တားမြစ်ပျက်ပြယ်မှု၊ ကောင်းကင်နှင့်လူ တစ်သားတည်းဖြစ်ခြင်း
Vol. 111 Ch. 1554
သွားလိုက်… သွားလိုက်…
ရှီမာယူယူသည် ထိုအလင်းကိုစိုက်ကြည့်နေပြီး ဆက်သွားချင်မိသည်။ သူမ၏ ပတ်ပတ်လည်သည် တဖြည်းဖြည်း မှေးမှိန်သွားကာ ထိုအလင်းကိုပဲ မြင်နေရသည်။
နီးနီးသွားသည်…. သူမသည် ထိုအလင်းနှင့် နီးနီးသွားသလိုခံစားရသည်။ သူမသည် ခန္ဓာကိုယ်လှုပ်ရှားနေသည်ကို မခံစားမိသော်လည်း အကာအဝေးမှာ လျော့နည်းသွားသည်။
နာကျင်မှု….
သူမ ရုတ်တရက် တစ်ကိုယ်လုံးကို တစ်စုံတရာနှင့် လှီးဖြတ်လိုက်သလို ခံစားလိုက်ရသည်။ သူမ၏ စိတ်အခြေအနေ လွတ်သွားသည်နှင့် အလင်းသည် ထပ်မံဝေးသွားပြန်သည်။
သူမ ခေါင်းငုံ့ကာ သူမကိုယ်သူမ ကြည့်လိုက်သည်။ သူမ အဆင်ပြေနေ သေးသည့်ပုံပင်။ သို့သော် နာကျင်မှုတချို့ကို အမှန်တကယ်ပင် ခံစားနေရသေး သည်။
သူမသည် ရှေ့ဆက်လျှောက်သည်။
သူမ ခန္ဓာကိုယ်သည် ပျက်ပြယ်ရေကန်ထဲတွင်ရောက်နေပြီး အခုချိန်တွင် သွေးများဆုတ်ယုတ်နေပြီဖြစ်သည်။ သူမ ပင်မသွေးကြောထဲမှ အဖြူရောင် အလင်းတန်းသည် မှိတ်တုတ်မှိတ်လုတ်လင်းနေသည်။ သူဖြတ်သွားသည့် နေရာတိုင်းတွင် ဒဏ်ရာများကျန်ခဲ့သည်။ လတ်ဆတ်သောသွေးများ လျှံထွက် လာပြီး သူမသည် သွေးကန်ထဲမှထွက်လာသည့်ပုံပေါက်နေသည်။
သို့သော် တစ်ခုကောင်းသည်မှာ သူမခန္ဓာကိုယ်သည် သူ့ဘာသာ ပြန်၍ အားဖြည့်နိုင်သည်။ ထိုအရာနှင့် ထပ်ပေါင်းလိုက်သောအခါ သူမခန္ဓာကိုယ်ထဲ သို့ဝင်သွားသည့် မြူခိုးသည် ပြန်မထွက်ဘဲ ဆက်ပြီးအသက်ရှင်နေိုင်သည်။
ဖန်ရူယန် သတိပြန်ဝင်လာချိန်တွင် ဖန်ချင်းသည် ရှီမာယူယူကို ပျက်ပြယ် ရေကန်သို့ခေါ်သွားသည်ဟု ဖန်ရှင်းဆီမှကြားပြီးနောက် မှင်တက်သွားကာ သက်ပြင်းချလိုက်သည် “သူလက်မလျော့ဘူးပဲ….”
