← Chapters

အခန်း (၈၈)

Vol. 7 Ch. 88

အခန်း (၈၈)

Vol. 7 Ch. 88

စုန့်အာ့နန် လုံးဝစိတ်ရှုပ်သွားသည်။ တခဏအတွင်းမှာဘဲ သူမ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။

တစ်သက်လုံး လက်မထပ်ရသေးတဲ့ ဒုတိယအမျိုးသားဇာတ်ဆောင်၊ ငယ်ချစ်၊ လရောင်ဖြူလေး...

ဒါပေမယ့် ဖေးခွမ်ရဲ့ "ကိုယ် သူ့ကို ဘယ်တုန်းကမှ မကြိုက်ဖူးဘူး" ဆိုတဲ့ စကားကြောင့် ဒါတွေ အားလုံး ကွဲကြေသွားတော့သည်။

ဖေးခွမ်နဲ့ ရှဲ့ယင်းတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ? သူတို့က တစ်ယောက်နဲ့တစ်ယောက် သိကြတယ်၊ သူတို့မိသားစုတွေကနေ တစ်ဆင့် ဆက်စပ်မှုရှိတဲ့ပုံပေါ်ပြီး မူရင်းစာအုပ်မှာတော့ မရေရာတဲ့ ဖော်ပြချက်တစ်ခုဘဲပါသည်။

အဲ့ဒီအမျိုးသားက စင်မြင့်ပေါ်ရှိ ကြင်စဦးဇနီးမောင်နှံနဲ့ သူတို့ရဲ့မိသားစုတွေကို ကြည့်ကာ သူ့မျက်လုံးတွေထဲ ဝမ်းနည်းကြေကွဲမှုနှင့် နာကျင်မှုအရိပ်အယောင်တွေ ဖြတ်သွားသည်။

ဒါကို ဘယ်လို ရှင်းပြမှာလဲ? မူရင်းစာအုပ်ရဲ့ဇာတ်ကွက် ဒီကမ္ဘာကြီးရဲ့ လက်တွေ့ဘဝနဲ့ ကွာနေတာများလား?

ဒါကလည်း ဖြစ်နိုင်ချေရှိသည်။ နောက်ဆုံးတော့၊ အမြောက်စာ ဇာတ်ကောင်ဖြစ်တဲ့ စုန့်လင်းချွမ်တောင်မှ မူရင်းစာအုပ်နဲ့ လုံးဝကွဲထွက်သွားခဲ့ပြီဖြစ်သည်။

ဒါပေမယ် ဒါတွေအားလုံးက ခိုင်လုံမှုမရှိပေ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဖေးခွမ် ချိန်းတွေ့ခဲ့တယ်ဆိုတဲ့ကောလဟာလကို ဘာကြောင့် မရှင်းလင်းတာလဲ? တကယ်တမ်းပြောရရင် အဲဒီအချိန်က သူ့ရဲ့အသက်မွေးဝမ်းကြောင်းကို အများကြီး ထိခိုက်စေခဲ့တယ်လေ။

ဒီလိုလုပ်တဲ့အတွက် သူ့မှာ ဘာအကြောင်းပြချက်များရှိနေနိုင်မလဲ?

စုန့်အာ့နန်က ဖေးခွမ်ကို ဗလာသပ်သပ်ကြည့်နေရင်း သူမ ရင်ထဲမှ သံသယတွေ ထွက်ပေါ်လာပေမယ့် သူ့ကို ဘယ်လိုမမေးရမလဲ သူမ မသိပေ။

စုန့်အာ့နန် ဘာမေးချင်လဲဆိုတာကို ဖေးခွမ်သိပေမယ့် မိသားစုကိစ္စတွေကို ပြောရတာ သူ မကြိုက်ပါချေ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က လီတုန် သူ့ကို တိုက်ရိုက်ဘဲဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ် အကြိမ်များစွာ မေးမြန်းခဲ့ပေမယ့် ဘာကိုမှသူ မပြောပြဘဲ အမြဲတမ်း သာမန်ကာလျှံကာ အကြောင်းအရာကို ပြောင်းပစ်တတ်သည်။

အခုတော့၊ ကောင်မလေးရဲ့ ကြည်လင်ပြီး အပြစ်ကင်းစင်တဲ့ မျက်လုံးတွေနဲ့ ရင်ဆိုင်လိုက်ရတော့ ရှောင်တိမ်းဖို့ဆင်ခြေတစ်ခုမှကို သူ မထုတ်နိုင်တော့ပေ။

ဖေးခွမ်က ခဏလောက် နှုတ်ဆိတ်နေပြီးမှ ပြောလာသည်။ "ကိုယ့်မိသားစု အခြေအနေအကြောင်း လင်းချွမ် မင်းကို ပြောပြခဲ့သေးလား?"

