← Chapters

အခန်း (၁၀၂)

Vol. 8 Ch. 102

အခန်း (၁၀၂)

Vol. 8 Ch. 102

ဖေးခွမ် တစ်ကိုယ်လုံး နေရာမှာဘဲ အေးခဲသွားပြီး ကြွက်သားတွေကိုတောင် မလှုပ်ရဲတော့ပေ။

နှစ်ယောက်သားရဲ့ နှာခေါင်းတွေ ထိသွားပြီး သူတို့နှုတ်ခမ်းတွေက ခပ်တင်းတင်း ဖိမိသွားသည်။

အဲ့ဒီအချိန် ဖေးခွမ်ရဲ့မသိစိတ်ကနေ စုန့်အာ့နန် နိုးလာတော့မယ်လို့ ထင်လိုက်ပေမယ့် မထင်မှတ်ထားစွာနဲ့ သူမက နိုးလာမယ့် အရိပ်အယောင်တောင်မရှိဘဲ မျက်လုံးတွေ တစ်ချိန်လုံးမှိတ်နေသည်။

အခု ဒီအခြေအနေမှာ စုန့်အာ့နန်က အလေးချိန်မရှိတဲ့ ခံစားချက်ကို ရပ်ဖို့ မသိစိတ်ကနေ သူ့လည်ပင်းကို သိုင်းဖက်လိုက်သည်။

သူမရဲ့ နှုတ်ခမ်းပေါ်မှ နွေးထွေးမှုမှာ မတော်တဆမှုသက်သက်သာဖြစ်သည်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် ရှိနေတဲ့အတွက် သူမရဲ့လက်တွေက သူ့လည်ပင်းကို ရုတ်တရက် သိုင်းဖက်လာတော့ သူတို့ နှုတ်ခမ်းတွေက မတော်တဆ...

ခဏတာ ထိတ်လန့်သွားပြီးတဲ့နောက် ဖေးခွမ် သတိပြန်ဝင်လာသည်။ ထိလွယ်ခိုက်လွယ်တဲ့ အခြေအနေမှာရှိတဲ့ လူတစ်ယောက်ကို အခွင့်ကောင်းယူတာက လုံးဝလက်မခံနိုင်စရာပင်။

သူမရဲ့ အရမ်းနူးညံ့လှနဲ့ နှုတ်ခမ်းရဲ့အထိအတွေ့က အရမ်းစွဲမက်ဖွယ်ကောင်းပေမယ့် စုန့်အာ့နန်ကို ထိပါးမည်မှာ စိုးတာကြောင့် ပြင်းပြနေတဲ့ သူ့ဆန္ဒကို တင်းခံလိုက်သည်။

သို့ပေမယ့် ဖေးခွမ် ဖြည်းဖြည်းချင်း ဆုတ်ခါနီးတွင် စုန့်အာ့နန်က ရုတ်တရက် လှုပ်ရှားလာသည်။

သူမက လျှာကို ထုတ်လိုက်ပြီး သူမရဲ့နှုတ်ခမ်းကို သပ်လိုက်သည်။

ဖေးခွမ်ရဲ့စိတ်ထဲတွင် တစ်စုံတစ်ခုက ပေါက်ကွဲသွားသလိုမျိုး ပေါက်ကွဲထွက်သွားပြီး အပူလှိုင်းက သူ့ခေါင်းဆီ တည့်တည့်တိုးဝင်လာသည်။

သူက တစ်စုံတစ်ခုကြောင့် အထိုးခံလိုက်ရသလိုမျိုး ထိတ်လန့်ကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။

သို့ပေမယ့် ဖေးခွမ် အလျင်အမြန် လွှတ်လိုက်တာကြောင့် စုန့်အာ့နန်ရဲ့ ‌ခေါင်းက ခေါင်းအုံးပေါ်ချက်ချင်းပြုတ်ကျသွားသည်။

သူမက မျက်လုံးတွေကို မှိတ်ထားရင်း မကျေမနပ်နဲ့ “ဟမ်း ဟမ်း” လို့အသံထွက်လာပြီး နောက်ပြန်လှည့်ကာ ဆက်အိပ်သွားသည်။

ဖေးခွမ် - "..."