“သခင် ဘယ်သူမှ အဲဒီကနေအောင်အောင်မြင်မြင်တက်မလာဖူးဘူး သခင်မလေးယူယူက ဖန်မျိုးနွယ်ဝင်မဟုတ်ဘူး အဲတော့ အဲဒီမှာ သူမအတွက် အန္တရာယ်မများဘူးလား” ဖန်ရှင်းသည် အနည်းငယ်စိုးရိမ်စွာဖြင့် ပြောလေ သည်။
“ကိစ္စမရှိဘူး၊ သူမထဲမှာ ဖန်မျိုးနွယ်ရောင်ဝါရှိတယ်၊ ကြီးကြီးမားမား တော့ဖြစ်မှာမဟုတ်ဘူး အဲဒီမှာဘာဖြစ်သလဲဆိုတာကိုပဲ အာရုံစိုက်ကြည့်ခိုင်း ထားလိုက်၊ တကယ်လို့ မဖြစ်နိုင်တော့ဘူးဆိုရင် သူမကို ဒီကိုပဲခေါ်လာခဲ့လိုက် တော့” ဖန်ရူယန် ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်”
ဖန်ရှင်းသည် ထွက်သွားပြီး အတန်ကြာသည်အထိ ပြန်မလာပေ။ သူမ၏ အမူအရာသည် ထူးဆန်းနေသည်။
ဖန်ရူယန်သည် စာအုပ်ဖတ်နေရာမှ သူမပုံစံကိုမြင်သည်နှင့် စာအုပ်ကိုချ ပြီး မေးလိုက်သည် “ဘာဖြစ်လို့လဲ”
“သခင်မလေးယူယူက တားမြစ်ထားတဲ့ပျက်ပြယ်မှုကို အသက်သွင်း လိုက်ပြီ” ဖန်ရှင်း ပြန်ဖြေလေသည်။
“ဘာ…” ဖန်ရူယန်၏ ပေါ့ပါးနေတတ်သော အမူအရာသည် ပထမဆုံး အကြိမ် အံ့ဩမှုကိုထုတ်ပြလေသည်။ သူမ တစ်ကိုယ်လုံးသည် တောင့်တင်း သွားပြီးနောက် ပြန်လျော့သွားသည် “ပျက်ပြယ်ရေကန်အပြင်မှာလူတွေကို စောင့်ကြည့်ခိုင်းထားလိုက်”
“သခင် ဘာလို့ ကျွန်မသွားမကြည့်ရမှာလဲ” ဖန်ရှင်းပြောလိုက်သည်။ သူမ သည် ရှီမာယူယူအပေါ်တွင် ထင်မြင်ချက်ကောင်းသည်။ အနည်းဆုံးတော့ သူမ သည် သခင်ကို စိတ်ပါလက်ပါပြုံးစေနိုင်သူဖြစ်သည်။
“သွားလေ” ဖန်ရူယန်သည် ပြောပြီးနောက် ခေါင်းငုံ့ကာ စာပြန်ဖတ်နေ လိုက်သည်။ သို့သော် အတန်ကြာဖတ်ပြီးနောက်တွင် သူမ ဆက်ဖတ်ရန် စိတ်မပါတော့ပေ။
ခဏကြာသောအခါ တံခါးပွင့်လာပြီး အပြင်မှ ဖန်ချင်းပေါ်လာသည်။
“တကယ်ပဲ ထင်မထားဘူးပဲ၊ တားမြစ်ထားတဲ့ပျက်ပြယ်မှု အသက်ဝင်ခဲ့ တာ နှစ်တွေအတော်ကြာခဲ့ပြီ ဒါပေမဲ့ သူမအသက်သွင်းလိုက်တယ်” ဖန်ချင်း သည် တွေ့သည့်နေရာတွင် ဝင်ထိုင်လိုက်သည်။
“ဒါမလုပ်ခင် သူမအခြေအနေကို ရှင်မစဉ်းစားဘူးလား တစ်ခုခုဖြစ်ရင် ရှင်ပဲ သူမကိုကယ်ရမှာ” ဖန်ရူယန် ပြောလိုက်သည်။
