← Chapters

အခန်း (၉၅)

Vol. 8 Ch. 95

အခန်း (၉၅)

Vol. 8 Ch. 95

ကျန်းမန်၏ ထုတ်ဖော်ပြောကြားမှုများတွင် အဓိကအချက်နှစ်ချက်ရှိသည်။ တစ်ချက်မှာ ဖေးခွမ်က ဆေးသုံးစွဲမှု ရာဇဝင်ရှိခဲ့ဖူးတယ်လို့ ဆိုပြီး နောက်တစ်ချက်ကတော့ သူ့အဖေကို သူ့လက်နဲ့ သတ်ခဲ့တာလို့ဆိုခဲ့သည်။

သူမက ဘာအထောက်အထားမှ မပြဘဲ၊ လူအများက အွန်လိုင်းပေါ်တွင် ထိုအချက်နှစ်ချက်ကို နက်နက်ရှိုင်းရှိုင်းယုံကြည်လာစေရန် ဖေးခွမ်၏ အမေဆိုသည့်အထောက်အထားကို အားကိုးထားသည်။

အများသူငှာ သဘောထားအမြင်အရ မိခင်တစ်ဦးဟာ မိမိကလေးကို ဘယ်သောအခါမှ မှားယွင်းစွပ်စွဲမည်မဟုတ်ပေ။

အချိန်အတော်ကြာအောင် အွန်လိုင်းပေါ်တွင် ကမောက်ကမ ဖြစ်ခဲ့ရသည်။

အခုလောလောဆယ် ဒုတိယအချက်ကို ဘေးဖယ်ထားလိုက်ရင်တောင် အနုပညာရှင်တစ်ယောက်အတွက် မူးယစ်ဆေးဝါးသုံးစွဲမှု ရာဇဝင်ရှိခြင်းက သေဒဏ်လို့ တိုက်ရိုက်ဆိုနိုင်ပြီး ဖယ်ကြဉ်တာကလွဲရင် ဒုတိယနည်းလမ်းမရှိပါချေ။

သူ ဘယ်လောက်ပဲ နာမည်ကြီးကြီး၊ အောင်မြင်မှုကြီးကြီးမားမားရခဲ့တဲ့ ရုပ်ရှင်မင်းသားဘဲဖြစ်ဖြစ်၊ အဲဒီအရာတွေက ဖေးခွမ်အတွက် အရေးမကြီးပါချေ။ သူကိုယ်တိုင် အမှားမလုပ်သရွေ့တော့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာ သိပ်ပြီး မခက်ခဲပါချေ။

တစ်စုံတစ်ယောက်က မူးယစ်ဆေးဝါးသုံးစွဲခဲ့သည့်ရာဇဝင်ရှိမရှိကို စကားလုံးတွေ သပ်သပ်ဖြင့် အတည်မှတ်ယူလို့ မရပါချေ။ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ စစ်ဆေးပြီးမှ လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်သည်။

"လူတချို့ကို ပါးစပ်ပိတ်ဖို့၊ မင်း မနက်ဖြန် ဆံပင်စစ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ သွားတာ အကောင်းဆုံးဘဲ" လီတုန်က ပြောလိုက်သည်။

ဆေးသုံးစွဲမှုမှတ်တမ်းမရှိကြောင်း သက်ဆိုင်ရာအာဏာပိုင်များထံမှ အထောက်အထားစာရွက်စာတမ်းများနှင့်အတူ အချိန်နှင့်တပြေးညီ ဆံပင်မှစစ်ဆေးမှုပြုလုပ်ခြင်းဖြင့် သူ၏ လက်ရှိအခြေအနေကို သက်သေပြမည်ဖြစ်သည်။ ဒါက ဒီအခြေအနေတွေကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတဲ့သူတွေကိုလည်း လုံးဝ ထိန်းချုပ်လိုက်နိုင်မည်ဖြစ်သည်။

ဖေးခွမ်လည်း ခေါင်းငြိမ့်ပြလိုက်သည်။ "စီစဉ်ထားလိုက်ပါ၊ ကျွန်တော် ပူးပေါင်းပေးမယ်"

လီတုန်က မေးလိုက်သည်။ "မင်းအဖေကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် ပြောပြလို့ရမလား?"

