← Chapters

မတူညီသောချီဝိညာဉ်များ

Vol. 112 Ch. 1562

မတူညီသောချီဝိညာဉ်များ

Vol. 112 Ch. 1562

အန္တရာယ်များမည်ဟု သူမ ပြောစကားကို ကြားလိုက်ချိန်တွင် စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့ ထိတ်လန့်သွားသည်။

“ဂျူနီယာညီမလေး ဘာလုပ်မလို့လဲ” စူးရှောင်ရှောင်သည် လေးနက် သော အမူအရာဖြင့် မေးလေသည်။

အစတုန်းက သူမအန္တရာယ်များတာ လုပ်မယ်လို့မကြားမိပါဘူး။ အခုကိစ္စ ကြောင့်သာမဟုတ်ရင် သူမက သူတို့ကိုပြောဖို့အစီအစဉ်မရှိတော့ဘူးလား။

ရှီမာယူယူ တွေဝေသွားသည်။ သို့သော် နောက်ဆုံးတွင် သူမ အံ့ဖွယ်ဆေး ယူရန် ရွှမ်ချုံး မျိုးနွယ်ကိုသွားမည်ဖြစ်ကြောင်း ပြောပြလိုက်တော့သည်။

“ရွှမ်ချုံးမျိုးနွယ်က လျှို့ဝှက်မျိုးနွယ်ပဲ သူတို့ဆီက အံ့ဖွယ်ဆေးယူချင်ရင် မလွယ်ဘူး၊ ရွှမ်ချုံးဟော်က အံ့ဖွယ်ဆေးယူနိုင်မလား သူ့စကားကို တည်မလား မတည်ဘူးလားဆိုတာကို ကြည့်ရမယ်” စူးရှောင်ရှောင် ပြောလိုက်သည်။

“သူ ကတိတည်မယ်လို့ ညီမယုံတယ်၊ ဒါပေမဲ့ သူ အံ့ဖွယ်ဆေးရမရကို တော့ မသေချာဘူး” ရှီမာယူယူသည် ရွှမ်ချုံးဟော်၏ စရိုက်ကိုယုံသည် “ဒါပေမဲ့ ရွှမ်ချုံးမျိုးနွယ်က အံ့ဖွယ်ဆေး ပေးပေး မပေးပေး ညီမကတော့ ရမှဖြစ်မယ်”

“ဒါဆိုရင် မင်းနဲ့အတူသွားဖို့ ပိုပြီးအကြောင်းသင့်တာပေါ့” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။ “ညီမ မင်းသာတစ်ခုခုဖြစ်ရင် ငါတို့ကဘေးကနေဘယ်လို လုပ် ရပ်ကြည့်ပြီး လျစ်လျူရှုနိုင်မှာလဲ ငါတို့က ကျူးရှန့်ကို ကုတာမကုတာ ထက် မင်းနဲ့အတူသွားရမှာပေါ့”

“ဒါပေမဲ့…”

“ဒါပေမဲ့ဆိုတာတွေ မရှိဘူး…” ဟန့်မြောင်ရွှမ်သည် ခိုင်မာနေသည် “အစ တုန်းက မင်းကပြန်သွားချင်တယ်လို့ပြောခဲ့တယ် အဲဒါကြောင့် မင်းတို့မျိုးနွယ် ကိစ္စကိုဝင်မပါခဲ့ကြဘူး အဲဒါနဲ့ပတ်သတ်ပြီးလည်း ဘာမှမပြောခဲ့ကြဘူး ဒါပေမဲ့ ဒီအခြေအနေက အရမ်းအန္တရာယ်များလွန်းတယ် စီနီယာအစ်ကိုတွေ အစ်မတွေ အနေနဲ့ မင်းကိုတစ်ယောက်တည်း မလွှတ်နိုင်ဘူး”

ရှီမာယူယူသည် ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့ကို ကြည့်လိုက် သည်။ သူတို့မျက်နှာ အမူအရာသည် ထပ်တူကျနေသည်။ ဆွေးနွေးရန်မလိုပေ။

