်း အဝင်ဝဆီ အပြေးသွားလိုက်တဲ့အခါ ဖေးခွမ်က ကန်တင်း အပြင်ဘက်ရှိ တိုင်တစ်တိုင်ကို မှီရင်းဖုန်းသုံးနေသည်။

"တောင်းပန်ပါတယ် ကိစ္စတစ်ခုရှိနေလို့" စုန့်အာ့နန်က အမောတကောနဲ့ ပြောလိုက်သည်။

ဖေးခွမ်က သူ့ဖုန်းကို ထားလိုက်ပြီး အိတ်ကပ်ထဲက တစ်ရှူးတစ်ထုပ်ကို ထုတ်ကာ သူမဆီ တစ်ရွက်ထုတ်ပေးလိုက်သည်။ "အလျင်မလိုပါဘူး၊ အချိန်ရှိပါသေးတယ်"

စုန့်အာ့နန်မှာ ပိတ်သွားတဲ့ ကန်တင်းတံခါးကို လှမ်းကြည့်ရင်း နည်းနည်း ကူကယ်ရာမဲ့ ဖြစ်သွားရသည်။

အခုချိန်မှာ ကန်တင်းက ပိတ်သွားပေမယ့် သူမတို့က အခုချိန်ထိ ညစာမစားရသေးဘူးလေ!

ဘယ်လိုဘဲဆိုဆို သူတို့အတွက် အရင်စားသောက်ဖို့နေရာရှာရမည်ပင်။

သူမကခဏလောက်စဉ်းစားလိုက်ပြီး ပြောလိုက်သည်

"ကျွန်မတို့ ကျောင်းရဲ့တောင်ဘက်ဂိတ်မှာ အစားအသောက်တန်းရှိတယ်၊ အဲ့ဒီကို သွားကြည့်ကြည့်ရင်ရော ဘယ်လိုလဲ?"

ဖေးခွမ်က ပခုံးတွန့်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "မင်း နောက်ဘဲလိုက်မယ်၊ ကိုယ့်မှာ အမြင်မရှိဘူး"

သူက မေးလိုက်သည်။ "နေရာက ဝေးလား?"

စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး "သိပ်မဝေးဘူး၊ ကားနဲ့ဆိုဆယ်မိနစ်လောက်ဘဲ"

"မင်းရဲ့ကားကို ဒီမှာရပ်ထားတာလား?" ဖေးခွမ်က အံ့သြတကြီးနဲ့မေးလိုက်သည်။

စုန့်အာ့နန်က ခေါင်းညိတ်လိုက်ပြီး "အင်း၊ ခဏစောင့်၊ ကျွန်မ ကားရှိတယ်"

မိနစ်အနည်းငယ်အကြာမှာတော့ စုန့်အာ့နန်က အဖြူရောင်လျှပ်စစ်စကူတာကို စီးပြီး သူ့ရှေ့မှာရပ်လိုက်တာကို ဖေးခွမ် တွေ့လိုက်ရသည်။ သူက နည်းနည်း အံ့အားသင့်နေသေးသည်။

“ဒါက မင်းရဲ့ကားလား?” သူက နည်းနည်း စိတ်ပျက်သွားသလို မေးလာသည်။

စုန့်အာ့နန်က နည်းနည်းနားမလည်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး "ဟုတ်တယ်‌လေ၊ ဘာဖြစ်လို့လဲ?"

သူမတို့ဆေးရုံက B တက္ကသိုလ် နဲ့ နီးပေမယ့် အိပ်ဆောင်ကနေ ဒီကိုရောက်ဖို့ အချိန်နည်းနည်းယူရသည်။ ဒါကြောင့် အလုပ်သင်နှစ်မှာ အလုပ်သွားအလုပ်လာ အဆင်ပြေရအောင် သူမ လျှပ်စစ်စကူတာအသေးလေးတစ်စီး ဝယ်ခဲ့သည်။

ရိုက်ကူးရေးလုပ်နေတဲ့ အ‌တောတွင်းမှာ သူမအနေနဲ့ အိပ်ဆောင်ကို အသွားအပြန်လုပ်စရာ မလိုတာကြောင့် စကူတာကိုဝင်းထဲမှာဘဲ ရပ်ထားတာဖြစ်သည်။

ဖေးခွမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "....ဘာမှမဟုတ်ပါဘူး"

ဟိုတလော စုန့်အာ့နန်ရဲ့ မွေးနေ့တုန်းက စုန့်လင်းချွမ် သူမကို ပြိုင်ကားတစ်စီး ပေးခဲ့တာ သူသိသည်။ ဒါကြောင့် သူမပြောတဲ့ကားဆိုတာက အဲ့ဒီကားလို့ သူထင်ခဲ့တာဖြစ်သည်။

ဒါပေမယ့် နောက်တစ်စက္ကန့်မှာဘဲ အဲ့ဒီပြိုင်ကား မော်ဒယ်ဟာ အတော်လေး မျက်စိကျစရာ ကောင်းတာကို သူတွေးလိုက်မိသည်။ ဒီကောင်မလေးက အာရုံစိုက်ခံရတာကိုမကြိုက်တာကြောင့် အဲ့ဒါကို သူမ မမောင်းတာ အဓိပ္ပါယ်ရှိသည်။

စုန့်အာ့နန်က စကူတာ ရှေ့ခြင်းထဲရှိ ဦးထုပ်တစ်လုံးကို ယူကာ ဖေးခွမ်ကို ပေးလိုက်သည်။

ဖေးခွမ်က ဦးထုပ်ကိုယူလိုက်ပြီး မေးလိုက်သည်။ "မင်း မောင်းချင်လား ဒါမှမဟုတ် ကိုယ်မောင်းရမလား?"

"ကျွန်မ မောင်းမယ်၊ ရှင်လမ်းမသိဘူး" စုန့်အာ့နန် ထပ်ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ကျွန်မမောင်းတာကျွမ်းပါတယ်"

ဖေးခွမ်က တိုးတိုးလေးရယ်လိုက်ပြီး "ကောင်းပြီလေ၊ ကိုယ် မင်းကိုယုံလိုက်မယ်"

အဲ့လိုပြောပြီးတာနဲ့ သူ့ရဲ့ခြေတံရှည်တွေနဲ့အတူ အနောက်မှာ ခွထိုင်လိုက်သည်။

ဒါပေမယ့် ခြောက်ပေနီးပါးရှိတဲ့ လူတစ်ယောက်က လျှပ်စစ်စကူတာအသေးလေးရဲ့ နောက်မှာထိုင်လိုက်တော့ အတော်လေး နေရာမလွတ်ဖြစ်သွားသည်။ သူ့ခြေထောက်တွေကို ဘယ်မှာထားရမှန်းမသိဖြစ်နေကာ သူ့ပုံက နည်းနည်းကြောင်တောင်တောင် နိုင်နေသည်။

ကံကောင်းစွာနဲ့ပဲ နေရာကသိပ်မဝေးပေ။ ဆယ်မိနစ်လောက်အကြာမှာ‌တော့၊ စုန့်အာ့နန်က ဖေးခွမ်နဲ့အတူ စကူတာလေးကို စီးပြီး B တက္ကသိုလ်ရဲ့တောင်ဘက်ဂိတ်ဆီ ရောက်လာသည်။

အခုက နွေရာသီ အားလပ်ရက်ဆိုတော့ လူသိပ်မရှိပေ။ စုန့်အာ့နန်တစ်ယောက် အရင်က သူမစားဖူးတဲ့ ဆိုင်ကို ရှာတွေ့လိုက်သည်။

ဒါပေမယ့် ဖေးခွမ်ရဲ့ ကျော်ကြားနေတဲ့ အခြေအနေကြောင့် အခုလို စားသောက်ဆိုင်ထဲမှာ စားသောက်ရတာ နည်းနည်းတော့ အဆင်မပြေပေ။ ဒါကြောင့် နှစ်ယောက်သား ဝယ်သွားလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

စုန့်အာ့နန်လည်း မုန့်တွေဝယ်လိုက်သည်။ သူမက ဖေးခွမ် ကိုတင်ကာ စကူတာလေးကိုမောင်းပြီး B တက္ကသိုလ်ထဲ ဝင်လိုက်သည်။

