အခန်း (၈၄)
Vol. 7 Ch. 84
အခန်းထဲပြန်ဝင်ပြီးတော့ အိပ်ဆေးမသောက်ဘဲ သူအိပ်ရာဝင်လိုက်သည်။
အိပ်မပျော်တာကြောင့် ဖေးခွမ်လည်း သူ့ကိုယ်သူ အတင်းအကျပ် အိမ်ဖို့မလုပ်တော့ဘဲ လက်နှစ်ဖက်ကို ခေါင်းအောက်မှာထားကာ ညနေတုန်းက အဖြစ်အပျက်တွေကို မသိစိတ်ကနေ ပြန်တွေးမိလိုက်သည်။
စုန့်အာ့နန်ဟာ ဒီညတစ်ဝက်လောက် စိတ်အခြေအနေမကောင်းမှန်း သူခံစားလိုက်သည်။ သူမက တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူမက ဟန်ဆောင်တာ သိပ်မကောင်းပါချေ။
ဖေးခွမ်ရဲ့ မျက်ခုံးတွေက နည်းနည်းတွန့်ချိုးသွားသည်။ သူကလွန်လွန်ကဲကဲကို စွက်ဖက်နေတယ်လို့ သူမ ခံစားမိပြီး စိတ်မသက်မသာ ဖြစ်သွားတာများလား?
အဲဒီလိုဖြစ်နိုင်တယ်။ အထူးသဖြင့် သူမအရွယ် မိန်းကလေးတွေအနေနဲ့ ထိန်းချုပ်ခံရတာကို ဘယ်သူမှမကြိုက်ပါချေ။
ဒါကိုတွေးမိပြီး ဖေးခွမ် ထထိုင်လိုက်ကာ သူ့ဘေးနားက ဖုန်းကို ယူလိုက်သည်။ ရင်းနှီးနေတဲ့ ချတ်ဝင်းဒိုးကို ဖွင့်ပြီး နောက်တော့စာမရိုက်ခင် သူ တစ်ခဏလောက် တုံ့ဆိုင်းသွားသည်။
[ညတုန်းကအတွက် တောင်းပန်ပါတယ်။ ချစ်ရတဲ့သူနဲ့ ဆက်ဆံရတာ အတွေ့အကြုံ သိပ်မရှိလို့ ကိုယ့်ဘက် စည်းကောင်းကောင်း မထားမိဘူး၊ အဲဒါကို စိတ်မဆိုးပါနဲ့]
တည်းဖြတ်ပြီးသွားတော့ ဖေးခွမ်က စခရင်ကို အကြာကြီးကြည့်နေပြီး ပို့ရမလား မပို့ရဘူးလားဆိုတာကို တွန့်ဆုတ်နေပေမယ့် နောက်ဆုံးတော့ စာကို ဖျက်ပစ်လိုက်သည်။
ထားလိုက်တော့၊ သူက အသနားခံရဖို့ ကြိုးစားနေတဲ့ပုံကြီး။
မိန်းကလေးတွေက စိတ်ပျော့သည်။ ဒီလိုလုပ်တာက သူမကို ပိုအပြစ်ရှိသလို ခံစားရစေလိမ့်မည်။
အခုကစပြီး သူ သတိထားသင့်သည်။
ဖေးခွမ်က ဖုန်းကိုပိတ်ပြီး အောက်ချတော့မယ့်အချိန်မှာ ရုတ်တရက် တစ်ခုခုကိုသတိရသွားသည်။
လူတော်တော်များများက သူတို့ရဲ့ CP ကို ship နေမှန်း စုန့်အာ့နန် သိနေတဲ့အတွက် သူတော်တော်အံ့သြသွားသည်။ သူမအပေါ် သူနားလည်ထားပုံအရဆို သူမက အွန်လိုင်းဖျော်ဖြေရေး သတင်းတွေကို အာရုံစိုက်ခဲပြီး ဒီလိုမျိုး အရေးမကြီးတဲ့ကိစ္စတွေကို လုံးဝဂရုမစိုက်တတ်ပါချေ။
သူတို့မှာ CP ဖန်တွေ အများကြီးရှိတယ်ဆိုတာ သူမသိနေမယ်မှန်း သူ မမျှော်လင့်ထားဘူး!