ဖန်ရှင်းနှင့် တခြားသူများ သူမလောကအသေးတွင်ရှိနေသည်ကို တွေး ကြည့်လျှင် အန္တရာယ်ရှိသောအခြေအနေ ဖြစ်လာလျှင်တောင် အသက်ကို ခြိမ်းခြောက်မည့်ကိစ္စတော့ မဖြစ်နိုင်ပေ။ သူမ ခေါင်းညိတ်ပြီးပြောလိုက်သည် “ဒါဆိုလည်း ကောင်းပါပြီ ပြီးတာနဲ့ စီနီယာအစ်ကိုကို ကုလို့ရမှာပါ”

သူမ သဘောတူလိုက်သည်ကို ကြည့်ပြီးနှစ်ယောက်လုံးသည် စိတ် သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။ ဒီဂျူနီယာညီမလေက ဖျောင်းဖျဖို့ ခက်လိုက်တာ။ အစပိုင်းတွင် သူတို့ ထပ်ပြောရဦးမည်ဟု ထင်ထား သည်။ သို့သော် သည်တစ်ကြိမ်တွင် သူမသည် အမြန်ပင်သဘောတူလိုက် သည်။

ထိုကိစ္စကို ဖြေရှင်းပြီးနောက်တွင် ဟန့်မြောင်ရွှမ်သည် ကျန်းကျူးရှန့်ကို ထပ်ပြီးစိတ်ပူမိပြန်သည် “ဂျူနီယာညီမလေး ကျူးရှန့်ကဘာလို့မနိုးသေးတာ လဲ”

“အရင်တုန်းက သူက အိပ်ပဲအိပ်နေခဲ့တာလေ သူက တကယ်အိပ်နေတာ မဟုတတ်ဘူး သူ့စိတ်ကပင်ပန်းနေတာ၊ အခု သူ့ကို အိပ်မောကျအောင် လုပ် ပေးထားတာဆိုတော့ အဲဒါက သူ့ကိုကောင်းကောင်းအနားရသွားမှာပါ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုရင် ဘယ်လောက်ကြာမှာလဲ”

“သူ့ကို တစ်ညလောက်တော့ အိပ်ခိုင်းထားလိုက်” ရှီမာယူယူ ပြောလိုက် သည် “ခဏတော့ သူ့ကိုအပ်စိုက်ရဦးမယ် ပြီးရင် သူ့ကိုပြန်နလန်ထူခိုင်းရမှာ”

“ဂျူနီယာညီမလေး မင်းဆေးသန့်စင်ချင်တာရှိရင် ငါတို့ကိုပြောလေ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“အင်း အစ်မတို့အကူအညီလိုနိုင်တယ် ညီမ တစ်ယောက်တည်း သေချာ ပေါက်မလုပ်နိုင်ဘူး” ရှီမာယူယူသည် ပြုံးပြီးပြောရင်းနှင့် ဟန့်မြောင်ရွှမ်ကို စနောက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“ဂျူနီယာညီမလေး” ဟန့်မြောင်ရွှမ်သည် သူမအကြည့်ကြောင့် ရှက်သွား ပြီးမှ ဒေါသအဖြစ်ပြောင်းသွားကာ သူမကို ရိုက်ချင်သည့်အကြည့်ဖြင့် ကြည့် လိုက်သည်။

“စီနီယာအစ်မ ညီမ စီနီယာအစ်ကိုကို အပ်စိုက်ဖို့လိုတယ်၊ ညီမကို ရိုက် မယ်ဆိုရင် လက်နာသွားပြီး အပ်မတည်ငြိမ်တော့ဘူးဆိုရင် စီနီယာအစ်ကိုပဲ ခံစားရမှာနော်”

ရှီမာယူယူ ထိုသို့ပြောလိုက်ချိန်တွင် ဟန့်မြောင်ရွှမ်သည် လက်ကိုပြန်ချ သွားသည်။ သူမသည် ရှီမာယူယူကို စိုက်ကြည့်ပြီး နှာရှုတ်လိုက်သည် “ဒါပြီးရင် မင်းကိုလက်စားချေဦးမယ်”

