← Chapters

အခန်း (၉၄)

Vol. 8 Ch. 94

အခန်း (၉၄)

Vol. 8 Ch. 94

မသိလိုက်ဘာသာနဲ့ စုန့်အာ့နန်တစ်ယောက် တဖြည်းဖြည်းနဲ့ ဆိုဖာပေါ်ကနေ ပြုတ်ကျလာသည်။

လက်တစ်ဖက်က မေးကိုထောက်ထားကာ ကျန်တစ်ဖက်က အာလူးကြော်ကို ကိုင်ထားပြီး သူမ အိပ်ပျော်သွားမှ ဖေးခွမ် သတိထားမိလိုက်သည်။

သူ ခေါင်းကို အသာ ခါလိုက်သည်။ တီဗွီအသံအတိုးအကျယ်ကို အနိမ့်ဆုံးချလိုက်ပြီး စောင်တစ်ထည်ထယူလိုက်ကာ စုန့်အာ့နန် နား ကပ်သွားလိုက်သည်။

အိပ်ပျော်နေတဲ့ သူမကို ကြည့်ရသည်မှာ အလွန်ပင် အေးချမ်းလှသည်။ ရှည်လျားတဲ့ မျက်တောင်တွေက အရုပ်တစ်ရုပ်လို ပန်းနုရောင်တောက်နေတဲ့ သူမရဲ့ ပါးပြင်ပေါ်တွင် အရိပ်ကျနေသည်။

သူမက မသက်မသာပုံစံနဲ့ အိပ်ပျော်နေတာကြောင့် စုန့်အာ့နန် လှုပ်လိုက်တော့ အနားက ခေါင်းအုံးပေါ် ခေါင်းစောင်းကျသွားသည်။ သူမ တစ်ကိုယ်လုံး သက်တောင့်သက်သာ အနေအထား မတွေ့မချင်း လှုပ်ရမ်းနေသည်။

အံ့သြစရာကောင်းတာက ဒီဖြစ်စဉ်တစ်ခုလုံးမှာ လက်မှာကိုင်ထားတဲ့ အာလူးကြော်ကိုတော့ အိပ်ပျော်နေတာတောင် မချလိုက်ပေ။

ဒါကိုကြည့်ရင်း ဖေးခွမ်မှာ ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။

အစက လျှို့ဝှက်ဆန်းကြယ် စွမ်းအားရှိပုံရတဲ့ အာလူးကြော်ကို အနီးကပ်ကြည့်ဖို့ သူလုပ်လိုက်သည်။

ဒါပေမယ့် နောက်အခိုက်အတန့်မှာဘဲ ရုတ်တရက်ကြီး တွန်းအားတစ်ခုကြောင့် နားမလည်နိုင်စွာနဲ့ သူမလက်ထဲက အာလူးကြော်ကို သူငုံ့စားလိုက်မိသည်။

အရသာက သူ့လျှာပေါ်ပျံ့သွားမှပဲ ဖေးခွမ်တစ်ယောက် သူလုပ်လိုက်တာကို ရုတ်တရက် သဘောပေါက်သွားသည်။

အဲ့ဒီအချိန်မှာ သူ့စိတ်ထဲ အဓိပ္ပါယ်မရှိတဲ့ အတွေးတစ်ခု ပေါ်လာခဲ့သည်။

ဖေးခွမ်က သူမကို ဂရုတစိုက်နဲ့ စောင်ခြုံပေးလိုက်ပြီး လသာဆောင်ကို ထွက်လာလိုက်သည်။

ညလေညင်းက သူ့အတွေးတွေကို ရှင်းသွားစေသည်။ သူ စီးကရက်ကို မီးညှိလိုက်ပြီး သူ့စိတ်တွေကလည်းစတင်လည်ပတ်လာသည်။

ဒီနေ့ အရမ်းအများကြီး ဖြစ်ပျက်သွားသည်။ ကျန်းမန်တစ်ယောက် အင်တာဗျူးတစ်ခုကို လက်ခံပြီး အဲ့ဒီလိုအရာတွေ ပြောလာမယ်မှန်း ဖေးခွမ် အမှန်တကယ် မမျှော်လင့်ထားပါချေ။

