အခန်း (၉၇)
Vol. 8 Ch. 97
စုန့်အာ့နန်က ဖေးခွမ်ကို တူတစ်ယောက်လို ဆက်ဆံဖို့ ဆုံးဖြတ်လိုက်တာကြောင့် သူမက အမှန်တကယ် အဲ့လိုဆက်ဆံဖို့ ကြိုးစားတော့သည်။ သေချာပေါက်ကို သူမက စိတ်ခံစားချက် ကျဆင်းတဲ့ အဆင့်မှာဘဲ ရှိသေးသည်။ ဖေးခွမ်ကတော့ သူမအတွက် ဓာတ်မတည့်မှုတစ်ခုလို ဖြစ်နေပါက၊ သူမဟာ ခုခံအားကို လျှော့ချပေးမည့် ကုသမှုကို ခံယူရပေလိမ့်မည်။ သူမက ဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်အောင် နေမည်ဖြစ်သည်။
မကြာခင်မှာ ဆောင်းဦးရာသီပွဲတော် နီးကပ်လာသည်။ အဲ့ဒီနေ့မှာ စုန့်အာ့နန် အလုပ်က ဆင်းလာတော့ ပွဲတော်ကျင်းပဖို့ ဖေးခွမ်အိမ်ဆီ သွားဖို့လုပ်ထားသည်။
ညနေ ၅ နာရီတွင် စုန့်အာ့နန်နဲ့ အခြား အလုပ်သင်တွေကို သူတို့ရဲ့ သင်ကြားရေး ကြီးကြပ်ရေးမှူးက ပြန်လွှတ်လိုက်သည်။ စုန့်အာ့နန်က သူမရဲ့ lockerဆီ ပြန်သွားကာ ကုတ်အဖြူကို ချွတ်လိုက်ပြီ အဝတ်အစား လဲလိုက်သည်။ နောက်တော့ ဖုန်းကို locker ထဲကနေ ထုတ်လိုက်သည်။
ဖုန်းစခရင်ကို ဖွင့်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ဆယ်မိနစ်တုန်းက ဖေးခွမ်က သူမဆီ မက်ဆေ့ခ်ျပို့ထားသည်။
[အလုပ်ဆင်းပြီလား?]
စုန့်အာ့နန်လည်း ပြန်ဖြေလိုက်သည်။ [အခုပဲ အလုပ်ကဆင်းတာ၊ ဆေးရုံကနေ ပြန်တော့မလို့]
ဖေးခွမ်က ချက်ချင်း စာပြန်လာသည်။ [ကောင်းပြီ၊ မင်း အလုပ်ဆင်းရင်လာကြိုဖို့ ကိုယ် မင်းရဲ့ဆေးရုံတံခါးနားမှာ ရှိနေတယ်]
စုန့်အာ့နန် အံ့သြသွားသည်။ သူဘယ်လိုလုပ်ရောက်လာတာလဲ? ဒါပေမယ့် သူမလည်း တုံ့ဆိုင်းမနေဘဲ ဌာနရှိ အခြားသူတွေကို နှုတ်ဆက်ပြီးတော့ အောက်ထပ်ဆီ အမြန်ဆင်းသွားလိုက်သည်။
ဆေးရုံရဲ့ ဘေးတံခါးက လမ်းမကြီးပေါ်မှာ မဟုတ်ဘဲ လူနေရပ်ကွက်နဲ့ နီးသည်။ ပင်မဝင်ပေါက်နှင့် ယှဉ်ပါက ဤနေရာတွင် ယာဉ်အသွားအလာ အတော်လေး နည်းသည်။ ဆရာဝန်နဲ့ သူနာပြု တော်တော်များများကို လာကြိုကြတဲ့မိသားစုဝင်အချို့က ဒီမှာဘဲ ရပ်တတ်ကြသည်။
