← Chapters

အခန်း (၁၀၀)

Vol. 8 Ch. 100

အခန်း (၁၀၀)

Vol. 8 Ch. 100

ပြောရမယ်ဆို၊ အင်တာနက်သုံးစွဲသူတွေက စုန့်လင်းချွမ် ရဲ့အနာနေရာကို ဘယ်လိုထိုးရမယ်ဆိုတာ သေချာသိသည်။ ပစ်ချက်တိုင်းက ပြီးပြည့်စုံတဲ့ ရည်ရွယ်ချက်ဖြစ်သည်။

မျှော်လင့်ထားသလိုပဲ၊ စုန့်လင်းချွမ်က အရာအားလုံးကို မြင်လိုက်တာနဲ့ ချက်ချင်း ပေါက်ကွဲသွားသည်။

စုန့်အာ့နန် ညဆိုင်းကနေ ဆင်းကာ သူမရဲ့ အဆောင်ကို ပြန်အိပ်မယ့်အချိန်မှာ ဖြစ်သွားခဲ့သည်။ သူမ ရေချိုးပြီးလို့ အိပ်ရာဝင်ခါနီးမှာ စုန့်လင်းချွမ်က ဖုန်းဆက်လာသည်။

"အန်တီလေး၊ ဖေးခွမ်ကို မင်းရဲ့ကျောင်းဆီ ဘယ်လိုလုပ်ခေါ်သွားတာလဲ?" စုန့်လင်းချွမ်က မကျေမနပ် ညည်းညူလိုက်သည်။

စုန့်အာ့နန်က ဒီအဖြစ်အပျက်ကို မသိတာကြောင့် နားမလည်စွာနဲ့နဲ့ “အာ” လို့ ဆိုလိုက်ပြီး မေးလိုက်သည်။ “နင်ဘယ်တုန်းကကို ပြောတာလဲ?"

ဒါကိုကြားတော့ စုန့်လင်းချွမ်က ပိုပြီး‌တော့တောင် စိတ်ဆိုးသွားသည်။ "ဒါဆို တစ်ကြိမ်ထက်မက ခေါ်သွားဖူးတာပေါ့လေ?!"

စုန့်အာ့နန် - "အရင်တစ်ခေါက် ငါတို့ကျောင်းနားမှာ သူတို့ရှိုးလာရိုက်တယ်မဟုတ်ဘူး‌လား? အဲ့ဒါနဲ့ နည်းနည်းလိုက်ပတ်ပြလိုက်တာ"

စုန့်လင်းချွမ် ကျွဲမြီးတိုသွားသည်။ "Weibo မှာသာ မတွေ့ခဲ့ရင် ငါတောင် သိမှာ မဟုတ်ဘူး!"

စုန့်အာ့နန် မျက်မှောင်ကြုတ်လိုက်သည်။ Weibo?

စုန့်လင်းချွမ်က ဆက်ပြီးအပြစ်တင်သည်။ "နင် ဖေးခွမ်ကိုစကူတာပေါ် တင်မောင်းပေမယ့် ငါ့ကိုကျတစ်ခါမှ မတင်မောင်းဖူးဘူး! နင်တို့ ကန်တင်းက နို့လက်ဖက်ရည်တောင် မဝယ်တိုက်ဖူးဘူး!"

အခု‌တော့ စုန့်အာ့နန်တစ်ယောက် ဆောင်းဦးလယ်ပွဲတော်ညက ဓါတ်ပုံတွေကို တွေ့လိုက်ရသည်။ "နင်မှအနားမှာမရှိဘဲ၊ နောက်တစ်ခေါက်ကျ နင့်ကိုခေါ်မယ်"

မျှော်လင့်ထားတဲ့အတိုင်း၊ စုန့်လင်းချွမ်က အရှက်မဲ့စွာနဲ့ တောင်းဆိုမှုတွေ ထပ်လုပ်သည်။ "နင်တို့ ကန်တင်းက နို့လက်ဖက်ရည်လည်း သောက်ချင်တယ်"