သူလုံးဝ စိတ်မထိခိုက်ဘူးလို့ ပြောတာက လိမ်ညာမှုတစ်ခုဆိုပေမယ့် တွေးထားသလောက်တော့ သူရင်မနာရပေ။ အများဆုံးကတော့ ယားယံရုံလောက်ပင်။

ဘယ်လိုပြောရမလဲ - အဲ့ဒါ အဓိပ္ပါယ်မဲ့နေမှန်း သူသိလိုက်ရသည်။

-

စုန့်အာ့နန် တော်တော်လေး အိပ်ပျော်သွားသည်။ သူမ နိုးလာတော့ အပြင်ဘက် ကောင်းကင်ကြီးက မှောင်နေပြီဖြစ်သည်။

ဖေးခွမ်က ရိုးရိုးရှင်းရှင်း ခေါက်ဆွဲနှစ်ပန်းကန် ချက်ထားပြီး ညစာစားပြီးသွားတော့ စုန့်အာ့နန်ကို ကျောင်းပြန်ပို့ပေးသည်။

ထုံးစံအတိုင်း စုန့်အာ့နန်ကတော့ ဒီလောက်နောက်ကျမှ ဖေးခွမ်ကို ဒုက္ခမ‌ပေးချင်တာမို့ ကျောင်းပေါက်ဝအထိပဲ လိုက်ပို့ဖို့ သူ့ကိုပြောပေမယ့် သူကလက်မခံပေ။

"ဒီလောက်ဆို ရပြီ၊ ကျောင်းတံခါးဝမှာ မရပ်နဲ့တော့ မြန်မြန် ပြန်တော့လေ" သူမက ထိုင်ခုံခါးပတ်ကိုဖြုတ်ရင်း ဖေးခွမ်ကိုတောင် စကားပြောခွင့် မပေးဘဲ ကားထဲကနေထွက်လိုက်သည်။

ဖေးခွမ်လည်း ထပ်ပြီး မငြင်းမနေတော့ပေ။ အဓိကကတော့ အချိန်သိပ်မနောက်ကျသေးတာကြောင့် ကျောင်းတံခါးဝမှာ လူတွေအများကြီး သွားလာနေကြတုန်းပင်။ သူသာ သူမ နောက်လိုက်လာရင် မှတ်မိသွားကြလို့ ဒုက္ခရောက်နေဦးမည်။

စုန့်အာ့နန် ကျောင်းဝင်းထဲ ဝင်သွားတာကို ကြည့်ရင်း သူကားကို စက်နှိုးလိုက်ကာ ရှေ့လမ်းဆုံမှာပြန်လှည့်ဖို့ စီစဉ်လိုက်သည်။

ဒါပေမယ့် အဲ့ဒီအချိန် ကားထဲရှိ ဖုန်းက ရုတ်တရက် မြည်လာသည်။

ဖေးခွမ် ကြည့်လိုက်တော့ ခရီးသည်ထိုင်ခုံမှာ စုန့်အာ့နန်ဖုန်းကျန်ခဲ့မှန်း သိလိုက်ရသည်။

မှတ်မိခံရသည်ဖြစ်‌စေ မမှတ်မိခံရသည်ဖြစ်စေ သူဂရုမစိုက်တော့ဘဲ အနီးနားက ကားပါရပ်လို့ရမယ့်နေရာကို အမြန်ရှာလိုက်သည်။ မက်စ်နဲ့ ဦးထုပ်ဆောင်းကာ ကားပေါ်ကနေ သူဆင်းလိုက်သည်။

နွေရာသီအားလပ်ရက်အတွင်းမှာ သူမရဲ့အဆောင်ကနေ ပစ္စည်းတချို့ယူဖို့ စုန့်အာ့နန်နဲ့အတူ လာဖူးတဲ့အတွက် ဒီနေရာနဲ့ ဖေးခွမ် အတော်လေး ရင်းနှီးနေပြီဖြစ်သည်။ သူက ခပ်သွက်သွက်လျှောက်လိုက်သည်။

