← Chapters

လူသတ်သမားရဲ့ ရည်ရွယ်ချက်

Vol. 115 Ch. 1716

လူသတ်သမားရဲ့ ရည်ရွယ်ချက်

Vol. 115 Ch. 1716

ယခု အချိန်တွင်တော့ လီတုံလင်း ပြန် မငြင်းဆန်ဝံ့တော့ချေ။

သူ လုပ်ခဲ့သည့် အချက်ကို ဘေးချိတ်ထားပြီး အကယ်၍ သူ မလုပ်ခဲ့လျှင်ပင် လင်းရီတွင် သူ့ကို ဖမ်းခေါ်သွားရန် အကြောင်းပြချက် အများကြီး ရှိနေသည်ကို သူ့ကိုယ်သူ နားလည်လေသည်။

ထွက်ခွာလာခဲ့ပြီးနောက် ရန်ပင်းသည် လင်းရီအား ထပ်ခါတလဲလဲ အရိုအသေပေး၍ အလွန်အမင်း အားတက်သရော ရှိနေတော့သည်။

ခေတ္တကြာ‌အောင် စကားအနည်းငယ် ပြောပြီးနောက် လင်းရီသည် လီတုံလင်းကို စခန်းသို့ ခေါ်ဆောင်လာခဲ့လိုက်၏။

“ ကိုယ့်လူ … ငါမင်းနဲ့ ကိုယ်ရေးကိုယ်တာ စီးပွားရေး ကိစ္စ ဆွေးနွေးချင်တယ် …”

ကားထဲ ဘယ်သူမှ ရှိမနေသည်ကို မြင်တော့ လီတုံလင်းမှ သတ္တိကောင်းစွာ စကားစလာသည်။

“ ငါတို့ နှစ်ယောက်ကြားမှာ ဘာပြောစရာ အကြောင်းမှ မရှိဘူး … မင်းရဲ့ လှည့်ကွက်လေးတွေကို ငါ့အပေါ် လာမသုံးနဲ့ … အသုံးမဝင်ဘူး …”

“ ညှိနှိုင်းလို့ မရတဲ့ အရာဆိုတာ မရှိပါဘူးဟ … မင်းကိုယ်မင်း သိပ်သေချာမနေနဲ့ဦး …” လီတုံလင်း ပြောလိုက်ပြီး “ ကျိုးဟိုင်မှာ Tesla က ဘယ်လောက်ထိ ဩဇာလွှမ်းမိုးမှု ရှိလဲဆိုတာ မင်းသိလား … ဒီလို အသေးအမွှား ကိစ္စလေးကို ဇာမချဲ့ စမ်းပါနဲ့ကွာ … ပြီးတော့ ငြင်းဖို့လည်း အလျင်မလိုနဲ့ဦး … ငါတို့ဘက်က ကျိန်းသေပေါက် မင်းစိတ်ကျေနပ်စေရမယ်လို့ အာမခံတယ် …”

“ ဒါ ရဲအရာရှိကို လာဘ်ထိုးဖို့ ကြိုးပမ်းတယ်လို့ပဲ သတ်မှတ်လိုက်ရမလား … ဒါမှမဟုတ် ခြိမ်းခြောက်တယ်လို့ပဲ ယူဆလိုက်ရမလား … အမှု နောက်တစ်ခု တိုးချင်နေတာလား ဟမ် ….”

လင်းရီသည် ဤမျှ ခေါင်းမာသည့် လူစားမျိုး ဖြစ်နေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

ဒီကောင် တက်လမ်းရှိမယ့်ကောင် မဟုတ်ဘူး … ငယ်ငယ်လေး ရှိသေးတာကို မိန်းမယူဖို့ ပိုက်ဆံမစုတော့ဘူးလားကွ … ပိုက်ဆံထက် ဘယ်ဟာကများ ပိုကောင်းနေလို့ … အဲ့ဒီ ဗိုက်မဝတဲ့ ကိုယ်ကျင့်တရားကြီးလား …

“ မင်းက သဘောမတူဘူးဆိုမှတော့ ငါလည်း တခြား ဘာမှ ပြောစရာ မရှိတော့ဘူး …. ငါတို့ ရုံးချုပ်က ခေါင်းဆောင်ကြီးတွေ ဒီကိစ္စ ဖြေရှင်းလိမ့်မယ် ….”