ဒုတိယအချက်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတွက် သက်ဆိုင်ရာ မှုခင်းမှတ်တမ်းအတွက် ဆက်သွယ်နိုင်တယ်လို့ ဖေးခွမ်ကပြောကာ ဒေသခံရဲမှူးရဲ့ ဖုန်းနံပါတ်ကိုသာ သူ့ကိုပေးခဲ့သည်။

သို့ပေမယ့် သူက သိပ်အများကြီး မ‌ပြောပြတဲ့အတွက် ဒါက လီတုန်အတွက် မလုံလောက်တာ ရှင်းသည်။ 'သူက သူ့အဖေကို သတ်ခဲ့တယ်' ဆိုတဲ့ တိုင်ကြားချက်ဟာ မရေမရာဖြစ်လွန်းပြီး ရာဇ၀တ်မှုနှင့် ပတ်သက်ဖို့ဆိုတာ မလိုအပ်ပေ။

"ဒါပေါ့ မင်းရဲ့ကိုယ်ရေးကိုယ်တာထဲ ငါဝင်ပါတာမဟုတ်ဘူး၊ ဒါပေမယ့် လက်ရှိအခြေအနေကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာသိဖို့အတွက် ငါပိုပြီးနားလည်ထားဖို့လိုတယ်" လီတုန်ကရှင်းပြလိုက်သည်။

ဖေးခွမ်က အင်းလို့ ခပ်တိုးတိုးဆိုလိုက်သည်။ ဒီအဖြစ်အပျက်တွေ ထွက်လာရင် မိသားစုကိစ္စတွေကို သူဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူးဆိုတာ သူသိသည်။

ကျန်းမန်ကတော့ သူ့ကို နားမလည်သေးပေ။ သူ့ပျော့ကွက်ကို သူမ ဆုပ်ကိုင်လိုက်မိပြီလို့ ‌ထင်နေသည်။

ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ သူဘာကိုမှကြောက်တာ မဟုတ်ဘဲ အဲဒီကိစ္စတွေကို မပြောချင်တော့ရုံပင်။

ဖေးခွမ်က ပြောပြလာသည်။ "ကျွန်တော် အသက် 12 နှစ်အရွယ်မှာ အဖေဆေးစွဲနေတာကို သိလိုက်တယ်။ ကျွန်တော် ရဲကို ဖုန်းဆက်ပြီး ရဲတွေ လိုက်တဲ့အချိန် အရှိန်ပြင်းပြင်းနဲ့ ထရပ်ကား ဝင်တိုက်မိပြီး နေရာမှာဘဲ ဆုံးသွားတာ"

လီတုန် အံ့အားသင့်သွားသည်။

ဖုံးကွယ်ထားတဲ့အခြေအနေတွေကို သူမျှော်လင့်ထားပေမယ့် ဒီလိုမျိုးဖြစ်နေလိမ့်မယ်လို့ သူမထင်ထားပါချေ။

"ဒီကိစ္စကြောင့် သူနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးလည်း ချက်ချင်း အေးစက်သွားတယ်။ အဖေဆုံးသွားတဲ့ အပေါ် ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ သူကအမြဲတမ်း မှတ်ယူတော့တယ်"

ဟုတ်သည်၊ သူနဲ့ ကျန်းမန်တို့ဟာ ဘယ်တုန်းကမှလည်း ဒီလောက်ထိ မရင်းနှီးခဲ့ပါချေ။ အကြောင်းအရင်းကတော့ နည်းနည်းရယ်စရာကောင်းလှသည်။ သူ့ကိုမွေးပြီးတဲ့နောက်မှာ ကျန်းမန်ရဲ့ပုံစံက သိသိသာသာပြောင်းလဲသွားသည်။

ဒါ့အပြင် အဲ့ဒီအချိန်တုန်းက သူတို့ရဲ့အိမ်ထောင်ရေးဟာလည်းမကောင်းနေတာကြောင့် ကျန်းမန်ဟာ အရာအားလုံးကို ဖေးခွမ်အပေါ် အတင်းအပြစ်တင်စွပ်စွဲတော့သည်။

လီတုတ်က ခဏလောက်စဉ်းစားလိုက်ပြီး "ဒီကိစ္စတွေကို လူတွေအရှေ့မှာ ထုတ်ဖော်လို့ရမလား?"