အရင်က သူတို့ရဲ့ ရောက်တတ်ရာရာ စကားပြောကြတုန်း ဒီနေရာကိုဖြတ်သွားတော့ ဒီအကြောင်းကို သူမပြောခဲ့ဖူးသည်။ ဒါကို ဖေးခွမ်က မှတ်မိနေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပါချေ။
စုန့်အာ့နန် ဘေးတံခါးကနေ ထွက်လာတော့ ညာဘက်က ကားပါကင်နေရာ၌ ဖေးခွမ်ရဲ့ကားရပ်ထားတာကို တကယ်ဘဲ တွေ့လိုက်ရသည်။
သူမက လမ်းလျှောက်လာရင်း ခရီးသည်ဘက်မှ ပြတင်းပေါက်ကို ခေါက်လိုက်သည်။ ဖေးခွမ်က ခေါင်းငုံ့ထားပြီး မက်ဆေ့ချ်တွေကို စာပြန်နေသည်။ တံခါး ခေါက်သံကြားတော့ သူ လှမ်းကြည့်လာသည်။
စုန့်အာ့နန်ကို မြင်တော့ ခရီးသည်တံခါးကို သူတိုက်ရိုက်ဖွင့်ပေးလိုက်သည်။
စုန့်အာ့နန်က ကားတံခါးဘေးမှာ ရပ်နေပေမယ့် ချက်ချင်းဝင်မလာပေ။ "ကားနောက်ဖုံး ဖွင့်ပေးပါလား၊ ကျွန်မ ဆေးရုံက လက်ဆောင်တွေ ထည့်မလို့"
နောက်တော့ သူမက မနီးမဝေးက ပစ္စည်းတွေကို လက်ညှိုးထိုးပြလိုက်သည်။
ဖေးခွမ်လည်း အလိုက်တသိ လှမ်းကြည့်လိုက်သည်။ တကယ်ကိုဘဲ ကားနောက်တွင် ဘူးတွေအများကြီး ရှိနေသည်။
"ကားပေါ် အရင်တက်လိုက်၊ အဲ့ဒါတွေကို ကိုယ်ရွှေ့လိုက်မယ်" သူက ပြောလိုက်သည်။
စုန့်အာ့နန် - "မလိုပါဘူး၊ ကျွန်မ ဘာသာရွှေ့နိုင်ပါတယ်"
ပစ္စည်းတွေက များတဲ့ပုံပေါက်ပေမယ့် တကယ်မလေးပါချေ။ ခုနတုန်းကလည်း အဲ့ဒါတွေကို သူမဘာသာသယ်လာတာဖြစ်သည်။
ဖေးခွမ်က ပြုံးကာခေါင်းယမ်းလိုက်သည်။ သူက မက်စ်တပ်ကာ ဦးထုပ်ဆောင်းလိုက်ပြီး ကားပေါ်ကနေ ဆင်းလိုက်သည်။
သူ့ကို တားလို့မရမှန်း သိလိုက်ရတော့ စုန့်အာ့နန်လည်း က ဘာမှ ထပ်မပြောတော့ပေ။ သူမ ကားထဲကိုဘဲ တိုက်ရိုက်ဝင်သွားလိုက်သည်။
ဖေးခွမ်က ပစ္စည်းတွေကို ကားနောက်ဖုံးထဲ ထည့်လိုက်ပြီး ကားပေါ်သို့ အမြန်ပြန်လာသည်။ သူက ထိုင်ခုံခါးပတ် တပ်ရင်း ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်း ကိုယ့်ကို လမုန့်မဝယ်ဖို့ မက်ဆေ့ခ်ျပို့ခဲ့တယ်၊ ဒီနေ့ ဆေးရုံက ပေးမယ်ဆိုတာ မင်းသိနေလို့လား?'