ဟန့်မြောင်ရွှမ်ကို ကျန်းကျူးရှန့်၏ အဝတ်များချွတ်ခိုင်းရသည်ကို ရှီမာယူယူ မကြောက်ပေ။ ကျန်းကျူးရှန့် အောက်ပိုင်းသာ အဝတ်ကျန်တော့ သည့်အချိန်တွင် သူမသည် ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲလာသည်။

ရှီမာယူယူသည် သူမကို ဘေးမှကြည့်ပြီးမေးလိုက်သည် “စီနီယာအစ်မ အစ်မတို့အတူရှိလာတာကြာပြီ လုပ်ဖို့မဖြစ်နိုင်…”

“ငါတို့ဆရာ့ကို ရှာတွေ့တာနဲ့ လက်ထပ်မယ်လို့ ပြောထားတယ်” ဟန့်မြောင်ရွှမ်သည် ခေါင်းငုံ့ကာ အလွန်ရှက်ရွံ့စွာကြည့်နေသည်။

သူမ ရှုဂျင်းကိုပြောလိုက်ချိန်တွင် ရှီမာယူယူ ထပ်ပြီးမစနောက်တော့ပေ။ သူမ ခေါင်းညိတ်လိုက်သည် “အဖေ့ကိုကုပြီးတာနဲ့ ဆရာ့ကိုသွားရှာကြတာပေါ့”

“ဒါပေမဲ့ ဆရာသွားတာ ဒီလောက်ကြာနေပြီ၊ သူ့အသက်အန္တရာယ်မရှိ ဘူးဆိုတာ သိပေမဲ့ သူက တစ်ခါမှမဆက်သွယ်လာဘူး၊ ဆရာပိတ်မိနေမလား လို့စိုးရိမ်နေတာ” ရှီမာယူယူသည် အပြစ်ရှိသလိုခံစားရကာ ပြောလိုက်သည်။

အကြောင်းအရင်းမှာ ရှုဂျင်းနှင့် ဟော်လန်တို့ပျောက်နေသည်မှာ အတော်ကြာနေပြီဖြစ်သည်။ သူတို့ရှာမည့်ကိစ္စကို နောက်ပို့ထားပြီး သူမ လုပ်ရမည့်အရာများကိုသာ လုပ်နေသည်ကိုတွေးမိလျှင် စိတ်ထဲမှအပြစ်ခံစားမှု သည် ပို၍တိုးလာသည်။

“ဂျူနီယာညီမလေး ဆရာက ညီမကိုအပြစ်တင်မှာမဟုတ်ဘူး” စူးရှောင်ရှောင် ပြောလိုက်သည်။

ရှီမာယူယူ ပြုံးလိုက်သည် “အရင်ဆုံးစီနီယာအစ်ကို့ကို အပ်စိုက်ကြတာ ပေါ့”

ကျန်းကျူးရှန့်၏ ဒဏ်ရာများသည် စိတ်ဒဏ်ရာများဖြစ်သဖြင့် သူမသည် ခန္ဓာကိုယ်တွင် အပ်အနည်းငယ်သာစိုက်ပြီး လည်ပင်းနှင့် ခေါင်းပိုင်းတွင် အပ် များဖြည့်ပြည့်နှက်အောင် စိုက်လိုက်သည်။ ထိုအရာကို ဟန့်မြောင်ရွှမ် မြင်သောအခါ ရင်များမွန်းကြပ်လာသည်။

ဒီလောက်ဆိုရင် သူ့ခေါင်းက ဆန်ကာဖြစ်သွားမှာမဟုတ်ဘူးလား။

သည်တစ်ကြိမ်တွင် အပ်များ အများအပြားမသုံးရပေ။ သို့သော် ဦးနှောက် နှင့်နီးနေသဖြင့် ရှီမာယူယူသည် စွမ်းအင်ပိုသုံးကာ အာရုံစိုက်ရသည်။ သူမ စိတ်စွမ်းအင် များစွာတိုးတက်လာ၍တော်သေးသည်။ ပျက်ပြယ်ကန်ထဲမှ အတွေ့အကြုံပါထပ်ပေါင်းလိုက်လျှင် သူမ နာကျင်မှုကိုမခံစားရဘဲ နဖူးမှ ချွေး ထွက်ရုံသာဖြစ်သည်။