စုန့်အာ့နန်က ပြန်မဖြေခင် စက္ကန့်နည်းနည်းလောက် တုန့်ဆိုင်းနေသည်။ "သူပြောပြခဲ့တာတွေတော့ ရှိတယ်"

ဖေးခွမ်က ပေါ့ပေါ့ပါးပါးနဲ့ ပြောလာသည်။ "ကိုယ့်အမေ နောက်အိမ်ထောင်ပြုလိုက်တယ်၊ အဲ့ဒါ ရှဲ့ယင်းရဲ့အဖေလေ"

ဒီကိစ္စကို စုန့်အာ့နန်လုံးဝ မပြင်ဆင်ထားခဲ့တဲ့ပုံပင်။ သူမက အံ့ဩတကြီးနဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။

သူမစိတ်ထဲ ရုတ်တရက် ဗလာဖြစ်သွားဟည်။ သူမက မယုံကြည်နိုင်စွာနဲ့ ပြောလိုက်သည်။ "ဒါဆို ရှဲ့ယင်း၊ သူက ရှင့်ရဲ့ သွေးရင်း ညီမလား?"

အဲဒီလိုသာဆိုရင်တော့၊ အားလုံးက အဓိပ္ပါယ်ရှိတဲ့ပုံပဲ။

ဒါပေမယ့် သူမက သွေးရင်းညီမဆိုရင် ချိန်းတွေ့တဲ့ကောလဟာလတွေက ပိုလို့တောင် ထူးဆန်းနေမှာမဟုတ်ဘူးလား?

ဖေးခွမ် နည်းနည်းလောက် နားမလည်နိုင်ဖြစ်သွားပြီး တစ်နည်းနည်းနဲ့ အဓိပ္ပါယ်မရှိတာကို တွေးမိလိုက်သည်။ သူမနေနိုင်ဘဲ ရယ်လိုက်သည်။ "ဘာတွေတွေးနေတာလဲ ရှဲ့ယင်းက ကိုယ့်ထက် နှစ်နည်းနည်းပဲငယ်တာ"

အဲ့ဒီတော့မှ၊ စုန့်အာ့နန်ရဲ့ IQ မှာ နောက်ဆုံး အွန်လိုင်းပေါ်ပြန်လည်ရောက်သွားတော့သည်။ သူမက ရှက်ရွံ့စွာနဲ့ခေါင်းကုတ်လိုက်သည်။

ဖေးခွမ်ရဲ့အဖေ နောက်အိမ်ထောင်ပြုလိုက်တဲ့အချိန်တုန်းက သူဆယ်နှစ်ကျော်နေပြီလို့ လင်းချွမ် သူမကို ပြောခဲ့ဖူးသည်။ အသက်ကို တွေးကြည့်တဲ့အခါတွင် သူတို့က သွေးရင်းမောင်နှမတွေ ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပေ။

အများဆုံးတော့ ရှဲ့ယင်းကို အဖေဘက်က သမီးလို့ ယူဆနိုင်သည်။

စုန့်အာ့နန်က တုံ့ဆိုင်းနေပြီး "ဒါဆို ရှင်တို့နှစ်ယောက် ချိန်းတွေ့တယ်ဆိုတဲ့ ကောလဟာလတွေကကော ဘယ်လိုမျိုးလဲ..."

ဖေးခွမ်လည်း ဘာမှ ဖုံးကွယ်မထားတော့ပေ။ သူက ပခုံးတွန့်လိုက်ပြီး "ကိုယ်က ရှဲ့မိသားစုကို ကျေးဇူးအကြွေးတင်နေတော့ ဒီအကြွေးတွေကို ဒါနဲ့ပြန်ဆပ်ဖို့ စဉ်းစားလိုက်တာ"

စုန့်အာ့နန်ရဲ့နှလုံးက ဒိတ်ခနဲခုန်သွားသည်။ အကြွေးတွေပြန်ဆပ်တာ?