ဖေးခွမ်က ဖုန်းကို လော့ခ်ထပ်ဖွင့်လိုက်ပြီး Weibo ကို တိုက်ရိုက်ဖွင့်ကာ super-topic search box က "အန်ရှင်း ဖေးပန်" ထဲဝင်လိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က လီတုန်က သူ့ကို ဒီ CP နာမည် ပြောပြခဲ့တာဖြစ်သည်။ တွေးကြည့်လိုက်တော့ အဲ့ဒါကို သူ မကြည့်ရသေးဘူး။
အဲ့ဒီCP ဖန်တွေ ဘာပြောနေမှန်း သူမသိသလို၊ ကောင်မလေးက အွန်လိုင်းပေါ်မှာ ဘာကိုမြင်ခဲ့ပြီး အရမ်းမှားသလို ခံစားခဲ့ရတာလဲဆိုတာ သူ မသိပေ။
စူးစမ်းချင်စိတ်ကြောင့် ဖေးခွမ်က super-topicကိုကြည့်လိုက်သည်။
နာရီဝက်လောက်ကြာတော့ အဓိပ္ပာယ်မဲ့စွာ ရယ်မောရင်း သူ့ဘာပြောရမှန်းတောင် မသိဖြစ်သွားရသည်။
ဒီဟာတွေက ဘာတွေလဲ?
photoshops အမျိုးမျိုးတွေ၊ စုစည်းထားတဲ့ဗီဒီယိုတွေနဲ့ စိတ်ကူးယဉ် ဇာတ်လမ်းများအပြင် အချို့သောသူတွေက သူတို့ရဲ့ အနာဂတ်ကလေးလို့ ယူဆရတဲ့ပုံတစ်ပုံကို ဖန်တီးဖို့အတွက် သူနဲ့ စုန့်အာ့နန်ရဲ့ ဓာတ်ပုံတွေကိုတောင် အသုံးပြုခဲ့သည်။
ဒီဟာက...
သူတစ်ခဏလောက် စကားလုံးတွေ ပျောက်ဆုံးသွားရသည်။
ကလေးက တော်တော်လေးကြည့်ကောင်းပေမယ့် ဒါကသူတို့ကလေးဆိုရင်တော့၊ အဲ့ဒါက ...
သူဘာတွေတွေးနေလဲဆိုတာကို သဘောပေါက်သွားတော့ ဖေးခွမ်မှာ မတတ်နိုင်ဘဲ သူ့နဖူးကိုအုပ်လိုက်မိသည်။
သူသည် ဖုန်းကို ဘေးဘက်ဆီ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး ကုတင်ပေါ်တွင် လှဲလျောင်းကာ မီးခလုတ်ကို တိုက်ရိုက်ပိတ်လိုက်သည်။
အမှောင်ထဲမှာတော့ သူ့ဟိုလှည့်ဒီလှည့် လုပ်နေတဲ့အသံတွေကို ကြားနေရသည်။
အချိန်အတော်ကြာတော့ သူက ရှင်းမပြနိုင်လောက်အောင်အော်ရယ်လိုက်သည်။
သူတကယ် ရူးနေပြီ...