စုန့်အာ့နန်ကို လမ်းတစ်ဝက်မှာ အမီလိုက်နိုင်မယ်လို့ သူထင်ခဲ့ပေမယ့် ကားပါကင်ထိုးတာက သူ့ကို နှောင့်နှေးစေသွားတာကြောင့် သူမရဲ့အဆောင်အောက်ကို ရောက်မှသာ အဝေးက သူမပုံကို မြင်လိုက်ရတော့ သူအံ့အားသင့်သွားသည်။

သူမက တစ်ယောက်ယောက်နဲ့ စကားပြောနေတဲ့ပုံပင်။

နည်းနည်း အနားရောက်သွားမှ တစ်ဖက်လူကို ဖေးခွမ်မှတ်မိသွားသည်။

ကျန်းဖန် ဖြစ်သည်။

သိပ်အများကြီးမစဉ်းစားနေဘဲ ဖေးခွမ်က သူမကို မမှီမှာစိုးကာ ဖုန်းပြန်ပေးဖို့ အမြန်လျှောက်သွားလိုက်သည်။

ဒါပေမယ့် သူ အနားရောက်လာတဲ့အခါမှာ‌တော့ ကျန်းဖန်လက်ထဲမှာ ပန်းစည်းတစ်စည်း ကိုင်ထားမှန်း သိလိုက်ရသည်။

ဒီမြင်ကွင်းက ရှင်းရှင်းလင်းလင်းကို ဖွင့်ပြောနေတာပဲ!

ဒီအခြေအနေကို မြင်တော့ ဖေးခွမ်လည်း သဘာဝအလျောက် ပါဝင်ပတ်သက်သူတွေကို လေးစားမှုပေးတဲ့အနေနဲ့ ဘေးကိုခြေလှမ်းရွှေ့လိုက်သည်။

သူ့ခြေလှမ်းတွေကို လှည့်လိုက်ပြီး အနီးနားရှိ နေကာထီးအပင်နောက်တွင် ပုန်းနေလိုက်သည်။

ဒီနေကာထီးအပင်က အရမ်းထူထပ်တဲ့ ပင်စည်ရှိကာ အိုနေပြီဖြစ်တဲ့အတွက် လူတစ်ယောက်ကို ကောင်းကောင်းကာထားနိုင်သည်။

သူတို့နှစ်ယောက်နဲ့သူက သိပ်လည်းမဝေးလွန်းသလို သိပ်လည်းမနီးပေ။ ပုံမှန်စကားပြောဆိုသံကိုကြားနိုင်လောက်သည့် အကွာအဝေးတွင်ရှိနေသည်။

ပါဝင်တဲ့သူ တစ်ဦးအနေနဲ့ စုန့်အာ့နန်ကတော့ အခုချိန်မှာအရမ်းကို စိတ်ရှုပ်ထွေးနေသည်။

အစောပိုင်းက ကားပေါ်မှာတုန်းက ကျန်းဖန်က အိပ်ဆောင် အောက်ထပ်မှာ သူမကို စောင့်နေတယ် လို့ မက်ဆေ့ချ် ပို့လာတာကြောင့် အရေးပေါ် ကိစ္စတစ်ခုခု ရှိနေတယ်လို့ သူမ ထင်ခဲ့သည်။ ဒါပေမယ့် သူမ ဆင်းလာတဲ့ချိန်မှာတော့ ဒီလို မြင်ကွင်းမျိုး ဖြစ်နေသည်။

စုန့်အာ့နန်က မျှော်လင့်ချက်တချို့ကို ဆုပ်ကိုင်ထားကာ အစမ်းသဘောနဲ့ မေးလိုက်သည်။ "စီနီယာအကို၊ ဒါက ဘာကိစ္စလဲ?"

အဲ့ဒါက သူမ ထင်နေတဲ့ဟာတော့ မဟုတ်ဘူးမလား?