အဲ့ဒါက သူမ ထင်နေတဲ့ဟာများလား?

ဖေးခွမ် ဖျော်ဖြေရေးလောကထဲ စောစီးစွာ ဝင်ရောက်လာရခြင်း အကြောင်းအရင်းမှာ သူ့အဖွားဖျားနာနေချိန်၌ ပေးဆောင်ခဲ့တဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ဖြစ်ကြောင်း သူမ သတိရလိုက်သည်။ ဒါကြောင့် ရှဲ့ မိသားစုမှာ အကြွေးတင်ခဲ့တာပဲ။

အဲဒီငွေတွေကို ပြန်ဆပ်ခဲ့ပေမယ့် လူ့အကြွေးက ကျန်နေသေးသည်။ ဒါကြောင့် ရှဲ့ယင်းနဲ့ချိန်းတွေ့တဲ့ ကောလဟာလတွေက ဒီလူ့အကြွေးကို ပြန်ဆပ်ဖို့ဖြစ်ပြီး၊ ဒါကို ရှဲ့မိသားစုက တက်တက်ကြွကြွနဲ့ တောင်းဆိုခဲ့တာလား?

အဲဒီလိုသာဆိုရင် အားလုံးက ရှင်းပြလို့ရသွားပြီ။

စုန့်အာ့နန် ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်သည်။ သူမရဲ့ မျက်လုံးတွေကနေ မယုံကြည်နိုင်မှု အရိပ်အယောင်တွေ ဖြတ်သွားသည်။

သူမမှတ်မိတာမမှားရင် ဖေးခွမ်နဲ့ ရှဲ့ယင်းတို့ ချိန်းတွေ့တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ခဲ့တုန်းက စုန့်လင်းချွမ်ရဲ့ မွေးနေ့ဖြစ်ပြီး သူ့အမေရဲ့ဖုန်းခေါ်တာကြောင့် သူထွက်သွားတဲ့နေ့လည်းဖြစ်သည်။

ဖျော်ဖြေပွဲညမှာ ဖေးခွမ်က သူ့အမေကို သွားတွေ့တဲ့ပုံပင်။

စုန့်အာ့နန် ဒီအကြောင်းကို လေးလေးနက်နက် မတွေးရဲပါချေ။

ဒီလိုသာ တကယ်ဖြစ်ခဲ့ရင် ဒါက ဖေးခွမ်အတွက် ဒုက္ခကြီးကြီးမားမားဖြစ်လိမ့်မည်။

အဲ့ဒီညက ဖျော်ဖြေပွဲအပြီးတွင် ရပ်ကွက်လမ်းမီးတိုင်အောက်ရှိ ခုံတန်းရှည်ပေါ်တွင် ထိုင်ရင်း သူ့ရဲ့အထီးကျန်ဆန်တဲ့အမူအရာကို ထုတ်ဖော်ခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။ သူ အိပ်မပျော်ဖြစ်တာက လွန်ခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း ပိုဆိုးရွားလာသည်မှာလည်း အံ့ဩစရာမဟုတ်တော့ပေ။

အချိန်အတော်ကြာပြီးနောက် စုန့်အာ့နန်က ဖေးခွမ် ကို မော့ကြည့်ကာ ပြောလိုက်သည်။ "အရင်က ရှင့်အကြောင်း ကျွန်မကို ပြောပြချင်တာရှိရင် နားထောင်ပေးမယ်လို့ ကျွန်မ မပြောခဲ့ဘူးလား?"

ဖေးခွမ်က ကြောင်သွားပြီး သူ့မျက်နှာအနှံ့မှာ နားမလည်နိုင်မှု‌တွေ ပျံ့နှံ့သွားသည်။

သူ ဘယ်တုန်းက ပြောခဲ့လို့လဲ?