ဖေးခွမ်က ခေါင်းညိတ်လိုက်သည်။ "ခင်ဗျားအဆင်ပြေသလိုလုပ်ပါ။ လိုအပ်ရင် ကျွန်တော် ပေးခဲ့တဲ့ နံပါတ်ကလူကို အကူအညီတောင်းလို့ရတယ်။ အဲဒီနှစ်တုန်းက ဒီအမှုကို သူကိုင်တွယ်ခဲ့တာ"

သူ့ရည်ရွယ်ချက်ကို လီတုန် နားလည်လိုက်သည်။ "ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ?"

ဒီကိစ္စက အွန်လိုင်းပေါ်မှာ ရှုပ်နေတာ တစ်ရက်ခွဲရှိနေပြီဖြစ်သည်။ သူတို့ဘက်က လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ အထောက်အထားတွေ တချိန်လုံး ရှာနေခဲ့တာဖြစ်သည်။ အခု အထောက်အထားတွေ ခိုင်လုံသွားပြီဆိုတော့ ကြေညာချက်ထုတ်ဖို့ အချိန်တန်ပြီပင်။

သို့ပေမယ့် အရင်းအမြစ်ရဲ့ တိကျမှုကြောင့်၊ ဒီကိစ္စက အတော်လေး ထိလွယ်ရှလွယ် ဖြစ်နေသေးသည်။ ဘယ်ရှုထောင့်ကနေ လူသိရှင်ကြား စတင်‌ထုတ်ဖော်ရမလဲဆိုတာကို သေသေချာချာ စဉ်းစားရမည်။

ဖေးခွမ်က သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး မဆွေးနွေးခင် လီတုန်ကို သူအသံသွင်းထားတာ အရင်နားထောင်ခိုင်းလိုက်သည်။

လွန်ခဲ့တဲ့နှစ်နှစ် ကျန်းမန် ဖေးခွမ်ကို ကိုလာရှာပြီး ရှဲ့မိသားစုရဲ့ကြင်နာမှုကို အသုံးချကာ ရှဲ့ယင်းနှင့် သူ၏ ဆက်ဆံရေးကို အတုပြုလုပ်ဖို့ ပြောထားတာတွေကို အသံသွင်းထားတာဖြစ်သည်။

နားထောင်ပြီးတဲ့နောက် လီတုန်မှာ ဖေးခွမ်ကို စက္ကန့်အတော်ကြာ ငြိမ်သက်စွာနဲ့ ကြည့်နေမိသည်။

သူက ဖေးခွမ်ရဲ့ အမူအရာကနေ တစ်ခုခုကို စူးစမ်းချင်ပေမယ့် ဘာမူမမှန်တာကိုမှ လုံးဝ သတိမထားမိပေ။ ဒီဟာကသူနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိသလိုပင်။

လီတုန်တော့ ဖေးခွမ် ဘယ်လိုလုပ် တည်တည်ငြိမ်ငြိမ်နဲ့နေနိုင်လဲဆိုတာကို မသိပေ။ သူက ဒီဟာတွေအပေါ် ထုံနေပြီဖြစ်မည်။

သို့သော်လည်း နှစ်ပေါင်းများစွာ အတူတူအလုပ်လုပ်ခဲ့တဲ့နောက် သူတို့ကြားတွင် အခြေခံကျသည့် ပြောစရာမလိုတဲ့နားလည်မှု ရှိနေဆဲဖြစ်သည်။ လီတုန်က ဖေးခွမ်ရဲ့ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။

လွန်ခဲ့သည့် နှစ်နှစ် ရှဲ့ယင်းနှင့် သူ၏ ဆက်ဆံရေး အတုအယောင်ကိစ္စမှ စကာ ကျန်းမန်၊ ရှဲ့ မိသားစု နှင့် ဖေးခွမ်တို့၏ ဆက်ဆံရေးကို ထုတ်ဖော်လိုက်ချင်တာဖြစ်သည်။

ပြောရမယ်ဆိုရင် ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ အောင်မြင်မှုတစ်ခုလို့ ဆိုရမည်ပင်။ ကျန်းမန်ဟာ အရည်အချင်းပြည့်မှီတဲ့ မိခင်တစ်ဦးမဟုတ်ကြောင်း သက်သေပြနိုင်သရွေ့ သူမ ထုတ်ပြောခဲ့သည့် အခြားအရာတွေ‌အပေါ် လူအများ၏ ယုံကြည်ကိုးစားမှုဟာလည်း နည်းပါးသွားမည်ဖြစ်သည်။