နှစ်ယောက်သားက ဒီအတိုင်းဘဲ ရှိနေပြီး တစ်ယောက်က ကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကာ နောက်တစ်ယောက်ကတော့ ကုတင်ဘေးတွင် ငေးငေးငိုင်ငိုင်နှင့် မတ်တပ်ရပ်နေသည်။

တိတ်ဆိတ်နေသည့် အခန်းထဲ အချိန်တွေက ရပ်တန့်သွားတဲ့ပုံပင်။

မိနစ်ဝက်ခန့်အကြာတွင် ဖေးခွမ် နောက်ဆုံးတော့ သတိပြန်ဝင်လာသည်။

သူ့လက်ကို မြှောက်လိုက်ပြီး သူ့အောက်နှုတ်ခမ်းကို ထိလိုက်ကာ ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် တရားခံကို ကြည့်ကာ မနေနိုင်ဘဲ ရှံ့မဲ့မဲ့နဲ့ ပြုံးလိုက်သည်။

ဒီဟာ...

ဘယ်သူက ဘယ်သူ့ကို အခွင့်ကောင်းယူလိုက်တာလဲ?

-

နောက်တစ်နေ့ စုန့်အာ့နန် နိုးလာတဲ့အခါ လင်းထိန်နေပြီဖြစ်သည်။

သူမ ဘယ်ကိုရောက်နေလဲဆိုတာ အတည်မပြုရသေးခင် ကုတင်ပေါ်မှာ ဗလာကျင်းစွာနဲ့ထိုင်နေမိသည်။

ဒါက ဖေးခွမ်ရဲ့ အိပ်ခန်းပဲ၊ ဒီ‌တော့ သူမ ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ?

စုန့်အာ့နန်က သူမကိုယ်သူမ ပိုနိုးကြားလာအောင် ကြိုးစားရင်း ခေါင်းကို ညင်သာစွာ ခေါက်လိုက်သည်။

သူမရဲ့ အရက်ခံနိုင်စွမ်းက ညံ့ဖျင်းရုံသာမက အရက်မူးချိန်တွင် ဖြစ်ပျက်ခဲ့သည့် မှတ်ဉာဏ်ဟာလည်း ချို့ယွင်းသွားတဲ့အတွက် မနေ့ညက သူမရဲ့နောက်ဆုံးမှတ်ဉာဏ်က ဘားမှာ ရပ်သွားသည်။

အဲ့ဒီတုန်းက သူမ မူးနေမှန်းသိသလို သူမ အိပ်မပျော်ခင်တွင် လီစစ်ရွှေ့ကို ခေါ်လိုက်သေးသည်။

စုန့်အာ့နန် ကုတင်ဘေးက ဗီရိုရှိ ဖုန်းကို သတိထားမိလိုက်ပြီး ချက်ချင်း ကောက်ကိုင်လိုက်သည်။

ဖြစ်ပျက်ခဲ့တာတွေကို မေးဖို့ လီစစ်ရွှေ့ကို အရင်ဖုန်းဆက်ရမည်။

စုန့်အာ့နန် ဖုန်းခေါ်တဲ့အချိန်က လီစစ်ရွှေ့တစ်ယောက်လေယာဉ်ပေါ်ကနေ ဆင်းလာပြီဖြစ်သည်။ အချိန်အတော်ကြာ စကားစမြည် ပြောပြီးတဲ့နောက်မှာ သူမဇာတ်လမ်းတစ်ခုလုံးကို နားလည်သွားသည်။

"အာ့နန်၊ အခုနေလို့ကောင်းရဲ့လား? မနေ့က ငါ လေယာဉ်ချိန်ကို တကယ်ပြောင်းလို့ မရတော့လို့၊ ဖေးခွမ်ကလည်း ဖုန်းဆက်လာတော့..." လီစစ်ရွှေ့က ပြောလိုက်သည်။