ကျန်းဖန်က အရမ်းစိတ်လှုပ်ရှားနေပုံရသည်။ ပန်းစည်းကိုင်ထားတဲ့ သူ့လက်တွေက တင်းကျပ်နေပြီး "ဂျူနီယာညီမလေး၊ ကိုယ် မင်းကို ပြောစရာရှိတယ်"

စုန့်အာ့နန်ရဲ့ မျက်နှာပေါ်တွင် စိတ်မသက်မသာတဲ့ အရိပ်အယောင်‌တွေ ထွက်ပေါ်လာသည်။

ကျန်းဖန်က သူမကို ငြင်းပယ်ဖို့ အခွင့်အရေးမပေးပေ။ သူက အထစ်ထစ် အငေါ့ငေါ့နဲ့ ပြောလာသည်။ "အာ့နန်၊ ကိုယ်... ကိုယ်မင်းကို သဘောကျတယ်။ ကိုယ် မင်းကို စတွေ့ကတည်းက မင်းအပေါ်မှာ အမြင်ကောင်းတွေရှိခဲ့တာ၊ ဒါပေမယ့် မင်းက အရမ်းငယ်လွန်းနေတော့၊ အဲ့ဒါ..."

ပိတ်မိနေသလိုမျိုး သူက ဒီနေရာမှာ ရပ်လိုက်သည်။

"ဒီတော့၊ မင်း... မင်း ကိုယ့်ကောင်မလေး ဖြစ်ပေးနိုင်မလား?"

ဒီအခိုက်အတန့်မှာ စုန့်အာ့နန် လုံးဝကို အံသြသွားသည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် သူမသည် အကြိမ်ကြိမ် ဖွင့်ပြောခံရဖူးသည်။ ဖွင့်ပြောတဲ့သူတွေကို ယဉ်ယဉ်ကျေးကျေးနဲ့ ငြင်းဆိုရတာကို သူမ အခုထိ သိပ်မရင်းနှီးပေမယ့် အတွေ့အကြုံအချို့တော့ရှိသည်။

ဒါပေမယ့်၊ အခု ကျန်းဖန်နဲ့ ရင်ဆိုင်ရတော့၊ အမြဲတမ်း စိတ်ထဲကနေ တစ်နည်းနည်းနဲ့ ထွက်လာတတ်တဲ့ သူမရဲ့ ချက်ချင်းလက်ငင်းငြင်းဆိုမှုတွေဟာ အခုတော့ လုံးဝကိုခေါင်းထဲမှာ ဗလာဖြစ်နေသည်။

လီစစ်ရွှေ့က ကျန်းဖန် သူမကို သဘောကျနေကြောင်း ရွှတ်နောက်နောက် ပြောခဲ့ဖူးပေမယ့် သူမ လုံးဝအလေးအနက်မထားမိခဲ့ပေ။

ကျန်းဖန်က သူမကိုတကယ်ကြီး သဘောကျနေလိမ့်မယ်လို့ စုန့်အာ့နန် မထင်ထားပါချေ။

ပြန်စဉ်းစားကြည့်တော့ သူမတို့နှစ်ဦးဟာ ကျောင်းသားသမဂ္ဂမှာ စတင်ဆုံတွေ့ခဲ့တာ ငါးနှစ်ကျော်ရှိပြီဖြစ်သည်။ အဲ့ဒီအချိန်တုန်းက သူမတို့တွေက မေဂျာတူတာကာ၊ ကျန်းဖန်ကလည်း သူမထက် အတန်း နည်းနည်းကြီးတာကြောင့် သူက သူမကိုပညာရပ်ဆိုင်ရာ အကြံဉာဏ်တွေ အများကြီးပေးခဲ့သည်။

နောက်ပိုင်းမှာ သူမက ဆရာရဲ့တပည့်အဖြစ် ခံယူခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ကျန်းဖန်က သူမဆရာရဲ့တူလေးဖြစ်နေတာကြောင့် သူမတို့ရဲ့ ဆက်ဆံရေးက တခြားစီနီယာ ကျောင်းနေဖက်တွေထက် နည်းနည်းပိုရင်းနှီးပြီး အပြန်အလှန် ဆက်ဆံရတာလည်း နည်းနည်းပိုများသည်။

ဒါပေမယ့် အဲ့ဒါကနည်းနည်းလေးသာ ပိုတာဖြစ်သည်။ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကျန်းဖန်က နိုင်ငံရပ်ခြားကို သွားရတာကြောင့် အားလပ်ရက်တွေမှာဘဲ သူမတို့တွေ WeChat ကနေ ရံဖန်ရံခါ နှုတ်ဆက်စကား ဖလှယ်လေ့ရှိခဲ့ကြသည်။

ကျန်းဖန်အပေါ် စုန့်အာ့နန်ရဲ့ အမြင်ကတော့ ရိုးရှင်းသည် - ပိုရင်းနှီးတဲ့ စီနီယာအတန်းဖော်သာဖြစ်သည်။

သူလည်း သူမအပေါ် အတူတူပဲလို့ သူမ အမြဲထင်ခဲ့သည်။

အဲ့ဒါကဘယ်လိုဖြစ်လို့ ဒီလိုပြောင်းသွားတာလဲ...