အဲ့ဒီည ညစာစားပြီးတဲ့နောက် စုန့်အာ့နန်မှာ ဖေးခွမ် တစ်ခုခုကို သတိထားမိသွားမှာစိုးပြီး သူ့နားမှာပိုပြီးတော့သတိထားနေခဲ့သည်။
ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ သူမတို့နှစ်ယောက်က ရှိုးမှာ အပြန်အလှန် အဆက်အဆက် လုပ်ရတာမရှိသလို အလုပ်ကလည်း အရမ်းများတာကြောင့် သူမအနေနဲ့ အတွေးများနေဖို့ ခွန်အားတောင်မရှိပေ။
သူမအနေနဲ့ ပင်ပန်းနွမ်းနယ်ရတဲ့ နေ့တစ်နေ့အပြီး အိပ်ရာမဝင်ခင်မှာဘဲ သူမရဲ့ရင်ထဲမှာ ရှုပ်ယှက်ခတ်နေတဲ့ခံစားချက်တွေကို ဖြေရှင်းဖို့ အချိန်အနည်းငယ်သာ ယူနိုင်သည်။
ဒီလိုနဲ့ နေ့ရက်တွေက မထူးခြားနားစွာ ကုန်ဆုံးသွားပြီး မကြာခင်မှာဘဲ ရိုက်ကူးရေးရဲ့ နောက်ဆုံးအပိုင်းဆီ ရောက်လာသည်။
ရိုက်ကူးရေး နောက်ဆုံးနေ့တွင် လေ့လာရေးအဖွဲ့က ရှိုးတွင် အလုပ်သင်တွေနဲ့ ဆုံရသည်။
မူလအလုပ်သင် ရှစ်ဦးမှာ အကဲဖြတ်မှုများစွာကို ဖြတ်သန်းခဲ့ရပြီး အချို့က ထွက်ခွာသွားရကာ အချို့ကကျန်နေခဲ့ရပြီး ရှိုးပြီးဆုံးချိန်တွင် ငါးဦးသာ ကျန်ရှိတော့သည်။
စုန့်အာ့နန်နဲ့ ကျန်းဖန်တို့ကတော့ အဆုံးထိ ထိန်းထားနိုင်ခဲ့သည်။
လေ့လာရေးအဖွဲ့မှ ဧည့်သည်ခြောက်ဦးနှင့်အတူ အားလုံးပေါင်း ၁၁ ဦးရှိသည်။
ဒါရိုက်တာက အဲဒီနေ့မှာ သူတို့အားလုံးကို ဟော့ပေါ့စားဖို့ စီစဉ်ထားပြီး ဧည့်သည်အားလုံးကို တစ်နေရာတည်းမှာ စုစည်းလိုက်သည်။
ဒီအစီအစဥ်နဲ့ပတ်သက်ပြီး တိုက်ရိုက်ထုတ်လွင့်ခန်းရှိပရိသတ်တွေက အရမ်းစောင့်မျှော်နေခဲ့ကြသည်။
အမှန်တော့၊ ဒါက [တိတ်ဆိတ်တဲ့ CP] နဲ့ [အန်ရှင်း ဖေးပန် CP] တို့ရဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်ပြီး၊ အဲဒါကို တွေးကြည့်တာနဲ့တင် စိတ်လှုပ်ရှားစရာပင်။
[ဘုရားရေ! အချစ်ပြိုင်ဖက်တွေ ဆုံကြပြီ၊ ဒီပွဲမှာ အပြင်းအထန် ထိပ်တိုက်တွေ့ကြလိမ့်မယ်၊ စောင့်မျှော်နေ.jpg]
[ဘာကို အချစ်ပြိုင်ဘက်လဲ? အပေါ်ထပ်က တစ်ယောက်ရေ မသင့်တော်ပါဘူးနော်။ ဒါက ရှင်းရှင်းလင်းလင်းကို ယောက္ခမနဲ့ တွေ့တာဘဲ]
[စဉ်းစားကြည့်လိုက်တော့၊ ဖေးခွမ်ရဲ့ မကောင်းတဲ့ယောက္ခမမျက်နှာကို ငါစောင့်မျှော်နေမိတယ်]
အလုပ်သင်တွေ ရောက်လာတဲ့အခါ host နဲ့ လေ့လာရေး အဖွဲ့မှ နာမည်ကြီး ဧည့်သည်တွေက စတူဒီယိုတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
