သတ်ဖြတ်ခဲ့သည့် နည်းလမ်း
Vol. 115 Ch. 1711
ထို့နောက် လင်းရီ သူမ၏ အိပ်ခန်းထဲသို့ ဝင်သွားခဲ့သည်။
ကုတင်က ဖရိုဖရဲ ဖြစ်နေပြီး ကုတ်ခြစ်ရာများကိုလည်း မြင်တွေ့နေရ၏။ မှန်တင်ခုံပေါ်ရှိ မိတ်ကပ်ပစ္စည်းတို့ကလည်း ကြမ်းပြင်တွင် ပျံ့ကျဲနေသည်။ သို့သော် ရုန်းရင်ဆန်ခတ် ဖြစ်နေသည့် အသွင်နှင့် မတူဘဲ သူမက ခက်ခဲစွာ ရုန်းကန်နေခဲ့ရသည်နှင့် ပိုတူနေသည်။
လှည့်ပတ်ကြည့်ရှုပြီးသည့်နောက် လင်းရီသည် တူကျွမ့်၏ အိမ်အတွင်း သံသယ ဝင်စရာကောင်းသည့် မည်သည့်အရာကိုမျှ မြင်တွေ့ရခြင်း မရှိချေ။ ထို့နောက် ဧည့်ခန်းထဲသို့ ပြန်လာပြီး လီရှန်းဟွေ့၊ ကူရိရန်တို့နှင့် တွေ့ဆုံသည်။
“ အခင်းဖြစ်တဲ့နေရာမှာ တစ်ခုခု ထူးခြားတာ မြင်ခဲ့သေးလား …”
လီရှန်းဟွေ့မှ လက်ဝါးထဲရှိ ကင်မရာများအား ဖြန့်ပြလာခဲ့၏။
“ အစ်ကိုလီက ဒါတွေ တွေ့ခဲ့တယ်ပေါ့ …”
“ pinhole ကင်မရာတွေ ….”
လီရှန်းဟွေ့ ခေါင်းညိမ့်လိုက်သည်။ “ ဒီကောင်တွေကို အိပ်ခန်းထဲ နှစ်လုံး ၊ ရေချိုးခန်းနဲ့ မီးဖိုချောင်မှာ တစ်လုံးစီ တပ်ထားတာ … ၃၆၀ ဒီဂရီ ကြည့်လို့ရတယ် …”
“ တူကျွမ့် ဒီအကြောင်း မသိဘူးထင်တယ်…”
“ ထင်ရတာပဲ … ဒါပေမယ့် အတိအကျ ဘာတွေ ဖြစ်သွားလဲဆိုတာတော့ စုံစမ်း စစ်ဆေးရဦးမှာ … ချက်ချင်းကြီး ကောက်ချက်ချလို့ မဖြစ်သေးဘူး …”
“ အလောင်းကိုလည်း သယ်သွားခဲ့ပြီ… ဒါကို ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ အမှုလို့ ယူဆနိုင်လောက်လား …”
“ ဒီကင်မရာ လေးလုံးကလွဲရင် ငါတို့ တခြား အသုံးဝင်တဲ့ အရာတွေ ဘာမှ မမြင်မိဘူး … ဒါပေမယ့် ကြည့်ရတာ ကိုယ့်ကိုယ် သတ်သေတာနဲ့တော့ မတူဘူး …” လီရှန်းဟွေ့သည် မီးဖိုချောင်ဘက်သို့ မေးငေါ့ပြလိုက်ပြီး “ ငါနဲ့လိုက်ခဲ့ ….”
နှစ်ယောက်သား မီးဖိုချောင်ထဲသို့ လိုက်လာခဲ့ကြပြီး လင်းရီ မီးဖိုအား တစ်ချက်ကြည့်လိုက်၏။
ခလုတ်က ပိတ်နေသည်။
အကယ်၍ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သည့် အမှု ဖြစ်မည်ဆိုပါက ဂက်စ်မှာ ယခုထက်ထိ ပွင့်နေသင့်သည်။ ယခုအချိန်ကျမှ ပိတ်သွားသည်ဆိုတာက မဖြစ်သင့်ပေ။
“ အဲ့တာက အဓိက အချက် မဟုတ်သေးဘူး .. ဒါကို တစ်ချက်ကြည့်လိုက် ….”