“ မင်းတို့ကောင်တွေလည်း တစ်ခုခုတော့ တစ်ခုခုပဲ … ဟွာရှမှာ ပိုက်ဆံလာရှာပြီးတော့ ဟွာရှလူတွေရဲ့ အသက်ကိုကျ ဘာမဟုတ်သလို သဘောထားနေတယ် ဟုတ်လား … မင်း အထက်လူတွေ တသီကြီး ရှေ့ထွက်လာရင်တောင် ငါတို့ဘက်က ဒီတိုင်း လွှတ်ထားမှာ မဟုတ်ဘူး …”

လီတုံလင်း ရယ်မော၍ သူ့ခေါင်းခါ ခါရမ်းလိုက်သည်။ “ မင်း ပြောနေတာတွေက ငါနဲ့ ဘာမှမဆိုင်ဘူး … မင်းမှာ ဇရှိတယ်ဆိုရင် အဲ့ဒီ Tesla က ငနဲတွေကို သွားပြော …”

“ ငါလည်း သူတို့ ရောက်လာမှာကို စောင့်နေတာ…”

မကြာမီ လင်းရီသည် လီတုံလင်းအား စခန်းသို့‌ ခေါ်ဆောင်လာခဲ့သည်။

သို့သော် ကိုင်တိုင်ကိုယ်ကျတော့ မကိုင်တွယ်ချေ။ အမှုအား ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ နှစ်ယောက်ထံ လက်လွှဲပေးလိုက်၏။

ဤသည်က သာမန် အရပ်သား အငြင်းပွားမှု ပြဿနာ ဖြစ်သဖြင့် ၎င်းတို့နှစ်ယောက် ကိုင်တွယ်နိုင်သည်။

အကယ်၍ သူ့တွင် အချိန်ရှိသည် ဆိုပါက စုန့်တဲယွမ်၏ အမှုအကြောင်း တွေးနေသည်က ပိုကောင်းလိမ့်မည်။

ထိုအခိုက်အတန့်တွင် ရဲကားနှစ်စင်းမှာ ရဲစခန်း ဝင်ပေါက်ဝ၌ ထိုးရပ်လာသည်။ ကူရိရန် ကားထဲမှ ထွက်လာပြီး လူဆယ်ယောက်ကျော်နှင့် အတူ အထဲသို့ ရောက်လာခဲ့၏။

“ ဒီလူတွေက ဘယ်သူတွေလဲတဲ့ …”

“ သူတို့ အကုန်လုံးက လတ်တလော တူကျွမ့်နဲ့ ရင်းရင်းနှီးနှီး ရှိကြတဲ့ လူတွေချည်းပဲ … စစ်ဆေးမေးမြန်းရအောင်လို့ ခေါ်လာခဲ့တာ …”

ကူရိရန် ခေါ်လာခဲ့သည့်လူက ဆယ်ကျော်မကပေ။ လင်းရီ လှမ်းရှိုးကြည့်လိုက်တော့ အကုန်လုံးက ကွဲပြားခြားနားစွာ ဝတ်ဆင်ထားကြပြီး တရစပ် ရှင်းပြလို့နေသည်။

သို့သော် အများစုကတော့ ကြောက်ရွံ့သည့် စိတ်ကြောင့် ဖြစ်၏။ ဤသည်က သူတို့နှင့် ဘာမှ မသက်ဆိုင်လျှင်ပင် ယခုလို နေရာမျိုးသို့ လာရသည်က သူတို့၏ စိတ်အခြေအနေအား ပူပန်ထိတ်လန့်အောင် ပြုလုပ်နေလေသည်။