“ဟီးဟီး ငါ အခုပဲသွားကြည့်ပြီးပြီ အဲကောင်မလေးက ပျက်ပြယ်ရေကန် မှာ အခြေအနေကောင်းနေတဲ့ပုံပဲ၊ သူမ အခြေအနေမကောင်းပေမဲ့ အဲလောက် လည်းမဆိုးပါဘူး” ဖန်ချင်းသည် ပေါ့ပါးစွာပြောလိုက်သည်။
“တားမြစ်ထားတဲ့ပျက်ပြယ်မှုက ဘယ်လိုမျိုးလဲဆိုတာကို ကျွန်မတို့သိ ကြတာပဲ” ဖန်ရူယန်သည် တိုးညင်းစွာပြောလိုက်သည် “အဲကလေး… အဲဒါ လည်း သူမရဲ့ကံတရားလို့ပဲတွေးရတော့မှာပဲ”
တားမြစ်ထားသည့် ပျက်ပြယ်မှု… အသက်ဝင်သွားသည်နှင့် ပျက်ပြယ် ကန်တစ်ခုလုံး ချိပ်စည်းပိတ်ထားပြီးသားဖြစ်သွားမည်။ ဖန်ရူယန်နှင့် ဖန်ချင်းမှ လွဲပြီးထိုနေရာကို မည်သူမှဝင်ခွင့်မရှိပေ။
ပျက်ပြယ်ကန်သည် အစပိုင်းတွင် လူများ၏ လေဟာပြင်များကို အာရုံခံ နိုင်စွမ်းတိုးတက်အောင် ကူညီပေးနိုင်သည်။ သို့သော် တစ်ယောက်ဝင်သွား လိုက်တိုင်းတွင် သူတို့သည် မတူညီသည့် အထောက်အကူများရကြလေသည်။ တားမြစ်ပျက်ပြယ်မှုသည် အားအကောင်းဆုံးတစ်ခုဖြစ်သည် သို့သော် အန္တရာယ်အများဆုံးလည်းဖြစ်သည်။
“အဲတုန်းက မင်းလည်း တားမြစ်ပျက်ပြယ်မှုကို အသက်သွင်းခဲ့တာ မဟုတ်ဘူးလား” ဖန်ချင်းမေးလိုက်သည်။
ဖန်ရူယန်သည် ဖန်ချင်းမသွားခင် ပျက်ပြယ်ကန်ကို သွားခဲ့သည်။ သို့သော် ပျက်ပြယ်ကန်နှင့်ပတ်သတ်သည့် သတင်းမှာ အမှောင်ချထားခဲ့သည်။ ထို့ကြောင့်ပင် ထိုစဉ်က သူမ သွားခဲ့သည်ကို ဖန်မျိုးနွယ်ဝင်များ မသိကြပေ။ သို့သော် သူမသည် တားမြစ်ပျက်ပြယ်မှုကို အသက်သွင်းခဲ့ခြင်းဖြစ်မည်ဟု အားလုံးခန့်မှန်းကြသည်။
သို့သော် ဖန်ရူယန် ခေါင်းခါလိုက်သည် “ကျွန်မက ဝင့်ဝါခြင်းပျက်ပြယ်မှု ရခဲ့တယ်”
ဝင့်ဝါခြင်းပျက်ပြယ်မှု…. တားမြစ်ပျက်ပြယ်မှုထက် အနည်းငယ်အဆင့် နိမ့်သော်လည်း ကောင်းသည့်အရာပင်ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်းတွင် ထိုအရာကို အသက်သွင်းနိုင်သူမှာ သူမတစ်ယောက်တည်းဖြစ်သည်။
“အဲတော့ ဆိုလိုတာက ဒီနှစ်ပေါင်းသောင်းချီထဲမှာ တားမြစ်ပျက်ပြယ်မှု ကို ဘယ်သူမှ အသက်မသွင်းနိုင်ဘူးပေါ့” ဖန်ချင်းသည် အခုမှ တကယ်ပင် အံ့ဩသွားလေသည်။ သူ့မျက်လုံးများသည် ပို၍ပင်ပြူးကျယ်လာသည်။
ဖန်ရူယန် ပြုံးလိုက်သည် “သူမက ပထမဆုံးပဲ”