လီရှန်းဟွေ့ ဂက်စ်ပိုက်အား လက်ညိုးညွှန်ပြလိုက်သည်။
“ အဲ့မှာ ဆွေးမြေ့ပြီး အပေါက်တွေ ရှိနေတယ် … ဒါပေမယ့် သေချာကြည့်လိုက်တော့ လက်ဆော့ထားတယ်ဆိုတာ သိလိုက်ရတယ် .. ဒါကြောင့်မို့ ဒါက လူသတ်မှုလို့ ပြောလို့ရတယ် … ဒါပေမယ့် အခင်းဖြစ်တဲ့ နေရာမှာ ဘာသဲလွန်စမှ မရှိတော့ လူသတ် တရားခံကို ခြေရာခံဖို့က တော်တော်လေး အခက်တွေ့နေတယ် …”
လင်းရီ အသက်ပြင်းပြင်း ရှူသွင်းမိလိုက်သည်။
စုန့်တဲယွမ်၏ အမှုပင် ဖြေရှင်း၍ မပြီးသေးရာ ယခု နောက်ထပ် အခန်းတွင်း လူသတ်မှု တစ်ခုက ပေါ်ပေါက်လာပြန်သည်။
ဤအမှုက တဖြည်းဖြည်းနှင့် စိတ်ဝင်စားဖို့ ကောင်းလာပြီဖြစ်၏။
နှစ်ယောက်သား စကားပြောနေစဉ် ဆေး မှုခင်း ကျွမ်းကျင်သူမှ အထဲသို့ လျှောက်လှမ်းလာပြီး “ အရာရှိလီ .. စစ်ဆေးမှု ရလဒ်တွေ ထွက်လာပြီ … နစ်နာသူ ၊ တူကျွမ့်က အိပ်နေတုန်း ကာဗွန်မိုနောက်ဆိုဒ်တွေ အလွန်အကြူး ရှူရှိုက်မိခဲ့တာကြောင့် ဓာတ်ငွေ့ အဆိပ်သင့်ပြီး သေဆုံးသွားခဲ့တယ် .. ပြီးတော့ သူ့ကိုယ်ပေါ်မှာ အကြမ်းဖက်ခံထားရတဲ့ သဲလွန်စတွေလည်း မတွေ့မိဘူး … အသက်ရှင်နေတုန်းမှာ ဘယ်သူနဲ့မှ မတိုက်ခိုက်ခဲ့ရဘူးဆိုတာတော့ ကျုပ်တို့ အတည်ပြုနိုင်တယ် … ဒါက ပုံမှန် အခန်းပိတ် လူသတ်မှုပဲ …”
“ ကျုပ်သိချင်တာ လူတွေက အိပ်နေရင်း အဲ့ဒီ ဓာတ်ငွေ့တွေ အများကြီး ရှူမိတော့ အသက်ရှူရခက်ပြီး မနိုးလာဘူးလား …”
“ ဖြစ်နိုင်ပါတယ်… ဒါပေမယ့် အခြေအနေတွေပေါ် မူတည်တာပေါ့ … ထုတ်လွှတ်လာတဲ့ ဓာတ်ငွေ့ပမာဏက သိသာထင်ရှားခြင်း မရှိဘူးဆို ဘာဖြစ်နေလဲ လူက သတိပြုမိတဲ့အချိန် ခန္ဓာကိုယ်ကလည်း အားနည်းနေပြီ… ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့က အတော်လေး ခက်ခဲတယ် ….”