သူတို့ ပေါ်လာတာနဲ့ တပြိုင်နက် နေရာမှာ ပျင်းပျင်းရိရိနဲ့ ငေးငိုင်ထိုင်နေတဲ့ ဖေးခွမ်က ပထမဆုံး ထနှုတ်ဆက်သည်။
[အိုး။ ဒီရှိုးကို ကြည့်လာတာကြာပြီ၊ ဖေးခွမ် ဘက်ကနေလက်ဦးမှုယူတာကို အခုမှ ပထမဆုံးမြင်ဖူးတာ]
[ငါထင်တာမှန်တယ်၊ ပုံမှန်ဆို သူ့ထိုင်ခုံမှာဘဲ ခွေခေါက်ထိုင်နေတတ်ပေမယ့် ဒီတစ်ခါတော့ သူတော်တော်လေး တုံ့ပြန်တာမြန်တယ်]
[အားးးး၊ ဖေးခွမ်ရေ ဒီလောက်ထိ အရမ်းမသိသာဖို့ ငါ့အကြံပေးချင်ပါတယ်၊ ရွှတ်ရွှတ်ရွှတ်၊ ဒီသင်္ဘောကတော့ ငါ့ကို သတ်နေတာဘဲ]
လျှောက်ပြီးတော့ ဖေးခွမ်က အခြားအလုပ်သင်တွေက်ု မနှုတ်ဆက်ခင် စုန့်အာ့နန်ကို ပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။
အဲ့ဒီအချိန်မှာ အခြားသူတွေလည်း ဝင်လာကြသည်။ အပြန်အလှန် နှုတ်ဆက်လို့ပြီးသွားတော့ hostက လူတိုင်းကို နေရာယူဖို့ အချက်ပြလိုက်သည်။
စားပွဲရှည်ကြီးတစ်ဝိုက်မှာ လူတစ်ဒါဇင်ကျော်နဲ့အတူ ဖေးခွမ်က သဘာဝအတိုင်း စုန့်အာ့နန်ဘေးမှာ ထိုင်လိုက်ပြီး ကျန်းဖန်က သူမရဲ့တစ်ဖက်မှာထိုင်လိုက်သည်။
ဒါက သူတို့ သုံးယောက်အတူတကွ ဖန်သားပြင်ပေါ်မှာ ပေါ်လာတာ ပထမဆုံးအကြိမ်ပင်။ ကျန်းဖန်က တော်တော်ချောပေမယ့် ဖေးခွမ်နဲ့ ယှဉ်ရင်တော့ သူ့ရုပ်ရည်က သိသိသာသာ အားနည်းသွားသည်။
[အန်ရှင်း ဖေးပန် CP] က မြင်ကွင်းထဲမှာ နည်းနည်း အစွန်းထွက်နေတယ်လို့ ဆိုရပေမည်။
[ငါတို့ရဲ့ [တိတ်ဆိတ်တဲ့ CP] က အသွင်အပြင်ကိုကြည့်တာမဟုတ်ဘဲ ဉာဏဆွဲဆောင်မှုအပေါ်မှာဘဲ အဓိကအားကိုးတာ ဟုတ်ပြီလား?]
[ဟားဟား၊ အပေါ်ထပ်က တစ်ယောက်က သူတို့ရဲ့ မလုံခြုံမှုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာ သိသာတယ်။ ကိုယ့်ကိုယ်ကို ညာနေတာလား?]
[ဘုရားရေ၊ ဒါက ဘယ်လိုဖရိုဖရဲ ရန်ပွဲမျိုးလဲ? သဘောကျတယ်၊ သဘောကျတယ်!]
[ခဏနေပါဦး၊ နင်တို့တွေ ဘာကို စိတ်လှုပ်ရှားနေလဲဆိုတာ တစ်ယောက်ယောက်က ပြောပြပေးနိုင်မလား? ဖေးခွမ်ပဲဖြစ်ဖြစ် ကျန်းဖန်ပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးက ပုံမှန်အတိုင်းပဲ။ ဒီလို ပြင်းထန်တဲ့ တိုက်ပွဲက ဘယ်ကရောက်လာတာလဲ?]
[အပေါ်ထပ်က ညီအစ်ကိုရေ၊ နင် နားမလည်တာ ရှင်းပါတယ်။ ဒါက ရန်မဖြစ်ဘဲ အသာစီးရတယ်လို့ ခေါ်တယ်။ နင့်ရဲ့စိတ်ကူးကိုသုံး အိုကေ?]