စုန့်အာ့နန်က ကျန်းဖန်ကို တောင်းပန်သလိုကြည့်လိုက်သည်။ "စီနီယာအစ်ကို၊ ကျွန်မတောင်းပန်ပါတယ်..."

သူမ ဘယ်လိုဆက်ပြောရမှန်းမသိတော့ပေ။

ဒါပေမယ့် ဒီ "တောင်းပန်ပါတယ်" က အရာအားလုံးကို ရှင်းပြဖို့ လုံလောက်နေပြီဖြစ်သည်။

"တောင်းပန်စရာမလိုပါဘူး" ကျန်းဖန်က နှုတ်ခမ်းတွေကို ဆွဲဆန့်ကာပြုံးလိုက်ပြီး နည်းနည်းအားတင်းလိုက်ကာ "ဒီကို မလာခင်ကတည်းက ဒီရလဒ်ဖြစ်လာမယ်လို့ ကိုယ် ခန့်မှန်းထားပြီးသားပါ"

အရင်ကတော့စုန့်အာ့နန်က အရမ်းငယ်သေးတဲ့အတွက် သူ စိုးရွံ့မိခဲ့ပေမယ့် အခုအရွယ်ရောက်ပြီးတဲ့ နောက်မှာတောင် သူ မလှုပ်ရှားခဲ့ရတာက သူ့အပေါ် စုန့်အာ့နန်က တခြားခံစားချက်တွေ မရှိဘူးဆိုတာ သူသိနေတာကြောင့်ပင်။

သူက စိတ်ဓာတ်ကျသလို သက်ပြင်းချရင်း ပြောလိုက်သည်။ "ဒါပေမယ့် ကိုယ်လက်မလွှတ်နိုင်သေးဘူး။ မျှော်လင့်ချက်ကို ဆန့်ကျင်ပြီး ကိုယ်ဘာမှ မလုပ်နိုင်သေးဘူး"

စုန့်အာ့နန်က ပါးစပ်ကို ဖွင့်လိုက်ပေမယ့် ဘာမှတော့ မပြောလာပေ။

နှစ်ယောက်သား အဲ့ဒီနေရာမှာဘဲ ခဏလောက် ငြိမ်ငြိမ်သက်သက်နဲ့ ရပ်နေကြသည်။

ကျန်းဖန်က ရုတ်တရက် ခေါင်းမော့လာပြီး မျှော်လင့်ချက်အပြည့်နဲ့ မေးလိုက်သည်။ "ကိုယ် မင်းကို လိုက်လို့ရမလား?"

စုန့်အာ့နန်က ခဏလောက် အေးခဲသွားပြီး ကျန်းဖန်ရဲ့ အဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်လိုက်သည်။

သူမက ခေါင်းယမ်းပြလိုက်သည်။

ကျန်းဖန်က ကိုယ့်ကိုယ်ကို အပြစ်တင်သလို ရယ်လိုက်ပြီး "ကောင်းပြီ၊ ကိုယ်နားလည်ပါတယ်"

"ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ မတွေးပါနဲ့။ မင်းကို သဘောကျတာက ကိုယ့် ကိုယ်ပိုင်ကိစ္စပါ။ နောင်လည်း ကိုယ်တို့ အရင်လိုဘဲ ဖြစ်နေမှာပါ"