“ ပြီးတော့ သူ့အိပ်ရာတစ်ဝိုက်နား ရှုပ်ပွနေတာနဲ့ ကုတင်ကို ကုတ်ခြစ်ထားတာတွေ ကြည့်ရင် အဆိပ်သင့်ပြီး မသေခင် အတော်လေး ရုန်းကန်သွားခဲ့ရတယ်ဆိုတာ ညွှန်ပြနေတယ် … အရာမရောက်ခဲ့တဲ့ ရုန်းကန်မှုပေါ့ …”
“ ကောင်းပြီ နားလည်ပြီ … ကျေးဇူးပါ …”
တူကျွမ့်၏ အခြေအနေကို တင်ပြပြီးနောက် ဆေးမှုခင်း ကျွမ်းကျင်သူလည်း ပြန်လှည့်ထွက်သွားခဲ့၏။ လင်းရီနှင့် ကျန်နှစ်ယောက်မှာ အတူစုဝေးပြီး အမှုအား ဆင်ခြင်သုံးသပ်နေသည်။
“ ဒီဧရိယာ တစ်ဝိုက်မှာ ကင်မရာတွေ မရှိဘူးလား … သံသယ ဝင်ဖို့ ကောင်းတဲ့ လူတွေရော တွေ့မိသေးလား …”
ကူရိရန် ပခုံးတွန့်လိုက်ပြီး “ ဒါက ရပ်ကွက်အဟောင်းကြီးပဲဟာ … ကင်မရာတွေ အကုန်လုံးက ဗန်းပြသပ်သပ်ပဲ … ဘယ်တစ်ခုမှ ကောင်းကောင်း အလုပ်လုပ်တာ မရှိဘူး …”
“ အဲ့တာ နည်းနည်းတော့ ထူးဆန်းတယ်…” လင်းရီ ပြောလိုက်ပြီး “ ရဲစခန်းကနေ ထွက်လာပြီးတော့ ကျုပ်တို့ လူတွေ သူ့နောက် တိတ်တိတ်လေး နောက်ယောင်ခံလိုက်နေတယ်မလား … လူသတ်သမားက ဘယ်အချိန် ဝင်ပြီး ဂတ်စ်ပိုက်ကို ဖျက်ဆီးလိုက်တာ….”
“ တူကျွမ့်ကို စောင့်ကြည့်ဖို့ တာဝန်ကျတဲ့ လူကို ငါမေးပြီးပြီ … သူတို့ပြောတာတော့ တူကျွမ့်က ဝင်သွားပြီးတဲ့နောက်မှာ ပြန်မထွက်လာဘူး ပြောတယ် … ပြီးတော့ ဘယ်သူကမှလည်း သူ့အိမ်ထဲ မဝင်ဘူး …”
လင်းရီလည်း အများနည်းတူ စဉ်းစားနေမိသည်။ ဘာတွေ ဖြစ်နေလဲဆိုတာကို သူ အမှန်ပင် နားမလည်နိုင်တော့ချေ။
ယခု အမှုက တစ်ဖန် တစ်စို့နေသည့် အခြေအနေသို့ ကျရောက်သွားခဲ့ပြန်ပြီ ဖြစ်၏။
လူသတ်သမားက အိမ်ထဲ မည်သို့ ဝင်လာခဲ့သနည်း။
“ လူသတ်သမားက သူ့ ရည်ရွယ်ချက် ပြီးမြောက်အောင် လုပ်ဖို့ အိမ်ထဲ ကြိုပြီး ရောက်နေတာကော မဖြစ်နိုင်ဘူးလား ….”
“ အခု … ဖြစ်နိုင်ချေက တစ်ခုတည်းရှိတယ် … သူတို့က ခြောက်လွှာမှာနေတာဆိုတော့ အပြင်ဘက် ပြတင်းပေါက်ကနေ ဝင်လာဖို့ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး … တအား မြင်သာလွန်းတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ပြဿနာက … ဓာတ်ငွေ့စိမ့်ပေါက်တာက ပိုက်ကနေ ဖြစ်နေတယ် … ပြီးတော့ အဲ့အပိုင်းမှာ အစို့လည်း မရှိဘူး … ဆက်တိုက် ယိုစိမ့်နေတာ … တူကျွမ့် ပြန်လာတဲ့ အချိန်ကျရင် အဲ့လို ဖြစ်နေတာကို သတိမပြုမိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး .. အဲ့လို အခြေအနေမျိုးကြီးမှာ အခန်းထဲသွားအိပ်တယ်ဆိုတာက ပိုလို့တောင် မဖြစ်နိုင်သေး …..”