စုန့်အာ့နန် - "အဲဒီနေ့၊ လင်းချွမ် ရဲ့အိမ်အောက်မှာလေ"

ဖေးခွမ် ရုတ်တရက် သဘောပေါက်သွားသည်။ "မလိုပါဘူး၊ မလိုပါဘူး၊ အဲဒါက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်တာ၊ အဲ့ဒါကို အလေးအနက်ထားဖို့ မလိုဘူး"

ဒါပေမယ့် စုန့်အာ့နန်က ခေါင်းခါလိုက်သည်။ "ကျွန်မကတော့ အလေးအနက်ထားတယ်"

မနေ့က ဆေးရုံမှာ စုန့်အာ့နန် မမေးခဲ့ပေမယ့် ဖေးခွမ်ရဲ့ အခြေအနေက သူမ ထင်ထားသလောက် မရိုးရှင်းဘူးဆိုတာ သေချာသည်။

သူမသည် ဆေးပညာကို လေ့လာခဲ့တာဖြစ်သည်။ သူဘာတွေဖြစ်နေတာလဲဆိုတာကို ခန့်မှန်းကြည့်လို့ရသည်။

လွန်ခဲ့တဲ့နှစ်နှစ်ကျော်က သူမရဲ့ကိုယ်ပိုင်အတွေးကြောင့် သူ့မှာ အဲ့ဒီလို အခြေအနေမျိုး ကြုံနေရတုန်းမှာ သူရဲ့ဆက်သွယ်မှုတွေကို အကြိမ်ကြိမ်သူမငြင်းကာ အရမ်းအေးစက်မိခဲ့တာကြောင့် စုန့်အာ့နန် အရမ်းအပြစ်ရှိသလို ခံစားရသည်။

ဒါကြောင့် အခုကစပြီး အဲ့ဒီစိတ်ကူးယဉ်အတွေးတွေကို ဖယ်ထားလိုက်လးတော့မည်။ သူ သူမကို အကြီးတစ်ယောက်အနေနဲ့ဘဲဖြစ်ဖြစ် ညီမတစ်ယောက်အယောက်အနေနဲ့ဘဲဖြစ်ဖြစ် ဘယ်လိုပဲမြင်ပါစေ သူမလက်ခံနိုင်သည်။

သူအဆင်ပြေနေနိုင်သရွေ့ ဒါကလုံလောက်သည်။

"ဒါဆို အခုကစပြီး ကျွန်မ ရှင့်ကို စီမံမယ်" စုန့်အာ့နန် က ပြောလိုက်သည်။ "ဆရာဝန်ရဲ့ အမိန့်ကို လိုက်နာဖို့ ရှင့်ကိုကြီးကြပ်ပေးမယ်"

ဖေးခွမ်က စုန့်အာ့နန်ကို ဘာမှမပြောဘဲ တိတ်တိတ်လေးကြည့်နေသည်။

ဒီကောင်မလေးက အမြဲတမ်း စိတ်ထားနူးညံ့တယ်ဆိုတာ သူသိသည်။ သူမ မနေ့ကတည်းက တစ်ချိန်လုံး စိတ်ပူနေခဲ့တာဖြစ်သည်။

အခု သူသာထပ်ငြင်းရင် သူမက ပိုပိုပြီး စိတ်ပူနေပေလိမ့်မည်။

"ကောင်းပါပြီ ဒေါက်တာစုန့်" ဖေးခွမ်က ပြုံးလိုက်သည်။ “အခုချိန်ကစပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခွင့်ရလို့ ဝမ်းသာပါတယ်"

သူသဘောတူတာကိုမြင်တော့ စုန့်အာ့နန် ချက်ခြင်းစိတ်သက်သာရာရသွားသည်။ ဒါပေမယ့် သူမက တောင်းပန်သလိုပြောလိုက်သည်။ “ကျွန်မက တကယ့်ဆရာဝန်မဟုတ်သေးပါဘူး အလုပ်သင်ဘဲရှိသေးတယ်"

ဖေးခွမ်ရဲ့ မျက်လုံးတွေက အပြုံးတွေနဲ့ ပြည့်နှက်သွားသည်။ "ဘာပဲဖြစ်ဖြစ် အနှေးနဲ့ အမြန် ဖြစ်လာမှာလေ၊ ကိုယ်က မင်းကို စောစောခေါ်ထားတာ"