သူထွက်သွားတဲ့ချိန်မှာ စုန့်အာ့နန်ကို ပန်းတွေပေးဖို့ ကြိုးစားခဲ့ပေမယ့် သူမ လက်မခံလိုက်ပေ။ သူမ သူ့ကို ငြင်းလိုက်တဲ့အတွက် သူ့ကို မှားယွင်းတဲ့မျှော်လင့်ချက်တွေ သူမ မပေးသက့်ပေ - ဒါက သူမရဲ့ တသမတ်တည်း နိယာမပင်။

ကျန်းဖန် ထွက်သွားတာကို ကြည့်ရင်း စုန့်အာ့နန်နေရာမှာပဲ ကြောင်တောင်တောင်နဲ့ အတွေးတွေ ပျောက်နေမိသည်။

အရင်ကလိုမျိုး ဘယ်လိုလုပ်ဖြစ်နိုင်ဦးမှာလဲ?

တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို သိနေမှတော့ ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ရှောင်ရမှာပေါ့။

ဒါက နှစ်ဦးနှစ်ဖက်စလုံးအတွက် ပိုကောင်းတယ်။

"ဘာလဲ၊ သူ့ကိုငြင်းလိုက်မိလို့ အခုနောင်တရနေတာလား?"

ဖေးခွမ်က ဘေးကနေထွက်လာပြီး စုန့်အာ့နန်ရှေ့ကို လျှောက်လာသည်။

သူရုတ်တရက် ပေါ်လာတာကိုမြင်တော့ စုန့်အာ့နန် မျက်လုံးတွေ ပြူးကျယ်သွားသည်။ သူမက သူ့ကိုနောက်လှည့်ကြည့်လိုက်ပြီး "ရှင်...ရှင်ဘယ်ကနေရောက်လာတာလဲ?"

ဖေးခွမ်က ပွင်ပွင့်လင်းလင်း ရယ်လိုက်ပြီး မဝေးတဲ့နေရာက နေကာပင်ကို လက်ညှိုးထိုးပြလိုက်သည်။ "ဟိုကနေ"

စုန့်အာ့နန်မှာ တုံ့ပြန်ဖို့ နည်းနည်း နှေးကွေးနေသေးသည်။ သူမက ဖေးခွမ်ကို စိုက်ကြည့်လိုက်သည်။

သူ ရုတ်တရက် ဘယ်လိုလုပ်ရောက်လာပြီး ဒီလိုမြင်ကွင်းမျိုးနဲ့ ကြုံရတာလဲ?

"ရှင် ဒီကို ဘယ်တုန်းက ရောက်နေတာလဲ?"

သူဘယ်လောက်ထိဘကြားခဲ့သွားတာလဲ?

ဖေးခွမ်က ပခုံးတွန့်ပြီး အမှန်တိုင်းဖြေလိုက်သည်။ “အစက‌နေ အဆုံးထိဘဲ”

အကုန်လုံး မျက်မြင်တွေ့ခဲ့တယ်။

စုန့်အာ့နန် - "..."

ဒီလူ နည်းနည်း‌လေးတောင် ဟန်ဆောင်ပေးလို့ မရဘူးလား? ဘာလို့ ဒီလောက် ရိုးသားနေတာလဲ?

သူမ နည်းနည်း စိတ်ဆိုးသွားသည်။ "ရှင်ပြန်သွားပြီမဟုတ်ဘူးလား၊ ဒီမှာဘာလုပ်နေတာလဲ?"

ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး "အခု မပျော်နေဘူးလား?"

ပြောပြီးသွားတော့ သူက သူမ ဖုန်းကိုကမ်းပေးလိုက်သည်။ "မင်း ဖုန်း ကားထဲမှာ ကျန်ခဲ့လို့၊ ပြန်ပေးဖို့ လာတာ"

စုန့်အာ့နန် နည်းနည်း စိတ်ရှုပ်သွားသည်။ သူမ ကုတ်အင်္ကျီအိတ်ကို စမ်းကြည့်လိုက်တော့ ဘာမှမရှိပေ။ ဒီတော့မှဘဲ သူမ တုံ့ပြန်နိုင်တော့သည်။

သူမကဖုန်းကိုလှမ်းယူလိုက်ပြီး၊ ကျေးဇူးတင်လိုက်ကာ ဖေးခွမ်ရဲ့ခုနက မေးခွန်းကို ပြန်ဖြေလိုက်သည်။ "မပျော်ဘူး၊ နည်းနည်း ရှက်တယ်"