စုန့်အာ့နန်က ကိစ္စတွေကို ချောချောမွေ့မွေ့ ‌ဖြစ်အောင် နာနာခံခံနဲ့ လိုက်လျောပေးသည်။ "ကိစ္စမရှိဘူး၊ နို့လက်ဖက်ရည်ရော စျေးအကြီးဆုံးဟင်းတွေလည်း ဝယ်ကျွေးမယ်"

နှစ်ယောက်သားရဲ့ ငယ်ငယ်ကတည်းက ဒီလိုဆက်ဆံမှုမျိုးက ပုံမှန်ပင်။ သူက တကယ်စိတ်ဆိုးတာမဟုတ်ပေ။

ငယ်ငယ်တုန်းက သူ့အမေက စုန့်အာ့နန်အကြိုက်ဘဲလိုက်တယ်လို့ စုန့်လင်းချွမ် မနာလိုဖြစ်စွာနဲ့ စွပ်စွဲခဲ့ဖူးသည်။ အခု‌တော့ ပစ်မှတ်က ဖေးခွမ်အဖြစ်ပြောင်းလဲသွားပေမယ့် အဓိကအချက်က‌တော့ ဘယ်သောအခါမှ မပြောင်းလဲပါချေ။

သူ့အန်တီလေးရဲ့မျက်နှာသာရဖို့ ပြိုင်ဆိုင်ရတာက ဒီတူလေးအတွက် နေ့စဉ်အလုပ်တစ်ခုပဲ။

အောင်အောင်မြင်မြင်နဲ့ ကျေအေးလိုက်ရတော့ စုန့်လင်းချွမ်က ပျော်ပျော်ရွှင်ရွှင်နဲ့ Weibo တွင် ကြွားလုံးထုတ်တော့သည်။

@စုန့်လင်းချွမ် - [ရိုက်ကူးရေးပြီးတဲ့အခါကျရင် B တက္ကသိုလ်က ကန်တင်းမှာသွားစားမယ်။ အန်တီလေး ငါ့ကို ဈေးအကြီးဆုံး ဟင်းဝယ်ကျွေးမယ်လို့လည်း ပြောတယ်၊ * လက်မထောင်အီမိုဂျီ*]

အင်တာနက်သုံးစွဲသူများ - စုန့်လင်းချွမ် နင်က အရမ်းကလေးဆန်တာဘဲ၊ နင့်ဖန်တွေရော ဒါကိုသိလား?

ဖန်များ - ငါတို့က ရိုးနေပြီ!!

ဆောင်းဦးလယ်ပွဲတော်အပြီး သိပ်မကြာခင်မှာပဲ အမျိုးသားနေ့ ရောက်လာသည်။

စုန့်အာ့နန်က မတူညီသည့်ဌာနများမှတဆင့် စတင်လည်ပတ်ခဲ့ရပြီး မကြာသေးမီကမှ လီစစ်ရွှေ့နှင့်အတူ တာဝန်ပေးခံခဲ့ရတာကြောင့် နှစ်ယောက်စလုံးဝမ်းသာနေကြသည်။

သူတို့ရဲ့ကြီးကြပ်ရေးမှူးက အလုပ်သင်တွေကို အမျိုးသားနေ့အားလပ်ရက်အတွက် သုံးရက်တာ ပိတ်ရက်ပေးခဲ့သည့်အတွက် အားလုံးက ပီတိဖြစ်နေကြသည်။

အဆောင်ထဲတွင် လီစစ်ရွှေ့က သူမရဲ့ ခရီးဆောင်အိတ်ကို ကြမ်းပြင်ပေါ်မှာ ဖွင့်ထားသည်။ သူမရဲ့ မိသားစုက မြို့ပြင်မှာ နေထိုင်တဲ့အတွက် အိမ်ပြန်ဖို့ ထုပ်ပိုးနေတာဖြစ်သည်။ ပိတ်ရက်ရှည်ကို အခွင့်ကောင်းယူပြီး အလည်အပတ်သွားဖို့လည်း စီစဉ်ထားသည်။