အခုချိန်တွင် ကျောင်းဝင်းထဲမှာ လူသိပ်မရှိပေ။ သူမက လမ်းဟိုကွေ့ဒီကွေ့သွားပြီး ပွဲကြည့်စင်နားမှာ ရပ်လိုက်သည်။ ဒီပွဲကြည့်စင်က သူမတို့စားဖို့အတွက် သူမရွေးချယ်ထားတဲ့နေရာဖြစ်သည်။

ဖေးခွမ်က အိတ်တွေကို သယ်ကာ စကူတာအနောက်ကနေ ဆင်းလိုက်သည်။

နှစ်ယောက်သား စကူတာကို သေသေချာချာ ရပ်လိုက်ပြီး အစားအသောက်အိတ် အများအပြားကို ကျောက်စားပွဲပေါ်တင်လိုက်ပြီး ကျောက်သားထိုင်ခုံလေးတွေပေါ်မှာ ထိုင်လိုက်သည်။

စုန့်အာ့နန်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ဖေးခွမ်ကို လှမ်းကြည့်ကာ မေးလိုက်သည်။ "အချိန်ကွာခြားတာကို အသားကျသွားပြီလား?"

တူကိုင်ထားတဲ့ ဖေးခွမ် လက်က ရပ်ရုံရပ်သွားပြီး "အင်း၊အသားကျသွားပြီ"

စုန့်အာ့နန်လည်း ခေါင်းညိတ်လိုက်သည်။

သူအသားကျသွားတာကောင်းတယ်၊ အဲ့ဒါမှ သူအိပ်မပျော်တာ ထပ်မဖြစ်မှာ။

စုန့်အာ့နန်က အဝါရောင်ကြက်သားဆန်ပြုတ် နှစ်ပွဲဝယ်ခဲ့သည်။ နှစ်ယောက်သား ခွဲစားကြတော့သည်။

"ဘယ်လိုလဲ၊ အရသာရှိလား?" စုန့်အာ့နန်က ဖေးခွမ်ကို ကြည့်ကာ မေးလိုက်သည်။

ဖေးခွမ်လည်း ခေါင်းညိတ်ပြလိုက်ပြီး "အင်း၊ အရသာ တော်တော်ကောင်းတယ်"

ဒါကိုကြားတော့ စုန့်အာ့နန်က သက်ပြင်းတစ်ချက်ချလိုက်သည်။ သူကြိုက်လို့ တော်ပါသေးရဲ့။

ဒါပေမယ့် နောက်တစ်စက္ကန့်မှာဘဲ သူ အရင်က သူမဆီအရသာရှိတဲ့အစားအသောက်တွေအများကြီး ပို့ပေးခဲ့တာကို သတိရသွားသည်။ သူမဘက်က သူ့ကိုကျွေးတဲ့ ပထမဆုံး အစားအသောက်တွေကျတော့ အရမ်းဈေးပေါနေသည်။ အဲဒါက သူမကို ခဏလောက် တောင့်တင်းသွားစေသည်။

စုန့်အာ့နန်က ခဏလောက်စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "နောက်တစ်ခါ အခွင့်အရေးရရင် ရှင့်ကို စားသောက်ပွဲ အကြီးကြီးဝယ်ကျွေးဦးမယ်"

ဖေးခွမ်က သူမရဲ့ အတွေးတွေကို ချက်ချင်းသိလိုက်ပြီး တိုးတိုးလေး ရယ်လိုက်သည်။ " မလိုပါဘူး။ နောက်တစ်ခါ အခွင့်အရေးရရင် မင်းတို့ကျောင်းက ကန်တင်းမှာ စားဖို့ ခေါ်သွားပေး"

သူက သူမကိုပိုက်ဆံမရှိတဲ့ ကျောင်းသူတစ်ယောက်လိုမျိုးထင်နေတယ်လို့ စုန့်အာ့နန်တစ်ယောက် ခံစားမိပြီး သူမက အ‌လေးထား ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ကျွန်မမှာ ပိုက်ဆံရှိပါတယ်!"