ထို့နောက်တွင် သူမသည် ကျန်းကျူးရှန့်၏ သွေးကြောကိုထပ်စမ်းလိုက် သည် သူမ ဆေးနည်းတစ်ခုနှင့် ပါဝင်ပစ္စည်းတစ်ဖုံတို့ကိုထုတ်ပြီး ဟန့်မြောင်ရွှမ် ကို ကမ်းပေးလိုက်သည် “ဒါက ဆေးနည်းနဲ့ပါဝင်ပစ္စည်းတွေပဲ၊ စီနီယာအစ်ကို အတွက် သန့်စင်ပေးပါဦး”

ဟန့်မြောင်ရွှမ်သည် ပါဝင်ပစ္စည်းများနှင့် ဆေးညွှန်းကိုယူပြီး အခန်းသို့ ပြန်သွားလေသည်။ စူးရှောင်ရှောင်လည်း လုပ်စရာမရှိတော့သည်ကို မြင်သော အခါ ပြန်သွားရန်ဟန်ပြင်လေသည်။

“စီနီယာအစ်ကို ခဏလေး ညီမမေးချင်တာရှိတယ်” ရှီမာယူယူ သူ့ကို တားလိုက်သည်။

“ဘာလဲ ဂျူနီယာညီမလေး”

ရှီမာယူယူသည် သူ့ကိုစားပွဲဘေးသို့ ဆွဲခေါ်သွားပြီးထိုင်လိုက်ကာ ပြော လိုက်သည် “ချီဝိညာဉ်တွေက ညီမတို့အရင်ကတွေ့ခဲ့တာတွေနဲ့ မတူဘူးဆိုတာ ကိုမြင်ခဲ့တယ် စီနီယာရဲ့အမြင်ကိုမေးချင်လို့”

သူမ ချီဝိညာဉ်များအကြောင်းပြောလိုက်ချိန်တွင် စူးရှောင်ရှောင်လည်း ထူးဆန်းနေသည်ကို ခံစားမိသဖြင့် ပြန်ရန်မလောတော့ပေ။ နောက်တွင် သူ သည် အထဲသို့သွားစဉ်က ကြုံတွေ့ခဲ့ရသမျှကို သူမကိုပြောပြလိုက်သည်။ ရှီမာယူယူသည် သူပြောပြသည့် အကြောင်းအရာများကြားသောအခါ တုန်ယင် လာကာ စီနီယာအစ်ကိုနှင့် အစ်မတို့ကိုဖိတ်လိုက်သည်က သူတို့အတွက် ကံကောင်းသည်ဟု ခံစားမိသည်။

ထိုနေ့က သူမ ရှီမာချင်းကို စူးရှောင်ရှောင်တို့အကြောင်းပြောပြီးနောက် သူသည် ချက်ချင်းပင် လူလွှတ်ကာ ဖိတ်ကြားခဲ့သည်။ ထို့နောက်တွင် ရှီမာကျိယွင်တို့ရှိသည့်နေရာကို တိုက်ရိုက်ပို့ပေးခဲ့သည်။ သူတို့သည် ရှီမာယူယူ၏ စီနီယာအစ်ကို အစ်မများဖြစ်ပြီး စံသွေမီးတောက်ရှိကြသည်ကို သိသောအခါ သူတို့သည် သွားလိုသည့်နေရာကို လိုက်ပို့ကြသည်။

နောက်တွင် သူတို့ဆုံးဖြတ်ချက် မည်မျှမှန်သွားကြောင်းကို ပြနေသည်။

သူတို့ရွေးထားသော ဝိညာဉ်သခင်များအားလုံးသည် လျှပ်စီးအရည် အချင်း သို့မဟုတ် လျှပ်စီးအရည်အချင်းရှိ စာချုပ်သားရဲများကို ပိုင်ဆိုင်ထားသူ များဖြစ်ကြသည်။ သို့သော် သူတို့သည် အထဲတွင် အသုံးဝင်လှသည်မဟုတ်။ လျှပ်စီးနှင့်တွေ့လျှင် ဝိညာဉ်သားရဲများ၏ အားသည် တိုးလာခြင်းမဟုတ်ဘဲ ချေမှုန်း၍မရနေခြင်းဖြစ်သည်။ သူတို့ကို စံသွေမီးတောက်အသုံးပြုမှသာ သတ်နိုင်သည်ကို စူးရှောင်ရှောင်နှင့်တခြားသူများသာ သိကြသည်။