ဘာပဲဖြစ်ဖြစ်၊ အဲဒီလူက အရမ်းအားကိုးရတဲ့သူဆိုရင်တောင် မူးနေတဲ့သူငယ်ချင်းကို တခြားတစ်ယောက်နဲ့ထားခဲ့မိတဲ့အတွက် လီစစ်ရွှေ့အနေနဲ့ နည်းနည်း အပြစ်ရှိသလိုခံစားရသည်။

စုန့်အာ့နန် - "စစ်ရွှေ့ စိတ်မပူပါနဲ့၊ ငါတကယ် အဆင်‌ပြေတယ်၊ ငါမူးနေလို့ မှတ်ဥာဏ်တွေ နည်းနည်းပျောက်သွားတော့ နင့်ကို မေးချင်လို့"

သူမတို့ အလုပ်သင်စလုပ်ကတည်းက လီစစ်ရွှေ့ဟာ အိမ်နှင့်ဝေးနေသည်မှာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်သည်။ နောက်ဆုံးတော့ သူမဆီ မိသားစုပြန်ဖို့ အားလပ်ရက်ရလာသည်။ ဒါ့ကြောင့် အဲ့ဒီကိစ္စက သူမကြောင့် ပျက်စီးသွားပါက တကယ်ကို ဆိုးရွားပြီး သူမ စိတ်မသက်မသာဖြစ်မိနေလိမ့်မည်ပင်။

သူမ တကယ် အဆင်ပြေတယ်ဆိုတာ သေချာသွားတဲ့နောက် လီစစ်ရွှေ့ နောက်ဆုံးတော့ စိတ်အေးသွားသည်။

နှစ်ယောက်သား အချိန်အတော်ကြာ စကားစမြည်ပြောလိုက်ကြသည်။ အဓိကအားဖြင့် လီစစ်ရွှေ့ မနေ့ညက သူမရဲ့ idol ကိုတွေ့ပြီး ဖေးခွမ်ကို ချီးမွမ်းနေတဲ့အကြောင်း ထိုင်နားထောင်နေရတာဖြစ်သည်။

"အားး ငါ idol ရွေးတာ မှန်သွားတာဘဲ၊ ဖေးခွမ်က အရမ်းကောင်းတဲ့လူ။ ငါ တက္ကစီစီးလို့ အန္တရာယ်ရှိမှာကိုတောင် သူက စိုးရိမ်ပေးတယ်!" လီစစ်ရွှေ့ က စိတ်လှုပ်ရှားစွာနဲ့ပြောလာသည်။

"ဒါပေမယ့် ငါက နင့်ရဲ့အခန်းဖော်ဖြစ်နေလို့ သူဒီလိုလုပ်တာမှန်း ငါသိတယ်။ ဝူးဝူးဝူး အာ့နန်လေး၊ ငါက နင့်ရဲ့ တောက်ပမှုနဲ့ ငါ့ idol ဆီကနေ ဂရုစိုက် ခံရလိုက်ရတယ်၊ ယေး! ငါ့ဘဝက အခု ပြီးပြည့်စုံသွားပြီ!"

သူမက ရည်ရွယ်ချက်ရှိရှိ စနေမှန်း စုန့်အာ့နန် သိသည်။ "နင်က သူ့ရဲ့အမာခံဖန်ဆိုတာကို သူ မသိဘူးလား?"

ဒါကိုကြားတော့ လီစစ်ရွှေ့ ချက်ချင်း မှုန်ကုပ်ကုပ် ဖြစ်သွားပြီး "သေချာပေါက် မသိဘူးပေါ့! နင် မမြင်လိုက်လို့၊ ငါ တစ်ချိန်လုံးတည်ငြိမ်နေတာ... "

ဖုန်းချပြီးသွားတော့ စုန့်အာ့နန် ကုတင်ပေါ်တွင် အချိန်အတော်ကြာအောင် ငြိမ်သက်စွာ ထိုင်နေမိသည်။

သူမက အဖြစ်အပျက်များတွေ စီစဥ်ကာ စဉ်းစားကြည့်လိုက်တော့ နည်းနည်းပါးပါး ရှက်စရာကောင်းခဲ့တာကလွဲရင် အခြားပြဿနာတွေ ရှိခဲ့မယ့်ပုံမပေါ်ကြောင်း သူမ သဘောပေါက်လိုက်သည်။