စုန့်အာ့နန်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ဆေးရုံက နှစ်တိုင်းပေးတယ်"
သူမတို့ဆေးရုံက အားလပ်ရက် လက်ဆောင်တွေကို အမြဲတမ်းပေးသည်။ လမုန့်တွေက ဆောင်းဦးပွဲတော်အတွက် မရှိမဖြစ် လိုအပ်ပြီး ပန်းသီးနဲ့ လိမ္မော်သီးပုံးတွေကိုလည်း ပေးသည်။
“အလုပ်သင်တွေက သိပ်မရဘူး။ ဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေကတော့ ဆန်နဲ့ဆီ ရတယ်” သူမက ဆက်ပြောသည်။
ဖေးခွမ်က မျက်ခုံးနည်းနည်းပင့်သွားပြီး “ကိုယ့်မှာလည်း မိဘနှစ်ပါးလုံးက အစိုးရအဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူတို့မှာ အားလပ်ရက်ဆို အကျိုးကျေးဇူးတွေ အမြဲရတယ်လို့ ကြားတယ်၊ ငယ်ငယ်တုန်းကဆို သူ့ကိုအရမ်းအားကျတာ"
စုန့်အာ့နန်က သူ့ကိုကြည့်လိုက်ပြီး "နောက်ဆို ရှင်လိုချင်ရင် ကျွန်မ ရတာတွေ ရှင့်ကိုပေးမယ်"
တခြားသူတွေကို အားကျဖို့မလိုဘူး။
ဖေးခွမ်မှာ တခဏလောက် အံ့အားသင့်သွားပြီး နည်းနည်းရယ်စရာကောင်းတာကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။ သူက ဒီတိုင်းပြောလိုက်တာကို ဒီကောင်မလေးက သူ့ကို နှစ်သိမ့်ပေးဖို့ ကြိုးစားလာမယ်လို့ မျှော်လင့်ထားပါချေ။
ဖေးခွမ်က စုန့်အာ့နန်ကို တစ်ချက်ကြည့်လိုက်ပြီး "ဒါတွေ အားလုံး ကိုယ့်ကို ပေးမှာလား?"
စုန့်အာ့နန်က ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်သည်။ ဒါတွေက အားလပ်ရက် လက်ဆောင်တွေချည်းပဲ၊ ဘာမပေးနိုင်စရာရှိလို့လဲ?
ဖေးခွမ်က ရှေ့ကလမ်းကို ကြည့်နေရင်း သူ့နှုတ်ခမ်းတွေက နည်းနည်း ကွေးညွတ်သွားသည်။ သူက အဓိပ္ပါယ်ပါပါနဲ့ ပြောလိုက်သည်။ “ဒီ အားလပ်ရက် လက်ဆောင်တွေအတွက်တော့ ကိုယ်တို့အတူတူ ရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်”
စုန့်အာ့နန် ခဏလောက် ရပ်သွားသည်။
လုပ်ငန်းခွင်မှ လက်ဆောင်တွေရနိုင်သည့် အားလပ်ရက်သုံးခုရှိသည် - နွေဦးပွဲတော်၊ နဂါးလှေလှော်ပွဲတော်နှင့် ဆောင်းဦးလယ်ပွဲတော် တို့ဖြစ်သည်။
လူတွေက များသောအားဖြင့် ဒီရိုးရာအားလပ်ရက်တွေကို မိသားစုနှင့်အတူ ဖြတ်သန်းကြသည်။ သူ ဒီလို ဆိုလိုချင်တာ ဖြစ်လိမ့်မညိ။
"ဒါလည်း အလုပ်ဖြစ်တာပဲ"
ကားက ပုံမှန်အတိုင်း မောင်းနေသည်။
မီးနီကိုဖြတ်သွားတုန်းမှာ စုန့်အာ့နန်က ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ သူမက ဖေးခွမ် ဘက်လှည့်လိုက်ပြီး "ဟုတ်သားဘဲ၊ ညစာအတွက် ပါဝင်ပစ္စည်းတွေ ဝယ်ခဲ့သေးလား?"
လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက သူတို့နှစ်ယောက်ဟာ ဆောင်းဦးလယ်ပွဲတော်ကို အတူကျင်းပဖို့ သဘောတူခဲ့ကြသည်။ အဲဒီအချိန်တုန်းက သူတို့နှစ်ယောက်ကအတူတူ ချက်ပြုတ်ဖို့ စီစဉ်ထားကြပြီး မီနူးတစ်ခုတောင်ရခဲ့သည်။
သေချာပေါက်ကို ဖေးခွမ်က စားဖိုမှူးဖြစ်ပြီး စုန့်အာ့နန်ကတော့ ဟင်းသီးဟင်းရွက်ဆေးတာ လှီးတာလုပ်မည်ဖြစ်သည်။
"ဒါမှမဟုတ် ကျွန်မကို စူပါမားကတ်အဝင်ပေါက်မှာ ချပေးလို့ရတယ်၊ ကျွန်မ သွားဝယ်လိုက်မယ်"
ဖေးခွမ်က ပြုံးလိုက်ပြီး "ဝယ်ပြီးပြီ၊ လျှိုဟောက် ဒီမနက်စောစော စူပါမားကတ်ကို သွားလိုက်တယ်"
စုန့်အာ့နန် - "အားလပ်ရက်မှာ သူ အိမ်မပြန်ဘူးလား?"
ဖေးခွမ် - "သူ့မိသားစုက ဒီကဒေသခံလေ၊ ဒီမနက် အစားအသောက်တွေ ဝယ်ပြီးသွားတော့ သူ ပြန်သွားပြီး"
စုန့်အာ့နန်က "အိုး" လို့ဆိုလိုက်ပြီး "ဒါကတော်တော်ကောင်းတာပဲ"
နှစ်ယောက်သား လမ်းတစ်လျှောက် ပုံမှန်အတိုင်း စကားစမြည်ပြောကြသည်။
အိမ်ထဲဝင်လာတော့ ဖေးခွမ်က ပစ္စည်းတွေကို ဧည့်ခန်းထဲမှာ ထားလိုက်သည်။ စုန့်အာ့နန်ကတော့ မီးဖိုချောင်ဘက်ကို ဦးတည်သွားလိုက်သည်။
အံ့သြစရာကောင်းတာက ဖေးခွမ်က မီးဖိုချောင်ထဲ ပါဝင်ပစ္စည်းတွေ အားလုံးကို ပြင်ဆင်ထားပြီးသားဖြစ်ကာ သူတို့ပြန်လာပြီး တိုက်ရိုက်ချက်ပြုတ်ဖို့ကို စောင့်နေရုံပင်။
"ကျွန်မကို ဘာလို့ မစောင့်တာလဲ?" စုန့်အာ့နန်က မီးဖိုခန်းထဲကနေ ခေါင်းပြူလာပြီး ဧည့်ခန်းဘက်လှည့်မေးလိုက်သည်။
အခုတော့ သူမက လုံးဝ အသုံးမဝင်တော့ပေ။
ဖေးခွမ်ကပြုံးကာ ရှင်းပြလာသည်။ “ဒီနေ့ နေ့လည် အိမ်မှာ အားနေတယ် ဆိုတော့ စောစောစားလို့ ရအောင်လုပ်လိုက်တာ"
စုန့်အာ့နန်က ဒီအမြင်ကို မချေပနိုင်ပေမယ့် တမင်မေးလိုက်သေးသည်။ "ကျွန်မ လုပ်ပေးလို့ရတာ တစ်ခုခုရှိလား?"
“ရှိတယ်” ဖေးခွမ်က ပြောလိုက်သည်။
စုန့်အာ့နန် - "ကျွန်မဘာလုပ်ရမလဲ?"
ဖေးခွမ်က ရေခဲသေတ္တာဘေးမှာ ချိတ်ထားတဲ့ apron ကိုယူလိုက်ပြီး လှည့်လိုက်ကာ "လာ၊ ဒီဟာကို ကူဝတ်ပေး"
စုန့်အာ့နန် - "......"
သူ ဒီထက်ပိုပြီး ဝတ်ကျေတန်းကျေ မလုပ်လို့ရမလား?