စုန့်အာ့နန်က သူမကို ကူပြီးထုပ်ပိုးပေးသည်။ စုန့်လင်းချွမ်ကခည်း အဝေးမှာ ရိုက်ကူးရေးလုပ်နေပြီး သူ့မိဘတွေကလည်း အလုပ်နဲ့ မြို့ပြင်ရောက်နေတာကြောင့် စုန့်အာ့နန်ဒီတစ်ခေါက်တော့ မပြန်တော့ပေ။

"နင့်ရဲ့မနက်ဖြန်လေယာဉ်က အရမ်းစောတယ်နော်၊ ဒီည စောစောပြန်လာခဲ့ ဟုတ်ပြီလား?" လီစစ်ရွှေ့က ပြောလိုက်သည်။

စုန့်အာ့နန်က နောက်တစ်နေ့နံနက် ၅ နာရီလေယာဉ်လက်မှတ်ကို ဝယ်ထားပေမယ့် သူမရဲ့ဌာနမှ ဒေါက်တာချန်းက ဒီညနေတွင် မွေးနေ့ပါတီ ကျင်းပမည်ဖြစ်သည်။ ဒေါက်တာချန်းက လူတိုင်းကို အပြင်ထွက်ပျော်ဖို့ ဖိတ်ထားပြီး ဘယ်လောက် နောက်ကျမလဲဆိုတာကို‌တော့ မပြောခဲ့ပါချေ။

"စိတ်မပူပါနဲ့ ငါဒီ ည မအိပ်လို့ လေယာဉ်မီမှာပါ" စုန့်အာ့နန်က သူမလက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

သူမတွင် ခရီးဆောင်အိတ် များများစားစား မပါတာကြောင့် မိနစ်အနည်းငယ်လောက်နဲ့ ထုပ်ပိုးလို့ပြီးသွားသည်။

နောက်တော့ သူမက သူမရဲ့ခရီးဆောင်အိတ်ကို ဘေးဘက်တွန်းလိုက်ပြီး လီစစ်ရွှေ့ ဘေးမှာထိုင်ဖို့ ကုလားထိုင်ကိုဆွဲလိုက်သည်။

လီစစ်ရွှေ့မျက်နှာပေါ်မှာ‌တော့ အတင်းအဖျင်း ပြောချင်တဲ့အကြည့်တွေ ရှိနေသည်။

"ဘာလုပ်နေတာလဲ?" စုန့်အာ့နန်က နည်းနည်းနားမလည်ဖြစ်သွားသည်။

လီစစ်ရွှေ့က နှစ်ကြိမ်လောက် တခစ်ခစ်ရယ်လိုက်သည်။ "ပြီးခဲ့တဲ့နှစ်ရက်လောက်က ငါတို့အရမ်းအလုပ်များနေလို့ နင့်ကိုမေးဖို့ အခွင့်အရေးမရခဲ့ဘူး - နင် ဖေးခွမ်ကို ငါတို့ကျောင်းကိုခေါ်လာတာလား?"

စုန့်အာ့နန် - "ဟုတ်တယ်၊ ဆောင်းဦးလယ်ပွဲ‌တော်တုန်းက‌လေ။ ငါတို့ အတူတူ ကျင်းပတယ်၊ ညစာစားပြီးတော့ ကျောင်းကိုလိုက်ပတ်တယ်လေ"

အဲ့ဒီနေ့တွင်၊ စုန့်အာ့နန်က လီစစ်ရွှေ့ကို ကျင်းပဖို့ခေါ်ချင်ခဲ့ပေမယ့် သူမက ဌာနတွင်းရှိ အခြားဒေသခံအလုပ်သင်တွေနဲ့ အချိန်လဲခဲ့တာဖြစ်သည်။

လီစစ်ရွှေ့က တစ်ခုခုကိုမေးဖို့ ပါးစပ်ဟလိုက်ပေမယ့် ဘာမှပြန်မပြောဘဲ စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းသွားသည်။

သူမက သူမရဲ့ idol နဲ့တွေ့ချင်တယ်လို့ စုန့်အာ့နန်ထင်သွားပြီး ပြောလိုက်သည်။ "နင် ဖေးခွမ် ကိုတွေ့ချင်ရင် ငါစီစဉ်ပေးမယ်" ဥပမာအားဖြင့်၊ ဖေးခွမ်က သူမတို့ကျောင်းဆီ နောက်တစ်ခေါက်ထပ်ရောက်လာရင် လီစစ်ရွှေ့ကို သူမ ဖုန်းခေါ်ပေးလို့ရသည်။