နောက်ဆုံးတော့ သူမက အရက်မူးလာရင် အေးအေးဆေးဆေး အိပ်ပျော်သွားပြီး လုံးဝမနိုးလာတော့ဘူးလို့ သူမ ယောင်းမပြောဖူးသည်။

ဒါ့အပြင် လီစစ်ရွှေ့ဆီကနေ အခုဘဲ အတည်ပြုခဲ့သေးသည် - သူမက အရမ်းကို နာနာခံခံနဲ့ တစ်ချိန်လုံး အိပ်ပျော်နေခဲ့တာတဲ့။

စုန့်အာ့နန်သက်သာရာရစွာနဲ့ သက်ပြင်းပြင်းပြင်းချလိုက်ပြီး အိပ်ယာမှထကာ အိပ်ခန်းတံခါးကို တွန်းမဖွင့်ခင် ပြသနာမရှိကြောင်း အတည်ပြုကာ ကိုယ့်ကိုယ်ကိုယ် သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်သည်။

ဧည့်ခန်းကို ရောက်တော့ ဖေးခွမ်ကို သူမ မတွေ့ပေမယ့် ဘေးဘက် မီးဖိုချောင်မှ အသံတွေကို ကြားနေရသည်။

စုန့်အာ့နန် လှည့်ကြည့်လိုက်တော့ မီးဖိုချောင်ထဲက ထွက်လာတဲ့ ဖေးခွမ်ရဲ့အကြည့်နဲ့ဆုံသွားသည်။

“ဂွတ်ဒ်မောနင်း" သူမက အရင်နှုတ်ဆက်လိုက်သည်။

ဖေးခွမ်လည်း ပြုံးကာပြောလိုက်သည်။ "မောနင်း"

"ခေါင်းကိုက်နေလား?"

စုန့်အာ့နန် အနည်းငယ်ရှက်သွားပြီး ခေါင်းခါလိုက်သည်။ "... ခေါင်းမကိုက်ဘူး"

ဖေးခွမ်လည်း ခေါင်းအသာညိတ်ပြလိုက်ပြီး "ကောင်းတယ်၊ အရင် လန်းဆန်းအောင် လုပ်လိုက်၊ မင်းရဲ့ ရေချိုးခန်းသုံးအိတ်ကို လင်းချွမ်ရဲ့ နေရာကနေ ယူလာပေးထားတယ်၊ အားလုံး ရေချိုးခန်းထဲမှာ ပြင်ထားပြီးပြီ။ အခုမနက်စာ ပြင်နေတာ၊ ခဏနေဆို စားလို့ရပြီ"

စုန့်အာ့နန်က "အိုး" လို့ ဆိုလိုက်ပြီး နာနာခံခံနဲ့ ရေချိုးခန်းထဲကိုလှည့်ဝင်သွားလိုက်သည်။

ရေချိုးပြီးလို့ သူမ ထွက်လာတော့ ဖေးခွမ်က မနက်စာအပြင် အသားညှပ်ပေါင်မုန့်တွေသာမက စုန့်အာ့နန် အတွက် ဂျုံယာဂုကိုတောင် အထူးတလည်လုပ်ထားပေးသည်။

ထမင်းစား စားပွဲကိုရောက်တော့ နှစ်ယောက်သား စကားမပြောဘဲ တိတ်တိတ်လေး မနက်စာစားကြသည်။

ခဏအကြာ စုန့်အာ့နန်က ဂျုံယာဂုကို ပန်းကန်ထဲမှာ မွေနေပြီးပြောလာသည်။ "မနေ့က ပြဿနာပေးမိတဲ့အတွက် တောင်းပန်ပါတယ်"

ဖေးခွမ်က မော့ကြည့်လာပြီး ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်။ "မင်းက အရက်မူးရင် အရမ်းလိမ္မာတာ၊ လုံးဝဘာပြဿနာမှ မရှာဘူး"

ဒါကိုကြားတော့ စုန့်အာ့နန်လည်း နောက်ဆုံးတော့ စိတ်အေးလက်အေး ဖြစ်သွားသည်။ အရက်မူးရင် လိမ္မာတယ်တဲ့ ကောင်းတယ်!