-

စုန့်အာ့နန်က သူမကိစ္စအဝဝကို ဂရုစိုက်ပေးမယ်လို့ ပြောတာက အပြောဘဲ မဟုတ်ပေ။

သူမက တစ်ခုခုကို အကောင်အထည်ဖော်ရာတွင် အမြဲတမ်း ပြတ်သားသည်။ အိပ်ခန်းကို ရိုးရိုးရှင်းရှင်း ပြန်လည်ပြင်ဆင်ဖို့ ဖေးခွမ်နဲ့ ဆွေးနွေးပြီးသွားတော့ သူတို့ အစီအစဉ်ကို အပြီးသတ်လိုက်သည်။

စောစောက သူမ ရေးထားတဲ့ မှတ်စုစာအုပ်ထဲမှာ ခေါင်းအုံးစွပ်တွေကနေစ အိပ်ယာခင်းတွေ၊ မွေ့ယာတွေ၊ လိုက်ကာတွေ၊ မီးအိမ်တွေ၊ လိုတဲ့အရာမှန်သမျှအထိကို စုန့်အာ့နန်က အွန်လိုင်းကနေ တိုက်ရိုက်အော်ဒါတင်လိုက်သည်။ သူမက အဲ့ဒီလုပ်ငန်းကို ဆက်သွယ်ခဲ့ပြီး ဒီနေ့မွန်းလွဲပိုင်းမှာ အကုန်လုံးကို ကုန်တိုက်ကနေ ပို့ခိုင်းလိုက်သည်။

သူမက အိပ်စက်တာကို စောင့်ကြည့်ပေးတဲ့ app တစ်ခုကို ဖေးခွမ်ရဲ့ဖုန်းထဲမှာ ဒေါင်းလုတ် လုပ်‌ပေးလိုက်သည်။

နေ့လယ်စာစားချိန်မှာတော့ အနီးနားက စားသောက်ဆိုင်တစ်ဆိုင်ကနေ ရိုးရိုးရှင်းရှင်း မှာစားလိုက်ကြသည်။ နောက်တော့ ကုန်တိုက်ကနေ ပစ္စည်းတွေရောက်လာတော့ စုန့်အာ့နန်ကိုယ်တိုင် အဲ့ဒီဟာတွေနဲ့ အလုပ်ရှုပ်နေတော့သည်။

အိပ်ယာခင်း အသစ်စက်စက်ကို အရင်လျှော်ဖို့ လိုသေးသည်။ အရင် ‌ဖေးခွမ်မှာရှိတဲ့ ဟာတွေထဲက အတော်လေးသင့်တော်တဲ့ တစ်ခုကို ယာယီအစားထိုးထားလိုက်သည်။ အိပ်ယာဘေးက မီးအိမ်၊ မွေ့ယာ၊ လိုက်ကာ စတာတွေက ချက်ချင်း သုံးလို့ရသည်။

နှစ်ယောက်သား တစ်ချိန်လုံး အတူတူ သန့်ရှင်းရေးလုပ်ကြသည်။ ဖေးခွမ်က လုပ်နေတဲ့တစ်ဝက်မှာ အလုပ်ကိစ္စတွေကို ကိုင်တွယ်ဖို့ ထွက်သွားသည်။

သူပြန်ရောက်လာတော့ စုန့်အာ့နန်က ချိုးချိုးကို ဖက်ထားကာ ကုတင်ပေါ်မှာ တကယ်အိပ်ပျော်နေသည်။

ဖေးခွမ် ဝင်လာတာကိုမြင်တော့ ချိုးချိုးက သူ့ကို နှုတ်ဆက်သလို အသံပြုလာသည်။ "မြောင်~"

ဖေးခွမ်က အသေးလေးကို "ရှုး" ဆိုပြီး လုပ်ပြလိုက်သည်။

အံ့ဩစရာကောင်းစွာနဲ့ ချိုးချိုးက တကယ်ဘဲ ပူးပေါင်းပေးပြီး ဘာအသံမှ ထပ်မထွက်တော့ပေ။

ဖေးခွမ်က စုန့်အာ့နန် အိပ်နေတဲ့ အနေအထားကို ကူပြောင်းပေးဖို့ သူမကို ညင်ညင်သာသာ ချီလိုက်ကာ ကုတင်ပေါ် တင်ပေးလိုက်သည်။ သူက သူမကို စောင်တစ်ထည် ဆွဲထုတ်ကာ ခြုံပေးလိုက်ပြီး ချိုးချိုးက စုန့်အာ့နန်အိပ်နေတာကို နှောင့်ယှက်မှာစိုးတဲ့အတွက် သူနဲ့အတူ ခေါ်ထုတ်သွားလိုက်သည်။