သူမ နားလည်မှုလွဲနေတာကို မြင်တော့ ဖေးခွမ်က မနေနိုင်ဘဲ ရယ်လိုက်သည်။ "ကိုယ်စိတ်မပူပါဘူး၊ မင်းက ချမ်းသာတဲ့ကောင်မလေးမှန်း ကိုယ်သိပါတယ်"

စုန့်အာ့နန်က သူ့ကို အံ့ဩသလို ကြည့်လိုက်သည်။

သူမမှာ ပိုက်ဆံရှိမှန်း သူသိတာတောင်မှ ဘာလို့ ကန်တင်းမှာဘဲ စားချင်နေသေးတာလဲ?

ဖေးခွမ်က ကူကယ်ရာမဲ့စွာနဲ့ ရှင်းပြလိုက်သည်။ "အဲ့ဒါက ကိုယ်ကန်တင်းမှာ တစ်ခါမှ မစားဖူးလို့"

စုန့်အာ့နန် ခဏလောက် ကြောင်သွားပြီး နောက်တော့သူ့စကားရဲ့နောက်ကွယ်က အဓိပ္ပါယ်ကို ချက်ချင်းနားလည်လိုက်သည်။

သူဟာ အသက် ဆယ့်ငါးနှစ်တွင် ပွဲဦးထွက်ခဲ့ပြီး တက္ကသိုလ်တက်ဖို့ အခွင့်မသာခဲ့ပေ။ သူအရမ်းနောင်တရနေလိမ့်မယ်။

သူမတစ်ခုခုပြောခါနီးမှာဘဲ သူမဖုန်းက ရုတ်တရက်မြည်လာသည်။ ခေါ်ဆိုသူ ID ကို တစ်ချက်ကြည့်လိုက်တော့ တကယ်ဘဲ ကျန်းဖန်ဖြစ်နေသည်။

စုန့်အာ့နန်က ဖေးခွမ်ကို ကြည့်လိုက်ပြီး "ကျွန်မ ဖုန်းခဏပြောလိုက်ဦးမယ်"

ဖေးခွမ်လည်း ခေါင်းညိတ်လိုက်သည်။ "ပြောလေ"

စုန့်အာ့နန် - "ဟယ်လို အလုပ်သင်စီနီယာအစ်ကို။ အိုး၊ မလိုပါဘူး။ ကျွန်မ အခုစားနေတယ်၊ ကျွန်မအတွက်ဘာမှယူပေးဖို့ မလိုပါဘူး... ကောင်းပြီ၊ နှုတ်ဆက်ပါတယ်"

ဖုန်းချပြီးသွားတော့ ဖေးခွမ်က တွေးဆဆအကြည့်နဲ့ သူမကို တည့်တည့်ကြီး စိုက်ကြည့်နေမှန်း စုန့်အာ့နန် သတိထားမိလိုက်သည်။

"ဘာကိုကြည့်နေတာလဲ?" သူမက နားမလည်နိုင်စွာနဲ့ မေးလိုက်သည်။

ဖေးခွမ်က သူမဖုန်းဆီ နည်းနည်း မေးငေါ့ပြလိုက်ပြီး "ကျန်းဖန်လား?"

စုန့်အာ့နန် ခဏလောက် အံ့အားသင့်သွားသည်။ "ဟုတ်တယ်၊ သူက စီနီယာအတန်းဖော်တချို့နဲ့ ညစာစားနေတာ။ အဲ့ဒါ သူတို့ရောက်နေတဲ့ စားသောက်ဆိုင်မှာ ကျွန်မအရမ်းကြိုက်တဲ့ အချိုပွဲရှိနေလို့ ဝယ်လာပေးရမလားလို့ မေးတာ"

ဖေးခွမ်က အဓိပ္ပါယ်ပါပါနဲ့ မျက်ခုံးပင့်လိုက်ပြီး မရေမရာ "အိုး” လို့ဆိုလိုက်ကာ “သိပြီ" လို့ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်..... ဆက်ဆံရေးက ရင်းနှီးတာလား?"