သူမက "အိုး" လို့ တိုးတိုးလေးဆိုလိုက်ပြီး သူ့ကို မေးလိုက်သည်။ "မနေ့ညက ဘယ်မှာ အိပ်တာလဲ?"

ဖေးခွမ်က သူမကို အပြုံးရိပ်နဲ့ကြည့်ကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ကိုယ်ဆိုဖာပေါ်မှာ အိပ်တာ၊ မင်းကို အခွင့်အရေးမယူဘူး"

စုန့်အာ့နန် - "..."

အိုး... သူမ နားကြားမှားတာများလား? ဘာလို့ သူနည်းနည်း ရွဲ့နေတယ်လို့ ခံစားနေရတာပါလိမ့်

စုန့်အာ့နန် အံ့သြသွားသည်။ သူ့ကိုအခွင့်အ‌ရေးယူတဲ့အကြောင်း သူမ ဘာမှ မပြောရတာကို ဘာလို့ သူက ဒါကို တိတိကျကျ အလေးပေး ပြောလာတာလဲ?

မနေ့ညက သူမ တစ်ခုခုလုပ်ခဲ့မိလို့လား?

နောက်အခိုက်အတန့်တွင် စုန့်အာ့နန် အဲ့ဒီအတွေးကို တိုက်ရိုက်ပယ်ချလိုက်သည်။

မဖြစ်နိုင်ဘူး။ သူ့ယောင်းမက သူမကို လိမ်မှာ မဟုတ်ဘူး၊ သူမကမူးလာရင် ဝက်ကလေးလိုဘဲ မနိုးဘူးလို့ သူမ ပြောဖူးတာကို။

စဉ်းစားကြည့်ရင် အိပ်ပျော်နေတဲ့ဝက်က ဘယ်သူ့ကိုအခွင့်ကောင်းယူနိုင်မှာလဲ?

ဖေးခွမ်က အတွေးလွန်ပြီး သူမ မဟုတ်တာကို တွေးမိတာက‌နေ တားဖို့လုပ်နေတာ ဖြစ်လိမ့်မည်။

အမှန်တော့၊ ပုံမှန်အားဖြင့်ဆို မိန်းကလေးတစ်ယောက် အရက်မူးပြီး နိုးလာတဲ့အခါ ပထမဆုံးစိုးရိမ်ရမယ့်အရာက သူမရဲ့ကိုယ်ပိုင်လုံခြုံရေးပင်။

ဒါပေမယ့် စုန့်အာ့နန်မှာတော့ ဒီစိုးရိမ်မှုတွေ လုံးဝမရှိပါချေ။ ဖေးခွမ်ရဲ့အိပ်ခန်းထဲတွင် သူမ နိုးလာကြောင်း သိလိုက်ရတဲ့အခါ သူမရဲ့ပထမဆုံးတုံ့ပြန်မှုက သူဖြစ်နေတာကြောင့် စိတ်အေးသွားရတာပင်။

သူမအနေနဲ့ ဖေးခွမ်ကို အပြည့်အဝ ယုံကြည်သည်။

"အခွင့်အရေးယူတာ၊ မယူတာကို ဘာမှမပြောပါဘူး၊ ကျွန်မ ရှင့်ကိုယုံတယ်!" စုန့်အာ့နန်က စိတ်အားထက်သန်စွာနဲ့ပြောလာသည်။ "လင်းချွမ် ယကို ကျွန်မ ယုံသလိုပေါ့"

ဖေးခွမ် - "..."

အခွင့်အရေးယူတဲ့သူက တခြားသူမဟုတ်ဘဲ သူမ ဖြစ်နိုင်တာ‌ကိုရော မစဉ်းစားမိဘူးလား!