စုန့်အာ့နန် မနေ့ညက အိပ်မပျော်ခဲ့ပေ။ အခုတစ်ရေးအိပ်လိုက်တာက တော်တော်ကြာသွားသည်။

သူမ နိုးလာတဲ့အခါ အပြင်ဘက်ကောင်းကင်မှာ မှောင်နေပြီဖြစ်သည်။

စုန့်အာ့နန်က ဒယိမ်းဒယိုင်နဲ့ ထထိုင်လိုက်ပြီး သူမစိတ်တွေက နည်းနည်း ရှုပ်ယှက်ခတ်နေသည်။ မရင်းနှီးတဲ့ ပတ်ဝန်းကျင်ကိုကြည့်ရင်း သူမ ဘယ်ကိုရောက်နေလဲဆိုတာကို ခဏလောက် မသိဖြစ်သွားသည်။

နောက်ဆုံးတော့ မိနစ်ဝက်လောက်ကြာမှ သတိပြန်ဝင်လာသည်။

ဒါက ဖေးခွမ်ရဲ့ အိပ်ခန်းပဲ။

ဒါပေမယ့် သူမကို ခြုံထားပေးတဲ့ စောင်ကို ငုံ့ကြည့်လိုက်ပြီး သူမ မတုံ့ပြန်နိုင်သေးပေ။ ဖေးခွမ်ရဲ့ အိပ်ရာပေါ်မှာ သူမ ဘယ်လိုလုပ် အိပ်ပျော်သွားရတာလဲ?

စုန့်အာ့နန် ငေးငိုင်နေတုန်းမှာ အပြင်ဘက်ကနေ အခန်းတံခါးကိုဖွင့်လာသည်။

စုန့်အာ့နန် နိုးလာတာကို မြင်လိုက်ရတော့ ဖေးခွမ် နည်းနည်းလန့်သွားသည်။ "မင်းနိုးပြီလား?"

စုန့်အာ့နန် နည်းနည်း ရှက်သွားပြီး ခေါင်းကုတ်လိုက်သည်။ "အင်း နိုးလာပြီ"

"နည်းနည်းထပ်အိပ်ချင်သေးလား?" ဖေးခွမ်က မေးလိုက်သည်။

စုန့်အာ့နန်လည်း ခေါင်းခါလိုက်ပြီး "မအိပ်တော့ဘူး အခုထတော့မှာ"

သူမပြောပြီးတာနဲ့ စောင်ကိုဖယ်လိုက်ပြီး အိပ်ယာကနေထကာ သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်သည်။

"တောင်းပန်ပါတယ်၊ ကျွန်မ ဘယ်လိုလုပ် အိပ်ပျော်သွားလဲမသိဘူး" စုန့်အာ့နန်က အံသြသလိုပြောလာသည်။

ဖေးခွမ်က ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး "ဘာကို တောင်းပန်နေတာလဲ? ကိုယ်နဲ့ ပြောတာ သိပ်မယဉ်ကျေးပါနဲ့"

စုန့်အာ့နန်က ငြင်းလိုက်ပြီး ခေါင်းအမြန်ခါလိုက်သည်။ "ယဉ်ကျေးတာမဟုတ်ပါဘူး၊ အဲ့ဒါက ဒီတိုင်း..."

သူမ ဘယ်လိုရှင်းပြရမှန်းမသိပေ။ အကြောင်းပြချက်တစ်ခုပေးရမယ်ဆိုရင်တောင် သူမတော့ ရှက်တယ်လို့သာ ခံစားရသည်။

ဘာဘဲဖြစ်ဖြစ် ဖေးခွမ်အပေါ် သူမရဲ့ခံစားချက်က မရိုးရှင်းပါချေ။

ဖေးခွမ်က ပြုံးလိုက်ပြီး "ကောင်းပြီ၊ မင်းကို မနှောင့်ယှက်တော့ဘူး။ ဘာစားချင်လဲ၊ ညစာလုပ်မလို့"

စုန့်အာ့နန် လန့်သွားသည်။ "ရှင် ဟင်းချက်နေတာလား?"