ဒါကို ကူညီတယ်လို့ ထည့်တွက်လို့မရဘူးလို့ ရေရွတ်ရင်း သူ့အတွက် apron ချည်ပေးဖို့ သူမ လှမ်းဆွဲလိုက်သည်။
ဖေးခွမ်က ဟင်းချက်ရင်း အလုပ်များနေသည်။ စုန့်အာ့နန်မှာ ဘာမှလုပ်စရာမရှိတဲ့အတွက်၊ အရင်ဆုံး ဧည့်ခန်းထဲမှာ ကြောင်နဲ့သွားကစားပြီး နောက်တော့မီးဖိုချောင်ထဲပြန်ဝင်လာသည်။
ဖေးခွမ် ဟင်းချက်တိုင်း သူမက စပ်စုတတ်တဲ့ကြောင်လေးလို လာမေးတတ်သည်။ ကံကောင်းထောက်မစွာနဲ့ ဖေးခွမ်က စိတ်ရှည်သည်းခံတတ်လို့ပင်။ မဟုတ်ပါက သူမကို စိတ်အနှောက်အယှက် ဖြစ်နေလိမ့်မည်ပင်။
"ဒီဝက်သားပြုတ်က အရမ်းအရသာရှိတာပဲ" စုန့်အာ့နန်ရဲ့မျက်လုံးတွေက တောက်ပလာသည်။
ဖေးခွမ် မရယ်ဘဲ မနေနိုင်တော့ပေ။ သူက ဘေးနားရှိ တူကိုယူလိုက်ပြီး အသားတစ်ဖက် ညှပ်ယူလိုက်ကာ သူမပါးစပ်နားယူလာသည်။ "မြည်းကြည့်ပါလား?"
စုန့်အာ့နန်လည်း အလိုလို မျိုချလိုက်သည်။ သူမက ချီတုံချတုံနဲ့ "ဒါဆို အဆင်ပြေရဲ့လား"
ဖေးခွမ် - "အဆင်ပြေတယ်၊ အငန်မြည်းကြည့်ပေးဦး"
ဒီဟာက အကြောင်းပြချက်တစ်ခုသာဖြစ်ကြောင်း စုန့်အာ့နန်သိပေမယ့် ဝက်သားပြုတ်အနံ့က အရမ်းကောင်းလွန်းသည်။ ဒီအကြောင်းပြချက်ကို လက်ခံဖို့ မဆုံးဖြတ်ခင် စက္ကန့်အနည်းငယ်လောက် သူမ စဉ်းစားလိုက်သေးသည်။
ဝက်သားပြုတ်ကို စားလိုက်ပြီးစုန့်အာ့နန်က ကျေနပ်အားရစွာနဲ့ ကြောင်လေးတစ်ကောင်လို မျက်လုံးပါမှိတ်လိုက်သေးသည်။
"ဆားကတော့ အတော်ပဲ" သူမ တုံ့ပြန်ဖို့လည်းမမေ့ပါချေ။ "အရမ်းအရသာရှိတယ်!"
ဒီတစ်ခါတော့ သူမ အများကြီး စားလိုက်မိတာကြောင့်ဖြစ်မည်။ သူမရဲ့နှုတ်ခမ်းထောင့်မှာ ဟင်းအရည်နည်းနည်းပေသွားသည်။
ဖေးခွမ်က ရုတ်တရက် ငုံ့လိုက်ပြီး သူမရဲ့ ပခုံးပေါ် လက်တစ်ဖက်ကို ခပ်သာသာလေး တင်လိုက်သည်။ စုန့်အာ့နန်ရဲ့ကိုယ်မှာ တောင့်တင်းသွားပြီး နောက်ပြန်ဆုတ်ချင်သွားသည်။
"မလှုပ်နဲ့" သူက ပြောလိုက်သည်။
စုန့်အာ့နန်လည်း နေရာမှာဘဲရပ်သွားသည်။
သူတို့က အရမ်းနီးကပ်နေသည်။ သူမ အသက်ရှူသံတွေလည်း မြန်လာသည်။ "ဘ-ဘာလဲ?"
"ဘာမှမဟုတ်ပါဘူး" ဖေးခွမ်ရဲ့အသံထဲတွင် လေသံနည်းနည်းပါနေသည်။ "မင်းမျက်နှာမှာ တစ်ခုခုရှိနေလို့"
"ကျွန်မ ဘာသာလုပ်လိုက်မယ်" စုန့်အာ့နန်ရဲ့ အသံက နည်းနည်း စိတ်မသက်မသာဖြစ်နေသည်။
ဖေးခွမ်က ပြန်မေးလိုက်သည်။ "မင်း မြင်ရလို့လား?"