စုန့်အာ့နန်က သူ့ကို စိုက်ကြည့်ရင်း စိတ်တိုတိုနဲ့ ပြောလိုက်သည်။ "ကျွန်မတို့က ရှင်တွေးနေသလို မဟုတ်ဘူး"

"ပြီးတော့ ကျွန်မ အခု အရွယ်ရောက်နေပြီ၊ ဘာတရားမဝင်တာမှ မရှိဘူး"

ဖေးခွမ်မှာ ကြောင်သွားပြီး နောက်မှ လွန်ခဲ့တဲ့ နှစ်နှစ်ခန့် ကျန်းဖန်နဲ့ ဆုံတုန်းက သူမကို အသက်မပြည့်ဘဲ ချိန်းတွေ့နေတယ်လို့ စွပ်စွဲခဲ့မိတာကို သတိရလိုက်သည်။

ဒီကလေးမလေးက တကယ်ကို စိတ်မှတ်ကြီးတာဘဲ။

သူက ခပ်တိုးတိုးလေး ရယ်လိုက်ပြီး သူ့ကိုယ်သူ ခုခံဖို့ ကြိုးစားလိုက်သည်။ "ကိုယ်ဘာမှ မပြောရ‌‌သေးပါဘူး..."

စုန့်အာ့နန်က သူမနှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်ပြီး "ဒါပေမယ့် ရှင့်ရဲ့အမူအရာက ပြောနေတယ်လေ"

ဖေးခွမ်က ပခုံးတွန့်လိုက်ပြီး ပြောလာသည်။ "ကောင်းပြီလေ၊ အဲ့ဒါက မင်းတို့နှစ်ယောက်ကို အွန်လိုင်းမှာ shipနေကြတဲ့ လူတွေအများကြီးကို တွေ့ခဲ့တော့ တကယ်များလားလို့၊ အဲဒါကြောင့် ကိုယ်က..."

ဒါကိုကြားတော့ စုန့်အာ့နန်က မနေနိုင်ဘဲ ဒေါသတကြီးနဲ့ ပြန်ပြောလာသည်။ "ဒါဆို အွန်လိုင်းပေါ်မှာ ကျွန်မတို့ကို ship နေကြတဲ့သူတွေလည်းရှိတာဘဲ။ အဲ့ဒါကိုရော ရှင်က အတည်ယူတာလား?"

ဖေးခွမ် - "......"!

ဖေးခွမ်မှာ စက္ကန့်နည်းနည်းလောက် အံ့အားသင့်သွားပြီး ဒီကလေးမလေးက ပြန်လည်ချေပပြောဆိုရာတွင် အတော်လေး ကောင်းလိမ့်မယ်လို့ မထင်ထား‌ပေ။

ဒါပေမယ့် ခ‌ဏလောက် သူဘယ်လို ပြန်ဖြေရမှန်းမသိလိုက်ပေ။

စုန့်အာ့နန်လည်း သူမ နည်းနည်း စိတ်မြန်လက်မြန်ဖြစ်သွားမှန်းသိသည်။

ဒါပေမယ့် အရင်တုန်းက သူမသာ ရည်းစားထားခဲ့ရင် သူက သူမအတွက် ကြည့်ပေးမယ်လို့ အရင်က သူဘယ်လိုပြောခဲ့လဲဆိုတာကို သူမစဉ်းစားမိတဲ့အခါ သူမအနေနဲ့ မွန်းကျပ်သလို ခံစားရသည်။

ဒီလူက သူမကို သူ့အန်တီလေးလို တကယ်ဆက်ဆံပြီး စုန့်လင်းချွမ်ထက်တောင် သူက ဒါကို ပိုစိတ်အားထက်သန်နေသေးသည်။

ဒါပေမယ့် သူမပြောပြီးတာနဲ့ နောင်တရလိုက်မိသည်။

ရုတ်တရက်ကြီး သူမတို့ရဲ့ CP ကို ဘယ်နေရာကနေ ထွက်လာမှန်းမသိ‌တော့ဘဲ အကြောင်းအရာဟာလည်း အနည်းနဲ့အများ တဖြည်းဖြည်းနဲ့ ရှုပ်ထွေးလာသည်။

အထူးသဖြင့် "အန်ရှင်း ဖေးပန်" CP super-topic တွင် ပရိသတ်တွေ တင်ထားတဲ့ အရာတွေကို သူမ မနေနိုင်ဘဲတွေးမိလိုက်သည်။

ဒီအရာတွေကို သူမလိုက်ကြည့်တာက ထူးဆန်းတယ်လို့ သူထင်သွားမလား? နေ့အလင်းရောင်ကို မခံနိုင်တဲ့ သူမရဲ့ လျှို့ဝှက်ထားတဲ့ အတွေးတွေကို သူရှာတွေ့သွားမှာလား?