အခုလည်း မဖြစ်ဖူးကြောင်း ငြင်းနေသေးတယ်

စုန့်အာ့နန်ရဲ့ အပြစ်ကင်းတဲ့ အမူအရာကို မြင်လိုက်ရတော့ ဖေးခွမ်စိတ်ထဲ မပြုံးဘဲ မနေနိုင်တော့ပေ။

သူ အစကတည်းက သိထားသင့်တာ၊ မနေ့ညက အမှတ်တမဲ့ကိစ္စကို ဘာလို့ ခံစားနေမှာတာလဲ။

ဒီမတော်တဆမှုက သူ့ကို ညဘက်အိပ်တဲ့အချိန်ထိ စိတ်ကို ဗြောင်းဆန် သွားစေခဲ့သည်။

"ယာဂု လောက်လား? အိုးထဲမှာ နောက်ထပ် ရှိသေးတယ်၊ မင်းကို ထည့်ပေးရမလား?" ဖေးခွမ်က မေးလိုက်သည်။

စုန့်အာ့နန်က လက်ကို အမြန်ဝှေ့ယမ်းပြီး "လောက်ပြီ၊ လောက်ပြီ ကျွန်မ ဗိုက်သိပ်မဆာဘူး"

ဖြစ်နိုင်တာက အယ်လ်ကိုဟောကြောင့် ဒီမနက် သူမအိပ်ရာထတော့ သိပ်စားချင်စိတ်မဖြစ်နေဘဲ ဒီယာဂုတစ်ပန်းကန်ကို အားတင်းပြီး စားနေတာပင်။

သူမ တကယ်စားချင်စိတ် မရှိတာကိုတွေ့တော့ ဖေးခွမ်လည်း သူမကို တွန်းအားမပေးတော့ပေ။

ပေါ့ပေါ့ပါးပါး စကားစမြည်ပြောရင်းနဲ့ သူက မေးလိုက်သည်။ "အမျိုးသားနေ့ အားလပ်ရက်အတွက် အစီအစဉ်ရှိလား?"

စုန့်အာ့နန်က ပါးစပ်ထဲက ယာဂုကို မျိုချလိုက်ပြီး ပြန်ဖြေလိုက်သည်။ “အစီအစဥ်မရှိဘူး”

ဖေးခွမ်ရဲ့မျက်ခုံးတွေက နည်းနည်း တက်ကြွသွားပြီး မေးလိုက်သည်။ "သူငယ်ချင်းတွေနဲ့ တွေ့ပြီး ရုပ်ရှင်ကြည့်တာ အပြင်ထွက်တာမလုပ်ဘူးလား?"

စုန့်အာ့နန်က သိပ်စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။ "ကျွန်မ အခန်းဖော်အားလုံး အိမ်ပြန်သွားကြပြီ၊ တွေ့ဖို့ဘယ်သူမှမရှိတော့ဘူး"

ဖေးခွမ်က "အိုး"လို့ဆိုလိုက်ပြီး "မင်းရဲ့ အခန်းဖော်ကလွဲလို့ တခြားဘယ်သူမှ မရှိဘူးလား?"

စုန့်အာ့နန် မျက်မှောင်ကြုတ်လိုက်သည်။ ဖေးခွမ်ကတစ်ခုခုကို ရည်ညွှန်းနေမှန်း သူမ နောက်ဆုံးတော့ သဘောပေါက်လိုက်သည်။

အစောပိုင်းက စုန့်လင်းချွမ်တစ်ယောက် သူမကို ဖုန်းဆက်လာပြီး တိုက်ရိုက်သွယ်ဝိုက်တဲ့နည်းဖြင့် "မင်းကို ယောက်ျားလေး တစ်ယောက်ယောက်က လာဖွင့်ပြောရင် ငါ့ကို အသိပေးရမယ်၊ မင်းကို ငါ စစ်ဆေးပေးမယ်" အစရှိတဲ့ စကားတွေပြောခဲ့တာကို သူမ ရုတ်တရက် သတိရမိသွားသည်။

ဖေးခွမ်တစ်ယောက် ကျန်းဖန် သူမကို ဖွင့်ပြောတဲ့အကြောင်း စုန့်လင်းချွမ်ကို ပြောပြခဲ့လားဆိုတာ သူမသံသယဖြစ်မိသည်။

ဒါပေမယ့် သူမမှာ သက်သေမရှိဘူး!