စုန့်အာ့နန် - "......"
တကယ်လည်း သူမ မမြင်ရချေ။
ဒါပေမယ့် သူ သူမကို ပြောပြလို့ရတယ်လေ။
စုန့်အာ့နန် မတုံ့ပြန်ရသေးခင် ဖေးခွမ်က အရင်လှုပ်ရှားလာသည်။
သူက ဘေးက တစ်ရှူးတစ်ရွက်ကို လှမ်းယူလိုက်သည်။ သူ့လက်ချောင်းတွေကြားက တစ်ရှူးဖြင့် သူမပါးစပ်ထောင့်ကို ညင်ညင်သာသာ သုတ်ပေးလာသည်။ သူမ လှုပ်တောင် မလှုပ်ရဲပေ။
သူက အကြိမ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန် သုတ်နေသည်။ ဖေးခွမ်ရဲ့လက်ချောင်းတွေက သူမနှုတ်ခမ်းကို မတော်တဆ ထိမိသွားသည်။
စုန့်အာ့နန်ရဲ့ ရင်ခုန်သံတွေ နည်းနည်းမြန်လာသည်။ သူမ ထွက်ပြေးဖို့ ကြိုးစားချင်ပေမယ့် ထူးထူးခြားခြားပုံမပေါ်စေဖို့ သူမကိုယ်ကို အတင်းပြန်ထိန်းထားရသည်။
"မပြီးသေးဘူးလား?" သူမက မေးလိုက်သည်။
ဖေးခွမ်က စုန့်အာ့နန် ကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွေက နည်းနည်း ကွေးတက်သွားသည်။ "အခုပြီးပြီ"
နောက်တော့ သူက ကိုယ်ကို ပြန်မတ်လိုက်ပြီး သူမကို သူ မလိမ်ကြောင်း သက်သေပြဖို့ တစ်ရှူးကို လှန်ပြလိုက်သည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး 'အို့' လို့ ရေရွတ်လိုက်သည်။
-
စုန့်အာ့နန် စုန့်လင်းချွမ်ဆီက ဗီဒီယိုကော လက်ခံရတဲ့အချိန်မှာ သူမက ဟင်းပွဲတွေကို စားပွဲပေါ်တင်နေတာဖြစ်သည်။
သူက ဒီအချိန်ကို သတ်မှတ်ထားဆဲဖြစ်ပြီး အားလပ်ရက်အတွက် ပြန်လို့မရပါချေ။ သူက ဆောင်းဦးလယ်ပွဲတော်ကို အဲ့ဒီနေရာမှာဘဲ ကုန်ဆုံးရသည်။
စုန့်အာ့နန် ဖေးခွမ် ကိုကြည့်ကာ "လင်းချွမ်" လို့ပြောလိုက်သည်။
ဖေးခွမ်က ပြုံးလိုက်ပြီး "သူက အချိန်ကိုက်ဖုန်း ခေါ်လာတာဘဲ"
စုန့်အာ့နန်လည်း ပြုံးလိုက်သည်။ ဟုတ်တယ်၊ အချိန်ကိုက်ပဲ။
နှစ်ယောက်သား ထမင်းစား စားပွဲမှာထိုင်လိုက်ကြသည်။ စုန့်အာ့နန်က ဗီဒီယိုကောခေါ်ဆိုမှုကို လက်ခံလိုက်တော့ စုန့်လင်းချွမ်ရဲ့ မျက်နှာက စခရင်ပေါ်တွင် ပေါ်လာသည်။
နောက်ခံကို ကြည့်ရရင် သူဟိုတယ်ခန်းထဲမှာ ရှိနေတဲ့ပုံရသည်။
"အန်တီလေး ဘယ်လိုလဲ စားပြီးသွားကြပြီလား?" စုန့်လင်းချွမ်က မေးလိုက်သည်။
စုန့်အာ့နန်က စားပွဲပေါ်ရှိ အစားအစာတွေကို ကင်မရာ ချိန်လိုက်ပြီး လှည့်ပတ်ပြလိုက်သည်။ "ချက်ပြုတ်ပြီးသွားပြီ၊ အခုစားတော့မလို့"
စုန့်လင်းချွမ် - "ဖေးခွမ်၊ မင်းတော်တော်တော်တာပဲ၊ ဒီဟင်းတွေက ပိုစားချင်စရာကောင်းလာတယ်။ မင်းရဲ့ အချက်အပြုတ်စကေးက ပိုကောင်းလာတာဘဲ!"
ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "စားလို့ကောင်းတယ်"
စုန့်လင်းချွမ် သူ့ကို မျက်လုံးပြူးပြလိုက်ပြီး "လာစမ်းပါ၊ နှိမ့်ချနေတာ ရပ်လိုက်တော့။ မင်း စိတ်ထဲမှာ ကြိတ်ဂုဏ်ယူနေတယ်ဆိုတာ ငါသိတယ်"
ဖေးခွမ်က ရယ်လိုက်ပေမယ့် သူ့ကို မငြင်းပါချေ။
"လင်းချွမ်၊ နင်ရော စားပြီးပြီလား?" စုန့်အာ့နန်က မေးလိုက်သည်။
"ငါတို့လည်း စားတော့မလို့" စုန့်လင်းချွမ်က ကင်မရာကို ချိန်ပြလိုက်သည်။ " အစားအသောက်တွေ ပြည့်နေတဲ့ ဒီစားပွဲကို ကြည့်ပါဦး၊ အကုန်လုံး အစ်ကိုကျန်း ပြင်ဆင်ထားတာ"
ကျန်းဟန်က စုန့်လင်းချွမ် သူ့ကို ပြောတာကြားတာနဲ့ ကင်မရာမြင်ကွင်းထဲ ချက်ချင်းဝင်လာကာ စုန့်အာ့နန် နှုတ်ဆက်လိုက်သည်။
"ဟယ်လို အန်တီလေး၊ ပျော်ရွှင်စရာ ပွဲတော်ပါ!"
စုန့်အာ့နန်လည်း ပြုံးကာ နှုတ်ဆက်လိုက်သည်။ "ပျော်ရွှင်စရာ ပွဲတော်လေး ဖြစ်ပါစေ"
ကျန်းဟန် အပြင်၊ စုန့်လင်းချွမ်ရဲ့ လက်ထောက်လည်း ရှိနေသည်။ သူတို့ သုံးယောက်က ပွဲတော်ကို ပျော်ရွှင်စွာနဲ့ ဆင်နွှဲနေကြသည်။
နှုတ်ဆက်စကားပြောပြီးတဲ့နောက် စုန့်အာ့နန်က ဖုန်းကို ဖုနိးထောက်တိုင်မှာ ထားလိုက်ပြီး စခရင်နှစ်ဖက်စလုံးက အုပ်စုဖွဲ့စားသောက်ပွဲကို စလိုက်သည်။
ဆောင်းဦးလယ်ပွဲတော်အတွက် ဗီဒီယိုကော ခေါ်ဆိုမှုပင်။
ခဏလောက်စားပြီးသွားတော့ ကျန်းဟန်က အကြံပြုလာသည်။ "အရာရာကို ကောင်းကောင်းမွန်မွန်ဖြစ်အောင် အတူတူ လုပ်ကြစို့!"
စခရင် နှစ်ဘက်စလုံးက လူတွေက ဝိုင်ခွက်ကို မြှောက်ထားလိုက်ကြသည်။
"ချီးယား!"
"ချီးယား!"
သူတို့အားလုံး သောက်လိုက်ကြသည်။
စုန့်လင်းချွမ်တို့ဘက်က ဝိုင်နီသောက်နေကြပေမယ့် ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ကတော့ ဖျော်ရည်သာ သောက်ကြသည်။
ဖေးခွမ် ရှေ့ကခွက်ကိုမြင်တော့ စုန့်လင်းချွမ်က ပြောလာသည်။ "ဖေးခွမ်၊ မင်းက ဖျော်ရည်ဘဲသောက်တဲ့ ကလေးလား?"