လီစစ်ရွှေ့က သူမလက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်ပြီး "မလိုပါဘူး။ ပရိသတ်တစ်ယောက်အနေနဲ့၊ ငါ idol ရဲ့ဘဝနဲ့ ခပ်ခွာခွာနေသင့်တယ်။ အဲဒါက နာမည်ကြီးတွေနောက်ကို လိုက်တဲ့ ငါ့ရဲ့လောဂျစ်ပဲ"

နောက်တော့ သူမက စုန့်အာ့နန်ရဲ့ပခုံးကို ပုတ်လိုက်ပြီး ပြောလာသည်။ "အာ့နန်၊ ငါ ဖေးခွမ်ကို နင့်ဆီ ထားခဲ့မယ်။ နင်သူ့ကို ကောင်းကောင်း ဆက်ဆံရမယ်နော်!"

စုန့်အာ့နန် - "..."

အဲဒီအသံက အရမ်းကိုးရိုးကားယားနိုင်တာပဲ။

"အိုး၊ ငါတစ်ခုသတိရပြီ" လီစစ်ရွှေ့က ရုတ်တရက် တစ်ခုခုကို တွေးနေပုံရပြီး စုန့်အာ့နန်ကို လှည့်ကြည့်လိုက်သည်။ "ကျန်းဖန်လည်း ဒီညသွားလိမ့်မယ်သိလား?"

စုန့်အာ့နန် အံ့အားသင့်သွားသည်။ "သူလည်း သွားမှာလား?"

လီစစ်ရွှေ့ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ သူက ဒေါက်တာချန်းနဲ့ တော်တော်ရင်းနှီးတယ်လို့ ငါကြားတယ်ပြီးတော့ သူ ဒီည ဂျူတီမရှိဘူး၊ ဒါကြောင့် မမျှော်လင့်ထားတာတွေ မဖြစ်လာရင် သူလည်းသွားလိမ့်မယ်"

သူတို့ရဲ့ ဆေးကျောင်းက သေးငယ်သည့် နယ်ပယ်ဖြစ်ပြီး၊ သူတို့၏ ဆေးရုံမှ ဆရာဝန် အများအပြားဟာလည်း ကျောင်းသားဟောင်းများ ဖြစ်တာကြောင့် လူတိုင်း တစ်ယောက်နဲ့တစ်ယောက် သိနေကြသည်မှာ ပုံမှန်ဖြစ်သည်။

"ငါ့အမြင်အရတော့ နင် သူ့ကို ရှောင်မနေသင့်ဘူး။ ငါတို့အားလုံးက အနာဂါတ်မှာ ဆေးရုံတစ်ခုထဲမှာပဲ ရှိနေကြမှာလေ၊ နင် သူ့ကို တစ်သက်လုံး ရှောင်နေလို့ရမှာ မဟုတ်ဘူး"

ကျန်းဖန် သူမကို ဖွင့်ပြောတဲ့ညတုန်းက လီစစ်ရွှေ့က သူမကို ရှာမတွေ့လို့ ဖုန်းဆက်လာတာကြောင့် အဲ့ဒီအကြောင်းကို သူမ သိလိုက်ရသည်။

စုန့်အာ့နန်က မျက်လွှာချလိုက်ပြီး "ငါ သူ့ကို ရှောင်နေတာမဟုတ်ပါဘူး၊ ငါ သူ့ကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ မသိလို့"

ကျန်းဖန် သူမကို ဖွင့်ပြောပြီးကတည်းက သူမ သူ့ကို ရည်ရွယ်ချက်ရှိရှိ ရှောင်နေခဲ့တာဖြစ်သည်။ သူ့အပေါ် ဘယ်လိုသဘောထားရမှန်း သူမ တကယ်မသိပါချေ။

နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာပြီးမှ အေးစက်သွားတာက မသင့်လျော်ဘူးလို့ ထင်ရပေမယ့် အရမ်းနီးကပ်နေပြန်ရင်လည်း နားလည်မှုလွဲသွားမှာကို သူမကြောက်သည်။