လင်းရီ၏ မေးခွန်းက အခန်းတွင်း လူသတ်မှုက အဓိက သော့ချက်ပင်။
‘ လူသတ်သမားက ဂက်စ်ပိုက်ကို ဘယ်လိုထိန်းချုပ်သွားခဲ့တာလဲတဲ့ ….’
အကယ်၍ သူသာ ဤပြဿနာကို ဖြေရှင်းနိုင်ပြီ ဆိုပါက လူသတ်သမား၏ လုပ်ကိုင် လည်ပတ်သည့် ပုံစံကို ပုံဖော်နိုင်ပြီ ဖြစ်သည်။
လင်းရီ မီးဖိုချောင်ထဲသို့ သွားပြီး ဖျက်ဆီးခံထားရသည့် ဂက်စ်ပိုက်ကို ကြည့်လိုက်၏။
ထို့နောက် သေချာဂရုတစိုက်နှင့် သွားပြီး ထိတွေ့ကိုင်တွယ်ကြည့်လိုက်သည်။
ဖျက်ဆီး ခံထားရသည့် နေရာတစ်ဝိုက်တွင် အပေါက်သေးသေးလေးများ ရှိနေပြီး လူလုပ်ထားသည်မှာ သိသာသည်။
လင်းရီ ဂရုတစိုက်နှင့် အချိန်အကြာကြီး စူးစိုက်ကြည့်နေလျက် ရှိ၏။ သို့တိုင်အောင် သူ မထုတ်ဖော်နိုင်သေးချေ။
အပြင်တွင်လည်း မည်သူကမျှ မဝင်လာဘဲ တစ်ဖက်သူက အပေါက် အဖွင့်အပိတ်ကို ထိန်းချုပ်နေနိုင်သည်။
ယင်းက မည်သို့ ပြုလုပ်သွားခဲ့သနည်း။
“ ဟင် …”
လင်းရီ ပြဿနာအား စဉ်းစားနေစဥ်တွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိထားမိလိုက်၏။
သူ အပေါက်ဘေးတွင် နှမ်းစေ့ထက်ကို သေးငယ်သည့် အနက်ရောင် ဝတ္ထုလေး တစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရလေသည်။ သံချေးတော့ မဖြစ်နိုင်ပေ။
“ အစ်ကိုလီ … ခင်များ ညှပ် ပါခဲ့လား …” လင်းရီ မေးလိုက်၏။
“ မင်း တစ်ခုခု တွေ့ထားလို့လား …”
“ ပိုက်မှာ ထူးဆန်းတဲ့ ပစ္စည်းတစ်ခု ရှိတယ် .. ကျုပ် ယူပြီး စစ်ဆေးကြည့်မလို့ ….”
“ ခဏလေးစောင့် ….”