အွန်လိုင်းပရိသတ်တွေက ဒီအခြေအနေအပေါ် အတင်းအဖျင်းတွေ ထေ့ငေါ့တာတွေ လုပ်တာတင်မက လက်ရှိ ရှိနေတဲ့သူတွေလည်း ကိစ္စတွေကို နှိုးဆော်ပေးဖို့ ယားယံနေကြသည်။
သို့ပေမယ့် လူတိုင်းက ထိန်းထားဆဲဖြစ်ပြီး၊ ရံဖန်ရံခါ သူတို့သုံးယောက်ကို ကြည့်ရုံကလွဲပြီး ဘယ်သူကမှ ဘာမှ မပြောကြပေ။
လူတိုင်းက သူမတို့ကို ကြည့်နေကြတဲ့အတွက် စုန့်အာ့နန်မှာ နည်းနည်းကသိကအောက် ဖြစ်သလို ခံစားလိုက်ရသည်။ သူမက တုံးအ နေတာမဟုတ်ပေ၊ သူတို့ဘာတွေတွေးနေလဲဆိုတာကို ယောင်ဝါးဝါးမှန်းဆနိုင်သည်။
သူမတို့နှစ်ယောက်က အလုပ်သင်တွေ ဖြစ်တာကြောင့် ကျန်းဖန်က သူမဘေးမှာထိုင်ပြီး သူမတို့တွေ အတူတူထိုင်ကြတာက အဓိပ္ပါယ်ရှိသည်။
ဒါပေမယ့် ဖေးခွမ်ကလည်း သူမ ဘေးမှာ လာထိုင်လိမ့်မယ်လို့ စုန့်အာ့နန် မမျှော်လင့်ထားခဲ့ပါချေ။
သေသေချာချာ စဉ်းစားကြည့်တော့ သူမတို့က တစ်ယောက်နဲ့တစ်ယောက် သိနေတာကြောင့် အတူတူထိုင်တာကလည်း သာမန်ပင်။
လိပ်ပြာမလုံသလို ခံစားရတာကြောင့်ဖြစ်မည်။ ဒါပေမယ့် စုန့်အာ့နန်ကတော့ နည်းနည်း စိတ်မသက်မသာဖြစ်သလို ခံစားရသည်။
ပြီးတော့ ဒါက ဒီမြင်ကွင်းကို အတင်းပြောနေကြတဲ့ ဧည့်သည်တွေကြောင့်တင်မကပေ။
အားလုံး ထိုင်ပြီးသွားတဲ့အခါ တစ်ယောက်ချင်းစီရဲ့အရှေ့တွင် ဟော့ပေါ့အိုး အသေးလေးတစ်လုံးရှိနေသည်။ သူတို့အားလုံးက စကားစမြည်ပြောရင်း စားသောက်ကြတော့သည်။
အလုပ်သင်တွေရဲ့ ထိန်းချုပ်ထားရတဲ့ပုံနဲ့ ယှဉ်ပါက လေ့လာရေး အဖွဲ့မှ ဧည့်သည်တွေက ပိုပြီး သက်တောင့်သက်သာ ရှိသည်။
host ရဲ့ ဦးဆောင်မှုအောက်တွင်၊ ရိုက်ကူးနေတဲ့အတောတွင်း သူတို့သိချင်တဲ့ ဒါမှမဟုတ် စိတ်ဝင်စားတဲ့အချက်တွေကို ဆွေးနွေးကြသည်။
တဖြည်းဖြည်းနှင့် လေထုက အသက်ဝင်လာသည်။
ဒါပေမယ့် ဒီလိုမျိုးအချိန်မျိုးမှာ စုန့်အာ့နန်က စကားအများကြီး မပြောပေ။ တစ်ခါတစ်ခါ ဖေးခွမ်နဲ့ တီးတိုးပြောတာကလွဲရင် သူမ ဝင်လာကတည်းက အချိန်အများစုမှာ တိတ်တိတ်လေးပဲ နားထောင်သည်။
နောက်ဆုံးတော့ သူမဟာ အနုပညာရှင် မဟုတ်သလို သူမရဲ့ ကင်မရာရိုက်ချက် အရေအတွက်ကိုလည်း ဂရုမစိုက်ပါချေ။
ဒါပေမယ့် အခုလက်ရှိမှာ အွန်လိုင်းပေါ်က ပရိသတ်တွေပဲဖြစ်ဖြစ် အခုလက်ရှိ ရှိနေကြတဲ့သူတွေပဲဖြစ်ဖြစ် သူတို့စိတ်ဝင်စားမှု အရှိဆုံးကတော့ စုန့်အာ့နန်ပဲ ဖြစ်သည်။
ဒါရိုက်တာအဖွဲ့မှ ပေးထားတဲ့ ဇာတ်ညွှန်းအရ သူတို့မေးသင့်တဲ့ မေးခွန်းများ အားလုံးကို မေးမြန်းထားပြီးပြီဖြစ်သည်။ နောက်တစ်ခုကတော့ လွတ်လွတ်လပ်လပ်အချိန်ပင်။
"အန်တီလေး မင်းနားက လူတွေက မင်းကို ချောတယ်လို့ မချီးကျူးကြဘူးလား?"