လင်းရီ ၎င်းတို့ နေရာမှ ခံစားနားလည်ပေးနိုင်သည်။ သူသည်လည်း ကူရိရန်၏ တွဲဖက်ဖြစ်သောကြောင့် လင်းရီလည်း ပြန်ရောက်ပြီးနောက် အငြိမ်ထိုင်မနေခဲ့ချေ။ စစ်ဆေးမေးမြန်းခန်းထဲသို့ ဝင်၍ သူမနှင့် အတူ တူကျွမ့်အကြောင်း မေးမြန်း စုံစမ်းသည်။

အချိန်က ဖြည်းညင်းစွာဖြင့် ကုန်ဆုံးသွားခဲ့ပြီး မကြာမီ အချိန် နှစ်နာရီ ကုန်လွန်သွားခဲ့၏။ သူတို့ လူခြောက်ယောက်ကို စစ်ဆေးမေးမြန်းပြီး ချေပြီ။ သုံးယောက်က တူကျွမ့်၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ပြီး ကျန်သုံးယောက်က သူမ၏ သူငယ်ချင်းများပင်။ သို့သော် ထိုလူများထံမှ အသုံးဝင်သည့် သတင်းအချက် အလက် တစ်ခုတစ်လေမျှပင် မရရှိခဲ့ပေ။

ပြောထွက်လာသည့် အကြောင်းအရာအများစုက သူမ၏ ဘဝနေထိုင်မှု ပုံစံ အကြောင်း ဖြစ်ပြီး ယခုလို အခြေအနေတွင် ဤသို့သော သတင်းအချက်အလက်မျိုးက လုံးလုံးလျားလျား အသုံးမဝင်ပေ။

“ ခဏလောက် နားပြီးမှ ဆက်ကြစို့ … ငါနည်းနည်း ပင်ပန်းနေပြီ…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ ကူရိရန် မျက်မှောင်နှစ်ခုအား နှိပ်နှယ်နေသည်ကို သူ မြင်နေရလေသည်။ သိသာစွာပင်။ မနက် အစည်းအဝေးပြီးသည့် အချိန်မှစ၍ ယခုလို အာရုံစိုက်ရသည့် ကိစ္စများနှင့် အလုပ်ရှုပ်နေရာ ပင်ပန်းမည်က သဘာဝသာဖြစ်၏။

“ အစ်ကိုလီ ကြည့်ရတာ ပြန်ရောက်နေတဲ့ပုံပဲ … သူ ဘာလုပ်နေလဲ သွားကြည့်ရအောင် …”

“ သွားစို့ …”

နှစ်ယောက်သား မတ်တပ်ရပ်၍ လီရှန်းဟွေ့၏ ရုံးခန်းသို့ ဦးတည်လိုက်ကြသည်။

ရုံးခန်း စားပွဲတွင်တော့ စာရွက်စာတမ်းများက စားပွဲအပြည့် အထပ်လိုက်ကြီး ရှိနေပြီး စုန့်တဲယွမ်နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းတို့က မများသော်လည်း ပေါ့သေးသေးတော့ မဟုတ်ပေ။ လင်းရီ အတွက်တော့ များသည်ဟုထင်သည်။

“ အသုံးဝင်တဲ့ အချက်အလက်တွေ ရှာတွေ့သေးလား …” လင်းရီ ပြောလိုက်ပြီး “ ခင်များ စစ်ဆေးရမှာ စိတ်မဝင်စားဘူးဆို ကျုပ် ဒီည ယူသွားလိုက်မယ် …”

“ အလုပ်ရှုပ်ခံဖို့ မလိုတော့ဘူး .. ငါ ရှာတွေ့သွားပြီ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ စီးပွားရေး စုံစမ်းစစ်ဆေးရေး ဌာနက လုပ်ဖော်ကိုင်ဖက်တွေ ပြောတာတော့ အဲ့တာက ဘာစီးပွားရေး အော်ပရေးရှင်းမှ မရှိတဲ့ အခွံသပ်သပ် ကုမ္ပဏီဆိုပဲ … အဲ့ဒီ ပရောဂျက် စာချုပ်တွေ အကုန်လုံးကလည်း လုပ်ဇာတ်တွေချည်း ….”