ဒါ့အပြင် သူ့တို့လက်ထဲက အထောက်အထားတွေနဲ့ဆို ဒီကိစ္စရဲ့ရလဒ်ကို ဆုံးဖြတ်နိုင်ပြီဖြစ်သည်။

ဖေးခွမ်က ဒီတစ်ခါတော့ အထိအခိုက်ကင်းကင်းနဲ့ ပေါ်ထွက်လာလိမ့်မည်ဖြစ်သည်။ သူ ဘာအမှားမှ မလုပ်ခဲ့ပါချေ။

မပြန်ခင် လီတုန်က မနေနိုင်ဘဲမေးလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မင်းအိပ်မပျော်ဖြစ်တာ ဒီကိစ္စနဲ့လည်း သက်ဆိုင်တယ်မဟုတ်လား?"

ဖေးခွမ်က သူ့ မေးခွန်းကို မရှောင်လွှဲလိုက်ပေ။ “ဒါက အတိုင်းအတာ တစ်ခုအထိတော့ သက်ဆိုင်တယ်၊ ဒါပေမယ့် လုံးဝတော့လည်းမဟုတ်ဘူး"

သူ့မှာ ကျန်းမန်အပေါ် ဘာမှမျှော်လင့်ထားတာမရှိတဲ့အတွက် သူမ လုပ်သမျှက သူ့ကိုဘာမှ မနာကြင်စေပေ။

ဒါပေမယ့် သူမပို့လိုက်တဲ့ မက်ဆေ့ချ်တွေက သူ့ကို နည်းနည်း အတွေးလွန်စေတယ် ဆိုတာကိုတော့ ငြင်းလို့မရပါချေ။

-

လီတုန်ပြန်သွားတော့ ဖေးခွမ်လည်း ရေချိုးခန်းထဲသွားလိုက်သည်။

ဒီနေ့ အများကြီး ဖြစ်ပျက်ခဲ့တော့ သူ လုံးဝ အိပ်မပျော်တော့ပေ။ သူ မီးဖိုချောင်ထဲကနေ ဝိုင်နီတစ်ပုလင်းယူကာ လသာဆောင်ဆီ ထွက်လာလိုက်သည်။

ဖေးခွမ်က သောက်ခဲပေမယ့် အခု သူ့စိတ်‌တွေ ရှုပ်ထွေးလွန်းနေတဲ့အတွက် စိတ်ရှင်းဖို့ အတွက် အယ်လ်ကိုဟောကို သုံးချင်ရုံသာဖြစ်သည်။

ဝိုင်နည်းနည်းသောက်လိုက်ပြီး ညလေပြည်တွေတိုက်ခတ်လာတော့ သူရဲ့ ရှုပ်ယှက်ခတ်နေတဲ့ အတွေးတွေဟာလည်း နောက်ဆုံးတော့ ဦးတည်ချက်တစ်ခုကို ရှာတွေ့လိုက်သည်။

ဖေးခွမ်က ဝိုင်ခွက်ကို ချလိုက်ပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။ ခဏလောက် စဥ်းစားလိုက်ပြီးမှ စုန့်လင်းချွမ်ဆီ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်။

သူရှင်းရှင်းလင်းလင်းသိရမဲ့ ကိစ္စတချို့ရှိသည်လေ။

........

မိုင်ထောင်ချီအဝေးရှိ ဒရာမာရိုက်ကူးရေးတစ်ခုတွင်

စုန့်လင်းချွမ် အလုပ်ကဆင်းတာ နည်းနည်းနောက်ကျပြီး ဖေးခွမ်ရဲ့မက်ဆေ့ချ်ကိုတွေ့တဲ့အချိန်က ဟိုတယ်ကိုပြန်တဲ့လမ်းမှာဖြစ်သည်။ သူက နှစ်ခါစဉ်းစားမနေဘဲ ချက်ချင်းဖုန်းခေါ်လိုက်သည်။

"ဘာကိစ္စဖြစ်လို့လဲ? ငါ့မှာ ညီမမရှိဘူးနော်" စုန့်လင်းချွမ်ကနားမလည်စွာနဲ့ ပြောလာသည်။ "မင်းကို ဖြေဖို့ ငါ့ဇာတ်ကောင်စရိုက်နဲ့ လိုက်လုပ်လို့မရဘူး"

ဖေးခွမ်ရဲ့ မျက်လုံးတွေက တဖျပ်ဖျပ်ခတ်သွားပြီး "ဒါဆို တကယ်လို့ အဲ့ဒါက မင်းအန်တီလေးဆိုရင်ရော?"