ဒီမေးခွန်းကို မေးတဲ့သူကတော့ လေ့လာရေးအဖွဲ့က လင်းချီဝမ် ဖြစ်သည်။ သူမက အဆိုတော်တစ်ယောက်ဖြစ်သည်။
ပွဲအစကတည်းက သူမက ရိုးရှင်းတဲ့အကြောင်းပြချက်ကြောင့် စုန့်အာ့နန်ကို အတော်လေး သဘောကျခဲ့တာဖြစ်သည်၊ သူမက ရုပ်ရည်ကို သဘောကျတတ်တဲ့သူပင်။
စုန့်အာ့နန်ရဲ့အသွင်အပြင်က သူမရဲ့အလှတရားစံနှုန်းတွေနဲ့ လုံးဝကိုက်ညီသည်။
လင်းချီဝမ်ရဲ့ စကားကိုကြားတော့ စုန့်အာ့နန်ရဲ့ ပထမဆုံး တုံ့ပြန်မှုက နားမလည်ဖြစ်သွားတာပင်။
သူမကို စကားပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့်မဟုတ်ဘဲ သူမကို “အန်တီလေး” လို့ ခေါ်လာတာကြောင့် ဖြစ်သည်။ ဒီရိုက်ကူးရေးလုပ်နေတုန်းမှာ လူတိုင်းက သူမကို နာမည်ပဲခေါ်ကြသည်။
ဒါကြောင့် သူမအနေနဲ့ တုံ့ပြန်ဖို့ အချိန်ယူလိုက်ရသည်။
ဒါပေမယ့် သူမကိုယ်သူမ စိတ်စုစည်းပြီးတဲ့နောက်မှာ စုန့်အာ့နန်က လေးလေးနက်နက်နဲ့ ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။ "ဟင့်အင်း"
လင်းချီဝမ် အံ့သြသွားပြီး မျက်လုံးပြူးသွားသည်။ "ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
စုန့်အာ့နန်ရဲ့ မျက်နှာကို ပြောရရင် သူမဟာ သာမာန်လူတွေကြားထဲမှာ မပြောနဲ့ဦး ဖျော်ဖြေရေးနယ်ပယ်မှာဆိုရင်တောင် အကောင်းဆုံးတွေထဲက တစ်ယောက်လို့ ယူဆလို့ရသည်။
သူမရဲ့ ရုပ်ရည်ကြောင့် မကြာခဏ မချီးကျူးခံရဘူးဆိုတာ မယုံနိုင်စရာဘဲ။
စုန့်အာ့နန် - "တကယ်၊ သူတို့ မပြောကြဘူး"
သူမက ခဏလောက် တုံ့ဆိုင်းသွားပြီး "ဒါပေမယ့် သူတို့က ကျွန်မကို ချစ်စရာကောင်းတယ်လို့ ပြောတတ်တယ်"
သူမရဲ့မိသားစု၊ ကျောင်းနေဖက်တွေ၊ ဆေးရုံကလုပ်ဖော်ကိုင်ဖက်တွေဘဲ ဖြစ်ဖြစ်၊ သူမကို ချောတယ်လို့ တစ်ခါမှ မပြောဖူးကြပေ။ အဲဒီအစား သူမကို ချစ်ဖို့ကောင်းတယ်လို့ပဲ မကြာခဏ ပြောကြသည်။
စုန့်အာ့နန်ကိုယ်တိုင်က သူမကိုယ်သူမ အဲ့ဒီလိုမခံစားရပေမယ့်လည်းပေါ့။
စုန့်အာ့နန်ရဲ့ လေးနက်တဲ့ အမူအရာကြောင့် လင်းချီဝမ်မှာ ချက်ချင်း သဘောကျသွားသည်။ သူမပတ်ဝန်းကျင်က လူတွေက သူမကို ချစ်စရာကောင်းတယ်လို့ ဘာလို့ပြောကြလဲဆိုတာ သူမ နားလည်သွားပြီထင်တယ်။
"အဲ့တော့ မင်းရော မင်းက ချစ်စရာကောင်လို့ ထင်လား?" သူမက မေးလိုက်သည်။
စုန့်အာ့နန်က ပြတ်ပြတ်သားသား ခေါင်းခါလိုက်ပြီး "ကျွန်မတော့ မထင်ဘူး"
[ဘုရားရေ! ဒီလိုမျိုး ခြားနားတဲ့ ကွာဟချက်က ဘယ်လိုလုပ် ချစ်စရာမကောင်းနိုင်ရမှာလဲ?]