ထို့အပြင် ပြီးခဲ့သည့်တစ်ခေါက် သူတို့တွေ့ခဲ့စဉ်ကထက် ချီဝိညာဉ်များ၏ အားသည် များလာခဲ့သည်။ သူတို့ တိုက်ခိုက်သောအခါ ဉာဏ်ရည်သုံးကာ လှုပ်ရှားခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ရှီမာယူယူပြောသော သူတို့ကိုထိန်းချုပ် သည့်လူနှင့် သက်ဆိုင်ခြင်းဖြစ်နိုင်သည်။

သူတို့သုံးယောက်ရှိနေခြင်းကြောင့် သည်တစ်ကြိမ်တွင် ရှီမာမျိုးနွယ် သည် ဒဏ်ရာရသူ နည်းပါးခဲ့သည်။

သူ့ဇာတ်ကြောင်းကို နားထောင်ပြီးနောက် ရှီမာယူယူ တိတ်ဆိတ်သွား သည်။ လျှပ်စီးအရည်အချင်းသည် ချီဝိညာဉ်ကို ချေမှုန်းရန်မဖြစ်နိုင်တော့ပေ။ ထိုအချက်တစ်ခုတည်းနှင့်တင် လူတိုင်းကို ခေါင်းကိုက်စေရန်လုံလောက်သည်။

သူတို့ လျှပ်စီးအရည်အချင်းနှင့်သတ်လိုက်လျှင် ချီဝိညာဉ်များ မသန်မာ လာနိုင်သော်လည်း အမြန်ပင် ပြန်လည်ရှင်သန်လာသည်။ သို့သော် ဝိညာဉ် သခင်များ၏ ဝိညာဉ်စွမ်းအင်သည် အလွယ်ပြန်ပြည့်မလာပေ။ သူတို့သည် ချီဝိညာဉ်များနှင့် တိုက်ခိုက်မည်ဆိုပါက အနှေးနှင့်အမြန် ဝိညာဉ်စွမ်းအင် ကုန်ခမ်းသွားမည်ဖြစ်သည်။

“စီနီယာအစ်ကိုကြီး နိုးလာတာနဲ့ သင်္ချိုင်းကိုခေါ်သွားပေးဦး ချီဝီညာဉ် တွေ အပြောင်းအလဲဖြစ်တာ ဘာလို့ဖြစ်တာလဲဆိုတာ ကြည့်ရအောင်” သူတို့ သည် အကြောင်းအရင်းကို မစဉ်းစားနိုင်သဖြင့် တိုက်ရိုက်သွားကြည့်ရန်သာ ရှိတော့သ်ည။ သွားကြည့်လျှင် တစ်ခုခုတွေ့လာနိုင်သည်။

သူမ တစ်ယောက်တည်းသွားမည်ဟု ပြောလျှင် သူတို့သဘောမတူနိုင် သည်ကို သိသဖြင့် သူတို့နှင့်အတူသွားရမည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့ တွင် စံသွေမီးတောက်ရှိကြသည်။ သူမ၏ ထိပ်တန်းအဆင့်ခရမ်းရောင်လျှပ်စီး နှင့် ငှက်ပေါက်စကိုထပ်ပေါင်းလိုက်လျှင် သူတို့ အန္တရာယ်မရှိနိုင်ပေ။

ရှီမာယူယူ မသိသည်မှာ သူမ မျိုးနွယ်မှထွက်လာပြီး ခဏအကြာတွင် သူမကို လာရှာသည့်လူများရှိခဲ့သည်။ သူမ မျိုးနွယ်တွင်မရှိသည်ကို သိပြီး နောက် ဘာမှမပြောတော့ဘဲ ထွက်သွားကြလေသည်။

***

All Chapters