ကျန်းဖန်နဲ့ သူမရဲ့ဆက်ဆံရေးက သာမန်ကျောင်းသားဟောင်းတွေလိုသာဖြစ်ကြောင်း အစောပိုင်းက သူမအခိုင်အမာပြောခဲ့သည်။ ဒီလိုနေရာမျိုးမှာ ဖမ်းမိသွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။

ဖေးခွမ် ခဏလောက် အံ့အားသင့်သွားပြီး သူမရဲ့ အတွေးတွေကို ရှင်းရှင်းလင်းလင်း နားမလည်လိုက်ပေ။

သူမက တစ်စုံတစ်ယောက် ဖွင့်ပြောတာကို ငြင်းခဲ့တာဖြစ်ပြီး သူမက အငြင်းခံရတာမှ မဟုတ်ဘဲ။ ဒါကြောင့် ဘာများ ရှက်စရာရှိလို့လဲ?

"ဒီကိစ္စကို အခုလေးတင် မင်းဘယ်လို ကျကျနန ကိုင်တွယ်ခဲ့လဲ ကြည့်ဦး" ဖေးခွမ်က ပေါ့ပေါ့ပါးပါးနဲ့ မေးလိုက်သည်။ "ကျောင်းမှာ လူတော်တော် များများက မင်းကို လိုက်နေတာလား?"

စုန့်အာ့နန်က ခဏလောက် နှုတ်ခမ်းကို ဖိလိုက်ပြီး ပြန်ဖြေလိုက်သည်။ "အဲ့ဒီလောက်လည်း မဟုတ်ပါဘူး"

"အဲ့ဒီလောက်မဟုတ်ဘူးလား?" ဖေးခွမ်က တိုးတိုးလေးရယ်လိုက်သည်။ "ဒီလို မဖြစ်သင့်ဘူးလေ"

"ငါတို့ အာ့နန်က အရမ်းလည်းတော်တယ်၊ အရမ်းလည်းလှတယ်၊ မင်းကို ကြိုက်တဲ့သူတွေ အများကြီးရှိရမှာပေါ့"

ငါတို့အာ့နန်?

စုန့်အာ့နန် ရင်ထဲမှာ အလိုအလျောက် တင်းကျပ်လာသည်။

ဒီလိုအခေါ်အဝေါ်က အခြားဘယ်ဟာကိုမှ မဆိုလိုကြောင်း သူမ သိပေမယ့် မတတ်နိုင်ဘဲ အတွေးလွန်မိသည်။

"နောက်ကျနေပြီ၊ အပေါ်တက်တော့" ဖေးခွမ်က အဆောင်ဘက်ကို မေးငေါ့ပြလိုက်သည်။ "ကိုယ်လည်းပြန်တော့မယ်"

စုန့်အာ့နန်လည်း မျက်တောင်ခတ်လိုက်ပြီး အင်း လို့ တိုးတိုးဆိုလိုက်ကာ မမေ့မလျော့ သတိပေးလိုက်သေးသည်။ "ဒါဆို ကားကို သတိထားမောင်းပါ"

စုန့်အာ့နန် အဆောင်အဆောင်ထဲ ဝင်သွားတာကို ကြည့်ပြီးတော့ ဖေးခွမ်တစ်ယောက် မသွားသေးခင် တစ်ခဏလောက် ငြိမ်သက်စွာနဲ့ ရပ်နေလိုက်သည်။

-

သူတို့နေတဲ့ရပ်ကွက်ကို ပြန်ရောက်တဲ့အချိန်၊ ဖေးခွမ်ဓာတ်လှေကားကနေ ထွက်လာတော့ လီတုန်တစ်ယောက် သူ့အိမ်အပြင်ဘက်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။

"ရောက်နေတာ ဘယ်လောက်ကြာပြီလဲ?" သူမေးလိုက်သည်။

လီတုန် - "ရောက်တာမကြာသေးပါဘူး"

ဖေးခွမ်က ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်စလုံး ဝင်ဖို့ တံခါးကို ဖွင့်ပေးလိုက်သည်။