စုန့်အာ့နန်က သူမရဲ့ တူတွေကို ချလိုက်ပြီး ဒေါသတကြီးနဲ့ပြောလိုက်သည်။ "ကျွန်မကို လိုက်နေတဲ့ ယောက်ျားလေး တစ်ယောက်မှ မရှိသလို အပြင်ထွက်ဖို့ လာခေါ်တဲ့သူလည်းမရှိဘူး!"

ဖေးခွမ်မှာ စိတ်ထဲတွင် ကျိတ်ဝမ်းသာနေပေမယ့် အပြင်ပန်းမှာတော့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင်ထိန်းထားရသည်။ "မင်း ကြိုက်နေတဲ့ ကောင်လေးရော ရှိလား? မင်း ကြိုက်နေတဲ့သူ ရှိရင် မင်းဘက်က သင့်တော်သလို အစပြု လို့ရတယ်"

“ဒါပေမယ့် ဘာက သင့်လျော်လဲဆိုတာကို မင်းမသိလောက်ဘူး၊ ကိုယ့်ကိုပြောပြရင် ကိုယ် မင်းကို အကြံဥာဏ်တွေ ပေးလို့တယ်” သူက ဆက်ပြောလာသည်။

သူမ ကြိုက်နေတဲ့ ကောင်လေး ?

စုန့်အာ့နန်မှာ ဖေးခွမ်ကို အလိုလိုကြည့်လိုက်ချင်ပေမယ့် ထိန်းထားလိုက်သည်။

သူမ ခေါင်းငုံ့ကာ ယာဂုသောက်လိုက်ပြီး ရေရွတ်လိုက်သည်။ “ကျွန်မ ဘယ်ကောင်လေးကိုမှ မကြိုက်ဘူး၊ ဟုတ်ပြီလား?"

ဖေးခွမ်ရဲ့ မျက်လုံးတွေက ရွှင်မြူးစွာနဲ့တောက်ပလာသည်။ သူမ ကြိုက်နေတဲ့ ကောင်လေးတွေ မရှိဘူးတဲ့

အကောင်းဆုံးပဲ!

"ရှင်ဘာလို့ အဲ့လောက် အတင်းအကြပ် လုပ်နေတာလဲ?" စုန့်အာ့နန်က သိပ်စိတ်မချမ်းသာစွာနဲ့ ပြောလိုက်သည်။

ဖေးခွမ်က ပခုံးတွန့်လိုက်ပြီး "မတတ်နိုင်ဘူးလေ၊ ဒီအားလပ်ရက်မှာ ကိုယ်တစ်ယောက်တည်း ပျင်းနေတာ။ ကိုယ်တို့ အတူတူ အပြင်ထွက်ကြရင်ရော ဘယ်လိုလဲ?" စုန့်အာ့နန်စိတ်ထဲမှာတော့ သူနဲ့ဘယ်သူက အပြင်ထွက်ချင်လို့လဲလို့ တွေးလိုက်မိသည်။ သူမ တစ်ယောက်တည်းလည်း ကောင်းကောင်းနေလို့ရတယ်။

ဖေးခွမ်က သူ့ဘာသာသူ စီစဉ်လိုက်သည်။ "ဒါဆို မင်း ဒီမနက် အနားယူလိုက်။ ဒီနေ့ နေ့လည်ခင်းမှာ ရေမိုးချိုးပြီးရင် ချိုးချိုးကို ကျန်းမာရေးစစ်ဆေးဖို့ အိမ်မွေးတိရစ္ဆာန်ဆေးရုံဆီ ခေါ်သွားရအောင်။ သူကာကွယ်ဆေးထိုးဖို့ အချိန်ရောက်နေပြီ"

ဒီအကြောင်းကို စုန့်အာ့နန် ကြားတော့ သူ့ကိုဆန့်ကျင်ချင်တဲ့ သူမ စိတ်ကလည်း ချက်ခြင်းပျောက်ကွယ်သွားသည်။

အမှန်အတိုင်းပြောရရင် ချိုးချိုးကို သူမတို့ ပထမဆုံးမွေးပြီးကတည်းက သူမနဲ့ ဖေးခွမ်တို့ သူနဲ့အတူတူ အိမ်မွေးတိရစ္ဆာန်ဆေးရုံကို တစ်ခေါက်သာ သွားခဲ့ဖူးသည်။ အဲဒီနောက်မှာတော့ သူမ လုံးဝ ဂရုမစိုက်မိတော့ပေ။