ဖေးခွမ်က မျက်လုံးတောင်လှန်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။ "အရက်သောက်တာက ကျန်းမာရေးနဲ့ မညီညွတ်ဘူး၊ မင်းလျှော့သောက်သင့်တယ်"
စုန့်လင်းချွမ် - "ငါ့ရှေ့မှာ သူတော်ကောင်းလို ဟန်ဆောင်မနေနဲ့။ ငါ မင်းကို အရင်ကတစ်ခါမှ မမြင်ဖူးတာကျလို့"
နှစ်ယောက်စလုံးက ရံဖန်ရံခါ သောက်ကြပေမယ့် ဘယ်တော့မှ အလွန်အကျွံ မသောက်ကြတဲ့အတွက် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိကြသည်။
ဖေးခွမ်ရဲ့ အမူအရာက မပြောင်းလဲပေ။ "ငါပြောင်းလဲသွားပြီ။ အခုကစပြီး လျှော့သောက်တော့မယ်"
စုန့်လင်းချွမ်က လှောင်ရယ်လိုက်ပြီး တစ်ခုခုပြောတော့မယ့်အချိန် စုန့်အာ့နန်က ရုတ်တရက် ပြောလာသည်။
"သူပြောတာ မှန်တယ်၊ အရက်အလွန်အကျွံသောက်တာက မကောင်းဘူး။ လင်းချွမ်၊ အနာဂတ်မှာ ဖေးခွမ်ဆီက သင်ယူပြီး လျှော့သောက်သင့်တယ်"
စုန့်လင်းချွမ် - "......"
သေစမ်း!
ဖေးခွမ်ဒီနေ့ တစ်ခုခုဖြစ်နေတာကို သူသိနေတယ်၊ လတ်စသတ်တော့ ဒီမှာ သူ့ကို ချောင်းမြောင်းဖို့ စောင့်နေတာပဲ။
စုန့်လင်းချွမ်က စခရင်ကနေတဆင့် ဖေးခွမ်ကို စိုက်ကြည့်လိုက်သည်။ "ဒါပေါ့ ဒါပေါ့၊ ငါလည်းအများကြီးမသောက်ပါဘူး၊ ပွဲတော်ဆင်နွဲတော့ နည်းနည်းသောက်ရုံပါ"
သူက အကြောင်းအရာ အမြန်ပြောင်းလိုက်သည်။ "စကားမစပ် အန်တီလေး၊ လမုန့်ဝယ်သေးလား?"
စုန့်အာ့နန်က ခေါင်းခါလိုက်သည်။ "ဟင့်အင်း၊ ငါ့ဆေးရုံကပေးတဲ့ ပွဲတော်လက်ဆောင်ဘူးထဲမှာ လမုန့်တွေ ရတယ်၊ စားလို့ လောက်တယ်"
စုန့်အာ့နန်ရဲ့ဆေးရုံက ပွဲတော်လက်ဆောင်တွေ ပေးတယ်လို့ကြားတော့ စုန့်လင်းချွမ်က ချက်ချင်းစိတ်ဝင်စားသွားပြီး သူမ ရသမျှ သူ့ကိုပြခိုင်းသည်။
စုန့်အာ့နန်က စိတ်ထဲမထားဘဲ ထလိုက်ပြီး ဖုန်းကိုကိုင်ကာ ပြန်မထိုင်ခင် သူ့ကိုပစ္စည်းတစ်ခုစီ ပြလိုက်သည်။
စားသောက်တာ နှစ်နာရီကျော်လောက်ကြာပြီး ဗီဒီယိုကောကိုတော့ ပြောနေတုန်းပင်။ နောက်ပိုင်းမှာ စုန့်လင်းချွမ် ဒါရိုက်တာက သူ့ကို ဖုန်းခေါ်လာလို့ အပြီးသတ်လိုက်ကြသည်။