ဤသတင်းကို ကြားတော့ လင်းရီနှင့် ကူရိရန်တို့ မျက်လုံးအရောင် လက်ခနဲ ဖြစ်သွားခဲ့ကြသည်။

“ ဒါဆို စုန့်တဲယွမ်က ဒီပရောဂျက်မှာ အလိမ်ခံလိုက်ရတာပေါ့နော်… “ ကူရိရန် ပြောလိုက်၏။

“ ဒီကိစ္စကို လိုက်ကြည့်လိုက်ရင် လူသတ်သမားရဲ့ ရည်ရွယ်ချက်က ပေါ်လာပြီပဲ …” လင်းရီ ပြောလိုက်ပြီး “ စုန့်တဲယွမ်ရဲ့ ကုမ္ပဏီက ရှန်ခဲ့လို့ ခေါ်တဲ့ ကုမ္ပဏီတစ်ခုနဲ့ လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက စာချုပ် လက်မှတ်ထိုးခဲ့တယ် … စာချုပ် ပထမသုံးလမှာ စုန့်တဲယွမ်ရဲ့ အပြုအမူတွေက အတော်လေး ပုံမှန်ပဲ … ဒါပေမယ့် လေးလမြောက်ကစပြီး မတူတော့ဘူး …”

“ ကျွန်မ အထင်တော့ စုန့်တဲယွမ်လည်း ဒီလေးလအတွင်းမှာ ရှန်ခဲ့ရဲ့ ပြဿနာကို သတိပြုမိသွားတာ ဖြစ်ရမယ် … မဟုတ်ရင် အခု အချိန်ထိ အချိန်ဆွဲနေခဲ့မှာ မဟုတ်လောက်ဘူး … ကျိန်းသေပေါက် ရှန်ခဲ့နဲ့ ချက်ချင်း စာရင်းရှင်းလောက်တယ် …”

“ ကူလေး ပြောတာ မှန်တယ် … ငါ စစ်ကြည့်ပြီးသွားပြီ …” ရှန်ခဲ့ရဲ့ သူဌေးက ကျန်းဟောက်ဆိုတဲ့ နာမည်နဲ့ အမျိုးသားတစ်ယောက် … သူ့တို့ကြားမှာ နီးကပ်တဲ့ ဆက်ဆံရေးလည်း မရှိတော့ ပြောရတော့ ခက်တယ် …”

“ ဒီလို ကိစ္စမျိုးကို သူကိုယ်တိုင် လုပ်ဖို့ လိုမှ မလိုအပ်ဘဲ … သူများကို ခိုင်းလိုက်လို့လည်း ရနေတာကိုပဲ … အရှင်ဆုံး ပြောရရင် အဲ့လို လုပ်ပေးဖို့ အမျိုးသမီး တစ်ယောက်ကို ရှာလို့ရတယ် …”

“ ဒါပေမယ့် စုန့်တဲယွမ်နဲ့ အနီးဆုံး အမျိုးသမီးက တူကျွမ့် . . . . . “

ကျန်းဟွေ့မှာ ရေရွတ်ရင်း မျက်လုံးအရောင် လက်ခနဲ ဖြစ်လာသည်။

“ ငါအခု နားလည်သွားပြီ .. တူကျွမ့်က စုန့်တဲယွမ်ရဲ့ အပျော်မယား ဟုတ်သလို ကျန်းဟောင်ရဲ့ အပျော်မယားလည်း ဟုတ်တယ်… အဲ့မှာ သူတို့ နှစ်ယောက် အတူပူးပေါင်းပြီး စုန့်တဲယွမ်ကို သတ်လိုက်ကြတာ ဖြစ်မယ် …”

ကျန်းဟွေ့၏ စကားကို နားထောင်ပြီးနောက် ကောင်းမင်ကျွင်း သူ့ပေါင်သူ ဖြန်းခနဲ ရိုက်လိုက်၏။

“ တူကျွမ့် ဒီကလွှတ်လာတော့ ကျန်းဟောက်ဆိုတဲ့ကောင်က တူကျွမ့် သူ့လျှို့ဝှက်ချက်တွေ ထုတ်ဖော်လိုက်မှာကို ကြောက်ပြီး ဒါကြောင့်မို့ ချက်ချင်း သတ်ပစ်လိုက်တာ ဖြစ်မယ် … အဲ့လိုမှ ဘာသက်သေမှ မကျန်တော့မှာ …”