လီရှန်းဟွေ့သည် ဆေးမှုခင်း ကျွမ်းကျင်သူထံသို့ သွားကာ ညှပ်ငှား၍ လင်းရီထံသို့ ကမ်းပေးလိုက်သည်။
“ ဘာတဲ့လဲ …” ကူရိရန် ရောက်လာပြီး မေး၏။
လင်းရီ ခေါင်းခါရမ်းလိုက်ပြီး အနက်ရောင် အရာဝတ္ထုအား စိုက်ကြည့်လိုက်သည်။
“ ငါလည်း မသေချာသေးဘူး … အပေါက်ဘေးကနေ ယူထားတာပဲ …”
“ ဒါပေမယ့် ကြည့်ရတာ စေးကပ်ကပ် ရှိမယ့်ပုံပဲ … စောနက ညှပ်မှာ ကပ်သွားတာ မြင်လိုက်တယ် …’
“ စေးကပ်တာလား …”
သတိပြုမိသွားသည့် လင်းရီမှာ ပြတင်းပေါက်သို့ အလျင်အမြန် ပြေးသွားခဲ့ပြီး သူ၏ မျက်လုံးများက သူမြင်တွေ့ချင်သည့် အရာကို မြင်တွေ့လိုက်ရသကဲ့သို့ ပြူးကျယ်သွားခဲ့လေသည်။
တူကျွမ့်သည် လှပသော်လည်း လိင်ကိစ္စ အပျော်ကြူးသည့် မိန်းမတစ်ယောက် မဟုတ်ကြောင်းကို သူမ၏ ပရိဘောဂပစ္စည်းများမှ တဆင့် မြင်တွေ့နိုင်သည်။
ထို့ကြောင့် သူမ၏ ပြတင်းပေါက် ဘောင်တို့မှာ ရှင်းသန့်နေခြင်း မရှိချေ။ အထူးသဖြင့် PVC ပြတင်းပေါက် တစ်ဝိုက်တွင် ဖုန်များဖြင့် ပြည့်နှက်နေသည်။
သို့သော် PVC ပြတင်းပေါက်ကို နှစ်ပိုင်းခွဲသွားသည့် အဖြူရောင် လိုင်းတစ်ကြောင်းကလည်း လင်းရီ လာကြည့်သည့် အခါတွင် ရှိနေခဲ့သည်။
တစ်ချိန်တည်တွင် လီရှန်းဟွေ့နှင့် ကူရိရန်တို့ ရောက်လာပြီး
“ မင်းဘာတွေ့သွားလို့ …”
လင်းရီ ပြတင်းပေါက်နားရှိ အဖြူရောင် အမှတ်ကို လက်ညိုးထိုးပြလိုက်ပြီး “ ကျုပ် အခု လူသတ်သမား ဘယ်လိုလုပ်သွားလဲ ဆိုတာ သိသွားပြီ …”
မည်သူကမျှ စကားမပြောဘဲ လင်းရီ စကားဆက်မည်ကို စောင့်ဆိုင်းနေကြသည်။
“ လူသတ်သမားက တူကျွမ့် အိမ်ပြန်မလာခင် အထဲကို အမြန်ဝင်လာတယ် … ပြီးတော့ ပိုက်မှာ အပေါက်တွေ တိတ်တိတ်လေး လုပ်ပြီး တိပ်နဲ့ ပြန်ပိတ်ထားတယ်… အဲ့လိုမှ ပိုက်က အချိန်မရွေး စိမ့်ထွက်မလာမှာ …”
“ ဒါဆို တိပ်ကို ဘယ်လို ပြန်ခွာမှာ …”
“ ငါးမျှားကြိုးနဲ့ …”
“ လူသတ်သမားက အပြင်ဘက်မှာ … သူက ငါးမျှားကြိုးကို တိပ်ရဲ့ အစွန်းတစ်ဖက်နဲ့ ချိတ်ထားမယ် … အချိန်ကျတဲ့အခါကျရင် အပြင်ဘက်က ငါးမျှားကြိုးကို ဆွဲလိုက်တာနဲ့ အောင်အောင်မြင်မြင်ပဲ တိပ်ကို ခွာလိုက်နိုင်ပြီလေ…. ဒီလိုဆို ဂက်စ်တွေကလည်း သူ့ဘာသူ အလိုအလျောက် စိမ့်ထွက်လာတော့မှာ …”
“ ငါနားလည်ပြီ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ပြတင်းပေါက်ဘေးမှာ ရှိတဲ့ အဖြူရောင် အမှတ်က ငါးမျှားကြိုး ချန်ရစ်သွားခဲ့တာ ဖြစ်ရမယ် …”