အဲ့ဒါက တကယ် ခေါင်းကိုက်စရာပင်။

"ဘယ်လိုရင်ဆိုင်ရမှန်းကို မသိတာ ဘာရှိလို့လဲ? သူက ဖွင့်ပြောလာတယ်၊ နက်က သူ့ကို ငြင်းခဲ့တယ်၊ နင်လုပ်သင့်လုပ်ထိုက်တဲ့ အတိုင်းပဲ လုပ်လိုက်တာလေ။ ဘာကိစ္စကြီးမို့လို့လဲ?" လီစစ်ရွှေ့က ပြောသည်။

စုန့်အာ့နန်လည်း သက်ပြင်းချလိုက်ပြီး "နင် နားမလည်ပါဘူး"

ဒီကောင်မလေးက ကြင်နာလွန်းတာကြောင့်လို့ လီစစ်ရွှေ့သူမဘာသာသူမ တွေးလိုက်သည်။

ည ၇ နာရီခန့်တွင် စုန့်အာ့နန်နဲ့ လီစစ်ရွှေ့တို့ ကျောင်းအနီးရှိ ဘားတစ်ခုဆီ ရောက်လာသည်။

တက္ကသိုလ်တစ်ဝိုက်တွင် ဘားအများအပြားရှိပြီး အများစုမှာ အနီးနားရှိကျောင်းများမှ ကျောင်းသားများက ကျွေးမွေးဧည့်ခံရာတွင် အသုံးပြုကြသည်။ စျေးနှုန်းတွေက အရမ်းမကြီးသလို ပတ်ဝန်းကျင်ကလည်း သင့်တော်သည်။ သူတို့ရဲ့ ဆေးရုံကလူတွေက ဒီနေရာလေးမှာ စုဝေးပွဲလေးတွေလုပ်ဖို့ ရွေးချယ်လေ့ရှိသည်။

စုန့်အာ့နန်လည်း သူမ အခန်းဖော်တွေနဲ့အတူ အကြိမ်အနည်းငယ်လောက် ရောက်ဖူးသည်။

သူတို့ရောက်လာတော့ လူတချို့က ထိုင်နေကြပြီး သူတို့နဲ့ ရင်းနှီးတဲ့ ဆေးရုံက လူတွေအများအပြားပင်။

သူတို့နှစ်ယောက်ကို စီနီယာအစ်မနှစ်ယောက်ဘေးတွင် စီစဉ်ပေးထားပြီး သူတို့က တိတ်တဆိတ် စကားစမြည်ပြောဆိုနေကြသည်။

ဒီလိုမျိုး အခြေအနေမျိုးမှာ စုန့်အာ့နန်က အမြဲတမ်း တိတ်ဆိတ် နေတတ်ပေမယ့် ကံကောင်းထောက်မစွာပဲ လီစစ်ရွှေ့ က စကားပြောတတ်တဲ့သူပင်။ သူများတွေဘာကိုပြောနေပါစေ၊ စာကြောင်းအနည်းငယ်လောက်နဲ့ သူမ ဝင်ပြောနိုင်သည်။ စုန့်အာ့နန်ကတော့ သူမကိုယ်တိုင် မလုပ်နိုင်တာကြောင့် တစ်ခါတစ်ရံတွင် သူမရဲ့လူမှုရေးစွမ်းရည်ကို မနာလိုဖြစ်မိသည်။

စုန့်အာ့နန်လည်း နည်းနည်းပျင်းလာတဲ့အတွက် စားပွဲပေါ်က အချိုရည်ကိုယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ဒါကို သူမဘေးမှာ ထိုင်နေတဲ့ စီနီယာအစ်မတစ်ယောက်က သတိထားမိသွားသည်။

"အိုး အာ့နန်၊ မင်းဘာလို့ ဘားမှာ အချိုရည်တွေ သောက်နေတာလဲ? ဒီကော့တေးကို စမ်းသောက်ကြည့်ကြည့်။ အစ်မ စမ်းသောက်ကြည့်တာ အရသာ တော်တော်ကောင်းတယ်"

စုန့်အာ့နန်က တုံ့ဆိုင်းသွားပြီး "အယ်လ်ကိုဟောပါဝင်မှု မြင့်လားဟင်?'