တခါတရံ ကြောင်စာနဲ့ ကြောင်စည်သွပ်ဘူးတွေကို ဝယ်‌ ပေးတာကလွဲရင် သူမ တခြားဟာတွေကို စိတ်ပူတာ ရှားသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖေးခွမ်တစ်ယောက်ဘဲ သူ့ကို ပြုစုစောင့်ရှောက်ခဲ့ရသည်။

သူမမှာ အခုအချိန်ရှိနေပြီဆိုတော့ ငြင်းစရာအကြောင်းမရှိတာ သဘာဝပင်။ ဒါနဲ့ နှစ်ယောက်သား ဒီအစီအစဉ်နဲ့ အဆုံးသတ်လိုက်သည်။

ဒါပေမယ့် ပြောထားတဲ့အတိုင်း၊ အစီအစဉ်တွေက အပြောင်းအလဲကို‌တော့ မလိုက်မီနိုင်ပါချေ။ ဒါကတကယ် အဓိပ္ပါယ်ရှိသည်။

နေ့လည်စာစားပြီးပြီးချင်းမှာဘဲ သူတို့လုပ်ထားတဲ့ အစီအစဉ်က ဖေးခွမ်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်ဖို့ ဖုန်းခေါ်လာတာနဲ့ အနှောင့်အယှက် ခံလိုက်ရသည်။

အရမ်းအရေးတကြီး ဖြစ်တာကြောင့် သူချက်ချင်းဘဲ ထွက်သွားရတော့သည်။

"ကိုယ်ပြန်လာရင် ချိုးချိုးနဲ့ အိမ်မွေးတိရစ္ဆာန်ဆေးရုံကို သွားရအောင်။ ချိုးချိုးက မရင်းနှီးတဲ့ပတ်ဝန်းကျင်မှာဆို အရမ်းစိတ်လှုပ်ရှားပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်တယ်။ မင်းတစ်ယောက်တည်းဆို မထိန်းနိုင်မှာစိုးတယ်" ဖေးခွမ်က ပြောလာသည်။

စုန့်အာ့နန် - "ရှင်ဘယ်တော့ ပြန်လာမှာလဲ?"

ဖေးခွမ် - "မသေချာသေးဘူး။ နောက် တစ်ရက် နှစ်ရက်လောက်ကြာမှ ပြန်လာနိုင်မယ်။ ကြာရင်လည်း တစ်ပတ်လောက်ကြာမယ်"

စုန့်အာ့နန် - "အိုး"

"ဒီခရီးက ရုတ်တရတ်ကြီးဆိုတော့ ချိုးချိုးကို ခေါ်သွားလို့မရဘူး။ ရက်အနည်းငယ်လောက် ချိုးချိုးကို ဂရုစိုက်ပေးဖို့ မင်းကို ဒုက္ခပေးရတော့မှာဘဲ" ဖေးခွမ်က ပြောလိုက်သည်။

စုန့်အာ့နန်မှာ သဘာဝအလျောက် ပြဿနာမရှိပါချေ။ "စိတ်မပူပါနဲ့၊ ကျွန်မနဲ့ထားခဲ့ပါ"

ဆေးရုံကလည်း ဒီနေရာနဲ့ မဝေးပေ။ အားလပ်ရက်တွေ ပြီးသွားရင်တောင် နေ့တိုင်း သူမ လာလည်ရင်လည်း တော်တော်အဆင်ပြေသည်။

ကြောင်မွေးရတာက ကောင်းသည်။ သူမအနေနဲ့ လမ်းလျှောက်ထွက်ပေးဖို့ မလိုပါချေ။ သူမ သူ့ကိုအစာကျွေး၊ သန့်ရှင်းရေးလုပ်ပေးကာ ခဏလောက် ဆော့ပေးလိုက်သရွေ့တော့ ကလေးက အရမ်းပျော်သွားလိမ့်မည်ပင်။

All Chapters