စုန့်လင်းချွမ်က အဲ့ဒီစကားကိုကြားတာနဲ့ ဖုန်းလိုင်းကနေ တွားသွားထွက်လာတော့မလိုမျိုး စိတ်လှုပ်ရှားသွားသည်။

"ငါ့အန်တီလေးကို ဘယ်သူဖွင့်ပြောတာလဲ? ဟမ်? ဘယ်က ကလေကချေလဲ? သူ ဘယ်မှာလဲ"

သူ့ရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကို မြင်လိုက်ရတော့ ဖေးခွမ်မှာ ခဏလောက် ကြောင်သွားပြီး မတတ်နိုင်ဘဲ နဖူးကိုထိလိုက်သည်။ "ဘယ်သူမှ မလုပ်ဘူး။ ငါက 'တကယ်လို့' လို့ပြောတာလေ၊ အဖြစ်သဘောပြောတာ"

စုန့်အာ့နန်ကို ကျန်းဖန်ဖွင့်ပြောတဲ့အကြောင်းကို သူစုန့်လင်းချွမ်ဆီ သေချာပေါက် ပြောပြလို့မရပါချေ။

မဟုတ်ရင် ကောင်မလေးက သူ့ကို တိုင်ပြောတယ်လို့ ထင်သွားလိမ့်မည်။

စုန့်လင်းချွမ် သက်ပြင်းတစ်ချက် ချလိုက်သည်။ "မင်းငါ့ကိုလာခြောက်နေတာဘဲ။ ငါ့အန်တီလေးကို တစ်ယောက်ယောက်က ဖွင့်ပြောလိုက်တယ်လို့ ငါထင်သွားတာပေါ့"

သူကဖုန်းကို လက်ပြောင်းကိုင်လိုက်ပြီး တော်တော် နားမလည်ဖြစ်သွားသည်။ "မင်း ဘာလို့ ညလယ်ခေါင်ကြီး အဖြစ်သဘောတွေဘာတွေ လာပြောနေတာလဲ? ပျင်းနေတာလား ဟမ်?"

ဖေးခွမ်လည်း အဓိကပြဿနာကို ရှောင်ရှားလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ ငါ ပြဿနာတစ်ခုကြုံလိုက်ရတော့ နည်းနည်း စိတ်ရှုပ်နေလို့"

စုန့်လင်းချွမ်က "အိုး" လို့ဆိုလိုက်ပြီး WeChat ကို သွားကာ ဖေးခွမ်ရဲ့ မက်ဆေ့ချ်ကို ပြန်ကြည့်လိုက်သည်။

[မင်းညီမလေးက ယောက်ျားလေးတစ်ယောက်ဆီကနေ ဖွင့်ပြောခံနေရတာကို တွေ့လိုက်ရင် မင်းရဲ့ပထမဆုံးတုံ့ပြန်မှုက ဘယ်လိုဖြစ်မလဲ?]တဲ့

သူ့မှာ ညီမတစ်ယောက်မှမရှိပေမယ့် သူ့အန်တီလေးဆိုရင်တော့...

"ငါ့ရဲ့ ပထမဆုံးတုံ့ပြန်မှုက လုံးဝကို လန့်သွားမှာဘဲ။ ဘာပဲဖြစ်ဖြစ် ငါ့အန်တီလေးနား အကွက်ရွှေ့ရဲတဲ့ ကလေကချေကောင်ကို သွားတွေ့မှာ"

ဖေးခွမ်က ခဏရပ်သွားပြီး မေးလိုက်သည်။ "သူက ထူးချွန်တယ်ဆိုတာ မင်းသိသွားရင်ရော?"