“ အဲ့တာလည်း ယုတ္တိတော့ မရှိသေးဘူး …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ စုန့်တဲယွမ် သေတုန်းက တူကျွမ့်နဲ့ အတူ ရှိနေတာ မဟုတ်ဘူး … ပြီးတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ငါတို့ မေးမြန်းပြီးပြီပဲ … သူ စုန့်တဲယွမ်နဲ့ ဖုန်းပြောပြီးတော့ နားနေခန်းကို ပြန်လာပြီး သူ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထမင်းဆက်စားတယ် … အဲ့ဒီအချိန်အတွင်းမှာပဲ စုန့်တဲယွမ်က ကမ်းပါကနေ ပြုတ်ကျပြီး သေသွားခဲ့တယ်… စုန့်တဲယွမ်ကို ကမ်းပါးကနေ ပြုတ်ကျအောင် မျှားဖို့က မဖြစ်နိုင်ဘူး …”

“ အရေးကြီးဆုံးက စုန့်တဲယွမ် သေသွားပြီးတဲ့ အချိန်မှာ တစ်စုံတစ်ယောက်က တူကျွမ့်ရဲ့ အခြေအနေကို ကင်မရာကနေ တဆင့် စောင့်ကြည့်လေ့လာနေပြီး တိပ်ကို ခွာပြီးတော့မှ ဂက်စ်ယိုစိမ့်အောင် လုပ်ခဲ့တယ်…”

“ ကင်မရာတွေကကျတော့ စုန့်တဲယွမ်က တူကျွမ့်ရဲ့ အိမ်မှာ တပ်ထားတာ … ကျန်းဟောက် ဒီအကြောင်းသိဖို့ဆိုတာ မဖြစ်နိုင်ဘူး … ဒါကလည်း ရှေ့နောက် မညီပြန်ဘူး …”

“ ဒါပေမယ့် … တကယ်လို့ တူကျွမ့်ကသာ ကျန်းဟောက်နဲ့ ဘာပတ်သက်မှ မရှိခဲ့ဘူးဆိုရင် သူ(မ)က ဘာရည်ရွယ်ချက်နဲ့ လူသတ်တာ ဖြစ်မလဲ …” ကောင်းမင်ကျွင်း ပြောလိုက်သည်။

“ တူကျွမ့်ကရော လူသတ်သမား ပစ်မှတ်ထားခံရအောင် သူ ဘာတွေ သိနေခဲ့လို့လဲ….”

“ ဒီအကြောင်းတွေ ခုချိန် တွေးနေလို့ကတော့ မေးခွန်းတွေပဲ ဖြစ်နေမှာ .. ငါတို့တွေ အရင်ဆုံး ကျန်းဟောက်ကို ဖမ်းသင့်တယ် … သူက စုန့်တဲယွမ်ကို လိမ်ရိုက်ဖို့ အခွံပဲ ရှိတဲ့ ကုမ္ပဏီ တစ်ခုတောင် လုပ်ခဲ့တာဆိုတော့ သူ့မှာ စုန့်တဲယွမ်ကို သတ်ဖို့ ရည်ရွယ်ချက်တွေ ရှိနေလောက်တယ် ….”

ကျန်းဟွေ့၏ အကြံပြုချက်ကို လူတိုင်း ထောက်ခံလိုက်ကြသည်။ သူ၏ ရည်ရွယ်က မည်သည့် အရာပဲ ဖြစ်နေပါစေ ၊ သူတို့ ကျန်းဟောက်ကို ခေါ်လာဖို့ လိုအပ်လေသည်။

“ သွားစို့ … အခုသွားဖမ်းကြမယ် …”

စိတ်ပိုင်းဖြတ်ပြီးနောက် ငါးယောက်သား အ၀တ်များကို သပ်ရပ်အောင် ပြုလုပ်၍ ရှန်ခဲ့ရုံးခန်းသို့ မောင်းနှင်လာခဲ့လိုက်ကြသည်။

All Chapters