“သူမက မင်းကိုနောက်နှစ်လနေမှ ကုလို့ရမယ် အဲဒါကြောင့် နှစ်လကြာ မှထွက်လာခဲ့လို့ သူမကို ပြောခဲ့တာ အခုကြည့်ရတာ သူမ မစောင့်နိုင်တော့ဘူး ထင်တယ်”
“အရင်ရောက်ထားတဲ့ သတင်းတွေက အခုချိန်အတွက် ဘာမှအသုံးမဝင် သေးဘူး၊ အချိန်တစ်ခုလောက် မျိုးနွယ်မှာနေလို့ရသေးတယ်” ဖန်ရူယန် ပြော လိုက်သည်။
ဖန်ချင်း နားလည်သည်။ ထိုသို့ပြောသည်မှာ သူမသည် ရှီမာယူယူ ထွက် လာချိန်ထိ စောင့်ချင်သည်။
ဖန်ရူယန်သည် သတင်းများကို ပိတ်ပင်ရန် အမိန့်မပေးပေ။ ရှီမာယူယူ ပျက်ပြယ်ကန်တွင် တားမြစ်ပျက်ပြယ်မှုကို အသက်သွင်းလိုက်သည့်သတင်း သည် လျင်မြန်စွာပင် ဖန်မျိုးနွယ်အတွင်းတွင် ပျံ့နှံ့သွားသည်။ ထိုအချိန်တွင် ဖန်ရူယန် ဝင့်ဝါခြင်းပျက်ပြယ်မှုကို အသက်သွင်းသည့် သတင်းပါပျံ့သွားလေ သည်။ ထိုသတင်းကြောင့် ဖန်မျိုးနွယ်ဝင်များ၏ စိတ်ကိုညစ်ညမ်းစေသည်။
အပြင်လူတစ်ယောက်သည် သူတို့ထက်ပင် အရည်အချင်းပိုရှိနေသည်။ အခု သူတို့မျက်နှာကို ဘယ်သွားပြရတော့မှာလဲ။
သတင်းမှာ ပိုပိုပျံ့သွားပြီး အားလုံးသည် ရှီမာယူယူနှင့်ပတ်သတ်ပြီး ပိုသိ ချင်နေကြသည်။ တားမြစ်ပျက်ပြယ်မှုကို အသက်သွင်းနိုင်သူသည် မည်သို့ပုံစံ ဖြစ်နေသည်ကို အားလုံးသိချင်ကြသည်။
…..
ပျက်ပြယ်ကန်မှရှီမာယူယူသည် အပြင်မှအဖြစ်အပျက်များကို မသိပေ။ သူမသည် ဖန်မျိုးနွယ်တစ်ခုလုံးကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်ကိုလည်း မသိသေးပေ။
ထိုအခိုက်တွင် သူမသည် ခန္ဓာကိုယ်တွင် နာကျင်မှုလှိုင်းဂယက်ကြီးနှင့် အတူ ငြီးငွေ့ဖွယ်ကောင်းသော စိတ်အခြေအနေကို ကြုံတွေ့နေရသည်။
သူမ ထိုအလင်းကိုမြင်ပြီးကတည်းကပင် နီးကပ်သွားနိုင်မည့် နည်းလမ်း များကိုသာ စဉ်းစားနေသည်။ သို့သော် သူမ နီးကပ်သွားလေလေ ခန္ဓာကိုယ်မှ နာကျင်မှုကြောင့် စိတ်မှာလွတ်သွားပြီး ပိုကွာဝေးလေလေဖြစ်သွားသည်။ သူမ ခြေလှမ်းတစ်ရာလှမ်းတိုင်း အနောက်သို့ ၉၉ လှမ်းတွန်းဆုတ်သွားသလိုဖြစ် နေသည်။
ကံကောင်းသည်မှာ သူမရလဒ်များမှာ ဆိုးဝါးသော်လည်း အရှေ့သို့ တိုးနေဆဲဖြစ်သည်။ ထို့ကြောင့်ပင် ရှီမာယူယူ လက်မလျော့ပေ။ သူမသည် အလင်းနှင့် နီးရန်အတွက် တစ်နေကုန်ကြိုးစားသည်။
ရတော့မယ် ရောက်တော့မယ်….