[အန်တီလေးက အရမ်းချစ်ဖို့ကောင်းတာ အဲ့ဒါကိုသဘောမပေါက်ဘူးပေါ့လေ!]
သူမပြန်ဖြေတာကိုကြားတော့ လင်းချီဝမ်က ရယ်လိုက်ပြီး "ဒါဆို မင်းက တော်တော်ချောတယ်လို့ ထင်လား?"
စုန့်အာ့နန်က ခဏလောက် တုံ့ဆိုင်းသွားပြီး "နည်းနည်းတော့ ချောမယ်လို့ထင်တယ်"
လင်းချီဝမ်မှာ ခဏလောက် အံ့အားသင့်သွားသည်။ သူမရဲ့ အဖြေကို သူမလုံးဝ မမျှော်လင့်ထားတဲ့ပုံပင်။
သူမက ပိုပြီး နှိမ့်ချသင့်တာ မဟုတ်ဘူးလား?
သူမစိတ်က ဗလာဖြစ်သွားပြီး သူမက မှုန်ဝါးဝါးနဲ့မေးလိုက်သည်။ "မင်းက နည်းနည်းလေး ချောတယ်ဆိုတာ ဘယ်လိုသိသွားတာလဲ?"
စုန့်အာ့နန် - "မှန်ကြည့်တဲ့အခါ ကျွန်မ သဘောပေါက်သွားတယ်"
[ငါတော့သေပြီး၊ မှန်ကြည့်တဲ့အခါ သဘောပေါက်သွားတာတဲ့၊ ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ]
[အားး အန်တီလေးက အရမ်းရယ်ရတာဘဲ!]
[ငါတော့ ရယ်တာ ရပ်လို့ မရတော့ဘူး၊ အန်တီလေးရဲ့ အဖြေတွေက ဘာလို့ အမြဲတမ်း မမျှော်လင့်ထားတာတွေကြီးဘဲလဲ?]
[ဟာဟား၊ အဲဒါကမှန်တယ်လို့ မမျှော်လင့်ထားဘူးမလား? ငါတို့ရဲ့အဓိကအချက်က ရိုးသားမှုဘဲ]
[စုန့်အာ့နန် - ငါ့မှာ အလှတရားရှိတယ် နင်သိလား]
[ဒါပေမယ့် ပြောရရင်၊ အန်တီလေးက သူ့ကိုယ်သူ နည်းနည်းလေးပဲ လှတယ်လို့ ပြောကတည်းက သူ့ရဲ့ အလှတရားဘားတန်းက တော်တော်မြင့်မယ်]
[ဟုတ်တယ်...အန်တီလေးမှာ အလှတရားတွေ ရှိပေမယ့် အများကြီး မဟုတ်ဘူးလို့ ငါခံစားရတယ်]
[အရမ်းလှတယ်လို့ သူထင်တဲ့သူက ဘယ်သူလဲဆိုတာ သိချင်တယ်]
အထူးသဖြင့် သူမဘေးက ဖေးခွမ် အပါအဝင် ရှိနေကြတဲ့သူတွေအားလုံးကလည်း စုန့်အာ့နန်ရဲ့ ပြတ်သားတဲ့အဖြေကို သဘောကျကြသည်။
သူမကို သူလှည့်ကြည့်လိုက်ပြီး၊ သူမက နည်းနည်းလေးလှတာထက် သေချာပေါက်က်ို အရမ်းလှတယ်လို့ သူတွေးလိုက်မိသည်။
host က ပြုံးပြုံးရွှင်ရွှင်နဲ့ ကိစ္စတွေကို ချောချောမွေ့မွေ့လုပ်ဖို့ ထွက်လာသည်။ "ဆရာမလင်း၊ မင်းမေးခွန်းရဲ့ရှုထောင့်က တော်တော်ထူးခြားတာဘဲ"
သာမာန်အားဖြင့်ဆို တစ်စုံတစ်ယောက်ကို "မင်းက ချောတယ်ဆိုတာ ဘယ်လိုသိသွားတာလဲ?" လို့ ဘယ်သူကမေးမှာလဲ? ဒါက နည်းနည်းကြောင်တောင်တောင်နိုင်သည်။
ဒီအချိန်မှာ လင်းချီဝမ်တစ်ယောက် မတတ်နိုင်ဘဲ သူမနဖူးကို ကိုင်လိုက်သည်။
စောစောတုန်းက သူမဘယ်လို အတွေးမျိုး တွေးခဲ့လဲ မသိတော့ဘူး။
"အန်တီလေး မင်းရဲ့ 'နည်းနည်း ချောတယ်' ဆိုတဲ့စံနှုန်းက မနိမ့်ဘူးဘဲ" လင်းချီဝမ်က စနောက်လာသည်။
"မင်းစိတ်ထဲမှာ ဒီထဲက ဘယ်သူကများ အရမ်းချောတယ်လို့ထင်လဲ?"