ဝင်ပေါက်မှာ ဖိနပ်ပြောင်းစီးလိုက်ပြီး လီတုန် ဧည့်ခန်းကိုဝင်လာတော့ နေရာမှာထိုင်ကာ သူ့ကိုခေါင်းစောင်းကြည့်နေတဲ့ ချိုးချိုးကို တွေ့လိုက်သည်။

သူ့အမူအရာနဲ့ ပုံစံက ဘယ်သူလဲလို့ မေးနေသလိုပင်။

လီတုန်က ချက်ချင်းဘဲ ပျော်မြူးသွားသည်။ သူ ရှေ့ကို တိုးကာ သူ့ခေါင်းကို ပွတ်သပ်လိုက်သည်။ "ကျေးဇူးကန်းတဲ့ အသေးလေး၊ ငါ့ကို မမှတ်မိတော့ဘူးလား?"

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဖေးခွမ် ရုပ်ရှင်ရိုက်တာနဲ့ အလုပ်များနေတဲ့အချိန် ချိုးချိုးက သူနဲ့တစ်လျောက်လုံးနေခဲ့တာဖြစ်သည်။ တစ်ယောက်နဲ့တစ်ယောက် မကြာမကြာတွေ့ကြပေမယ့် အချိန်တိုင်းမှာ ဒီကောင်လေးက သူ့ကို သူစိမ်းတစ်ယောက်လိုပဲ ဆက်ဆံသည်။ ဘယ်လိုတောင် ထူးဆန်းလိုက်သလဲ။

ဖေးခွမ်က သတ္တုရေနှစ်ဘူးယူလာပြီး လီတုန်ကို တစ်ဘူး ပေးလိုက်ကာ တစ်ဖက်ဆိုဖာမှာ ထိုင်လိုက်သည်။

ချိုးချိုးက လီတုန်လက်ထဲကနေ လွတ်သွားပြီး ဗီဒိုပေါ် ခုန်တက်လိုက်သည်။

လီတုန်က နှစ်ခါလောက် ကျွတ်သတ်လိုက်ပြီး ဖေးခွမ်ကို ကြည့်ကာပြောလိုက်သည်။ "မင်း သားရဲ့မှတ်ဉာဏ်က အရမ်းဆိုးတာဘဲ။ ငါတို့ သူ့ကို ဆေးရုံပို့ပြီး စစ်ဆေးသင့်လား? သူဘယ်လိုလုပ်ပြီး လူတွေကို ဘယ်လိုမေ့မေ့ သွားတာလဲ?"

ဖေးခွမ်က ပြုံးလိုက်ပြီး "သူ့မှတ်ဉာဏ်က ဘာမှ မဖြစ်ဘူး။ သူက လူရွေးတာ"

တကယ်တော့ စုန့်အာ့နန်နဲ့ မတွေ့ရတာ နှစ်နှစ်လောက်ကြာတာတောင်မှ သူချက်ချင်းမှတ်မိသေးသည်။

လီတုန်က ချိုးချိုးကို လက်ညှိုးထိုးလိုက်ပြီး ရယ်ကာပြောလိုက်သည်။ "သာကူးကြောင်"

ကြောင်လေးက အမှန်တကယ်လည်း မျက်နှာလိုက်သည်။

"ဘယ်လိုလဲ?" ဖေးခွမ်က ပုံမှန်လေသံနဲ့ မေးလိုက်သည်။

လီတုန်က ခေါင်းညိတ်လိုက်ပြီး "အဆင်သင့်ဖြစ်ခါနီးဘဲ။ မင်းမှတ်ပုံတင်ထားတဲ့ နယ်မြေရဲစခန်းမှာ တစ်ယောက်ယောက်ကို ငါစုံစမ်းခိုင်းထားတယ်။ သူတို့ပေးထားတဲ့ စာရွက်စာတမ်းတွေနဲ့ဆို အကုန်ရှင်းပြဖို့ လုံလောက်တယ်"

"နောက်ပြီး မင်းပေးခဲ့တဲ့ ဖုန်းနံပါတ်ကို ငါဆက်သွယ်လိုက်တယ်။ အခြေခံအားဖြင့်တော့ ဘာကိစ္စမှမရှိဘူး"

All Chapters