စုန့်လင်းချွမ်က လှောင်ပြောင်လိုက်သည်။ "မင်း ဒါကို ရှင်းရှင်းလင်းလင်း နားမလည်ဘူးဘဲ။ သူ ဘယ်လောက်ပဲ ထူးချွန်နေပါစေ အမှားတွေ ငါရှာနေမှာဘဲ"

"တစ်ယောက်ယောက်က မင်းရဲ့ဂေါ်ဖီထုပ်ကို ခိုးဖို့ကြိုးစားနေရင် အဲဒါတွေကို ဘယ်သူက ဂရုစိုက်နေဦးမှာလဲ?"

ဒါကိုကြားတော့ ဖေးခွမ် ရုတ်တရက် တိတ်ဆိတ်သွားသည်။

စုန့်လင်းချွမ်ကလည်း သူ့ကို အလျင်စလို မလုပ်နေပေ။ ပုံမှန်ဆို၊ သူ ဖေးခွမ်ရဲ့မေးခွန်းအတွက် အကြောင်းရင်းကို သိချင်နေပေလိမ့်မည်။ ဘာဘဲဖြစ်ဖြစ်၊ ဒီလိုမေးခွန်းမျိုးက ဘယ်သူ့ကိုမဆို တစိမ့်စိမ့်နဲ့ ချင့်ချိန်တွေးမိစေနိုင်သည်။

ဒါပေမယ့် ဒီနေ့မွန်းလွဲပိုင်း၊ ဖေးခွမ် ပထမဆုံးပြဿနာတက်တုန်းက စုန့်လင်းချွမ် သူ့ဆီကိုချက်ချင်းဖုန်းဆက်လာသည်။ ဖေးခွမ်လည်း ကျန်းမန်၊ ရှဲ့ယင်းနဲ့ သူရဲ့ ဆက်နွှယ်မှု အပါအဝင် အချို့သော အကြောင်းအရာများကို အတိုချုံး ရှင်းပြခဲ့ပေမယ့် အရမ်းအသေးစိတ်တော့ မပြောပြခဲ့ပါချေ။

စုန့်လင်းချွမ် ကျယ်ကျယ်ပြန့်ပြန့် စိတ်ကူးကြည့်လိုက်သည်။ ဖေးခွမ်ရဲ့ မက်ဆေ့ချ်ကို မြင်လိုက်ရတော့ သူက အဲ့ဒါကိုရှဲ့ယင်းနဲ့ဖေးခွမ်ရဲ့ ဆက်ဆံရေးနဲ့ ဆက်စပ်ကြည့်လိုက်သည်။

ညီမ? ဖွင့်ပြောခံရတာရဲ့ ပထမဆုံးတုံ့ပြန်မှု?

ဖေးခွမ် ကြုံတွေ့ရတဲ့ ဒုက္ခကို သူ အကြမ်းဖျင်းသိသည်။

"ဖွင့်ပြောခံရတာက မင်းသဘောကျနေတဲ့ ကောင်မလေးဆိုရင်ရော?" ဖေးခွမ်က ခဏရပ်ပြီး မေးလိုက်သည်။

စုန့်လင်းချွမ် မျက်မှောင်ကြုတ်သွားသည်။

သူ မဖြေခင် ခဏလောက် တုံ့ဆိုင်းနေပြီးမှ "ငါတော့ သူ 'အင်း' လို့ပြောလိုက်မှာစိုးရိမ်ပြီး အပ်တွေအပေါ် ထိုင်နေရသလိုဖြစ်နေမှာ"

ဒီတစ်ခါတော့ ဘယ်သူမှ စကားမပြောလာကြတော့ပေ။ ဘယ်သူမှလည်း ဖုန်းမချဘဲ နှစ်ယောက်စလုံးက ကိုယ့်အတွေးနဲ့ကိုယ် အတွေးပျောက်နေမှန်း သိသာသည်။

နောက်ထပ် မိနစ်နည်းနည်းလောက်ကြာတော့ ဖေးခွမ်က သက်ပြင်းတစ်ချက်ချကာ မေးလာသည်။ "လင်းချွမ်၊ မင်း ငါ့ကို ဘယ်လိုထင်လဲ?"