စီနီယာ အစ်မက ရယ်လိုက်ပြီး "မမြင့်ဘူး။ မြည်းကြည့်ကြည့်၊ အစ်မတောင် အများကြီး သောက်ပြီးသွားပြီ၊ အခုထိ အဆင်ပြေနေတုန်းပဲ"

စုန့်အာ့နန်က ချီတုံချတုံ ဖြစ်နေသေးသည်။

သူမရဲ့ အရက်ခံနိုင်ရည်အားက နည်းသလို သူမ မူးမှာလည်းကြောက်သည်။

ဒါပေမယ့် စီနီယာအစ်မက စိတ်အားထက်သန်စွာနဲ့ စုန့်အာ့နန်လက်ထဲ ခွက်ကို တိုက်ရိုက်ထည့်ပေးလိုက်သည်။ အခုချိန်မှာ ငြင်းလိုက်ရင် နည်းနည်း အဆင်ပြေလိမ့်မည်မဟုတ်ပေ။

လီစစ်ရွှေ့လည်း သူမစိုးရိမ်နေတာကို သိသည်။ ဟိုတုန်းက သူတို့အခန်းဖော်‌တွေနဲ့ အတူတူ ဒီကိုလာတုန်းက စုန့်အာ့နန်က သူမရဲ့အရက်ခံနိုင်ရည်အားက နည်းလို့ အချိုရည်ဘဲသောက်မှာဖြစ်ကြောင်း ပြောဖူးသည်။

"လျှော့သောက်။ တကယ် မသောက်နိုင်ရင်တောင် တစ်ငုံလောက် မြည်းကြည့်ပေးလိုက်" သူမက စုန့်အာ့နန်ကို တိုးတိုးလေး ပြောလိုက်သည်။

စုန့်အာ့နန်လည်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်ပြီး နည်းနည်းသောက်လိုက်သည်။

ကော့တေးက သိပ်မပြင်းပါချေ၊ သူ့ရဲ့အရသာမှာ အချိုဓာတ်လေးလည်းပါပြီး အရက်ပါဝင်မှုနှုန်း မြင့်သည့်ပုံမပေါ်ချေ။

ဒီလို ခွက်သေးသေးလေးက တစ်ယောက်ယောက်ကို မူးသွားအောင် မလုပ်နိုင်လောက်ပေ။

စုန့်အာ့နန်လည်း မဖြုန်းတီးချင်တာကြောင့် တစ်ခွက်လုံးကုန်အောင် သောက်လိုက်သည်။

လမ်းတစ်ဝက်မှာ လီစစ်ရွှေ့က သူမကို တစ်ချက်ကြည့်လိုက်ပေမယ့် ဘာမှထူးထူးခြားခြားဖြစ်တာ မတွေ့တော့ သူမလည်း အာရုံမစိုက်တော့ပေ။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ စုန့်အာ့နန်တစ်ယောက် ရုတ်တရက် မူးလာပြီး သူမရဲ့မျက်နှာကလည်း နီမြန်းလာသည်။

သူမရဲ့အရင်ကအတွေ့အကြုံကို အခြေခံရရင် ဒီဟာက သူမ မူးနေပြီလို့ ဆိုလိုတာပင်။

စုန့်အာ့နန်က လီစစ်ရွှေ့ရဲ့အင်္ကျီကို နည်းနည်းဆွဲလိုက်ပြီး ပြောလိုက်သည်။ "စစ်ရွှေ့ ငါမူးနေပြီထင်တယ်"

ပထမတော့ လီစစ်ရွှေ့က သူမ စ နေတာလို့ ထင်ခဲ့ပေမယ့် ရီဝေနေတဲ့ သူမရဲ့ မျက်လုံးတွေကို မြင်ပြီး သူမ အံ့ဩသွားသည်။

သူမ တကယ်မူးနေတာလား?