သူသာ....

စုန့်အာ့နန် ရုတ်တရက် နည်းနည်း တုန်လှုပ်လာသလို ခံစားလိုက်ရပြီး ခေါင်းတောင်မထောင်ရဲတော့ပေ။

ဒါပေမယ့် နောက်ဆက်တွဲ ဖြစ်လာတာကတော့ နက်နဲတဲ့ စွမ်းအားမဲ့ခြင်းသလို ခံစားချက်ပင်။

စုန့်အာ့နန်အနေနဲ့ သူမ မိုက်မဲမှန်းသိပေမယ့် ဒီမိုက်မဲမှုရဲ့ အရင်းအမြစ်ကိုတော့ ဘယ်သူမဆိုထက် သူမ ပိုရှင်းရှင်းလင်းလင်း သိသည်။

ခံစားချက်အချို့ကို မျိုသိပ်ထားရင် အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်လို့ သူမ တွေးခဲ့ဖူးသည်။

ဒါပေမယ့် နှစ်နှစ်ကုန်သွားတာတောင်မှ သူမမှာ ဘာလို့ လုံးဝ မတိုးတက်ခဲ့တာလဲ?

ဒါကို Crush တယ်လို့ ခေါ်တာများလား?

စုန့်အာ့နန်က သူမကိုယ်သူမ Crush ရှိတဲ့လူမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။တစ်ယောက်ယောက်ကို သဘောကျတယ်ဆိုရင် သူတို့ကို ပေးသိသင့်တယ်လို့ သူမ အမြဲတမ်း ထင်ခဲ့ဖူးသည်။

ရလဒ်က ဘာပဲပြောပြော အနည်းဆုံးတော့ ပွင့်ပွင့်လင်းလင်းပြောရမည်။ ဒါပေမယ့် အခုချိန်မှာတော့ သူမ အရမ်း တွက်ချက်လာတတ်ပြီဖြစ်သည်။

သူမရဲ့ အတုန်းက သတ္တိ‌တွေပျောက်ဆုံးသွားတာ အချိန်အများကြီး ကြာသွားတာကြောင့် ဖြစ်မည်။

ဒါမှမဟုတ် သူမရဲ့ခံစားချက်တွေက သူ့ကို စိတ်ညစ်‌စေမယ်မှန်း သူမသိသွားတာကြောင့် ဖြစ်မည်။

စုန့်အာ့နန် စိတ်အခြေအနေ မကောင်းတာကိုမြင်တော့ ဖေးခွမ်လည်း တည့်တည့်ပဲ မေးလိုက်သည်။ "စိတ်ဆိုးသွားတာလား?"

စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်‌သွားသည်။

စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး သူမအသံက ဗလုံးဗထွေးနဲ့ထွက်လာသည်။ "မဟုတ်ပါဘူး"

သူမ ခဏလောက်ရပ်လိုက်ပြီး ထပ်ပြောလာသည်။ "ကျွန်မက အမှားခံရတာကို သဘောမကျလို့ပါ"

အမှားခံရတာ?

ဖေးခွမ်က ဒီစကားလုံးကို သေချာစဉ်းစားလိုက်သည်။

သူက ကျန်းဖန် နဲ့ CP အကြောင်း ပြောနေတာလား၊ ဒါမှမဟုတ် သူနဲ့လား?