စုန့်လင်းချွမ် လန့်သွားသည်။

သူတို့နှစ်ယောက်က နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းသိကြသည်။ ဖေးခွမ်ဟာ အပြင်ပန်းတွင် ကျိုးနွံပုံပေါက်သော်လည်း အတွင်းဘက်မှာ‌တော့ မာနကြီးသည်။ သေချာပေါက်ကို သူ့မာနကလည်း သူနဲ့လိုက်သည်လေ။

'မင်း ငါ့ကို ဘယ်လိုထင်လဲ' ဆိုတဲ့ မေးခွန်းကို ဖေးခွမ် မေးလာတာကို စုန့်လင်းချွမ် တစ်ခါမှ မကြုံဖူးပါချေ။ ဒါပေမယ့် ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို တွေးကြည့်လိုက်ရင် အဲ့ဒါက အဓိပ္ပါယ်ရှိသည်။ မိသားစုကြောင့် ဒီလို နာကျင်ခံစားလိုက်ရရင် ဘယ်သူမဆို စိတ်မ‌တည်ငြိမ်နိုင်ပေ။

"ငါပြောပြမယ်။ ငါ့ အဖေက ငါ့ကို မာနကြီးတယ်လို့ အမြဲတမ်းပြောတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေအားလုံးထဲမှာ ငါအထင်ကြီးတဲ့သူက နည်းနည်းဘဲရှိတယ်။ ဒါပေမယ့် မင်း၊ ဖေးခွမ်၊ မင်းလည်း အဲ့ဒီထဲ က တစ်ယောက်ပဲ"

"ဘာပဲဖြစ်ဖြစ် မင်းမှာ ရုပ်ရည်ရှိတယ်၊ အရည်အချင်းလည်းရှိတယ်၊ အကျင့်စာရိတ္တလည်းကောင်းတယ်၊ ရည်လည်းရည်မွန်တယ်....."

စုန့်လင်းချွမ်က တစ်ယောက်ယောက်ကို စိတ်ရင်းမှန်နဲ့ ချီးကျူးတယ်ဆိုတာ ရှားသည်။ သူ ချီးကျူးပြီးရင်လည်း သူ့ကိုယ်သူ နည်းနည်ချီးမွမ်းသေးသည်။

အဆုံးမှာ သူ့ကိုယ်သူကြွားလုံးထုတ်ဖို့လည်း မမေ့ပါချေ။ "ငါထပ်မပြောတော့ဘူး၊ ခြုံပြောရရင် မင်းက ငါ့ထက်တော့ နည်းနည်း‌ဆိုးတယ်။"

ဖေးခွမ်က ခပ်တိုးတိုး ရယ်လိုက်ပြီး စက္ကန့်နည်းနည်းလောက် တိတ်ဆိတ်သွားသည်။ "ကောင်းပြီ ငါသိပြီ"

စုန့်လင်းချွမ် မျက်ခုံးပင့်လိုက်သည်။ သူ့ကို အများကြီးချီးကျူးခဲ့ပေမဲ့ ဒါက သူ့တုံ့ပြန်လာတဲ့ပုံလား?"

"မင်းက ဘာကိုရယ်တာလဲ? ဘာကိုသိတာလဲ?"

ဖေးခွမ်ရဲ့ မျက်လုံးတွေက ရွှင်မြူးသွားသည်။ "မင်း ငါ့ကို ဒီလောက်ထိ အထင်ကြီးလိမ့်မယ်လို့ ငါတကယ်မမျှော်လင့်ထားဘူး"

"နည်းနည်းတော့ ဆိုးပေမယ့်လည်းပေါ့"

စုန့်လင်းချွမ် - "..."

ဒီကောင်!

သူ စိတ်မပျော့သွားလိုက်သင့်ဘူး!

နှစ်ယောက်သား ဖုန်းမချခင် အချိန်အတော်ကြာ စကားစမြည် ပြောလိုက်ကြသေးသည်။ သူတို့ဖုန်းမချခင် ဖေးခွမ်က စုန့်လင်းချွမ်ကို အွန်လိုင်းပေါ်မှာ မပါဖို့ သတိပေးလိုက်သည်။ ဒါကဘယ်တုန်းကမှ ကောင်းတဲ့ အရာမဟုတ်သလို ပြဿနာကို ဆွဲဆောင်နိုင်တဲ့ဟာ ဖြစ်သည်။

"အွန်လိုင်းပေါ်မှာ မပါဖို့ မင်းပြောတာ အရမ်းနောက်ကျသွားပြီ!" စုန့်လင်းချွမ်က ပြောသည်။

ဖေးခွမ် အံ့သြသွားသည်။ "မင်းဘာပြောလိုက်တာလဲ?"