နောက်တစ်စက္ကန့်မှာဘဲ စုန့်အာ့နန်တစ်ယောက် ဘားကောင်တာပေါ် တည့်တည့်ကျသွားပြီး မျက်လုံးတွေမှိတ်သွားသည်။

လီစစ်ရွှေ့မှာ ရယ်ရမလား ငိုရမလား မသိတော့ပေ။ စုန့်အာ့နန်ကို လွယ်လွယ်နဲ့ မူးလိမ့်မယ်လို့ သူမ တကယ်မမျှော်လင့်ထားခဲ့ပါချေ။

အခုအချိန်မှာ ပတ်ဝန်းကျင်က လူတွေလည်း အခြေအနေကို သတိထားမိသွားသည်။ ဖြစ်ပျက်ခဲ့တာတွေကို သိလိုက်ရတော့ အားလုံး အံ့သြသွားကြသည်။ ဒီလိုအရက်ခံနိုင်ရည်နိမ့်တဲ့ လူကို သူတို့အရင်က တစ်ခါမှမမြင်ဖူးဘူး။

အထူးသဖြင့် အစောပိုင်းက စီနီယာအစ်မက နောင်တတွေအပြည့်နဲ့ တောင်းပန်လာသည်။

လီစစ်ရွှေ့က စုန့်အာ့နန်ရဲ့အနေအထားကိုကူပြီး ချိန်ညှိပေးကာ စုန့်အာ့နန်ကို သူမပခုံးပေါ် မှီထားစေပြီး သူမကို ပြန်မခေါ်သွားခင် နည်းနည်း အမူးပြေစေဖို့ စီစဉ်လိုက်သည်။

ဒီလို မူးနေတော့ ဆက်နေဖို့ ဘာအကြောင်းမှ မရှိတော့ပေ။

အားလုံးက အကူအညီလိုလား လာမေးကြသည်။ လီစစ်ရွှေ့က သူတို့ကို အလျင်အမြန် လက်ပြလိုက်ပေမယ့် သူမ စိတ်ထဲမှာ‌တော့ အရမ်းစိုးရိမ်နေသည်။

ဒီနေ့ လာကြတဲ့သူတွေထဲမှာ အားလုံးက တစ်ယောက်နဲ့တစ်ယောက် သိကြပေမယ့် ရင်းရင်းနှီးနှီးရှိတဲ့သူတွေ သိပ်မရှိပေ။ စုန့်အာ့နန်ကို သူတို့ထဲက တစ်ယောက်ယောက်နဲ့ သူမ မထားခဲ့ချင်ပါချေ။

ဒါပေမယ့် မနက်ဖန် မနက် ၅ နာရီမှာ သူမရဲ့လေယာဉ်ထွက်မှာကြောင့် မနက် ၃ နာရီ မတိုင်ခင် ကျောင်းကနေ ထွက်လာရမည်ဖြစ်သည်။ အရက်မူးနေတဲ့သူကို အဆောင်ထဲမှာ တစ်ယောက်တည်းထားခဲ့ဖို့ကလည်း မဖြစ်နိုင်ပါချေ။

အဓိကပြဿနာကတော့ စုန့်အာ့နန် အရက်မူးလာရင် ဘယ်လိုပုံစံလဲဆိုတာ သူမ မသိတာကြောင့် တစ်ယောက်တည်းထားခဲ့တာက အန္တရာယ်များသည်။

အိုးဟုတ်သား သူမလေယာဉ်လက်မှတ်ကို အချိန်ပြောင်းလို့ရမလားဆိုတာကြည့်ရမည်။ ဘွတ်ကင်လုပ်တဲ့ အက်ပ်ကိုသုံးပြီး သူမ ကြည့်ကြည့်လိုက်‌တော့ လေယာဉ်ခရီးစဉ်အားလုံးက ပြည့်နေပြီဖြစ်သည်။

အခု ဘာလုပ်ရမှာလဲ?

လီစစ်ရွှေ့ လုံးဝ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့အချိန် စုန့်အာ့နန်ဖုန်းက ရုတ်တရက်မြည်လာခဲ့သည်။ သူမ ယူလိုက်ပြီးကြည့်လိုက်တော့ ပေါ်လာတဲ့ ID က - ဖေးခွမ်!!

All Chapters