ဖေးခွမ်က ခေါင်းညိတ်လိုက်သည်။ "ဒီနေ့လည်တုန်းက အွန်လိုင်းပေါ်ကနေ အသီးအရွက် တချို့တလေ ဝယ်ထားတာ။ ညစာအတွက် မှာမစားတော့ဘူးလေ"

စုန့်အာ့နန် - "ကောင်းပါပြီ ကျွန်မ ရှင့်ကို ကူပေးမယ်"

သူတို့နှစ်ယောက် မီးဖိုချောင်ထဲမှာ တစ်နာရီကျော်ကြာ အလုပ်ရှုပ်ပြီးသွားတော့ စားပွဲပေါ်မှာ ပန်းကန်တွေပြည့်နေသွားသည်။ အားလုံးက စုန့်အာ့နန် အကြိုက်တွေပင်။ ဖေးခွမ်ရဲ့ ဟင်းချက်စကေးက အမြဲလိုလို ကောင်းပြီးစုန့်အာ့နန်လည်း ကျေကျေနပ်နပ်နဲ့ စားလိုက်သည်။

ညစာစားပြီးသွားတော့ ဖေးခွမ်က မီးဖိုချောင်ထဲမှာသန့်ရှင်းရေးလုပ်နေတုန်းမှာ စုန့်အာ့နန်က ဧည့်ခန်းထဲက စားပွဲတွေကို သုတ်လိုက်သည်။ အဲ့ဒီအချိန် သူမရဲ့ဖုန်းက ရုတ်တရက် မြည်လာသည်။ စုန့်အာ့နန်ကြညါလိုက်တော့ သူမယောင်းမ ဗီဒီယိုကော ခေါ်လာတာကို တွေ့လိုက်ရသည်။ မီးဖိုချောင်ဘက်ကို သူမလှမ်းကြည့်လိုက်ပြီး ဗီဒီယိုခေါ်ဆိုမှုကို အသံခေါ်ဆိုမှုအဖြစ် ပြောင်းလိုက်သည်။

"ဟယ်လို ယောင်းမ"

"အာ့နန်၊ ဘယ်မှာရှိနေလဲ? ဘာလို့ အစ်မနဲ့ ဗီဒီယိုကောမပြောတာလဲ?"

စုန့်အာ့နန်က နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ရင်း ပြန်ဖြေလိုက်သည်။ "အခုတော့ အဆင်မပြေသေးဘူး၊ ကျွန်မအဆောင်မှာ မဟုတ်ဘူး"

ကျောက်ယာ - "ဆေးရုံမှာရှိ နေတုန်းဘဲလား? ဒီနေ့ညဆိုင်းရှိတာလား?"

စုန့်အာ့နန်က စက္ကန့်နည်းနည်းလောက် တန့်သွားပြီး "မဟုတ်ဘူး၊ ကျွန်မ လင်းချွမ်ရဲ့နေရာမှာ ရှိနေတာ၊ ဒီည ဒီမှာနေဖြစ်လိမ့်မယ်"

ခဏနေတော့ မီးဖိုချောင်ထဲကနေ ဖေးခွမ်ရဲ့ အသံထွက်လာသည်။ "မင်း ကိုယ့်ကို ပြောနေတာလား?"

စုန့်အာ့နန် တစ်ခဏလောက် ထိတ်လန့်သွားပြီး မီးဖိုချောင်ဘက်ကို အော်ပြောလိုက်သည်။ "မဟုတ်ဘူး ဖုန်းပြောနေတာ"

"ဘယ်သူလဲ? ကျန်းဖန်လား?" ကျောက်ယာက မနေနိုင်ဘဲ မေးလိုက်သည်။

စုန့်အာ့နန် အံ့အားသင့်သွားသည်။ ကျောက်ယာက ဘာလို့ရုတ်တရက်ကြီး ကျန်းဖန်ကို ပြောလာလဲဆိုတာ သူမနားမလည်ပါချေ။ "ဟင့်အင်း၊ မဟုတ်ပါဘူး"

ကျောက်က "အိုး" လို့ ဆိုလိုက်ပေမယ့် သူမက ရှင်းရှင်းလင်းလင်းကိုဘဲ နားမလည်ဖြစ်နေသေးသည်။ "ညီမ ဘယ်မှာရှိနေတာလဲ?"