သူနဲ့ဆိုပိုပြီး‌တော့ အမှားခံရတယ်လို့ သူမ ခံစားရတဲ့ပုံဘဲ။

စုန့်အာ့နန် ခဏလောက်စဉ်းစားလိုက်ပြီး သူမအနေနဲ့ ပြန်ပြင်တင်ချက် ထုတ်သင့်တယ်လို့ ခံစားလိုက်ရသည်။ “ဒါပေမဲ့ လင်းချွမ်ကို ပြန်စဉ်းစားကြည့်လိုက်တော့ ဒါကို ပြောရမယ့်တစ်ယောက်က ကျွန်မ မဟုတ်ဘူးလို့ ခံစားရတယ်"

ဖေးခွမ် သူ့မျက်ခုံးတွေကိုပင့်လိုက်သည်။

ဒါက စုန့်လင်းချွမ်နဲ့ ဘာဆိုင်လို့လဲ?

စုန့်အာ့နန်က သူ့ကို စက္ကန့်နည်းနည်းလောက် စိုက်ကြည့်လိုက်ပြီး "ရှင့်မှာ သူနဲ့ CP ဖန်တွေ အများကြီးရှိတဲ့ပုံဘဲ"

ဖေးခွမ် - "......"

ညစာစားပြီးသွားတော့ နှစ်ယောက်သား အစာကြေစေဖို့အတွက် ကျောင်းဝင်းထဲမှာ လမ်းလျှောက်ကြသည်။

နောက်ကျနေတာကိုမြင်တော့ စုန့်အာ့နန်က သူမရဲ့လျှပ်စစ်စကူတာစီးကို မောင်းဖို့ကားပါကင်ဆီ သွားလိုက်သည်။ ဖေးခွမ်က အနောက်မှာ နောက်တစ်ခါ ခွစီးပြီး နှစ်ယောက်သား အေးအေးလူလူ ပြန်ကြသည်။

ဆေးရုံက ကားရပ်နားရာနေရာမှာ လျှပ်စစ်စကူတာကို ထပ်ရပ်လိုက်ပြီး နောက်တော့ သူတို့နှစ်ယောက်ဘေး တံခါးပေါက်ကနေတစ်ဆင့် ဘေးခြံလေးဆီ ဝင်လိုက်ကြသည်။

အခန်းထဲပြန်ရောက်တော့ ဖေးခွမ်က အဝတ်အစားလဲဖို့ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ အမြန်ရေချိုးပြီးတာနဲ့ အပြင်မထွက်ခင် ဆံပင်ကို အခြောက်ခံလိုက်သည်။

တကယ်ဘဲ နောက်ကျနေပြီဖြစ်သည်။ သူက အကျင့်အတိုင်း စားပွဲခုံဆီသွားကာ အပေါ်က ပုလင်းငယ်လေးကို ကောက်ကိုင်ပြီး ဖွင့်ရန် လှည့်ဖွင့်ဖို့ အသင့်ဖြစ်နေတဲ့အချိန် စုန့်အာ့နန်ရဲ့ စကားတွေက ရုတ်တရက် သူ့စိတ်ထဲ ပေါ်လာသည်။

- ရှင် အချိန်ကွာခြားတာ အသားကျသွားပြီလား?

- အိပ်ဆေးကို သိပ်မသောက်ဘဲ အိပ်ပျော်အောင် နွားနို့သောက်တာက အကောင်းဆုံးပဲ။

ဖေးခွမ်က ပုလင်းကို မူလနေရာမှာ ပြန်မထားခင် စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းသွားသည်။

သူက အောက်ထပ် မီးဖိုချောင်ဆီ မသွားခင် ခဏလောက် စဉ်းစားနေသေးသည်။ သူထင်ထားတဲ့အတိုင်း ထုတ်လုပ်ရေးအဖွဲ့သည် နွားနို့ကို မပြင်ဆင်ထားပေးဘဲ ရေခဲသေတ္တာထဲတွင် စပွန်ဆာပေးထားသည် အဖျော်ယမကာများဖြင့် ပြည့်နေသည်။

သူ ဒီနေ့အတွက် လုပ်မယ်လို့ တွေးထားပြီး မနက်ဖန် အပြင်ထွက်တဲ့အခါ ပုလင်းအနည်းငယ်လောက် ဝယ်ပြီး သိမ်းထားဖို့ တွေးလိုက်သည်။

All Chapters