စုန့်လင်းချွမ်က ဂရုမစိုက်ပေ။ "မင်းဖုန်းမခေါ်ခင် ငါ့အန်တီလေးက Weiboမှာ မင်းကိုအားပေးတဲ့ပို့စ်တစ်ခုတင်ထားတယ်။ ငါလည်း လိုက်ခ်ပေးထားတယ်။"

ဖုန်းချပြီးသွာတော့ ဖေးခွမ်လည်း Weiboက စုန့်အာ့နန်ရဲ့ပို့စ်ကိုတွေ့လိုက်သည်။

@အန်တီလေးစုန့်အာ့နန် - ကျွန်မ ရှင့်ကိုယုံတယ်။ @ဖေးခွမ်

ဒီကောင်မလေးဟာ ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ဝင်မပါဘဲနေတာ ဒါမှမဟုတ် ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆတာနဲ့ပတ်သက်ပြီး ဘာကိုမှ နားမလည်ပါချေ။ သူမ ယုံကြည်ရတဲ့သူတစ်ယောက်က အထင်လွဲခံရတဲ့အခါ သူ့ဘက်မှာရပ်တည်ပေးရမယ်ဆိုတာဘဲ သူမသိသည်။

ဖေးခွမ် စောစောက စုန့်လင်းချွမ်ဆီက အတည်ပြုချက်ကို ပြန်တွေးကာ ဖုန်းကိုချလိုက်သည်။ သူ့ခံစားချက်တွေက ရှုပ်ထွေးပေမယ့် အများစုကတော့ ပျော်ရွှင်မှုတွေပင်။

လသာဆောင်ရှိ ပက်လက်ကုလားထိုင်ပေါ်မှာ လှဲလျောင်းကာ ညကောင်းကင်ကို ငေးမောရင်း သူ့အတွေးတွေ လွင့်မျောသွားသည်။

ကျန်းဖန် ဖွင့်ပြောနေတုန်းမှာ အဲ့ဒီသစ်ပင်အောက်တွင် သု စောင့်နေခဲ့ပြီး တချိန်လုံး စိုးရိမ်ပူပန်နေခဲ့ကာ သွားနှောင့်ယှက်ချင်စိတ်တွေတောင် အကြိမ်ပေါင်းများစွာ ပေါ်လာခဲ့သေးသည်။

စုန့်အာ့နန်က "တောင်းပန်ပါတယ်" လို့ ပြောလာမှပဲ နောက်ဆုံး သူစိတ်တည်ငြိမ်သွားသည်။

ဖေးခွမ် အတွက်၊ ဒီဟာက အရာအားလုံးကို ရှင်းပြဖို့ လုံလောက်နေပြီဖြစ်ပေမယ့် အတည်ပြုဖို့ စုန့်လင်းချွမ်ကို သတိကြီးကြီးနဲ့ သူဖုန်းခေါ်လိုက်တုန်းပင်။

အခုပြန်တွေးကြည့်လိုက်တော့ သူ့ရဲ့ပုံမှန်မဟုတ်တဲ့အမူအရာတွေက ဒီလွန်ခဲ့တဲ့ရက်တွေကတည်းက လက္ခဏာတွေ ပြနေတာဖြစ်သည်။

အစတုန်းကတော့ သူ သူမကို ညီမလေးတစ်ယောက်လို ဆက်ဆံခဲ့သည်။ အဲ့ဒါက ဘယ်တုန်းက အတိအကျ ပြောင်းလဲသွားတာလဲ? သူတောင်မှ ရှင်းရှင်းလင်းလင်း မပြောနိုင်သေးဘူး။

အဲ့ဒီညမှာ ဖေးခွမ်က တစ်ညလုံး လေအေးတွေ တိုက်ခတ်နေတဲ့ လသာဆောင်မှာ ထူးထူးခြားခြား စိတ်အခြေအနေ ကောင်းကောင်းနဲ့ ရပ်နေမိသည်။

All Chapters