သူမ ဖုံးကွယ်လို့မရတော့တာကို သိလိုက်ရ‌တော့စုန့်အာ့နန်က ရိုးရိုးသားသားနဲ့ ဝန်ခံလိုက်သည်။ "ကျွန်မ ဖေးခွမ်ရဲ့နေရာမှာရှိနေတာ၊သူနဲ့ ဆွေးနွေးစရာရှိလို့"

ဖေးခွမ်ရဲ့ ကိစ္စတွေကို သူမ သိပ်မပြောချင်တဲ့အတွက် ခေါင်းစဉ် အမြန်ပြောင်းလိုက်သည်။ "ယောင်းမ၊ တစ်ခုခုလိုလို့လား?"

ကျောက်ယာ - "ဘာမှမဟုတ်ပါဘူး ညီမကိုလွမ်းလို့ ဗီဒီယိုကော ပြောချင်လို့"

စုန့်အာ့နန်က သဘောတူကြောင်း အသံတိုးတိုးနဲ့ တုံ့ပြန်လိုက်ပြီ "ကောင်းပြီ၊ နောက်မှ လင်းချွမ်ရဲ့နေရာကို ရောက်ရင် ဗီဒီယိုကော ပြောမယ်လေ"

ကျောက်ယာကလည်း အဆင်သင့် သဘောတူလိုက်သည်။

ဖုန်းချပြီးသွားတော့ ရေတစ်ခွက်နေဲ့ အိပ်ခန်းထဲ ဝင်လာတဲ့ စုန့်ကျန်းဟွေ့က ကုတင်စွန်းမှာ ကြောင်တက်တက်ထိုင်နေတဲ့ ကျောက်ယာကိုမြင်ပြီး နားမလည်ဖြစ်သွားသည်။

"ဘာဖြစ်လို့လဲ? အာ့နန်ကို ဗီဒီယိုကော ခေါ်မလို့မဟုတ်ဘူးလား အဆင်မပြေလို့လား?"

ကျောက်ယာ က ခေါင်းခါလိုက်သည်။ "ပြောပြီးသွားပြီ၊ အာ့နန်က ပြန်လာရင် ဗီဒီယိုကောပြောမယ်လို့ ပြောတယ်"

‌စုန့်ကျန်းဟွေက သိပ်စဉ်းစားမနေဘဲ "အိုး" လို့ဆိုလိုက်သည်။ "ဒါဆို မင်းဘာလို့ ကြောင်တက်တက်နဲ့ ထိုင်နေတာလဲ?"

ကျောက်ယာ - "ကျွန်မဘာတွေ တွေးရမှာလဲ? ကျန်းဖန်ပဲ ဖြစ်မယ်။ အာ့နန်က သူနဲ့တကယ် တွဲနေတယ်လို့ရှင်မထင်ဘူးလား?"

စုန့်ကျန်းဟွေ့ရဲ့ မျက်နှာမှာ ကူကယ်ရာမဲ့မှုတွေနဲ့ ပြည့်နှက်သွားသည်။ "ဒီအွန်လိုင်းပေါ်က အရာတွေကို မင်း အလေးအနက်ထားလို့ မရဘူးလေ။ အဲဒါတွေက နာမည်ကြီးအောင် လုပ်ကြတာတွေ ဖြစ်ချင်ဖြစ်မှာ။ မလိုအပ်ဘဲ အရမ်းမစိုးရိမ်နဲ့"

ကျောက်ယာက သူ့ကို မျက်စောင်းထိုးလိုက်ပြီး "ရှင်ကဘာမှနားလည်တာ မဟုတ်ဘူး!"

"မဟုတ်သေးဘူး၊ လင်းချွမ်ကို မေးရမယ်။ သူက သူ့အန်တီလေးရဲ့ ကိစ္စတွေကို ပိုသိနိုင်လောက်တယ်"

All Chapters