ရှီမာယူယူသည် အလင်းပိုကြီးလာသည်ကို မြင်ရပြီး နောက်ဆုံးတွင် သူမ တစ်ကိုယ်လုံးကို ဝန်းပတ်ကာ ဝင်သွားရာ အလွန်ပင် သက်တောင့်သက်သာဖြစ် မှုကို ခံစားရသည်။
သူမ ရှေ့မှမြင်ကွင်းကိုကြည့်ရသည်မှာ သူမသည် ပျက်ပြယ်မှုထဲတွင်ရှိနေ သေးသည့်ပုံပင်။ သို့သော် အရင်ကနှင့် မတူသလိုခံစားရသည်။ အစပိုင်းတွင် သူမသည် အပြင်မှကြည့်နေသလိုပင်။ သို့သော် သည်တစ်ကြိမ်တွင် သူမသည် ပျက်ပြယ်မှု၏ အစိတ်အပိုင်းကြီးတစ်ခုလို ခံစားရသည်။
ကောင်းကင်နှင့် လူသားသည် တစ်သားတည်းဖြစ်သွားသည်။ ဒါသည် အကြီးမားဆုံးသော နားလည်မှုဖြစ်သည်။
ပျက်ပြယ်ကန်ထဲမှ ငွေရောင်ရေသည် နှစ်ခြမ်းကွဲသွားပြီး အလင်းလွှမ်းခြုံ ထားသော လူတစ်ယောက်ပေါ်လာသည်။ ထိုနှစ်တစ်ဝက်အတွင်းတွင် ပျက်ပြယ်ကန်တွင် ရှိထားသော ချိပ်စည်းမှာလည်း ပျောက်ကွယ်သွားသည်။
ထိုအခိုက်တွင် ကောင်းကင်ကိုပဲ့တင်ထပ်နေသော အော်သံရှည်ကြီးနှင့် ရှေးခေတ်မှပြောင်းလဲလာသည့် အသံများသည် ဖန်မျိုးနွယ်ဝင်အားလုံး၏ စိတ် တွင် ပဲ့တင်ထပ်သွားသည်။ သူတို့ခန္ဓာကိုယ်မှ ဆဲလ်တိုင်းကို မျှော်လင့်ချက်ပြည့် သွားစေသည်။
ရှီမာယူယူ မျက်လုံးများဖွင့်လိုက်သည်။ သူမသည် နှစ်တစ်ဝက်ကြာသွား သည့်ပုံပင်။ သို့သော် သူမသည် လုံးဝမတူညီသည့် ခံစားချက်ဖြစ်နေသည်။
သူမ၏ရောင်ဝါသည် ဖန်ရူယန်၏ ယခုရောင်ဝါနှင့် အလွန်တူနေသည်။
အခုချိန်တွင် သူမ လေဟာပြင်နှင့်နီးသည်ဟု ခံစားရပြီး ရှီမာယူယူ တွေး လိုက်သည်နှင့် ပျက်ပြယ်ကန်မှ ပျောက်ကွယ်သွားသည်။ ရောင်ဝါ သို့မဟုတ် လက္ခဏာတစ်စုံတရာမပြဘဲ ကန်ဘေးတွင်ပေါ်လာသည်။
“အဒေါ်ဖန်” ရှီမာယူယူသည် ဖန်ရူယန်ကိုမြင်သည်နှင့် ပြုံးပြီး အရိုအသေ ပေးလိုက်သည်။
ဘာဖြစ်ခဲ့သည်ကို သူမ မသေချာသော်လည်း သူမသည် အခွင့်အရေးကြီး တစ်ခု ရလိုက်ကြောင်းကိုတော့ သိသည်။ ထို့အပြင် ထိုအရာသည် ဖန်ရူယန်မှ သူမကို ပေးခြင်းဖြစ်သည်။
“မင်း နှစ်တစ်ဝက်လော်ကသုံးလိုက်ပေမဲ့ ရလဒ်ကမဆိုးဘူးပဲ အဟွတ် အဟွတ်…” ရှီမာယူယူသည် ချီးကျူးမှုကိုတောင်းခံသည့် ပုံစံဖြစ်နေသဖြင့် ဖန်ရူယန်သည် ချီးမွမ်းပြီးနောက် ပြုံးပြီးပြောလိုက်သည်။
***