ဒါက လူတော်တော်များများရဲ့ စိတ်ထဲမှာ မေးချင်နေကြတဲ့ မေးခွန်းတစ်ခုပင်။ အားလုံးက သူမကို လှည့်ကြည့်လာကြသည်။
စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး လင်းချီဝမ် ကိုကြည့်ကာ ပြန်ဖြေလိုက်သည်။ "ရှင်က အရမ်းချောတယ် လို့ ကျွန်မထင်တယ်"
ပြောပြီးသွားတော့ သူမက ရုတ်တရက် တစ်စုံတစ်ခုကိုသတိရသွားပြီး ပြောလိုက်သည်။ "ကျွန်မက ယဉ်ကျေးသမှုနဲ့ ပြောတာမဟုတ်ပါဘူး၊ အမှန်အတိုင်းပြောတာပါ"
[ရယ်ရလိုက်တာ၊ စုန့်အာ့နန်က သူ့အကြောင်း အင်တာနက်သုံးတဲ့သူတွေ ဘာတွေပြောလဲဆိုတာ သိနေတာဘဲ။ သူက လွန်ခဲ့တဲ့သုံးနှစ်က "ယဉ်ကျေးသမှု" ဆိုတဲ့ meme ကိုတောင်သိနေတယ်]
[ မေးပါရစေ၊ ငါများတစ်ခုခု လွတ်သွားတာလား? "ယဉ်ကျေးသမှု" meme အကြောင်းက ဘာလဲ? တစ်ယောက်ယောက်လောက် ရှင်းပြပေးနိုင်မလား?]
[အရင်က ရှိုးတစ်ခုမှာ အန်တီလေးပါတုန်းက အင်တာနက်သုံးစွဲသူတွေ ပြောကြတဲ့ ဟာသပါ။ ပိုသိချင်ရင် အွန်လိုင်းမှာ ရှာလို့ရတယ်]
[လူတိုင်းကို အတိုချုံး ရှင်းပြပါရစေ။ အန်တီလေးရဲ့ "ယဉ်ကျေးသမှု" စည်းမျဉ်းတွေထဲမှ တစ်ခုက- တစ်ယောက်ယောက်က ကိုယ့်ကို ချီးကျူးတဲ့အခါ ကိုယ့်ဘက်ကလည်း သူတို့ကို ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ချီးကျူးရမယ်]
[ပြောရမယ်ဆိုရင် လင်းချီဝမ်က မျက်ခုံးမွှေးထူတဲ့ စွဲမက်ဖွယ်ကောင်းတဲ့ အလှတရားပေါ့]
ချီးကျူးခံရတော့ လင်းချီဝမ်ကလည်း သဘာဝအလျောက် ပျော်မြူးသွားသည်။ စုန့်အာ့နန်က ပိုပြီးတော့တောင် ချစ်ဖို့ကောင်းလာတယ်လို့ သူမ ပိုခံစားလိုက်ရသည်။
"အစ်မအပြင် တခြားဘယ်သူက အရမ်းချောတယ်လို့ထင်လဲ?"
စုန့်အာ့နန်က လန့်သွားပြီး မသိစိတ်ကနေ ဖေးခွမ်ကို လှည့်ကြည့်လိုက်မိသည်။
ဖေးခွမ်က စုန့်အာ့နန်ရဲ့ ဟော့ပေါ့ထဲကို အမဲသားလိပ်တွေထည့်နေသည်။ သူမအကြည့်ကို သတိထားမိတော့ သူ အံ့သြသွားသည်။
"ဘာဖြစ်လို့လဲ?" သူက ချက်ချင်း တုံ့ပြန်လိုက်မိသည်။
စုန့်အာ့နန်က သူမနှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး "ဘာမှမဟုတ်ဘူး..."